← Chapters

အခန်း ၄၁၈

Vol. 29 Ch. 418

အခန်း ၄၁၈

Vol. 29 Ch. 418

အပိုင်း(၄၁၈) ငါ လွန်မြောက်သွားပြီ။ ဘာအချုပ်အနှောင်မှ မရှိတော့ဘူး

ကောင်းကင်ပြည်နယ်။

ချောင်ရှန်းထျန်း။

တစ်ချိန်က ကျိမိသားစုပိုင်ဆိုင်ခဲ့သောနယ်မြေဖြစ်ပြီး ကျယ်ပြောလှသည့် တောင်တန်းကြီးတစ်ခုထဲတွင်။

ညအမှောင်ကိုအကာအကွယ်ယူပြီး လီကျိရှန်းက မုန့်ချင်ကျိုးကို တောင်ထိပ်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာတွင် ခြံဝင်းကျယ်ကြီးပါသော အိမ်တော်ကြီးတစ်ခုက မားမားမတ်မတ် ရှိနေ၏။

နံရံပေါ်ရှိ ဆေးများကွာကျနေပြီး ထောင့်ချိုးများတွင် ပင့်ကူအိမ်များ ယှက်နွယ်နေသည်။ ကြည့်ရသည်မှာ နှစ်ကာလကြာညောင်းနေပြီဖြစ်၍ ဟောင်းနွမ်းပျက်စီးနေပုံရသည်။

သို့သော် ၎င်း၏အကျယ်အဝန်းနှင့် အပြင်အဆင်ကိုကြည့်ပါက တစ်ချိန်က အလွန်ချမ်းသာကြွယ်ဝသော အိမ်ကြီးရှင်များဖြစ်ခဲ့မည်မှာ သေချာပြီး အလွန်ပင် ခမ်းနားထည်ဝါခဲ့ပေမည်။

"ကြွပါ၊ အရှင်မင်းကြီး။"

လီကျိရှန်းက လက်ကမ်းကာ ဖိတ်ခေါ်လိုက်သည်။

မုန့်ချင်ကျိုး၏အာရုံခံနိုင်စွမ်းက အိမ်တော်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဧည့်ခန်းမဆောင်ကြီးထဲ အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အငွေ့အသက်နှစ်ခုကို သူ သတိထားမိလိုက်သည်။ အကယ်၍ သူကိုယ်တိုင် ဤနေရာသို့ရောက်မလာဘဲ သေချာမစူးစမ်းခဲ့ပါက ကောင်းကင်နယ်ပယ်၏အထွတ်အထိပ် ကျင့်ကြံသူနှစ်ဦး ပုန်းအောင်းနေမည်ကို သူ လုံးဝ သိနိုင်မည်မဟုတ်ပေ။

သူက အိမ်တော်ဝင်းထဲသို့ဝင်ကာ မြင့်မားသော တံခါးခုံကို ကျော်ဖြတ်လိုက်သည်။

ဧည့်ခန်းမဆောင်ကြီးအရှေ့ဘက် ခြံဝင်းထဲတွင် ရုပ်တုကြီးတစ်ခုကို တည်ဆောက်ထားသည်။ သို့သော် မုန့်ချင်ကျိုးက ထိုရုပ်တုက မည်သူ၏ရုပ်တုဖြစ်မှန်းမသိသလို နတ်ဘုရားအာရုံသုံး၍ ပုံဖော်ကြည့်ရန်လည်း စိတ်မဝင်စားပေ။

အများကြီး တွေးနေစရာမလိုပေ။ ဤနေရာက ဧကရာဇ်နန်းတော် မဏ္ဍိုင်လေးခု ပုန်းခိုရာနေရာဖြစ်သဖြင့် လူသားဧကရာဇ်၏ရုပ်တုသာ ဖြစ်ရန်များသည်။

ဧည့်ခန်းမဆောင်ကြီးထဲတွင်။

ဂုဏ်သရေရှိ ထိုင်ခုံကြီးလေးလုံးကို ချထား၏။

အလယ်ရှိ ထိုင်ခုံနှစ်လုံးမှာ လွတ်နေပြီး ဘယ်နှင့်ညာဘက်တွင် အဘွားအိုတစ်ဦးနှင့် အဘိုးအိုတစ်ဦးတို့ အသီးသီး ထိုင်နေကြသည်။

လီကျိရှန်းက လွတ်နေသော ထိုင်ခုံတစ်လုံးဆီသို့လျှောက်သွားကာ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။

တာအိုအဆုံးသတ်ကို ရောက်နေသော တန်ခိုးရှင်ကြီး သုံးဦးသည် ဧည့်ခန်းမဆောင်ကြီးထဲတွင် နေရာယူထားပြီး ခြံဝင်းထဲတွင်ရပ်နေသော လူငယ်လေးကို အထက်စီးမှနေ၍ အကဲခတ်နေကြသည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်ကို ဂါရဝပြုပါတယ်။ နှစ်သောင်းချီကြာအောင် စောင့်ဆိုင်းခဲ့ရပြီး နောက်မှာတော့ တွေ့ခွင့်ရခဲ့ပါပြီ။ အရှင်က လူသားဧကရာဇ် အမြဲတမ်း တသသဖြစ်နေခဲ့ရတဲ့ ရှေ့ဆောင်ကြီးပေါ့။ တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်။"

အဘိုးအို၏လေသံမှာ အလွန်ပင် ရိုသေလေးစားမှုရှိသော်လည်း မတ်မတ်ထိုင်လျက် မလှုပ်မယှက်ဘဲ ဆက်ပြောလိုက်သည်။

"ကျုပ်က ဘိုးဘေးစန်းလန်ပါ။ မဏ္ဍိုင်လေးခုထဲ တတိယနေရာမှာ ရှိပါတယ်။"

အဘွားအိုကလည်း ဆက်၍ပြောလာသည်။

"ဘိုးဘေးစစ်ဟိုင်ပါ။ မဏ္ဍိုင်လေးခုထဲမှာ စတုတ္ထပါ။"

လီကျိရှန်းက ပြုံးလျက် ပြောသည်။

"ဘိုးဘေးချင်းလွမ်ပါ။ မဏ္ဍိုင်လေးခုထဲမှာ ဒုတိယပါ။"

နောက်တစ်ခဏတွင်။

ဟင်းလင်းပြင်ထဲမှမျက်နှာတစ်ခု ပေါ်ထွက်လာပြီး ချက်ချင်းဆိုသလို ပြောလိုက်သည်။

"ဘိုးဘေးတုန်းမင်ပါ။ မဏ္ဍိုင်လေးခုထဲ ပထမဖြစ်ပြီးတော့ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်ရာထူးကို ပူးတွဲတာဝန်ယူထားပါတယ်။"

ချက်ချင်းပင်။

လူရိပ်တစ်ခုက နေရာလွတ်ကိုဆွဲဖြဲကာ ထွက်ပေါ်လာသည်။ မတ်မတ်မတ်မတ် ကိုယ်ဟန်ရှိနေပြီး အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ မျက်နှာကို မျက်နှာဖုံးဖြင့် ကွယ်ဝှက်ထားသည်။

ဘိုးဘေးတုန်းမင်သည် ထိုင်ခုံကြီးရှေ့တွင်ရပ်ကာ ခြံဝင်းထဲရှိလူငယ်လေးကို မျက်နှာမူလိုက်သည်။

ရုတ်တရက် လက်နှစ်ဖက်ကို (၁၈)ဒီဂရီအထိ ဆန့်ထုတ်လိုက်ပြီးနောက် လက်သီးကိုဆုပ်ကာ ခါးကို (၉၀)ဒီဂရီ ညွှတ်ချ၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"လူသားမျိုးနွယ်ရဲ့ ရှေ့ဆောင်ကို ကျွန်ုပ်တို့ ဂါရဝပြုပါတယ်။"

ကျန်သုံးဦးတို့ကလည်း တစ်ပြိုင်နက် မတ်တတ်ရပ်ကာ ဘိုးဘေးတုန်းမင်နှင့်အတူ အရိုအသေ ပေးလိုက်ကြသည်။

"လူသားမျိုးနွယ်ရဲ့ ရှေ့ဆောင်ကို ကျွန်ုပ်တို့ ဂါရဝပြုပါတယ်။"

လူသားဧကရာဇ်ခေတ်က မဏ္ဍိုင်လေးခုသည် နောင်လာနောက်သားမျိုးဆက်ဖြစ်သည့် ဧကရာဇ်ကို အတူတကွ အရိုအသေပေးနေကြသည်ဟု အပြင်တွင် ပြောလိုက်ပါက တစ်လောကလုံးရှိ လူများသည် မေးစေ့ပြုတ်ကျလောက်အောင် အံ့သြသွားကြပေမည်။

ဤသို့ ထူးဆန်းအံ့သြဖွယ်ကောင်းသောမြင်ကွင်းက ယခုအခြေအနေတွင် အလွန်ယုတ္တိတန်နေပေသည်။

မုန့်ချင်ကျိုး၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှမရှိဘဲ လက်နှစ်ဖက်ကို ဘေးတွင်ချထားကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"ကိစ္စတွေက ဒီအခြေအနေထိရောက်နေမှတော့ ဟန်ဆောင်နေစရာ မလိုတော့ပါဘူး။"

"ငါ လာရဲတယ်ဆိုကတည်းက မင်းတို့နဲ့ အချိန်ဖြုန်းနေဖို့အစီအစဉ်မရှိဘူး။ တစ်ခုခု ဆုံးဖြတ်ချင်ရင် ငါ အဆုံးထိ ရင်ဆိုင်ပေးမယ်။ ဒါမှမဟုတ်..."

"မင်းတို့ကို သံသရာထဲ ပို့ပေးမယ်။ သေသင့်နေတဲ့လူတွေက ဘာဖြစ်လို့ အခုချိန်ထိ အသက်ရှင်နေ ကြသေးတာလဲ။"

သူတို့(၄)ဦးလုံး တိတ်ဆိတ်သွားပြီး တိတ်တဆိတ် ပြန်ထိုင်လိုက်ကြသည်။

ထိုင်ခုံကြီးလေးလုံးပေါ်ရှိ တာအိုအဆုံးသတ်ကို ရောက်နေသူ(၄)ဦး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ကမ္ဘာမြေကိုပင် မှောက်လှန်ပစ်ချင်နေပုံရသည်။

မုန့်ချင်ကျိုးထံမှ သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ထွက်ပေါ်လာသည်။

ထိုလူများက ယခင်လို မဏ္ဍိုင်လေးခု မဟုတ်ကြတော့ပေ။ သူတို့က မဖြူစင်တော့။

ထို့အပြင်။

နှစ်သောင်းချီကြာပြင်ဆင်လာခဲ့သော အစီအစဉ်ကြီးမှာ အစကတည်းက မိမိတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခဲ့ခြင်းဖြစ်ရာ ဟန်ဆောင်ပြီး သဘောကောင်းပြနေစရာ မလိုတော့ပေ။

ယခုအခါ သူက တာအိုအဆုံးသတ်ကို ရောက်ရှိနေပြီဖြစ်ရာ မည်သူ့ကိုမျှ ဟန်ဆောင်ပေါင်းသင်းနေစရာ မလိုတော့။

ဘိုးဘေးတုန်းမင်ဖြစ်သလို ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်လည်းဖြစ်သာ အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးရှင်က အေးဆေးစွာ ပြောလိုက်သည်။

"ညက အရှည်ကြီးပါ။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။"

"ဓားသူတော်စင်အနေနဲ့ ကျွန်ုပ်တို့က ဧကရာဇ်ကို လူသားမျိုးနွယ်ရဲ့ရှေ့ဆောင်မှန်း ဘယ်လိုသိသွားလဲ ဆိုတာကို သိချင်စိတ် မရှိဘူးလား။"

မုန့်ချင်ကျိုးက ဂရုမစိုက်စွာဖြင့် ဖြေလိုက်သည်။ "မသိချင်ပါဘူး။"

လူသားဧကရာဇ်က သူတို့ကို ပြောပြခဲ့တာပဲ ဖြစ်မှာပေါ့။ တခြား ဘာအကြောင်းပြချက် ရှိနိုင်ဦးမှာလဲ။

ဘိုးဘေးတုန်းမင်က ရယ်မောလိုက်ပြီး ပြောသည်။

"လူသားဧကရာဇ် ကိုးကွယ်ရိုသေပါတယ်လို့ပြောခဲ့တဲ့လူကို မနည်းတွေ့ခွင့်ရတုန်းလေး ဓားသူတော်စင်နဲ့ စကားနည်းနည်းလောက် ပြောချင်ပါသေးတယ်။"

"ဒီနေရာက ဘယ်နေရာလဲဆိုတာ ဓားသူတော်စင် သိပါသလား။"

ထိုစကားကိုကြားသော် မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါပြလိုက်သည်။

ဒီစကားရဲ့အဓိပ္ပာယ်အရ ဒီနေရာက တော်တော်လေး နောက်ခံသမိုင်းကြောင်း ရှိနေတာများလား။

ဘိုးဘေးတုန်းမင်၏ မျက်လုံးများက မျက်နှာဖုံးကို ဖောက်ထွက်ကာ ခြံဝင်းထဲတွင် မတ်မတ်ရပ်နေသော ရုပ်တုဆီသို့ ကြည့်လိုက်ပြီး အက်ကွဲသောအသံဖြင့် ရယ်မောလိုက်သည်။

"ဒီနေရာက အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ ဝတ်ပြုကျောင်းတော်ပဲ။"

"လူသားဧကရာဇ်က လူသားမျိုးနွယ်ရဲ့ခေတ်ကောင်းကြီးကို ဖန်တီးပြီးတဲ့နောက် ပထမဆုံးလုပ်ခဲ့တဲ့ အလုပ်က အရှင်မင်းကြီးအတွက် ဒီကျောင်းတော်ကို တည်ဆောက်ပေးခဲ့တာပဲ။ ဘာလို့လဲဆိုတော့ သူက ပြောခဲ့ဖူးတယ်။ အရှင်သာ မရှိခဲ့ရင် လူသားဧကရာဇ်ဆိုတာလည်း ရှိလာမှာမဟုတ်သလို လူသားတွေရဲ့ ခေတ်ကောင်းကြီးဆိုတာလည်း ရှိလာမှာမဟုတ်ဘူးတဲ့။"

"ဒါပေမဲ့ အရှင်မင်းကြီးရဲ့ တည်ရှိမှုနဲ့ ဒီကျောင်းတော်အကြောင်းကိုတော့ အပြင်ကိုလျှို့ဝှက်ထားခဲ့တယ်။"

"လူသားဧကရာဇ်တစ်ယောက်တည်းကပဲ နှစ်သစ်ကူးမတိုင်ခင်တိုင်း လာရောက်ပြီး အရိုအသေ ပေးခဲ့တယ်။ တစ်ကြိမ်လေးတောင် မပျက်ကွက်ခဲ့ဖူးဘူး။ ပထမဆုံးအကြိမ် ကောင်းကင်တာအိုကို စစ်ခင်းတာ ကျရှုံးပြီးတော့ လူသားဧကရာဇ် ရှုံးနိမ့်သွားချိန်မှာတောင် တိတ်တဆိတ်ပြန်လာပြီး အစီအစဉ်တွေ ချမှတ်ခဲ့တယ်။ ဒုတိယအကြိမ် ကောင်းကင်တာအိုကို စစ်မခင်းခင်မှာလည်း ဒီကိုလာပြီး အရိုအသေပေးသွားခဲ့သေးတယ်။"

ဤစကားများက မိုးကြိုးပစ်ချလိုက်သကဲ့သို့ နားထဲတွင် အသံများဆူညံသွားစေသည်။

ဝုန်းခနဲမြည်သံများက မုန့်ချင်ကျိုး၏နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။ သူ အံ့အားသင့်စွာဖြင့် နောက်လှည့်ကြည့်လိုက်ပြီး နတ်ဘုရားအာရုံကို အသုံးပြု၍ ရုပ်တု၏မျက်နှာပြင်ကို စမ်းသပ်ကာ ရုပ်တု၏ မျက်နှာအသွင်အပြင်ကို ပုံဖော်ကြည့်လိုက်ရာ အလွန်တရာ အံ့သြသွားတော့သည်။

ဤရုပ်တုကြီးက သူ၏ပုံစံအတိုင်း ဖြစ်နေ၏။

တိတိကျကျပြောရလျှင် သူ ရှေးဟောင်းခေတ်သို့ ရောက်ရှိသွားစဉ်က ဝတ်ဆင်ခဲ့သော ပုံစံမျိုးပင်။

လူသားဧကရာဇ်က ငါ့အတွက် ကျောင်းတော် ဆောက်ပေးခဲ့တာလား။

မုန့်ချင်ကျိုး ရုတ်တရက် သတိဝင်လာပြီး တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ၏မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ဪ... ငါ့ရဲ့ ယုံကြည်မှုစွရွှေရောင်ခန္ဓာက ဒီလိုရလာတာကိုး။"

လူသားဧကရာဇ်လမ်းစဉ်၏ ယုံကြည်မှုရွှေရာင်ခန္ဓာဆိုသည်မှာ လူအများ၏ ကိုးကွယ်ယုံကြည်ရုံဖြင့် တည်ဆောက်နိုင်သည်မဟုတ်ပေ။ လူသားဧကရာဇ်လမ်းစဉ်ရှိမှသာ ရွှေကိုယ်ထည်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ လူသားဧကရာဇ်လမ်းစဉ်ကို မပိုင်ဆိုင်သော သက်ရှိများအနေဖြင့် မည်မျှပင် ယုံကြည်မှုစွမ်းအင်နှင့် ကိုးကွယ်မှုများကို စုပ်ယူနိုင်စေကာမူ ရွှေရောင်ခန္ဓာကို တည်ဆောက်နိုင်မည် မဟုတ်ပေ။

ပထမဆုံး လူသားဧကရာဇ်က သူ့အတွက် ကျောင်းတော်တည်ဆောက်ပေးပြီး နှစ်ထောင်ချီကြာအောင် ဆက်တိုက်အရိုအသေပေးခဲ့ခြင်းက လူသားဧကရာဇ်လမ်းစဉ်၏ အစိတ်အပိုင်းလေးတစ်ခုကို မုန့်ချင်ကျိုးထံသို့ မသိမသာ လွှဲပြောင်းပေးလိုက်ခြင်းပင် ဖြစ်သည်။

သူက တမင်သက်သက် ရည်ရွယ်ပြီး လုပ်ခဲ့တာလား။ ဒါမှမဟုတ် မရည်ရွယ်ဘဲနဲ့ အကျိုးကျေးဇူးတွေ ရသွားတာလား။

ခန့်မှန်းရ ခက်လှပေသည်။

"ဖြစ်နိုင်ပါတယ်။ အတိအကျကိုတော့ ကျုပ်လည်း မသိဘူး။" ဘိုးဘေးတုန်းမင်က ပြောသည်။

လျှို့ဝှက်ချက် နောက်တစ်ခု ပေါ်လာပြန်ပြီ။

သတင်းကောင်းဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ မြူခိုးအချို့ကို ဖယ်ရှားနိုင်ခဲ့သည်။

"မနက်ဖြန်မိုးလင်းတာနဲ့ အန္တိမတစ်ပိုင်းအဆင့် အခင်းအကျင်းကြီးက ကောင်းကင်တာအိုကို ဆက်ပြီး မထိန်းချုပ်ထားနိုင်တော့ဘူး။ သူက အချုပ်အနှောင်ကနေ လွတ်မြောက်သွားလိမ့်မယ်။ အဲဒါကြောင့်..." ဘိုးဘေးတုန်းမင်က အေးဆေးစွာ ဆက်ပြောသည်။

"ဒီအရာအားလုံးကို ဒီညမှာပဲ အပြီးတိုင် အဆုံးသတ်လိုက်ကြတာပေါ့။"

မုန့်ချင်ကျိုးက လှောင်ပြုံးပြုံးလိုက်သည်။

"မင်းပြောတာကို ငါယုံမယ်များ ထင်နေလား။"

"ကောင်းကင်တာအိုက တစ်ခုတည်းသောတည်ရှိမှုရဲ့ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်ထားပြီးတော့ သံသရာကနေ လွတ်မြောက်ခြင်းတံခါးဝကို ခြေလှမ်းတစ်ဖက်ဝင်နေပြီ။ မင်းတို့ရဲ့ စွမ်းအားတွေနဲ့ လူသားဧကရာဇ်ကိုပါ ပေါင်းထည့်လိုက်ရင်တောင် ဒီလိုမျိုး အန္တိမတစ်ပိုင်းအဆင့် အခင်းအကျင်းတစ်ခုနဲ့ ကောင်းကင်တာအိုကို ဖမ်းချုပ်ထားနိုင်မယ်လို့ ထင်နေတာလား။"

ဘိုးဘေးတုန်းမင်မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အနည်းငယ် အံ့သြသွားသည်။

မုန့်ချင်ကျိုးက ဤမျှဉာဏ်ထက်မြက်ပြီး ဟာကွက်ကို ချက်ချင်းရိပ်မိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူသိသွားမှတော့ ဘိုးဘေးတုန်းမင်လည်း ဆက်ဖုံးကွယ်မနေတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ခင်ဗျားခန့်မှန်းတာ မှန်ပါတယ်။"

"ကြယ်ရောင်အောက်က အလင်းတန်းကြီးက အပြည့်အဝစုံလင်တဲ့ ကောင်းကင်တာအို မဟုတ်ပါဘူး။ တိတိကျကျပြောရရင် ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ရှိပါသေးတယ်။"

"အစစ်အမှန်ကောင်းကင်တာအိုရဲ့ ပင်မကိုယ်ထည်ကြီးက အခုထိ အပြည့်အဝ နိုးထမလာသေးဘူး။"

တကယ်ပဲ ဒီလိုဖြစ်နေတာကိုး။

မုန့်ချင်ကျိုးက မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို အစစ်အမှန်ကောင်းကင်တာအိုရဲ့ ပင်မကိုယ်ထည်ကြီးက ဘယ်မှာလဲ။"

ဘိုးဘေးတုန်းမင်က ခေါင်းလောင်းကြီးတစ်ခုပမာ မတ်မတ်ထိုင်နေပြီး သူ၏ကြေးဝါမျက်နှာဖုံးကို ဖြည်းညင်းစွာ ချွတ်ချလိုက်သည်။ ဓားတစ်လက်ကဲ့သို့ စူးရှသောမျက်ခုံးနှင့် မျက်လုံးများပါရှိပြီး ရုပ်ရည် ချောမောခန့်ညားသော လူငယ်လေးတစ်ဦး၏မျက်နှာ ပေါ်ထွက်လာသည်။ သူက မုန့်ချင်ကျိုးကို တိတ်ဆိတ်စွာ ကြည့်ရင်း နှုတ်ခမ်းထောင့်ကို အနည်းငယ်ကွေးညွတ်ကာ ပြုံးလိုက်သည်။

"ကျွန်ုပ်တို့ကို သတ်ပစ်ပါ။ ဒါမှမဟုတ် ကျွန်ုပ်တို့လေးယောက်က ခင်ဗျားကို ဖိနှိပ်ချုပ်ချယ်ပစ်မယ်။"

"အဲဒီအချိန်ကျရင်တော့..."

"ကောင်းကင်တာအိုက ဘယ်မှာလဲဆိုတာ ဓားသူတော်စင် အလိုလို သိလာပါလိမ့်မယ်။"

ထိုသို့ပြောပြီးသည်နှင့်။

လေးယောက်စလုံးက တစ်ပြိုင်နက် မတ်တတ်ရပ်လိုက်ကြပြီး ကောင်းကင်နယ်ပယ် အထွတ်အထိပ်၏ ဖိအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။ အားလုံးက တာအိုအဆုံးသတ်ကို ရောက်နေသူချည်းပင်။

သူတို့လေးဦးက လူသားဧကရာဇ်နောက်သို့လိုက်ကာ မျိုးနွယ်စုပေါင်းစုံခေတ်နှင့် နတ်ဘုရားခေတ်ကို အဆုံးသတ်ခဲ့ပြီး လူသားများအတွက် ခေတ်ကောင်းကြီးတစ်ခုကို ဖန်တီးပေးခဲ့ကြသူများဖြစ်သည်။

အတိတ်မှသည် ယနေ့တိုင် အမြင့်မားဆုံးစစ်ရေးစွမ်းအားများပင်။

ယခုအခါ သူတို့လေးဦး တစ်ပြိုင်နက်ပေါ်လာခြင်းက လူတစ်ယောက်တည်းကို ဝိုင်းဝန်းတိုက်ခိုက်ရန်သာ ဖြစ်နေသည်။

လီကျိရှန်းက လေးတစ်လက်နှင့် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ လေးကိုလွယ်ထားပြီး ဓားကို ကိုင်ထားကာ လက်ချောင်းနှစ်ချောင်းဖြင့် ဓားသွားကိုပွတ်သပ်ရင်း တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

"ဒါက ခင်ဗျား ကျုပ်ကို လက်ဆောင်ပေးခဲ့တာတွေ။ ပြီးတော့ ဓားသိုင်းကျမ်းနှစ်အုပ်လည်း ပါတယ်။"

"ရိုသေမှုပြသတဲ့အနေနဲ့ ဒီတိုက်ပွဲမှာ ခင်ဗျားပေးခဲ့တဲ့ လက်ဆောင်တွေကို သုံးပြီးတော့ ပြန်လည် ရင်ဆိုင်ပါ့မယ်။"

ဘိုးဘေးစစ်ဟိုင်၏ မျက်လုံးများက အေးစက်နေပြီး အေးဆေးစွာဖြင့် ပြောသည်။

"လူသားဧကရာဇ်က အမြင့်ဆုံးချီးကျူးဂုဏ်ပြုပြီးတော့ နတ်ဘုရားတစ်ပါးလိုကိုးကွယ်ခဲ့တဲ့ ခင်ဗျားက တကယ်တမ်း ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာကို မြင်တွေ့ချင်မိပါတယ်။"

ဘိုးဘေးစန်းလန်က မျက်လုံးများကိုမှိတ်ကာ [စိတ်ကူးယဉ်တာအို]ကို စတင်လည်ပတ်လိုက်ပြီး ပါးစပ်မှ တီးတိုးရေရွတ်လိုက်သည်။

"အတိတ်ကနေဒီနေ့အထိ အကြီးမားဆုံး အပြောင်းအလဲဆိုပါလား။ ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခုရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါ့မလား မသိဘူး။"

သူတို့က အလွန်တရာ ယုံကြည်မှုရှိကြပြီး အတိုင်းအဆမရှိ စွမ်းအားကြီးမားလှသည်။

လောက၏ ကျင့်ကြံခြင်းအတတ် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သံသရာမှ လွတ်မြောက်မည့် နည်းလမ်းကို ရှာဖွေစူးစမ်းနေကြသူများဖြစ်သည်။

ဤလမ်းတစ်လျှောက်လုံး ကောင်းကင်တာအိုကိုရင်ဆိုင်ခဲ့ရချိန် တစ်ကြိမ်သာ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ဖူးသည်။

ဘိုးဘေးတုန်းမင်၏မျက်ဝန်းများက တဖြည်းဖြည်း စူးရှလာပြီး ပြောလိုက်၏။

"လူသားဧကရာဇ်အောက်မှာရှိတဲ့ မဏ္ဍိုင်လေးခုက အသန်မာဆုံးဆိုတာကို တစ်လောကလုံး သိကြတယ်။ ဒါပေမဲ့ တစ်လောကလုံး မသိတဲ့အရာက မဏ္ဍိုင်လေးခုသာ လက်တွဲလိုက်ရင် လူသားဧကရာဇ်တောင်မှ သူတို့ရဲ့ အရှိန်အဝါကို ရှောင်ဖယ်ပေးရတယ်ဆိုတာပဲ။"

"ခင်ဗျားက အရမ်းငယ်လွန်းပါသေးတယ်။ လူသားဧကရာဇ်က ခင်ဗျားကို ယုံကြည်ကိုးကွယ်တာက သူ အသိဉာဏ်အနည်းဆုံး အချိန်တုန်းက ခင်ဗျားက သူ့ကို မျှော်လင့်ချက် အလင်းရောင်တွေ ပေးခဲ့လို့ပဲ။"

"ဒါပေမဲ့ ကျွန်ုပ်တို့လေးယောက်ကတော့ မတူဘူး..."

"ခင်ဗျား ဒီအထိကြီးပြင်းလာတဲ့ လမ်းတစ်လျှောက်လုံး ကျုပ်တို့ရဲ့မျက်စိအောက်ကနေ လွတ်မသွားခဲ့ဘူး။ ခင်ဗျားရဲ့ စွမ်းရည်တွေကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိနေတယ်။"

"ဒီတိုက်ပွဲမှာ ခင်ဗျား သေချာပေါက် ရှုံးရမယ်။"

သူတို့လေးဦး၏အရှိန်အဝါက စကြဝဠာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ပြည်နယ်တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။

နယ်မြေနှစ်ခုလုံးတွင် ကြီးမားလှသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည်။

သို့သော် နောက်တစ်ခဏတွင် အဆုံးအစမဲ့ လေတိုက်ခတ်မှုနှင့် လှိုင်းလုံးကြီးများ ချက်ချင်း ငြိမ်သက်သွားပြီး နယ်မြေနှစ်ခု၏ တုန်လှုပ်မှုကြီးကိုလည်း မမြင်ရသော လက်ကြီးတစ်ဖက်က ဖိနှိပ်ထားလိုက်၏။

တုန်ခါမှုအားလုံး မျက်တောင်တစ်ခတ်အတွင်း လုံးဝကို ပျောက်ကွယ်သွားတော့သည်။

မုန့်ချင်ကျိုးက လက်မောင်းကိုမြှောက်ကာ လက်ချောင်းနှစ်ချောင်းဖြင့် လေထဲမှ ဖွဖွလေးဖိချလိုက်ရာ ထိုဂယက်ရိုက်ခတ်မှုများအားလုံးကို ဖိနှိပ်ပြီးသား ဖြစ်သွားသည်။ သူက ပြောလိုက်သည်...

"ငါ့ရဲ့စွမ်းအားကြီးမားမှုက မင်းတို့နားလည်နိုင်တဲ့အဆင့် မဟုတ်တော့ဘူး။"

"ငါက လောကရဲ့ကျင့်ကြံခြင်းအတတ် အကန့်အသတ်ကို ကျော်လွန်ပြီး တစ်ဝက်အဆင့်ကို ရောက်နေပြီ။ တစ်ခုတည်းသောတည်ရှိမှုကို ပိုင်ဆိုင်ထားဖို့မလိုဘဲနဲ့ တစ်နေ့နေ့ကျရင် တစ်ခုဆိုတဲ့နေရာကို ငါလည်း လှမ်းတက်နိုင်လိမ့်မယ်။"

"လူသားဧကရာဇ်ခေတ်ရဲ့ မဏ္ဍိုင်တွေဟုတ်လား။ တစ်ဝက်အဆင့်ရဲ့တိုက်ခိုက်မှုကို မင်းတို့ ခံနိုင်ရည်ရှိမရှိ ကြည့်ရသေးတာပေါ့။"

ထိုစကားကိုကြားလိုက်သည်နှင့် ဧကရာဇ်နန်းတော် မဏ္ဍိုင်လေးခု၏မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားသည်။

တစ်ဝက်အဆင့် ဟုတ်လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"လောကမှာရှိတဲ့ကျင့်ကြံသူတိုင်းက အဲဒီလောကကိုလွန်မြောက်သူဆီကနေ ဆင်းသက်လာတာချည်းပဲ။ ဒီကမ္ဘာကသက်ရှိဖြစ်နေသမျှကာလပတ်လုံး ဘယ်လိုမှ ရုန်းထွက်လို့မရဘူး။ တစ်ခုတည်းသောတည်ရှိမှုကို ပိုင်ဆိုင်ထားနိုင်မှပဲ သံသရာကနေ လွတ်မြောက်နိုင်မယ့်အခွင့်အရေး ရှိတာလေ။"

ဘိုးဘေးစန်းလန်က ရုတ်တရက်မျက်လုံးဖွင့်လာပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုလုံး တုန်လှုပ်သွားကြသည်။ ၎င်းမှာ မယုံနိုင်စရာပင်။

သို့သော် အရှေ့မှ လူငယ်လေးထံမှ ထွက်ပေါ်လာသော အမြင့်ဆုံးဖိအားကို ခံစားလိုက်ရချိန်တွင်တော့ သူတို့ မယုံချင်ဘဲ ယုံလိုက်ရတော့သည်။

တစ်ဝက်ဆိုသည်မှာ လောက၏ကျင့်ကြံခြင်းအတတ်ကို ခြေတစ်လှမ်း ကျော်လွန်သွားပြီဟူသော အဓိပ္ပာယ်ပင်။

သူက သံသရာကနေ လွတ်မြောက်တော့မည်လား။

မုန့်ချင်ကျိုးက အေးစက်သောအပြုံးတစ်ခုကို ဆင်မြန်းထားကာ ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး ခန့်မှန်းရခက်သောအပြုံးဖြင့် ပြောလိုက်သည်။

"ဒါဆို... တကယ်လို့..."

"ငါက အစကတည်းက ဒီကမ္ဘာကလူမဟုတ်ဘူး ဆိုရင်ရော။”

...

All Chapters