← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

🍅 Chapter 140

ဝူယွီလန် ထိုစကားကို ပြောချလိုက်ပြီးနောက် သူမ၏ကိုယ်ပိုင်အလုပ်များကို လုပ်ဆောင်ရန် ထွက်သွားလေသည်။

ကျောက်လီကျွမ်က သူမ ခင်ပွန်းဖြစ်သူအား အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

“ရှင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်တယ်၊ အမေက အခု အရမ်း သဘောထားကြီးနေပြီ၊ သူ ရှင့်ကို မကြိုက်ဘူးဆိုရင် အကြောင်းပြချက်တစ်ခုခုရှိရမယ်”

စုန့်ကျစ်ချုံးမှာ ပိုလို့အူကြောင်ကြောင် ဖြစ်သွားရသည်။

‘ငါ... ငါ ဘာလုပ်ခဲ့လို့လဲ'

ရွာသားအချို့မှာ ဝူယွီလန်၏မောင်းထုတ်ခြင်းကို ခံလိုက်ရပြီးနောက် ချက်ချင်းဒေါသထွက်သွားကြသည်။

“သူက ဘယ်လိုလူမျိုးလဲ၊ ငါတို့က ဆေးပင်တွေရှာပြီး သူ့ဆီရောင်းပေးတာလေ၊ သူလည်း ငွေတော်တော်များများ ရနေတာပဲ၊ သူက ငါတို့ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံနိုင်ရတာလဲ”

“ဟုတ်တယ်လေ၊ ပြီးတော့ တစ်ခုခုဖြစ်ရင် သူက တာဝန်မယူဘူးတဲ့၊ တကယ်လို့ ငါတို့ ဆေးပင်ရှာဖို့ တောင်ပေါ်တက်ရင်း မြွေကိုက်ခံရလို့ တစ်ခုခုဖြစ်သွားရင် အလကားသက်သက်သေရမှာပေါ့”

“ဟုတ်တယ်၊ ပြီးတော့ ဆေးပင်တွေ မှတ်မိအောင် သင်ပေးဖို့အတွက် ကြေးပြားငါးဆယ်တောင် တောင်းသေးတယ်၊ သူ ငွေကိုရူးသွပ်နေတာပဲ ဖြစ်ရမယ်”

“ဟမ့်၊ ငါကတော့ မလုပ်ဘူး၊ ဒီငွေနည်းနည်းလေးကို မရမနေ ရှာရမယ်ဆိုတဲ့ အနေအထားမှမဟုတ်တာ”

“ငါလည်း မလုပ်ဘူး”

ရွာသားများက သူတို့၏အင်္ကျီလက်များကို ခါယမ်းကာ ထွက်သွားကြသည်။

ယခုအချိန်တွင် သူတို့အားလုံးမှာ အလွန်အမင်း မောက်မာနေကြပြီး နောက်ပိုင်းတွင် သူတို့၏ အူများစိမ်းဖန့်သွားသည်အထိ နောင်တရရလိမ့်မည်ဟု အနည်းငယ်မျှ မတွေးမိခဲ့ကြပေ။

…

ဝူယွီလန်နှင့် စာချုပ်ချုပ်ဆိုထားသော ရွာသားများမှာမူ အကျိုးအမြတ်ကို မြည်းစမ်းခွင့်ရသွားကြပြီးနောက် မနက်တိုင်း ဆေးဘက်ဝင်အပင်များရှာဖွေရန် ထွက်ခွာကြလေသည်။

ဝူယွီလန်ကလည်း သူမ၏မိသားစုတစ်ခုလုံးအား ဦးဆောင်ကာ နေ့စဉ် ဆေးဘက်ဝင်အပင်များ ခွဲခြားခြင်း၊ အခြောက်ခံခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ကြရင်း အလွန်ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကို ဖြတ်သန်းနေကြသည်။

ရက်အနည်းငယ်အတွင်းမှာပင် ဆေးဘက်ဝင်အပင်များက အခန်းတစ်ဝက်ခန့်အထိ ပြည့်နှက်သွားလေ၏။

အခန်းထဲတွင် ဆေးဘက်ဝင်အပင်များ ထပ်မံထားသိုရန် နေရာမရှိတော့သည်ကို မြင်သောအခါ ဝူယွီလန်က စုန့်ကျစ်ယုံတို့ကို အလျင်အမြန် ခေါ်ယူကာ ရောင်းချရန်အတွက် ဆေးဘက်ဝင်အပင်များအား လှည်းပေါ်သို့ တင်စေလိုက်သည်။

“ကဲ၊ အကြီးကောင်နဲ့ ငါ မြို့ပေါ်သွားမယ်၊ နင်တို့အားလုံး အိမ်မှာနေပြီး ဆေးပင်တွေအခြောက်ခံထားကြ”

မိခင်ဖြစ်သူကမူ အစ်ကိုကြီးကိုသာ ခေါ်သွားပြီး သူ့ကို မခေါ်သွားသည်ကို မြင်သောအခါ စုန့်ကျစ်ရှုမှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

“အမေ၊ သားလည်း အမေတို့နဲ့ လိုက်မယ်”

“ကျစ်ရှု၊ ခဏနေရင် လူတိုင်း ဆေးပင်တွေ လာရောင်းကြတော့မှာ၊ နင် အိမ်မှာနေပြီး စာရင်းမှတ်ဖို့လိုတယ်”

ဝူယွီလန် စကားပြောရင်း ငွေအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။

“ဒီငွေတွေကို ယူထားပြီး ခဏနေရင် အားလုံးအတွက် ငွေရှင်းပေးလိုက်”

ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှု၏နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် ကော့တက်သွားတော့၏။

‘အမေက ငါ့ကို အရမ်းယုံကြည်တာပဲ၊ ငွေတွေကိုတောင် ငါ့ကို စီမံခန့်ခွဲခိုင်းတယ်၊ အမေ ငါ့ကို အချစ်ဆုံးပဲ'

“အမေ၊ သား သေချာပေါက် ကောင်းကောင်းလုပ်ပါ့မယ်၊ ဘာပြဿနာမှ မဖြစ်စေရပါဘူး”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်သည်။ သူမက ဤကောင်လေးအတွက် လုပ်စရာအလုပ်များ ရှာပေးရန်၊ သူ့ကို မြှောက်စားပေးရန်နှင့် မိသားစု၏ တာဝန်များကို တဖြည်းဖြည်းချင်း ထမ်းဆောင်နိုင်လာဖို့ရာ မြှောက်ပေးရန်သာ လိုအပ်ပေသည်။

“ကောင်းပြီ၊ အိမ်မှာ နင်တို့ဘာသာ နင်တို့ သေချာဂရုစိုက်ကြ၊ အမေ ပြန်လာရင် အရသာရှိတာတစ်ခုခု ၀ယ်လာခဲ့မယ်”

“အမေ၊ သားကြီးနေပါပြီ၊ သားအတွက် ဘာမှ၀ယ်လာဖို့ မလိုပါဘူး”

သူက ထိုသို့ပြောလိုက်သော်လည်း စုန့်ကျစ်ရှု၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်ဖြစ်နေလေသည်။

ဝူယွီလန် လှည်းတံပေါ်တွင် ထိုင်ကာ အားလုံးကို လက်ပြနှုတ်ဆက်လိုက်သည်။

“ငါတို့ သွားပြီ”

စုန့်ကျစ်ယုံက လက်ထဲရှိ ကြာပွတ်ကို မြှောက်လိုက်သည်။

“ဟီး”

မြင်းခွာများက ရွှံ့ထူသောမြေကြီးကို တိုက်မိကာ တခွပ်ခွပ်အသံများ ထွက်ပေါ်လာသည်။

…

“သမားတော်ဝူ၊ မတွေ့ရတာ ရက်အတော်ကြာသွားပြီနော်”

ဝူယွီလန် ရောက်လာပြီဟု ကြားသိရသောအခါ သမားတော်လီက အခန်းအတွင်းမှ အလျင်အမြန် ထွက်လာခဲ့သည်။

“သမားတော်လီ၊ မတွေ့ရတာ အတော်ကြာပြီ”

ဝူယွီလန်လည်း သူ့ကို ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

ဝူယွီလန် ယူဆောင်လာသော များပြားလှသည့် ဆေးဘက်ဝင်အပင်များအား မြင်သောအခါ သမားတော်လီက အိမ်နောက်ဖေးကို လက်ညှိုးထိုးပြလိုက်သည်။

“အဲဒါတွေကို အိမ်နောက်ဖေးကို ပို့လိုက်ပါ၊ အိမ်နောက်ဖေးကကျယ်တော့ ကျွန်တော်တို့ ချိန်တွယ်ရတာ ပိုအဆင်ပြေတယ်”

ဆေးဆိုင်မှ တပည့်ဖြစ်သူက ထွက်လာပြီး စုန့်ကျစ်ယုံကို လမ်းပြပေးကာ သမားတော်လီက ဝူယွီလန်အား အိမ်ရှေ့တံခါးမှတစ်ဆင့် ဖိတ်ခေါ်လိုက်သည်။

သူက အချိန်မဖြုန်းတော့ပေ။ ဆေးဘက်ဝင်အပင်များကို စစ်ဆေးပြီး အရည်အသွေး ပြည့်မီကြောင်း အတည်ပြုပြီးနောက် ဆေးဆိုင်တပည့်အား ဆေးဘက်ဝင်အပင်များ ချိန်တွယ်စေလိုက်သည်။

“စံပယ်ဥက နှစ်ရာ့သုံးဆယ့်တစ် ကတ်တီ၊ အက်စထရာဂါလပ်စ်က ခုနစ်ဆယ့်ရှစ် ကတ်တီ၊ ဖော်ဆစ်သီယာက ခြောက်ဆယ့်နှစ် ကတ်တီ...”

သမားတော်လီက ပေသီးကို အသုံးပြု၍ ကိုယ်တိုင်ကိုယ်ကျ တွက်ချက်လိုက်သည်။

“စုစုပေါင်း ငွေလေးဆယ့်ခြောက်ချောင်းနဲ့ နှစ်မူးကျပါတယ်”

ဆေးဘက်ဝင်အပင်များက တန်ဖိုးရှိကြောင်း စုန့်ကျစ်ယုံ သိရှိထားပြီး ဤဆေးဘက်ဝင်အပင်များအား ဝယ်ယူစုဆောင်းရန်အတွက် ငွေအချောင်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ကြောင်းကိုလည်း သူ အကြမ်းဖျင်း သိရှိထားသည်။

သို့သော် သမားတော်လီ ပြောလိုက်သော ကိန်းဂဏန်းကို ကြားလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားရဆဲပင်။

ခုနစ်ရက်၊ ရှစ်ရက်ခန့် အလုပ်ရှုပ်ခဲ့ပြီးနောက် သူတို့က ငွေနှစ်ဆယ့်ခြောက်ချောင်း အမြတ်ရရှိခဲ့သည်။

‘ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ'

သူ ဝူယွီလန်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်သည်။

ဤအချိန်တွင်မူ ဤမိခင်မှာ ရိုးရှင်းသူ မဟုတ်ကြောင်း သူ အမှန်တကယ်ပင် သဘောပေါက်သွားတော့၏။

ဝူယွီလန် ရောက်လာစဉ်ကတည်းက စာရင်းများကို အကြမ်းဖျင်းတွက်ချက်ထားပြီးဖြစ်ရာ သူမကတော့ အံ့အားသင့်သွားခြင်းမရှိပေ။

“ကောင်းပါပြီ၊ အဆင်ပြေမယ်ဆိုရင် အားလုံးကို ငွေတုံးအသေးလေးတွေပဲပေးပါ”

ဝူယွီလန်က စကားပြောရင်းမှ သူမ ကြိုတင်ပြင်ဆင်ထားသော သေတ္တာတစ်လုံးကို ထုတ်ယူကာ ဘေးနားရှိ ဆေးဆိုင်တပည့်ထံသို့ ကမ်းပေးလိုက်သည်။

“ကောင်းပါပြီ၊ ဒါဆိုရင် ခင်ဗျားအတွက် ငွေတုံးအသေးလေးတွေပဲ စီစဉ်ပေးလိုက်မယ်”

ငွေလေးဆယ့်ခြောက်ချောင်းနှင့် နှစ်မူးက သေတ္တာငယ်လေးတစ်ဝက်ခန့် ပြည့်သွားသည်။

“ကျေးဇူးတင်ပါတယ် သမားတော်လီ”

“အို၊ ကျွန်တော်ကသာ သမားတော်ဝူကို ကျေးဇူးတင်ရမှာပါ၊ ခင်ဗျားကို ပြောပြရဦးမယ်၊ အထက်က ဆေးဆိုင်တွေက လောလောဆယ် ဆေးဘက်ဝင်အပင်တွေ လိုအပ်နေတယ်၊ ခင်ဗျားဆီမှာ ဘယ်လောက်ရှိရှိ အကုန်ပို့ပေးပါ”

“ပွင့်ပွင့်လင်းလင်းပြောရရင် သမားတော်လီ၊ လောလောဆယ် ကျွန်မတို့ရွာမှာ ဆေးဘက်ဝင်အပင်တွေ ဝယ်ယူစုဆောင်းနေပါတယ်၊ ဒါပေမဲ့ အရည်အသွေးပိုင်းကိုတော့ ရှင် စိတ်ချလို့ရပါတယ်၊ တစ်ပင်ချင်းစီကို ကျွန်မကိုယ်တိုင် စစ်ဆေးပေးပါ့မယ်”

“သမားတော်ဝူရဲ့ အလုပ်ကိုတော့ ကျွန်တော် သဘာဝကျကျပဲ စိတ်ချပြီးသားပါ”

“လက်ဖက်ရည် ဖျော်ပြီးပါပြီ၊ သမားတော်ဝူ အချိန်ရမယ်ဆိုရင် အထဲဝင်ပြီး ခဏထိုင်ပါဦးလား”

သမားတော်လီ၏မျက်လုံးများထဲတွင် အသိပညာ ဆာလောင်မွတ်သိပ်နေမှုများ ပြည့်နှက်နေသည်ကို ဝူယွီလန် သဘာဝကျကျပင် သတိပြုမိလိုက်လေ၏။

All Chapters