အခန်း ၄၂၀
Vol. 29 Ch. 420
အပိုင်း(၄၂၀) မဏ္ဍိုင်များကြွေလွင့်ခြင်း၊ နောက်ဆုံးဇာတ်သိမ်း စတင်ပြီ
ရွှမ်း။
ဓားရောင်တစ်ချက်လက်သွားပြီး ညကောင်းကင်ယံကို လင်းထိန်သွားစေကာ နေ့အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ ကောင်းကင်ပြည်နယ်၏ ကောင်းကင်ထက် နေမင်းတစ်စင်း ထွက်ပေါ်လာသကဲ့သို့ပင်။
လီကျိရှန်းသည် ဓားကိုကိုင်ကာ မြေပြင်နှင့်ကပ်၍ အရှိန်ပြင်းပြင်း ထိုးဆင်းလာပြီး မုန့်ချင်ကျိုး၏ အရှေ့သို့ မျက်စိတစ်မှိတ်အတွင်းရောက်ရှိလာကာ ခြေလှမ်းကို မြေပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။
သူက လက်နှစ်ဖက်ကိုမြှောက်ကာ လပြည့်ဝန်းအလား ဝိုက်ချလိုက်ရာတွင် ဓားအလင်းတန်းများက နဂါးငွေ့တန်းမှ ရေတံခွန်ကျဆင်းလာသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် အရှိန်ကိုယူကာ လေထဲတွင် ခန္ဓာကိုယ်ကိုလှည့်ပြီး ဓားကိုဓားအိမ်ထဲ ပြန်သွင်းလိုက်သည်။
လီကျိရှန်းက လေထဲတွင် လှည့်ပတ်နေစဉ် သူ့လက်ထဲ၌ ရုတ်တရက် လေးတစ်လက် ရောက်ရှိလာပြီး လေးကြိုးကို အဆုံးထိဆွဲတင်လိုက်သည်။
လေးကြိုးပေါ်တွင် မြားတံမရှိသော်လည်း လရောင်နှင့်ကြယ်ရောင်များကို စုပ်ယူကာ ကြယ်လမင်းမြားတံ တစ်ချောင်းအဖြစ်သို့ ပုံဖော်လိုက်သည်။
မြားထိပ်ဖျားက မုန့်ချင်ကျိုးဆီသို့ တည့်တည့် ချိန်ရွယ်ထား၏၏။
"ခင်ဗျား အရင်က ပြောခဲ့ဖူးတယ်။ လူသားဧကရာဇ်ရဲ့ခြေရာကို နင်းဖို့အတွက်။ သူ့ဆီက သင်ယူပြီးတော့ သူ့လိုဖြစ်လာအောင်လုပ်ဖို့။ ပြီးရင် သူ့ကို ကျော်ဖြတ်ဖို့ပေါ့။"
"ဒီအကွက်က လူသားဧကရာဇ် စစ်ခင်းတဲ့အချိန် အကြိုက်ဆုံးသုံးခဲ့တဲ့အကွက်ပဲ။"
"အရှင်မင်းကြီးအတွက် ရိုသေစွာနဲ့ ဆက်သပါတယ်။"
နောက်ဆုံးစကားလုံးအဆုံးတွင် လီကျိရှန်း၏မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်သွားပြီး လေးကြိုးကို လွှတ်ချလိုက်သည်။
ဖုန်းခနဲ နားကွဲလုမတတ် အသံထွက်ပေါ်လာသည်။
ကြယ်လမင်းမြားတံက မြေပြင်ကို ပွတ်တိုက်လာသော ဓားအလင်းတန်း၏ အနောက်မှ ကပ်လျက် လိုက်ပါလာပြီး ရှေ့တစ်လှည့် နောက်တစ်လှည့်ဖြင့် မုန့်ချင်ကျိုးဆီသို့ တိုက်ရိုက်ဦးတည်လာသည်။
"မင်းက ချင်းလွမ်တာအိုကို မသုံးချင်ဘူးဆိုတော့ ငါလည်း အချိန်-နေရာလွတ်တာအိုကို မသုံးတော့ဘူး။"
"ဓားနဲ့လေးကိုပဲသုံးပြီး အနိုင်အရှုံး ဆုံးဖြတ်ကြတာပေါ့။"
မုန့်ချင်ကျိုးက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီးနောက်တွင် သာမန် ဓားရှည်တစ်လက်နှင့် သားရေလေးတစ်လက်ကို လေထဲမှ လှမ်းယူလိုက်သည်။
"လာစမ်းပါ။"
"ဒီနှစ်တွေထဲမှာ မင်းဘယ်လောက်တောင် တိုးတက်လာလဲဆိုတာ ကြည့်ရသေးတာပေါ့။"
ထိုသို့ပြောပြီးနောက်။
မုန့်ချင်ကျိုးသည် ဓားကိုဆွဲယူကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဓားရှည်ကို မြေကြီးပေါ်သို့ စိုက်ချလိုက်ကာ လေးကိုဆွဲ၍ မြားကိုတင်လိုက်သည်။
နေထွက်လာသကဲ့သို့ စူးရှတောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။
မြားတစ်စင်း ပစ်လွှတ်လိုက်ရာ ကြယ်တံခွန်တစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသကဲ့သို့ပင်။
မြားအလင်းတန်းက ရေတံခွန်ပမာ ဓားအလင်းတန်းကို ထိုးဖောက်ဖြတ်သန်းသွား၏။
ထပ်ချပ်မကွာလိုက်ပါလာသော ကြယ်လမင်းမြားတံကို ရင်ဆိုင်ရာတွင် မုန့်ချင်ကျိုးသည် မြေကြီးပေါ်တွင် စိုက်ထားသောဓားကို ဆွဲနှုတ်လိုက်ပြီး မျက်နှာချင်းဆိုင် ဒေါင်လိုက်ခုတ်ချလိုက်ရာ မြားထိပ်ဖျားနေရာမှစ၍ မြားတံကို နှစ်ခြမ်းတိတိ ကွဲသွားစေသည်။
ညီညာစွာ နှစ်ခြမ်းကွဲသွားသော ကြယ်လမင်းမြားတံသည် မုန့်ချင်ကျိုး၏ ပါးပြင်နှစ်ဖက်ဘေးမှ ပွတ်တိုက်ကာ အနောက်ဘက် ညကောင်းကင်ယံဆီသို့ လွင့်စင်သွားတော့သည်။
"နည်းနည်းတော့ တိုးတက်လာသားပဲ။ ဒီနှစ်တွေထဲမှာ မင်းက ပျင်းမနေခဲ့ဘူးဆိုတာ သိသာတယ်။" မုန့်ချင်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။ အစမှအဆုံးထိ သူက အလွန်တရာ တည်ငြိမ်နေခဲ့သည်။
လီကျိရှန်းက အော်ပြောလိုက်သည်။ "ထပ်လာခဲ့စမ်းပါ။"
ဤအချိန်တွင် သူသည် ဘိုးဘေးချင်းလွမ်ဆိုသည့် ဂုဏ်ပုဒ်ဖြင့် မဟာကျင်း ဧကရာဇ်ကို သူသေကိုယ်သေ တိုက်ခိုက်နေခြင်းမဟုတ်ဘဲ တူနှင့်ဦးလေးအကြား ပညာဖလှယ်နေခြင်းသာ ဖြစ်သည်။
ဤနေရာတွင် ရပ်နေသည်က မဏ္ဍိုင်လေးခု မဟုတ်သလို ဘိုးဘေးချင်းလွမ်လည်း မဟုတ်ပေ။
သူက လီကျိရှန်းသာ ဖြစ်သည်။ လီမိသားစုရွာလေးမှ ထုံထိုင်းသောကလေးငယ်၊ ပစ္စုပ္ပန်ရွာလေးမှ ကိုယ်ပိုင်ကျောင်းလေး၏ ကျောင်းသားလေးသာ ဖြစ်သည်။
သူ ယခင်က ပြောခဲ့ဖူးသလိုပင်။
[ကျုပ်က ဘိုးဘေးချင်းလွမ်လည်း ဟုတ်သလို လီကျိရှန်းလည်း ဟုတ်ပါတယ်။ အစကတည်းက ဘာမှ ကွဲပြားခြားနားမှု မရှိခဲ့ပါဘူး]
[ကျုပ်က နှစ်ခုလုံး ပေါင်းစပ်တည်ရှိနေတာ]
ခြံဝင်းထဲတွင်။
ဓားအလင်းတန်းများနှင့် မြားသံများ တရွှီရွှီမည်ကာ အဆက်မပြတ် ထွက်ပေါ်နေ၏။
ဘိုးဘေးတုန်းမင်က ဘေးတစ်ဖက်တွင်ရပ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူက ဝင်ရောက် စွက်ဖက်ခြင်းမပြုဘဲ သူ၏နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးတစ်ခုသာ ပေါ်လွင်နေသည်။
လွတ်မြောက်သွားခြင်း၊ ဝမ်းသာကျေနပ်ခြင်း၊ တာဝန်ကျေပွန်သွားခြင်း အစရှိသော ခံစားချက်မျိုးစုံ ရောယှက်နေပုံရ၏။
ချွမ်း။
ဓားတစ်လက် ကျိုးပဲ့သွားပြီး ကျိုးသွားသောဓားတစ်ဝက်က မြေပြင်ပေါ်သို့ကျကာ ချွမ်းခနဲ အသံမည်သွားသည်။
မုန့်ချင်ကျိုးက ကျိုးသွားသောဓားကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး အနည်းငယ်သက်ပြင်းချကာ ညာဘက်လက်ဖြင့် လေးတစ်လက်ကို ကိုင်ဆောင်ထားသည်။
သူက လီကျိရှန်းကို ကျောခိုင်းထားလျက်က ပြောလိုက်သည်။
"တစ်ကွက်လေး အနိုင်ရဖို့ကို အသက်နဲ့ရင်းခဲ့တယ်။ မင်းက ငါ့ကို ဒီလောက်တောင် နိုင်ချင်နေတာလား။"
သူ့ကိုကျောခိုင်းထားသော လီကျိရှန်း၏လက်ထဲမှ လေးနှင့်ဓားသည် တစ်ပြိုင်နက်တည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နဖူးမှသွေးစက်များ တစ်စက်ပြီးတစ်စက် ကျဆင်းလာသည်။
သူ့အရှေ့ဘက် မီတာတစ်ဝက်ပင်မကွာသော တိုင်ပေါ်တွင် မြားတစ်ချောင်း စိုက်ဝင်နေပြီး မြားတံမှာ အနည်းငယ် တုန်ခါနေကာ မြားထိပ်ဖျားတွင် သွေးများ စွန်းထင်းနေသည်။
"ကျုပ်က ခင်ဗျားကို ပြောပြချင်ရုံပါ..."
"အရမ်းမာနမကြီးပါနဲ့။ ကျုပ်တောင်မှ အသက်နဲ့ရင်းပြီး တစ်ကွက်လောက် အနိုင်ယူနိုင်သေးတာပဲ။"
"တစ်ဝက်အဆင့်ဆိုတာ ဒီကမ္ဘာကြီးရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး။"
လီကျိရှန်း၏နဖူးတွင် အရှေ့အနောက် ဖောက်ထွင်းနေသော အပေါက်တစ်ပေါက်ဖြစ်နေပြီး သွေးများ ပွက်ပွက်ဆူကာ စီးကျနေသည်။ ပါးပြင်တစ်ခုလုံး သွေးများဖြင့် ရဲရဲနီနေပြီး သူ၏အသက်ရှူသံမှာ တဖြည်းဖြည်း တိုးဝင်သွားသည်။
သူတို့နှစ်ဦးတိုက်ပွဲက အပြင်ပန်းကြည့်လျှင် သာမန်သိုင်းပညာရှင်များ တိုက်ခိုက်နေသကဲ့သို့ မည်သည့် စွမ်းအားမှ မရှိပုံရသည်။ မြက်တစ်ပင်၊သစ်ရွက်တစ်ရွက်ကိုပင် မပျက်စီးစေခဲ့ဘဲ ခြံဝင်းထဲတွင် လေပြေလေး တစ်ချက်သာ တိုက်ခတ်သွားခဲ့သည်။
သို့သော် အမှန်တကယ်တော့ ထိုသို့မဟုတ်ပေ။ အမြင့်ဆုံး ဖျက်ဆီးနိုင်စွမ်းဆိုသည်မှာ စွမ်းအားတစ်ခု အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားလျှင် မည်သူမဆို လုပ်နိုင်သောကြောင့် ဂုဏ်ယူစရာ မဟုတ်ပေ။
အခက်ခဲဆုံးမှာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသော ခွန်အားများကို အတိအကျ ထိန်းချုပ်ထားနိုင်ပြီး ရန်သူမှလွဲ၍ အခြားပြင်ပအရာများကို လုံးဝ ထိခိုက်မှုမရှိအောင် လုပ်နိုင်စွမ်းပင်။
လီကျိရှန်းက ကျန်ရစ်နေသော နတ်ဘုရားစွမ်းအင်ဖြင့်သာ တောင့်ခံထားပြီး ယိုင်နဲ့နဲ့ဖြစ်နေသော ခန္ဓာကိုယ်ဖြင့် ခက်ခဲစွာ ပြောလိုက်သည်။
"သေချာ... ဂရုစိုက်ပါ။"
"ရှေ့လမ်းမှာ ခန့်မှန်းရခက်တဲ့အန္တရာယ်တွေ ရှိနေသေးတယ်။ နည်းနည်းလေး မှားသွားတာနဲ့... ပြန်လမ်းမရှိတော့ဘူး။"
"ဦးလေး... ထာဝရနှုတ်ဆက်ပါတယ်။"
ထိုသို့ပြောပြီးနောက် လီကျိရှန်းက ဒူးထောက်ကျသွားပြီး ခေါင်းငိုက်စိုက်ကျသွားကာ လောကတွင် ကျန်ရစ်နေသော သူ၏နောက်ဆုံးအငွေ့အသက်လေးမှာလည်း လုံးဝပျောက်ကွယ်သွားတော့သည်။
"ရှေးခေတ်ကနေ အခုအထိ သူရဲကောင်းတွေ ဘယ်လောက်ပဲပေါ်ထွန်းခဲ့ပါစေ အားလုံးက ရယ်မောပြောဆိုစရာပုံပြင်တွေအဖြစ်နဲ့ပဲ အဆုံးသတ်သွားကြရတယ်။ လှိုင်းတံပိုးများက သူရဲကောင်းတွေကို တိုက်စားသွားပြီးတော့ အားလုံးက အတိတ်ရဲ့အရိပ်တွေ ဖြစ်သွားကြရပြီ။"
ဘိုးဘေးတုန်းမင်က မျက်လုံးကိုမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လီကျိရှန်း၏အလောင်းကို တွဲကူကာ ထိုင်ခုံကြီးတစ်လုံးပေါ်တွင် သပ်သပ်ရပ်ရပ် ထိုင်စေလိုက်သည်။
ယနေ့က လူသားမျိုးနွယ်မဏ္ဍိုင်လေးခု၏ နောက်ဆုံးဇာတ်သိမ်းခန်းပင်။
သူတို့ကိုယ်တိုင် ဤအချက်ကို ကောင်းကောင်း သိနေကြသည်။
ထို့ကြောင့် မည်သို့သောပုံစံဖြင့် အဆုံးသတ်ရမည်ကို ရွေးချယ်ရာတွင် မဏ္ဍိုင်လေးခုက ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လိုအပ်သည်ဟု သူတို့ ယူဆခဲ့ကြသည်။
ထိုင်ခုံကြီးများပေါ်ထိုင်လျက် ဤယုံကြည်မှုကျောင်းတော်ကြီးနှင့်အတူ မြှုပ်နှံခံရခြင်းက အကောင်းဆုံး အဆုံးသတ်ဖြစ်ပေမည်။
"ထပ်တိုက်ဦးမလား။" မုန့်ချင်ကျိုးက ဓားကျိုးကို လွှင့်ပစ်လိုက်ပြီး သားရေလေးကိုပါ ပစ်ချကာ အေးစက်သော အသံဖြင့် မေးလိုက်သည်။
ဘိုးဘေးတုန်းမင်က ခေါင်းခါပြလိုက်ပြီး ထိုင်ခုံကြီးပေါ်တွင်ထိုင်ကာ ဘေးဘယ်ညာရှိ နှစ်သောင်းချီ အတူတကွ ဖြတ်သန်းခဲ့သော ညီအစ်ကိုများကို လှည့်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ခဏလောက် စောင့်ကြဦး။ အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ ခဏလောက် စကားပြောလိုက်ဦးမယ်။"
"သူ့ရဲ့ သံသယတွေကို ဖြေရှင်းပေးရဦးမယ်။"
မဏ္ဍိုင်လေးခု ပြန်လည်နေရာယူလိုက်ကြသည်။ သို့သော်လည်း ဤတစ်ကြိမ် နေရာယူခြင်းက အစပိုင်းတုန်းကနှင့် မတူတော့ဘဲ နောက်ဆုံးနှုတ်ဆက်ထွက်ခွာရန်အတွက် နေရာယူခြင်း ဖြစ်သည်။
မုန့်ချင်ကျိုးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိလိုက်ကာ မေးလိုက်သည်။
"နှစ်သောင်းချီအသက်ရှင်နေခဲ့ပြီးမှ ငါ့လက်ထဲမှာ အသေခံဖို့လုပ်တာ ဘာရည်ရွယ်ချက်လဲ။"
ဘိုးဘေးတုန်းမင်၏ ဓားတစ်လက်ပမာစူးရှသော မျက်ဝန်းများမှ ထက်မြက်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နွေဦးလေပြေလို တည်ငြိမ်အေးချမ်းမှုများ အစားထိုး ဝင်ရောက်လာကာ ပြောလိုက်သည်။
"ခင်ဗျား သတိမထားမိသေးဘူးလား။"
"ဒါလည်း ဟုတ်တာပါပဲလေ..."
"ဒီလောက်နှစ်တွေအများကြီး အစီအစဉ်ချလာခဲ့တာကို အလွယ်တကူသိသွားရင် ဘယ်ဖြစ်မလဲ။"
ထိုသို့ပြောရင်းနှင့် ဘိုးဘေးတုန်းမင်က မုန့်ချင်ကျိုး၏ ရင်ဘတ်ရှိ ဒန်တျန်နေရာကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ ယုံကြည်မှုရွှေရောင်ခန္ဓာကို ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်။"
ထိုစကားကိုကြားသောအခါ မုန့်ချင်ကျိုး အံ့သြသွားပြီး ခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးကြည့်လိုက်သည်။
ဒန်တျန်နေရာတွင် တင်ပလ္လင်ခွေထိုင်နေသော ယုံကြည်မှုရွှေရောင်ခန္ဓာကို မြင်လိုက်ရသောအခါ သူ၏ စိတ်နှလုံးထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားတော့သည်။
ရွှေရောင်တောက်ပနေသော တာအိုတစ်ခုက ယုံကြည်မှုရွှေရောင်ခန္ဓာအောက် ဖြန့်ကျက်တည်ရှိနေ၏။
ဒါက…
လူသားဧကရာဇ်တာအိုပဲ။
"လူသားဧကရာဇ်တာအိုရဲ့ အကြမ်းဖျင်းပုံစံပဲ။ နောက်ဆုံးအဆင့်လေးတစ်ခု ကျန်သေးတယ်။ အဲဒါလေး ပြည့်စုံသွားရင် လုံးဝပြီးပြည့်စုံသွားပြီ။"
"ဘာတွေ ဖြစ်နေတာလဲ။"
မုန့်ချင်ကျိုး၏ခေါင်းထဲတွင် အတွေးတစ်ချက် လက်ခနဲပေါ်လာပြီး ချက်ချင်း သဘောပေါက်သွားကာ ပြောလိုက်သည်။
"မင်းတို့ လေးယောက်လုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ လူသားဧကရာဇ်ခေတ်ရဲ့ ကံကြမ္မာတွေ အကုန်လုံး သယ်ဆောင်ထားတာပဲ။ မင်းတို့ကိုသတ်လိုက်ရင် လူသားဧကရာဇ်ရဲ့ ကံကြမ္မာက ငါ့ဆီကို ကူးပြောင်းလာပြီးတော့ လူသားဧကရာဇ်တာအိုအသစ်တစ်ခုအနေနဲ့ ပေါင်းစပ်သွားမှာပေါ့။"
"မဖြစ်နိုင်ဘူး..."
"ဒီလောက်တင်မကဘူး။"
"ငါ့မှာ ယုံကြည်မှုရွှေရောင်ခန္ဓာရှိနေလို့ မင်းတို့ဆီက လူသားဧကရာဇ်ခေတ် ကံကြမ္မာ အထောက်အပံ့တွေကို ဆက်ခံနိုင်ပြီး လူသားဧကရာဇ်တာအိုကို ပေါင်းစပ်နိုင်ခဲ့တာပဲ။"
ထိုအချက်ကို တွေးမိသောအခါ။
မုန့်ချင်ကျိုး၏မျက်လုံးများ ကျဉ်းမြောင်းသွာ၏။
ဒီအချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့တာက မရည်ရွယ်ဘဲ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။
လွန်ခဲ့သော နှစ်သောင်းချီကတည်းက စတင်ပြီးတော့ ငါ့အတွက် ယုံကြည်မှုရွှေရောင်ခန္ဓာကို တည်ဆောက်ပေးပြီး အရေးကြီးဆုံးဖြစ်တဲ့ အခြေခံလိုအပ်ချက်ကို ဖန်တီးပေးခဲ့တာပဲ။ ဒီလိုမျိုးလုပ်မှပဲ လူသားဧကရာဇ်ခေတ်ရဲ့ ကံကြမ္မာအထောက်အပံ့ကို ဆက်ခံနိုင်မှာ။
ဘိုးဘေးတုန်းမင်က မျက်လုံးများတွင် အပြုံးများရစ်သိုင်းလျက် ခေါင်းညိတ်ပြလိုက်သည်။
"ခန့်မှန်းတာ မှန်တယ်။"
"ကျုပ်တို့ နှစ်သောင်းချီစောင့်ဆိုင်းခဲ့တာက ခင်ဗျားရဲ့ ယုံကြည်မှုရွှေရောင်ခန္ဓာ ကြီးမြတ်လာဖို့ကို စောင့်နေခဲ့တာပါ။"
"ဒါပေမဲ့ တစ်ခုတော့ အထင်မလွဲပါနဲ့။ လူသားဧကရာဇ်က ဒီကျောင်းတော်ကြီးကို စဆောက်တုန်းက ခင်ဗျားကို အကွက်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး။ အဲဒီတုန်းက လူသားတွေရဲ့ ခေတ်ကောင်းကြီး စကာစပဲ ရှိသေးတာ။ နောက်ပိုင်း ဘာတွေဖြစ်လာမယ်ဆိုတာ လူသားဧကရာဇ်က ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ။"
"ဒါက မရည်ရွယ်ဘဲနဲ့ အကျိုးကျေးဇူး ဖြစ်ထွန်းသွားတာပါ။ ပထမအကြိမ် ကောင်းကင်ကို စစ်ခင်းတာ ကျရှုံးပြီးမှ လူသားဧကရာဇ်က ခေတ်အဆက်ဆက် လက်ဆင့်ကမ်းအစီအစဉ်ကို စတင်ပြီးတော့ စဉ်းစားမိခဲ့တာ။ အဲဒီအချိန်မှာ ခင်ဗျားအတွက်တည်ဆောက်ပေးခဲ့တဲ့ ဒီကျောင်းတော်ကို သတိရသွားပြီးတော့ အဲဒီကနေစလို့ နှစ်သောင်းချီကြာမြင့်မယ့် ဒီအစီအစဉ်ကြီး စတင်ခဲ့တာပဲ။"
မုန့်ချင်ကျိုး ဘာမှဆက်မပြောတော့ပေ။
မည်သို့ပင်ဖြစ်စေ ရလဒ်ကတော့ သူ့အတွက် အတူတူပင်။
သူ စကားတစ်ခွန်းမှ မပြောသည်ကို မြင်သောအခါ ဘိုးဘေးတုန်းမင်က အနည်းငယ် ပျင်းရိသွားဟန်ဖြင့် ခေါင်းခါကာ ပြောလိုက်သည်။
"ထားလိုက်ပါတော့။"
"အများကြီးပြောနေလည်း အပိုပါပဲ။ ကျုပ် သေသွားပြီးတဲ့နောက်မှာ လူသားဧကရာဇ်တာအို အပြည့်အဝ ပုံပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် နောက်ဆုံးဇာတ်သိမ်းဆိုတာက တကယ်တမ်း ဘာလဲဆိုတာကို ခင်ဗျား သိလာမှာပါ။"
မုန့်ချင်ကျိုးက အေးဆေးစွာဖြင့် ပြောလိုက်သည်။ "ငါ အခု မင်းကို မသတ်ချင်တော့ဘူး။"
ထိုစကားကို ကြားသော် ဘိုးဘေးတုန်းမင်က ရယ်မောလိုက်သည်။
"ခင်ဗျား ကျုပ်ကို နောက်နေတာလား။"
"သေစေနိုင်သောအားနည်းချက်ရဲ့ သေခြင်းရှင်ခြင်းကတ်ကို ခင်ဗျားကိုယ်တိုင် လှန်ပေးခဲ့တာလေ။ ကျုပ်ရဲ့ အသက်ရှင်ကတ်ကို သေခြင်းကတ်အဖြစ် ခင်ဗျားပြင်ဆင်ခဲ့တာဆိုတော့ အကြောင်းအကျိုးရဲ့ဇစ်မြစ်က ခင်ဗျားပဲ ဖြစ်နေလိမ့်မယ်။"
မုန့်ချင်ကျိုး ပြုံးလိုက်သည်။
ဘာပြောရမှန်းပင် မသိတော့။
တစ်ခုပြီးတစ်ခု ချိတ်ဆက်နေပြီး သူ ဤကျောင်းတော်ထဲသို့ ဝင်ရောက်လာကတည်းက မဏ္ဍိုင်လေးခု၏ အကွက်ဆင်မှုများ စတင်နေခဲ့ပြီဖြစ်သည်။
နှစ်သောင်းချီအသက်ရှင်နေထိုင်ခဲ့သည့် အိုမင်းရင့်ရော်နေသော ဘီလူးကြီးများပီပီ တစ်ယောက်မှ သာမန်လူများ မဟုတ်ကြပေ။
"ဒါဆိုလည်း ကိုယ့်ဟာကိုယ်ပဲ သေလိုက်တော့။ တာအိုအဆုံးသတ်မှာ ဘယ်သူက ငါ့ကို အပင်ပန်းခံ စောင့်နေတာလဲဆိုတာကို တော်တော် သိချင်နေပြီ။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
...
...
ခြံဝင်းထဲတွင် စိုက်ပျိုးထားသော မေပယ်လ်ပင်တစ်ပင် ရှိသည်။ ရာသီလေးခုလုံး စိမ်းလန်းနေရမည့် ထိုမသေနိုင်သော ရှေးဟောင်းသစ်ပင်က ရုတ်တရက် သစ်ရွက်များကြွေကျလာပြီး မီးတောက်လို နီရဲနေသော သစ်ရွက်များ အားလုံး မျက်စိတစ်မှိတ်အတွင်း ရွှတ်ခနဲ ကြွေကျသွားတော့သည်။
အရွက်မရှိသော သစ်ကိုင်းခြောက်များသာ ကျန်ရစ်တော့သည်။
မသေနိုင်သောမေပယ်လ်ပင်က မဏ္ဍိုင်လေးခု၏အသက်နှင့် ဆက်စပ်နေ၏။ ၎င်းကြွေလွင့်သွားခြင်းက လူများအားလုံးသေဆုံးသွားခြင်းကို ကိုယ်စားပြုသည်။
တစ်သက်တာလုံး စစ်ပွဲများဆင်နွှဲလာခဲ့သော ဘိုးဘေးတုန်းမင်သည် သူ၏ဘဝနောက်ဆုံးအချိန်ကို အေးချမ်းတည်ငြိမ်စွာဖြင့် အဆုံးသတ်ရန် ရွေးချယ်သွားခဲ့သည်။
ယခုအချိန်တွင်။
လူသားမျိုးနွယ်၏ မဏ္ဍိုင်လေးခုလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
မုန့်ချင်ကျိုးက ခြံဝင်းထဲတွင်ရပ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
ဝီ။
ရင်းနှီးနေသောစွမ်းအင်လှိုင်းတစ်ခု လှိမ့်ဝင်လာပြီး အဝေးကောင်းကင်ယံမှနေ၍ ခြံဝင်းအပေါ်သို့ ခဏတွင်းချင်း ရောက်ရှိလာသည်။
"ဒါက..."
"တစ်ခုတည်းသောတည်ရှိမှုလား။" မုန့်ချင်ကျိုး အနည်းငယ် အံ့အားသင့်သွားသည်။
တစ်ခုတည်းသောတည်ရှိမှုက အန္တိမတစ်ပိုင်းအဆင့် အခင်းအကျင်းရဲ့ ချုပ်နှောင်တာကို ခံထားရတာ မဟုတ်ဘူးလား။
ယခုအချိန်က ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အခင်းအျင်း အစွမ်းပြယ်သွားရန် နောက်ထပ် (၆)နာရီခန့် လိုသေးသည်။
ဒါက ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်ရတာလဲ။
တစ်ခုတည်းသောတည်ရှိမှုသည် စူးရှတောက်ပသောအလင်းရောင်များ ထုတ်လွှတ်ကာ ခြံဝင်းထဲသို့ ဖြည်းညင်းစွာ ဆင်းသက်လာပြီး မုန့်ချင်ကျိုး၏အရှေ့တွင် လွင့်မျောနေသည်။
နောက်တစ်ခဏတွင် ထိုတောက်ပနေသောအလင်းတန်းကြီး မှေးမှိန်သွားပြီးနောက် အချိန်-နေရာလွတ် ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"အချိန်-နေရာလွတ်တာအို။"
"ဒီလောကမှာ ငါ့အပြင် ဒုတိယမြောက် အချိန်-နေရာလွတ် တာအိုကျင့်ကြံသူ ရှိနေသေးတာလား။"
မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီးနောက် လေပူတစ်ချက်မှုတ်ထုတ်ကာ အတွင်းသို့ ပြတ်သားစွာ လှမ်းဝင်သွားခဲ့သည်။
နောက်ဆုံး ဇာတ်သိမ်း ရောက်ရှိလာလေပြီ။
သူ အချိန်-နေရာလွတ် ဝဲကတော့ထဲသို့ လှမ်းဝင်လိုက်သည်နှင့် လူသားဧကရာဇ်တာအိုက လုံးဝကို ပြီးပြည့်စုံစွာ ပုံပေါ်သွားတော့သည်။
လူသားဧကရာဇ်တာအိုနှင့် ယုံကြည်မှုရွှေရောင်ခန္ဓာသည် သော့တစ်ချောင်းပမာ အချိန်-နေရာလွတ် ဝဲကတော့၏လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သောနယ်မြေတစ်ခုဆီသို့ ကူးပြောင်း၍ သွားတော့သည်။
အချိန်မည်မျှ ကြာသွားသည်မသိ။
လေထဲတွင် လွင့်မျောနေသော မုန့်ချင်ကျိုးသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ခြေချနိုင်ခဲ့သည်။ သို့သော် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန် အချိန်မရလိုက်ခင်မှာပင်။
ရုတ်တရက် ရင်းနှီးနေသောအသံတစ်ခု ထွက်ပေါ်လာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်။"
"ငါ မင်းကို စောင့်နေတာကြာပြီ။"
"မင်းရင်ဆိုင်ရမယ့် နောက်ဆုံးဇာတ်သိမ်းက... ငါပဲ။ ငါက ယွဲ့လည်း ဟုတ်သလို ရှီးလည်း ဟုတ်တယ်... မင်း ငါ့ကို... ကောင်းကင်တာအိုလို့ ခေါ်လို့ရတယ်။”
...