← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) - မြေတူးသမားအဆင့်

ဒုန်း……

သံမီးဖိုသည် နောက်တစ်ကြိမ် ပြန်လည်လောင်ကျွမ်းလာပြီး၊ လိုဏ်ဂူဝင်ပေါက်ကိုလည်း ပိတ်ဆို့ထားလိုက်သဖြင့် နွေးထွေးမှုက တစ်ဖန် ပြန်လည်ရောက်ရှိလာလေသည်။

လူတိုင်းသည် မီးပုံဘေးတွင် ပြန်လည်စုဝေးလာကြချိန်တွင် ရှဟုန်က ရှုနင်ထံသို့ လျှောက်သွားလိုက်သည်။

ရှချွမ်၊ ယွမ်ချန်နှင့် အခြားသူများလည်း သူ့အနားတွင် ဝိုင်းရံလာကြပြီး မျက်နှာအမူအရာများမှာ အတော်လေး လေးလံနေကြသည်။

“ခေါင်းဆောင်၊ ဒီတစ်ခါတော့ ငါတို့ ငါးကြီးတစ်ကောင် ဖမ်းမိပြီ... ဟားဟား…”

ရှုနင်က ကျန်ရှိနေသော မျက်လုံးတစ်ဖက်ကို ဖွင့်ထားရင်း မြေပေါ်တွင် လဲလျောင်းနေသော ရွှေမျက်လုံးနတ်ဆိုးသိုးကို လက်ညှိုးထိုးပြကာ အတင်းအကျပ် ပြုံးလိုက်လေသည်။

ရှဟုန်က ဘာမှ မပြောဘဲ ရှေ့တိုးသွားပြီး သူ၏ ညာဘက်မျက်လုံးကို စစ်ဆေးလိုက်သည်။

မျက်လုံးနေရာတွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာမှာ ပို၍ လေးလံသွားခဲ့သည်။

“နောက်ဆိုရင် အဲဒီလို မဆင်မခြင် မလုပ်နဲ့တော့... ငါတို့ မသိသေးတဲ့ ရေခဲသားရဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုပြီး သတိထားရမယ်..."

ထို့နောက် ရှချွမ်နှင့် အခြားသူများဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

“မင်းတို့လည်း အတူတူပဲ..."

လေထုအခြေအနေကို အလွန်အမင်း လေးလံမသွားစေချင်သည့် ရှုနင်က ရယ်မောရင်း ပြောလိုက်သည်။

“အနည်းဆုံးတော့ ကျွန်တော် အသက်ရှင်နေသေးတယ်လေ... မျက်လုံးတစ်ဖက်ပဲ ဆုံးရှုံးတာပါ... အဲဒီလောက် မဆိုးပါဘူး... ကျင့်ကြံမှုလည်း မထိခိုက်ဘူး၊ ကိုယ်လည်း ဒဏ်ရာမရထားဘူး..."

မည်သူမျှ စကားမပြောကြသည်ကို မြင်ပြီးနောက် ရှုနင်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆက်ပြောသည်။

“ဟုတ်သားပဲ၊ ချူဖန်း၊ မင်းအဖေက ငါတို့စခန်းရဲ့ တစ်ဦးတည်းသော လေးသမား မဟုတ်လား... လေးပစ်တဲ့အခါ သူက အမြဲ မျက်လုံးတစ်ဖက် ပိတ်ထားတတ်တယ်... ငါ့ညာဘက်မျက်လုံးက ကန်းသွားပြီဆိုတော့ နောင် စခန်းချမ်းသာလာရင် ငါလည်း လေးသမားလုပ်လို့ ရနိုင်မလား..."

ချူဖန်းက ခဏတာ ကြောင်သွားပြီးနောက် ထူးဆန်းသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“အဲဒါတော့ ဟုတ်တယ်... အဖေပြောဖူးတယ်... လေးပစ်တဲ့အခါ တိကျချင်ရင် မျက်လုံးတစ်ဖက်တည်းနဲ့ပဲ ချိန်ရတယ်တဲ့... ကံမကောင်းတာက အခု စခန်းမှာ လေးရော မြှားရော တစ်ခုမှ မရှိသေးဘူး…”

ရှချွမ်၊ ယွမ်ချန်နှင့် ရှဟုန်ပင်လျှင် စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားကြသည်။

မျက်လုံးတစ်ဖက် ဆုံးရှုံးရခြင်းသည် ရှုနင် ပြောသကဲ့သို့ မလွယ်ကူလှပေ။

ကျင့်ကြံမှုကို မထိခိုက်သော်လည်း အမြင်အာရုံနှင့် ခန္ဓာကိုယ် လှုပ်ရှားညှိနှိုင်းနိုင်စွမ်းကို များစွာ ထိခိုက်စေသည်။ ရေခဲသားရဲများနှင့် အသက်သေတိုက်ပွဲများ မကြာခဏ ဆင်နွှဲရသူများအတွက် ထိုအားနည်းချက်မှာ အလွန်ပင် အသက်အန္တရာယ်ရှိလှပေသည်။

ထို့ကြောင့်လည်း စောစောက ရှဟုန်၏ မျက်နှာ လေးလံနေခဲ့ခြင်း ဖြစ်သည်။

နောင်အခါ ရှုနင် အပြင်လိုက်သွားခဲ့လျှင်လည်း အကူအညီ သိပ်မဖြစ်နိုင်တော့ကြောင်း သူသဘောပေါက်သွားခဲ့ပြီး၊ နောင်အပြင်ထွက်တိုင်း ရှုနင်ကို စခန်းထဲတွင်သာ ထားခဲ့ရန် ဆုံးဖြတ်ထားခဲ့လေသည်။

သို့သော် ချူဖန်း၏ စကားက သူ့ကို တစ်ဖက်တစ်လမ်းမှ သတိပေးလိုက်သလို ဖြစ်သွားသည်။

တိုက်ပွဲတွင် လေးသမားများသည် မျက်လုံးတစ်ဖက်တည်းကိုသာ အသုံးပြုရလေ့ရှိသည်။

ထို့အပြင် အခြားမျက်လုံးတစ်ဖက်ကို လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သဖြင့် ရှုနင်၏ ဘယ်ဘက်မျက်လုံးသည် အာရုံကို ပို၍ စူးစိုက်နိုင်မည်လည်း ဖြစ်ပေသည်။

ထိုအချက်ကပင် သူ့အတွက် ထူးခြားသော အားသာချက်တစ်ခု ဖြစ်လာနိုင်သည်။

“အခု မရှိသေးပေမယ့် နောင်တော့ ရှိလာမှာပဲ..."

ရှဟုန်၏ အသံမှာ လေးနက်တည်ကြည်နေပြီး ရှုနင်ကို ကတိတစ်ခုပေးလိုက်တော့သည်။

အခြားသူများလည်း ထိုစကားကို ကြားပြီးနောက် ရှုနင်ကို တစ်ယောက်ပြီးတစ်ယောက် အားပေးလာကြသည်။

“ဟုတ်တာပေါ့၊ မင်းက ရွှေမျက်လုံးနတ်ဆိုးသိုး ကိုတောင် သတ်ခဲ့တာ... ခေါင်းဆောင်က မင်းအတွက် လေးတစ်လက်နဲ့ မြှားနည်းနည်း ရှာပေးဖို့က ဘာမှ မခက်ဘူး...”

“လှည့်ဖြားမိစ္ဆာကိုတောင် ငါတို့ မကြောက်တော့ဘူး... လေးတစ်လက်လောက်က ဘာများ ခက်မှာလဲ..."

“ရှုနင်၊ ဒဏ်ရာကိုသာ သေချာကုလိုက်... နောင်ကျ လေးရလာပြီး မင်း ကောင်းကောင်း မလေ့ကျင့်ရင်တော့ ငါတို့ မင်းကို သေချာလှောင်မှာနော်..."

……

လူတိုင်း၏ အားပေးစကားများကို ကြားရပြီး ရှုနင်၏ ရင်ထဲတွင် အလွန် ထိခိုက်လှုပ်ရှားသွားသော်လည်း ဘာမှ မပြောဘဲ လေးလေးနက်နက် ခေါင်းညိတ်လိုက်လေသည်။

“ငါ့မှာ လုပ်စရာလေး ရှိသေးတယ်.... မင်းတို့ ရွှေမျက်လုံးနတ်ဆိုးသိုးရဲ့ အသားကို ဆက်ပြီး ရှင်းကြတော့..."

“ဟုတ်ကဲ့၊ ခေါင်းဆောင်..."

လူတိုင်းက ရွှေမျက်လုံးနတ်ဆိုးသိုးကို စိတ်အားထက်သန်စွာ ကိုင်တွယ်နေကြသည်ကို မြင်ပြီးနောက် ရှဟုန်လည်း စခန်းဘေးရှိ အင်အားတိုင်းတာသည့် သစ်တိုင်များဆီသို့ တစ်ယောက်တည်း လျှောက်သွားလိုက်လေသည်။

မူလက စခန်းရှိ အင်အားတိုင်းတာသည့် သစ်တိုင်များသည် ပေါင် ၁,၀၀၀ အထိသာ တိုင်းတာနိုင်သော်လည်း၊ သစ်ခုတ်သမားအဆင့်သို့ တက်လှမ်းလာသူများ ပိုများလာသည့်အတွက် အဆင်ပြေစေရန် ပေါင် ၅,၀၀၀ ခံနိုင်သော သစ်တိုင် ၂ တိုင်ကို ထပ်မံ ထည့်သွင်းထားခဲ့လေသည်။

ရှဟုန်က စိတ်လှုပ်ရှားမှုကို အနည်းငယ် ဖိနှိပ်ထားရင်း ပေါင် ၅,၀၀၀ သစ်တိုင် ၂ တိုင်ကို ထပ်စီထားလိုက်လေသည်။

ထို့နောက် အသက်ကို အောင့်ထားပြီး ဒူးကွေးထိုင်ချကာ သစ်တိုင် ၂ တိုင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ဟူး……

လေကို ပြင်းပြင်း ရှူထုတ်လိုက်ပြီး ရှဟုန်က သွားကြိတ်ကာ လက်မောင်းကြွက်သားများကို ရုတ်တရက် တင်းကျပ်စေပြီး အပေါ်သို့ အားကုန်မြှောက်လိုက်တော့သည်။

သစ်တိုင် ၂ တိုင်လုံးသည် မြေကြီးထဲမှ တစ်ပြိုင်နက် ဆွဲနှုတ်ခံလိုက်ရလေသည်။

ရှဟုန်၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အလွန်ဝမ်းသာအားရသော အမူအရာ ပေါ်လာခဲ့သည်။

“ငါ တကယ်ပဲ အဆင့်တက်သွားပြီ..."

ရွှေမျက်လုံးနတ်ဆိုးသိုးကို သတ်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်အတွင်း အင်အား တိုးလာသည်ကို ခံစားမိခဲ့သော်လည်း၊ နောက်ဆက်တွဲ လှည့်ဖြားမိစ္ဆာ၏ တိုက်ခိုက်မှုကြောင့် ထိုအပြောင်းအလဲကို သေချာ စစ်ဆေးရန် အချိန်မရခဲ့ပေ။

ယခု စမ်းသပ်ကြည့်လိုက်သည့်အခါ သူသည် အမှန်တကယ် အဆင့်တက်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။

အခြေခံခွန်အား ပေါင် ၁၀,၀၀၀ ကို ကျော်လွန်နိုင်ခြင်းသည် မြေတူးသမားအဆင့်သို့ ဝင်ရောက်သည့် အထင်ကရ လက္ခဏာပင် ဖြစ်သည်။

မြေတူးသမားအဆင့်အတွက် ရှဟုန် မည်မျှ စိတ်ပင်ပန်းခဲ့ရသည်ကို ကောင်းကင်တစ်ခုတည်းသာ သိနိုင်ပေလိမ့်မည်။

အဆင့်တက်ရန် နီးကပ်လာသည်နှင့်အမျှ ရေခဲသားရဲအသားကို စုပ်ယူနိုင်သည့် စွမ်းရည်မှာ လျော့ကျလာပြီး၊ ခွန်အားတိုးတက်မှုလည်း နှေးကွေးလာသည်ကို သူတွေ့ရှိခဲ့ရသည်။

ရေခဲသားရဲအသား စားသုံးပမာဏကို တိုးမြှင့်ကာ အဆင့်ချိုးဖောက်ရန် ကြိုးစားခဲ့သော်လည်း တိုးတက်မှုမှာ အလွန်နည်းပါးနေဆဲ ဖြစ်သည်။

“ကြည့်ရတာ အသက်ရှင်မလား သေမလားဆိုတဲ့ တိုက်ပွဲမျိုးတွေကို ဖြတ်သန်းမှပဲ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို အမြန်ဆုံး ချိုးဖောက်နိုင်တာ ထင်တယ်..”

“ဒါပေမဲ့ မြေတူးသမားအဆင့်မှာ ဆက်ပြီး ကျင့်ကြံဖို့ကတော့ ရေခဲသားရဲအသားကိုပဲ မှီခိုရဦးမှာပဲ... ဘယ်လောက်များ နှေးမလဲတော့ မသိဘူး..."

ရှဟုန်သည် တဖြည်းဖြည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်လေသည်။

ကိုယ်ခန္ဓာ ပိုမိုသန်မာလာသည်နှင့်အမျှ ရေခဲသားရဲအသား လိုအပ်ချက်လည်း ပိုမိုများပြားလာမည် ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင်တော့ သူ့အတွက် ပြဿနာကြီးတစ်ခု မဟုတ်သေးပေ။

သစ်ခုတ်သမားအဆင့်၌ပင် သူသည် အခြားသူများကို ဦးဆောင်၍ ရေခဲသားရဲများကို အမဲလိုက်နိုင်ခဲ့သည်ဆိုလျှင်၊ ယခုအချိန်တွင် ပို၍ပင် ပြောစရာမလိုတော့ပေ။

အရေးအကြီးဆုံးမှာ မြေတူးသမားအဆင့်သို့ ရောက်ရှိသွားခြင်းသည် ယနေ့မှစ၍ မြေတူးခြင်း၊ သတ္တုတူးဖော်ခြင်းများကို တရားဝင် လုပ်ဆောင်နိုင်ပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။

ကျောက်မီးသွေး၊ သံ၊ ငွေ၊ ရွှေ... သတ္တုသွေးကြောတစ်ခုခုသာ ရှာတွေ့နိုင်ခဲ့လျှင် စနစ်အတွင်း ကျန်ရှိနေသေးသော အဆောက်အအုံ ၈ ခုကို ထိရောက်စွာ အသက်သွင်းနိုင်မည် ဖြစ်လေသည်။

“ဒီညကစပြီး ရှာဖွေရေးနယ်ပယ်ကို ချဲ့ထွင်မယ်... သတ္တုသွေးကြောတစ်ခုခု ရှာတွေ့နိုင်မလား ကြည့်ကြတာပေါ့..."

ရှဟုန်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သစ်တိုင်များကို ပြန်ချထားလိုက်လေသည်။

ထိုအချိန်တွင် အခြားတစ်ဖက်၌လည်း ရွှေမျက်လုံးနတ်ဆိုးသိုးကို ခွဲစိတ်ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။

ယွမ်ချန်က အဝေးမှနေ၍ နတ်ဆိုးသိုးထံမှ ရရှိခဲ့သော ရလဒ်များကို စိတ်လှုပ်ရှားစွာ လှမ်းအစီရင်ခံလာခဲ့သည်။

“ခေါင်းဆောင်၊ ရွှေမျက်လုံးနတ်ဆိုးသိုးဆီက အသား စုစုပေါင်း ပေါင် ၁,၇၀၀ ရတယ်... အရေခွံတစ်ချပ်လုံးလည်း ရထားတယ်... သားရဲသားရေစကတ် ၅ ထည် လုပ်လို့ရတယ်..."

ပေါင် ၁,၇၀၀ ရှိသော အသားပမာဏသည် လက်ရှိ စခန်း၏ ရေခဲသားရဲအသား ခွဲဝေမှုအရဆိုလျှင် ရက် ၂၀ ခန့် လုံလောက်ပေသည်။

“ဪ... ဒါလည်း ရှိသေးတယ်..."

ယွမ်ချန်က တစ်စုံတစ်ခုကို သတိရသွားပြီး ရှဟုန်ဘက်သို့ ပစ္စည်းတစ်ခု ပစ်ပေးလိုက်သည်။ ရှဟုန် ဖမ်းယူလိုက်သည့်အရာမှာ ရွှေမျက်လုံးနတ်ဆိုးသိုးကို သတ်ခဲ့သည့် ဓားတို ဖြစ်လေသည်။

ဝမ်မင်၏ ဓားကြီးကို စနစ်ဖြင့် ပြန်လည်ပြောင်းလဲပြီးနောက် သံအရင်းအမြစ် ၆၀ မှတ် ရရှိခဲ့သည်။

မီးပုံငယ်လေးကို အဆင့်မြှင့်ရန် ၅၀ မှတ် အသုံးပြုခဲ့ပြီး ကျန်ရှိသည့် ၁၀ မှတ်ဖြင့် ဤဓားတိုလေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓားတိုဟု ခေါ်သော်လည်း အရှည်မှာ ၅ လက်မပင် မပြည့်ပေ။

ဓားမြှောင်ဟု ခေါ်လျှင် ပို၍ သင့်တော်မည် ဖြစ်သည်။

အလွန်တိုလွန်းသောကြောင့် ရွှေမျက်လုံးနတ်ဆိုးသိုး၏ ခံစစ်ကို ထိုးဖောက်နိုင်မည် မဟုတ်ဟု ယူဆခဲ့သဖြင့်၊ စောစောက တိုက်ပွဲတွင် ရှဟုန်က ၎င်းကို မသုံးခဲ့ဘဲ နောက်ကျောဘက် မျက်လုံးကို ထိုးသတ်ရမည့် အချိန်ရောက်မှသာ အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။

ကျောက်ပုဆိန်ဖြင့် မသင့်တော်တော့ကြောင်း သဘောပေါက်သည့်အတွက် ဓားမြှောင်ကို ပြောင်းသုံးခဲ့ရာ အကျိုးသက်ရောက်မှုမှာ အလွန်ထူးခြားခဲ့လေသည်။

ရှဟုန်က ဓားမြှောင်ကို သိမ်းဆည်းလိုက်ပြီးနောက် ရှချွမ်၊ ယွမ်ချန်တို့ ဦးဆောင်သော သစ်ခုတ်အဖွဲ့ဝင် ၆ ယောက်နှင့် အသစ်ထပ်တိုးလာသော အရန်အဖွဲ့ဝင် ၃၁ ယောက်ကို တစ်စုတစ်စည်းတည်း ခေါ်ယူလိုက်သည်။

“အသားအားလုံးကို အခုချက်ချင်း ခွဲဝေလိုက်... ၁၀ ရက်ကြာရင် အရင်လိုပဲ အပြင်ထွက်ကြမယ်... ရှချွမ်၊ ယွမ်ချန်၊ မင်းတို့ ၆ ယောက် ဒီအချိန်ကို အမိအရ အသုံးချပြီး ကိုယ့်အင်အားကို တိုးမြှင့်ကြ...”

“နောက်ပြီး အရန်အဖွဲ့ဝင်တွေလည်း အရှိန်မြှင့်လေ့ကျင့်ကြ... အပြင်မထွက်ခင် သစ်ခုတ်သမားအဆင့်ကို နောက်ထပ် လူနည်းနည်းလောက် ချိုးဖောက်နိုင်မလား ကြည့်ကြတာပေါ့..."

“ဟုတ်ကဲ့၊ ခေါင်းဆောင်..."

အားလုံး တစ်သံတည်း ပြန်ဖြေလိုက်ကြသည်။ ရှချွမ်တို့ ၆ ယောက်အတွက်တော့ ပုံမှန်ဖြစ်သော်လည်း အရန်အဖွဲ့ဝင် ၃၁ ယောက်မှာမူ စောစောက ရှဟုန်တို့ ၈ ယောက်က ရွှေမျက်လုံးနတ်ဆိုးသိုးကို အမဲလိုက်သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ထားကြလေသည်။

သူတို့၏ အားကျစိတ်မှာ ဖော်ပြမရလောက်အောင် ပြင်းထန်နေပြီး၊ သစ်ခုတ်သမားအဆင့်ကို အမြန်ဆုံး ချိုးဖောက်ချင်စိတ်က အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

ရှဟုန်က မပြောလျှင်ပင် သူတို့သည် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး သစ်ခုတ်အဖွဲ့ထဲသို့ အမြန်ဆုံး ဝင်ရောက်ကာ သူနှင့်အတူ အပြင်ထွက်နိုင်ရန် ကြိုးစားကြမည်မှာ သေချာပေသည်။

……

အချိန်ကို အနည်းငယ် နောက်ပြန်လှည့်ကြည့်မယ်...

ရင့်ခဲမီးဆီ၏ မီးတောက်ကြောင့် လှည့်ဖြားမိစ္ဆာ ထိန်းချုပ်ထားသော ဝမ်ဖင်သည် ပြာအဖြစ် လောင်ကျွမ်းသွားသည့် အချိန်တိတိတွင် မဟာရှစခန်း လိုဏ်ဂူ၏ အရှေ့ဘက် မီတာ ၅၀၀ အကွာ၊ ရက်ဝုဒ်တောင်ကြောအစပ်ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်မှ နှလုံးကြေကွဲဖွယ် အော်ဟစ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“အားးးး... အားးးး...”

အရပ် ၁.၅ မီတာပင် မပြည့်သော ကျောကုန်းကွေး လူအိုတစ်ယောက်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အဖြူရောင်ချည်မျှင်တစ်ချောင်းကို တင်းတင်းဆုပ်ကိုင်ထားလေသည်။

ချည်မျှင်တစ်ဖက်ကို သူကိုင်ထားပြီး၊ အခြားတစ်ဖက်မှာ အနောက်ဘက်သို့ အလွန်ဝေးကွာစွာ ဆန့်တန်းနေသည်။

ထိုချည်မျှင်သည် မူလက အဖြူရောင်ဖြစ်သဖြင့် နှင်းပြင်အတွင်း၌ မျက်စိဖြင့် မြင်ရရန် အလွန်ခက်ခဲပြီး၊ မဟာရှစခန်းရှိ လိုဏ်ဂူဘက်သို့ ဆက်သွယ်ထားကြောင်း ဦးတည်ရာမှတဆင့်သာ သိနိုင်ပေသည်။

သို့သော် ယခုအချိန်တွင် ထိုချည်မျှင်သည် အလိုအလျောက် မီးလောင်ကျွမ်းလာခဲ့ရသည်။

လူအို၏ အော်ဟစ်သံမှာ မီးတောက်များသည် ချည်မျှင်တစ်လျှောက် လောင်ကျွမ်းကာ သူ၏ လက်ဖဝါးကို မီးဟပ်လောင်ကျွမ်းစေခဲ့ခြင်းကြောင့် ဖြစ်လေသည်။ သူသည် မီးကို ငြှိမ်းသတ်ရန် လက်မောင်းကို အရူးအမူး ရိုက်ပုတ်နေသော်လည်း ထိုပြင်းထန်လှသော မီးတောက်ကို လုံးဝ မငြှိမ်းနိုင်ခဲ့ပေ။

မိမိလက်ပေါ်ရှိ မီးကို မငြှိမ်းနိုင်ကြောင်း သိလိုက်သည့်အခါ လူအို၏ သွေးနီရောင်မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

သူသည် ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ဘယ်လက်ကို မြှောက်လိုက်သည်။

ထို့နောက် အောက်သို့ အားပြင်းစွာ ခုတ်ချလိုက်သည်။

ဖျတ်……

ဘယ်လက်ထဲတွင် အသင့်ကိုင်ထားသော ဓားတိုဖြင့် မီးလောင်နေသည့် ညာလက်ကို လက်ကောက်ဝတ်မှ တစ်ချက်တည်း ဖြတ်ပစ်လိုက်တော့သည်။

ကိုယ့်လက်ကိုယ် ဖြတ်ပစ်လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ သက်ပြင်းချလိုက်သည့် အမူအရာသာ ပေါ်လာလေသည်။

ပြတ်ကျသွားသော ညာလက်သည် မြေကြီးကိုပင် မထိလိုက်ရဘဲ ပြင်းထန်သော မီးတောက်များကြောင့် ပြာအဖြစ် လောင်ကျွမ်းသွားခဲ့သည်။

အနက်ရောင် မီးခိုးငွေ့တစ်စကို စိုက်ကြည့်ရင်း လူအို၏ သွေးနီရောင်မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတစ်စ ဖြတ်ပြေးသွားလေသည်။

သို့သော် မဟာရှစခန်းရှိ လိုဏ်ဂူဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးများထဲတွင် ကျန်ရှိနေသည်မှာ ကြောက်ရွံ့မှု မဟုတ်တော့ဘဲ အဆိပ်ပြင်းသော အမုန်းတရားသာ ဖြစ်နေသည်။

“စောင့်နေလိုက်... မင်းတို့ မလွတ်နိုင်ဘူး... လုံးဝ မလွတ်နိုင်ဘူး... မင်းတို့ရဲ့ အသက်တွေ... အားလုံးက ငါ့ဟာ... အားလုံးက ငါ့ဟာပဲ...”

All Chapters