← Chapters

အခန်း ၄၂၅

Vol. 29 Ch. 425

အခန်း ၄၂၅

Vol. 29 Ch. 425

အပိုင်း(၄၂၅) အတုအယောင်ကမ္ဘာကြီး

ဒီကမ္ဘာကြီးက အတုအယောင်တဲ့လား...

လောကကိုလွန်မြောက်သူရဲ့ စိတ်အကြံအစည်တစ်ခုတည်းကနေ ဖြစ်လာခဲ့တာတဲ့လား...

ဒါဆိုရင် တုန်းဖန်လျူလီ၊ မုန့်အန်းအန်း၊ စုချင်ချိုး၊ ဝူတျဲ၊ နေမင်းအရှင်သခင်... သူတို့တွေကလည်း အတုအယောင်တွေပဲလား။

ထိုအခိုက်အတန့်တွင် မုန့်ချင်ကျိုး၏စိတ်နှလုံးက တစ်ခါမှမကြုံဖူးလောက်အောင် ပြင်းထန်လှသော ထိခိုက်ဒဏ်ရာကိုရသွားပြီး ချက်ချင်းပင် ခုခံနိုင်စွမ်းများ ပျောက်ဆုံးသွားခဲ့သည်။

သူက စာအုပ်ထဲဝင်လာခဲ့သောအမှန်တရားကို အမြဲပင် တမင်သက်သက် မေ့ဖျောက်ထားခဲ့သည်။

သူ ထွက်ပြေးနေခဲ့သည်။ ရင်မဆိုင်ရဲခဲ့ပေ။ တစ်နေ့နေ့ကျလျှင် အရာအားလုံး ဆုံးရှုံးသွားရမည်ကို ကြောက်ရွံ့နေခဲ့သည်။ သိုသော်လည်း ဤမျှကြာအောင် ပုန်းရှောင်နေခဲ့သည့်တိုင် နောက်ဆုံးတွင်တော့ ရက်ရက်စက်စက် ဖော်ထုတ်ခံလိုက်ရလေပြီ။

အိုမင်းရင့်ရော်နေသောအသံက ဆက်ပြောလာသည်။

"မင်းရဲ့ဘဝရှေ့ပိုင်းတစ်ဝက်၊ ကျောက်ကော်ကို မသတ်ခင်အထိဟာ စာအုပ်အထဲမှာရှိတဲ့ ဇာတ်လမ်းတွေ အကောင်အထည်ပေါ်လာတာပဲ။ ငါ့ရဲ့စိတ်အကြံအစည်က အဲဒီစာအုပ်ကို ပုံဖော်ပေးလိုက်တာ သက်သက်ပဲ။"

"ကျောက်ကော်သေသွားပြီးတဲ့နောက်မှာတော့ ဇာတ်လမ်းက အချိုးအကွေ့တစ်ခုကို ရောက်သွားတယ်။ ဘာလို့လဲဆိုတော့ အဲဒါက တကယ့် အစစ်အမှန်သမိုင်းကြောင်း ဖြစ်သွားလို့ပဲ။"

"စာအုပ်ထဲမှာမပါလာဖူးတဲ့ လူတွေကမှ တကယ် အစစ်အမှန်တည်ရှိနေတဲ့သူတွေပဲ။ စာအုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့လူတွေ ဒါမှမဟုတ် အရာဝတ္ထုတွေကတော့ အတုအယောင်တွေချည်းပဲ။"

"ဒါပေမဲ့ မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်လို့ထင်တယ်။"

"ငါသာမရှိခဲ့ရင် မင်းက သာမန်ဘဝလေးနဲ့ပဲ တစ်သက်လုံး ဖြတ်သန်းသွားရမှာ။ ဒီလိုမျိုး လှိုင်းကြီး လေကြီးတွေနဲ့ ခမ်းနားကြီးကျယ်တဲ့အတွေ့အကြုံမျိုး ဘယ်လိုလုပ်ပြီးတော့ ရနိုင်မှာလဲ။ မင်းရဲ့ အရာအားလုံးကို ပေးဆပ်လိုက်တော့။ ငါ ပြန်ရှင်လာအောင် ကူညီပေးလိုက်။"

အိုမင်းရင့်ရော်နေသောအသံက အလွန်တရာ ဩဇာတိက္ကမအပြည့်နှင့် သူ့နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

မုန့်ချင်ကျိုး၏စိတ်နှလုံးဟာ လုံးဝပြိုလဲသွားပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့နေသော ခံစားချက်များ ဖြတ်ပြေးသွား၏။

လမ်းတစ်လျှောက်လုံး အင်အားစုအသီးသီးနဲ့ ဉာဏ်ရည်ပြိုင်၊ ခွန်အားပြိုင်ပြီး အခက်အခဲတွေကြားက ရုန်းကန်လှုပ်ရှားလာခဲ့ရတာတွေက နောက်ဆုံးတော့ အချည်းနှီးပဲလား။

ထိုအချိန်မှာပင်။

လူသားဧကရာဇ်၏ခန္ဓာကိုယ်ထဲမှ တစ်ခုတည်းသောတည်ရှိမှုနှစ်ခုက လွတ်ထွက်လာပြီး မုန့်ချင်ကျိုး၏ အတွင်းစကြဝဠာထဲ ဝင်ရောက်လာကာ တတိယမြောက် တစ်ခုတည်းသောတည်ရှိမှုနှင့် ပေါင်းစပ်သွားသည်။

"မဖြစ်ဘူး။ သေချာပေါက် အလှည့်အပြောင်းတစ်ခုတော့ ရှိရမယ်။"

"ငါ လုံးဝ လက်မခံနိုင်ဘူး။"

မုန့်ချင်ကျိုး ရုတ်တရက်လန့်နိုးလာပြီး မျက်ဝန်းများ သွေးရောင်လွှမ်းကာ ကြောက်မက်ဖွယ်ရာ ကောင်းသွားသည်။ သူက ရူးသွပ်စွာအော်ဟစ်ရင်း တစ်ခုတည်းသောတည်ရှိမှုသုံးခု ပေါင်းစပ်သွားသည်ကို အပြင်းအထန် တားဆီးလိုက်၏။

အကန့်အသတ်များကိုချိုးဖျက်ပြီး တန်ခိုးရှင်စင်မြင့်အဆင့်ကို တက်လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် လောကကိုလွန်မြောက်သူက နိုးထလာလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ချစ်ရသူများနှင့် မိသားစုဝင်များက အမှန်တကယ် အတုအယောင်များ ဖြစ်သွားပေမည်။

ဘယ်လိုလုပ် အဲဒီလိုအဖြစ်ခံနိုင်မလဲ။

ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ။

မိသားစုဆိုသည်မှာ မုန့်ချင်ကျိုး၏ အကြီးမားဆုံးသော အထိမခံနိုင်သည့်နေရာပင်။

"အဆိုးဆုံးကတော့ ငါသေရင် မင်းလည်း သေရမှာပဲ။ မင်း ပြန်ရှင်သန်လာဖို့ မတွေးနဲ့။" မုန့်ချင်ကျိုးက နတ်ဆိုးတစ်ပါးအဖြစ် ကျဆင်းသွားသလိုမျိုး ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။

အိုမင်းရင့်ရော်နေသောအသံက ဖွဖွလေး ရယ်မောလိုက်၏။

"ရုန်းကန်နေတာကို တော်လိုက်တော့။ ငါကိုယ်တိုင် ပါဝင်လာမှတော့ မင်းမှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘူး။"

"မင်းက အသက်ကိုပေးဆပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့မိသားစုနဲ့ ဒီကမ္ဘာကြီးကို ထိန်းသိမ်းထားပေးမယ်။ သူတို့ကို လုံးဝပျက်စီးသွားအောင်၊ အတုအယောင်တွေ ဖြစ်သွားအောင်လုပ်မှာ မဟုတ်ဘူး။"

"ဘယ်လိုလဲ။"

မုန့်ချင်ကျိုးက တင်ပလ္လင်ခွေထိုင်နေရင်း ရယ်လိုက်သည်။

"တော်စမ်းပါ။"

"အခု ငါ ဘယ်သူ့ကိုမှ မယုံတော့ဘူး။"

"အားလုံးက အကွက်ဆင်နေကြတာ။ အားလုံးက လိမ်ညာနေကြတယ်။"

"ငါ တကယ် သည်းမခံနိုင်တော့ဘူး။"

"အခုချိန်ကစပြီး ဘယ်သူမှ ငါ့ရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးဖို့မကြိုးစားနဲ့။"

"ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိရမယ်။ မင်း ကတိတည်ရင်တောင်မှ အနာဂတ်မှာ တခြားလူတွေက မကောင်းတဲ့အကြံအစည်တွေနဲ့ ပေါ်မလာဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။"

"ငါက..."

"ကံကြမ္မာရဲ့အရှင်သခင် ဖြစ်လာရမယ်။"

သူက လောကကိုလွန်မြောက်သူ၏ အစီအစဉ်အားလုံးကို နားလည်သွားခဲ့လေပြီ။

အစပိုင်း သေခါနီးအချိန်လေးတွင် စိတ်အကြံအစည် တစ်ခုတည်းဖြင့် တာအိုဖြစ်လာပြီး စကြဝဠာ အသီးသီးကို ပုံရိပ်ထင်ဟပ်စေကာ စာအုပ်ထဲမှကမ္ဘာကို အမှန်တကယ် ဖြစ်လာစေခဲ့သည်။

ထို့နောက် တစ်ခုတည်းသောတည်ရှိမှုကို သုံးပိုင်းခွဲပြီး ဤကမ္ဘာကြီးကို အဆက်မပြတ်ခိုင်မာအောင် ပြုလုပ်ကာ တကယ့်အစစ်အမှန်ကမ္ဘာကြီးတစ်ခုအဖြစ် ဖန်တီးခဲ့၏။

၎င်းက သူ၏ ပြင်ပအတွင်းစကြဝဠာဟူ၍ပင် ပြော၍ရသည်။ အကြောင်းမှာ သူ သေခါနီးအချိန်တွင် ပင်မကိုယ်ထည်၏ အတွင်းစကြဝဠာက သေချာပေါက် ပြိုကျသွားခဲ့ပြီ ဖြစ်သည်။ သို့မဟုတ်ပါက သူ သေမည်မဟုတ်ပေ။ ထိုအချိန်တွင် အတွင်းစကြဝဠာအသစ်တစ်ခု ပြန်လည်ဖန်တီးရန်အတွက် လိုအပ်လာပြီး ဤအတုအယောင်ကမ္ဘာကြီးက သေချာပေါက် အကောင်းဆုံးရွေးချယ်မှု ဖြစ်နေခဲ့သည်။

မှန်ပေသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဤကမ္ဘာကြီးက အတုအယောင် ဖြစ်ကောင်းဖြစ်နိုင်၏။ အိပ်မက်တစ်ခု သက်သက်ပင်။

သို့သော်လည်း တစ်ခုတည်းသောတည်ရှိမှုသုံးခု၏ အဆက်မပြတ်ခိုင်မာအောင်နှင့် ပြီးပြည့်စုံအောင် လုပ်ဆောင်မှုအောက်တွင် တကယ့်အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်ပအတွင်းစကြဝဠာတစ်ခု ဖြစ်လာခဲ့လေပြီ။

နောက်ဆုံးဇာတ်သိမ်း ရောက်လာသောအချိန်အထိ စောင့်ပြီးနောက်။

ကမ္ဘာကြီးတစ်ခုလုံး တစ်နည်းအားဖြင့် ပြင်ပအတွင်းစကြဝဠာ လုံးဝပြီးပြည့်စုံပြီး ခိုင်မာသွားသည့်အခါ သူက တစ်ခုတည်းသောတည်ရှိမှုသုံးခုကို ပေါင်းစည်းသွားအောင် လမ်းညွှန်ပေးမည်ဖြစ်သည်။

ထို့နောက်။

ကောင်းကင်တာအို၏ စိတ်ဆန္ဒကို လူသားဧကရာဇ်က ထိန်းချုပ်နိုင်အောင် လမ်းညွှန်ပေးလိုက်သည်။ ထိုသို့လုပ်လိုက်ခြင်းက ပြင်ပအတွင်းစကြဝဠာ၏ ကိုယ်ပိုင်အသိစိတ်ကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် အတူတူပင်။ ထို့နောက် သူတို့အားလုံးကို အတူတူသေဆုံးသွားအောင် လုပ်လိုက်သည်။

ထို့နောက် နတ်ဘုရားသဘာဝ လူသားဧကရာဇ်၏ ဖိအားပေးမှုကတစ်ဆင့် မုန့်ချင်ကျိုးကို မျက်လုံးများ အတင်းဖွင့်လာအောင် လုပ်လိုက်သည်။

မျက်လုံးဖွင့်လိုက်မှသာ တတိယမြောက်တစ်ခုတည်းသောတည်ရှိမှု ပေါ်လာမည် ဖြစ်၍ပင်။

ယခုတော့ အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။ သူကနေရာဝင်ယူရန်သာ စောင့်နေတော့သည်။

ကြည့်လေ။

ပြင်ပအတွင်းစကြဝဠာက ပြီးပြည့်စုံပြီးတော့ ခိုင်မာနေပြီ။ မွေးဖွားလာတဲ့ ကိုယ်ပိုင်အသိစိတ်ကိုလည်း ဖျက်ဆီးပစ်ပြီးပြီ။

တစ်ခုတည်းသောတည်ရှိမှုသုံးခု ပြန်လည်ပေါင်းစည်းသွားပြီ။ အဲဒီအထဲမှာ သူ့ရဲ့ တန်ခိုးရှင်စင်မြင့် အခြေခံတွေ ဖုံးကွယ်ထားသလို သူ့ရဲ့ ပြန်ရှင်သန်ဖို့ နောက်ဆုံးအစီအစဉ်တွေလည်း ပါနေတယ်။

ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်သလဲ။

အရင်းအမြစ်က သေတာတောင် အကောင်မသေတဲ့ဒီကောင်က ပြန်ရှင်သန်ဖို့ ကြိုးစားနေတာပဲ။

မုန့်ချင်ကျိုးက သူ့ကို မည်သို့ ယုံကြည်ရဲလိမ့်မည်နည်း။

ထို့ပြင် သူကလည်း ကြောက်သွားပြီ။ ဤမျှလောက် အများကြီးဖြတ်သန်းပြီးရာ သူက မည်သူ့ကိုမှ မယုံကြည်တော့ပေ။ သူ့ကိုယ်သူသာ ယုံကြည်ရဲတော့သည်။

စွမ်းအားဆိုသည်မှာ ကိုယ့်လက်ထဲတွင် ရှိနေမှသာ ကံကြမ္မာကို လွှမ်းမိုးနိုင်မည်။ ကိုယ်ကာကွယ်ချင်သော မိသားစုကို ကာကွယ်နိုင်ပေမည်။

"လာစမ်းပါ။"

"နှစ်တစ်ထောင်ဖြစ်ဖြစ်၊ နှစ်တစ်သောင်းပဲဖြစ်ဖြစ်၊ နှစ်သန်းပေါင်းများစွာပဲဖြစ်ဖြစ်၊ မင်းနဲ့ငါ အဆုံးထိ တိုက်ခိုက်သွားမယ််။ တူတူသေရမယ်ဆိုရင်တောင် ဝန်မလေးဘူး။"

လျှို့ဝှက်ဆန်းကြယ်သောနေရာလွတ်ထဲမှ ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။

၎င်းမှာ မုန့်ချင်ကျိုးဆီတွင် ကျန်နေသေးသောအသိစိတ်လေး ပျောက်ကွယ်မသွားခင် ထွက်ပေါ်လာသည့် ဒေါသတကြီး ဟိန်းဟောက်သံပင်။

ချက်ချင်းပင်။

မုန့်ချင်ကျိုးက ခန္ဓာကိုယ်ရောစိတ်ရော၊ ဝိညာဉ်ပါမက အတွင်းစကြဝဠာ၏ အချိန်-နေရာလွတ် တာအိုအထိ လောကကိုလွန်မြောက်သူ၏ အပြည့်အဝကျူးကျော်ဝင်ရောက်ခြင်းကို ခံလိုက်ရတော့သည်။

သူတို့နှစ်ဦးက ခန္ဓာကိုယ်တစ်ခုတည်းကို စစ်မြေပြင်အဖြစ် အသုံးပြုပြီး ထိန်းချုပ်ခွင့်ရရှိရန်အတွက် အလုအယက် တိုက်ခိုက်နေကြလေသည်။

...

...

တစ်ချိန်တည်းမှာပင်။

အပြင်လောကတွင်တော့။

ညသန်းခေါင်ယံအချိန်ဖြစ်ပြီး လမင်းကြီးက လင်းထိန်နေကာ ကြယ်များက ပါးလျနေ၏။

နယ်မြေနှစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီးက အေးချမ်းတည်ငြိမ်နေပြီး မည်သည့်အပြောင်းအလဲမှ မရှိဘဲ ငြိမ်းချမ်းသော ခေတ်ကောင်းကြီးတစ်ခုထဲ ဝင်ရောက်သွားသလိုမျိုးပင်။

သို့သော်လည်း ထိုညတွင် လူတော်တော်များများ အိပ်မပျော်နိုင်ကြပေ။ အထူးသဖြင့် ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့သူများက အကြောင်းရင်းမရှိဘဲ ရင်တုန်နေကြသည်။

ဦးရေပြားများးပင် ထုံကျဉ်နေပြီး သမိုင်းတစ်လျှောက် မကြုံစဖူးသော ဘေးအန္တရာယ်ဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မလိုပင်။

ပစ္စုပ္ပန်ရွာ။

အစိမ်းရောင်အုတ်ကြွပ်မိုးထားသောအိမ်လေး။

တုန်းဖန်လျူလီက ကြယ်များပြည့်နေသော ကောင်းကင်ကြီးကိုမော့ကြည့်နေပြီး စကားတစ်ခွန်းမှ မဟပေ။ ရှေ့တွင်တော့ လူရိပ်တစ်ခုက မြေကြီးပေါ်တွင် ဒူးထောက်နေပြီး ခန္ဓာကိုယ်က တုန်ယင်နေ၏။

"ဧကရီ၊ ကျွန်တော်..." တွမ့်ယာ၏သံက ခြောက်ကပ်နေပြီး အလွန်တရာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လျက် ပြောလိုက်သည်။

"အရှင်မင်းကြီး အများကြီးမပြောချင်ဘူးဆိုတော့ သူ့မှာ အခက်အခဲတွေ ရှိနေလို့နေမှာလို့ ထင်ခဲ့တာပါ။ ကျွန်တော်တို့က ကျင့်ကြံမှုအဆင့်နိမ့်တော့ ဘာမှ သိပ်အကူအညီဖြစ်မှာမဟုတ်ဘူးလို့ ထင်ပြီးတော့..."

တုန်းဖန်လျူလီ၏ ဇာမဏီမျက်ဝန်းများထဲ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တွမ့်ယာကို အေးစက်စက် တစ်ချက်စောင်းကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ မိသားစုအရေးကို မင်း ဘယ်တုန်းက ဝင်စွက်ဖက်ခွင့်ရှိသွားတာလဲ။"

"မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီဆိုရင်တော့ အခုချက်ချင်း ငါမင်းကို သေလမ်းပို့ပေးမယ်။ လက်အောက်ငယ်သားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကို မင်း နားမလည်ဘူးလား။"

တွမ့်ယာဟာ ခေါင်းကိုဝှက်ထားလိုက်ပြီး ခါးသီးစွာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ပေ။

အချိန်အတော်ကြာပြီးနောက်။

တုန်းဖန်လျူလီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။

"လီတိုင်ယွမ်။ ရောက်နေပြီဆိုမှတော့ ပုန်းမနေပါနဲ့တော့။ အတော်ပဲ..."

"ငါက နင့်ဆီကို သွားမလို့ ပြင်နေတာ။"

လင်းထိန်နေသော လရောင်အောက်တွင် လူရိပ်တစ်ခုက ပစ္စုပ္ပန်ရွာ၏ လမ်းအဆုံးမှ ဖြည်းညင်းစွာ လျှောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခြံတံခါးဝကို ရောက်လာခဲ့သည်။

ခေတ်တစ်ခေတ်၏ အကြီးကျယ်ဆုံးသော အရှင်သခင်နှစ်ပါး။

ခေတ်တစ်ခေတ်၏ အတော်ဆုံးအမျိုးသမီးသူရဲကောင်း နှစ်ယောက်သည် မူလကတည်းက ရေနှင့်မီးလို မတည့်ကြပါဘူး။

ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဤကံကြမ္မာပဋိပက္ခကို မဆုံးဖြတ်နိုင်ခဲ့ပေ။

သို့သော် ထိုညတွင်တော့။

သူတို့နှစ်ယောက်က ကောင်းကင်နယ်ပယ် ကျင့်ကြံသူများပီပီ ပုံမှန်မဟုတ်သော လှိုင်းဂယက်များကို ခံစားနေကြရသည်။ အတုအယောင်တစ်ခုခုက အစစ်အမှန်အဖြစ် တဖြည်းဖြည်း ပြောင်းလဲနေသလိုမျိုးပင်။

ထိုအခိုက်အတန့်မှာ ဖြစ်ပျက်နေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မသိကြသော်လည်း ရေအောက်တွင် ထူးခြားသော အပြောင်းအလဲတစ်ခုခု ဖြစ်နေကြောင်းကို သူတို့ သိနေကြသည်။

"အမြဲတမ်း ငါ နင့်ကို အရှုံးမပေးခဲ့ဘူး။ အခုချိန်ထိလည်း ငါ နင့်ကို အထင်မကြီးဘူး။" လီတိုင်ယွမ်က ရှေ့မှလူကိုကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။

တုန်းဖန်လျူလီ၏မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ငါ့ကို နင် အထင်ကြီးဖို့ မလိုဘူး။ လမ်းဘေးခွေး။ ငါက အခု နင့်ရဲ့အသက်ကို ယူသုံးဖို့ လိုနေတယ်။"

လီတိုင်ယွမ်က ဖွဖွလေး ရယ်မောလိုက်သည်။

"ငါ့အသက်ကို ယူမယ်။ နင်က ထီးနန်းတက်ပြီး ဧကရာဇ်အဖြစ် ခံယူချင်နေတာလား။"

တုန်းဖန်လျူလီက ခေါင်းအနည်းငယ်ညိတ်ပြကာ ပြောလိုက်သည်။ "မှန်တယ်။"

"ပြင်ပကြယ်တာရာတွေဆီ သွားတိုက်ကြရအောင်။ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးကို အနှောင့်အယှက် မဖြစ်စေနဲ့။"

ပြောပြီးသည်နှင့် သူက နောက်လှည့်ပြီး ပြင်ပကြယ်တာရာများဆီ သွားရန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် ကျေနပ်ရွှင်လန်းနေသော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။

တုန်းဖန်လျူလီက မျက်မှောင်ကြုတ်ကာ နောက်လှည့်ကြည့်ပြီး လီတိုင်ယွမ်ကို သံသယဖြင့်ကြည့်ကာ မေးလိုက်သည်။ "ဘာရယ်တာလဲ။"

"လူသားဧကရာဇ်ရဲ့ကံကြမ္မာကို နင် ကြောက်နေလို့ နယ်မြေနှစ်ခုလုံးကို မပေါင်းစည်းရဲဘူးဆိုတာတွေးပြီး ရယ်နေတာ။ အဲဒါက ငါ နင့်ကို အထင်မကြီးရတဲ့ အဓိကအကြောင်းရင်းပဲ။ ငါ ရယ်တာက ခမ်းနားကြီးကျယ်တဲ့ ဧကရီတစ်ပါးက သာမန်လက်တွဲဖော်တစ်ယောက်အတွက် ကောင်းကင်တာအိုရဲ့ကျေးကျွန်အဖြစ် အလိုတူအလိုပါ ခံယူတော့မယ်ဆိုလို့လေ။" လီတိုင်ယွမ် မျက်ရည်ထွက်မတတ်ရယ်မောလိုက်ပြီး မျက်ဝန်းထဲ လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

ထိုစကားထဲတွင် အဓိပ္ပာယ် အများအပြား ပါဝင်နေသည်။

လူသားဧကရာဇ်နေရာဆိုသည်မှာ ဆုလာဘ်တစ်ခုဖြစ်သလို သော့ခလောက်တစ်ခုလည်း ဖြစ်သည်။ သို့သော် လီတိုင်ယွမ်၏အမြင်တွင်တော့ မဟာကျင်းတိုင်းပြည်က နယ်မြေနှစ်ခုကို မပေါင်းစည်းရဲခြင်းမှာ တုန်းဖန်လျူလီ သေရမည်ကိုကြောက်ပြီး ကံကြမ္မာအကျိုးဆက်ကို ကြောက်ရွံ့နေ၍ပင်။ ထိုသို့ကြောက်နေ၍သာ ကပ်ဘေးများ အမြဲတမ်း မရပ်မနား ဖြစ်နေရခြင်းပင်။

ထို့ကြောင့် သူကိုယ်တိုင်ရှေ့ထွက်လာပြီး တုန်းဖန်လျူလီကိုယ်စား လူသားဧကရာဇ်ဖြစ်လာရန်နှင့် ထိုကံကြမ္မာအကျိုးဆက်ကိုခံယူရန် လုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အဓိပ္ပာယ်တစ်ခုက ပို၍ပင် အံ့သြစရာကောင်းနေသည်။

လီတိုင်ယွမ်က ဧကရာဇ် ပြဿနာတက်နေကြောင်း သိနေ၏။

လီတိုင်ယွမ် တစ်ယောက်တည်းတင် မဟုတ်ပေ။ တုန်းဖန်လျူလီလည်း သိနေသည်။

၎င်းက မမြင်ရသော ကြိုတင်ခံစားသိရှိမှုပင်။ ကံကြမ္မာရဲ့ဆွဲငင်မှုကြောင့် ကောင်းကင်နယ်ပယ်အထက် လူများသာ ခံစားသိရှိနိုင်၏။

လီတိုင်ယွမ်၏မျက်ဝန်းများက ရုတ်တရက် မှေးမှိန်သွားပြီး ပြောလိုက်သည်။

"နင့်မှာ ဒီလိုစိတ်ပိုင်းဖြတ်မှု ရှိနေပြီဆိုမှတော့ ငါက ဘယ်လိုလုပ်ပြီး အကောင်အထည်မဖော်ပေးဘဲ နေနိုင်မှာလဲ။ အရင်တုန်းက မဟာကျင်းကိုဆန့်ကျင်ခဲ့တာက ပထမအချက်အနေနဲ့ နင် ထီးနန်းတက်ပြီး ဧကရာဇ်အဖြစ်ခံယူအောင် ဖိအားပေးချင်လို့။ ဒုတိယအချက်က ဒီကံကြမ္မာအကျိုးဆက်ကို ငါကိုယ်တိုင် ခံယူချင်လို့။ တတိယအချက်ကတော့..."

"ထားလိုက်ပါတော့လေ။ အများကြီး ပြောနေလည်း အပိုပါပဲ။"

"ငါလည်းပင်ပန်းနေပြီ။ နင်က လူသားဧကရာဇ်ရဲ့ ကံကြမ္မာအကျိုးဆက်ကို တာဝန်ယူဖို့ဆန္ဒရှိတယ်ဆိုရင် ငါက နင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိပါတယ်။"

ထိုသို့ပြောရင်း။

လီတိုင်ယွမ်က ဖွဖွလေးပြုံးပြီး တဖြည်းဖြည်း ပေါ့ပါးသွားဟန်ဖြင့် လင်းထိန်နေသောလမင်းကြီးကို ငေးကြည့်ကာ သူ၏မျက်ဝန်းထဲ အတိတ်ကိုပြန်လွမ်းဆွတ်မှုများနှင့် သံယောဇဉ်တွယ်မှုများ ရောယှက်နေ၏။

ရီဝေဝေနှင့် သူက ထိုလူ၏အရိပ်အယောင်ကို မြင်လိုက်ရသလိုပင်။

သူ သေရေးရှင်ရေးအန္တရာယ်နှင့် ရင်ဆိုင်ရချိန်၊ အဆုံးအစမဲ့အမှောင်ထုထဲသို့ ကျရောက်နေချိန်တွင် မျှော်လင့်ချက်ဆိုသော အက်ကွဲကြောင်းကို အတင်းအကျပ်ဆွဲဖြဲပေးပြီး သူ့ကို ပြန်လည်အသက်ရှင်လာစေကာ အလင်းရောင်ကို မြင်တွေ့ခွင့်ပေးခဲ့သောသူ ဖြစ်သည်။

နောက်တစ်ခဏတွင်။

တုန်းဖန်လျူလီ၏ အံ့အားသင့်နေတဲ့ မျက်လုံးရျှေ့တွင် လီတိုင်ယွမ်က မိမိ၏မျက်ခုံးနှစ်ခုကြားကို လက်ဝါးနှင့် တစ်ချက်ရိုက်ချလိုက်ပြီးနောက် ဝမ်းဗိုက်နေရာကို လက်နှစ်ချောင်းနှင့် ထိုးနှက်လိုက်၏။

လှုပ်ရှားမှုများက ပြတ်သားပြီး မြန်ဆန်လှကာ မည်သည့်တုံ့ဆိုင်းမှုမျှ မရှိပေ။

ဝိညာဉ်စင်မြင့်ကို ဖျက်ဆီးလိုက်သည်။ နတ်ဘုရားဝိညာဉ်ကို ခွဲခြမ်းသည်။ အခြေခံကို ဖျက်ဆီးသည်။ ထို့နောက် အသက်စွမ်းအင်ကို ဖြတ်တောက်လိုက်၏။

နတ်ဘုရားဝိညာဉ်နှင့် အတွင်းစကြဝဠာက ချက်ချင်း အမှုန့်ကြိတ်ခံလိုက်ရသည်။

"နယ်မြေနှစ်ခုလုံး နောက်ဆုံးတော့ ပေါင်းစည်းရမယ့်အချိန်ကို ရောက်လာပြီ။ နင်ပိုင်တဲ့အရာကို ငါ ပြန်ပေးလိုက်ပြီ။"

"နင် လုပ်ချင်တာကို မြန်မြန်သွားလုပ်တော့။"

"နောက်ကျသွားရင် အချိန်မီမှာ ဟုတ်တော့ဘူး။"

လီတိုင်ယွမ်၏မျက်ဝန်းထဲမှ အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးနီရဲရဲများ စီးကျလာ၏။

ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေလောက်သော ပြောင်းလဲမှုမျိုး မရှိခဲ့ပေ။

ကောင်းကင်ပြည်နယ်၏ ကံကြမ္မာအထောက်အပံ့များက သဘာဝကျကျပင် တုန်းဖန်လျူလီနှင့် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ဒုန်း။

လူသားဧကရာဇ်ခေါင်းလောင်းသံ မြည်ဟည်းသွား၏။

(၉)ချက်တိတိ မြည်ဟည်းသွားသည်။

အမှောင်ညမှာ နယ်မြေနှစ်ခုလုံးမှ သက်ရှိများအားလုံး လန့်နိုးသွားပြီး အလွန် ထိတ်လန့်သွားကြသည်။

ထိုညမှာပင် နယ်မြေနှစ်ခုလုံးက ဤကဲ့သို့ ရုတ်တရက်ကြီးပေါင်းစည်းသွားလိမ့်မည်လို့ မည်သူမှ မထင်ထားခဲ့ကြဘူး။

လူသားဧကရာဇ် မွေးဖွားလာလေပြီ။

ထီးနန်းတက်ပြီး ဧကရာဇ်အဖြစ်ခံယူတော့မည် ဖြစ်သည်။

တုန်းဖန်လျူလီက လီတိုင်ယွမ်ကို သေချာစူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲမှ တစ်ခုခုကို ဖတ်သိသွားသလိုမျိုး အနည်းငယ်မယုံကြည်နိုင်စွာဖြင့် ပါးစပ်ဟကာ မေးလိုက်သည်။ "နင်လည်း..."

လီတိုင်ယွမ်၏မျက်နှာက ဖြူရော်နေပြီး လက်ညှိုးကိုထောင်ကာ နှုတ်ခမ်းပေါ်တင်လိုက်ရင်း အားနည်းစွာ ပြုံးပြကာ ဆိုသည်။ "ရှူး... မပြောနဲ့။"

လရောင် ကျဆင်းလာသည်နှင့်အမျှ။

လီတိုင်ယွမ်၏ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ စ်သွားပြီး တစ်လက်မချင်းစီ ပြိုကွဲကာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။

...

...

ဆူညံသံများကြောင့် မုန့်အန်းအန်း လန့်နိုးသွား၏။

သူက အိပ်ချင်မူးတူးနှင့် မျက်လုံးကိုပွတ်သပ်ပြီး သမ်းဝေကာ တံခါးအပြင်ကို ထွက်လာသည်။ သူက ရီဝေဝေမျက်လုံးများဖြင့် တုန်းဖန်လျူလီကို ကြည့်ရင်း မေးလိုက်သည်။ "မေမေ၊ ဘာလုပ်နေတာလဲ။"

တုန်းဖန်လျူလီက လှပစွာပြုံးလိုက်ပြီး မုန့်အန်းအန်း၏ခေါင်းလေးကိုပွတ်သပ်ကာ နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

"သမီးရဲ့အဖေက လူဆိုးတွေနဲ့ ရန်ဖြစ်နေလို့။ မေမေ သွားကူညီပေးရဦးမယ်။ မဟုတ်ရင် သူ နိုင်ချင်မှ နိုင်မှာ။"

"သမီး အရင်အိပ်နှင့်နော်။ မနက်ဖြန်ကျမှ မေမေ ထမင်းချက်ကျွေးမယ်။"

မုန့်အန်းအန်းက ခေါင်းညိတ်လိုက်ပြီး သိပ်ဂရုမစိုက်ပေ။ အခုချိန် လောကကြီးက ငြိမ်းချမ်းနေပြီဖြစ်ရာ မည်သည့်ဘေးအန္တရာယ်မှ ရှိမည်မဟုတ်ကြောင်းတွေးမိပြီး အများကြီးမတွေးတော့ဘဲ အိပ်ခန်းထဲပြန်ဝင်ပြီး အိပ်လိုက်သည်။

မုန့်အန်းအန်း အခန်းထဲ ပြန်ဝင်သွားပြီးနောက်။

တုန်းဖန်လျူလီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခြံတံခါးအပြင်ကို ထွက်လာသည်။

တံခါးဝတွင်တော့။

ပစ္စုပ္ပန်ရွာတစ်ရွာလုံးက ရွာသားများအားလုံး စုရုံးရောက်ရှိနေကြပြီး အားလုံးက ဒူးနှစ်ဖက်ထောက်ကာ ညီညာပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်ကြသည်။

"လူသားဧကရာဇ် ထီးနန်းတက်တာကို ဂုဏ်ပြုပါတယ်။"

"လူသားဧကရာဇ် ထီးနန်းတက်တာကို ဂုဏ်ပြုပါတယ်။"

"လူသားဧကရာဇ် ထီးနန်းတက်တာကို ဂုဏ်ပြုပါတယ်။"

...

တုန်းဖန်လျူလီက လူအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုအထဲမှာ စုချင်ချိုး၊ ဝူတျဲ၊ ချင်းဖုန်းဟော်နှင့် ကျန်းစန်းဟိုင်တို့လည်း ပါဝင်ကြသည်။ ပြီးနောက် သူက ပြောလိုက်သည်။ "ထကြပါ။"

"အားလုံး အိမ်ပြန်ပြီးအိပ်ကြတော့။"

ပြောပြီးသည်နှင့် တုန်းဖန်လျူလီက ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ၏အရှိန်အဝါများက တဖြည်းဖြည်း မြင့်တက်လာသည်။

ကောင်းကင်နယ်ပယ် အလယ်ပိုင်းကို တိုက်ရိုက်ကျော်ဖြတ်သွားပြီး ထို့နောက် ကောင်းကင်နယ်ပယ် နှောင်းပိုင်း၊ ပြီးနောက် ကောင်းကင်နယ်ပယ် အထွတ်အထိပ်အထိပင်။

တာအိုအဆုံးသတ်ကို တိုက်ရိုက် ရောက်ရှိသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် တုန်းဖန်လျူလီ၏ လူရိပ်က ပျောက်ကွယ်သွားသည်။

ရွာသူရွာသားများက ဒူးထောက်ထားရာမှမထကြဘဲ ညီညာစွာပြောလိုက်ကြသည်။

"ကျွန်တော်မျိုးတို့က လူသားဧကရာဇ်နဲ့ အရှင်မင်းကြီးတို့ အောင်ပွဲခံပြီးတော့ ပြန်လာမယ့်အချိန်ကို စောင့်ကြိုနေပါမယ်။"

"ကျွန်တော်မျိုးတို့က လူသားဧကရာဇ်နဲ့ အရှင်မင်းကြီးတို့ အောင်ပွဲခံပြီးတတော့ ပြန်လာမယ့်အချိန်ကို စောင့်ကြိုနေပါမယ်။"

...

ကြယ်ရောင်များအောက်တွင်။

တုန်းဖန်လျူလီ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများ ပေါ်ထွက်လာပြီး တီးတိုးရေရွတ်လိုက်၏။

"ရှင် ဘယ်နေရာမှာပဲရှိနေပါစေ၊ ကျွန်မရှိနေသရွေ့တော့ ဘယ်သူမှ ရှင့်ကို အနာတရဖြစ်အောင် လုပ်ခွင့်မပေးဘူး။"

"သူက ဘယ်သူပဲဖြစ်နေပါစေ လုံးဝခွင့်မပြုဘူး။"

ချက်ချင်းပင် သူက ကမ္ဘာကြီးတစ်ခုလုံး၏အာဏာကို စုစည်းလိုက်ပြီးနောက် လူသားဧကရာဇ်နေရာကို အခြေခံကာ ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ရှားစေလိုက်သည်။။

"အခုချိန်ကစပြီး..."

"ငါက ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဆန္ဒပဲ။"

"ကောင်းကင်တာအိုက သေသွားပြီဆိုမှတော့ ငါကိုယ်တိုင် ကောင်းကင်တာအို ဖြစ်လာမယ်။"

ချက်ချင်းပင်။

ကမ္ဘာကြီးတစ်ခုလုံး၏ အလေးချိန်နှင့်ဖိအားများအားလုံး တုန်းဖန်လျူလီတစ်ယောက်တည်း အပေါ်ကို ဖိကျလာသည်။

သွေးနီရဲရဲများ စီးကျလာ၏…

...

All Chapters