တိုက်ပွဲ၏အဆုံးသတ်
Vol. 6 Ch. 291
မြူတောမရှိတော့တာနဲ့ တိုက်ပွဲရဲ့ဗဟိုချက်မဟာ ပြောင်းလဲသွားခဲ့ပါပြီ။ သီယာရဲ့ရှေးဟောင်းလေးက အလိုလိုလည်ပတ်လာခဲ့ပြီး ကောင်းကင်ပေါ်ကို အလင်းမြားပေါင်းများစွာ ထောင်ပစ်တယ်။ မြားမိုး ရွာချလာပြီဆိုတာနဲ့ ရိုစယ်လီယာနဲ့တခြားအယ်ဒါတွေက ရှောင်ပြေးရတယ်။
သီယာကိုယ်တိုင်ကတော့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်မာဆီကို ချက်ချင်းပြေးသွားတော့တာပေါ့။ အယ်နာ အထိတ်ထိတ်အလန့်လန့်နဲ့ မြေသားတံတိုင်းတွေကို ဆင့်ခေါ်တယ်။ ဒါပေမဲ့ အလားပဲ။ သီယာရဲ့ဓားချက်တွေက မြေသားတံတိုင်းအားလုံးကို ဖြိုခွဲလို့။
စက္ကန့်ပိုင်းအတွင်းမှာပဲ သီယာက အယ်မာရှေ့ကို ရောက်လာပြီ။ မပေါ့မပါးကြီးနဲ့မလို့ ပြေးဖို့လည်း မဖြစ်နိုင်တော့ဘူး။ ဂျော်ဒန်က နှစ်ယောက်ကြားမှာဝင်ပြီး အသေခံကာကွယ်ပေးဖို့ကြိုးစားပေမဲ့ ဒီဓားချက်ကို ကာကွယ်နိုင်ရင်တောင် နောက်ဓားချက်တွေက ရောက်လာဦးမှာပါ။
အယ်မာ မျက်လုံးမှိတ်ထားလိုက်တယ်။ တိတ်ဆိတ်စွာနဲ့ သေခြင်းတရားကို စောင့်နေခဲ့ပေမဲ့ ရောက်မလာခဲ့ပါဘူး။ သူမျက်လုံးပြန်ဖွင့်လိုက်တော့ အဖြူရောင်သူနာပြုဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးက သူတို့ရှေ့မှာရပ်နေပြီး ခွဲစိတ်ခန်းသုံးဓားနဲ့ အထွတ်အမြတ်ဓားကို တားတားခဲ့တာ။
“ဆယ်ဗီလား... နင်က ဘယ်လိုလုပ်ပြီးတော့....”
အယ်မာ နားမလည်နိုင်တော့ဘူး။ ဥရောပမှာ စစ်ဖြစ်နေတဲ့ ကိစ္စကို အယ်မာက ဆယ်ဗီမသိအောင်လုပ်ထားခဲ့ပြီးတော့ ဇာရာဇိုရာမြို့မှာပဲ အေးအေးဆေးဆေးနေနိုင်အောင် စီစဥ်ထားခဲ့တာပါ။ အမှောင်ကျောင်းတော်ရဲ့လက်ရှိ ဦးစားပေးမူဝါဒက ဆယ်ဗီကိုကာကွယ်ဖို့ ဖြစ်တာမလို့ စစ်ထဲဝင်မပါခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ဆယ်ဗီက ဒီကိုရောက်နေပါပြီ။
“နင်တို့က ငါ့ကို ဘယ်သူထင်နေတာလဲ။ စစ်ပွဲ နတ်ဘုရားမကို စစ်ပွဲတွေဆီကနေ ရှောင်ပုန်း စေချင်တာလား။ ငရဲစွမ်းအားရဲ့အနံကို ငါအဝေးကြီးတည်းက အာရုံခံနိုင်တယ်။”
ဆယ်ဗီရဲ့လေသံက မောက်မာပြီးခက်ထန်နေတဲ့အတွက် အခုစကားပြောနေတာ အင်နာနာရဲ့ဘက်ခြမ်း။ ပြီးတော့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပုံပဲ။
တကယ်လည်း အင်နာနာက ဆယ်ဗီရဲ့နေရာကို အစားဝင်ယူတဲ့ အခါတိုင်းမှာ နေရာအနှံလျှောက်သွားပြီး လေထုထဲက ငရဲစွမ်းအားတွေရဲ့အရင်းအမြစ်ကို လိုက်ရှာနေခဲ့တာပါ။ EUOC က အတတ်နိုင်ဆုံး ဖုံးကွယ်ထားပေမဲ့ သူက ဉာဏ်ပညာနတ်ဘုရားလည်း ဖြစ်နေသေးတယ်လေ။
အယ်မာအနားမှာ တခြားအယ်ဒါတွေက လူပြန်စုလိုက်တယ်။ ဆယ်ဗီနဲ့အတူတူ အိမ်စေဖြစ်တဲ့ မော်လီလည်းလိုက်လာခဲ့ပေမဲ့ အင်နာနာက အားလုံးကို ပြောလိုက်ပါပြီ။
“ဒီနေရာမှာ ဒီအမျိုးသမီးနဲ့ ရင်ဘောင်တန်းပြီး တိုက်နိုင်တဲ့သူ မရှိဘူး။ အားလုံးထွက်သွားကြ...”
ဒါပေမဲ့ အားလုံးက တုံ့ဆိုင်းနေဆဲပါ။ မော်လီက ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ “သခင်မလေး၊ ကျွန်မက သခင်လေးကိုယ်စား သခင်မလေးကို ကာကွယ်ပေးဖို့ တာဝန်ပေးခံထားရတာပါ။”
“နင်တို့ထဲက ဘယ်သူမှ အထွတ်အမြတ်ရတနာလေးခုကို ကိုင်ဆောင်ထားတဲ့ ဒီအယ်ဒါနဲ့ ရင်ဆိုင်နိုင်စွမ်းမရှိဘူး။ ဒီနေရာကနေ ထွက်သွားကြ။ ငါ့အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်ချင်စမ်းနဲ့။”
“......” အားလုံး သူတို့ခေါင်းတွေကို ငုံထားလိုက်ကြတယ်။ သူတို့တတ်စွမ်းသမျှ လုပ်ပြီးပြီ။ သီယာက သာမန် ရှေးအယ်ဒါတွေထက်တောင် အင်အားကြီးတာ အသိသာကြီး။ သူတို့ဒီမှာဆက်ရှိနေရင် အင်နာနာက သူတို့တွေကိုပါ ကာကွယ်ပေးနေရတော့မှာ။
“သူက စစ်နတ်ဘုရားပဲ၊ ဒီိလိုရန်သူကို ရှုံးမှာမဟုတ်ဘူး။ သူ့ကို ယုံကြည်ပေးပြီး ထွက်သွားရအောင်....”
ဂျော်ဒန်က လက်တွေ့အကျဆုံးအဖြေကို ပြောလိုက်တယ်။ အယ်မာကတော့ မြေပေါ်မှာ ပုံပျက်ပန်းပျက်လဲကျနေတဲ့ ဘန်နီကို ကြည့်လိုက်တယ်။ ရှေးအယ်ဒါတစ်ယောက်တောင် ဒီတိုက်ပွဲမှာ ကျရှုံးသွားမှတော့ သူတို့မှာ အခွင့်အရေးမရှိဘူး။ ဝမ်းဗိုက်ထဲကကလေးအကြောင်း တွေးမိတော့ မနေနိုင်ဘဲ ခေါင်းညိတ်လိုက်ရတော့တာပဲ။
ကျန်တဲ့သူတွေအားလုံး တစ်စတစ်စထွက်ခွာသွားပြီး မော်လီတစ်ယောက်ပဲ ကျန်နေရစ်တယ်။
“နင်ကရော ဘာလို့ထွက်မသွားသေးတာလဲ။” ဆယ်ဗီက ပြောလိုက်တော့ မော်လီက ဦးညွှတ်လိုက်လေရဲ့။
“သခင်မလေးဆယ်ဗီ၊ ဂရုစိုက်ပါ။” အင်နာနာက သူ့ကို အရိပ်ထဲတောင်ဝင်ခွင့်မပေးခဲ့တဲ့အတွက် မော်လီလည်း နောက်ဆုံးအနေနဲ့ ဆုတောင်းပေးပြီး ပြန်သွားရတာပေါ့။ အင်နာနာကတော့ တိုက်ပွဲကို ပြန်အာရုံစိုက်လိုက်တယ်။
သွေးစွန်းဘုန်းတော်ကြီးလဲ နောက်ကိုဆုတ်သွားပြီဖြစ်ပြီး သူ့အဆင့်နဲ့မဆိုင်တဲ့ တိုက်ပွဲတစ်ခုမှာ ကြားညပ်ချင်ပုံ မရပါဘူး။ အင်နာနာနဲ့သီယာကတော့ တစ်ယောက်နဲ့ တစ်ယောက် လူချင်းခွာလိုက်ပြီး ဂရုတစိုက် အကဲခတ်နေကြပါတယ်။
“ဒါပေမဲ့ ဒီကိစ္စမှာ နင်တကယ်ဝင်ပါချင်တာ သေချာရဲ့လား ဆယ်ဗီ။”
အင်နာနာက သူ့ကိုယ်သူပြန်ပြောလိုက်တယ်။ တစ်နည်း သူ့ရဲ့တစ်ဖက်ခြမ်းကိုပါ။ ဆယ်ဗီကလည်း အသံထွက်ပြီး ပြန်ဖြေလိုက်တယ်။ ဆယ်ဗီရဲ့ပုံစံက မြင်နေကျ အားနည်းတဲ့ သူနာပြုမိန်းကလေးအဖြစ်ကို ခဏပြန် ပြောင်းသွားခဲ့တယ်။
“နက်ဆန်က ငါ့ကိုကာကွယ်ဖို့အတွက်နဲ့ သူတို့ကို စွန့်ပစ်ခဲ့တာ။ ဒါပေမဲ့ သူတို့တွေကလည်း သူ့ရဲ့မိတ်ဆွေတွေပဲလေ။ သူတို့တွေသေဆုံးသွားရင် သူဝမ်းနည်းလိမ့်မယ်။ ဝမ်းနည်းမှုကို ဖော်ပြမှာ မဟုတ်ပေမဲ့ သေချာပေါက် သူ့ကိုယ်သူ အပြစ်တင်နေလိမ့်မယ်။”
ဆယ်ဗီက အခုအချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပြန်စဥ်းစားပြီးပြောခဲ့တာ။ ရိုစယ်လီယာက စိတ်ရှုပ်ဖို့ ကောင်းပေမဲ့ နက်ဆန်က သူ့ရဲ့စိန်ခေါ်မှုတွေကို အမြဲတမ်း လက်ခံပြီး လေးလေးစားစားနဲ့ဆက်ဆံခဲ့တယ်။ အယ်မာက သူတို့ကို အမြဲကူညီပေးခဲ့တဲ့ အစ်မကြီးလိုဖြစ်နေခဲ့ပြီးတော့ နက်ဆန်ကလည်း သူ့ကိုဂရုစိုက်တယ်။ ရှားလော့ခ်ကတော့ သူ့အတွက် အုပ်ထိန်းသူနဲ့အကြံပေးလိုဖြစ်နေခဲ့ပြီး ဒီလူတွေ အကုန်လုံးက နက်ဆန်ရဲ့မိတ်ဆွေတွေပါ။
အမြဲလိုလိုအေးစက်နေတဲ့ပုံစံ ဟန်ဆောင်နေခဲ့တဲ့ နက်ဆန်ကို ဆယ်ဗီထက်ပိုပြီးနားလည်မယ့်သူ မရှိဘူး။
“ဒါကြောင့် သူတို့ကို ကာကွယ်ပေးရမယ်။”
ဆယ်ဗီက ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ ဓားကိုကိုင်တယ်။ ဘီယန်ကာက သူ့နောက်မှာပေါ်လာခဲ့ပြီး ထက်ရှတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့ပြီ။ အင်နာနာကတော့ ဆယ်ဗီကို သတိပေးလိုက်တာပေါ့။
“ငါးကြိမ် သေပြီးပြီဆိုပေမဲ့ ငါတို့နှစ်ယောက်ရဲ့ တိုက်ပွဲစွမ်းအားက အစစ်အမှန်အယ်ဒါအဆင့်ကို ရောက်ဖို့လိုသေးတယ်။ အလွန်ဆုံးမှ အခုထွက်သွားတဲ့ နင့်မိတ်ဆွေတွေထက် နည်းနည်းပိုသာရုံပဲ။”
“ကျွန်မသိတယ်...”
“ဒီတိုက်ပွဲကြောင့် နင်နောက်တစ်ခါ သေသွားနိုင်တယ်။ ဒီတစ်ခါဆိုရင် နင်အကြာကြီးအိပ်ပျော်ပြီးမှ ခဏပဲ နိုးလာတာမျိုး ဖြစ်လာလိမ့်မယ်။”
“နားလည်ထားပြီးသားပါ....”
“.....” ဆယ်ဗီက ခေါင်းမာနေခဲ့တဲ့အတွက်ကြောင့် အင်နာနာက ဖျောင်းဖျဖို့ ကြိုးစားနေပေမဲ့ အချည်းအနှီးပဲ။ ဆယ်ဗီက နောက်ဆုတ်သွားရမယ့်အစား ကိုယ်ကိုရှေ့ကို ကိုင်းလိုက်ရင်းနဲ့ အင်နာနာကိုပြောလိုက်လေရဲ့။
“ကျွန်မအစား နက်ဆန်ကို ဂရုစိုက်ပေးပါ။ ကျွန်မမှာ တောင်းဆိုစရာ ဒီတစ်ခုပဲရှိတယ်။ ဒါကိုတော့ လုပ်နိုင်တယ် မဟုတ်လား။”
အဲဒီနောက်တော့ ဆယ်ဗီဟာ အဖြေကိုမစောင့်တော့ဘဲ သီယာဆီကို အပြေးသမားတစ်ယောက်လို ပြေးဝင်လို့။ သီယာကလည်း ဓားနဲ့ဒိုင်းကိုကိုင်ထားရင်းကနေ သူ့ကိုစောင့်နေတယ်။ ကောင်းကင်ထက်မှာတော့ ရှေးဟောင်းလေးဟာ ပျံသန်းနေပြီး အစစ်အမှန်လှံက တိုက်ခိုက်ဖို့အသင့်ပါပဲ။
“အရူးမ... နင့်ကိုယ်နင် ဘာလုပ်နေတယ်ဆိုတာရော သိရဲ့လား။”
ထန်း....
ဆယ်ဗီက အော်ဟစ်ရင်းနဲ့ပဲ ဓားနဲ့ခုတ်ပိုင်းဖို့လုပ်တယ်။ ဘီယန်ကာရဲ့ဓားချက်တွေက အရာအားလုံးကို လစ်လျူရှုပြီး သီယာကိုပိုင်းဖြတ်နိုင်ခဲ့သင့်ပေမဲ့ သီယာရဲ့လည်ပင်းပေါ်မှာ ခြစ်ရာတစ်ခုပဲထင်သွားတယ်။
“အဲဒီတံခါးက ငရဲတံခါးမှန်း နင်သိနေတာပဲ။ အဲဒီက စွမ်းအင်တွေက မသန့်စင်ဘူး။ နင်ဘာလို့ သူတို့တွေ ခိုင်းတဲ့အတိုင်း လုပ်နေရတာလဲ။”
ဆယ်ဗီက သီယာကို စကားလုံးတွေနဲ့ထိုးနှက်ဖို့လုပ်ပေမဲ့ သီယာက ဆယ်ဆီရဲ့ခန္ဓာကိုယ်လေးကို ဒိုင်းနဲ့တွန်းထုတ်ပြီး ခံစားချက်မဲ့စွာနဲ့စိုက်ကြည့်လိုက်လေရဲ့။
“ငါမသိဘူး... သိလည်းမသိချင်ဘူး....”
အဲဒီနောက်တော့ သီယာက ဓားကိုမြှောက်ပြီးတော့ ဆယ်ဗီကိုပိုင်းချတယ်။ ပင်လယ်ပြင်ကိုတောင် ထိုးခုတ်နိုင်တဲ့ ဓားအဟုန်ကြောင့် ဆယ်ဗီဘေးကို ရှောင်ထွက်လိုက်ရပေမဲ့ အလုံးစုံလွတ်မသွားဘဲ ပခုံးကိုပိုင်းမိကာ သွေးတွေပန်းထွက်လာလေရဲ့။
“ငါသိတာတစ်ခုက.... ကိုးကွယ်ယုံကြည်မှုစွမ်းအားတွေ စုဆောင်းရမယ်။ ပြီးရင် နက်ဆန်ကို သတ်ရမယ်ဆိုတာပဲ။ ဒါမှ သူပြန်လာနိုင်မှာ....”
အမာရွတ်တွေနဲ့ပြည့်နေတဲ့ သီယာရဲ့မျက်နှာပေါ်မှာ ခါးသီးတဲ့ အပြုံးတစ်ခုပေါ်လာတယ်။ မျှော်လင့်ချက် မဲ့ခြင်းနဲ့ ထွက်ပေါက်မဲ့ခြင်းတို့က တစ်ချိန်ကဖြူစင်ခဲ့တဲ့ ဒီမိန်းကလေးရဲ့နှလုံးသားကို ဖျက်ဆီးပစ်ခဲ့ပြီးပြီ။
တစ်ဖက်မှာတော့ ဆယ်ဗီက အရူးအမူး အော်ဟစ် နေတုန်းပဲ။ “နင်သတ်ဖို့ လုပ်ခဲ့တဲ့သူတွေမှာလည်း နင့်လိုပဲ သူတို့ချစ်တဲ့သူတွေ ရှိတယ်ဆိုတာမသိဘူးလား။”
ဆယ်ဗီက သီယာရဲ့ရင်ဝကို ခြေထောက်နဲ့ပြေးကန်တယ်။ သီယာက ဒိုင်းနဲ့တားလိုက်တယ်။ ဆယ်ဗီရဲ့အားကြောင့် သီယာနောက်ကိုဆုတ်သွားရပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ဘူး။ ဆယ်ဗီရဲ့ခန္ဓာကိုယ်အင်အားချည်း သက်သက်က တိုက်တာအဆောက်အဦးတွေကို ပြိုကျစေပေမဲ့ အဗျာဟန်ခန္ဓာကိုယ်ရှိနေတဲ့သူကို ထိခိုက်အောင်မလုပ်နိုင်ဘူး။ လက်နက်တွေကို လုယူဖို့ဆိုတာ ဝေးရော။
“အယ်မာက သူ့ကလေးနဲ့အတူ သူချစ်တဲ့သူဆီကို ပြန်သွားနိုင်ဖို့ မျှော်လင့်နေတာ။”
“ရိုစယ်လီယာ့မှာ သူကာကွယ်ပေးရမယ့် ငယ်သားတွေအများကြီးရှိတယ်။”
“ရှားလော့ခ်က အမြဲတမ်းလိုလို သူ့တပည့်တွေအတွက် တွေးပူနေခဲ့တာ။”
“ခရစ်စတိုဖာက သူ့ညီမလေးကို အမြဲတမ်း ပျော်ရွှင်စေချင်တာ။”
အသိစိတ်ဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ဆယ်ဗီက သီယာကိုနားချရင်း ထိုးနှက်နေခဲ့ပေမဲ့လို့ လုံးဝအရာမဝင်သလို သီယာရဲ့မျက်လုံးတွေက အေးစက်နေဆဲပါ။
“အဲဒီလူတွေက ငါချစ်တဲ့သူတွေ မဟုတ်ဘူးလေ။”
စွတ်....
တိုက်စစ်ကိုချည်း ဂရုစိုက်နေခဲ့တဲ့ ဆယ်ဗီရဲ့ဝမ်းဗိုက်ကို သီယာက ဓားနဲ့သာသာလေးထိုးချနိုင်ခဲ့တယ်။ သွေးတွေ ကြမ်းပြင်ပေါ် ရေတံခွန်လိုစီးကျလာတဲ့အချိန်မှာ ဆယ်ဗီက သီယာရဲ့ပခုံးကို ဆုပ်ကိုင်ထားလိုက်ရင်း အားအင်ချိနဲ့စွာနဲ့ ပြောလိုက်လေရဲ့။
“ဒီလမ်းအတိုင်း နင်ဆက်လျှောက်မယ်ဆိုရင် နင်က နက်ဆန်ကို သတ်ရတော့မှာ။ သူက နင့်ရဲ့အမြွှာ မောင်လေးလေ။ နင့်မှာကျန်ရစ်တဲ့ နောက်ဆုံး သွေးချင်းပဲ။”
ဒီကိစ္စကို တခြားသူတွေဆီကနေ ဆယ်ဗီသိနေတာကြာပြီ။ ဒီစကားတွေကြောင့်သီယာ သတိပြန်ဝင်လာမလား မျှော်လင့်ခဲ့မိပေမဲ့ သီယာရဲ့မျက်နှာပေါ်မှ စက်ဆုပ်ရွံရှာတဲ့ အမူအရာသာပေါ်လာခဲ့တယ်။
“ငါ့မှာမောင်လေးတစ်ယောက်ပဲရှိတယ်။ ပြီးတော့ အဲဒီသူက အမှောင်ကြယ်မဟုတ်ဘူး.....”
သီယာက ဆယ်ဗီရဲ့ကိုယ်ထဲဝင်နေတဲ့ဓားကို ခက်ကြမ်းကြမ်း ဆွဲထုတ်လိုက်တယ်။ သူ့မျက်နှာမှာ ညှာတာမှုဆိုတာမရှိဘူး။ သူ့အတွက်တော့ နက်ဆန်ဆိုတာ လူစိမ်းတစ်ယောက်ထက် မပိုပါဘူး။
ဆယ်ဗီမြေပြင်ပေါ်ကို ဒူးထောက်ကျသွားခဲ့တယ်။ သူ့မျက်လုံးတွေ မှေးမှိန်လာခဲ့တဲ့ သူ့မျက်နှာပေါ်မှာတော့ တစ်ခုခုကိုနားလည်သွားပုံနဲ့ ပြုံးနေခဲ့ပါတယ်။
“အဲဒီလိုလား.... တကယ်တော့... နင်တို့နှစ်ယောက်က တကယ်တူကြတာပဲ။ ကိုယ့်ချစ်တဲ့သူတွေအတွက်ဆိုရင် ကမ္ဘာကြီးနဲ့ ကိုယ့်ကိုယ်ကိုယ်တောင်စွန့်ပစ်ဖို့ ဝန်မလေး ကြဘူးပဲ။”
အဲဒီအချိန်မှာပဲ သီယာက သူ့ရဲ့ဓားကို နောက်တစ်ခါ မြှောက်လိုက်ပြန်ပါတယ်။ ဒီတစ်ခါကတော့ ဆယ်ဗီကို အဆုံးသတ်ဖို့အတွက်ပါ။
“နင့်ကိုယ်ထဲက တကယ့်နတ်ဘုရားအစစ်ကရော ငါ့ကို တားဆီးနိုင်မလား ကြည့်ရအောင်...”
ရွတ်....
ဆယ်ဗီရဲ့ခန္ဓာကိုယ်လေးက ကြမ်းပြင်ပေါ်ကိုလဲကျသွားပြီး မြေပြင်မှာသွေးတွေ အိုင်ထွန်းသွားတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းက တစ်ခဏတာသာဖြစ်ပြီးတော့ မကြာခင်မှာပဲ ရွှေအိုရောင်အလင်းတန်းတွေက ဆယ်ဗီကိုဖုံးအုပ်သွားပြီး လေပေါ်ကိုမြောက်တက်လာကာ သီယာကို မျက်လုံးဖွင့် ကြည့်လိုက်ပါပြီ။
“သူ့ကို အသေသတ်လိုက်ရင် ငါအပြည့်အဝနိုးလာမယ် ဆိုတာကိုသိသိကြီးနဲ့ သတ်ရဲတဲ့သတ္တိကတော့ ချီးကျူးစရာပဲ။”
အင်နာနာရဲ့ကျောနောက်မှာ သိမ်းငှက်တောင်ပံတွေ ရှိနေပြီး နတ်ဘုရားအဆင်တန်ဆာတွေဖြစ်ကြတဲ့ ခြေကျင်း၊ လက်ကောက်၊ ခါးပတ်၊ ချပ်မိန်ညို၊ လည်ဆွဲနဲ့ နားတောင်း ခြောက်ခုလုံးက ပြန်ရောက်နေပြီဖြစ်ပြီးတော့ သင်းကျစ်တစ်ခုပဲ ကျန်ရစ်တော့တာပါ။
“ဒီတော့ နင်က စစ်နတ်ဘုရားမလား....” သီယာကလည်း လက်နက်လေးခုလုံးကို အသင့်ပြင်လိုက်ပြီး အင်နာနာကို ရင်ဆိုင်ဖို့ပြင်တယ်။
အင်နာနာကတော့ သီယာရဲ့ပုံစံကိုကြည့်ကာ ရယ်မောရင်း “ဟားဟား... သတ္တိကတော့ စံပဲ။ ဒါပေမဲ့ငါက ဆယ်ဗီလို နင့်ကို စကားနဲ့နားချမှာမဟုတ်ဘူးနော်။ မသေရုံတမယ် ရိုက်နှက်ပြီး ပစ်ထားခဲ့မှာ။ နင့်ကိုမသတ်တာက ကြယ်တွေရဲ့ကိစ္စနဲ့ပတ်သက်ပြီး နက်ဆန်ကို ကိုယ်တိုင် ဆုံးဖြတ်စေချင်လို့ပဲ။”
အင်နာနာကြောင့်ဖြစ်ပေါ်လာတဲ့ ဖိအားတွေက ပြင်းထန်လွန်းလို့ ကျောက်နံရံတွေအကုန်လုံး စတင်အက်ကွဲလာတယ်။ သူ့စကားတွေအရ သူဟာတိုက်ပွဲရဲ့ရလဒ်ကို ကြိုတင်ဆုံးဖြတ်ပြီးပြီဖြစ်တဲ့ပုံပဲ။ သီယာအနေနဲ့ အဖြေကို ဘယ်လိုမှပြောင်းလဲနိုင်မှာ မဟုတ်သလိုမျိုး။