အခန်း ၄၁၅
Vol. 29 Ch. 415
အပိုင်း(၄၁၅) မဟာတာအိုမြစ်ဖျားခံရာ၊ တစ်ခုတည်းသောတည်ရှိမှု၏အပိုင်း(၃)ခု
ပလ္လင်တော်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည့် သွေးစွန်းနေသော မျက်လုံးတစ်လုံးမှာ ပျက်စီးတော့မည့်အစွန်းသို့ ရောက်ရှိနေပြီး ကြယ်တာရာများကို ငေးကြည့်ရင်း ဤသို့ ပြောလိုက်သည်။
"ရှေးဟောင်းကောင်းကင်ခုံရုံးက ဘယ်ကနေ စတင်ခဲ့လဲဆိုတာကို မင်းသိလား။"
"ကောင်းကင်ခုံရုံးအရှင်သခင်ရဲ့နောက်ကြောင်းကို သိလား။"
မုန့်ချင်ကျိုး ပြန်မဖြေခင်မှာပင် သွေးစွန်းနေသောမျက်လုံးက အလိုအလျောက် ရှင်းပြလိုက်သည်။
"မူလအစ အားလုံးက..."
"သက်ရှိတစ်ယောက်၊ ဒါမှမဟုတ်... လောကကိုလွန်မြောက်သူ တစ်ဦးဆီကနေ စတင်ခဲ့တာပဲ။"
"ငါနဲ့ ကောင်းကင်ခုံရုံး အရှင်သခင်က နည်းနည်းလေးတော့ ကွာခြားတယ်။ သူက မဟာတာအို သုံးထောင်ကို သယ်ဆောင်ထားတာ။ ကောင်းကင်ခုံရုံးထဲက မဟာတာအို နတ်ဘုရားတွေကလည်း တာအိုနဲ့အတူ ပေါ်ပေါက်လာတာမဟုတ်ဘူး။ ကောင်းကင်ခုံရုံးအရှင်သခင်နဲ့အတူတူ မွေးဖွားလာကြတာ။ သူက အစကတည်းက တစ်ခုတည်းသောတည်ရှိမှုရဲ့ တစ်ဝက်ပဲ။ ငါကတော့ နတ်ဘုရားစွမ်းးအားနဲ့ တာအိုတွေကို သယ်ဆောင်ထားတဲ့ မျက်လုံးတစ်လုံးပဲ ဖြစ်ပြီးတော့ ကောင်းကင်နယ်ပယ်အထွတ်အထိပ်က ငါ့ရဲ့ကန့်သတ်ချက်ပဲ။"
"သူနဲ့ငါနဲ့က တာဝန်တွေ ကွဲပြားပေမယ့် အားလုံးကတော့ အဲဒီလောကကိုလွန်မြောက်သူဆီကနေပဲ ဆင်းသက်လာတာ။"
ထိုသို့ပြောပြီးနောက် သွေးစွန်းနေသောမျက်လုံးမှာ ရပ်တန့်သွား၏။ တစ်ဖက်လူတွင် စကားပြောရန် ရှိနေကြောင်း သိရှိပြီး ဤလျှို့ဝှက်ချက်ကို မည်သူကြားကြား အံ့အားသင့်ရမည်သာ ဖြစ်သည်။
၎င်းမှာ ပုံမှန်ပင်။
မုန့်ချင်ကျိုး၏မျက်နှာအမူအရာမှာ တစ်ခဏအတွင်း အံ့အားသင့်မှု၊ သံသယ၊ မယုံသင်္ကာ ဖြစ်မှုများဖြင့် ပြောင်းလဲနေ၏။
မဟာတာအိုရဲ့မြစ်ဖျားခံရာက တကယ်ပဲ လောကကိုလွန်မြောက်သူတစ်ဦး၊ သက်ရှိတစ်ဦး၊ ဒါမှမဟုတ် ကျင့်ကြံသူတစ်ဦး ဖြစ်နေတာလား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"မင်းပြောချင်တာက မင်းနဲ့ ကောင်းကင်ခုံရုံးအရှင်သခင် နှစ်ယောက်စလုံးက အဲဒီလောကကို လွန်မြောက်သူရဲ့ မျက်လုံးတွေလို့ ဆိုလိုတာလား။" မုန့်ချင်ကျိုးက မေးလိုက်သည်။
သွေးစွန်းနေသောမျက်လုံးက မငြင်းဆိုဘဲ အေးဆေးစွာပြုံးရင်း ပြောလိုက်သည်။
"ဟုတ်တယ်။"
"ဒီလိုသာ မဟုတ်ဘူးဆိုရင် အရင်ကတည်းက မရေမတွက်နိုင်တဲ့သူရဲကောင်းတွေ၊ ရှေးဟောင်းခေတ်က အရှင်သခင်တွေ ဘယ်လောက်ပဲ ပါရမီထူးချွန်ပါစေ၊ ဘာဖြစ်လို့ ကန့်သတ်ချက်ကိုမချိုးဖောက်နိုင်ဘဲ ကောင်းကင်နယ်ပယ်ကို ကျော်လွန်မသွားနိုင်တာလဲ။"
"ဘာလို့လဲဆိုတော့ မဟာတာအိုရဲ့မြစ်ဖျားခံရာ၊ ဆိုလိုတာက အဲဒီကျင့်ကြံသူရဲ့အဆင့်ဟာ ပြီးပြည့်စုံတဲ့ တစ်ခု ဖြစ်နေလို့ပဲ။ လောကထဲက ကျင့်ကြံသူအားလုံးက သူ့ရဲ့အကိုင်းအခက်တွေနဲ့တူနေတာ။"
"ငါမေးမယ်။ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေက မိခင်အပင်ထက် ပိုပြီးကြီးထွားလာဖို့ အခွင့်အရေး ရှိမလား။"
"ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။"
"တစ်ခုတော့ရှိတယ်..."
မုန့်ချင်ကျိုး၏နှလုံးခုန်သံမှာ စည်သံအလား ပြင်းထန်လာပြီး မျက်နှာမှာ အနည်းငယ်နီရဲလာကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း တည်ငြိမ်အောင်ကြိုးစားကာ ပြောလိုက်သည်။
"သစ်ပင်ကြီး သေသွားပြီးတော့ အကိုင်းအခက်တွေက မိခင်အပင်ရဲ့အာဟာရကို စုပ်ယူပြီး မြေကြီးမှာ အမြစ်တွယ်ပြီး နောက်ထပ် သစ်ပင်ကြီးတစ်ပင် ဖြစ်လာတာက လွဲရင်ပေါ့။"
ထိုသို့ ပြောလိုက်သည့်အခါ။
သူက သွေးစွန်းနေသောမျက်လုံး၏ဆိုလိုရင်းကို အပြည့်အဝ နားလည်သွားသည်။
မဟာတာအိုမြစ်ဖျားခံရာဖြစ်သော လောကကိုလွန်မြောက်သွားသူမှာ သေဆုံးသွားပြီဖြစ်ပြီး တစ်ခုတည်းသောတည်ရှိမှု ဆိုသည်မှာ သူ ချန်ရစ်ခဲ့သော ရတနာဖြစ်သလို သူ၏အခြေခံအုတ်မြစ်နှင့် ကျင့်ကြံခြင်းအရင်းအမြစ်လည်း ဖြစ်သည်။
တစ်ခုတည်းသောတည်ရှိမှုကို ဆက်ခံနိုင်မှသာလျှင် မိခင်အပင်၏အာဟာရကို စုပ်ယူနိုင်ပြီးနောက် ကောင်းကင်ကိုထိမတတ် သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာနိုင်မည် ဖြစ်သည်။
"အကုန် အဆင်ပြေသွားပြီ။ အကုန်လုံး ကိုက်ညီသွားပြီ..."
"အရင်က ငါ့စိတ်ထဲမှာ မရှင်းလင်းတာတွေ အများကြီးရှိခဲ့ပေမယ့် ဒီနေ့တော့ အားလုံး ရှင်းလင်းသွားပြီ။"
"ဘာလို့ ကောင်းကင်တာအိုက ကောင်းကင်နယ်ပယ်အထက် ကျင့်ကြံသူတွေကို ရှင်းလင်းချင်တာလဲ။ တစ်ခုကကမ္ဘာကြီးရဲ့ စည်းမျဉ်းသံသရာကြောင့် ဖြစ်သလို နောက်တစ်ချက်မှာတော့ အသက်ရှင်ဖို့ပဲ။ မြစ်ဖျားခံရာ ဖြစ်သူ သေဆုံးသွားပြီ။ ကောင်းကင်တာအိုက တစ်ခုတည်းသောတည်ရှိမှု ဖြစ်နေတာမို့ ဆွဲဆောင်မှုရှိတဲ့ ဆုလာဘ်တစ်ခု ဖြစ်နေတာပဲ။ သူက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် လိုအပ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ရှင်းလင်းရေးကြီးကို လုပ်ရတာ။ သူ့ကိုလိုချင်နေတဲ့ ကျားသစ်၊ ဝံပုလွေတွေကို ကြိုတင်ပြီးသုတ်သင်ပစ်ရတာ။"
အချိန်-နေရာလွတ်တာအို အတွင်းစကြဝဠာကို ပြန်တွေးကြည့်လိုက်ပါ။
စနစ်က သူ့အတွက် သီးသန့်ချမှတ်ပေးခဲ့သော ကျင့်ကြံခြင်းနည်းလမ်းက အတွင်းစကြဝဠာထဲတွင် သက်ရှိများကို မွေးဖွားခိုင်းခြင်း ဖြစ်သည်။
အကြောင်းမှာ ၎င်းသည် မဟာတာအို၏ မူလကျင့်ကြံခြင်းနည်းစနစ် ဖြစ်၍ပင်။
ထိုလောကကိုလွန်မြောက်သူက ဤကဲ့သို့ ကျင့်ကြံခဲ့လေသည်။
...
ဘာဖြစ်လို့ ကမ္ဘာဦးခေတ်က သွေးစွန်းနေတဲ့မျက်လုံးနဲ့ မျိုးနွယ်စုပေါင်းစုံခေတ်က အောင်းတို့က တစ်ခုတည်းသောတည်ရှိမှု ထွက်ပေါ်လာမယ်ဆိုတာကို နှစ်ပေါင်းသောင်းချီကြိုသိနေတာလဲ။
ဘာလို့လဲဆိုတော့ သူတို့က တစ်ခုတည်းသောတည်ရှိမှု ထွက်ပေါ်လာမှာကို စောင့်နေတာ မဟုတ်ဘူး။ ကောင်းကင်တာအိုသေဆုံးပြီး ရုန်းကန်လို့ မရတော့မယ့်အချိန်ကို စောင့်နေတာပဲ။
ဒီလူအိုကြီးတွေက တစ်ခုတည်းသောတည်ရှိမှုဆိုတာ ကောင်းကင်တာအိုပဲဆိုတာကို အစကတည်းက သိနေခဲ့ကြတာ။
...
သံသယများအားလုံး ရှင်းလင်းသွားလေပြီ။
မုန့်ချင်ကျိုးက စိတ်ထဲတွင် လန်းဆန်းသွားပြီးနောက် အမှန်တရားနှင့် နီးကပ်လာလေလေ၊ ထိုကဲ့သို့ တာအိုကိုသိမြင်ခြင်းက အမြင့်ဆုံးသော စိတ်ကျေနပ်မှု ဖြစ်လေလေပင်။
ရုတ်တရက်။
မုန့်ချင်ကျိုး၏စိတ်ခံစားချက်များ ပြန်လည်နိမ့်ကျသွားပြီး သက်ပြင်းချရင်း ခေါင်းယမ်းလိုက်သည်။
"ဒီလောကကြီးက ကျင့်ကြံသူတစ်ယောက်ရဲ့ အတွင်းစကြဝဠာ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး..."
"ဒါဆို အတွင်းစကြဝဠာအပြင်ဘက်မှာ အဲဒီလောကကိုလွန်မြောက်သူ နေထိုင်ခဲ့တဲ့ ကမ္ဘာကြီးက ဘယ်လိုပုံစံမျိုး ရှိနေမလဲ။"
သွေးစွန်းနေသောမျက်လုံးမှာမူ မည်သည့်စိတ်ခံစားမှုမျှမရှိဘဲ အေးဆေးစွာ ပြောလိုက်သည်။
"မသိဘူး။ ကောင်းကင်ခုံရုံးအရှင်သခင်လောက်သာ နည်းနည်းလောက် သိလိမ့်မယ်။"
"လောကကိုလွန်မြောက်သူက ညာမျက်လုံးကို တန်ဖိုးထားတာ။ ငါက နတ်ဘုရားစွမ်းအားတွေကို ထွင်းထုထားပြီး အရေးပေါ်အခြေအနေတွေကို ကာကွယ်ဖို့အတွက်သုံးတဲ့ ဘယ်ဘက်မျက်လုံးပဲ။ အဲဒါကြောင့် ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေက ချက်ချင်းအသက်ဝင်တာပဲ။"
"ငါ့မှာလည်း လောကကိုလွန်မြောက်သူရဲ့မှတ်ဉာဏ်တွေကို ချန်ထားဖို့ အရည်အချင်းမရှိဘူး..."
ထိုသို့ပြောသောအခါ သွေးစွန်းနေသောမျက်လုံးတွင် ဝမ်းနည်းမှု အရိပ်အယောင်လေး ပေါ်လာ၏။
မုန့်ချင်ကျိုးက မည်သို့နှစ်သိမ့်ရမည်ကိုမသိသဖြင့် ပခုံးတွန့်လိုက်ကာ ထိုင်ချလိုက်ပြီး အချိန်-နေရာလွတ် မြစ်ထဲမှ မြေခွေးမြီးမြက်တစ်ပင်ကို ဆွဲထုတ်ပြီး ပါးစပ်တွင်ကိုက်ထားလိုက်ကာ အလွန်ပေါ့ပါးစွာ နေလိုက်သည်။ ဤပုံစံမျိုးက သူ့ကို ပိုမြန်မြန် စဉ်းစားနိုင်စေသည်။
"နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်၊ ကောင်းကင်တာအိုက ရှေးဟောင်း ကောင်းကင်ခုံရုံးကို ဖျက်ဆီးပစ်ရတဲ့ တကယ့်အကြောင်းရင်းက ဘာလဲ။ အာဏာအတွက်ဆိုပြီးတော့တော့ မပြောနဲ့။ အရင်ကတော့ အဲဒီစကားကိုယုံခဲ့ပေမယ့် အခုတော့... သိပ်မယုံတော့ဘူး။"
သွေးစွန်းနေသောမျက်လုံး၏ အသက်ရှူသံမှာ ပိုမို၍အားနည်းလာပြီး အသက်ကုန်တော့မည့်အလား ဖြစ်နေကာ အတော်ကြာအောင်မဖြေဘဲ ခဏနေမှ စကားတစ်ခွန်းကို ထုတ်ပြောလိုက်သည်။
"သူလည်း တစ်ခုတည်းသောတည်ရှိမှုပဲ။"
ထိုစကားကို ကြားလိုက်သောအခါတွင် မုန့်ချင်ကျိုး၏ အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများက ရုတ်တရက် ကျုံ့ဝင်သွားပြီး အမြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဘာပြောလိုက်တယ်။"
"ကောင်းကင်ခုံရုံးရဲ့အရှင်သခင်ကလည်း တစ်ခုတည်းသောတည်ရှိမှုလား။"
ဘာအဓိပ္ပာယ်လဲ။
ကောင်းကင်တာအိုကပဲ အဲဒီတစ်ခုတည်းသောတည်ရှိမှု မဟုတ်ဘူးလား။
သွေးစွန်းနေသောမျက်လုံးက အေးဆေးစွာ ပြောလိုက်သည်။
"မင်း နားလည်မှုလွဲနေတဲ့ပုံပဲ။"
"တစ်ခုတည်းသောတည်ရှိမှုဆိုတာ တစ်ခုတည်းရှိတာကို ပြောတာမျိုး မဟုတ်ဘူး။ လွန်မြောက်ဖို့အတွက် တစ်ခုတည်းသောအခွင့်အရေးကို ပြောတာ။ တကယ်တမ်းကျတော့ လောကကိုလွန်မြောက်သူ သေဆုံးပြီးတော့ တစ်ခုတည်းသောတည်ရှိမှုကအပိုင်း(၃)ပိုင်း ကွဲထွက်သွားတာ။"
"ပထမပိုင်းကို ကောင်းကင်ခုံရုံးအရှင်သခင်ဆီ ပေးလိုက်တယ်။ ဒုတိယပိုင်းကို ဖရိုဖရဲစကြဝဠာရဲ့ စိတ်ဆန္ဒကို ပေးလိုက်တယ်။ တတိယပိုင်းက ဘယ်ရောက်သွားမှန်း မသိတော့ဘူး။"
"ရှေးဟောင်းကောင်းကင်ခုံရုံးနဲ့ ဖရိုဖရဲစကြဝဠာရဲ့ စိတ်ဆန္ဒအကြား အကြီးမားဆုံးသောပဋိပက္ခကတော့ တစ်ခုတည်းသောတည်ရှိမှုကြောင့်ပဲ။"
"ဖရိုဖရဲစကြဝဠာရဲ့စိတ်ဆန္ဒ ရှေးဟောင်းကောင်းကင်ခုံရုံးကို ဖျက်ဆီးပစ်တာက တစ်ခုတည်းသော တည်ရှိမှုကို စုစည်းပြီးတော့ တစ်ခုတည်းဖြစ်သွားအောင် လုပ်ဖို့ပဲ။"
"နှမြောစရာကောင်းတာက တတိယပိုင်း တစ်ခုတည်းသောတည်ရှိမှုက ဘယ်ရောက်မှန်း မသိတော့တာပဲ၊ မဟုတ်ရင် ကောင်းကင်တာအိုက အစောကြီးကတည်းက လွန်မြောက်သွားပြီးတော့ အန္တိမလွန်မြောက်ခြင်း ဖြစ်သွားပြီ။"
"မဟုတ်ရင် လူသားဧကရာဇ်က ကောင်းကင်တာအိုကို ဘယ်လိုလုပ်လှည့်စားပြီး အိပ်ပျော်သွားအောင် လုပ်နိုင်မှာလဲ။"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးသည် အတော်ကြာ တိတ်ဆိတ်သွားတော့သည်။
သူ၏စိတ်ထဲတွင် ကောင်းကင်တမန်များ မြည်ဟည်းနေသလို ဖြစ်နေပြီး အပြင်ပန်းတွင်မူ အေးဆေးစွာ ရှိနေသည်။
ကောင်းကင်ဘုံအသစ် ရှေးဟောင်းကောင်းကင်ခုံရုံးကို ဖျက်ဆီးရတာက တစ်ခုတည်းသောတည်ရှိမှုကို ဝါးမျိုဖို့ပဲ။ သူက သံသရာကနေ လွတ်မြောက်ချင်နေတာ။
အမှန်တကယ်တွင်။
သွေးစွန်းနေသော မျက်လုံးကြီး ထုတ်ဖော်ပြောကြားလိုက်သော သတင်းများက သိပ်မများလှပေ။
ပထမတစ်ခုမှာ မဟာတာအို၏ မြစ်ဖျားခံရာက လောကကိုလွန်မြောက်သူတစ်ဦးဆီမှ လာခြင်းဖြစ်ပြီး ဤကမ္ဘာကြီးက အတွင်းစကြဝဠာတစ်ခု ဖြစ်နေသည်။
ဒုတိယတစ်ခုမှာ တစ်ခုတည်းသောတည်ရှိမှုက သုံးပိုင်း ကွဲသွားခဲ့ခြင်းပင်။
သို့သော် တစ်ခုစီတ်ုင်းက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေလောက်အောင် အံ့ဩစရာ ကောင်းနေသည်။ မုန့်ချင်ကျိုးက တာအိုအဆုံးသတ်ကို ရောက်ရှိနေပြီး လောကတွင် ပြိုင်ဘက်ကင်းနေပြီ ဆိုသော်လည်း ထိုသတင်းအချက်အလက်များကို အလွယ်တကူ လက်ခံနိုင်ရန် ခဲယဉ်းလှသည်။
"ဒါဆိုရင် လူသားဧကရာဇ်ခေတ်မှာ တကယ်တမ်း ဘာတွေဖြစ်ခဲ့လဲ မင်းသိလား။" မုန့်ချင်ကျိုးက ခေါင်းစောင်းကာ မေးလိုက်သည်။
သွေးစွန်းနေသော မျက်လုံးက ပြောလိုက်သည်။
"မသိဘူး။"
"ငါက ကောင်းကင်နဲ့မြေကြီး စတင်ဖြစ်တည်တဲ့ခေတ်ကတည်းက အမြဲတမ်း အိပ်မောကျနေခဲ့တာ။ လူသားဧကရာဇ်ခေတ် ပြီးဆုံးသွားမှပဲ နိုးလာခဲ့တာ။"
"ငါသိထားတဲ့ ဒီလျှို့ဝှက်ချက်တွေနဲ့ သမိုင်းကြောင်းကို ပေါင်းစပ်ပြီးတော့မှ ကိစ္စတော်တော်များများရဲ့ အမှန်တရားကို ခန့်မှန်းတွက်ချက်နိုင်ခဲ့တာပဲ။"
ထိုစကားကို ကြားသောအခါ။
မုန့်ချင်ကျိုးက အနည်းငယ် စိတ်ပျက်သွားသလို ဖြစ်သွားသည်။
ကမ္ဘာဦးခေတ်၊ မျိုးနွယ်စုပေါင်းစုံခေတ်များကိုတော့ အကြမ်းဖျင်းအားဖြင့် ရှင်းလင်းသွားလေပြီ။
ယခုတွင် နတ်ဘုရားခေတ်နှင့် လူသားဧကရာဇ်ခေတ်များတွင်သာ အဖြေမရသေးသော သံသယများ အများအပြား ကျန်နေသေးသည်။
ဥပမာအားဖြင့် နတ်ဘုရားခေတ်က ဖျက်ဆီးခံရသော ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး လုံးဝ ပြန်လည်နလန်မထူနိုင် ဖြစ်သွားခဲ့ရသည်။ ၎င်းက မည်သူ့လက်ချက်နည်း။
ပထမဆုံးလူသားဧကရာဇ် ဒုတိယအကြိမ်ကောင်းကင်ကိုစစ်ခင်းခဲ့ချိန် တကယ်တမ်း မည်သည်များ ဖြစ်ခဲ့သနည်း။
စစ်မင်ကို မည်သည့်အတွက်ကြောင့် သတ်ခဲ့သနည်း။
ကောင်းကင်တာအိုက အဘယ်ကြောင့် အိပ်မောကျသွားခဲ့သနည်း။
အစရှိသဖြင့်...
"ငါ့ကို မင်းမသိတာ မဆန်းပါဘူး။" မုန့်ချင်ကျိုးက စကားမပြောနိုင်လောက်အောင် ရယ်မောလိုက်သည်။
သွေးစွန်းနေသော မျက်လုံးက သံသယဖြင့် မေးလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ။"
"ထားလိုက်ပါတော့။ ရှင်းမပြချင်တော့ပါဘူး။" မုန့်ချင်ကျိုးက ပြုံးလျက် ဖြေသည်။
သူက ကမ္ဘာဦးခေတ်တွင် မသိသူ မရှိလောက်အာင် ကျော်ကြာားခဲ့သည်။ ကောင်းကင်ဘုံ(၃၃)ထပ်မှ အောက်ဆုံး ငရဲပြည်အထိ အချိန်-နေရာလွတ် ဓားသူတော်စင်ကိုမသိသူ မည်သူ ရှိသနည်း။
သွေးစွန်းနေသာမျက်လုံးက အနည်းငယ် စကားပြောရခက်သွားသည်။
ဒီကောင်က တကယ်ကို လူစိတ်မရှိတာပဲ။
ငါက မင်းကို လျှို့ဝှက်ချက်တွေအများကြီး ပြောပြနေတာကို မင်းကတော့ ဘာကိစ္စကိုမှ မပြောဘူး။
သို့သော် သူလည်း သိပ်ဂရုမစိုက်ပေ။
ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ပျောက်ကွယ်သွားတော့မှာပဲလေ။ အများကြီး သိနေလည်း ဘာလုပ်ရမှာလဲ။
"မင်း သွားလို့ရပြီ။"
"ကျန်နေတဲ့အချိန်လေးမှာ ငါ တစ်ယောက်တည်းပဲ နေချင်တယ်။" သွေးစွန်းနေသောမျက်လုံ့းက ထိုကဲ့သို့ ပြောလိုက်သည်။
မုန့်ချင်ကျိုးက မြေခွေးမြီးမြက်ကို ထွေးထုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ရှေ့သို့လှမ်းရန် ပြင်လိုက်သည်။
ထို့နောက် တစ်ခုခုကိုသတိရသွားသလို ခြေလှမ်းအနည်းငယ် ရပ်တန့်သွားကာ နောက်မလှည့်ဘဲ ပြောလိုက်သည်။
"လမ်းခရီး ဖြောင့်ဖြူးပါစေ။"
သွေးစွန်းနေသောမျက်လုံး ပြန်မဖြေဘဲ အရှေ့မှလူပျောက်ကွယ်သွားသည်ကို လျစ်လျူရှုထားလိုက်၏။
ရာဇပလ္လင်ကြီး နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
သူက ကြယ်ရောင်စုံနေသော ကောင်းကင်ယံကို တိတ်တဆိတ်ငေးကြည့်နေပြီး မျက်ဝန်းထဲတွင် မခွဲခွာချင်သော သံယောဇဉ်များ ပေါ်လွင်နေ၏။
"တကယ်ကို လှတာပဲ။"
တိတ်ဆိတ်စွာဖြင့် သွေးစွန်းသောမျက်လုံးက ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီးနောက် ရာဇပလ္လင်ပေါ်တွင် ပြန့်ကျဲသွားသည်။ ရာဇပလ္လင်ပေါ်တွင် ဖုန်တစ်ထပ် တက်သွားသလိုမျိုးပင်။
နောင်တစ်ချိန် တစ်ယောက်ယောက်က ကံကောင်းထောက်မစွာဖြင့် ထိုနေရာကို ရောက်လာခဲ့လျှင်ပင် ရာဇပလ္လင်ပေါ်မျ ထိုပြာမှုန့်များကို လျစ်လျူရှုထားမိမည်မှာ သေချာ၏။ ရာဇပလ္လင်ကိုသာ ရတနာတစ်ခုအဖြစ် သတ်မှတ်ပြီး ပြာမျာကို လက်ဖြင့်သုတ်ပစ်လိုက်ပေမည်။
...
...
နယ်မြေနှစ်ခုလုံး၏ကောင်းကင်ထက်၊ ကြယ်ရောင်များအောက်တွင်။
တုန်းဖန်လျူလီက သူ၏ဘေးတွင် ရုတ်တရက်ပေါ်လာသော လူရိပ်ကို မြင်သောအခါ သဘာဝကျကျပင် လက်မောင်းကို ချိတ်တွယ်လိုက်ပြီး ပြောလိုက်သည်။
"အကုန်လုံး ဖြေရှင်းပြီးသွားပြီလား။"
"အင်း။ သွားရအောင်။ အိမ်ပြန်ကြမယ်။" မုန့်ချင်ကျိုးက အများကြီးမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထိုစကားကိုကြားသောအခါ တုန်းဖန်လျူလီက နားမလည်နိုင်စွာ ခေါင်းစောင်းသွားပြီး မည်သူမှ ဂရုမစိုက်တော့သည့် တစ်ခုတည်းသောတည်ရှိမှုကို လက်ညှိုးထိုးပြကာ မေးလိုက်၏။
"အဲဒါကရော။ ရှင်တို့တွေ အလုအယက်လုနေကြတာလေ။ အနိုင်ရဖို့အတွက် မနည်းကြိုးစားခဲ့ရတာကို အခုကျတော့... ဒီလိုပဲ လွယ်လွယ်ကူကူ စွန့်ပစ်ခဲ့တော့မလို့လား။"
မုန့်ချင်ကျိုးက ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်သောဟန်ပန်ဖြင့် ပြန်ဖြေလိုက်သည်။
"လိုချင်တဲ့လူရှိရင် ယူသွားလို့ရတယ်။ ဘယ်သူမှ မလိုချင်ရင်တော့ တစ်နေ့နေ့ ကိုယ် စိတ်အခြေအနေ ကောင်းလာတဲ့ အချိန်ကျမှပဲ လာကြည့်ဖြစ်ရင် ကြည့်တော့မယ်။"
ထိုနေရာအရောက် သူတို့နှစ်ယောက်လုံးက နည်းနည်းရယ်စရာကောင်းနေသလို ခံစားလိုက်ရသည်။
အသေအကြေလုယက်နေခဲ့ကြသော ရတနာကြီးက ယခုတော့ အမှိုက်တစ်စလို စွန့်ပစ်ခံလိုက်ရလေပြီ။
သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက်။
ဟင်းလင်းပြင်ထဲမှမျက်နှာတစ်ခု ပေါ်ထွက်လာပြီး တစ်ခုတည်းသောတည်ရှိမှုကို စောင်းငဲ့ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"တကယ် ပါးနပ်လွန်းတယ်။"
"ဒီမဟာကျင်းဧကရာဇ်က အပြင်ပန်းကကြည့်ရင် စိတ်မြန်လက်မြန်နိုင်ပေမယ့် တကယ်တမ်းကျတော့ ဆံခြည်မျှင်လောက်သေးငယ်တဲ့ အရာလေးကအစ သေချာဂရုစိုက်တတ်တယ်။ ကောင်းကင်ကြည့်ဆောင်က အကြိမ်ကြိမ်းမျှားခဲ့ပေမယ့် သူ့ကို တစ်ခါမှမျှားလို့မမိခဲ့ဘူး။"
"နယ်မြေနှစ်ခုရဲ့စစ်ပွဲဆိုတာ သူ့အတွက် သီးသန့်ဖန်တီးပေးထားတာ။ သူက ကံကြမ္မာအာဏာစက်ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ဖို့မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့အထိ နယ်မြေနှစ်ခုက အရင်ပုံစံအတိုင်းပဲ ရှိနေသေးတယ်။"
"နှစ်သောင်းချီကြာအောင်အစီအစဉ်ချခဲ့တဲ့ တစ်ခုတည်းသောတည်ရှိမှုကရော... နောက်ဆုံးကျတော့ ပန်းတိုင်ရောက်ခါနီးလေးမှာ သူ နောက်ဆုတ်သွားပြန်ပြီ။"
"တကယ်ကို... မျှားရခက်တဲ့ကောင်ပဲ။"
ထိုသို့ပြောပြီးနောက်။
ဟင်းလင်းပြင်ထဲကမျက်နှာက နေရာတစ်ခုကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"စစ်ဟိုင်၊ နောက်တစ်ဆင့် ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။"
စက္ကန့်အနည်းငယ် ရပ်တန့်သွားပြီးနောက်တွင် အဖြေတစ်ခု ရလိုက်ပုံရသည်။
ဟင်းလင်းပြင်ထဲမှမျက်နှာက အနည်းငယ် တုံ့ဆိုင်းသွားသည်။
"အတင်းအကျပ် သရဖူဆောင်းပေးမလို့လား။"
"စန်းလန်၊ မင်းရော ဘယ်လိုထင်လဲ။"
"မင်းလည်း သဘောတူတယ်ပေါ့..."
"ဒါဆိုရင် ချင်းလွမ်ကို နှိုးဖို့အတွက် ပြင်ဆင်ကြစို့။ နောက်ဆုံးအဆင့်ကိုလုပ်ဆောင်ပြီး မဟာကျင်း ဧကရာဇ်ကို နောက်ဆုံးဇာတ်သိမ်းဆီ ပို့ပေးလိုက်ကြတာပေါ့။”
...