အခန်း ၄၂၁
Vol. 29 Ch. 421
အပိုင်း(၄၂၁) နတ်ဘုရားသဘာဝနှင့် လူသားသဘာဝ၊ လျှို့ဝှက်ချက်များဖော်ထုတ်ခြင်း
လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်က ကောင်းကင်ယံ၏အစွန်အဖျားတွင် တည်ရှိနေသည်။
ကောင်းကင်ကအဝိုင်း၊ မြေကြီးကလေးထောင့်ပုံစံ ရှိသည်။
အဝိုင်းပုံအမိုးခုံးပေါ်တွင် နတ်ဘုရားအငွေ့အသက်များ စီးဆင်းနေပြီး အရောင်အသွေးစုံလင်စွာ တောက်ပနေသည်။ သေချာကြည့်လျှင် ထိုရောင်စုံအလင်းဝန်းများထဲရှိ သေးငယ်သည့် အမှုန်အမွှားတိုင်းတွင် အဆပေါင်းများစွာ သေးငယ်နေသောမြင်ကွင်းများကို တွေ့မြင်နိုင်ပေသည်။
တောင်တန်းများ၊ မြစ်ချောင်းများ၊ ကြယ်တာရာများ၊ သမုဒ္ဒရာများနှင့် ပြင်ပကမ္ဘာများ အစရှိသည်တို့ ပါဝင်သည်။
နယ်မြေနှစ်ခု၊ ပြင်ပကြယ်တာရာများမှစ၍ အလွန်ဝေးကွာသော ကမ္ဘာဦးအစ ဖရိုဖရဲနယ်မြေများ၊ မဟာကျင်းတိုင်းပြည်နှင့် ပစ္စုပ္ပန်ရွာလေး၏ မြင်ကွင်းများပင် ပါဝင်နေသည်။
ညီညာပြန့်ပြူးသော လေးထောင့်မြေပြင်အပေါ်တွင် လူတစ်ယောက်၏ဝိညာဉ်ကိုပါ စုပ်ယူသွား နိုင်လောက်အောင် နက်ရှိုင်းလှသည့် အမည်းရောင်ကြီးသာ ရှိနေသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်က အလွန်ကျယ်ဝန်းလှပြီး တစ်ချက်ကြည့်ရုံဖြင့် အဆုံးသတ်ကို မမြင်နိုင်ပေ။ အနည်းဆုံး တောရိုင်းမြေတစ်ခုလုံး၏ အကျယ်အဝန်းထက် မသေးငယ်လှပေ။
...
...
နဂါးဝတ်ရုံကိုဝတ်ဆင်ထားပြီး ဓားတစ်လက်ပမာစူးရှသောမျက်ခုံးနှင့် ချိုင့်ဝင်နေသော မျက်တွင်းများ ရှိနေသည့် ခန့်ညားလှသောအမျိုးသားတစ်ဦးက မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသည်။ သူက လက်ဖဝါး၊ ခြေဖဝါးနှင့် ခေါင်းထိပ်တို့ကို ကောင်းကင်ဆီသို့ မျက်နှာမူထားသည့် တရားထိုင်ဟန်ဖြင့်ရှိနေပြီး အဖြူအမည်း ကွဲပြားနေသော မျက်ဝန်းများက ကောင်းကင်ထက်ရှိ ကြယ်တာရာများကိုပင်ဆံ့နိုင်သည့်အလား ဖြစ်နေ၏။
သူနှင့်မုန့်ချင်ကျိုးအကြားတွင် မီတာတစ်ထောင်ခန့် ကွာဝေးသည်။
လူသားဧကရာဇ်က မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် အရှေ့မှလူကို တိတ်ဆိတ်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းက အရင်အတိုင်းပဲ။ နည်းနည်းပိုသန်မာလာတာကလွဲရင် ငါ မင်းကို ပထမဆုံးတွေ့ခဲ့တဲ့အချိန်နဲ့ ဘာမှမပြောင်းလဲသွားဘူး။"
"အချိန်-နေရာလွတ် တာအိုက တကယ်ကို နက်နဲဆန်းကြယ်လွန်းတာပဲ..."
"ပထမဆုံး တွေ့ဆုံခဲ့ပြီးကတည်းက ငါ ရှည်လျားလွန်းတဲ့အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရတယ်။ မျိုးနွယ်စုပေါင်းစုံကို ဖိနှိပ်ချုပ်ချယ်ခဲ့တယ်။ နတ်ဘုရားတွေကို ထိန်းကျောင်းခဲ့တယ်။ ခေတ်ကောင်းကြီးတစ်ခုကို ဖန်တီးခဲ့တယ်။ ကောင်းကင်တာအိုကို နှစ်ကြိမ်တိုင်တိုင် စစ်ခင်းခဲ့တယ်..."
"အချိန်ကိုတွက်ကြည့်မယ်ဆိုရင် နှစ်သောင်းနဲ့ချီ ကြာမြင့်ခဲ့ပြီ။"
"ဒါပေမဲ့ မင်းရဲ့မှတ်ဉာဏ်ထဲမှာတော့ ငါနဲ့လမ်းခွဲခဲ့တာ ဆယ်နှစ်ကျော်လေးပဲ ရှိသေးတယ်ဆိုတော့ တော်တော်လေး ရယ်စရာကောင်းတာပဲ။"
မုန့်ချင်ကျိုးက ရှေ့သို့ဆက်မလျှောက်ဘဲ နေရာမှာပင်ရပ်နေလိုက်ပြီး နတ်ဘုရားအာရုံဖြင့် ဤနေရာလွတ် တစ်ခုလုံးကို စူးစမ်းရှာဖွေလိုက်သည်။
အတန်ကြာမှသာ သတိပြန်ဝင်လာသည်။
မုန့်ချင်ကျိုးလည်း လူသားဧကရာဇ်၏ဟန်ပန်အတိုင်း တင်ပလ္လင်ခွေထိုင်ချလိုက်ပြီး မီတာတစ်ထောင်ခန့် အကွာအဝေးမှနေ၍ တစ်ဖက်လူကို အဝေးမှ မျက်နှာချင်းဆိုင်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"မင်း သေသွားပြီလို့ သူတို့အားလုံးက ပြောကြတယ်။ သေချာပေါက်သေသွားပြီလို့ ငါ့ကို တစ်ကြိမ်မက အာမခံခဲ့ကြတာ။ ကောင်းကင်ကြည့်ဆောင်ကလူတွေ လိမ်မနေဘူးဆိုတာကို ငါ သိတယ်။"
"ဒါဆို မင်းက ကောင်းကင်ကြည့်ဆောင်ကို လိမ်ထားတာလား။ ဒါမှမဟုတ် ကောင်းကင်ကြည့်ဆောင်က လူတွေကပဲ ငါ့ကို လိမ်နေကြတာလား။"
လူသားဧကရာဇ်၏မျက်ဝန်းများက မှိုင်းညို့နေသော ရေကန်သေကြီးတစ်ခုလို အေးစက်နေလေသည်။ မျက်ဝန်းထဲတွင် အချိန်-နေရာလွတ် ဓားသူတော်စင်၏အရိပ်က ထင်ဟပ်နေပြီး သူက ပြောလိုက်သည်...
"ဘယ်သူမှ မလိမ်ခဲ့ဘူး။"
သူ ဤအဖြေကို ပေးလိုက်သည်။
ကောင်းကင်ကြည့်ဆောင်က မုန့်ချင်ကျိုးကို မလိမ်ညာခဲ့သလို လူသားဧကရာဇ်ကလည်း ကောင်းကင်ကြည့်ဆောင်ကို မလိမ်ညာခဲ့ပေ။
ထိုစကားကို ကြားသောအခါ။
မုန့်ချင်ကျိုးက မျက်ခုံးအနည်းငယ် ပင့်လိုက်ရုံသာပြုပြီး အရက်အိုးတစ်အိုးနှင့် အရက်ခွက်နှစ်ခွက်ကို ထုတ်ယူလိုက်သည်။
အရက်ရည်ကို ခွက်များထဲသို့ အပြည့် ငှဲ့ထည့်လိုက်သည်။
စကားပုံအရ "လက်ဖက်ရည်ဆိုတစ်ဝက်၊ အရက်ဆိုရင်ခွက်အပြည့်" ဆိုသည်မှာ ဧည့်ဝတ်ကျေပွန်ခြင်း နဖြစ်သည်။ ပြောင်းပြန်ဆိုလျှင် မကောင်းသောဧည့်သည်ကို နှင်ထုတ်လိုသည့်သဘောမျိုး သက်ရောက်သည်။
"ဒါက မင်းနဲ့ငါ ပထမဆုံးတွေ့တုန်းက သောက်ခဲ့တဲ့ အရက်အိုးပဲ။ အဲဒီတုန်းက ငါ ခိုးယူလာခဲ့တာ။ အရင်တုန်းက အရသာအတိုင်းပဲ။ အလွန်ဆုံးကွာသွားရင်တောင် အရက်နံ့က ပိုမွှေးပြီး ပြင်းသွားတာလောက်ပဲ ရှိမယ်။"
မုန့်ချင်ကျိုးက အရက်ခွက်တစ်ခွက်ကို လေထဲမှနေ၍ လှမ်းပေးလိုက်သည်။
အချိန်ကိုလက်တံအဖြစ်သုံးပြီး နေရာလွတ်ကို အခြေခံစင်မြင့်အဖြစ်သုံးကာ လူသားဧကရာဇ်အနီးသို့ ပို့ဆောင်ပေးလိုက်သည်။
လူသားဧကရာဇ်က လက်တစ်ချက်ဝှေ့ယမ်းကာ အချိန်-နေရာလွတ် မြစ်တစ်စင်းကို ဆင့်ခေါ်လိုက်ပြီး အရက်ခွက်ကို ချက်ချင်းဖုံးလွှမ်းကာ သူ၏လက်ထဲသို့ ရောက်ရှိလာစေသည်။
ထို့နောက် တစ်ကျိုက်တည်း မော့၍သောက်လိုက်သည်။
သို့သော် သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှမရှိဘဲ ခေါင်းခါလျက်ပြောသည်။ "ဘာအရသာမှ မရှိဘူး။ အရင်တုန်းကလောက် မပြင်းတော့ဘူးပဲ။"
ယခင်က သူသည် အချိန်-နေရာလွတ် ဓားသူတော်စင်အပြင် ချစ်စရာကောင်းသော ရှုံ့တတို့နှင့်အတူ မျက်နှာချင်းဆိုင်ထိုင်ကာ အရက်သောက်ခဲ့ကြသည်။
ထိုအချိန်တုန်းက။
လူသားဧကရာဇ်သည် တက်ကြွရွှင်လန်းနေပြီး ရည်မှန်းချက်များ အပြည့်အဝ ရှိနေခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင် ရှေ့သို့သာဆက်သွားမည့် ယုံကြည်မှုများ အမြဲကိန်းအောင်းနေခဲ့သည်။ မုန့်ချင်ကျိုးကမူ ပို၍ တည်ငြိမ်ပြီး ထိုအချိန်က လူသားဧကရာဇ်ပြောပြနေသော ကြီးကျယ်ခမ်းနားလှသည့် အစီအစဉ်ကြီးများအပေါ် စိတ်ဝင်စားမှု တစ်စက်လေးမျှမရှိခဲ့ပေ။
ယခုအခါ နေရာချင်း ပြောင်းသွားခဲ့ပြီဖြစ်သည်။ မုန့်ချင်ကျိုးသည် ဤလောက၏အမှန်တရားများစွာကို တဖြည်းဖြည်း နားလည်လာကာ ပို၍ရည်မှန်းချက်ကြီးလာပြီး အချိန်တိုင်း ထက်မြက်မှုများ ပြည့်နှက်နေသည်။ လူသားဧကရာဇ်ကို ပြန်ကြည့်လျှင်တော့ တောင်တန်းကြီးတစ်ခုလို တည်ငြိမ်နေပြီး သူ၏ထက်မြက်မှုများကို ရုပ်သိမ်းထားခဲ့ပြီဖြစ်သည်။
"အရသာ ပေါ့သွားတယ် ဟုတ်လား။"
"သေချာ မသိမ်းထားမိလို့များလား..."
မုန့်ချင်ကျိုးသည်လည်း တစ်ခွက် အပြည့်သောက်လိုက်ပြီး အရသာကို သေချာပြန်ခံစားကြည့်ရာ အရက်က ထိုအရက်ပင်ဖြစ်ပြီး အရင်လိုပင် ပြင်းရှနေသေးကြောင်း တွေ့လိုက်ရသည်။
လူများသာ ပြောင်းလဲသွားခဲ့ခြင်းပင်...
"စကားနည်းနည်းလောက် ပြောကြတာပေါ့၊ ငါ့စိတ်ထဲမှာ သံသယတွေ အများကြီး ရှိနေတယ်။ အရင်တုန်းက ငါတို့ ပထမဆုံးတွေ့ခဲ့ကြချိန်တုန်းက မင်းမှာ မေးခွန်းတွေအများကြီးရှိနေပြီး ငါက တစ်ခုချင်းစီ ဖြေပေးခဲ့သလိုမျိုးပဲ။ အခု ပြောင်းပြန်ဖြစ်သွားပြီ။ အခု ငါက သိချင်စိတ်တွေ အရမ်းပြင်းပြနေလို့ မင်းက ငါ့ကို ဖြေရှင်းပေးဖို့လိုနေပြီ။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
ထို့နောက် အရက်အိုးကို ဟင်းလင်းပြင်ထဲသို့ ငှဲ့ချလိုက်သည်။
အရက်များက လူသားဧကရာဇ်၏အရက်ခွက်အပေါ်မှ ချက်ချင်းကျလာပြီး မျဉ်းကြောင်းတစ်ကြောင်းလို တစ်စက်မှမဖိတ်စင်ဘဲ ခွက်ထဲသို့ အပြည့်ဝင်သွားသည်။
"ရပါတယ်။" လူသားဧကရာဇ်က ခေါင်းညိတ်လိုက်ပြီးနောက် အလောတကြီးမရှိဘဲ လေပြေလေးလို အေးအေးဆေးဆေး ဖြစ်နေသည်။
မုန့်ချင်ကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် ခွက်ကို မြှောက်လိုက်ရင်း တစ်ပြိုင်နက်တည်း မေးလိုက်သည်။
"ခုနက အကြောင်းအရာကို ဆက်ရအောင်။"
"ဘယ်သူမှမလိမ်ခဲ့ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ မင်း ရှင်းပြဖို့လိုတယ်။"
လူသားဧကရာဇ်က ခွက်ကိုမြှောက်ကာ သောက်ရန်ပြင်လိုက်သော်လည်း ခွက်ကို လေထဲတွင် အချိန် အတော်ကြာအောင် ရပ်တန့်ထားပြီးမှ နောက်ဆုံးတွင် ပြန်ချထားလိုက်ကာ ခေါင်းခါလျက် ပြောလိုက်သည်။
"တကယ်တော့ မင်းစိတ်ထဲမှာ ခန့်မှန်းမိနေလောက်ပြီပါ။ ဝန်မခံချင်ရုံသက်သက်ပါ။"
"မှန်တယ်..."
"လူသားဧကရာဇ်က သေသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့(၁၀)နှစ်ကျော်လောက်က သူ တောင့်ခံနိုင်စွမ်းအားလုံး ကုန်ဆုံးသွားပြီးတော့ လုံးဝသေဆုံးသွားခဲ့ပြီ။"
သေချာရေရာသောအဖြေကို ရလိုက်သည့်တစ်ခဏတွင်။
မုန့်ချင်ကျိုးက စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်သော်လည်း အရက်ခွက်ကို ကွဲကြေသွားသည်အထိ ဆုပ်လိုက်မိသည်။ အရက်များက လက်ချောင်းကြားမှ စီးကျလာ၏။
သေသွားပြီ။
တကယ်ပဲ သေသွားပြီ။
"အားနာပါတယ်။" မုန့်ချင်ကျိုး သတိပြန်ဝင်လာပြီး အမူအရာပျက်သွားသည်ကို သတိထားမိလိုက်သဖြင့် လက်ဖဝါးကိုဖြန့်လိုက်ရာ ကွဲကြေသွားသော အရက်ခွက်က အချိန်နောက်ကြောင်းပြန်သွားပြီး မူလအတိုင်း ပြန်လည် ပြည့်စုံသွားသည်။
"လူသားဧကရာဇ်က သေသွားပြီဆိုမှတော့ ခုနက မင်း ဘာလို့ပြောခဲ့သေးလဲ..."
"မင်းက ရှီးလည်း ဟုတ်တယ်။ ယွဲ့လည်း ဟုတ်တယ်။ ပြီးတော့ ကောင်းကင်တာအိုလည်း ဟုတ်တယ်ဆိုပြီးတော့လေ။"
မုန့်ချင်ကျိုး၏နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီးနောက် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
လူသားဧကရာဇ်က အတန်ကြာတိတ်ဆိတ်နေပြီးနောက် မျက်လုံးကို အနည်းငယ်မော့ကာ အရှေ့မှလူကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်း တကယ် သိချင်တာလား။"
"အမှန်တရားက မင်း လက်ခံနိုင်မှာ မဟုတ်ဘူး။"
မုန့်ချင်ကျိုးက ဟားဟားခနဲ ရယ်မောလိုက်ပြီး ပြောသည်။
"ငါ့စိတ်ထဲက လူသားဧကရာဇ်ရဲ့နေရာကို မင်း အရမ်းအထင်ကြီးနေတာလား။ ခဏတဖြုတ်ပဲဆုံခဲ့ရတဲ့ လမ်းသွားလမ်းလာ တစ်ယောက်ပါပဲ။ ငါက စပ်စုချင်ရုံသက်သက်ပါ။"
ထိုစကားကို ကြားသောအခါ။
လူသားဧကရာဇ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်လောက်က မင်းတစ်ယောက်တည်း ကောင်းကင်ပြည်နယ်မှာ စစ်ခင်းခဲ့တုန်းက ပေါ်လာခဲ့တဲ့ ထူးခြားတဲ့အခြေအနေတချို့ကို မှတ်မိသေးလား။"
ချက်ချင်းပင်။
မုန့်ချင်ကျိုး၏ဦးရေပြားများ ထုံကျဉ်သွားသော်လည်း သူ၏ တည်ငြိမ်သောမျက်နှာအမူအရာကိုတော့ ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
မှတ်ဉာဏ်များက လွန်ခဲ့သော(၁၀)နှစ်ကျော်ဆီ ပြန်လည်ရောက်ရှိသွားသည်။ ကျိဝူရွှမ်က ကျိမိသားစု၏ လျှို့ဝှက်လက်နက်ဖြစ်သော လျိုရှန်းမြားကို ထုတ်သုံးလိုက်စဉ် ထိုမြားက သူ့ကို ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲ မတော်တဆဆွဲခေါ်သွားခဲ့ပြီး ဒွါရ(၇)ပေါက်မှ သွေးများထွက်နေသော လူသားဧကရာဇ်ကို မြင်တွေ့ခဲ့ရသည်။
သူ မှတ်မိနေသေးသည်။ ထိုစဉ်က လူသားဧကရာဇ်သည် ပါးစပ်ကိုဟကာ စကားတချို့ကို ပြောနေပုံ ရသော်လည်း သူကတော့ လုံးဝမကြားရဘဲ စကြဝဠာတစ်ခုလုံး ခြားနေသကဲ့သို့ ဖြစ်နေခဲ့သည်။
"မှတ်မိတယ်။ ငါ ပုံရိပ်ယောင်ကမ္ဘာထဲမှာ လူသားဧကရာဇ်ရှီးကို တွေ့ခဲ့ဖူးတယ်။" မုန့်ချင်ကျိုးက မျက်နှာအမူအရာကိုမမြင်ရအောင် ခေါင်းကိုအနည်းငယ်ငုံ့လျက် ပြောလိုက်သည်။
လူသားဧကရာဇ်က ခန့်မှန်းရခက်သော အပြုံးတစ်ခုကိုပြုံးလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"မှန်တယ်။"
"အဲဒါက ကျန်နေသေးတဲ့ ငါ့ရဲ့လူသားသဘာဝလေးက မင်းဆီကနေ အကူအညီတောင်းနေခဲ့တာပဲ။ နှမြောစရာကောင်းတာက အဲဒါက နောက်ဆုံးအခွင့်အရေး ဖြစ်နေခဲ့ပြီးတော့ မင်းက အဲဒီအခွင့်အရေးကို လွဲချော်သွားခဲ့တယ်။"
"အခု ငါ့မှာ နတ်ဘုရားသဘာဝပဲ ကျန်တော့တယ်။ ငါက သေခြင်းရှင်ခြင်းကို ပြန်လည်ဖြတ်ကျော်ပြီး လူသားဧကရာဇ်နေရာကို စွန့်လွှတ်လိုက်တယ်။ နတ်ဘုရားသဘာဝနဲ့ လူသားသဘာဝရဲ့ အားပြိုင်မှုမှာ နောက်ဆုံးတော့ ငါကပဲ နိုင်သွားခဲ့တယ်။"
ထိုသို့ပြောပြီးနောက် လူသားဧကရာဇ်က ဖွဖွလေး ပြုံးလိုက်သော်လည်း သူ၏မျက်ဝန်းများထဲတွင်တော့ အေးစက်မှုများ ပြည့်နှက်နေသည်။
နတ်ဘုရားသဘာဝနှင့် လူသားသဘာဝ...
ကောင်းကင်တာအိုနှင့် လူသားဧကရာဇ်။
"ဒါဆို... မင်းက ကောင်းကင်တာအိုနဲ့ လူသားဧကရာဇ် ပေါင်းစပ်ထားတဲ့အရာပေါ့။" မုန့်ချင်ကျိုးက မျက်လုံးမော့ကြည့်လိုက်ရာ ဟာလာဟင်းလင်းဖြစ်နေသောမျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ အနည်းငယ် ပေါ်လွင်လာသည်။
ဆိုလိုသည်မှာ သမိုင်းတွင်ဖြူစင်တက်ကြွပြီး အရှေ့သို့သာဆက်သွားတတ်ကာ လူသားသဘာဝ၏ အလင်းရောင်များ ပြည့်နှက်နေခဲ့သော ရှီး(ယွဲ့)က သေဆုံးသွားခဲ့လေပြီ။
သူက လူသားဧကရာဇ်၏ နတ်ဘုရားသဘာဝနှင့် ကောင်းကင်တာအိုတို့၏ ပူးပေါင်းသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ထို့နောက် မုန့်ချင်ကျိုးက သူ၏နောက်ဆုံးအကြိမ် အကူအညီတောင်းခြင်းကို လွဲချော်ခဲ့မိသည်...
မုန့်ချင်ကျိုး၏လက်ဖဝါးများ အနည်းငယ်တုန်ယင်နေပြီး စိတ်ထဲတွင် နာကျင်ခံစားရမှုများ ပေါ်လာကာ မျက်ဝန်းများပင် အနည်းငယ် ပူနွေးလာသည်။ သူက ခါးသီးသောအပြုံးတစ်ခုကို ဆင်မြန်းကာ ခေါင်းမော့၍ အရက်ကိုသောက်ချလိုက်သည်။
"ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး။"
လူသားဧကရာဇ်က ခေါင်းခါလျက် အေးဆေးစွာပြောလိုက်သည်။ "ဒုတိယအကြိမ် ကောင်းကင်တာအိုကို စစ်ခင်းတဲ့တိုက်ပွဲမှာ တကယ်တော့ ငါက နိုင်ခဲ့တာပဲ။"
"အနိုင်အရှုံးဆုံးဖြတ်ရတဲ့ အဓိကသော့ချက်ကတော့ ငါ အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့တာပဲ။ အဲဒါကတော့ လူသားဧကရာဇ်နေရာရဲ့ ထူးခြားချက်ပေါ့။"
"ကောင်းကင်တာအိုက အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်။ သူကိုယ်တိုင်က တစ်ခုတည်းသောတည်ရှိမှုရဲ့ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်ထားပြီးတော့ အဲဒီသုံးပုံနှစ်ပုံထဲကနေတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီးတော့ လူသားဧကရာဇ် နေရာထဲကို ထည့်သွင်းလိုက်တယ်။"
"ဒီလိုလုပ်တာက ထီးနန်းတက်မယ့်သူကို အပြည့်အဝထိန်းချုပ်နိုင်တာမှန်ပေမယ့် ဟာကွက်တစ်ခုလည်း ကျန်ခဲ့တယ်။"
"တကယ်လို့ အချိန်-နေရာလွတ်တာအိုကို သုံးမယ်ဆိုရင် ငါက လူသားဧကရာဇ်နေရာကနေတစ်ဆင့် ကောင်းကင်တာအိုကို ပြန်လည်ကျူးကျော်ဝင်ရောက်နိုင်မှာပဲ။ အဲဒီကနေတစ်ဆင့် သူ့ကို တစ်လှမ်းချင်းစီ တိုက်စားပစ်နိုင်တယ်။"
"ဒီနားလည်သဘောပေါက်မှုတွေက ပထမအကြိမ် ကောင်းကင်တာအိုကို စစ်ခင်းတာကျရှုံးပြီးတော့ ငါ တံခါးပိတ်ကျင့်ကြံရင်း ရလာခဲ့တာပဲ။ အဲဒီနောက်မှာ မင်းချန်ရစ်ခဲ့တဲ့ ခြေရာတွေကနေတစ်ဆင့် ဥပမာ ဟွမ်သားရဲဖြစ်တဲ့ ချုံးလေ။ ရှုံ့တလို့လည်း ပြောလို့ရပါတယ်။ ငါ့ကို နေရာလွတ်တာအို သင်ပေးဖို့ သူ့ကို ခိုင်းခဲ့တယ်။ ဘယ်သူထင်မှာလဲ။ အဲဒီတိရစ္ဆာန်တုံးက လက်မခံဘူး။ အဲဒါနဲ့ ငါက သူ့ကို လိုက်သတ်ဖို့အတွက် လူလွှတ်လိုက်ပြီးတော့ သူ့ကို ထွက်ပြေးဖို့ ဖိအားပေးလိုက်တယ်လေ။ နေရာလွတ်တာအိုကို အစွမ်းကုန် သုံးအောင်လုပ်ပြီး ငါက အမှောင်ထဲကနေပုန်းပြီး လေ့လာခဲ့တာပေါ့။"
"တစ်နှစ်တည်းဆိုတဲ့ အချိန်တိုလေးအတွင်းမှာပဲ ငါ အတော်လေးကို နားလည်သဘောပေါက်သွားခဲ့ပြီ။"
"အဲဒီနောက်ပိုင်းမှာ ငါက အရပ်လေးမျက်နှာကို ဆက်လက် လှည့်လည်သွားလာပြီးတော့ မင်း အရင်က အတိဒုက္ခဖြတ်ကျော်ပြီး တာအိုသက်သေပြခဲ့တဲ့နေရာကို လိုက်ရှာခဲ့တယ်။ ကြိုးစားတဲ့သူကို ဘုရားမမေ့ပါဘူး။ ငါ အောင်အောင်မြင်မြင်နဲ့ ရှာတွေ့သွားပြီးတော့ နောက်ထပ် တစ်နှစ်ကျော်လောက် အချိန်ယူပြီး အချိန်တာအိုကိုပါ နားလည်သွားခဲ့တယ်။"
ထိုသို့ပြောရင်းနှင့် လူသားဧကရာဇ်က လက်ဖဝါးကို မြှောက်လိုက်သည်။
သူ၏လက်ဖဝါးထဲတွင် အချိန်နှင့်နေရာလွတ် တာအိုကြီးနှစ်ခုက လွင့်မျောနေပြီး အနည်းငယ် သက်ပြင်းချလိုက်သည်။
"နှမြောစရာကောင်းတာက ဒီလောက်နှစ်တွေအကြာကြီးမှာ ငါက အချိန်-နေရာလွတ်ကို ပေါင်းစပ်ပြီး အချိန်-နေရာလွတ် တာအိုဖြစ်လာအောင် လုံးဝ မလုပ်နိုင်ခဲ့ဘူး။"
"သာမန်ပေါင်းစပ်မှုလေးပဲ လုပ်နိုင်တယ်။ အဝတ်အထည် ရက်လုပ်သလိုပဲ အပ်နဲ့ချည်ကြိုးကိုသုံးပြီး ညံ့ဖျင်းတဲ့အချိန်-နေရာလွတ်ပုံစံကို အချိန်နဲ့နေရာလွတ်တာအိုအဖြစ် ရက်လုပ်ထားတာပေါ့။"
ထိုအချိန်မှာပင်။
မုန့်ချင်ကျိုးက မျက်စိရှေ့မှမြူခိုးများ တဖြည်းဖြည်းပါးလျသွားသည်ဟု ခံစားလိုက်ရပြီး တိမ်တိုက်များကို ဖယ်ရှားကာ ကြည်လင်သောကောင်းကင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ရှင်းလင်းသွားသည်။
မေးခွန်းများစွာက ဤစကားများထဲတွင် အဖြေရသွားခဲ့ပြီဖြစ်သည်။
"ဆက်ပြောပါ။" မုန့်ချင်ကျိုးက လက်ကိုမြှောက်ကာ အချက်ပြလိုက်သည်။
လူသားဧကရာဇ်က အနည်းငယ်သက်ပြင်းချကာ ပြောလိုက်သည်။ "နောက်ပိုင်း ဘာမှမရှိတော့ဘူး။"
"ကောင်းကင်တာအိုကို ငါ ပြန်ပြောင်းပြီးကျူးကျော်ဝင်ရောက်တာ အောင်မြင်သွားတယ်။ နှစ်သောင်းချီ တစ်လျှောက်လုံး ငါက လူသားသဘာဝဘက်ကို အမြဲထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ငါ့မှာ နတ်ဘုရားသဘာဝဘက်လည်း ရှိနေတာပေါ့။ ဘယ်သက်ရှိမျိုးမှာမဆို လူသားနဲ့ နတ်ဘုရားဆိုတဲ့ အသွင်နှစ်မျိုး ရှိကြတာချည်းပဲ။ ဒါပေမဲ့ ငါ့ရဲ့နတ်ဘုရားသဘာဝဘက်က နိုးထလာပြီး ကိုယ်ပိုင်အသိစိတ် ပေါ်လာခဲ့တာပဲ။"
"လူသားသဘာဝက အတော်လေး ခေါင်းမာတယ် ပြောရမယ်။ ငါနဲ့ ကောင်းကင်တာအိုရဲ့ ဖိနှိပ်မှုတွေကို တစ်ပြိုင်နက်တည်း ခုခံနိုင်ပြီးတော့ နှစ်သောင်းချီကြာအောင်တောင် တောင့်ခံနိုင်ခဲ့သေးတယ်။"
"မဟုတ်ရင် ကောင်းကင်တာအိုက အကြိမ်ကြိမ် နိုးထလာမယ့် အခြေအနေရောက်နေတာကို ဘယ်သူက ဖိနှိပ်ထားတယ်လို့ မင်း ထင်လဲ။ လူသားသဘာဝက ခုခံနေခဲ့လို့ပေါ့။"
"လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်လောက်ထိပဲ။ လူသားသဘာဝ လုံးဝသေဆုံးသွားပြီး ငါနဲ့ ကောင်းကင်တာအိုပဲ ကျန်တော့လို့ တစ်ခုတည်းအဖြစ် အပြန်အလှန်ပေါင်းစပ်သွားခဲ့တာပဲ။"
"ဒါကြောင့်... ဘယ်သူမှ မလိမ်ခဲ့ဘူး။ အရင်တုန်းက လူသားဧကရာဇ်က တကယ် သေသွားခဲ့လို့ပဲ။"
ထိုနေရာသို့ ရောက်သောအခါ လူသားဧကရာဇ်က လှောင်ပြောင်သည့်အပြုံးဖြင့် ပြုံးလိုက်သည်။
နောက်ဆုံးတော့လည်း သူသာ အနိုင်ရသွားခဲ့သည်။
လူသားဧကရာဇ်က အချိန်-နေရာလွတ် ဓားသူတော်စင်က သူ့ကိုယ်စား လက်ဆင့်ကမ်းပေးမည်ဟု မျှော်လင့်ချက်ဖြင့် အတော်ကြာ ခက်ခက်ခဲခဲ တောင့်ခံနေခဲ့သော်လည်း သေသည့်အထိ စောင့်နေခဲ့သည့်တိုင် ရောက်မလာခဲ့ပေ။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။
နှစ်သောင်းချီစစ်ခင်းခဲ့ရပြီး နောက်ဆုံးဇာတ်သိမ်း၌ သူများအတွက် အကျိုးခံစားခွင့်လုပ်ပေးလိုက်ရသလို ဖြစ်သွားခဲ့သည်။
မုန့်ချင်ကျိုး၏အသံ အက်ကွဲနေပြီး တစ်စုံတစ်ရာကိုဖိနှိပ်ထားရသည့်အလား ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေကာ ပြောလိုက်သည်။
"နောက်ဆုံး မေးခွန်းသုံးခု မေးမယ်။"
"ပထမတစ်ခု။ ယွဲ့က ဘယ်လိုလုပ် ရှီးဖြစ်လာတာလဲ။"
"ဒုတိယတစ်ခု။ သူက မိဖုရားခေါင်ကြီးကို ဘာလို့သတ်ခဲ့တာလဲ။"
"တတိယတစ်ခု။ နောက်ဆုံးဇာတ်သိမ်းဆိုတာ တကယ်တမ်းဘာလဲ။”
...