အခန်း ၄၃၁
Vol. 44 Ch. 431
🍋 Chapter 431
နိုရယ်သည် ပေကျင်းတွင် ဆိတ်သားဟော့ပေါ့ကို မြည်းစမ်းဖူးသဖြင့် တရုတ်ဟော့ပေါ့၏ အခြေခံသဘောတရားကို နားလည်ထားသည်ဟု ထင်မှတ်ခဲ့၏။
ကျိုးထျန်းက သူမအား စီချွမ်ဟော့ပေါ့ သွားစားရန် အကြံပြုသောအခါ သူမ အလွန်အမင်း စိတ်မဝင်စားခဲ့ဘဲ အစားအစာ အရသာမှာ အတော်အတန်ကောင်းမွန်ပြီး ကျိုးထျန်းလည်း နှစ်သက်ပုံရသဖြင့် နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်မံမြည်းစမ်းကြည့်ချင်ရုံသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် တရုတ်နိုင်ငံတွင် ခေတ္တမျှ နေထိုင်မည်ဖြစ်ရာ ကျိုးထျန်း၏ အကြိုက်ကိုသာ လိုက်လျောပြီး အသစ်အဆန်းများကို ဆက်လက်မြည်းစမ်းကြည့်ရန် ဆုံးဖြတ်ထားသည်။
သို့သော် သူတို့သုံးဦး ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည့်အခါ နိုရယ်သည် ငရုတ်သီးနှင့် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး ရောနှောထားသကဲ့သို့ စူးရှရှနှင့် အလွန်မွှေးကြိုင်သော အနံ့တစ်ခုကို ရုတ်တရက် ရရှိလိုက်သည်။
သူမ နှာခေါင်းရှုံ့ကြည့်သော်လည်း ထိုအနံ့က လေထုထဲတွင် ပျံ့နှံ့နေသဖြင့် မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်ချေ။
နိုရယ်သည် မိမိ၏အဝတ်အစားများတွင် အနံ့စွဲကျန်ရစ်မည်ကို စိုးရိမ်သဖြင့် မျက်မှောင်ကြိုတ်လိုက်မိသည်။
ဆိုင်၏ ပတ်ဝန်းကျင် အနေအထားမှာ အတော်အတန် ရိုးရှင်းပြီး ချန်တူးလမ်းမများ၏ စတိုင်ကို အတုယူထားကာ နေ့စဉ်လူနေမှုဘဝ၏ အငွေ့အသက်များကို ခံစားရစေသည်။
ဤအရာက သူမအား အံ့အားသင့်စေခြင်း မရှိဘဲ အနည်းငယ် ဆန်းသစ်သည်ဟုပင် ခံစားရစေသည်။
သူမ၏ အတွေ့အကြုံအရ ကျိုးထျန်း ခေါ်သွားသည့် အစားအစာများမှာ အမြဲတမ်း အရသာရှိလှသဖြင့် တည်ငြိမ်စွာ ထိုင်လိုက်ပြီး ဂါဝန်ကို သပ်ရပ်အောင် ပြင်ကာ ဟင်းပွဲမှာယူနေသည့် လူနှစ်ဦးအား ပြုံး၍ ကြည့်နေလိုက်သည်။
"အမဲအစာအိမ်၊ အမဲသွေးကြောမကြီး၊ ဝက်ကျောက်ကပ်ပြား၊ ဝက်ဦးသိမ်ပြုတ်၊ ဘဲသွေးခဲ"
နိုရယ်၏ တရုတ်ဘာသာစကားမှာ လျင်မြန်စွာ တိုးတက်လာသော်လည်း ဟင်းပွဲအမည်များကိုမူ နားမလည်နိုင်သေးသဖြင့် ထိုလူနှစ်ဦးအားသာ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားလိုက်သည်။
လျိုမုယန်မှ သူမအပေါ် ဆက်ဆံသည့် သဘောထားမှာ အနည်းငယ် အေးစက်ပြီး စိတ်အားထက်သန်မှု ကင်းမဲ့နေသော်လည်း ယင်းကပင် သူမအား စိတ်သက်သာရာရစေသည်။
သူမ၏ အဆင့်အတန်းကြောင့် လျိုမုယန်မှ မျက်နှာလိုမျက်နှာရ မျက်နှာချိုသွေးခြင်းမျိုး မရှိဘဲ ခုမှ စတင်တွေ့ဆုံရသည့် သာမန်လူတစ်ယောက်ကဲ့သို့ ပြုမူကာ ရံဖန်ရံခါမှသာ စကားအနည်းငယ် ဆိုတတ်သည်။
ဤကဲ့သို့ ဆက်ဆံရခြင်းက သဘာဝကျပြီး သက်သောင့်သက်သာရှိလှရာ လုပ်ယူထားသော စကားစမြည်ပြောဆိုခြင်းများနှင့် လူမှုရေးအရ ဟန်ဆောင်ပန်ဆောင် ဆက်ဆံမှုများ ပြုလုပ်ရန် မလိုအပ်ပေ။
ထို့ပြင် ဤမိန်းကလေးမှာ အလွန်လှပပြီး အမူအရာကလည်း ယဉ်ကျေးသိမ်မွေ့လှသဖြင့် အချို့သောအချက်များတွင် သူမနှင့်ပင် တော်တော်လေး ဆင်တူနေသည်။
'ဒါကြောင့် ငါတို့ရဲ့ အကြိုက်တွေက တူညီနိုင်တယ်' ဟု နိုရယ်က စိတ်ထဲမှ တွေးလိုက်မိသည်။
အနံ့အပေါ် မကျေနပ်မှုများကို ဘေးဖယ်ထားကာ သူမသည် အစားအစာများ ရောက်ရှိလာမည့်အချိန်ကို အနည်းငယ် မျှော်လင့်ချက်ဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။
ဟော့ပေါ့ဟင်းရည်အိုး ရောက်လာသည့် အချိန်အထိပင်
ကျိုးထျန်းသည် အနည်းငယ်စဉ်းစားပြီးနောက် ဟင်းရည်နှစ်မျိုးပါသည့် အိုးကို မှာယူခဲ့ခြင်းဖြစ်ပြီး အကယ်၍ သူနှင့် လျိုမုယန် နှစ်ယောက်တည်းသာ ဆိုပါက လုံးဝနီရဲနေသော ဟင်းရည်အိုး ဖြစ်ပေလိမ့်မည်။
ပွက်ပွက်ဆူနေသော အနီရောင်အိုးနှင့် ယင်းမှ ထွက်ပေါ်လာသော စူးရှရှအနံ့ကို ကြည့်ရင်း နိုရယ်၏ မျက်ခုံးများ လှုပ်ခတ်သွားခဲ့သည်။
မကြာမီ ဟင်းပွဲများ ရောက်ရှိလာပြီး ပန်းကန်များပေါ်တွင် လှီးဖြတ်ထားသော ကလီစာမျိုးစုံကို မြင်လိုက်ရသောအခါ နိုရယ်၏ မျက်လုံးများ နောက်တစ်ကြိမ် လှုပ်ခတ်သွားပြန်သည်။
"ကျိုး ကျိုးထျန်း၊ ဒါတွေက ဘာတွေလဲဟင်"
သူမက သတိကြီးစွာဖြင့် မေးလိုက်သည်။
ကျိုးထျန်းမှာမူ စိတ်ထဲတွင် ခိုး၍ ပျော်ရွှင်နေမိသည်။
မိမိအနေဖြင့် မြို့တော်တွင် ရှိစဉ်က နိုရယ်အား ပဲနို့ချဉ်နှင့် ဝက်ကလီစာပြုတ်များ မတိုက်ကျွေးခဲ့ရသည်ကို နောင်တရနေခဲ့ရာ ယခုအခါ အခွင့်အရေးနှင့် ကြုံရပြီ ဖြစ်သည်။
သူက တရုတ်စံပြစကားကို ရည်ရွယ်ချက်ရှိရှိဖြင့် ပီပြင်စွာ ပြောဆိုလိုက်သည်။
"ဒါက နွား အစာအိမ်၊ ဒါက နွားရဲ့ သွေးကြောမကြီး၊ ဒါက ဝက်ကျောက်ကပ်၊ ဒါက ဝက်အူမကြီး၊ ဒါကတော့ ဘဲသွေးခဲတွေပဲ"
နိုရယ်၏ မျက်နှာမှာ တဖြည်းဖြည်း ရှုံ့မဲ့သွားပြီး လှပသော မိန်းကလေး၏ လည်ချောင်းမှာ လှုပ်ရှားသွားကာ မသက်မသာ ဖြစ်နေသည်မှာ သိသာလှသည်။
"မြည်းကြည့်ပါဦး၊ မကြိုက်ဘူးဆိုရင် တခြားဟင်းပွဲတွေလည်း ရှိပါသေးတယ်"
နိုရယ်သည် မိမိအတွက် အတော်အတန် ပုံမှန်ဖြစ်သည်ဟု ယူဆရသော အစားအစာဖြစ်သည့် အမဲသားကို အတင်းအကျပ် ကောက်ယူလိုက်ပြီး အနီရောင်အိုးထဲသို့ နှစ်လိုက်သည်။
သူမက နှုတ်ခမ်းဝသို့ ဂရုတစိုက် ယူဆောင်လာပြီး နှုတ်ခမ်းကို အနည်းငယ် ဟကာ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။
နှစ်စက္ကန့်ခန့် ကြာပြီးနောက် အနည်းငယ် ဝါးလိုက်သည်တွင် သူမ၏ မျက်နှာအမူအရာက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး နဖူးတွင် ချွေးစက်များ စို့လာခဲ့သည်။
ဂျပန်နိုင်ငံရှိ လူများသည်လည်း အစပ်အစာများကို စားသုံးကြသော်လည်း ဤကဲ့သို့ ပြင်းထန်ပြီး အလွန်အမင်း စပ်သော ဟင်းပွဲများနှင့် ဟင်းခတ်အမွှေးအကြိုင်မျိုးကိုမူ ၎င်းတို့ မတွေ့ဖူးချေ။
အတိုချုပ်ပြောရလျှင် ယင်းက ပြင်းထန်လွန်းလှသည်
သို့သော် နိုရယ်မှာ သာမန်အမျိုးသမီးမဟုတ်ရာ မျက်နှာအမူအရာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် မျိုချလိုက်ခဲ့သည်။
"အရသာက မဆိုးပါဘူး၊ စပ်လွန်းနေတာ၊ သောက်စရာ တစ်ခုခု ရှိလား"
နိုရယ်က မျက်နှာငယ်လေးဖြင့် မေးရင်း အနည်းငယ် ထုံသွားသော နှုတ်ခမ်းများကို လက်ဖဝါးလေးဖြင့် ခတ်နေလိုက်သည်။
အေးစက်နေသော မက်မန်းသီးဖျော်ရည်တစ်ခွက်ကို သောက်ပြီးနောက် နိုရယ်သည် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
"ရှင်တို့ရဲ့ တရုတ်အစားအစာက တကယ်ကို ထူးခြားတာပဲ၊ စတိုင်ချင်း လုံးဝ မတူဘူး၊ မြို့တော်က ဟော့ပေါ့နဲ့လည်း လုံးဝ မတူဘူး"
နိုရယ်သည် အခြားသော လူဖြူများကဲ့သို့ အစပ်များနှင့် စားပွဲပြည့် ကလီစာများကို အကြီးအကျယ် ရွံရှာဆန့်ကျင်ခြင်းမျိုး မရှိသည်ကို မြင်သောအခါ ကျိုးထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။
"တစ်ခြား အရသာတွေ အများကြီး ရှိသေးတယ်၊ မင်း နောက်ထပ် နှစ်အကြာကြီး ကြိုက်တာ မြည်းဖို့ လုံလောက်ပါတယ်"
"တကယ်လား"
နိုရယ်က သူတို့နှစ်ဦးကို ပြုံးပြလိုက်ပြီး သူမအတွက် အနည်းငယ် 'ကြောက်စရာကောင်းသည်' ဟု ထင်ရသော အခြားသော အစားအစာများကို သတ္တိဖြင့် စတင်မြည်းစမ်းကြည့်တော့သည်။
ခေတ္တမျှ စားသောက်ပြီးနောက် တုန်ခါလာသော ဖုန်းကို ကျိုးထျန်း ထုတ်ယူလိုက်သည်။
"ဟဲလို ဖေဖေ၊ ဘာကိစ္စရှိလို့လဲ"
"သား၊ အဖေ မင်းရဲ့ အကူအညီ လိုနေတဲ့ ကိစ္စတစ်ခု ရှိတယ်"
ကျိုးကျန့်ခန်း၏ အနည်းငယ် ဒုက္ခရောက်နေသော အသံက ဝမ်းနည်းရိပ် အနည်းငယ် သန်းလျက် ထွက်ပေါ်လာသည်။
"အာ သားဆီက ဘာလိုချင်လို့လဲ"
"အပိုတွေ ပြောမနေနဲ့၊ လိုရင်းကိုပဲ သွားရအောင်၊ မင်းရဲ့ အဒေါ်က အသက်ပြန်ရှင်လာပြီး ငါတို့အိမ်ကို နေ့တိုင်း လာနေတယ်"
"အာ အဒေါ်က သက်သာသွားပြီလား"
ကျိုးထျန်း အံ့အားသင့်သွားသည်။
သူမသည် အကြိမ်ပေါင်းများစွာ သတိလစ်လဲကျခဲ့ဖူးသော်လည်း သူတို့အား လာရောက်ရန်စရန် ခွန်အားများ ရှိနေသေးသည်လော။
"အေး ဟုတ်တယ်၊ သူမက မနက်ဖြန် မနက်စာ စားဖို့ သူမအိမ်ကို လာခဲ့လို့ အတင်းအကျပ် ခေါ်နေတယ်”
“အိမ်အသစ် ပြောင်းသွားပြီဖြစ်လို့ အိမ်ကြီးအိမ်ကောင်းက ဘယ်လိုပုံစံလဲဆိုတာ ငါတို့ကို ပြချင်လို့တဲ့"
သူ့ဖခင်၏ လေသံတွင် နောက်ပြောင်ခြင်းနှင့် နှာခေါင်းရှုံ့ခြင်းတို့ ရောပြွမ်းနေသည်။
‘ငါ သူတို့ကို ဂျူးမားလမ်းရှိ ဗီလာအဟောင်းကို ပြခဲ့ပြီးပြီ မဟုတ်လား’
‘သူတို့က ငါ့ရှေ့မှာ ကြွားဖို့ သတ္တိရှိနေသေးတယ်လား’
"ဪ အဲ့ဒါဆိုရင်လည်း သွားလိုက်လေ၊ သားနဲ့ ဘာဆိုင်လို့လဲ"
"အဖေက မင်းကို အခွင့်အရေး ပေးတာပါ မင်း အဖေက မင်းကို ယုံကြည်လို့ တခြားသူတွေရှေ့မှာ ကြွားခွင့်ပေးတာ"
အဒေါ်ဖြစ်သူ၏ မာနကို ချိုးနှိမ်စေချင်ရုံ သက်သက်သာ ပင်။
"မင်းမှာ ရှိသမျှ အကွက်တွေအကုန်သုံး၊ မင်းအဒေါ်ကို လက်ရှိအခြေအနေကို တစ်ခါတည်းနဲ့ အပြတ်အသတ် လက်ခံသွားအောင် လုပ်လိုက်စမ်းပါ၊ နောက်ခါ ဒုက္ခမပေးရဲအောင်လို့"
"သား အဖေနဲ့ အမေက မင်းကိုပဲ အားကိုးရတော့မယ်"
"ကောင်းပါပြီ ဖေဖေ၊ သားအပေါ်မှာပဲ ထားလိုက်ပါ"
ဖုန်းချပြီးနောက် ကျိုးထျန်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
ဤနေရာတွင် မကြောက်မရွံ့တတ်သော အဒေါ်တစ်ယောက် ရှိနေသည်ဖြစ်ရာ မနက်ဖြန်တွင် သူမအား သင်ခန်းစာတစ်ခု ပေးရပေလိမ့်မည်။
နောက်တစ်နေ့ နံနက်တွင် ကျိုးထျန်းသည် ဖုန်းမြည်သံကြောင့် နိုးလာခဲ့ပြီး မျက်လုံးကို မှိတ်လျက် လျိုမုယန်၏ ပခုံးအောက်မှ မိမိ၏ လက်မောင်းကို ဆွဲထုတ်လိုက်သည်။
"ထုံကျင်နေတာပဲ၊ လက်ကို ဖြတ်ပစ်ရမလား မသိဘူး"
သူက လက်မောင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖခင်ဖြစ်သူ၏ အသံကို ချက်ချင်း ကြားလိုက်ရသည်။
"သား နိုးပြီလား"
"မနက်ဖြန်မှ နိုးမယ်၊ ဘာကိစ္စလဲ ဖေဖေ"
"ဘာကိစ္စလဲ ဟုတ်လား၊ မင်း မေ့သွားပြီလား၊ မင်း အဒေါ်ရဲ့ အိမ်အသစ်မှာ ထမင်းစားရမှာလေ"
"ဪ လိပ်စာ ပို့လိုက်ပါဦး"
"အေး အခုပဲ ပို့လိုက်မယ်၊ ၁၂ နာရီနော်၊ နောက်မကျစေနဲ့"
ဖုန်းချပြီးနောက် ကျိုးထျန်းသည် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ ချက်ချင်း ပြန်လည် အိပ်ပျော်သွားခဲ့သည်။
နိုးလာသော လျိုမုယန်က သူ့ကို အနည်းငယ် တွန်းလိုက်သည်။
"ထတော့ ရှင် နောက်ကျရင် လုပ်စရာတွေ ရှိတယ်မလား၊ မအိပ်နဲ့တော့"
"အား အခု ထပါပြီ"
ကျောကို ပွတ်သပ်ရင်း ဖခင်ဖြစ်သူထံမှ ရောက်ရှိလာသော ဝီချက်စာတိုကို ကြည့်လိုက်သည်။
"ရှုယွမ် ပင်းကျန်းဟွာထင်၊ အခန်း ၃၀၁"
"ဟူး ဒီရပ်ကွက်အမည်က တော်တော်လေး ရင်းနှီးနေသလိုပဲ"
ကျိုးထျန်းသည် လုံးဝ မနိုးသေးချေ။
မနေ့ညက သူ တော်တော်လေး ပင်ပန်းခဲ့သည်။
လျိုမုယန်က သူ့ကျောကို ပုတ်လျက် ချိုသာစွာ ဆိုလိုက်သည်။
"ဒါက ပင်းကျန်းဟွာထင်လေ"
"ဪ ဒါကြောင့်မို့လို့ ရင်းနှီးနေတာကိုး"
ကျိုးထျန်းသည် တစ်ဖက်သို့ စောင်းလိုက်ပြီး စောင်ကို ခြုံကာ မျက်လုံးမှိတ်လျက် ချက်ချင်း ပြန်လည်အိပ်ပျော်သွားပြန်သည်။
လျိုမုယန်က သူ့ကို နောက်ထပ် အကြိမ်အနည်းငယ် တွန်းလိုက်ပြန်သည်။
"ထတော့ ဘာလို့ ပြန်အိပ်နေတာလဲ"
"အာ..အဲ့တာ ငါ့အောက်ထပ်မှာလေ၊ နင်က ဘာလို့ ဒီလောက် စောစော ထနေတာလဲ၊ ငါ ၁၁ နာရီမှ ထမယ်"
ထိုသို့ပြောပြီးနောက် စောင်ကို သူတို့နှစ်ဦးစလုံးအပေါ်သို့ ဆွဲခြုံလိုက်သည်။