အခန်း ၄၂၄
Vol. 43 Ch. 424
🍋 Chapter 424
နိုရယ်၏ ဖခင်ဖြစ်သူ ဖရန်စစ်သည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကျိုးထျန်း၏ လက်နှစ်ဖက်ကို တိုက်ရိုက်ဆုပ်ကိုင်ကာ စိတ်ရင်းမှန်ဖြင့် ကြည့်လိုက်သည်။
"မစ္စတာ ကျိုးထျန်း နိုရယ်နဲ့ ကျွန်တော်တို့ မိသားစုအပေါ် အမြဲ ကူညီပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်”
“နောင်တစ်ချိန် အနောက်နိုင်ငံကို မဖြစ်မနေ လာလည်ပါဦး၊ ကျွန်တော့်ဘက်က အမြင့်မြတ်ဆုံး ဧည့်သည်တော်အဖြစ် ကြိုဆိုဧည့်ခံပါ့မယ်"
"ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လတ်တလောတော့ ကျွန်တော် သွားဖြစ်ဦးမယ် မထင်ပါဘူး”
“ဒါပေမဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ကတော့ မစ္စတာ ဖရန်စစ်ဆီ ဆက်သွယ်ပြီး အကူအညီအနည်းငယ် တောင်းခံလာတာမျိုး ရှိနိုင်ပါတယ်"
ဖရန်စစ်သည် ကျိုးထျန်း၏ စကားကို ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လျက် ပြောလိုက်သည်။
"မစ္စတာ ကျိုး ဘာပဲလုပ်ချင်လုပ်ပါ ကျွန်တော့်ဘက်က အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမှာပါ"
"တရားမျှတမှုက မတရားမှုကို မရှုံးနိုင်သလို တစ်ကိုယ်ကောင်းမဆန်တဲ့ စိတ်ဓာတ်က လောဘတရားအောက် ဒူးထောက်သွားမှာ မဟုတ်ဘူး”
“ဒါ့အပြင် မြင့်မြတ်တဲ့ ရည်မှန်းချက်တွေက အမြင်ကျဉ်းမြောင်းမှုတွေကြောင့် ပျက်စီးသွားလိမ့်မယ် မဟုတ်ဘူးဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်"
"မစ္စတာ ဖရန်စစ်က ဖြောင့်မတ်ပြီး မွန်မြတ်တဲ့သူတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်”
“ဒါကြောင့်လည်း နိုရယ်လို ထူးချွန်ထက်မြက်တဲ့ သမီးကောင်းလေးတစ်ယောက်ကို ပျိုးထောင်ပေးနိုင်ခဲ့တာပေါ့"
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ လူကောင်းတွေက ပိုပြီး အသက်ရှည်ရှည် နေထိုင်သင့်တယ် မဟုတ်လား"
ကျိုးထျန်းက နိုရယ်ကို တစ်ချက်ကြည့်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"မင်းပြောချင်တဲ့ အဓိပ္ပာယ်ကို ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော့်မှာ ကိုယ်ပိုင်တာဝန်နဲ့ ဂုဏ်သိက္ခာ ရှိတယ်၊ ဒါကြောင့် အလွယ်တကူတော့ အရှုံးပေးသွားမှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ စားသောက်ပွဲကြီးကို ဖျက်သိမ်းလိုက်ရတာကတော့ တကယ့်ကို နှမြောစရာပဲ၊ ဒီတစ်ခေါက် စားသောက်ပွဲကို တက်ရောက်ဖို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခုကို စောင့်ရတော့မယ့်ပုံပဲ"
ဖရန်စစ်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။
မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များတွင် ဖရန်စစ်သည် ကျိုးထျန်း၏ အစွမ်းအစကို ပိုမို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ပို၍အရေးကြီးသည်မှာ ကျိုးထျန်း၏ ကျယ်ပြန့်သော လူမှုကွန်ရက် ဆက်ဆံရေးများမှာ အခြားသူများရှေ့တွင် ပေါ်သွားခဲ့ခြင်းပင်။
လောကကြီး၏ ထိပ်တန်းအလွှာတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် ဝါရင့်ဝေဖန်ဆန်းစစ်သူတစ်ဦးဖြစ်သည့်အားလျော်စွာ ဖရန်စစ်သည် တရုတ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်ပိုင်း၏ သဘောထားကို ကြည့်ရုံဖြင့် ကျိုးထျန်း၏ တန်ဖိုးကို ရိပ်မိခဲ့သည်။
သူ့အဆင့်အတန်းနှင့်ဆိုလျှင် တရုတ်အစိုးရက ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဆက်ဆံမည်မှာ သဘာဝကျသော်လည်း အရပ်သားလူထုကြားရှိ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုကပါ အကူအညီ ပေးနိုင်မည်ဆိုပါက သူ့အတွက် များစွာ အကျိုးရှိပေလိမ့်မည်။
သူ တရုတ်နိုင်ငံသို့ လာရခြင်း ရည်ရွယ်ချက်မှာ အကျဉ်းချုံးပြောရလျှင် စည်းစိမ်ဥစ္စာအတွက်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရလျှင်မူ နောင်ဆယ်စုနှစ်အနည်းငယ်အတွင်း အနောက်နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြန်လည်ဦးမော့လာမှုမှာ ရှောင်လွှဲ၍မရနိုင်ကြောင်း အဆင့်မြင့်အရာရှိကြီးများအားလုံး သဘောပေါက်ထားကြသည်။
သို့သော်လည်း အနောက်နိုင်ငံတော်တွင်ဖြစ်စေ သို့မဟုတ် အခြားနိုင်ငံများတွင်ဖြစ်စေ ထိုအချက်ကို တမင်သက်သက် လျစ်လျူရှုထားရန် ရွေးချယ်သူများ ရှိနေဆဲပင်။
ထိုလူများသည် မျက်စိကန်းနေကြခြင်း မဟုတ်ဘဲ မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် တမင် ကန်းချင်ယောင် ဆောင်နေကြခြင်းသာ။
သို့သော် သူကား တော်ဝင်မိသားစု၏ တရားဝင်ဦးစီးဦးဆောင် ဖြစ်သည်။
အကြွင်းမဲ့ အာဏာမရှိစေဦးတော့ နိုင်ငံကား သူ့နိုင်ငံဖြစ်ပြီး ပြည်သူလူထုမှာလည်း သူ့ပြည်သူများသာ ဖြစ်နေဆဲပင်။
အခြားသူများကမူ နေရာသစ်သို့ ပြောင်းရွှေ့ကာ စည်းစိမ်ခံ နေထိုင်နိုင်ကြသော်လည်း သူကတော့ ထိုသို့ မလုပ်နိုင်ပေ။
သူသည် နိုင်ငံတော်၏ နယ်နိမိတ်များကို စောင့်ရှောက်ရင်း စံပြကိုယ်စားလှယ်တစ်ဦးအဖြစ် ရပ်တည်ရမည်သာ။
တစ်ချိန်တည်းမှာပင် သူသည်လည်း ငွေရှာချင်သော၊ ပျော်ပျော်ပါးပါး နေထိုင်စားသောက်ချင်သော၊ မိသားစုနှင့် သားသမီးများကို သားနားစွာ ထားချင်သော သာမန်လူသားတစ်ဦးမျှသာ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျိုးထျန်းသည်လည်း သာမန်လူတစ်ယောက်ဖြစ်ပြီး သူ့ကို ငွေအမြောက်အမြား ရှာဖွေပေးနိုင်သူ ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးမှာ ကွက်တိကျလှပေသည်။
"ရပါတယ်၊ ကျွန်တော်တို့ မကြာခင်မှာ ပြန်ဆုံကြဦးမှာပါ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"
ထိုသို့ပြောပြီးနောက် ကျိုးထျန်းသည် မိမိကိုယ်ကိုယ် နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။
"ဟုတ်တယ် ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်၊ ဒါနဲ့ လက်ဆောင်ပေးခဲ့တဲ့ ဒိုမိန်း ဒီ လာ ရိုမန်နီ ကွန်တီ ဝိုင်တစ်ပုလင်းအတွက်ရော၊ စတော့ရှယ်ယာ သတင်းအချက်အလက်တွေ ပေးခဲ့တဲ့အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်"
"ဒါက ပြောပလောက်စရာ မဟုတ်ပါဘူး ကိစ္စမရှိပါဘူး"
"ဟားဟားဟား မစ္စတာ ကျိုးထျန်းက ကျွန်တော် တွေ့ဖူးသမျှထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူငယ်လေးပဲ၊ နောင်အနာဂတ်မှာ ကျွန်တော်တို့ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်"
"သေချာတာပေါ့"
ဖရန်စစ်သည် အလေ့အထအရ ယဉ်ကျေးပျူငှာသော စကားအချို့ကို ပြောကြားနေစဉ် မျက်လုံးများက ဘေးဘီဝဲယာသို့ တစ်ချက်တစ်ချက် ဝေ့ဝဲကြည့်နေပြီး အလွန်အမင်း သတိကြီးစွာ ထားနေပုံရသည်။
ကျိုးထျန်းမှာ အံ့သြခြင်းမရှိပေ။
သမီးဖြစ်သူမှာ သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်သဖြင့် အနည်းငယ် ကြောက်လန့်တုန်လှုပ်နေဟန် တူသော်လည်း ယခုကဲ့သို့ စိုးရိမ်တကြီး သတိထားနေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
"မစ္စတာ ကျိုး နိုရယ်ကို ဂရုတစိုက်နဲ့ ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့က သူငယ်ချင်းတွေပဲလေ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ"
"မင်းအတွက်တော့ သေးငယ်တဲ့ ကိစ္စလေး ဖြစ်နိုင်ပေမဲ့ ကျွန်တော့် မိသားစုအတွက်တော့ အလွန်အမင်း အရေးကြီးပါတယ်"
ဖရန်စစ်က ပြောရင်းနှင့် သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"နိုရယ်ကို ဆက်ပြီး ကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်"
"ဟင်"
ကျိုးထျန်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ "ပြဿနာမရှိပါဘူး ဒါ ကျွန်တော် လုပ်ရမယ့် တာဝန်ပါပဲ" ဟု ဆိုလိုက်သည်။
သူသည် ဘေးနားရှိ နိုရယ်ကို လှမ်းကြည့်လိုက်ရာ ထိုမိန်းကလေးက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး နှုတ်ခမ်းစွန်းတွင် မြူဆွယ်သော အပြုံးတစ်ခုကို ဆင်မြန်းထားသည်ကို တွေ့လိုက်ရသည်။
‘သူတို့ ငါ့ကို တစ်ခုခု ကြံစည်နေကြတာလား’
‘မဖြစ်နိုင်တာ ငါက နိုရယ်ကို ကယ်တင်ခဲ့ရုံပဲ ရှိသေးတာကို’
‘ဒါမှမဟုတ် သူတို့က နိုရယ်နဲ့ ငါ့ကို သံယောဇဉ်ငြိတွယ်စေချင်လို့များလား ‘
‘ကြည့်ရတာ အဲဒီလိုပုံစံပဲ၊ မဖြစ်နိုင်တာ ငါက လူကြီးလူကောင်းတစ်ယောက်ပဲ၊ အလှအပနောက် ပါသွားပြီး ငါ့ရဲ့ မူဝါဒတွေကို အလွယ်တကူ အပျက်စီးမခံနိုင်ဘူး’
‘ဘာပဲဖြစ်ဖြစ် အခြေအနေကို စောင့်ကြည့်ရမှာပေါ့ သူတို့ရဲ့ စေတနာကိုတော့ ငြင်းပယ်လို့ မကောင်းဘူး’
ကျိုးထျန်းက ရိုးသားစွာ ပြုံးပြရင်း နိုရယ်၏ အကြည့်ကို တုံ့ပြန်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့ ဒီညပဲ ပြန်ကြတော့မှာ၊ အခုပြောတဲ့ ကျေးဇူးစကားတွေက အလကားပါပဲ နောက်မှ သူတို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
"အနောက်နိုင်ငံက ရှေးဟောင်းအင်အားကြီး နိုင်ငံတစ်ခု ဖြစ်ပေမဲ့ အခုတော့ ကျဆင်းနေပြီ”
“ဒါပေမဲ့ 'လဲနေတဲ့ ကုလားအုပ်က မြင်းထက်ကြီးတယ်' ဆိုသလို အရင်းအမြစ်တွေ ရှိနေဆဲပဲ၊ တော်ဝင်မိသားစုရဲ့ အကာအကွယ်သာ ရှိရင် အနောက်နိုင်ငံမှာဖြစ်ဖြစ် ဥရောပတစ်ခုလုံးမှာဖြစ်ဖြစ် ပြဿနာရှာရတာ ပိုလွယ်ကူသွားလိမ့်မယ်"
"ဒီကျေးဇူးတရားက နှုတ်ကတိသက်သက်ပဲ မဟုတ်ဖို့ မျှော်လင့်ရတာပဲ"
ကျိုးထျန်းသည် ထိုသုံးဦးနှင့် နောက်ထပ် မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောဆိုကာ တင်းမာနေသော အခြေအနေကို သိသိသာသာ လျှော့ချပေးလိုက်သည်။
မေးမြန်းစုံစမ်းမှုအားလုံး ပြီးဆုံးသွားသောအခါ လူတိုင်းကို ရဲစခန်းမှ ပြန်လည်ခေါ်ဆောင်သွားပြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာ နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ကျိုးထျန်းပင်လျှင် ထိုသို့သော ဆက်ဆံမှုကို ရရှိခဲ့သည်။
ဟိုတယ်သို့ ပြန်ရောက်သည့်တိုင်အောင် သူသည် စိတ်မလျှော့သေးပေ။
မုယန်ကို နှုတ်ဆက်ပြီးနောက် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းကို ထုတ်လိုက်သည်။
သူသည် အစိုးရသက်တော်စောင့်တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဂျန်ဝေကုန်းထံ ဖုန်းခေါ်ဆိုလိုက်သည်။
သူ့အနေဖြင့် တိုက်ခိုက်သူ၏ တကယ့်အထောက်အထားကို သိရှိရန် လိုအပ်သည်။
သို့သော် ဂျန်ဝေကုန်းက ဖုန်းမကိုင်ပေ။
သူသည် ဆက်တိုက်ဆိုသလို အစည်းအဝေးများ တက်ရောက်နေရဟန် တူသည်။
၎င်းမှာ ကပ်ဘေးတစ်ခုကဲ့သို့ ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်းသာ။
အဆိုးရွားဆုံးသာ ဖြစ်ပျက်ခဲ့လျှင် မနက်ဖြန်၏ နိုင်ငံတကာ သတင်းခေါင်းကြီးပိုင်းများတွင် ကျိုးထျန်း၏ အဖြူအမည်းဓာတ်ပုံ ပါလာပေလိမ့်မည်။
သူ့ဓာတ်ပုံက သေးငယ်ပြီး သတိမထားမိလောက်စရာ ဖြစ်နေမည်ဖြစ်သော်လည်း နိုရယ်၏ ဓာတ်ပုံကတော့ သေချာပေါက် ပိုမို ထင်ရှားကျော်ကြားပေလိမ့်မည်။
"ဘာဖြစ်လို့လဲ"
မုယန်က သူ စကားတစ်လုံးမှ မပြောဘဲ ပြန်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။
"ဖြေရှင်းစရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စလေးတွေရှိလို့ပါ၊ စိတ်မပူပါနဲ့"
"စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စလေးလား"
မုယန်သည် သူ့စကားကို ကြားရုံဖြင့် ၎င်းမှာ ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ရမည်ကို သိလိုက်သည်။
"သက်ပြင်းချမနေပါနဲ့ ဒီနေ့ နင့်ကို ကြည့်ရတာ အရမ်းပန်းနေပုံပဲ၊ ရေချိုးပြီး အရင်နားလိုက်ဦး မနက်ဖြန်ကျမှ အေးအေးဆေးဆေး ပြောကြတာပေါ့"
"အင်း ရပါတယ်၊ ငါ့အတွက် ထမင်းဝိုင်း ပြင်ဆင်ပေးထားလို့ ရမလား၊ ညစာ မစားရသေးဘူး နင် ရေချိုးပြီးရင် အဆင်သင့် စားလို့ရအောင်ပေါ့"
"ကောင်းပြီ"
မုယန်သည် ထပ်မမေးတော့ပေ။
၎င်းမှာ သူမ၏ လိမ္မာပါးနပ်ပြီး ထူးခြားသော အရည်အချင်းပင် သူမသည် ဂရုစိုက်သော်လည်း မေးခွန်းများစွာ မေးလေ့မရှိပေ။
အချို့သောအရာများကို သူမ ခန့်မှန်းနိုင်သော်လည်း ထပ်မေးနေခြင်းက ပူပန်မှုကိုသာ တိုးပွားစေလိမ့်မည်။
ကျိုးထျန်း ရေချိုးခန်းထဲ ဝင်သွားသည်ကို မြင်သောအခါ မုယန်သည် သူ့အဝတ်အစားများကို သိမ်းဆည်းပေးပြီး ချိတ်တွင် ချိတ်ဆွဲပေးလိုက်သည်။
ဗီရိုတံခါးကို ပိတ်တော့မည့်အချိန်တွင် သူမ ရုတ်တရက် ရပ်တန့်သွားကာ အင်္ကျီပေါ်မှ ရွှေဝါရောင် ဆံပင်မျှင်အချို့ကို တည်ငြိမ်စွာ ဖယ်ရှားလိုက်ပြီး အင်္ကျီကို ခါကာ အနံ့အသက် ကျန်ရှိမနေစေရန် နမ်းရှိုက်ကြည့်ပြီးနောက် ဆံပင်များကို အမှိုက်ပုံးထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် သူမသည် မျက်မှောင်အနည်းငယ်သာ ကုပ်လိုက်ပြီး ပုံမှန်မျက်နှာပေးအတိုင်း ကျိုးထျန်းအတွက် အစားအစာများကို မှာယူပေးလိုက်သည်။
ဘလက်ပြည်နယ်၊ အရှေ့ဘက်ကမ်းရိုးတန်း။
လေယာဉ်တစ်စင်းသည် လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။
လူပေါင်း ၃၀၀ နီးပါး စီးနင်းနိုင်သော ဤခရီးသည်တင် လေယာဉ်ပေါ်တွင် ခရီးသည် ၂၀ ပင် မပြည့်ချေ။
တစ်စုံတစ်ယောက်က လေယာဉ်တစ်စင်းလုံးကို စင်းလုံးငှားခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းရှင်ကြီး ဆန်းတို့စ်သည် သူ့လူအယောက်နှစ်ဆယ်ခန့်နှင့်အတူ ပစ်ကပ်ကားဖြင့် လေဆိပ်အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။
ထူးခြားသည်မှာ သူတို့သည် သားနားလှသော လင်မူးဆင်း ကားတစ်စင်းကို အထူးတလည် ပြင်ဆင်ထားကြခြင်းပင်။
ထိုကဲ့သို့သော အခွင့်ထူးမျိုးကို ကျိုးထျန်းပင် မရရှိခဲ့ဖူးပေ။
ကျိုးထျန်းအနေဖြင့်လည်း ၎င်းကို မလိုအပ်ခဲ့ပေ။
လူအယောက်တစ်ဆယ်ကျော်ခန့် ရှိသော အုပ်စုသည် လေဆိပ်အထွက်သို့ လျှောက်လှမ်းလာသည်။
ဆန်းတို့စ်သည် သူ့ဖုန်းထဲရှိ ဓာတ်ပုံနှင့် ထိုသူကို နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ဖြူဖွေးသော သွားများကို ပေါ်လွင်စေလျက် ပြုံးကာ ရှေ့သို့ လှမ်းတက်သွားလိုက်သည်။
"မင်္ဂလာပါ မစ္စ ဟယ် ဟေကျိုးကနေ ဝမ်းပမ်းတသာ ကြိုဆိုပါတယ်!"