အခန်း ၄၁၇
Vol. 29 Ch. 417
အပိုင်း(၄၁၇) မဏ္ဍိုင်လေးခု၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း
ညနေခင်းအချိန်။
ကောင်းကင်ယံရှိတိမ်တိုက်များက မီးဟုန်းဟုန်းတောက်နေသည့်အလား လှပနေသည်။ နေမင်းကြီးက အဝေးဆီမှတောင်တန်းများနောက်သို့ ပုန်းကွယ်သွားပြီး တစ်ဝက်တစ်ပျက်သာပေါ်နေကာ ရှက်သွေးဖြာနေသော မိန်းမပျိုလေး၏ပါးပြင်အလား နီရဲနေ၏။
ကျေးလက်ကျောက်ပြားခင်းလမ်းပေါ်တွင် မုန့်ချင်ကျိုးက ခေါင်းတစ်လုံးစာခန့်ပုသော မုန့်အန်းအန်း၏ လက်ကိုဆွဲကာ အစိမ်းရောင်အုတ်ကြွပ်မိုးထားသည့် အိမ်လေး၏တံခါးကို တွန်းဖွင့်လိုက်သည်။
မီးဖိုချောင်မှ မီးခိုးငွေ့များ တလူလူ ထွက်ပေါ်နေသည်။
တုန်းဖန်လျူလီက ထုံးစံအတိုင်း အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဟင်းနှစ်ပွဲကို ကိုင်ထားသည်။ မုန့်ချင်ကျိုးနှင့်အတူပြန်ပါလာသော မုန့်အန်းအန်းကိုမြင်သောအခါ သူက ပြုံးပြီးပြောလိုက်သည်။
"ပြန်လာကြပြီလား။ လက်ဆေးပြီး ထမင်းစားကြတော့။"
ထမင်းစားပွဲတွင်။
မုန့်အန်းအန်း အလွန်တက်ကြွနေပုံရသည်။ သူက အလွန်ပင် ထက်မြက်လေသည်။ ဤဘေးဒုက္ခကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်၍ အတော်ကြာသည်အထိ အန္တရာယ်ကြီးကြီးမားမား မရှိနိုင်တော့ကြောင်း သူ သိနေသည်။
ခွေးဝါကြီးက ရွာထဲရွာပြင် တစ်ပတ်လှည့်ပတ်ပြီးနောက် နတ်ဘုရားစွမ်းအင်ကိုသုံးကာ တောရိုင်းမြေသို့ သွားရောက်လည်ပတ်ခဲ့သည်။ မိတ်ဆွေဟောင်းများစွာကိုတွေ့ခဲ့ရသော်လည်း ရဟန်းငယ်၏ အရိပ်အယောင်ကိုမျှ မတွေ့ရသောကြောင့် ကမန်းကတန်း ပြန်ပြေးလာပြီး ဟောင်လေတော့သည်။ "ဝုတ်... ဝုတ်"
"ဝူတျဲ... ဝါကြီးက ဘာတွေဆူညံနေတာလဲ။" မုန့်ချင်ကျိုးက မေးလိုက်သည်။
ဝူတျဲက ဝိညာဉ်တာအိုကို ကျွမ်းကျင်ပြီး မျိုးနွယ်စုပေါင်းစုံ၏ ဘာသာစကားများကို နားလည်နိုင်သည်။ ထိုအထဲတွင် နေမင်းအရှင်သခင်၏ခွေးစကားလည်း ပါဝင်သည်။
"နေမင်းအရှင်သခင်က ရဟန်းငယ် ဘယ်မှာလဲလို့ မေးနေတာပါ။" ဝူတျဲက အမှန်အတိုင်း သတင်းပို့လိုက်သည်။
ထိုစကားကိုကြားသော် မုန့်ချင်ကျိုး၏ ဟင်းခပ်နေသောလှုပ်ရှားမှုက အနည်းငယ် ရပ်တန့်သွားသည်။ သို့သော် မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။ "သူက တံခါးပိတ် ကျင့်ကြံနေတာ၊ သူ့ကို သွားမနှောင့်ယှက်နဲ့။"
နေမင်းအရှင်သခင်၏မျက်နှာတွင် မယုံကြည်ဟန်များ အပြည့်ပေါ်နေသည်။ ၎င်းက အခွင့်အရေးရခိုက် ခိုးထွက်သွားပြီး ရဟန်းငယ်၏သတင်းကို နေရာအနှံ့တွင် စုံစမ်းခဲ့သည်။ နောက်ဆုံးတွင် အမှန်တရားကို သိရှိသွားသောအခါ ပစ္စုပ္ပန်ရွာလေးသို့ တိတ်ဆိတ်စွာပြန်လာခဲ့ပြီး မှိုင်တွေညှိုးငယ်သွားတော့သည်။
၎င်က တကယ်ကို စဉ်းစား၍မရနိုင်ပေ။ ရဟန်းငယ်လို ဗုဒ္ဓတာအို၏ မြင့်မြတ်သားတော်နှင့်မတူဘဲ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းကာ နောက်ပြောင်တတ်သောကောင်လေးက အဘယ်ကြောင့် ဤသို့သော ကိစ္စမျိုးကို လုပ်နိုင်ရသနည်းဟု တွေးနေမိသည်။
...
ညမိုးချုပ်သွားလေပြီ။
မုန့်အန်းအန်းသည် မိခင်ဖြစ်သူ၏အဖော်ပြုပေးမှုဖြင့် ဧကရာဇ်အရုပ်လေးကို ပွေ့ဖက်ကာ အိပ်မက်ကမ္ဘာထဲ ဝင်ရောက်သွားပြီ ဖြစ်သည်။
ကြယ်ရောင်များတောက်ပနေသော ခြံဝင်းထဲရှိမဏ္ဍပ်လေးတွင်။
မုန့်ချင်ကျိုး လက်နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။ သူက ငွေလမင်းကြီးကို မော့ကြည့်နေပုံရပြီး လေပြေအဝှေ့တွင် နားသယ်စပ်မှ ဆံပင်စလေးများလွင့်ဝဲနေကာ မျက်နှာအမူအရာမှာ အေးချမ်းတည်ငြိမ်နေ၏။
ဒေါက်... ဒေါက်...
ခြံတံခါး ခေါက်သံထွက်ပေါ်လာသည်။
နေမင်းအရှင်သခင်၏အမြီးတွင် ကြိုးတစ်ချောင်း ချည်ထားပြီး တံခါးမင်းတုပ်နှင့် ဆက်သွယ်ထားသည်။ အမြီးကို တစ်ချက်ပင့်လိုက်သည်နှင့် ခြံတံခါးက ချက်ချင်း ပွင့်သွားလေသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ကျွန်တော် ကျိရှန်းး အရိုအသေပေးပါတယ်။" လီကျိရှန်းးက တံခါးအပြင်ဘက်တွင် ရပ်နေကာ အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
မုန့်ချင်ကျိုးက အေးဆေးစွာပင် မေးလိုက်သည်။
"ကိစ္စရှိလို့လား။"
လီကျိရှန်းးသည် အရိုအသေပေးနေသည့် ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားရင်း ပြောလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်နဲ့အတူ ခဏလောက်လိုက်ခဲ့ပေးဖို့ ပြောပါရစေ။ လူတစ်ယောက်က အရှင်မင်းကြီးကို တွေ့ချင်နေလို့ပါ။"
"ငါ မသွားဘူးဆိုရင် ဘာဖြစ်မလဲ။" မုန့်ချင်ကျိုးက မေးခွန်းထုတ်လိုက်သည်။
လီကျိရှန်းးက ခေါင်းကို မြေပြင်ဆီသို့ ငုံ့ထားလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် တောက်ပပြီး ရိုးသားဖြူစင်ဟန်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
"တိုင်ယွမ် သေမယ်။ လျူလီ ထွက်ပေါ်လာမယ်။"
"ကောင်းကင်တာအိုက အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီးတော့ ဧကရီက ထီးနန်းတက်ပြီး ဧကရာဇ်အဖြစ် ခံယူလိမ့်မယ်။"
"ဒါက အရှင်မင်းကြီးမြင်ချင်တဲ့ ဇာတ်သိမ်းမျိုးမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။"
ထိုစကားကိုကြားသောအခါ မုန့်ချင်ကျိုးက ခေါင်းအနည်းငယ်ညိတ်ကာ ပြောသည်။ "ကောင်းပြီလေ။ ငါ သွားပြောလိုက်ဦးမယ်။"
အမှန်ပင်။
ကောင်းကင်တာအို အချုပ်အနှောင်မှ လွတ်လာခြင်းဖြစ်စေ၊ ဧကရီ ထီးနန်းတက်လာခြင်းဖြစ်စေ။ နှစ်ခုလုံးသည် သူ မြင်တွေ့လိုသောအခြေအနေမျိုး မဟုတ်ပေ။
လီကျိရှန်းးက ခါးကို ဖြည်းညင်းစွာမတ်လိုက်ပြီးနောက် ပြုံးလျက်ပြောလိုက်သည်။ "အရှင်မင်းကြီး သဘောအတိုင်းပါပဲ။"
"မိန်းမ။ ကိုယ် အပြင်ခဏသွားဦးမယ်။ လီမိသားစုရဲ့ကလေးက သူတို့ဘိုးဘေးလီယဲ့ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ပေးဖို့ ကိုယ့်ကို လာပင့်နေလို့။ ဒီညတော့ ကိုယ် ပြန်လာအိပ်ဖြစ်မှာ မဟုတ်ဘူး။"
မုန့်ချင်ကျိုးက တုန်းဖန်လျူလီထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။
ဘေးဘက်အခန်းတွင်။
တုန်းဖန်လျူလီ၏မျက်နှာပေါ်တွင် မိခင်မေတ္တာ၏နူးညံ့သိမ်မွေ့မှုများ လွှမ်းခြုံနေသည်။ အသံလှိုင်းကို လက်ခံရရှိသောအခါ သူက သံသယမရှိဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။
"သွားလေ။ ကျွန်မကိုယ်စား လီယဲ့ကို အမွှေးတိုင်လေး ထွန်းပေးလိုက်ပါဦး။"
"ဒါနဲ့... စောစောပြန်လာခဲ့နော်။ မဟုတ်ရင် မနက်ဖြန်မနက် အန်းအန်း သူ့အဖေကိုမတွေ့ရင် ထပ်ပြီး ဆူညံနေဦးမယ်။"
ထိုကိစ္စများ ပြီးစီးသွားသောအခါ မုန့်ချင်ကျိုးသည် ခေါင်းကိုလှည့်ကာ ဟာလာဟင်းလင်းဖြစ်ပြီး နက်ရှိုင်းသော မျက်ဝန်းများဖြင့် လီကျိရှန်းးကို စိုက်ကြည့်ရင်း ပြောသည်။ "လမ်းပြလေ။"
...
...
ပစ္စုပ္ပန်ရွာလေး၏ ကျေးလက်လမ်းမပေါ်တွင် တစ်ခါတစ်ရံ လူအချို့ ဖြတ်လျှောက်သွားတတ်သည်။
တွမ့်ယာက ကြေးမောင်းကိုကိုင်ကာ တီးခတ်ရင်း ညကင်းအဖြစ် တာဝန်ယူကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသည်။ "သန်းခေါင်ယံရောက်ပြီ မီးတွေငြိမ်းကြပါ။ မီးဘေးအန္တရာယ်ကို သတိပြုကြပါဗျို့..."
ရုတ်တရက်။
တွမ့်ယာ၏မျက်နှာချင်းဆိုင်မှ အရပ်ရှည်ရှည်တစ်ယောက်နှင့် အရပ်ပုပုတစ်ယောက် အရိပ်နှစ်ခု လျှောက်လာသည်ကိုမြင်သဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လက်ယှက်ကာ ပြောလိုက်သည်။ "ကျွန်တော် တွမ့်ယာက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။" ၏
"အရှင်မင်းကြီး ညသန်းခေါင်ကြီး အပြင်ထွက်လာတာ ဘာကိစ္စများရှိလို့ပါလဲ။ ပြဿနာတစ်ခုခုရှိရင် ကျွန်တော့်ကို လွှဲပေးလို့ရပါတယ်။"
စကားပြောနေစဉ် တွမ့်ယာသည် အပြုံးများဝေဆာနေသော လီကျိရှန်းးကို တစ်ချက်ကြည့်လိုက်ပြီး သတိမပြုမိနိုင်လောက်အောင် မျက်မှောင်ကြုတ်သွားကာ မျက်ဝန်းထဲ စူးစမ်းလိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
သူ့စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။
"ထူးဆန်းလိုက်တာ။ ဒီကောင်လေး... သူ့ရဲ့ကံကြမ္မာလမ်းကြောင်းက အကြီးအကျယ် သွေဖည်နေတယ်။ လူတစ်ယောက်က ဝင်စွက်ဖက်ထားသလိုပဲ။"
မုန့်ချင်ကျိုးက လက်ကာပြလိုက်ပြီး အေးဆေးစွာဖြင့် ပြောလိုက်သည်။ "မလိုပါဘူး။ ဘိုဘေးလီယဲ့ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့ကိစ္စမို့ ငါကိုယ်တိုင်ပဲ ကိုင်တွယ်သင့်ပါတယ်။"
တွမ့်ယာက ခေါင်းညိတ်ကာ လမ်းဖယ်ပေးလိုက်ပြီး သူတို့နှစ်ဦး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်နေလိုက်သည်။
သူ သိပ်အများကြီး မတွေးတောတော့ပေ။ ယခုအခါ ခေတ်ကောင်းကြီး ရောက်ရှိလာတော့မည်ဖြစ်ပြီး အဓိကရန်သူကြီးများအားလုံးနီးပါးကို ရှင်းလင်းပြီးဖြစ်ရာ မည်သည့်အန္တရာယ်မှ ရှိနိုင်တော့မည် မဟုတ်ပေ။
လမ်းဆက်လျှောက်လာရင်းနှင့် ရှေ့မှ လူတစ်စု ပေါ်လာသည်။ လမ်းတစ်လျှောက် ငွေစက္ကူတုများ ကြဲချလာပြီးနောက်တွင် ရွာသားလေးယောက်က အခေါင်းတစ်ခုကိုထမ်းကာ ရွာထိပ်ဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားနေကြသည်။
တွမ့်ယာက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ သံသယဖြင့် မေးလိုက်သည်။ "ဒါက..."
အရှေ့ဆုံးမှ ရွာသားတစ်ဦးသည် လက်ထဲတွင် ပန်းချီကားတစ်ချပ်ကို ကိုင်ဆောင်ထားပြီး နှုတ်ခမ်းကို စူကာ အချက်ပြလိုက်သည်။
"ဘိုးဘေးလီယဲ့ ကွယ်လွန်သွားပြီ။ ဓားသခင်မစုက သူ့ရဲ့ရုပ်အလောင်းကို ကောင်းကင်ပြည်နယ်ဆီ ပို့ပေးလိုက်ပြီ။ အခေါင်းထဲမှာက ဘိုးဘေးလီယဲ့ရဲ့ မသေခင်က အမွေအနှစ်တွေပါ။ ကောင်းကင်ပြည်နယ်ကိုပို့ပြီး အတူတူ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတာပါ။"
ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်။
တွမ့်ယာ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက်ကျုံ့သွားပြီး နဖူးမှ ချွေးစေးများထွက်လာကာ လည်ချောင်းများ ခြောက်သွေ့သွားသည်။ လီယဲ့၏ပန်းချီကားကို ကြည့်ရင်း သူသည် တစ်ခဏမျှ နေရာမှာပင် ကြက်သေသေသွားတော့သည်။
အသုဘပို့မည့်လူအုပ်ကြီးက သူ့ဘေးမှ ပွတ်တိုက်ကာ ရှေ့သို့ ဆက်လျှောက်သွားကြသည်။
"နေကြဦး။" တွမ့်ယာက အော်ပြောလိုက်သည်။
အသုဘပို့မည့်အဖွဲ့ ရပ်တန့်သွားပြီး လီမိသားစုဝင်အချို့က နောက်လှည့်ကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် သူ့ကို ကြည့်လိုက်ကြသည်။
"ဘာကိစ္စရှိလို့လဲ။" လူတစ်ယောက်က မေးလိုက်သည်။
တွမ့်ယာက အနည်းငယ် တောင့်တင်းနေသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ဟန်လုပ်ရယ်မောကာ ပြောလိုက်သည်။
"အရှင်မင်းကြီး မှာထားတယ်။ မဟာကျင်းတိုင်းပြည်က အခုမှ သမိုင်းတစ်လျှောက် မကြုံစဖူးတဲ့ ဘေးဒုက္ခဆိုးကြီးကို ကျော်လွှားထားရုံပဲရှိသေးတယ်။ အခုချိန်က တိုင်းပြည်ရဲ့ အောင်ပွဲခံချိန်အခါသမယဖြစ်လို့ ဘယ်အသုဘကိစ္စမဆို ယာယီရပ်ဆိုင်းထားရမယ်တဲ့။ ခင်ဗျားတို့အခေါင်းကို အရင်ပြန်သယ်သွားလိုက်ကြပါ။"
"ဒါကို ဘယ်သူ့ကိုမှ အသိမပေးပါနဲ့။ ဘယ်သူမေးမေး ဘာမှမပြောကြနဲ့နော်။"
အသုဘပို့သည့်အဖွဲ့က ထိုစကားကို ကြားသောအခါမှ သဘောပေါက်သွားကြသည်။
"ဪ... ဒီလိုကိုး။ သတိပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒါဆိုလည်း အချိန်တစ်ခုရောက်မှပဲ ဘိုးဘေးလီယဲ့အတွက် အသုဘပို့ကြတာပေါ့။"
"ပြန်ကြတော့။" တွမ့်ယာသည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီးနောက် လက်ကို ခပ်ရွဲ့ရွဲ့ ယမ်းပြလိုက်သည်။
အသုဘပို့သည့်အဖွဲ့ လမ်းတစ်လျှောက် ပြန်သွားသည်ကို စောင့်ကြည့်ပြီးနောက်တွင် တွမ့်ယာသည် လမ်းအဆုံးသို့ နောက်လှည့်ကြည့်လိုက်ရာ ထိုအရပ်ရှည်ရှည်နှင့် အရပ်ပုပု အရိပ်နှစ်ခုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"အရင်ဆုံး ကောင်းးကင်ထောက်တိုင်နယ်ပယ်၊ ပြီးတော့ ကောင်းကင်နယ်ပယ်။"
"အဲဒီရှင်းလင်းရေးနှစ်ခုက အမြည်းသဘောပဲ ရှိသေးတယ်..."
"နောက်ဆုံးဇာတ်သိမ်းက အရှင်မင်းကြီးတစ်ယောက်တည်းအတွက် ပြင်ဆင်ထားတာများလား။"
တွမ့်ယာက လက်ချောင်းများကိုချိုးကာ ဟောကိန်းထုတ်လိုက်သည်။ သုံးစက္ကန့်ပင် မပြည့်သေးခင်မှာပင် ရုတ်တရက် သွေးအန်ထွက်လာပြီး သူ၏အသက်ရှူသံများ ချက်ချင်း အားပျော့သွားသည်။
"တွက်ချက်လို့မရဘူး။ အဖြစ်အပျက်ရဲ့ ထောင့်စွန်းလေးတစ်ခုလောက်ကိုတောင် လှမ်းကြည့်လို့မရဘူး။"
"ရန်သူက တကယ်တမ်း ဘယ်သူများလဲ။"
တွမ့်ယာသည် မိမိကိုယ်ကိုယ် တီးတိုးရေရွတ်လိုက်သည်။
"လီကျိရှန်းး... ဘိုးဘေးချင်းလွမ်ရဲ့ မဟာတာအို။"
"နေပါဦး..."
"ဒါမှမဟုတ် ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုများလား။"
တွမ့်ယာ၏လက်ဖျားခြေဖျားများ တုန်ယင်လာပြီး ချွေးစေးများ ဒလဟော ကျဆင်းလာသည်။ သူက ပိုတွေးလေလေ ပို၍ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရလေလေဖြစ်သည်။
သေဆုံးသွားသင့်တဲ့လူတွေက တကယ်ပဲ ပြန်ရှင်လာကြတာလား။
သူက ရှေ့ဆက်ရမလို နောက်ဆုတ်ရမလိုဖြစ်နေပြီး ဘာလုပ်ရမှန်း မသိတော့ပေ။
"အရှင်မင်းကြီးကို ကူညီပြီးတော့ ဖုံးကွယ်ပေးရမလား။ ဒါမှမဟုတ် ဒီကိစ္စကို ဧကရီဆီကိုပဲ သွားလျှောက်တင်ရမလား။" တွမ့်ယာက မျက်မှောင်ကို အတင်းကုတ်ထားသည်။
နောက်ဆုံးတွင် သူက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။
"အရှင်မင်းကြီးက မပြောချင်ဘူးဆိုမှတော့ ဒီနောက်ဆုံးဇာတ်သိမ်းကို တခြားလူတွေ ဝင်စွက်ဖက်လို့ မရဘူးဆိုတာ သက်သေပြနေတာပဲ။ အပြင်ကို ပြောပြလိုက်ရင်လည်း ပြဿနာတွေ ပိုများလာရုံပဲ ရှိမှာပေါ့။"
"ထားလိုက်ပါတော့လေ။"
...
...
မြို့တော်အပြင်ဘက်။
အရိပ်နှစ်ခုက ကျယ်ဝန်းသော မြို့တော်လမ်းမကြီးပေါ် လျှောက်သွားနေပြီး တစ်ယောက်နှင့်တစ်ယောက် တိတ်ဆိတ်စွာ နေနေကြသည်။
အချိန် မည်မျှကြာသွားသည်မသိ။ မုန့်ချင်ကျိုးက ရုတ်တရက် မေးလိုက်သည်။
"အခု မင်းက လီကျိရှန်းးလား။ ဒါမှမဟုတ် ဘိုဘေးချင်းလွမ်လား။"
လီကျိရှန်းးက အံ့သြသွားသည့်အမူအရာ လုံးဝမရှိဘဲ အေးဆေးစွာ ပြုံး၍ပြောလိုက်သည်။
"နှစ်ခုလုံးပါပဲ။"
"အစကတည်းက အခုချိန်ထိ ကျွန်တော်က လီကျိရှန်းးပါပဲ။ ဘိုးးဘေးချင်းလွမ်လည်း ဟုတ်တယ်။"
"အရှင်မင်းကြီးရဲ့မျက်နှာအမူအရာကို ကြည့်ရတာတော့ ကြိုသိနေတဲ့ပုံပဲ။ ဘယ်အချိန်ကတည်းက သိသွားတာလဲဆိုတာ မေးခွင့်ပြုပါ။"
မုန့်ချင်ကျိုး၏ မျက်နှာအမူအရာက ရေပြင်လိုတည်ငြိမ်နေပြီး မဆိုင်းမတွပင် ဖြေလိုက်သည်။
"ကောင်းကင်တာအို နိုးထလာတဲ့ အချိန်ကတည်းကပဲ။"
ဆိုလိုသည်မှာ နှစ်သောင်းချီကြာအောင် သေဆုံးနေခဲ့သော ထိုအဘိုးကြီးများက သေဟန်ဆောင်ပြီး ကောင်းကင်တာအိုကို လှည့်စားနိုင်ခဲ့ကြသည်။ လူသားဧကရာဇ်ခေတ်၏ မဏ္ဍိုင်ကြီးများ ဖြစ်နေပါလျက်နှင့် ဤမျှ လွယ်လွယ်ကူကူ အဆုံးသတ်သွားရန် မည်သို့ဖြစ်နိုင်မည်နည်း။
"အရှင်မင်းကြီးရဲ့ ဉာဏ်ပညာကို လေးစားမိပါတယ်။"
လီကျိရှန်းးက အပြုံးကို ရုပ်သိမ်းလိုက်ပြီး ရေခန်းနေသောရေတွင်းဟောင်းတစ်ခုပမာ တည်ငြိမ်သွားကာ သူ၏မျက်ဝန်းများထဲ လောကဓံ၏အခက်အခဲများကို ဖြတ်သန်းခဲ့ရသော အရိပ်အယောင်များ ပြည့်နှက်သွား၏။
မုန့်ချင်ကျိုးက ဖွဖွလေးပြုံးလိုက်ပြီး မေးးသည်။ "မင်း ငါ့ကို ဘယ်ခေါ်သွားမလို့လဲ။"
"ရှေ့လမ်းမှာစောင့်နေတာက ကျန်တဲ့မဏ္ဍိုင်သုံးခုလား။"
လီကျိရှန်းက ပြောလိုက်သည်။ "အရှင်မင်းကြီး စိတ်အေးအေးထားပါဦး။ ခဏနေရင် သိရမှာပါ။"
ထိုစကားကိုကြားသော် မုန့်ချင်ကျိုးက စကားဆက်မပြောတော့ဘဲ တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် အသံထွက်ကာ ရယ်မောလိုက်သည်။
မျိုးနွယ်စု(၄)ခုသည် ဤနှစ်များအတွင်း မနည်းတောင့်ခံထားရသည်ကို ပြန်လည်တွေးကြည့်မိသည်။ မျိုးနွယ်စု(၄)ခု၏ ခေါင်းဆောင်များက အခြေခံအားဖြင့် အကုန်သေကုန်ကြပြီ ဖြစ်လေသည်။ လီတိုင်ယွမ် တစ်ယောက်တည်းသာကျန်ရစ်တော့ပြီး သူ၏ဇာတ်သိမ်းသည်လည်း သိပ်လှမည်မဟုတ်ချေ။
သို့သော် သူတို့၏ဘိုးဘေးများကတော့ အန္တရာယ်ကင်းကင်းနှင့် အသက်ရှင်နေကြဆဲပင်။
မျိုးနွယ်စု(၄)ခုမှ မိသားစုဝင်များသာ သိသွားပါက မည်သို့ခံစားရမည်ကို မသိနိုင်ပေ။ ဤကမ္ဘာကြီးက တကယ်ကို စိတ်ဝင်စားစရာ မကောင်းတော့ပေ။
သူတို့နှစ်ဦးက တောရိုင်းမြေနယ်စပ်သို့ရောက်ရှိလာပြီး လှေတစ်စင်းကိုစီးကာ ကောင်းကင်ပြည်နယ်သို့ ခရီးဆက်ခဲ့ကြသည်။
အဆုံးအစမဲ့ပင်လယ်ပြင်တွင် လှေငယ်တစ်စင်းသည် ရေပြင်ပေါ်၌ အလျင်အမြန်ပြေ ရွေ့လျားနေသည်။ ပင်လယ်အောက်ခြေရှိ ဧရာမသတ္တဝါကြီးများက ရေနက်ပိုင်းသို့ အလျင်အမြန် ငုပ်လျှိုးသွားကြသည်။ ရေပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သက်ရှိနှစ်ပါးရှိနေကြောင်းကို ၎င်းတို့ အာရုံခံသိရှိနိုင်ကြသည်။
အမြဲတမ်း လှိုင်းထန်ပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကြီးသည် ယခုအချိန်တွင်မူ ထူးထူးခြားခြား တည်ငြိမ်နေသည်။ လေလည်းမတိုက်သလို လှိုင်းလည်းမရှိပေ။
လီကျိရှန်းးက သက်ပြင်းချရင်း ပြောလိုက်သည်။
"ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းမြေကြားက အဆုံးအစမဲ့ ပင်လယ်ပြင်ဆိုတာ တစ်ချိန်တုန်းက ကျွန်တော်နဲ့ ကျန်တဲ့ညီအစ်ကိုသုံးယောက် စစ်တိုက်ခဲ့တဲ့နေရာလေ။ နတ်ဘုရားတွေနဲ့စစ်ပွဲကို အဆုံးသတ်ခဲ့တာ ဒီနေရာမှာပါပဲ။"
"အဲဒီစစ်ပွဲက တကယ်ကို ကြမ်းကြုတ်လွန်းတယ်။ နတ်ဘုရားတွေတင် မကဘူး။ မျိုးနွယ်စုပေါင်းစုံရဲ့ အကြွင်းအကျန်တွေ၊ နတ်ဘုရားတွေရဲ့ သွေးမျိုးဆက်တွေ အကုန်ပါဝင်ကြတယ်။ ကောင်းကင်နယ်ပယ် အယောက် ၄၀၊၅၀လောက် ရောယှက်တိုက်ခိုက်ခဲ့ကြတာ။ ကောင်းကင်နဲ့မြေကြီးကိုတောင် ကွဲထွက်သွားအောင် တိုက်ခဲ့ကြလို့ အခုလို တောရိုင်းမြေနဲ့ ကောင်းကင်ပြည်နယ်ရယ်လို့ ဖြစ်လာတာပေါ့။"
မုန့်ချင်ကျိုးက အနည်းငယ် အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။
"ကောင်းကင်နယ်ပယ် အယောက် ၄၀၊၅၀ ဟုတ်လား။ ငါသိသလောက်တော့ လူသားဧကရာဇ်ခေတ်မှာ ကောင်းကင်နယ်ပယ်က (၁၀)ယောက်တည်း ရှိတာလေ။ မင်းတို့ (၁၀)ယောက်က အယောက်(၃၀)ကျော်ကို ပြန်တိုက်ပြီး နောက်ဆုံးတော့ နိုင်သွားသေးတယ်ပေါ့။"
လီကျိရှန်းး၏ မျက်နှာငယ်လေးပေါ်တွင် ဂုဏ်ယူဝင့်ကြွားသောအမူအရာများ ပေါ်လာပြီး သူ့ကိုယ်သူ အထင်ကြီးစွာဖြင့် ပြောလိုက်သည်။
"ဒါပေါ့။"
"လူသားဧကရာဇ်နဲ့ မိဖုရားကြီးတို့ရဲ့ နတ်ဘုရားစွမ်းအင်က ပြိုင်ဘက်ကင်းတယ်။ တစ်ယောက်တည်းနဲ့ (၁၀)ယောက်ကို တိုက်ခိုက်နိုင်တာ။ ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုကလည်း တစ်ယောက်ကို (၁၀)ယောက် တိုက်နိုင်တဲ စွမ်းရည်တွေ ရှိကြတော့ ရှုံးချင်ရင်တောင် ခက်ခဲလှတယ်။"
"အဲဒီတုန်းက ထူးခြားပြောင်မြောက်ခဲ့တဲ့အချိန်ကာလတွေကို ပြန်တွေးကြည့်ရင်တော့ တကယ်ကို လွမ်းဆွတ်စရာကောင်းတာပဲ။"
ထိုနေရာသို့ရောက်သောအခါ လီကျိရှန်းး ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး သက်ပြင်းချလိုက်သည်။
"ဝမ်းနည်းစရာပဲ..."
"နောက်ပိုင်းကျမှ ကျွန်တော်တို့ သိလိုက်ရတာကတော့ လူသားမျိုးနွယ် ကြီးပွားတိုးတက်လာနိုင်တာ ကျွန်တော်တို့ ဘယ်လောက်ရဲရင့်သလဲဆိုတာအပေါ် မူတည်နေတာ မဟုတ်ဘူး။ တကယ်တော့..."
"အရာအားလုံးက ကောင်းကင်တာအိုရဲ့ အလိုတော်အတိုင်း ဖြစ်နေခဲ့တာပါပဲ။"
မုန့်ချင်ကျိုးက စူးစမ်းလိုစိတ်ဖြင့် ဆက်မေးလိုက်သည်။
"ဘာအဓိပ္ပာယ်လဲ။"
လီကျိရှန်းးက ခါးသီးစွာဖြင့် ပြုံးလိုက်သည်။
"လွယ်လွယ်ပြောရရင် နတ်ဘုရားခေတ်ကြီးက ပုံပျက်ပန်းပျက်ဖြစ်ပြီး ကောက်ကွေ့လာတယ်။ သူတို့က ပိုပိုပြီးတော့ မောက်မာလာကြတယ်။ နတ်ဘုရားတွေရဲ့ အထွတ်အထိပ်ကာလတုန်းက ကောင်းကင်နယ်ပယ် တစ်ထောင်ကျော်တောင် ရှိခဲ့တာလေ။ တဖြည်းဖြည်းနဲ့ ရှေးဟောင်းကောင်းကင်ခံရုံးလိုပုံစံမျိုး ဖြစ်လာခဲ့တယ်။"
"လမ်းဆုံးကို ရောက်သွားတဲ့အခါကျရင် ရှေ့ဆက်တက်လို့ မရတော့ဘူး။ အဲဒီတော့ နတ်ဘုရားတွေက တစ်ခုတည်းသောတည်ရှိမှုအပေါ်ကို မျက်စိကျလာကြတယ်။ နောက်ဆုံးမှာတော့ ကောင်းကင်တာအိုကို ဒေါသထွက်စေခဲ့ပြီး ကောင်းကင်တာအိုကိုယ်တိုင်ဆင်းလာပြီး အဲဒါတွေကို ဖျက်ဆီးပစ်ခဲ့တယ်။"
"အထွတ်အထိပ်အဆင့် နတ်ဘုရားတစ်ထောင်ကျော်ထဲမှာ (၄)ပါးပဲ ချန်ထားခံရတယ်။"
"အဲဒီနောက်မှာ ကောင်းကင်ဘုံက လူသားမျိုးနွယ်ကို ထောက်ပံ့ပေးဖို့အတွက် ပြင်ဆင်ခဲ့တယ်။ လုပ်ငန်းစဉ်ကလည်း အချောအမွေ့ပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကောင်းကင်တာအိုက ပိုပြီးပါးနပ်လာတယ်။ အာဏာတွေကို အရင်လို လက်လွတ်စပယ်ခွဲမဝေပေးတော့ဘဲ လူသားဧကရာဇ်အာဏာလို့ခေါ်တဲ့ အရာတစ်ခုကို စုစည်းဖန်တီးလိုက်တယ်။ အဲဒါက နတ်ဘုရားတွေရဲ့အာဏာထက် အဆင့်မြှင့်ထားတဲ့ဗားရှင်းနဲ့ အတူတူပဲ။"
"ဒီအရာက ဂုဏ်ကျက်သရေဖြစ်သလို အရှက်ရစရာနဲ့ သော့ခလောက်တစ်ခုလည်း ဖြစ်နေပြန်တယ်။"
"အသန်မာဆုံးလူတစ်ယောက်ကို ရွေးချယ်ပြီး သူ့ကို ကျေးကျွန်အဖြစ် ပြောင်းလဲလိုက်တယ်။ ဒါဆိုရင် ကျန်တဲ့လူသားတွေ ဘယ်လောက်ပဲ ပြဿနာရှာရှာ ကြီးမားတဲ့ဂယက်ရိုက်ခတ်မှုမျိုး မလုပ်နိုင်တော့ဘူးလေ။ အဲဒါက အတော်လေး အစွမ်းမထက်ဘူးလား၊ မပါးနပ်ဘူးလား စဉ်းစားကြည့်လေ။"
မုန့်ချင်ကျိုးက အလွန်အမင်း အံ့သြသွားပြီး တီးတိုးရေရွတ်လိုက်သည်။
"လယ်ပိုင်ရှင်နဲ့ ကျေးကျွန်စနစ်ပေါ့လေ... တကယ်ကို အစွမ်းထက်တာပဲ။"
လူသားဧကရာဇ်က ကောင်းကင်တာအိုကို ပုန်ကန်ချင်ခဲ့ရခြင်းမှာ မဆန်းတော့ပေ။ အကြောင်းရင်းက မိဖုရာအတွက် လက်စားချေချင်ရုံတင်မက အဓိကမှာ ကောင်းကင်တာအို၏အုပ်ချုပ်မှုကို မှောက်လှန်ပစ်ပြီး ဤသော့ခလောက်ကို ကိုယ်တိုင်ဆွဲဖြတ်ချင်၍ ဖြစ်ပေမည်။ တစ်ပြိုင်နက်တည်းမှာပင် တစ်ရပ်လုံးသော လူသားမျိုးနွယ်အတွက် သော့ခလောက်ကို ဆွဲဖြတ်ပေးချင်၍လည်း ဖြစ်နိုင်ပေသည်။
"ဒါကြောင့်မို့လို့ လူသားဧကရာဇ်က ကောင်းကင်တာအိုကို စစ်ခင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာပေါ့။ မနိုင်ဘူးဆိုတာကို သိသွားတဲ့အခါ ကောင်းကင်ကိုပါ ဆွဲခေါ်ပြီးတော့ အတူတူပျက်စီးဖို့ ရွေးချယ်ခဲ့တယ်။ အသက်နဲ့ရင်းပြီး ဒဏ်ရာရစေခဲ့တယ်။ ကောင်းကင်တာအိုကို အိပ်မောကျသွားအောင် အတင်းအကျပ် လုပ်ခဲ့ပြီး လူသားမျိုးနွယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ပေးခဲ့တာလား။" မုန့်ချင်ကျိုးက မေးလိုက်သည်။
လီကျိရှန်းးက ခေါင်းညိတ်လိုက်သည်။
"အရှင်မင်းကြီး ခန့်မှန်းတာ ထပ်ပြီးတော့ မှန်သွားပြန်ပြီ။”
...