အခန်း ၄၁၆
Vol. 29 Ch. 416
အပိုင်း(၄၁၆) စစ်ပွဲအပြီးစီမံချက်များနှင့် ရွာကိုပြန်ဖွင့်ခြင်း
အပြန်လမ်းခရီးတွင်။
မုန့်ချင်ကျိုးသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ကောင်းကောင်းသိနေသည်။
မည်သို့ပင် ဖြစ်စေကာမူ အဆုံးသတ်တိုက်ပွဲမှာ ယနေ့တွင် ရောက်ရှိလာတော့မည် ဖြစ်သည်။
အကြောင်းရင်းမှာ အခြားမဟုတ်။ ဆက်လက်ပြီး အချိန်ဆွဲနေပါက တစ်ခုတည်းသောတည်ရှိမှုသည် ချည်နှောင်ထားမှုများမှ ရုန်းထွက်သွားမည်ဖြစ်ပြီး ကောင်းကင်တာအိုကို မည်သို့မျှ ကန့်သတ်နိုင်တော့မည် မဟုတ်သောကြောင့်ပင်။
"ကံကောင်းတာက အရမ်းကြီး မဆိုးရွားခဲ့ဘူး၊ အပြင်မှာကျန်ရစ်ခဲ့တဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူ (၂၅)ယောက်ထဲက တစ်ဝက်ကျော်လောက် ဆုံးရှုံးခဲ့ရပေမယ့် တစ်ဖွဲ့လုံးတော့ မပျက်စီးသွားခဲ့ဘူး။" တုန်းဖန်လျူလီက ဆိုသည်။
သူတို့သည် တောရိုင်းမြေ ကမ်းရိုးတန်းသို့ ရောက်ရှိလာပြီး၊ သေသည်အထိ ခိုင်မာစွာရပ်တည်နေခဲ့သည့် ချူရှီရန်ကို မြင်တွေ့လိုက်ရသည့်အပြင် စုချင်ချိုး၊ လီကွမ်ယန်နှင့် ချုံးမိန်တို့ကိုလည်း မြင်တွေ့လိုက်ရသည်။
မဟာကျင်းနှင့်အတူ ခရီးရှည်ကြီးကို အတူဖြတ်သန်းလာခဲ့ကြသည့် အရာရှိများမှာ ဆက်လက်၍ အသက်ရှင်နေဆဲ ဖြစ်သည်။
"ဧကရာဇ် ပြန်လာပြီ။ ဒီလုယက်ပွဲကြီးမှာ ဧကရာဇ် အနိုင်ရသွားပြီ။" လူအများသည် သူတို့နှစ်ဦး ပြန်လာသည်ကို မြင်သောအခါ အားတက်သရော ဖြစ်သွားကြသည်။
ကောင်းကင်တာအို၏ကြံစည်မှုမှာ ပျက်ပြားသွားပြီး ရှေးခေတ်နှင့် နှောင်းခေတ်မှ ရန်သူကြီးများအားလုံး ရှုံးနိမ့်သွားခြင်းမှာ အကောင်းဆုံးသောအဆုံးသတ်ပင် ဖြစ်သည်။
ချုံးမိန် သတိပြန်လည်လာပြီး မုန့်ချင်ကျိုးကိုကြည့်ကာ ပြုံးလိုက်သည်။
"သခင်ကြီး၊ အိမ်ပြန်ရောက်တာကို ကြိုဆိုပါတယ်။"
မုန့်ချင်ကျိုးလည်း ပြုံးလျက် ခေါင်းညိတ်ကာ ချူရှီရန်၏ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ၏ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။
"မိသားစုခေါင်းဆောင်ချူရဲ့ ရုပ်ကလာပ်ကို ကောင်းကင်ပြည်နယ် တုန်းမင်နယ်မြေဆီ ပို့ပေးလိုက်ပါ။ ဘိုးဘေးတွေရဲ့ ကျောင်းဆောင်ထဲမှာ ချူမိသားစုရဲ့ဘိုးဘေးတွေနဲ့အတူ မြှုပ်နှံပေးလိုက်။"
လီကွမ်ယန် ရှေ့သို့ထွက်လာပြီး ဆိုသည်။ "ကျွန်တော် လုပ်လိုက်ပါ့မယ်။"
"ပင်ပန်းသွားပြီ။" မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းနည်းသည့်အရိပ်အယောင် လုံးဝမရှိပေ။
လူတိုင်းက လီကွမ်ယန် ချူရှီရန်၏ရုပ်ကလာပ်ကို သယ်ဆောင်သွားသည်ကို တိတ်ဆိတ်စွာဖြင့် ကြည့်နေကြသည်။ ဘေးတွင်စောင့်ဆိုင်းနေသော ချူမိသားစုဝင်များနှင့်အတူ ကောင်းကင်ပြည်နယ်သို့ အတူတူ သွားကြသည်။
ချူမိသားစုဝင်များ၏ မျက်လုံးများ နီရဲနေသော်လည်း သူတို့၏မျက်နှာအမူအရာမှာမူ အလွန်ပင် ဂုဏ်ယူနေကြသည်။
မိသားစုခေါင်းးဆောင်မှာ လူသားမျိုးနွယ်အတွက် နောက်ဆုံးခွန်အားအထိ အသုံးပြုသွားခြင်းဖြစ်ရာ ၎င်းမှာ ဂုဏ်ယူစရာပင်။
ဘိုးဘေးတုန်းမင်ကို အရှက်မရစေခဲ့ပေ။ ချူမိသားစုကို အရှက်မရစေခဲ့ပေ။
မည်သူမျှမငိုကြွေးကြဘဲ သူရဲကောင်းတစ်ဦး၏ အောင်ပွဲခံပြန်လာခြင်းကို ပို့ဆောင်ပေးနေသည့်အလား ဖြစ်နေသည်။
လေးနက်ပြီး မြင့်မြတ်လှ၏။
...
ခူကျင်းက အရေးတကြီးဖြင့် စကားပြောရန်ပြင်လိုက်သည်။
မုန့်ချင်ကျိုးက လက်ကာပြကာ ရပ်တန့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "အခြေအနေတွေကို ငါ သိပြီးသားပါ။"
"ဟွေ့နန်းက ကောင်းကင်ဘေးဒဏ်ကို တားဆီးပေးခဲ့ပြီးတော့ ကောင်းကင်တာအိုရဲ့ ဖိနှိပ်မှုအားလုံးကို လက်ခံခဲ့တာ။ ဒါဟာ အန္တရာယ် ဖြစ်သလို အခွင့်အရေးလည်း ဖြစ်တယ်။"
"လက်ရှိအခြေအနေမှာ ဟွေ့နန်းက ဆက်ပြီးတော့ တောင့်ခံနိုင်သေးတယ်၊ ဒါကြောင့် သူ့ကို ဂရုမစိုက်နဲ့။ စကြဝဠာအပြင်ဘက်ကိုသွားပြီးတော့ စောင့်ကြည့်ဖို့ လူလွှတ်လိုက်ပါ။ ဟွေ့နန်းကိုယ်ခန္ဓာ ပျက်စီးတော့မယ့် အရိပ်အယောင်တွေ့တာနဲ့ ဒီဓားအဆောင်ကို အသက်သွင်းလိုက်။ ဒါဆိုရင် သူ့ကို ကယ်တင်နိုင်လိမ့်မယ်။"
ပြောရင်းဖြင့် မုန့်ချင်ကျိုးက ဓားပုံစံအဆောင်တစ်ခုကို ပေးလိုက်သည်။
ခူကျင်းက ပြတ်သားစွာ ရှေ့သို့ထွက်လာပြီး လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။ "ကျွန်တော် ဟွေ့နန်းကို စောင့်ရှောက်ပါ့မယ်။ သူနိုးထလာတဲ့အထိ ဒီတာဝန်ကို ကျွန်တော့်ဆီ ပေးအပ်ဖို့ တောင်းဆိုပါတယ်။"
မုန့်ချင်ကျိုး ခေါင်းညိတ်ပြီး ဓားပုံစံအဆောင်ကို ပေးအပ်ကာ မှာကြားလိုက်သည်။
"သေချာမှတ်ထား။"
"မဖြစ်မနေ အခြေအနေမဟုတ်ရင် လုံးဝဝင်မစွက်ဖက်နဲ့။"
"ဟွေ့နန်းသာ ဒီဒုက္ခကို ကျော်ဖြတ်နိုင်ရင် ဇန်တာအို ပေါ်ပေါက်လာပြီးတော့ အချိန်ကြာလာတာနဲ့အမျှ သူက နှောင်းခေတ်ရဲ့ စတုတ္ထမြောက် တာအိုသက်သေပြသူ ဖြစ်လာနိုင်တယ်။"
နှောင်းခေတ်၏ ပထမဆုံး တာအိုသက်သေပြသူမှာ မုန့်ချင်ကျိုး ဖြစ်သည်။
ဒုတိယမှာ လီတိုင်ယွမ်၊ တတိယမှာ တုန်းဖန်လျူလီ ဖြစ်သည်။
ယခုအခါ မုန့်ချင်ကျိုးက ဟွေ့နန်းသည် စတုတ္ထမြောက် ဖြစ်လာနိုင်သည်ဟု ပြောလိုက်ခြင်းမှာ နေရာရှိ လူတိုင်းကို အံ့အားသင့်သွားစေ၏။
အငယ်ဆုံး ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူက အခြားသူတွေကို ကျော်တက်ပြီးတော့ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြတော့မှာလား။။
ဧကရာဇ်ပြောစကားကို မည်သူမျှ မသံသယရှိကြပေ။ ဧကရာဇ်၏စကားမှာ အမှန်တရားသာ။
"ခူကျင်း သိပါပြီ။" ခူကျင်းက အသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက်။
ခူကျင်းလည်း ထွက်ခွာသွားပြီး ဟွေ့နန်းကို စောင့်ရှောက်ရန် စကြဝဠာအပြင်သို့ သွားရောက်ခဲ့သည်။
...
...
"စုချင်ချိုး၊ ဝမ်စန်းကျား၊ လျန်ချွီ၊ ဝူဟွေ့..."
"မင်းတို့တွေအားလုံး ကိုယ့်တာဝန်ရှိတဲ့နေရာတွေကို ပြန်သွားကြပြီးတော့ မဟာကျင်းတိုင်းပြည်ရဲ့ ဥပေဒတွေတွေကို ပြန်ထိန်းသိမ်းကြ။ နောက်ပြီး အမှောင်ခေတ်ကုန်ဆုံးသွားပြီလို့ ကမ္ဘာကို ကြေညာလိုက်ပြီး လူတွေရဲ့စိတ်နှလုံးကို နှစ်သိမ့်ပေးလိုက်ပါ။"
မုန့်ချင်ကျိုးက ဆက်လက်အမိန့်ပေးသည်။
စုချင်ချိုးနှင့် အခြားသူများမှာ အမိန့်ကိုနာခံပြီး ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များဖြင့် မိမိတို့ တာဝန်များကို ဆက်လက် ထမ်းဆောင်ရန် ထွက်ခွာသွားကြသည်။
မကြာမီပင်။
နေရာတွင် ချုံးမိန်၊ တုန်းဖန်လျူလီနှင့် မုန့်ချင်ကျိုးတို့သာ ကျန်တော့သည်။
"သခင်ကြီး၊ ကျွန်မကော။ ကျွန်မအတွက် ဘာတာဝန်များ ရှိသေးလဲ..." ချုံးမိန်က မုန့်ချင်ကျိုးကို မျှော်လင့်ချက်ဖြင့် ကြည့်နေသည်။
"မင်းလား။"
မုန့်ချင်ကျိုးက မေးစေ့ကိုပွတ်သပ်ရင်း ချုံးမိန်ကို မည်သည့်အလုပ် ပေးရမည်ဖြစ်ကြောင်း ချက်ချင်း မဆုံးဖြတ်နိုင် ဖြစ်နေသည်။
အလုပ်မပေးလျှင် ထိုကလေးမလေးက လျှောက်တွေးနေလိမ့်မည်။
"အိုး။"
"ကောင်းကင်နယ်ပယ်တစ်ပိုင်း တာအိုသက်သေပြတော့မှာလား။ သတိမထားမိလိုက်ဘူး။ စတုတ္ထမြောက် တာအိုသက်သေပြသူက ဘယ်သူဖြစ်မလဲဆိုတာ မသေချာသေးဘူးပဲ။"
မုန့်ချင်ကျိုးက ချုံးမိန်သည် ကောင်းကင်နယ်ပယ်တစ်ပိုင်းသို့ တိတ်တဆိတ် ရောက်ရှိနေပြီး တာအိုသက်သေပြရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း သတိပြုမိသွားသည်။
ဤအချက်ကို တွေးမိသောအခါ။
မုန့်ချင်ကျိုးက အချိန်-နေရာလွတ် တာအို၏ ကောင်းကင်နယ်ပယ်အတွေ့အကြုံများကို စိတ်အာရုံဖြင့် ကျောက်ပြားပေါ်တွင်ကူးယူပြီး ချုံးမိန်ကိုပေးလိုက်ကာ ပြောသည်။
"အမြန်ဆုံး ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြ။ ဒါက မကြာခင် မင်း ပြီးမြောက်ရမယ့် တာဝန်ပဲ။"
"တာဝန်ကို လုံးဝထမ်းဆောင်ပါ့မယ်။" ချုံးမိန်က အလွန်ပင် ဝမ်းသာသွားပြီး ကျောက်ပြားကို လက်ခံယူလိုက်သည်။
သူ၏သခင်ကြီးကို စိတ်ပျက်မသွားစေရန် ချုံးမိန်သည် အချိန်မနှေးစေဘဲ ချက်ချင်းခွင့်တောင်းပြီး ရှေးဟောင်းနတ်ဘုရားမြို့တော်သို့ပြန်သွားကာ တံခါးပိတ်ကျင့်ကြံ၍ တာအိုသက်သေပြရန် ပြင်ဆင်တော့သည်။
တုန်းဖန်လျူလီက ဘေးမှ ပြုံးရွှင်စွာကြည့်နေပြီး သူတို့နှစ်ဦးသာ ကျန်ရှိချိန်တွင် မေးလိုက်သည်။
"ဧကရာဇ်၊ ကျွန်မအတွက်ကော တာဝန်ရှိသေးလား။"
"ရှိတယ်။" မုန့်ချင်ကျိုးက ခေါင်းညိတ်သည်။
တကယ်ပဲ ရှိတာလား။
တုန်းဖန်လျူလီ မှင်သက်သွားပြီး မျက်မှောင်များကျုံ့သွားကာ မျက်လုံးထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ ပေါ်လာသည်။ "ဒါဆို ဧကရာဇ်က ဒီမိန်းမငယ်လေးကို ဘာအလုပ်ခိုင်းဖို့ ပြင်ထားတာလဲ။"
သို့သော်။
မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏လက်ကလေးကို ဆွဲကိုင်ကာ အေးဆေးစွာပြုံးရင်း ပြောလိုက်သည်။
"ပစ္စုပ္ပန်ကျေးရွာကို ဖွင့်လိုက်တော့မယ်။ အန်းအန်းကို အိမ်ပြန်ခေါ်ကြတာပေါ့။"
ထိုစကားကိုကြားသောအခါ တုန်းဖန်လျူလီ မှင်သက်သွားပြီးနောက် မျက်ရည်များဝဲလာကာ ခေါင်းကို အပြင်းအထန် ညိတ်လိုက်သည်။ "အင်း။ ကောင်းတယ်။"
ပစ္စုပ္ပန်ကျေးရွာကို ချိပ်ပိတ်ခဲ့စဉ်က ထာဝရခွဲခွာခြင်းဟု သူ ထင်ခဲ့မိသည်။
အကြောင်းမှာ ထိုအချိန်က အခြေအနေမှာ အလွန်တင်းမာနေပြီး ကောင်းကင်တာအို နိုးထလာကာ ရှင်းလင်းရေးပြင်ဆင်နေပြီး ရန်သူများပေါ်လာကာ နတ်ဘုရားများအားလုံး နိုးထလာပြီး ကောင်းကင်ကြည့်ဆောင် ပေါ်လာရင်း လီတိုင်ယွမ်က ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနေကာ အန္တရာယ်များစွာသည် မဟာကျင်းတိုင်းပြည်ကို ဝိုင်းရံနေ၍ပင်။
မဟာကျင်းတိုင်းပြည် ဤမျှလောက် တောင့်ခံနိုင်မည်ဟု မည်သူမှ မထင်ခဲ့မိကြပေ။
ရွာသူရွာသားများက ထုတ်မပြောသော်လည်း စိတ်ထဲတွင်တော့ ဤအမှောင်ခေတ်ကြီးက မဟာကျင်း တိုင်းပြည်၏ နောက်ဆုံးအချိန်ဟု ထင်နေကြသည်။
၎င်းကို အံ့ဖွယ်ရာတစ်ခုအလား ဖြတ်ကျော်နိုင်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ထိခိုက်ဒဏ်ရာများ ရှိခဲ့သော်လည်း ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ ပိုကောင်းနေခဲ့သည်။
...
...
မဟာကျင်းတိုင်းပြည်။
မြို့တော်။
နန်းတော်တွင်။
မုန့်ချင်ကျိုးသည် လက်ချောင်းများကိုစုစည်းကာ နေရာလွတ်ကို ညင်သာစွာ ထိလိုက်သည်။ မည်သည့် ကြီးမားသောစွမ်းအားမှ မလိုအပ်ဘဲ ပေါ့ပါးစွာထိလိုက်ရုံဖြင့် ပစ္စုပ္ပန်ကျေးရွာကို အချိန်-နေရာလွတ် မြစ်ထဲမှ ဆွဲထုတ်လိုက်သည်။
၎င်းက နန်းတော်၏မြေပုံပေါ်တွင် ပြန်လည်ပေါ်လာပြီး ကြားထဲတွင်လစ်ဟာနေသောနေရာကို ပြန်လည် ဖြည့်ဆည်းပေးလိုက်သည်။
"ဖွင့်။" မုန့်ချင်ကျိုးက စကားတစ်လုံးတည်း ပြောလိုက်သည်။
ပစ္စုပ္ပန်ကျေးရွာ၏တံခါးပေါက်မှာ နှစ်ပေါင်းများစွာပိတ်ထားသော ရှေးဟောင်းကြေးဝါတံခါးကြီး တစ်ခုအလား တဖြည်းဖြည်းပွင့်လာပြီး အလင်းတန်းလေး တစ်ခုကို ဖော်ပြလိုက်သည်။
တံခါးပေါက် အပြည့်အဝ ပွင့်သွားသည်နှင့်။
ပစ္စုပ္ပန်ကျေးရွာက လက်ရှိကမ္ဘာကြီးထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားပြီး နန်းတော်၏ နယ်မြေထဲ အရင်အတိုင်းဖြစ်သွားကာ အရင်ကနှင့် ဘာမှမခြားနားပေ။
မုန့်ချင်ကျိုးနှင့် တုန်းဖန်လျူလီတို့သည် ရွာထိပ်တွင် ရပ်နေကြသည်။
ရွာထဲတွင် စည်ကားနေဆဲ ဖြစ်သည်။ တွမ့်ယာက အရင်အတိုင်း ကုက္ကိုလ်ပင်အောက်တွင်ထိုင်နေပြီး ကလေးတွေကို ပုံပြင်ပြောပြနေကာ ကလေးတွေမှာ အံ့သြစွာဖြင့် အော်ဟစ်နေကြသည်။
မိန်းကလေးငယ် တစ်ဦးကလည်း ကုလားထိုင်လေးပေါ်မှာ ထိုင်နေပြီး ဘာမှမဖြစ်သလို တည်ငြိမ်နေကာ မျက်လုံးများမှာလည်း အလင်းရောင်ကင်းမဲ့နေသည်။
သူ အရင်က အကြိုက်ဆုံးပုံပြင်များကိုပင် ယခုတော့ ဘာမှမခံစားရတော့ပေ။
တွမ့်ယာက တစ်ခါတစ်ရံ သူ့ကို လှမ်းကြည့်လိုက်ပြီးနောက် မိန်းကလေးငယ်၏ ဝမ်းနည်းနေပုံကို မြင်တော့လည်း ဘာမှမတတ်နိုင်သဖြင့် သက်ပြင်းချလိုက်သည်။
"အန်းအန်း၊ ဒေါ်လေးဝူတျဲ သမီးကြိုက်တဲ့ ဝက်သားနီချက် လုပ်ပေးမယ်လေ။" ဝူတျဲက မိန်းကလေးငယ်၏ဘေးတွင် ထိုင်ကာ နူးညံ့စွာ မေးလိုက်သည်။
မုန့်အန်းအန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ဒေါ်လေး ဝူတျဲ။"
ပါးစပ်ကသာ ပြောနေသော်လည်း မျက်နှာတွင်တော့ မည်သည့်အမူအရာမှမရှိပေ။ (၁၁)နှစ်အရွယ် ကလေးမလေးဖြစ်သော်လည်း သူ၏မျက်နှာတွင် အပြုံးလေးတစ်ချက်ပင် မတွေ့ရပေ။
ငယ်စဉ်ကတည်းက မုန့်အန်းအန်းမှာ အထီးကျန်စွာ ကြီးပြင်းလာခဲ့ရပြီး မိဘများနှင့်လည်း အတူနေချိန် နည်းပါးလှသည်။
ဖခင်မေတ္တာ၊ မိခင်မေတ္တာဆိုသည်မှာ သူ့အတွက်တော့ အလွန်ဝေးကွာသော စကားလုံးများပင်။
သို့သော်လည်း မုန့်အန်းအန်းက သိသည်။ သူ၏မိဘများက သူ့ကို စွန့်ပစ်ခဲ့ခြင်း မဟုတ်သလို၊ မချစ်၍လည်း မဟုတ်ပေ။ သူ၏မိဘများက သူ့တစ်ယောက်တည်း၏မိဘများ မဟုတ်ဘဲ မဟာကျင်းတိုင်းပြည်၏ မဏ္ဍိုင်များဖြစ်သလို လူသားမျိုးနွယ်တစ်ခုလုံး၏ မျှော်လင့်ချက်များ ဖြစ်သောကြောင့်ပင်။
သာမန်မိသားစုများလို မိဘများကို သူတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်မရှိကြောင်း သူ သိသည်။
မုန့်အန်းအန်း၏အတွေးများ လွင့်မျောသွားပြီး ပုံပြောဆရာ၏ပုံပြင်များက သူ၏နားထဲတွင် ပျောက်ကွယ်သွားသည်။
ရုတ်တရက်။
မုန့်အန်းအန်းက ခေါင်းငုံ့လျက် မျက်နှာကိုမမြင်ရဘဲ တိုးတိုးလေး ပြောလိုက်သည်။
"ဒေါ်လေးဝူတျဲ၊ ဖေဖေ မေမေတို့ တကယ်ပဲ ပြန်မလာတော့တာလား..."
"သူတို့က ပစ္စုပ္ပန်ကျေးရွာကို ကမ္ဘာငယ်လေးတစ်ခုအဖြစ်ပြောင်းပြီး အချိန်-နေရာလွတ် မြစ်ကြောင်းထဲ ထည့်လိုက်ပေမယ့် သူတို့ကတော့ အပြင်မှာကျန်ရစ်ပြီး ဒုက္ခတွေကို တစ်ယောက်တည်း ရင်ဆိုင်နေကြတယ်။"
"သမီး သိပါတယ်။ အဲဒီဘေးဒုက္ခတွေက ဖေဖေနဲ့မေမေတို့ ရင်ဆိုင်နိုင်တဲ့ အတိုင်းအတာထက် ကျော်နေလို့သာ သူတို့ ဒီလိုလုပ်တာလေ။"
ဝူတျဲ မှင်သက်သွား၏။ အသက်ငယ်သေးသော ကလေးမလေး တစ်ေယာက်၏ စိတ်ထဲတွင် ဤကဲ့သို့ အတွေးများ များနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။ သူက အားမလိုအားမရ ပြုံးလိုက်ပြီး ပြောသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သမီးရဲ့ ဖေဖေနဲ့မေမေက အရမ်းကို အစွမ်းထက်ကြတာ။ ကမ္ဘာမှာ သူတို့ကို ယှဉ်နိုင်မယ့်သူ မရှိဘူး။"
မုန့်အန်းအန်းက ခေါင်းယမ်းပြီး တိုးတိုးလေးပြောလိုက်သည်။
"မလိမ်ပါနဲ့။"
"သမီး ကြည့်တာနဲ့သိတယ်။ ဒေါ်လေးဝူတျဲ၊ ပုံပြောဆရာ၊ ပြီးတော့ ရွာထဲက တခြားလူကြီးတွေအားလုံး၊ တစ်ခါတလေ လျှို့ဝှက်ပြီးဆွေးနွေးကြတာ။ ဘာပြောနေလဲ မကြားရပေမယ့် မြင်ရတာက သိသာနေတယ်..."
"ဒေါ်လေးတို့တစ်ယောက်စီရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်မဲ့တဲ့အရောင်တွေ စီးကျနေတာပဲ။"
"ရွာထဲကလူကြီးတွေက မဟာကျင်းတိုင်းပြည်ရဲ့ အမြင့်ဆုံးအဆင့်တွေပဲ။ သူတို့က ရန်သူက ဘယ်သူလဲဆိုတာ သိသလို ဖေဖေနဲ့မေမေတို့အပေါ်မှာလည်း ယုံကြည်မှု ပျောက်ဆုံးသွားပြီ မဟုတ်လား။"
ဝူတျဲ တိတ်ဆိတ်သွား၏။ ဖြေရှင်းပေးချင်သော်လည်း ဘာမှပြန်မပြောနိုင်ဘဲ စိတ်ထဲမှနေ၍ အားမလိုအားမရ ဖြစ်နေရသည်။
အန်းအန်းက ဉာဏ်ကောင်းလွန်းတယ်။
တစ်ချက်ကြည့်ရုံနဲ့ အမှန်တရားကို ခန့်မှန်းသိရှိနိုင်လောက်အောင် ဉာဏ်ကောင်းတယ်။
ကလေးတစ်ယောက်ကို လှည့်စားသလိုမျိုး လှည့်စားဖို့ကြိုးစားနေတာက အန်းအန်းရဲ့ဉာဏ်ရည်ကို စော်ကားရာ ရောက်တယ်။
"ဖေဖေနဲ့မေမေတို့..." မုန့်အန်းအန်းက ရုတ်တရက် ပြောလိုက်သည်။ သူ၏အသံမှာ တုန်ရီနေပြီး စကားမပြောရဲဘဲ အမှန်တရားဖြစ်လာမှာကို ကြောက်ရွံ့နေပုံရသည်။ အတော်အတန်ကြာမှ ဖြည်းဖြည်းချင်း ပြောထွက်လိုက်သည်။
"တကယ်ပဲ... ပြန်မလာတော့မှာလား။"
တောက်။
မျက်ရည်တစ်စက်က ပါးပြင်ပေါ်သို့ ကျဆင်းလာသည်။
မုန့်အန်းအန်းက ခေါင်းငုံ့ထားပြီး ဆံပင်များက ဖုံးကွယ်သွားသဖြင့် မျက်နှာကိုမမြင်ရပေ။
သေးငယ်လှသော ခန္ဓာကိုယ်လေးမှာ တုန်ရီနေ၏။
"မ...မဟုတ်ပါဘူး။" ဝူတျဲ၏မျက်နှာမှာ ဖြူရော်သွားပြီး လန့်ဖြန့်နေကာ စကားလုံးများကို မရှာတတ်တော့ဘဲ အကျိုးမရှိသော စကားများသာ ပြောနေမိတော့သည်။
ထိုအချိန်မှာပင်။
နွေးထွေးလှသော လက်ဝါးကြီးတစ်ခုက မုန့်အန်းအန်း၏ခေါင်းပေါ်သို့ ရောက်ရှိလာသည်။
မုန့်အန်းအန်း၏ တုန်ရီနေသောခန္ဓာကိုယ်လေး ရုတ်တရက် ရပ်တန့်သွားသည်။ ဖိထားသော မျက်နှာပေါ်တွင် အလင်းရောင်များ ပေါ်လာသည်။ သူက မော့ကြည့်ချင်သော်လည်း အိပ်မက်ဖြစ်နေမည်ကို ကြောက်နေသည်။
ထိုသူက မုန့်အန်းအန်းဘေးမှ လွတ်နေသောနေရာတွင် ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။
ထို့နောက် သူ၏ခေါင်းကို ပွတ်သပ်ရင်း ပခုံးပေါ်သို့ မှီစေလိုက်သည်။
"ဖေဖေ ရှိနေတယ်လေ။ မေမေက အိမ်မှာဟင်းချက်နေတယ်။ ပုံပြင်ပြောတာပြီးရင် အိမ်မှာ အတူတူ ထမင်းစားကြမယ်လေ။" လူငယ်၏အသံမှာ နက်ရှိုင်းပြီး နူးညံ့လှ၏။
မုန့်အန်းအန်းက လူငယ်၏လည်ပင်းကို အတင်းဖက်တွယ်လိုက်ပြီး မျက်နှာကို ပခုံးပေါ်တွင်မြှုပ်ကာ ခေါင်းကို အပြင်းအထန် ညိတ်လိုက်သည်။ "အင်း။"
ငိုသံကြောင့် ဘာစကားမှ ဆက်မပြောနိုင်တော့ပေ။
လူငယ်က အရင်အတိုင်းပင် ကလေးတွေကြားထဲတွင် ထိုင်နေပြီးနောက် အလင်းရောင်ကင်းမဲ့နေသော မျက်လုံးဖြင့် စင်ပေါ်မှ ပုံပြောဆရာကို ငေးကြည့်နေသည်။
အချင်းချင်း စိုက်ကြည့်နေကြသကဲ့သို့ပင်။
ပုံပြောဆရာ၏ အနည်းငယ်တောင့်တင်းပြီး အတုအယောင်ဖြစ်နေသောအပြုံးမှာ တောက်ပသော အပြုံးအဖြစ် ပြောင်းလဲသွားပြီးနောက် သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် မှုတ်ထုတ်လိုက်တော့သည်။
လူငယ်လေး ပေါ်လာသည်နှင့်တစ်ပြိုင်နက်။
ပစ္စုပ္ပန်ကျေးရွာတွင် မည်သည့်အပြောင်းအလဲမှ မရှိပေ။ အော်ဟစ်ဝမ်းသာသူလည်းမရှိ၊ ကြိုဆိုသူလည်း မရှိ။ စည်ကားသိုက်မြိုက်မှုလည်း မရှိပေ။
သာမန်အတိုင်းပင် ဖြစ်သော်လည်း ပစ္စုပ္ပန်ကျေးရွာအထက်တွင် လွှမ်းခြုံထားသော အမှောင်ထုမှာ လူငယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့သည်။
...