အခန်း ၄၂၂
Vol. 43 Ch. 422
🍋 Chapter 422
"မလှုပ်နဲ့"
နိုရယ်၏ နောက်ဘက်မှ အမျိုးသား အသံ ထွက်ပေါ်လာသဖြင့် သူမ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ရသည်။
"နင်... နင်... ငါ့ကို ဘာမှမလုပ်ပါနဲ့၊ နင် ငွေလိုချင်တာလား၊ ဒါမှမဟုတ် တခြားဟာလား၊ ငါတို့ ဆွေးနွေးလို့ရပါတယ်"
"ဟဲဟဲ... ငါက ငွေမလိုချင်ဘူးဆိုရင်ကော"
"နင် ဘာလိုချင်တာလဲ"
နိုရယ် အော်ဟစ်လိုက်သော်လည်း ဘာကို လိုလားနေသည်ဆိုသည်ကို သူမ အသည်းအသန် သိရှိနေသည်။
"ငါက မင်းလို အလှပပလေးကို ငါ့အတွက် ကလေး တစ်ဒါဇင်လောက် မွေးပေးစေချင်တာ၊ ပြီးတော့ နေ့တိုင်း အိမ်သန့်ရှင်းရေးလုပ်၊ အိမ်မှုကိစ္စတွေလုပ်ပြီး ငါ့အတွက် အရသာရှိတဲ့ ဟင်းလျှာတွေ ချက်ပြုတ်ပေးစေချင်တာ..."
"ဟင်..."
နိုရယ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
‘ဒါက ဘယ်လိုမျိုး တောင်းဆိုချက်လဲ’
‘ဒါက ပုံမှန် ဟုတ်လို့လား’
‘ဓားပြလား၊ ဒါမှမဟုတ် အကြမ်းဖက်သမားလား’
‘နေပါဦး... ဒီအသံက ရင်းနှီးနေသလိုပဲ...’
နိုရယ်၏ မျက်လုံးအစုံ ပြူးကျယ်သွားပြီးနောက် သူမသည် ရှိသမျှ အားအင်အကုန်သုံး၍ လှည့်ကြည့်လိုက်သည်။
"ကျိုးထျန်း"
သူမ မြင်လိုက်ရသည်မှာ အလွန်ပင် ကြင်နာတတ်ပြီး ရင်းနှီးလှသော ပြုံးယောင်သန်းနေသည့် မျက်နှာတစ်ခု ဖြစ်သည်။
နိုရယ်သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ပြီး အခုလေးတင် ရိုင်းရိုင်းစိုင်းစိုင်း စကားဆိုခဲ့သော ဤလူရှုပ်ကို လက်သီးဖြင့် ထိုးချင်စိတ် ပေါက်သွားခဲ့သည်။
သို့သော် သူမ ထိုးလိုက်သော လက်သီးမှာ အားအင်ချည်းနှဲ့နေခဲ့သည်။
သူမ၏ လက်သီးမှာ လက်ဖဝါးအဖြစ် ပြောင်းလဲသွားပြီး ကျိုးထျန်း၏ ပုခုံးကို သိုင်းဖက်လိုက်တော့သည်။
"ဝါး..."
အစောပိုင်းက မျက်ရည်တစ်စက်မျှ မကျဘဲ အလွန် စိတ်ဓာတ်ခိုင်မာခဲ့သော သူမသည် ယခုအခါတွင်မူ ဘူးခါးရေကျသကဲ့သို့ ငိုချလိုက်တော့သည်။
ကျိုးထျန်းသည် အခွင့်ကောင်းမယူဘဲ နိုရယ်ကို ဖက်ခွင့်ပြုထားသော်လည်း သူ့လက်မောင်းများကိုမူ ဘေးဘက်သို့ ဆန့်ထုတ်ထားပြီး သူမနှင့် မည်သည့် ထိတွေ့မှုမျိုးကိုမဆို ရှောင်ကြဉ်ထားသည်။
သူမအား ငိုခွင့်ပြုလိုက်သည်။
ဤကဲ့သို့သော အချိန်မျိုးတွင် သူမအနေဖြင့် မိမိ၏ စိတ်ခံစားချက်များကို ဖွင့်ချရန် လိုအပ်ပြီး ရင်ထဲတွင် မျိုသိပ်မထားသင့်ချေ။
တစ်မိနစ်ခန့် ကြာပြီးနောက် နိုရယ်၏ ငိုသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ကျိုးထျန်း၏ လက်မောင်းကို အတင်း ဆွဲကိုင်လိုက်သည်။
"ကျိုးထျန်း၊ ငါတို့ သွားရမယ်"
"ဘယ်ကိုလဲ"
"ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေလေ၊ ဒီနေရာက အန္တရာယ်ရှိတယ်"
နိုရယ်သည် ပျာပျာသလဲ ပြောဆိုလိုက်ပြီးမှ ရုတ်တရက် အံ့အားသင့်စွာ ရေရွတ်မိသွားသည်။
သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ကျိုးထျန်းထံသို့ ပြန်လှည့်ကြည့်လိုက်သည်။
သူမသည် ကျိုးထျန်းကို ဖက်၍ ငိုနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ဗုံးသာ ပေါက်ကွဲမည်ဆိုပါက သူတို့နှစ်ဦးစလုံး ယခုအချိန်တွင် ပြာမှုန့် ဖြစ်နေသင့်ပြီ ဖြစ်သည်။
ကားအောက်တွင် ရှိနေစဉ်ကတည်းက သူမ ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။
သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေပြီး ဗုံးမှာလည်း သူမ၏ ရှေ့တည့်တည့်တွင် ရှိနေသော်လည်း အချိန်အတော်ကြာသည်အထိ ပေါက်ကွဲခြင်း မရှိခဲ့ချေ။
အစပိုင်းတွင် သူမသည် ယင်းကို အာရုံခံစားမှု အမှားတစ်ခုဟု ထင်မှတ်ခဲ့ပြီး အကျပ်အတည်းအတွင်း သူမ၏ တုံ့ပြန်မှု မြန်ဆန်လာခြင်းကြောင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်နေသည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူ အနည်းဆုံး တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဘာမျှ ဖြစ်မလာခဲ့ပေ။
သူမ အသေအချာ နားစွင့်ကြည့်လိုက်ရာ ဒရုန်း၏ တဝီဝီမြည်သံမှာ ရှိနေဆဲ ဖြစ်သဖြင့် အခုလေးတင် ဖြစ်ပျက်ခဲ့သောအရာမှာ သူမ၏ အာရုံမှားခြင်း မဟုတ်သကဲ့သို့ သူမ၏ ဦးနှောက် ချို့ယွင်းသွားခြင်းလည်း မဟုတ်ကြောင်း ညွှန်ပြနေသည်။
ထို့ကြောင့် ကျိုးထျန်း၏ မျက်နှာအမူအရာကို စတင် အကဲခတ်လိုက်တော့သည်။
အစောပိုင်းက သူတို့နှစ်ဦး ထွက်ပြေးနေကြစဉ်တွင် ကျိုးထျန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြမ်းတမ်းခက်ထန်နေပြီး မျက်မှောင်ကြုတ်ကာ မေးရိုးကို တင်းတင်းစေ့ထားခြင်းက သူ တစ်ခုခုကို အံကြိတ် အောင့်အည်းထားရကြောင်း ထင်ရှားလှသည်။
နိုရယ်မှာ သတ်ဖြတ်လိုသော အငွေ့အသက် အနည်းငယ်ကိုပင် အာရုံခံမိလိုက်သဖြင့် ထိတ်လန့်သွားခဲ့ရသည်။
၎င်းမှာ သူမ မသိသော ကျိုးထျန်း ဖြစ်သည်။
သူမ၏ မှတ်ဉာဏ်ထဲတွင်မူ ဤအာရှသားမှာ အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး အနည်းငယ် လှောင်ပြုံးမျိုးကိုပင် ပြုံးတတ်သူ ဖြစ်သည်။
သို့သော် သူ့တွင် ပီယဲကဲ့သို့ မာနထောင်လွှားပြီး ရက်စက်သော အမူအရာမျိုး မရှိချေ။
ယခုမူ ကျိုးထျန်းသည် သူ့ပုံမှန် ပြုံးရွှင်သော မျက်နှာထားသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ကာ နှုတ်ခမ်းကို အနည်းငယ် စေ့ထားပြီး သူ့မျက်နှာတွင် ယခင်က တင်းမာမှု အရိပ်အယောင် စိုးစဉ်းမျှ မရှိတော့ချေ။
နိုရယ် မျက်လုံးကို မှေးပိတ်လျက် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်သည်။
"ငါတို့... ဘေးကင်းသွားပြီလား"
"ဘေးကင်းသွားပါပြီ"
"နင် ဒါကို ဘယ်လို လုပ်လိုက်တာလဲ"
"အဲဒါ ငါ လုပ်တယ်ဆိုတာ နင် ဘယ်လိုသိလဲ"
ကျိုးထျန်းက ပြုံး၍ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါ့မှာ ဦးနှောက် ရှိလို့ပေါ့"
နိုရယ်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
ဤမိန်းကလေး၏ လေသံအရ ကြည့်ပါက မည်သူမဆို ယင်းကို ရိပ်မိနိုင်ပေလိမ့်မည်။
'ကဲပါလေ... ငါတော့ မယုံပါဘူး၊ အကယ်လို့ ကျောက်ရှင်းသာ ဒီနေရာမှာ ရှိနေရင် နာရီဝက်ကြာရင်တောင် ရိပ်မိမှာ မဟုတ်ဘူး'
ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသော နေရာတစ်ခုတွင် ရုပ်ရှင်ရိုက်ကူးနေသည့် ကျောက်ရှင်းသည် နှာချေလိုက်မိပြီး သူမ၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"ကဲ... အခု ဒီအသေးစိတ်အချက်အလက်တွေကို မပြောနဲ့အုံး၊ ငါတို့ ဒီကနေ ထွက်သွားကြရအောင်၊ ကျွမ်းကျင်သူတွေကိုပဲ ပြဿနာတွေကို ရှင်းလင်းခိုင်းလိုက်ကြရအောင်"
"ကောင်းပြီ"
နိုရယ် ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
သူမသည် ကျိုးထျန်းအား တစ်ဖက်လူကို လုံးဝ ရှင်းလင်းပြီးပြီလားဆိုသည်ကို မမေးတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့၏ ယုံကြည်ချက်ရှိသော မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် သူ အရာအားလုံးကို စီစဉ်ဆောင်ရွက်ပြီးပြီ ဖြစ်ကြောင်း သူမ သိမြင်နိုင်ခြင်းကြောင့်ပင်။
သူတို့၏ သက်တော်စောင့်များသည် သူတို့အား ဝန်းရံထားကြပြီ ဖြစ်သည်။
ယခင်က ကျိုးထျန်းနှင့် အလှမ်းကွာဝေးစွာ နေထိုင်ခဲ့ပြီး သူ့ကို မကာကွယ်ပေးခဲ့သော သက်တော်စောင့်တစ်ဦးသည် နိုရယ်ကို ကျိုးထျန်းနှင့် ဝေးရာသို့ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။
အမှန်စင်စစ် သူ၏ လုပ်ရပ်မှာ ပုံမှန်သာ ဖြစ်သည်။
မည်သူက ရန်သူ၊ မည်သူက မိတ်ဆွေဖြစ်သည်ကို မည်သူ သိနိုင်ပါမည်နည်း။
မိတ်ဆွေမဟုတ်သော အင်အားစုအားလုံးကို သီးခြားခွဲထုတ်ထားခြင်းက အကောင်းဆုံး မဟာဗျူဟာ ဖြစ်သည်။
သို့သော် သူ့လက်က ကျိုးထျန်းကို မထိမှန်မီမှာပင် နိုရယ်က ယင်းကို အားပြင်းပြင်းဖြင့် ရိုက်ထုတ်ပစ်လိုက်သည်။
"နင်တို့အားလုံး... အခုကစပြီး ဒါကို မှတ်ထားကြစမ်း၊ ဒီမစ္စတာ ကျိုးထျန်းက ငါ့ရဲ့ သူငယ်ချင်းပဲ”
“နင်တို့ရဲ့ စံနှုန်းတွေအရ ဘယ်လိုမျိုး တုံ့ပြန်ဖို့ လိုအပ်တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့ကို ငါ့ကို ကာကွယ်သလိုမျိုး ဒါမှမဟုတ် ငါ့မိဘတွေကို ကာကွယ်သလိုမျိုး ကာကွယ်ပေးရမယ်"
သက်တော်စောင့်၏ မျက်ဝန်းများ အေးစက်သွားသော်လည်း သူသည် ခေါင်းကို တောင့်တောင့်ကြီး ညိတ်လိုက်ပြီး ထိုသူနှစ်ဦးကို နှောင့်ယှက်ခြင်း မပြုတော့ချေ။
ထိုအဖွဲ့သည် ဟိုတယ်သို့ မသွားတော့ဘဲ ကားပေါ်သို့ တိုက်ရိုက်တက်ကာ ရဲဌာနချုပ်ဆီသို့ ဦးတည်သွားခဲ့ကြသည်။
ထိုသူနှစ်ဦး ဝင်ရောက်သွားသည်နှင့် ရဲအရာရှိ အမြောက်အမြားသည် သူတို့အား ဝန်းရံလာကြပြီး သူတို့အား အစည်းအဝေးခန်းမတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
အခန်းအတွင်းတွင် မည်းမှောင်သော မျက်နှာထားရှိသည့် အလတ်တန်းစား အမျိုးသားအချို့နှင့်အတူ နိုင်ငံခြားသား ဇနီးမောင်နှံတစ်စုံ ရိုင်ထိုင်နေကြပြီ ဖြစ်သည်။
ယင်းမှာ နိုရယ်၏ မိဘများ ဖြစ်နိုင်ကြောင်း ကျိုးထျန်း စိတ်ထဲမှ တွေးတောမိလိုက်သည်။
ထိုအခန်းထဲတွင် သူ သိကျွမ်းသော လူအချို့လည်း ရှိနေပြီး ဂျန်ဝေကုန်းလည်း ရှိနေသည်။
သူ ဝင်လာသည်ကို မြင်သောအခါ ဂျန်ဝေကုန်း ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး အနားသို့ လျှောက်လာကာ သူ့ကို ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။
"အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီးပြီ၊ ရာဇဝတ်ကောင်တွေ အားလုံးကိုလည်း ဖမ်းမိထားပြီ၊ မင်း အဆင်ပြေရဲ့လား"
"မဖြစ်ပါဘူး၊ ကျွန်တော် ကံကောင်းလို့ ဒဏ်ရာ မရခဲ့ဘူး"
"ဟူး... တော်သေးတာပေါ့၊ တကယ်တော့ မင်း သေသွားရင်တောင် ကိစ္စမရှိပါဘူး၊ အဲဒီမိန်းကလေး ဘေးကင်းနေသရွေ့ တော်သေးတာပေါ့"
ဂျန်ဝေကုန်းက ပြုံး၍ ပြောလိုက်သည်။
ကျိုးထျန်း၏ မျက်နှာ တွန့်ကွေးသွားခဲ့သည်။
‘ဒါက ဘယ်လို စကားမျိုးလဲ... ငါကလည်း အများကြီး တန်ဖိုးရှိတဲ့လူလေ’
"ဒါကို ဘယ်သူ လုပ်တာလဲ"
ဂျန်ဝေကုန်းက ပြုံးလိုက်ပြီး တိုက်ရိုက် မဖြေကြားပေ။
"မင်း ဒီနိုင်ငံခြားသား သုံးယောက်ရဲ့ အထောက်အထားကို သိလား"
"မသိဘူး"
ကျိုးထျန်း အမှန်အတိုင်း ဖြေလိုက်သည်။
သူ ဟော့ပေါ့ဆိုင်တွင် ရှိစဉ်ကတည်းက ဂျက်ဆီကို စုံစမ်းစစ်ဆေးခိုင်းရန် စဉ်းစားခဲ့သော်လည်း အားလပ်ချိန်ရမှ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှု ဖြစ်ပွားလာပြီး ယင်းကိစ္စကို လုံးဝ မေ့လျော့သွားလိမ့်မည်ဟု မည်သူ သိနိုင်ပါမည်နည်း။
"ဟင်း... မင်းကတော့လေ၊ မင်းကို ကံကောင်းလွန်းတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် ကံဆိုးလွန်းတယ်လို့ ပြောရမလား မသိတော့ဘူး"
ဂျန်ဝေကုန်း သက်ပြင်းချလိုက်သည်။
"ဒီ မိသားစု သုံးယောက်က နိုင်ငံတော်ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော်တွေပဲ၊ သူတို့ တရုတ်နိုင်ငံကို လာတာက အပေါ်ယံအားဖြင့် ကမ္ဘာလှည့်ခရီးသွားဖို့ ဖြစ်ပေမဲ့ တကယ်တော့ တစ်ချို့ကိစ္စတွေကို လွယ်ကူချောမွေ့စေဖို့အတွက် လျှို့ဝှက် လာရောက်လည်ပတ်တာ ဖြစ်တယ်"
"အော်..."
ကျိုးထျန်း၏ နှလုံးသား တင်းကျပ်သွားခဲ့သည်။
အကယ်၍ နိုရယ်က တကယ်ပင် ထိုမျှ အရေးကြီးပါက အခုလေးတင် ဖြစ်ပျက်ခဲ့သောအရာမှာ ပိုမို အန္တရာယ်ကြီးမားလှပေသည်။
အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုအဖြစ် စတင်ခဲ့ရာမှ ရုတ်တရက် နိုင်ငံတော် မဟာဗျူဟာအဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
"ဒါဆို သူတို့က ဘယ်သူတွေလဲ"
"လက်ရှိ ဆီယာနိုင်ငံရဲ့ တော်ဝင်မိသားစုပဲ"
"ဘာ"
ကျိုးထျန်း အံ့အားသင့်သွားပြီးနောက် မိဘများကို ဖက်ထားသော နိုရယ်ကို လှည့်ကြည့်လိုက်သည်။
"အဲဒီမိန်းကလေးက ထီးနန်းဆက်ခံဖို့ ပထမဆုံး စာရင်းဝင်သူပဲ၊ လက်ရှိ ဘုရင်နဲ့ မိဖုရားတို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပြီး အနာဂတ်ရဲ့ ဘုရင်မပေါ့"
ဂျန်ဝေကုန်းက စကားလုံးတိုင်းကို အသေအချာ ပြောကြားလိုက်သည်။
"အကယ်လို့ သူတို့သာ တရုတ်နိုင်ငံရဲ့ မြေပေါ်မှာ တစ်ခုခု ဖြစ်သွားရင် ဥရောပမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အလုံးစုံ မဟာဗျူဟာနဲ့ စီမံကိန်းတွေအပေါ် သက်ရောက်မှုရှိစေပြီး ကြီးမားတဲ့ ထိခိုက်မှုတွေကို ဖြစ်ပေါ်စေလိမ့်မယ်"
"မင်း အခုလေးတင် လုပ်ဆောင်ခဲ့တဲ့ အရာရဲ့ ကြီးမားမှုကို မင်း သိချင်မှ သိလိမ့်မယ်၊ အဲ့ဒါက နိုင်ငံနှစ်နိုင်ငံလုံးရဲ့ ကံကြမ္မာအပေါ် သက်ရောက်မှုရှိစေလောက်အောင် အရေးကြီးတယ်"
"သူတို့နိုင်ငံက အခြေခံဥပဒေအခြေပြု သက်ဦးဆံပိုင်စနစ် ဖြစ်ပြီး တော်ဝင်မိသားစုမှာ အုပ်ချုပ်ရေးအာဏာ အစစ်အမှန် မရှိပေမဲ့လည်း အမှတ်လက္ခဏာနဲ့ သံတမန်တွေပဲ”
“တစ်ခါတစ်ရံမှာတော့ ဒီလို အာဏာမရှိတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးသမားတွေထက် ပိုပြီး အရေးကြီးတတ်ကြတယ်"
"ဘာလို့လဲဆိုတော့ တော်ဝင်မိသားစုက အမြဲတမ်း တော်ဝင်မိသားစု ဖြစ်နေမှာ ဖြစ်ပြီး သမ္မတတစ်ယောက်ရဲ့ သက်တမ်းကတော့ အများဆုံး ၈ နှစ်ကနေ ၁၀ နှစ်အထိပဲ ရှိတာကြောင့်ပဲ”
“အမျှော်အမြင်ရှိတဲ့ လူတွေသာ ဘယ်အရာက ပိုအရေးကြီးတယ်ဆိုတာကို ပိုင်းခြားသိမြင်နိုင်ကြတယ်"
ကျိုးထျန်း ခေါင်းညိတ်လိုက်ပြီး ထီးနန်းသက်တမ်း ရှည်ကြာစွာ စိုးစံခဲ့သော ဗြိတိန်ဘုရင်မကြီးကို တွေးတောမိလိုက်သည်။
အချို့သော အတိုင်းအတာတစ်ခုအထိ ဘုရင်မကြီး၏ စကားနှင့် လုပ်ရပ်များသည် ဝန်ကြီးချုပ်ထက် ပိုမို စောင့်ကြည့်ခြင်း ခံရလေ့ရှိသည်။
ဤသဘောအရ ကြည့်လျှင် နိုရယ်မှာ သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမို အရေးကြီးလှပေသည်။