← Chapters

အခန်း ၄၂၆

Vol. 29 Ch. 426

အခန်း ၄၂၆

Vol. 29 Ch. 426

အပိုင်း(၄၂၆) အိမ်ကနေကြိုဆိုပါတယ် (ဇာတ်သိမ်းပိုင်း)

အိုမင်းရင့်ရော်နေသောအသံကြီးက အံ့ဩပြီး ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။

"ကောင်းကင်တာအိုက သေသွားပြီလေ။ ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဆန္ဒက ဘယ်နေရာကနေ ထွက်လာတာလဲ။"

လောကကိုလွန်မြောက်သူ၏ စိတ်ဆန္ဒက နှောင့်ယှက်ခံလိုက်ရပြီးနောက် မူလက အသာစီးရနေခဲ့ရာမှ ချက်ချင်းပင် မုန့်ချင်ကျိုး၏ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

ဤကမ္ဘာလောကကြီးတစ်ခုလုံးက လောကကိုလွန်မြောက်သူ၏ ပြင်ပအတွင်းစကြဝဠာဖြစ်ပြီး သူ၏ စွမ်းအားအခြေခံ ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏စိတ်ဆန္ဒ ရှိနေခြင်းကို ခွင့်မပြုနိုင်ပေ။ သို့မဟုတ်ပါက လောကကိုလွန်မြောက်သူကိုယ်တိုင်နှင့် တွန်းကန်နေမည်ဖြစ်သည်။

ဥပမာအားဖြင့် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အတွင်းစကြဝဠာက ရုတ်တရက် ကိုယ်ပိုင်အသိစိတ်ရလာပြီး ပိုင်ရှင်ကို ပြန်လည်အံတုရန် ကြိုးစားနေသကဲ့သို့ပင်။ ထိုသို့ဆိုလျှင် ပိုင်ရှင်အပေါ် မှန်းဆ၍မရနိုင်လောက်အောင်ပြင်းထန်သော ထိခိုက်မှုကြီးကို သေချာပေါက် ဖြစ်စေမည်ဖြစ်သည်။

"တုန်းဖန်လျူလီလား။။"

"သူဖြစ်နေတာကိုး။ အတုအယောင်သက်ရှိလေးတစ်ကောင်ကများ ကောင်းကင်တာအိုနေရာကို ယူပြီး ငါ့ကို ပြန်အံတုရဲတယ်ပေါ့။ သေစမ်း။"

ချက်ချင်းပင်။

လောကကိုလွန်မြောက်သူက သူ၏စိတ်အာရုံတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ကာ ကောင်းကင်နှင့်မြေကြီးကို နှိုးဆွပြီး ကောင်းကင်တာအိုနေရာကို ယူရဲသည့် ထိုမိန်းမကို အရှင်လတ်လတ် ကြိတ်ချေပစ်ရန် ပြင်လိုက်သည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြံစည်လာခဲ့သည့် အစီအစဉ်ကြီးက မိန်းမတစ်ယောက်၏ ဖျက်ဆီးမှုကြောင့် စစ်တုရင်ပွဲကြီးတစ်ပွဲလုံး နောက်ကြောင်းပြန်လှည့်၍မရလောက်အောင် ဆိုးရွားသွားခဲ့ရသည်။

မည်သို့သည်းခံနိုင်မည်နည်း။

"အဟက်။ ငါ့မိန်းမက တကယ် ဂရုစိုက်တတ်တာပဲ။" မုန့်ချင်ကျိုး၏စိတ်ဆန္ဒက စကားပြောလာသည်။ "တစ်ခုတည်းသောတည်ရှိမှုရဲ့ ထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားတဲ့ငါ့ကို ရင်ဆိုင်နေရတာတောင် မင်းက အာရုံလွှဲရဲ သေးတယ်ပေါ့။ ကြည့်ရတာ မင်း အသက်မရှင်ချင်တော့ဘူး ထင်တယ်။"

ထိုသို့ပြောရင်း။

မုန့်ချင်ကျိုး၏ရူးသွပ်လုမတတ်စိတ်ဆန္ဒက ဒီရေလှိုင်းကြီးလို လောကကိုလွန်မြောက်သူအပေါ် လွှမ်းမိုး၍ တိုက်စားသွားသည်။ အခြားရွေးချယ်စရာမရှိသည့်အဆုံး လောကကိုလွန်မြောက်သူမှာ ထိုစိတ်အာရုံကို အမြန် ပြန်ရုပ်သိမ်းလိုက်ရပြီး မုန့်ချင်ကျိုး၏တန်ပြန်တိုက်ခိုက်မှုကို အစွမ်းကုန် ကာကွယ်လိုက်ရသည်။

"ဘယ်လိုဖြစ်ရတာလဲ။ သူက ဒီထောင်ချောက်ကိုခွဲမယ့်နည်းလမ်းကို ဘယ်လိုသိသွားတာလဲ။ ဘယ်သူက သူ့ကိုပြောလိုက်တာလဲ။" လောကကိုလွန်မြောက်သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပြီး အလွန်အမင်း ဒေါသထွက်နေသည်။

ဤနေရာရှိကိစ္စများကို မည်သူကမှ ဘေးမှကြည့်မနေသလို မည်သူမှလည်း မသိရှိနိုင်ကြပေ။

တုန်းဖန်လျူလီက ထောင်ချောက်ခွဲမည့်နည်းလမ်းကို မည်သို့ သိသွားသနည်း။

မုန့်ချင်ကျိုးနှင့် လောကကိုလွန်မြောက်သူတို့ အလုအယက် တိုက်ခိုက်နေကြသည်ကို မည်ကဲ့သို့ သိသွားသနည်း။

"ဒါက နှလုံးသားချင်းဆက်သွယ်နေလို့ နေမှာပေါ့၊ လင်မယားကြားက စိတ်ချင်းဆက်သွယ်မှု ဆိုတာမျိုးလေ။" မုန့်ချင်ကျိုးက တဖြည်းဖြည်းနှင့် သက်သောင့်သက်သာ ဖြစ်လာကာ နောက်ပြောင်ရန်ပင် စိတ်ကူးရနေသေးသည်။

အပြင်ပန်းတွင် သက်သောင့်သက်သာ ရှိနေပုံရသော်လည်း တကယ်တမ်းတွင် သူလည်း အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ကြယ်ရောင်အောက်တွင် ကမ္ဘာလောကကြီးတစ်ခုလုံး၏ အလေးချိန်ကို ထမ်းပိုးထားရသော တုန်းဖန်လျူလီ၏ အသက်စွမ်းအင်များ တဖြည်းဖြည်း အားနည်းလာနေပြီး လေထဲမှ ဖယောင်းတိုင်မီးလေးလို အချိန်မရွေးသေဆုံးနိုင်သည့် အန္တရာယ်ရှိနေကြောင်းကို သူ သိရှိနိုင်သောကြောင့်ပင်။

အချိန်မည်မျှ ကြာသွားသည်မသိ။

မုန့်ချင်ကျိုး၏ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲဖြစ်ပေါ်နေသော ဤအပြန်အလှန်အားပြိုင်မှုကြီးက ပိုမို၍ ပြင်းထန်လာသည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ။

တစ်နှစ်ပြီး တစ်နှစ်...

နှစ်ပေါင်း(၂၀)ကြာပြီးနောက်တွင်တော့ လောကကိုလွန်မြောက်သူ၏စိတ်ဆန္ဒက အပြတ်အသတ် ကြိတ်ချေခံလိုက်ရတော့သည်။

"ငါ လုံးဝ လက်မခံနိုင်ဘူး။"

"နယ်ရုပ်လေးရဲ့ ပြန်အံတုတာကို ဘယ်လိုလုပ်ခံနိုင်မှာလဲ။ ငါက အန္တိမတစ်ခုတည်းသောဖြစ်တည်မှုကွ။ တန်ခိုးရှင်အဖြစ်တက်လှမ်းမယ့်သူက ဒီလိုနဲ့ပဲ အရှုံးပေးရတော့မှာလား။"

လောကကိုလွန်မြောက်သူက အသံကုန်ဟစ်ကာ အော်ဟစ်လိုက်သည်။

သူ၏စိတ်ခံစားမှုများ တဖြည်းဖြည်း ထိန်းချုပ်မရဖြစ်လာပြီး အလွန်အမင်း မျှော်လင့်ချက်မဲ့သွား၏။

ပြင်ပအတွင်းစကြဝဠာတွင် စိတ်ဆန္ဒအသစ်တစ်ခု မွေးဖွားလာပြီး မုန့်ချင်ကျိုးနှင့်အတူ သူ့ကို တန်ပြန် တိုက်ခိုက်လာသောကြောင့် တစ်ခဏအတွင်းမှာပင် လောကကိုလွန်မြောက်သူကို အာရုံခွဲ၍မရနိုင် ဖြစ်သွားစေပြီး နှစ်ပေါင်းများစွာကြာအောင် ခံစစ်အနေအထားတွင်သာ ရှိနေစေခဲ့သည်။

မုန့်ချင်ကျိုး၏အသံမှာ အားနည်းနေသော်လည်း ရူးသွပ်မှုများ ပြည့်နှက်နေသည်။

"ဒီစစ်တုရင်ပွဲမှာ အနိုင်ရမယ့်သူက ငါပဲဖြစ်ရမယ်။"

"မင်းက သေပြီးသားလူပဲလေ။ ဘာလို့ အသက်ရှင်ဖို့ လောဘတက်နေရတာလဲ။ အေးအေးဆေးဆေး သေသွားလိုက်တာ မကောင်းဘူးလား။"

မုန့်ချင်ကျိုးကလည်း အလွန်အမင်း စိုးရိမ်နေသည်။

တုန်းဖန်လျူလီ၏ အသက်စွမ်းအင်များ အဆက်မပြတ် အားနည်းလာပြီး အဆုံးသတ်ဆီသို့ ဦးတည်နေသည်ကို ခံစားနေရသဖြင့် သူ ဆက်၍မစောင့်နိုင်တော့ပေ။ လျှို့ဝှက်ဆန်းကြယ်သောနေရာလွတ်ထဲရှိ အချိန်စီးဆင်းမှုနှုန်းမတူညီ၍သာ။ အပြင်လောကတွင် တစ်နာရီ၊နှစ်နာရီခန့်သာ ကြာသေးသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် ယခုအချိန်ဆို တုန်းဖန်လျူလီက တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

"မင်းပဲ သေလိုက်။"

...

...

အနှစ်(၅၀)အကြာ နေ့တစ်နေ့တွင်။

လောကကိုလွန်မြောက်သူ၏စိတ်ဆန္ဒက ဆက်မတောင့်ခံနိုင်တော့ဘဲ အဆုံးအစမဲ့ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်ကာ ပြောလိုက်သည်။

"ဒါ မင်း ဖိအားပေးလို့ ဖြစ်ရတာ။"

"ဘယ်လိုမှ အခြေအနေကို ပြန်မလှန်နိုင်တော့ဘူးဆိုမှတော့ အားလုံး အတူတူရှုံးကြတာပေါ့။ ဘယ်သူမှ အနိုင်မရစေရဘူး။"

"မမေ့နဲ့ဦး..."

"ဒီကမ္ဘာကြီးတစ်ခုလုံးက အတုအယောင်တွေချည်းပဲ။ ငါ့ရဲ့စိတ်အကြံအစည်လေး တစ်ခုတည်းကနေ ဖြစ်တည်လာတာပဲ။"

ထိုနေရာသို့ ရောက်သောအခါ လောကကိုလွန်မြောက်သူက တဟားဟားနှင့် အေးစက်စွာဖြင့် ရယ်မောလိုက်သည်။

"မင်းက ဒီမိသားစုဝင်တွေကို အရမ်းအရေးတယူလုပ်နေတယ် မဟုတ်လား။ အဲဒါဆိုလည်း ငါက သူတို့ကိုပါ အတူတူခေါ်သွားလိုက်မယ်။ အစစ်အမှန်ကမ္ဘာကြီးကို ဗလာနတ္ထိအဖြစ် ပြန်ပြောင်းပစ်လိုက်မယ်။"

မုန့်ချင်ကျိုးက ရုတ်တရက် မျက်လုံးများပွင့်လာပြီး သူ၏မျက်ဝန်းများထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာကာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

"မလုပ်ပါနဲ့။"

"ငါ ဒီတိုက်ခိုက်မှုကနေ နုတ်ထွက်ပါ့မယ်။ ကိုယ့်သဘောနဲ့ကိုယ် အသေခံပါ့မယ်။ အဲဒီလို မလုပ်ပါနဲ့..."

လောကကိုလွန်မြောက်သူက အေးစက်စွာဖြင့် ရယ်မောမြဲ ရယ်မောနေသည်။

"ငါ မသိဘူးများမှတ်နေလား။ မင်းက အချိန်ဆွဲပြီးတော့ ငါ့ရဲ့ နောက်ဆုံးရုန်းကန်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးသွားအောင် လုပ်ချင်နေတာ မဟုတ်လား။"

"ကောင်လေး၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်မကြီးနဲ့။ ကိုယ့်ကိုယ်ကိုယ် အရမ်းဉာဏ်ကောင်းတယ်လို့ မတွေးနဲ့။"

"ငါ သေသွားခဲ့တာက အရမ်းရုတ်တရက်ဆန်လွန်းလို့ ပြန်လည်ရှင်သန်ဖို့ နောက်ထပ်အစီအစဉ်တွေ လုပ်ဖို့အတွက် အချိန်မမီလိုက်လို့ပဲ။ မဟုတ်ရင် မင်းက နောက်ထပ်နှစ်သန်းပေါင်းများစွာ ကျင့်ကြံရင်တောင် ငါ့ကိုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

စကားသံအဆုံးတွင်။

လောကကိုလွန်မြောက်သူ၏ စိတ်ဆန္ဒက မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သည့်ကြိုတင်နိမိတ်မှမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

သူနှင့်အတူ ပျောက်ကွယ်သွားသည်ကတော့ သက်ရှိအားလုံးအပါအဝင် ကမ္ဘာလောကကြီးတစ်ခုလုံးပင်။

ဆီမီးတစ်ခွက်ကို မှုတ်ငြိမ်းလိုက်သလို ဖတ်ခနဲအသံလေးတစ်ခုနှင့်အတူ အရာအားလုံးက ဗလာနတ္ထိသို့ ပြောင်းလဲသွားတော့သည်။

ကမ္ဘာနှင့်မြေကြီးတစ်ခုလုံး၏ အလေးချိန်ကိုထမ်းပိုးထားသော တုန်းဖန်လျူလီ၊ အိပ်မောကျနေသော မုန့်အန်းအန်း၊ ခြံတံခါးရှေ့တွင် ဒူးထောက်နေကြသော ရွာသားများ...

ထို့အပြင် တင်ပလ္လင်ခွေထိုင်နေသော လူသားဧကရာဇ်၏ခန္ဓာကိုယ်၊ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်...

အားလုံး ပျောက်ကွယ်သွားတော့သည်။

မုန့်ချင်ကျိုးက မတ်တတ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေခွဲမရစွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ရာ မျက်စိတစ်ဆုံး မြင်ရသမျှမှာ ကမ္ဘာဦးအစ ဖရိုဖရဲဟင်းလင်းပြင်ကြီးသာ ရှိတော့သည်။

တောက်...

မျက်ရည်တစ်စက် ကျဆင်းလာ၏။

မုန့်ချင်ကျိုး၏နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း ကွေးတက်သွားပြီးနောက် မျက်ကွင်းများ နီရဲလျက် ရယ်မောလိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ရယ်သံက ရူးသွပ်လာပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ အသက်ရှူပင် မဝတော့ပေ။

သူ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် တဟားဟားနှင့် အသံထွက်ရယ်မောနေပြီး မျက်ရည်များ တစ်စက်ပြီးတစ်စက် ကျဆင်းနေကာ သူ၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့မှုများ အပြည့်ဖြစ်နေသည်။

"အားလုံး သွားကုန်ပြီ။ အားလုံး မရှိတော့ဘူး။"

"ဘယ်သူမှ အနိုင်မရတော့ဘူး..."

"မင်းက ရက်စက်တယ်။ တကယ့်ကို ရက်စက်တယ်။။"

မုန့်ချင်ကျိုး၏မျက်နှာက ကြမ်းကြုတ်လာပြီး ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "စောက်ရူး။ ငါက အလကားပြောနေတာ မဟုတ်ဘူးလေ။ တကယ် မင်းကို လိမ်မနေပါဘူး။ မင်းက ဘာဖြစ်လို့ မယုံရတာလဲ။။"

"ငါ အသေခံပြီး မင်းကိုပြည့်စုံသွားအောင် လုပ်ပေးမယ်လို့ ပြောနေတာကို။ မင်းက ဘာလို့..."

"မယုံရတာလဲ။"

ဗလာနတ္ထိဖြစ်နေသော ဖရိုဖရဲဟင်းလင်းပြင်ကြီးထဲတွင် အထီးကျန်ဆန်သော လူရိပ်တစ်ခု ငိုကြွေးနေခြင်းသာ ကျန်ရှိတော့သည်။

သို့သော်။

သူ၏အရှိန်အဝါများကလည်း တဖြည်းဖြည်း ကြီးထွားလာနေသည်။

တိတ်ဆိတ်စွာဖြင့်ပင် ပြီးပြည့်စုံသောတစ်ခုအဆင့်ကို တရားဝင် ကျော်ဖြတ်သွားခဲ့လေပြီ။ ဤအဆင့်ကို တန်ခိုးရှင်စင်မြင့်အဆင့်ဟုလည်း ခေါ်ကြပြီး လူအများစုကတော့ သံသရာမှလွတ်မြောက်ခြင်းအဆင့် သို့မဟုတ် တစ်ခုတည်းသောအဆင့်ဟု ခေါ်ဝေါ်ကြသည်။

ဖရိုဖရဲအထဲတွင်။

လူရိပ်က မိတ်ဆွေဟောင်းများ၏အရိပ်အယောင်ကို ရှာတွေ့လိုစိတ်ဖြင့် နေရာအနှံ့ လိုက်ရှာနေသည်။

အချိန်ကိုမသိ၊ ပင်ပန်းမှုကိုမသိ၊ အကွာအဝေးကိုလည်း မသိတော့ပေ။

ဤသို့ဖြင့် နှစ်ပေါင်းထောင်သောင်းချီကြာအောင်ရှာဖွေခဲ့ရာ သူ၏ဝတ်ရုံများမှာ စုတ်ပြတ်သတ်နေပြီး ဆံပင်များလည်း ဖရိုဖရဲဖြစ်ကာ သူတောင်းစား အရူးတစ်ယောက်လို ဖြစ်နေသည်။

"ဘယ်ရောက်နေကြတာလဲ။"

"လူတွေကော။"

"ငါ အိမ်ပြန်ရောက်ပြီလေ..."

အရူးက မျက်ရည်များစီးကျလျက် ရည်ရွယ်ချက်မဲ့ရှာဖွေနေပြီး ဗလာနတ္ထိဖရိုဖရဲကြီးဆီ အော်ဟစ်နေသည်။

"အန်းအန်း၊ သမီးက ဖေဖေ့ကို မလိုချင်တော့ဘူးလား။ သမီး ဘယ်မှာလဲ။"

"လျူလီ၊ ကိုယ် ရောက်လာပြီလေ။ မင်းက ဘာလို့ ပုန်းနေရတာလဲ..."

...

...

အနှစ်နှစ်သောင်း ကြာပြီးနောက်။

အရူးက နောက်ဆုံးတွင် အားအင်များကုန်ခမ်းသွားပြီး စိတ်ဓာတ်ကျကာ နေရာမှာပင် ခြောက်ကပ်စွာ ထိုင်နေတော့သည်။

သူက အစွမ်းထက်ပြီး ထာဝရတစ်ခုတည်းသောသူ ဖြစ်လာသော်လည်း သူ၏ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်အားလုံး သေဆုံးသွားခဲ့ပြီဖြစ်ရာ အခွံလွတ်ကြီးတစ်ခုလိုသာ ဖြစ်နေတော့သည်။

သူက ဖရိုဖရဲဟင်းလင်းပြင်ကြီးကို တုံးအစွာ ငေးကြည့်နေသည်။

"သေ..."

"သေသွားတာလည်း ကောင်းတာပဲ။"

အရူးက လှဲလျောင်းကာ ခြေချိတ်လျက် သီချင်းတစ်ပုဒ်ကို ညည်းတွားနေသည်။

အတန်ကြာသော်။

သူက ထပ်မံ၍ တီးတိုးရေရွတ်ပြန်သည်။ "အဲဒါဆိုလည်း သေလိုက်မယ်လေ။ ဘာမှ စိတ်ဝင်စားစရာ မရှိတော့ပါဘူး။"

ဤသို့လှဲလျောင်းနေရင်းနှင့် ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်နှင့် သူက ကမန်းကတန်းပင် ထရပ်လိုက်ပြီး ရိုးရိုးလေးသာ အသေခံရန် ပြင်လိုက်သည်။

"ကျွတ်။"

"မဟုတ်သေးပါဘူး။ ဘယ်လိုလုပ် သေရမှာလဲ။ ငါ သေလို့မရဘူးလေ။"

အရူးက လက်ချောင်းများကိုကိုက်ကာ မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာ ဟိုတွေးဒီတွေး စဉ်းစားနေသည်။

ရုတ်တရက် ဘယ်လိုသေရမလဲဆိုမသိ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

"အဲဒီခွေးမသား လောကကိုလွန်မြောက်သူက ဘယ်လိုလုပ်ပြီး သေသွားတာလဲ။ သူကတော့ ရုတ်တရက် သေသွားတာပဲ။ ငါက ဘာလို့ မရရတာလဲ။"

"ဟူး... တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ။"

အရူးက ဖရိုဖရဲဖြစ်နေသောခေါင်းကိုကုတ်ကာ နှုတ်ခမ်းကို စုပ်သပ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်။

နောက်ထပ်နှစ်တစ်သောင်း ထပ်မံ၍ ခြောက်ကပ်စွာ ထိုင်နေပြန်သည်။

ဤအတောအတွင်း အရူးက သူ့ကိုယ်သူ မည်သို့သတ်ရမည်နည်း ဆိုသည်ကို အမြဲပင် စဉ်းစားနေပြီး နည်းလမ်းပေါင်းစုံစမ်းသပ်ကြည့်ခဲ့သော်လည်း မတတ်သာစွာဖြင့် မည်သည့်နည်းလမ်းကမျှ အလုပ်မဖြစ်ခဲ့ပေ။

နေ့တစ်နေ့တွင်။

အရူးက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ခေါင်းကိုစောင်းလျက် သူ့ကိုယ်သူ ပြောလိုက်သည်။

"အင်း။ မဟုတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် သေလို့မှမရတာကို ငါက ဘာဖြစ်လို့ သေဖို့ပဲ အတင်းကြိုးစားနေရမှာလဲ။၊ အရမ်းပျင်းနေလို့များလား။"

"ဒါလည်း မဟုတ်သေးဘူး။ ဒီဖရိုဖရဲရဲ့အပြင်ဘက်မှာ ကမ္ဘာကြီးတစ်ခု ရှိနေသေးတာ သေချာတယ်။ ငါ အဲဒီမှာ သွားဆော့လို့ရတာပဲ။"

"ဒါနဲ့..."

"ငါ့နာမည်က ဘယ်သူလဲ။"

"မေ့သွားပြီ။"

"ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။"

အရူးက ခုန်ပေါက်ထရပ်လိုက်ပြီး အဝတ်အစားများကိုခါချကာ မျောက်ကြီးတစ်ကောင်လို ဖရိုဖရဲ အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

သွားကစားပြီဟေ့။

သူက ဖရိုဖရဲနယ်နိမိတ် အပြင်ဘက်သို့ ပြေးထွက်တော့မည့် အချိန်လေးမှာပင်။

အရုပ်လေးတစ်ခုက သူ၏မျက်စိရှေ့မှဖြတ်၍ လွင့်မျောသွားသည်။

အရူးက ကောက်ယူကြည့်လိုက်ရာ မျက်လုံးများက ပြူးကျယ်သွားတော့သည်။ "ဟေး။ နှာခေါင်းတွေ မျက်လုံးတွေတောင် ပါသေးတယ်။ နေပါဦး... ဒီအရုပ်လေးက ဘာဖြစ်လို့ ငါ့နဲ့ တစ်ပုံစံတည်း ဖြစ်နေတာလဲ။"

"ဘယ်သူလဲ။ ဒီပျင်းစရာကောင်းတဲ့ကမ္ဘာကြီးမှာ တခြားလူ ရှိနေသေးတာလား။"

အရူးက အရုပ်လေးကို ဟိုလှည့်ဒီလှည့် ကစားနေပြီးနောက်တွင် ချက်ချင်းပင် စိတ်မဝင်စားတော့ဘဲ နောက်ပြန်လှည့်ကာ လွှင့်ပစ်လိုက်သည်။

ချီးပဲ။ ဖရိုဖရဲအပြင်ဘက်ကလူတွေ လွှင့်ပစ်လိုက်တာ သေချာတယ်။

ဒီကိုယ်ကျင့်တရားမရှိတဲ့ကောင်တွေကို ငါ သေချာပညာပေးရမယ်။

အရူးက အင်္ကျီလက်ကိုပင့်တင်ကာ အပြင်ဘက်သို့ ဆက်ထွက်ရန် ပြင်လိုက်သည်။

ရုတ်တရက်။

သူ၏ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားပြီးနောက် နောက်လှည့်ကာ လေထဲမှ ထိုအရုပ်လေးကို လှမ်းယူလိုက်သည်။

အရုပ်လေး၏ကျောဘက်ရှိ အပေါက်လေးတစ်ခုထဲမှ သပ်ရပ်စွာခေါက်ထားသော စက္ကူတစ်ရွက်ကို ဆွဲထုတ်လိုက်သည်။

ဖြန့်ကြည့်လိုက်ရာ အပေါ်တွင် လူငါးယောက်နှင့်ခွေးတစ်ကောင်ကို ပုံဆွဲထားသည်ကို တွေ့လိုက်ရသည်။

"ကျွတ်။"

"ဆွဲထားတာ တော်တော်ရုပ်ဆိုးတာပဲ။"

အရူးက ရွံရှာသလိုမှတ်ချက်ပေးလိုက်ပြီး စက္ကူကိုချေမွပစ်ရန် ပြင်လိုက်သော်လည်း စာကြောင်း အနည်းငယ်ကြောင့် စိတ်ဝင်စားသွားသည်။

[ဒါက အန်းအန်းရဲ့အိမ်လေး]

[ရုပ်ချောပြီး အရမ်းတော်တဲ့ဖေဖေ ရှိတယ်။ နူးညံ့သိမ်မွေ့ပြီးလှပတဲ့ မေမေ ရှိတယ်။ ပြီးတော့ အပြင်ပန်းကြည့်ရင် မာနကြီးပေမယ့် တကယ်တော့ ငတုံးလေးဖြစ်နေတဲ့ ဒေါ်လေးချင်ချိုး၊ လှပပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ဒေါ်လေးဝူတျဲ၊ ပြီးတော့ ခွေးဝါကြီးတစ်ကောင်လည်း ရှိသေးတယ်။ အဲဒီခွေးက အစား အရမ်းကြီးတာ။ အန်းအန်းထက်တောင် ပိုပြီးတော့ စားသေးတယ်။ အိမ်ကိုမွဲသွားအောင် စားပစ်မလားလို့တောင် ကြောက်ရတယ်။ နောက်ဆုံးတစ်ယောက်ကတော့ လိမ္မာရေးခြားရှိတဲ့ မုန့်အန်းအန်းလေးပဲ]

မျက်ရည်တစ်စက်က စက္ကူပေါ်သို့ကျဆင်းလာပြီး စာလုံးများကို ပြန့်ကျဲသွားစေသည်။

အရူးက မျက်ထောင့်ကိုစမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ "ထူးဆန်းလိုက်တာ။ ငါက ဘာဖြစ်လို့ ငိုနေရတာလဲ။"

အချိန်အတော်ကြာ မှင်သက်နေပြီးနောက်။

အရူး၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားပြီး ပြောလိုက်သည်။

"ငါက မုန့်ချင်ကျိုးပဲ။"

"ဟုတ်တယ်။ ငါ့မှာ နာမည်ရှိတယ်။ မုန့်ချင်ကျိုးပဲ။"

မျက်တောင်တစ်ခတ်အတွင်း ဖုန်တက်နေသော မှတ်ဉာဏ်များစွာက ဦးနှောက်ထဲသို့ တသီတတန်းကြီး ဝင်ရောက်လာတော့သည်။ အတိတ်မှအမှတ်တရများက ရုပ်ရှင်ပြနေသကဲ့သို့ မျက်စိရှေ့တွင် တစ်ခန်းပြီးတစ်ခန်း ပြသနေသည်။

အတန်ကြာသော်။

မုန့်ချင်ကျိုးက ဘုန်းခနဲ ထိုင်ချလိုက်ပြီး ရူးသွပ်သောအတွေးတစ်ခု ပေါ်ထွက်လာသည်။

"အဲဒီလောကကိုလွန်မြောက်သူက စိတ်အကြံအစည်တစ်ခုတည်းနဲ့ လောကကို ဖြစ်စေနိုင်တယ်ဆိုရင် ငါလည်း လုပ်နိုင်တာပေါ့။"

"ဒီအရုပ်လေးက အန်းအန်းရဲ့ဟာပဲ။ ဒါလေး ရှိနေသေးတယ်ဆိုတာ သူတို့ တကယ်အသက်ရှင်ခဲ့တယ် ဆိုတာကို သက်သေပြနေတာပဲ။"

"အစအနတွေကျန်နေသေးမှာ သေချာတယ်။ သေချာပေါက် ရှိသေးတယ်။"

"ငါ အရှုံးပေးလို့ မဖြစ်ဘူး။ ဘယ်လိုလုပ် အရှုံးပေးလို့ရမှာလဲ။ အန်းအန်းနဲ့လျူလီက အိမ်မှာ ငါ ထမင်းပြန်လာစားမှာကို စောင့်နေကြတာကို။"

ထိုသို့ပြောရင်းနှင့်။

မုန့်ချင်ကျိုး မတ်တတ်ရပ်လိုက်ပြီး သူ၏နတ်ဘုရားအာရုံက ဖရိုဖရဲဟင်းလင်းပြင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

သူက မိတ်ဆွေဟောင်းများ၏အစအနများကို လိုက်လံရှာဖွေပြီး လူအားလုံး၏ဝိညာဉ်များကို ပြန်လည် စုဆောင်းရမည်။

ထို့နောက်... ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ပေမည်။

...

...

အချိန်မည်မျှ ကြာသွားသည်မသိ။

နှစ်တစ်သိန်းလည်း ဖြစ်နိုင်သလို၊ နှစ်တစ်သန်းလည်း ဖြစ်နိုင်ပေသည်။

မုန့်ချင်ကျိုးက ဖရိုဖရဲဟင်းလင်းပြင်ကြီးထဲတွင် အထီးကျန်တစ္ဆေသရဲတစ်ကောင်လို အမြဲတမ်းပင် လှည့်လည်သွားလာနေပြီး သူ၏ခြေလှမ်းများကို တစ်ခါမျှ မရပ်တန့်ခဲ့ပေ။

တစ်ခါတစ်ရံတွင် အလွန်တရာဝမ်းသာရွှင်မြူးနေသော ရယ်သံကြီးများ ထွက်ပေါ်လာတတ်သည်။

ရယ်သံများထွက်ပေါ်လာတိုင်း သူက နောက်ထပ် မိတ်ဆွေဟောင်းတစ်ယောက်၏ ဝိညာဉ်ကို ရှာတွေ့သွားသည်ကိုဆိုလိုခြင်း ဖြစ်သည်။

...

...

နေ့တစ်နေ့သို့ ရောက်သည်အထိပင်။

မုန့်ချင်ကျိုးက တင်ပလ္လင်ခွေထိုင်နေပြီး အတွင်းစကြဝဠာထဲတွင် သန်းပေါင်းများစွာသောသက်ရှိတို့၏ ဝိညာဉ်(၃)ပါးနှင့် နာမ်(၇)ပါးကို ထည့်သွင်းထားသည်။

ထိုအထဲတွင် သူ၏မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် မမြင်ဖူးသောသူစိမ်းများစွာလည်း ပါဝင်သည်။

"လျူလီ၊ အန်းအန်းနဲ့ အားလုံး။ ငါ လာပြီနော်။"

"ငါ့ကို စောင့်နေကြ။"

ထိုနေ့တွင် မုန့်ချင်ကျိုးက မျက်လုံးမှိတ်လိုက်လေသည်။ ဤသည်မှာ သူ၏နောက်ဆုံးအကြိမ် မျက်လုံးမှိတ်ခြင်းလည်း ဖြစ်သည်။

သူက နောက်ဆုံးတွင် တာအိုဖန်ဆင်းခြင်းနည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။

ချက်ချင်းပင်။

ကြီးမားကျယ်ပြန့်သော နတ်ဘုရားစွမ်းအင်များနှင့် ကျင့်ကြံမှုစွမ်းအားအားလုံး ပေါက်ကွဲထွက်လာပြီး ဖရိုဖရဲဟင်းလင်းပြင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

စိတ်အကြံအစည်တစ်ခုတည်းမှ...တာအိုဖြစ်တည်လာခြင်း။

မျက်စိတစ်မှိတ်အတွင်းပင် သူ၏ခန္ဓာကိုယ်က ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီးနောက် တိုက်ရိုက်ပင် သေဆုံးသွားတော့သည်။

သို့သော် သူ ပျက်စီးသွားသည်နှင့်အမျှ ကမ္ဘာကြီးတစ်ခုက အတူတကွ မွေးဖွားလာခဲ့သည်။

...

...

မိုးရွာနေသောညတစ်ညရှိ တောင်ပေါ်ကျောင်းဆောင်လေး။

မျက်မမြင်တစ်ယောက်က တုတ်ကိုထောက်ကာ ဆဲဆိုကျိန်ဆဲရင်း မိုးခိုရန် ပြေးဝင်လာသည်။

"ခွေးမသား။ စနစ်စုတ်။ ငါ့ကို မျက်မမြင်ဖြစ်အောင် လုပ်ထားသေးတယ်။ အားကိုးရမယ့် အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းအင်လေးတောင် မပေးဘူး။ အခုတော့ ထမင်းစားဖို့တောင် ပြဿနာ ဖြစ်နေပြီ။"

မျက်မမြင်က ဗိုက်ဝရန် ပေါက်စီအလွတ်အနည်းငယ်ကို ကမန်းကတန်း စားလိုက်ပြီး ကျောင်းဆောင် အပြင်ဘက်မှ သည်းထန်စွာရွာသွန်းနေသော မိုးသံကို နားထောင်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။

ရုတ်တရက်။

မြင်းတစ်ကောင်က မိုးထဲလေထဲပြေးဝင်လာပြီး မြင်းပေါ်မှ အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေး တစ်ဦး ဆင်းလာသည်။

ထိုမိန်းမပျိုလေးက သိုင်းလောကမှ အမျိုးသမီးတစ်ဦးနှင့်တူပြီး အတော်လေး သွက်လက်ပေါ့ပါးဟန် ရှိနေကာ ကျောင်းဆောင်၏ထောင့်တစ်နေရာ၌ ကွေးကွေးလေးနေနေသောမျက်မမြင်ကို လုံးဝသတိမထားမိဘဲ၊ ကိုယ့်ဘာသာထင်းမီးမွှေးကာ အနွေးဓာတ်ယူပြီး ခြောက်သွေ့သောရိက္ခာများကို ထုတ်ယူ၍ နည်းနည်းချင်းစီ ဝါးစားနေသည်။

"ဟေး... ညီအစ်ကို၊။ ထမင်းလေး နည်းနည်းလောက် ကျွေးလို့ရမလား။" ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေးက နောက်လှည့်ကြည့်လိုက်ရာ ထိုသူတောင်းစားလိုလူကို မြင်တွေ့လိုက်ရပြီး ပေါင်မုန့်ပြားတစ်ပိုင်းကိုဖဲ့ကာ လှမ်းပစ်ပေးလိုက်ရင်း ပြောလိုက်သည်။ "ငါက နင့်ရဲ့ညီအစ်ကို မဟုတ်ဘူး။ ငါက မိန်းကလေး။"

"ညီမလေးက တကယ်ကို သစ္စာရှိပြီးတော့ သူရဲကောင်းဆန်တာပဲ။ အနာဂတ်မှာ သေချာပေါက် အမျိုးသမီးတွေထဲကသူရဲကောင်း၊ မြင်းတွေထဲက တောယုန်နီ ဖြစ်လာမှာ။" မျက်မမြင်က လက်မထောင်ပြကာ မြှောက်ပင့်သောစကားများကို တစ်ခွန်းပြီးတစ်ခွန်း ပြောဆိုနေသည်။

အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေးက မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။ "မြင်းတွေထဲက တောယုန်နီဆိုတာကိုတော့ ထားလိုက်ပါတော့။"

"မင်းက တောယုန်နီအကြောင်း သိလို့လား။" မျက်မမြင်က မေးလိုက်သည်။

အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေးက ခေါင်းခါလျက် ပြန်ဖြေသည်။ "မသိဘူး၊ ဒါပေမဲ့ ကောင်းတဲ့ စကားလုံးတော့ မဖြစ်နိုင်ဘူး။"

"ဪ။"

...

ဘာကြောင့်မှန်းမသိ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးက ထိုမျက်မမြင်တွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသလို အမြဲခံစားနေရပြီး စကားနည်းနည်းလောက်ပြောချင်စိတ် ပေါ်လာမိသည်။

ပြောရင်းဆိုရင်း။

အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေးက အကြောင်းပြချက်မရှိဘဲ စိတ်ဝင်စားလာပြီး တမင်သက်သက်နှင့် မရည်ရွယ်ဘဲ မေးလိုက်သည်။

"ဟေ့။ ငါ နင့်ကို မေးမယ်။ အခုလက်ရှိ မင်းသမီးကို နင်ဘယ်လိုထင်လဲ။"

"အမျိုးသမီးတွေက အမျိုးသားတွေကိုမမီဘူး။ ဧကရာဇ်မဖြစ်နိုင်ဘူးလို့ အားလုံးက ပြောကြတယ်၊ နင်ကကော သူဖြစ်နိုင်မယ်လို့ ထင်လား။"

မျက်မမြင်က စားသောက်ပြီးဗိုက်ဝသွားသဖြင့် ချက်ချင်းပင် စကားစလာပြီး ကြွားလုံးထုတ်တော့သည်။

"အခုလက်ရှိမင်းသမီးက သာမန်မဟုတ်ဘူး။ သူက သိုင်းလောကလူတစ်ယောက်လို ဖြစ်နေတာကို မကြည့်နဲ့။ စိတ်ထဲမှာတော့ ရည်မှန်းချက်တွေအပြည့်ပဲ။"

"အပြင်ပန်းကကြည့်မကောင်းပေမယ့် အတွင်းမှာတော့ ကျောက်သံပတ္တမြားတွေနဲ့ ပြည့်နေတာလို့ ပြောလို့ရတယ်။ ငါ မင်းကို အာမခံရဲတယ်။ အနာဂတ်မှာ သူက သေချာပေါက် မဟာကျင်းရဲ့ဧကရီ ဖြစ်လာမှာပဲ။"

အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေး၏မျက်ဝန်းများ အလွန်ပင် တောက်ပသွားသည်။

မိုးတိတ်သွားသောအခါတွင် အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေးက ရွှေတုံးအချို့ချပေးခဲ့ပြီး ပြောသည်။ "ရွှေတုံး(၃)တုံး။ ကျွန်မကို (၃)နှစ် စောင့်နေပါ၊ (၃)နှစ်ပြည့်ရင် တုန်းဖန်မိသားစုရဲ့ အိမ်ပါသမက် လာလုပ်ပါလား။"

မျက်မမြင်က အဖိုးတန်ရတနာတစ်ခု ရလိုက်သကဲ့သို့ ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်သည်။ "မလုပ်ဘူး၊ မလုပ်ဘူး...မဟုတ်ဘူး။ လုပ်မယ်၊ လုပ်မယ်၊ လုပ်မယ်။"

အနီရောင်ဝတ်စုံနှင့်မိန်းမပျိုလေးက ရယ်မောလိုက်ပြီး မြင်းစီးကာ ထွက်ခွာသွားတော့သည်။

...

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။

(၃)နှစ်အကြာတွင် ဧကရာဇ်အသစ် တက်လာခြင်းက နန်းတွင်းနန်းပြင်တစ်ခုလုံးကို တုန်လှုပ်၍ သွားစေသည်။

မရေမတွက်နိုင်သော ကောလာဟလများ ထွက်ပေါ်လာခဲ့သော်လည်း နှစ်အနည်းငယ်ဆိုသော အချိန်တိုလေးအတွင်းမှာပင် ထိုဧကရာဇ်က လူများ၏စိတ်ထဲမှအမြင်ကို လုံးဝပြောင်းလဲပစ်နိုင်ခဲ့သည်။

ဓာသူတော်စင်ဆိုသည့်နာမည်ဖြင့် ဧကရီကိုကူညီခဲ့ပြီး ရှုဘုရင်ကို အနိုင်ယူကာ အင်အားစုကြီးအုပ်စု (၇)ခုကိုချေမှုန်းပြီး ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကို ဖျက်ဆီးပစ်ခဲ့သည်...

မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားသည့်နေ့တွင် လူတိုင်းအံ့အားသင့်သွားကြပြီး ထိုအခါမှသာ ဓားသူတော်စင်နှင့် ဧကရာဇ်က လူတစ်ယောက်တည်း ဖြစ်နေကြောင်းကို သိသွားကြတော့သည်။

...

...

ဆယ်နှစ်ကျော် ကြာပြီးနောက်။

နောက်ဆုံးဇာတ်သိမ်း ရောက်ရှိလာခဲ့သည်။

ညအမှောင်ကိုအကာအကွယ်ယူပြီး ဧကရာဇ် တစ်ကိုယ်တည်းထွက်ခွာလာကာ လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ဆီသို့ သွားရောက်ပြီး လူသားဧကရာဇ်ရှီးကို တွေ့ဆုံခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ လက်ရှိဧကရာဇ်က တစ်ခုတည်းသောအဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့ပြီဖြစ်သည်။

"ပြန်တွေ့ကြပြန်ပြီ။ လူသားဧကရာဇ်။" မုန့်ချင်ကျိုးက တင်ပလ္လင်ခွေထိုင်နေသော နတ်ဘုရားသဘာဝ လူသားဧကရာဇ်ကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

ကောင်းကင်နယ်ပယ်ကို သက်သေပြပြီးနောက်တွင် ဘဝဟောင်းမှမှတ်ဉာဏ်များအားလုံး ပြန်လည်၍ ရရှိလာခဲ့သည်။

သူက ဘဝလမ်းကြောင်းကို ပြန်လျှောက်ပြီး ကောင်းကင်နှင့်မြေကြီးကို ပြန်လည်ပုံဖော်ခဲ့သည်။

ဤဇာတ်သိမ်းကို ကျော်ဖြတ်ပြီးသည်နှင့် စိတ်အကြံအစည်တစ်ခုတည်ဖြင့် ဖန်တီးထားသော အတုအယောင်ကမ္ဘာကြီးက အစစ်အမှန်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ အရာအားလုံးက ဘာမှမကွာခြားပေ။၊ ထိုလောကကိုလွန်မြောက်သူ တစ်ယောက်တည်းသာ လိုနေ၏။

"မင်းက တကယ်ကို လူမဟုတ်ဘူးပဲ။" နတ်ဘုရားသဘာဝ လူသားဧကရာဇ်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး တစ်ခုတည်းသောအဆင့်ကို တိုက်ရိုက်ကျော်ဖြတ်သွားသော မုန့်ချင်ကျိုးကို ကြည့်ရင်း ခုခံနိုင်မည့်နည်းလမ်းများအားလုံး ဆုံးရှုံးသွားတော့သည်။

မုန့်ချင်ကျိုး၏မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားပြီး ပြောလိုက်သည်။

"တောင်းပန်ပါတယ်..."

"မိတ်ဆွေဟောင်းတွေရဲ့ဝိညာဉ်တွေအကုန်လုံးကို ငါ ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့လည်း သေသွားပြီးသား လူတွေကိုတော့ ငါ ပြန်ရှင်လာအောင် မလုပ်ပေးနိုင်ဘူး။ အခု မင်းက ဒီအစစ်အမှန်ကမ္ဘာကြီးထဲမှာ လက်ချိုးရေလို့ရတဲ့ အတုအယောင်တွေထဲကတစ်ခုပဲ။"

နတ်ဘုရားသဘာဝလူသားဧကရာဇ်က သံသယဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီးနောက်တွင် ဘာမှမလုပ်ချင်တော့သည့်ဟန်ဖြင့် ဒေါသတကြီး ပြောလိုက်လေသည်။ "စကားတွေများလိုက်တာ။ ဒါကို ဘာဆက်တိုက်စရာ ရှိသေးလို့လဲ။ မြန်မြန်သာ ငါ့ကို သတ်လိုက်တော့။"

"မင်းရဲ့ဆန္ဒအတိုင်းပါပဲ။"

ထိုသို့ပြောပြီးသည်နှင့် ဓားရောင်တစ်ချက် လက်သွား၏။

ဇာတ်သိမ်း ပျက်စီးသွားတော့သည်။

...

...

(၆)နာရီ ကြာပြီးနောက်။

နောက်ဆုံးတွင် မိုးလင်းသွားခဲ့လေပြီ။

မရေမတွက်နိုင်သောနှစ်များစွာ ကြာပြီးနောက်၊ ဘဝတစ်ဆက်စာ ကြာပြီးနောက်တွင်၊ မုန့်ချင်ကျိုးသည် ထိုခြံတံခါးရှေ့သို့ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့ပြီး အထဲမှအသံကို ကြားလိုက်ရသဖြင့် လက်ဖဝါးများ တုန်ယင်စွာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။

မျက်စိထဲသို့ ဝင်ရောက်လာသည်က မုန့်အန်းအန်း၏ တစာစာ ဆူညံအော်ဟစ်နေသံပင်။ "မေမေ။ ဖေဖေ ထပ်ပျောက်သွားပြန်ပြီ။”

တုန်းဖန်လျူလီကမူ ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ ခြံတံခါးဝတွင် ရပ်နေသော မုန့်ချင်ကျိုးကို မြင်တွေ့လိုက်ရပြီး ဆန်ပြုတ်တစ်ပန်းကန်ကိုကိုင်ကာ လှပစွာပြုံးလျက် ပြောလိုက်သည်။

"ကြည့်လေ။ သူ ပြန်ရောက်လာပြီ မဟုတ်လား။"

ထိုသို့ပြောပြီးနောက်။

တုန်းဖန်လျူလီ၏မျက်ဝန်းထဲတွင် မျက်ရည်များရစ်သိုင်းလာပြီး ချစ်စရာကောင်းစွာဖြင့် ခေါင်းလေးကို စောင်းကာ ပြောလိုက်သည်။ "အိမ်ကနေ ကြိုဆိုပါတယ်။"

"ဟူး..."

မုန့်ချင်ကျိုးက ခြံထဲသို့ဝင်ရန် အချိန်အတော်ကြာ မဝံ့မရဲဖြစ်နေပြီး ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ပြီးမှ ခြေတစ်လှမ်း လှမ်းဝင်လိုက်သည်။

နံနက်ခင်းနေရောင်ခြည်ကို မျက်နှာမူရင်း။

သူက တောက်ပစွာ ပြုံးလိုက်ကာ ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားသည်။

ဘဝတစ်ဆက်စာ ကွာဟသွားသော်လည်း တစ်ညတည်းသာ ကုန်ဆုံးသွားသကဲ့သို့ပင်။

သူက နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့လေပြီ။

...

All Chapters