အခန်း ၄၂၄
Vol. 29 Ch. 424
အပိုင်း(၄၂၄) စာအုပ်ထဲဝင်လာရခြင်း၏ အမှန်တရား
အေးစက်သော မျက်ဝန်းများမှ လျှပ်စီးများလက်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
(၁၀)နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် မျက်လုံးပြန်ဖွင့်လိုက်ရသောအခါ သူက အနည်းငယ် အနေရခက်နေပြီး မျက်စိစူးနေသလို ခံစားရသည်။
လူသားဧကရာဇ် သေဆုံးသွားပြီးနောက် နတ်ဘုရားသဘာဝ၊ လူသားသဘာဝနှင့် ကောင်းကင်တာအို၏ စိတ်ဆန္ဒတို့ အတူတကွ ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
စနစ်၏အချက်ပြသံ ထွက်မလာတော့ဘဲ တစ်ခုတည်းသောတည်ရှိမှုအဖြစ် ပြောင်းလဲကာ သူနှင့် ပေါင်းစပ်သွားခဲ့သည်။
မုန့်ချင်ကျိုးသည် သူ၏ခန္ဓာကိုယ်အတွင်း အကြီးအကျယ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရသည်။ လူသားဧကရာဇ် သေဆုံးသွားသည်နှင့်အမျှ ကျန်ရှိနေသော တစ်ခုတည်းသောတည်ရှိမှု နှစ်ပိုင်းကလည်း သူ့ထံသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
တစ်ခုတည်းသောတည်ရှိမှု သုံးပိုင်းသည် မူလက တစ်ခုတည်းဖြစ်ပြီး နောက်ပိုင်းမှ ကွဲကွာသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပြန်လည်ဆုံစည်းခွင့်ရပြီဖြစ်၍ မူလအတိုင်း ပြန်လည်ပေါင်းစည်းရမည်သာ ဖြစ်သည်။
[ပြီးပြည့်စုံသောတစ်ခု]
လူသားဧကရာဇ်၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော တစ်ခုတည်းသောတည်ရှိမှု နှစ်ပိုင်းကို အပြည့်အဝ လက်ခံပေါင်းစပ်နိုင်လိုက်သည်နှင့်...
သူက သံသရာမှ လွတ်မြောက်နိုင်လေပြီ။
သို့သော် မုန့်ချင်ကျိုးက ရုတ်တရက် တုံ့ဆိုင်းသွားပြီး စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။
"နည်းနည်း အရမ်းချောမွေ့လွန်းနေတယ်..."
"တစ်ယောက်ယောက်က တမင်သက်သက် စီစဉ်ထားသလိုမျိုးပဲ။"
"ဒါ ငါ ထင်ယောင်ထင်မှားဖြစ်နေတာများလား။"
မုန့်ချင်ကျိုးက တီးတိုးရေရွတ်ရင်း ရင်ဘတ်ကို ပွတ်သပ်ကာ ခန္ဓာကိုယ်အတွင်းပိုင်းကို အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။
မည်သည့်ထူးခြားချက်၊ မှားယွင်းချက်မျှ မတွေ့ရပေ။
အကန့်အသတ်များကိုချိုးဖောက်ပြီး သံသရာမှ လွတ်မြောက်နိုင်မည့် သွေးဆောင်မှုမျိုးကို အတိတ်မှ ယနေ့အထိ မည်သူမျှ မတွန်းလှန်နိုင်ခဲ့ပေ။ နတ်ဘုရားသဘာဝ လူသားဧကရာဇ်၊ လောကကိုလွန်မြောက်သူ၏ မျက်လုံးများ၊ မျိုးနွယ်စုပေါင်းစုံ၏ ဒဏ္ဍာရီလာသက်ရှိများပင်လျှင် ဤသွေးဆောင်မှုကို မတွန်းလှန်နိုင်ခဲ့ကြပေ။
သို့သော် မုန့်ချင်ကျိုးကတော့ လက်တစ်ကမ်းအလို ရောက်နေသည့် အချိန်လေးမှာပင် အတင်းအကျပ် ရပ်တန့်လိုက်သည်။
သူက တင်ပလ္လင်ခွေထိုင်နေသော လူသားဧကရာဇ်၏အလောင်းကို စိုက်ကြည့်ရင်း သူကိုယ်တိုင်လည်း မျက်နှာချင်းဆိုင် တင်ပလ္လင်ခွေထိုင်ချလိုက်သည်။
"နောက်ဆုံးဇာတ်သိမ်းက တကယ်ပဲ ဒီလောက် ရိုးရှင်းနေတာလား။"
"ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒ၊ နတ်ဘုရားသဘာဝ လူသားဧကရာဇ်၊ လူသားသဘာဝ လူသားဧကရာဇ်တို့ ဒီလိုပဲအဆုံးသတ်သွားတာ တစ်ခုခုလိုနေသလို ခံစားရတယ်။"
"မဟုတ်သေးဘူး..."
"တစ်ခုခုကိုတော့ လျစ်လျူရှုထားမိတာ သေချာတယ်။"
မုန့်ချင်ကျိုးက သေချာပြန်လည်စဉ်းစားရင်း သူ၏ခန္ဓာကိုယ်ကို သတိထား စစ်ဆေးနေသည်။
ဤသို့နှင့် ထိုင်နေလိုက်သည်မှာ နှစ်ဝက်တိတိ ကြာသွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ထဲတွင် အချိန်စီးဆင်းမှုက အပြင်လောကနှင့် မတူညီပေ။ ဤနေရာတွင် နှစ်(၁၀၀) ကြာခြင်းက အပြင်လောကတွင် (၆)နာရီနှင့်သာ ညီမျှသည်။
နှစ်ဝက်တိတိ အချိန်ကြာသွားသည့်တိုင် မုန့်ချင်ကျိုးက မည်သည့် ပြဿနာမျှ မတွေ့ရသေးပေ။
သို့သော်။
တစ်ခုတည်းသောတည်ရှိမှု၏ သွေးဆောင်မှုက တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။
စွဲလမ်းမှုတစ်ခုလို၊ အတွင်းနတ်ဆိုးတစ်ခုလို ပြောင်းလဲသွားပြီး သူ၏နားထဲတွင် အချိန်ပြည့် တီးတိုးပြောနေသည်။
[တစ်ခုတည်းသောတည်ရှိမှုနဲ့ မြန်မြန်ပေါင်းစပ်လိုက်တော့။ ဒါက သံသရာကနေ လွတ်မြောက်ဖို့အတွက် အခွင့်အရေးပဲ။ အကန့်အသတ်တွေကိုချိုးဖျက်ဖို့ အခွင့်အရေးပဲ]
[ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် တစ်သက်လုံး နောင်တရနေလိမ့်မယ်]
[ဘာအကြံအစည်မှမရှိဘူး။ လူသားဧကရာဇ်ရှီးသာ မကူညီခဲ့ရင် မင်းက စောစောကတည်းက နတ်ဘုရားသဘာဝ လူသားဧကရာဇ်ရဲ့ လက်ထဲမှာ သေနေလောက်ပြီ။ ဒီလောက် အခက်အခဲတွေ များကြီး ဖြတ်သန်းလာခဲ့တာ ဒီအချိန်လေးအတွက် မဟုတ်ဘူးလား]
[မင်းရဲ့ဇနီးတောင် မင်းကြောင့် သေလုနီးပါးဖြစ်ခဲ့ရတာ။ ဒါတောင် မလုံလောက်သေးဘူးလား]
[မင်း ဘာကို စောင့်နေတာလဲ]
မုန့်ချင်ကျိုး၏မျက်လုံးများက သွေးရောင်လွှမ်းလာပြီး သားရဲတစ်ကောင်လို ဟိန်းဟောက်ကာ သူ၏ ခေါင်းကို ရူးသွပ်စွာ ထုရိုက်နေသည်။
"မလောနဲ့။ ငါ့ကို မလောနဲ့။"
"သေချာပေါက် ပြဿနာတစ်ခုခု ရှိနေတယ်။"
"ငါ တစ်ခုခုကို လျစ်လျူရှုထားမိတာ သေချာတယ်။"
"ဘယ်သူက ငါ့ရဲ့အသိစိတ်ကို တမင်သက်သက် ဖုံးကွယ်ထားတာလဲ။။"
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
နောက်ထပ် (၁၀)နှစ် ကြာသွားပြန်သည်။
ဒီအတောအတွင်း မုန့်ချင်ကျိုးသည် ပို၍ရူးသွပ်လာသည်။ တရားထိုင်ဟန်ဖြင့်ထိုင်နေပြီး အပြင်ပန်းတွင် ငြိမ်းချမ်းနေပုံရသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြမ်းတမ်းပြီး ဒေါသထွက်နေသည့် အငွေ့အသက်များ ပြည့်နှက်နေသည်။
သူက ကျင့်ကြံအားထုတ်နေခြင်း မဟုတ်သလို တရားမှတ်နေခြင်းလည်း မဟုတ်ပေ။
သူ၏ စိတ်နှလုံးမှ နတ်ဆိုးများနှင့် အမြဲတမ်း တိုက်ခိုက်နေခြင်း ဖြစ်သည်။
"မင်းက ဘယ်သူလဲ။ ငါ့ခေါင်းထဲမှာ စကားပြောနေတာ ဘယ်သူလဲ။ ထွက်သွားစမ်း။"
မုန့်ချင်ကျိုး ရုတ်တရက် မျက်လုံးကိုဖွင့်လိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်လောက်သည့် ကြမ်းတမ်းသောဖိအားများ ပေါက်ကွဲထွက်လာကာ လျှို့ဝှက်ဆန်းကြယ်သောနေရာလွတ် တစ်ခုလုံးကို အက်ကွဲကြောင်းများ အပြည့်ဖြစ်သွားစေပြီး ပြိုကျလုနီးပါး ဖြစ်သွားစေသည်။
နောက်တစ်ခဏတွင်။
သူက အနည်းငယ် ပြန်လည်၍ တည်ငြိမ်သွားပြီး အက်ကွဲကြောင်းများ ပြန်လည်ပိတ်သွားကာ လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်က ပြန်လည် ခိုင်မာသွားသည်။
"သေချာပေါက် ပြဿနာ ရှိနေတယ်။"
"အရမ်းရိုးရှင်းတဲ့ ပြဿနာတစ်ခုလို့ ခံစားနေရပေမယ့် ငါက ဘယ်လိုမှ စဉ်းစားလို့မရဘူး။ ဘယ်သူက ငါ့ကို အတင်းအကျပ် နှောင့်ယှက်နေတာလဲ။" မုန့်ချင်ကျိုးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
တစ်ခုတည်းသောတည်ရှိမှု၏ သွေးဆောင်မှုကြောင့် သူ ငြိမ်သက်စွာ မနေနိုင်တော့ပေ။
မျက်လုံးဖွင့်ပြီး လူသားဧကရာဇ်ကို သတ်လိုက်ကတည်းက ထိုကဲ့သို့ကြမ်းတမ်းသော စိတ်ခံစားမှုများက ရုတ်တရက်ပေါ်လာပြီး သူ့ကို စိုးရိမ်ပူပန်စေခဲ့သည်။
သို့သော် (၁၀)နှစ်တိတိ ထိုင်စဉ်းစားနေသည့်တိုင် ဇစ်မြစ်ကို မရှာတွေ့ခဲ့ပေ။ သူ ရူးတော့မလို ဖြစ်နေပြီး ဘာကိုမှဂရုမစိုက်ဘဲ တစ်ခုတည်းသောတည်ရှိမှုနှင့် အတင်းအကျပ်ပေါင်းစပ်ရန် အကြိမ်ကြိမ် ကြိုးစားမိလုနီးပါး ဖြစ်ခဲ့သည်။
ထိန်းချုပ်လို့မရတော့မည့် အခြေအနေရောက်တိုင်း မုန့်ချင်ကျိုးသည် ပုစဉ်းရင်ကွဲတေးသံဓားကို မြှောက်ကာ သူ၏နှလုံးကို ထိုးဖောက်လိုက်ပြီး နာကျင်မှုကိုခံစားစေကာ အသိစိတ် ပြန်ဝင်လာစေသည်။
ထိုထက်ပိုပြီး သူက အသိစိတ်ပင်လယ်ကိုပါ တမင်သက်သက် ဖျက်ဆီးကာ အရွတ်များ၊ အရိုးများနှင့် သွေးသားများကို တစ်လက်မချင်း ချိုးဖျက်ပစ်လေ့ရှိသည်။
၎င်းတို့အားလုံးက သူ အသိစိတ်ပြန်ဝင်လာအောင်လုပ်သော နည်းလမ်းများပင်။
...
...
နောက်ထပ် (၅)နှစ် ထပ်ကြာသွားသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ထဲတွင် သူ ထိုင်နေသည်မှာ (၁၅)နှစ်ပင် ရှိသွားလေပြီ။
ယခုအချိန်တွင် သူက ဝိညာဉ်မရှိသော လူသေကောင်လို ဖြစ်နေပြီး သွေးသားများ ခန်းခြောက်ကာ မသက်စွမ်းအင်များ လုံးဝခန်းခြောက်လုနီးပါး ဖြစ်နေပြီ။
သူ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ်နှိပ်စက်ပြီး အသိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှာ သတိပေးစကားတွေကို ရေးထွင်းထားခဲ့သည်။
[စဉ်းစား။ အသိစိတ်ကပ်ထား။ ထူးဆန်းတာတွေ ရှိနေသေးတယ်။ ဇာတ်သိမ်းက မပြီးသေးဘူး]
မည်သည့် သက်သေအထောက်အထားမှ မရှိပေ။
ဝေဝါးဝါး ခံစားချက်လေး တစ်ခုသာ ရှိသည်။
သို့သော် သူ့ကို ဤမျှလောက် အခိုင်အမာယုံကြည်စေသော အကြောင်းရင်းမှာ သူ၏ လက်ရှိ အခြေအနေကြောင့်ပင်။
ယခင်က မုန့်ချင်ကျိုးဆိုသည်မှာ လုံးဝအပျင်းကြီးသောလူ တစ်ယောက်ပင်။ တုန်းဖန်လျူလီနှင့်တွေ့ပြီးမှ သူ ဧကရီဖြစ်နေမှန်း သိပြီးမှသာ ချစ်ရသူတွေနဲ့ မိသားစုဝင်များအတွက် လေးလံသောတာဝန်များကို ထမ်းဆောင်ရန် ဆန္ဒရှိခဲ့လေသည်။
သို့သော် ယခုတော့ ရှေးယခင်က အကြောင်းအကျိုးများအားလုံး ရှင်းလင်းသွားပြီ ဖြစ်လေသည်။ မဟာကျင်းတိုင်းပြည်တွင်လည်း မည်သည့်အန္တရာယ်မှ မရှိတော့ပေ။
သူက စိတ်အေးလက်အေး ဖြစ်သွားပြီးနောက် မိန်းမနှင့် အန်းအန်းဆီသို့ ချက်ချင်းအိမ်ပြန်ချင်စိတ် ပေါ်လာရမည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ မဖြစ်ခဲ့ပေ။
ထိုနှစ်များထဲတွင် သူက မိသားစုဝင်များနှင့် သူငယ်ချင်းများကို တစ်ချက်လေးပင် သတိမရခဲ့ပေ။ ခေါင်းထဲတွင် သံသယကနေလွတ်မြောက်ရန်၊ အကန့်အသတ်များကို ချိုးဖျက်ရန်၊ တစ်ခုတည်းသောတည်ရှိမှုနှင့် ပေါင်းစပ်ရန်သာ တွေးနေခဲ့သည်။
မုန့်ချင်ကျိုးကို အမှန်တကယ် တားဆီးထားနိုင်သော အဓိကအကြောင်းရင်းက ခန္ဓာကိုယ်နှင့်ဝိညာဉ်၏ နာကျင်မှုများ မဟုတ်ပေ။ ၎င်းတို့ကက ခဏလောက်သာ သတိဝင်စေပြီး ချက်ချင်း ပြန်မေ့သွားစေလိမ့်မည်။
သူ့ကို အမှန်တကယ် တားဆီးထားနိုင်သော ကျောက်ဆူးမှာ။
ခေါင်းပေါ်က အဝိုင်းပုံကောင်းကင်ယံတွင် ပေါ်နေသော မြင်ကွင်းပင်။
နတ်ဘုရားသဘာဝ လူသားဧကရာဇ် မသေခင်က အဝိုင်းပုံကောင်းကင်ယံပေါ်မှ ပစ္စုပ္ပန်ရွာလေးရှိ အစိမ်းရောင်အုတ်ကြွပ်မိုးထားသော အိမ်လေးကို ပုံရိပ်ထင်ဟပ်ပြသခဲ့သည်။
မုန့်ချင်ကျိုး မျက်လုံးဖွင့်ကြည့်လိုက်တိုင်း ပတ်ဝန်းကျင်ကိုကြည့်လျှင် ခြံဝင်းထဲမှမဏ္ဍပ်ဘေး ရပ်နေပြီး လမင်းကြီးကိုငေးကြည့်ကာ တိတ်ဆိတ်နေသော အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးကို တွေ့ရသည်။
အပြင်လောက၏ တစ်ရက်က ဤနေရာတွင် နှစ်(၄၀၀)နှင့် ညီမျှသည်။
တုန်းဖန်လျူလီက စိတ်ထဲတွင် အနည်းငယ်စိုးရိမ်သွား၍ အပြင်ထွက်ပြီး ကြယ်များကို ကြည့်နေရုံသာ ရှိသေးသည်။
သို့သော် လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ထဲတွင်တော့ အချိန်စီးဆင်းမှုကွာခြားချက်ကြောင့် ထိုအမျိုးသမီးက သူ့ကို အဖော်ပြုပေးနေသည်မှာ (၁၅)နှစ်တိုင်တိုင် ရှိနေပြီ ဖြစ်သည်။
ထိုအမျိုးသမီးကမှ။
မုန့်ချင်ကျိုးကိုတားဆီးထားသော အဓိကကျောက်ဆူးပင်။
မျက်လုံးဖွင့်လိုက်တိုင်း သူ လန့်နိုးလာပြီး တစ်ခုခုမှားနေကြောင်းကို သတိထားမိသွားသည်။
သူကိုယ်တိုင်က သူ့ကိုယ်သူနှင့်မတူတော့ဘဲ ခေါင်းထဲ၌ တစ်ခုတည်းသောတည်ရှိမှုကို ပေါင်းစပ်ရန်သာ တွေးနေပြီး မိသားစုဝင်များ၏ အရိပ်အယောင်လေးပင် မရှိတော့သည်ကို သတိထားမိသွားသည်။
...
...
"ဟူး..."
"မင်းက တကယ်ကို ခေါင်းမာတာပဲ။"
ရုတ်တရက်။
မုန့်ချင်ကျိုး၏နားနားတွင် အိုမင်းပြီး အဝေးဆီမှလာသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံက လုံးဝသူစိမ်းဆန်ပြီး သူသိသောလူ လုံးဝမဟုတ်ဘူး။
မုန့်ချင်ကျိုးက မျက်လုံးဖွင့်လိုက်ပြီး အေးစက်သော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။ "ဘယ်သူလဲ။ ထွက်ခဲ့စမ်း။"
"တကယ်ပဲ သရဲတစ်ကောင် ရှိနေတာပဲ။ ဒီနှစ်တွေထဲမှာ ငါ့ကို တစ်ခုတည်းသောတည်ရှိမှုနဲ့ ပေါင်းစပ်ဖို့ အမြဲတမ်း တိုက်တွန်းနေတာ မင်းပဲ မဟုတ်လား။"
အိုမင်းရင့်ရော်နေသောအသံက သူ၏နားထဲတွင် ဆက်လက် ပဲ့တင်ထပ်နေသည်။
"ငါက မင်းတို့ ပြောပြောနေတဲ့ လောကကိုလွန်မြောက်သူပဲ။"
"ဒီကမ္ဘာကြီးကိ ဖန်ဆင်းခဲ့တဲ့သူလည်း ဟုတ်တယ်..."
ထိုစကားကို ကြားသောအခါ။
မုန့်ချင်ကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။
လောကကိုလွန်မြောက်သူ။
သူလား။
ထိုအချိန်မှာပင် သူ၏ဦးနှောက်ထဲတွင် ဖုံးကွယ်ခံထားရသော အရာများအားလုံးကို ပြန်လည်၍ အမှတ်ရလာတော့သည်။
မည်သည့်နေရာတွင် မှားယွင်းနေခဲ့ကြောင်းကို သတိရသွားလေပြီ။
"ဟုတ်တယ်။"
"မင်း လုပ်နေတယ်ဆိုတာ ငါ အစောကြီးကတည်းက သိထားသင့်တာ။" မုန့်ချင်ကျိုးက အေးစက်စွာ ရယ်မောလိုက်သည်။ "ဟိုးအရင်ကနေ ဒီနေ့အထိ သေသင့်တဲ့လူတွေ တစ်ယောက်မှ မသေဘူး။ နတ်ဘုရားတွေရဲ့ အကြွင်းအကျန်တွေ ရှိတယ်။ မျိုးနွယ်စုပေါင်းစုံရဲ့ အကြွင်းအကျန်တွေ ရှိနေသေးတယ်။ လူသားဧကရာဇ်နဲ့ မဏ္ဍိုင်လေးခုလည်း အသက်ရှင်နေတယ်။ အိပ်မောကျနေသင့်တဲ့ ကောင်းကင်တာအိုတောင် ပြန်နိုးလာတယ်။"
"မင်းလိုကောင်မျိုးက ဘယ်လိုလုပ် သေနိုင်မှာလဲ။"
"ဟုတ်တယ်..."
"တစ်ခုတည်းသောတည်ရှိမှု။ မင်းရဲ့ စိတ်ဆန္ဒတွေက တစ်ခုတည်းသောတည်ရှိမှုအပေါ်မှာ မှီခိုနေတာ မဟုတ်လား။ သုံးခုလုံးပေါင်းစည်းသွားမှ မင်း ပြန်ရှင်သန်နိုင်မှာလေ။"
ထိုနှစ်များထဲတွင် လောကကိုလွန်မြောက်သူက မုန့်ချင်ကျိုးကို တမင်သက်သက် မျက်စိလှည့်စားထား၍ သူ လုံးဝ စဉ်းစား၍မရခဲ့ခြင်းပင်။
သို့သော် ယခုတော့ လောကကိုလွန်မြာက်သူက စိတ်မရှည်တော့ပေ။
မုန့်ချင်ကျိုးက သက်တမ်းရှရာ နှစ်တစ်သန်းလောက် အသက်ရှင်နေလျှင်ပင် ပြဿနာမရှိပေ။ သို့သော် သူကတော့ မရပေ။ ကျန်နေသေးသောအသိစိတ်က တဖြည်းဖြည်း အားနည်းလာနေပြီ။ ထပ်စောင့်နေလျှင် လုံးဝ ပျောက်ကွယ်သွားပေတော့မည်။
အိုမင်းရင့်ရော်နေသောအသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။
"ကလေး။ မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ။"
"ဒီအချက်ကတင် လူတော်တော်များများထက်သာနေပြီ။ တန်ခိုးရှင်စင်မြင့်အဆင့်ကို တက်လှမ်းနိုင်မယ့် သွေးဆောင်မှုကို တွန်းလှန်နိုင်တာ တကယ့်ကိုထူးခြားပြောင်မြောက်လွန်းတယ်။"
"မင်းပြောတာ မှန်ပါတယ်။ ငါက တစ်ခုတည်းသောတည်ရှိမှုအပေါ်မှာ မှီခိုနေပြီးတော့ နောက်ဆုံး အသိစိတ်လေးတစ်ခုပဲ ကျန်တော့တာ။"
"ဒါပေမဲ့ တစ်ခုတည်းသောတည်ရှိမှုက ထောင်ချောက်မဟုတ်ဘူး။ ဒါက ဒီလောကရဲ့ တစ်ခုတည်းသော သံသရာကနေလွတ်မြောက်နိုင်မယ့် အခွင့်အရေးအစစ်အမှန်ပဲ။"
ဒီလိုကိုး။
တစ်ခုတည်းသောတည်ရှိမှုက ပြဿနာမရှိဘူး။ ပြဿနာရှိတာက တစ်ခုတည်းသောတည်ရှိမှုအပေါ်မှာ မှီခိုနေတဲ့ လောကကိုလွန်မြောက်သူရဲ့ အသိစိတ်လေးပဲ။
ကပ်ပါးကောင်လို ကောင်မျိုးပဲ။
ဘယ်သူကများ တစ်ခုတည်းသောတည်ရှိမှုကို ပေါင်းစပ်ရဲမလဲ။ အပေါ်မှာမှီခိုနေတဲ့ ကပ်ပါးကောင်က လက်ခံသူရဲ့ဦးနှောက်နဲ့ဝိညာဉ်ကို ကိုက်စားပစ်ပြီး နေရာယူသွားမှာလေ။
"ကောင်းကင်နယ်ပယ်ရဲ့အထက်က တန်ခိုးရှင်စင်မြင့်အဆင့်လို့ ခေါ်တာလား။ တန်ခိုးရှင်အဖြစ်ကို တက်လှမ်းတဲ့ အဆင့်ပေါ့။" မုန့်ချင်ကျိုးက တီးတိုးရေရွတ်လိုက်သည်။
အားလုံးက သံသရာကနေလွတ်မြောက်တယ်လို့ ပြောကြပေမယ့် အဲဒါက ဖော်ပြချက်သက်သက်ပဲ။ ဘာလို့လဲဆိုတော့ ကောင်းကင်နယ်ပယ်အထက်ကအဆင့်ကို ဘယ်သူမှ မသိကြလို့ပဲ။
အိုမင်းရင့်ရော်နေသောအသံက သက်ပြင်းချလိုက်သည်။
"ငါ ပြန်ရှင်လာအောင် ကူညီပေးတာက မင်းလုပ်သင့်တဲ့ အလုပ်ပဲ။ ပြီးတော့ မင်းရဲ့တာဝန်လည်း ဟုတ်တယ်။"
မုန့်ချင်ကျိုးက အနည်းငယ် အံ့သြသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဘာလို့လဲ။"
"မင်းက ဘာကောင်မို့လို့လဲ။"
အိုမင်းရင့်ရော်နေသောအသံက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့..."
"မင်းကို ဒီကမ္ဘာထဲဝင်လာခွင့်ပေးပြီး ခမ်းနားကြီးကျယ်တဲ့ဘဝတစ်ခုကို ရရှိစေခဲ့တာ ငါပဲမို့လို့လေ။"
ထိုစကားကိုကြားလိုက်ရသောအခါ မုန့်ချင်ကျိုးက နေရာမှာပင် ကြက်သေသေသွားသည်။
နားထဲတွင် မိုးကြိုးပစ်ချလိုက်သလို ဆူညံသွား၏။
ငါ ဘာတွေ ကြားလိုက်ရတာလဲ။။
အိုမင်းရင့်ရော်နေသောအသံက ဆက်ပြောသည်။
"လွန်ခဲ့တဲ့မရေမတွက်နိုင်တဲ့နှစ်တွေတုန်းက ငါက အကြောင်းတစ်ခုကြောင့် သေသွားခဲ့တယ်။ မသေခင် အသက်ရှင်ချင်တဲ့စိတ်ဆန္ဒတွေ ပေါက်ကွဲထွက်လာပြီး စကြဝဠာအသီးသီးကို ပုံရိပ်ထင်ဟပ်သွားစေခဲ့တယ်။"
"စိတ်အကြံအစည် တစ်ခုတည်းကနေ တာအို ဖြစ်လာပြီးတော့ အဲဒီကနေတစ်ဆင့် ယင်နဲ့ယန်ဖြစ်လာပြီး သက်ရှိအားလုံးကို ဖန်ဆင်းခဲ့တယ်။"
"မင်း စာအုပ်ထဲဝင်လာနိုင်တာက ငါ့ရဲ့ အဲဒီစိတ်အကြံအစည်လေးက မင်းဖတ်နေတဲ့စာအုပ်ထဲမှာ သွားပြီး ပုံရိပ်ထင်ဟပ်သွားလို့ပဲ။ မင်းက ကံကောင်းထောက်မစွာနဲ့ ဒီထဲကိုဝင်လာနိုင်ခဲ့တာ။"
"မရှိသင့်တဲ့ကမ္ဘာကြီးတစ်ခုကို အကောင်အထည် ပေါ်လာစေခဲ့တာပဲ။"
"မင်း အခု နားလည်ပြီလား။"
"ဒီကမ္ဘာကြီးကိုယ်တိုင်က အတုအယောင်ပဲ။ ငါ့ကြောင့်မို့လို့သာ ဖြစ်တည်လာခဲ့တာ။"
"တတိယမြောက်တစ်ခုတည်းသောတည်ရှိမှု မင်းကိုရွေးချယ်ခဲ့တာလည်း ငါ ပြန်ရှင်လာဖို့အတွက် မင်းရဲ့ အသက်နဲ့အရာအားလုံးကို စတေးပေးဖို့ပဲ။”
...