← Chapters

အခန်း ၅၃၁

Vol. 54 Ch. 531

အခန်း ၅၃၁

Vol. 54 Ch. 531

အခန်း (၅၃၁) - လင်းလက်လာသော ကျောက်စိမ်းပြားနှင့် နဝမတောင်၏ အတွင်းပိုင်းဆီသို့

နဝမတောင်တန်းအတွင်း၌....။

ဝုန်း....ဝုန်း....ဂျိန်း....

အုံ့မှိုင်းညို့မှောင်နေသော မိုးတိမ်တိုက်ကြီးများသည် နိမိတ်ဆိုးများကဲ့သို့ တရိပ်ရိပ် လွင့်မျောနေပြီး မိုင်တစ်ထောင်မျှရှိသော ပတ်ဝန်းကျင်ကို မှောင်မိုက်ခြင်းအတိဖြင့် လွှမ်းခြုံထားလေသည်။ ကောင်းကင်ယံတစ်ခွင်တွင် ငွေရောင်လျှပ်စီးတန်းများသည် မြွေနဂါးများသဖွယ် တွန့်လိမ်ယှက်သန်းနေပြီး မိုးခြိမ်းသံကြီးက လေထုကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

တောင်နက်ပိုင်းသို့ တိုးဝင်လေလေ မိုးသက်မုန်တိုင်းများက ပိုမိုစိပ်လာလေလေ ဖြစ်သည်။ ၎င်းတို့က ရုတ်တရက် ကျရောက်တတ်သဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် ကြိုတင်ပြင်ဆင်မှုမရှိပါက အပြင်းအထန် ဒဏ်ရာရရှိနိုင်သည်။ မည်မျှပင် အစွမ်းထက်သည့် ကျင့်ကြံသူဖြစ်ပါစေ၊ ထိုအဆုံးမဲ့မုန်တိုင်းထုကြီးအတွင်းသို့ ကံဆိုးမိုးမှောင်ကျ၍ ရောက်ရှိသွားပါက သေဆုံးခြင်းမှတစ်ပါး အခြားမရှိနိုင်ပေ။ ရွှေအမြုတေအဆင့်ကျင့်ကြံသူများပင် ရှင်သန်ရန် ရုန်းကန်ရနိုင်ပြီး ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီးများသာလျှင် မနည်းအောင့်အီးသည်းခံနိုင်ပေလိမ့်မည်။

အမှန်စင်စစ် ဤသည်ကား သဘာဝလောကကြီး၏ စွမ်းအင်တန်ခိုးတော် ဖြစ်၏။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို မိမိကိုယ်တွင်းသို့ ဆွဲငင်ထားသည့် ကျင့်ကြံသူများကို ရည်ရွယ်၍ တိုက်ခိုက်ခြင်းမဟုတ်သည့်တိုင်၊ ထိုစွမ်းအားထုကြီးကို သာမန်ကျင့်ကြံသူတစ်ဦးက ပေါ့ပေါ့တန်တန် ရင်ဆိုင်နိုင်စွမ်းမရှိပေ။ ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းမည့် မိုးကြိုးကပ်ဘေး၌ ကောင်းကင်ဘုံက မည်မျှအထိ ပြင်းထန်သော ကပ်ဘေးကို စေလွှတ်မည်နည်းဆိုသည်မှာ တွေးကြည့်ရုံမျှဖြင့်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။ ဤမုန်တိုင်းမှ ပေါက်ဖွားလာသော မိုးကြိုးစွမ်းအားသည် သာမန်မိုးကြိုးများနှင့် လုံးဝမတူညီဘဲ အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ထိမှန်ရုံမျှဖြင့် ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။

ဝူးးးး....

တောင်စောင်းကြားမှ လေရူးသံတစ်ချက် ပေါ်ထွက်လာသည်။

ပြင်းထန်သည့် လေတိုက်ခတ်မှုနှင့်အတူ ကျောက်စရစ်ခဲများ လွင့်စင်သွားသည်။

လူရိပ်တစ်ခုမှာ တုန့်ခနဲ ရပ်တန့်သွားပြီး ကျောပြင်ထက်မှ ဝိညာဉ်အတောင်ပံများက ဖြည်းညှင်းစွာ ရုတ်သိမ်းသွားလေသည်။

လွင့်မျောနေသော မြူခိုးများ ကွဲအက်သွားသည်နှင့်အမျှ သူ၏မျက်နှာ ပေါ်ထွက်လာသည်။ သူ၏ ရုပ်သွင်က စူးရှပြီး ခန့်ညားထည်ဝါသော်လည်း နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားကာ၊ ဓားကဲ့သို့ ထက်ရှသော မျက်ခုံးအစုံက တွန့်ချိုးနေပြီး ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းအစုံမှ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

"သွေးမိစ္ဆာ...."

လော့ချန် ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ရွှေအမြုတေအတုအယောင်.... အံ့ဩစရာမရှိတော့ပါဘူး၊ သူ့ကို ရင်ဆိုင်ရတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေ ဘာလို့ တစ်ယောက်မှ မလွတ်မြောက်နိုင်ခဲ့လဲဆိုတာ.... သူ့ရဲ့ မှော်ရတနာတွေက တိုက်စစ်ရော ခံစစ်မှာပါ ထူးချွန်ပြီးတော့ သွေးကူးပြောင်းအတတ်နဲ့ အရှိန်အဟုန်မြှင့် ပျံသန်းနိုင်စွမ်းလည်း ရှိသေးတယ်၊ သူ့ရဲ့ စွမ်းဆောင်ရည်က လုံးဝပြီးပြည့်စုံလုနီးပါးပဲ.... အစကတည်းက ငါက နွယ်ရှင်နှောင်ကြိုး၊ မြေပြိုအတတ်နဲ့ မြေစိုင်တောင်အတတ်တွေ သုံးပြီး သူ့ကို ချုပ်နှောင်ဖိနှိပ်ထားလို့၊ ပြီးတော့ ရွှေမီးဓားကတစ်ဆင့် နေမီးလျှံကို ထုတ်သုံးနိုင်ခဲ့လို့သာပေါ့.... မဟုတ်ရင် သူ့ကို ဒဏ်ရာရအောင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး"

လော့ချန် သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးလံစွာ ချလိုက်သည်။ ဘေးလူအမြင်တွင် သူသည် ပွဲအစမှအဆုံး ပြိုင်ဘက်ကို ဖိနှိပ်ထားပြီး အသာစီးရနေသည်ဟု ထင်ရသော်လည်း ထိုအရာအားလုံးက အမြင်မှားခြင်းမျှသာ ဖြစ်သည်။ အမှန်စင်စစ် သွေးမိစ္ဆာ၏ ကျင့်စဉ်များနှင့် မှော်ရတနာများသည် သူ၏ စွမ်းဆောင်ရည်ထက် မနိမ့်ပါးပေ။ ထို့ကြောင့်ပင် ကျင့်စဉ်အဆင့် ကွာခြားချက်က ဖြတ်ကျော်ရန် မလွယ်ကူသော ချောက်ကမ်းပါးကြီးသဖွယ် ဖြစ်နေခြင်းပင်။

အကယ်၍ သူတို့သာ အစီအရင်များနှင့် ထောင်ချောက်များမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါက၊ လော့ချန် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့လျှင်ပင် တိုက်ကွက်အနည်းငယ်အတွင်း၌ လုံးဝ ချေမှုန်းခံရပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော အသာစီးရမှုမှာ ပိုမိုမြန်ဆန်သော အရှိန်အဟုန်သာ ဖြစ်သည်။

ထိုနောက်ဆုံး လွတ်မြောက်ချိန်တွင်ပင် သူသည် အရှိန်အပြည့်၏ ရာခိုင်နှုန်း ခုနစ်ဆယ်ခန့်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူသာ တိုက်ပွဲကို ရှောင်ကွင်းလိုပါက အစကတည်းက အကွာအဝေးကို အလွယ်တကူ ဖြတ်တောက်ပြီး သွေးမိစ္ဆာကို ခြေရာဖျောက်နိုင်ခဲ့မည် ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက နောက်ကွယ်တွင် အရိုးထဲအထိ တွယ်ကပ်နေသော သန်ကောင်တစ်ကောင်ကဲ့သို့ အမြဲတစေ လိုက်လံနှောင့်ယှက်နေမည့် အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်ပေလိမ့်သည်။

ထို့ကြောင့်ပင် လော့ချန်သည် ရန်သူအား အပြင်းအထန် ဒဏ်ရာရစေရန် သတ်ကွင်းထောင်ချောက်များကို တစ်ထပ်ပြီးတစ်ထပ် ဆင်ခဲ့ခြင်း ဖြစ်သည်။ မအောင်မြင်ခဲ့လျှင်ပင် အနည်းဆုံး ကြောက်ရွံ့တုန်လှုပ်သွားစေရန် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ရန်သူ့လက်ထဲတွင် ထိုအနီရောင်ပိုးထည် ခံစစ်မှော်ရတနာ ရှိနေခြင်းကြောင့် လော့ချန်၏ ရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။

“ဒါပေမဲ့ အခုဆိုရင် သူ နောက်ထပ် လိုက်မလာရဲတော့လောက်တော့ပါဘူး”

တောင်ကုန်းအလယ်ပိုင်းရှိ ကျောက်ဆောင်ထက်တွင် ရပ်နေရင်း လော့ချန် မျက်ဝန်းများကို မှေးစင်းကာ သူလာခဲ့သော လမ်းကြောင်းကို ပြန်လည်ကြည့်ရှုလိုက်သည်။ ပတ်ဝန်းကျင်၏ ကန့်သတ်ချက်များကြောင့် သူ၏ ဝိညာဉ်အာရုံဖြင့် အဝေးကြီးအထိ မစူးစမ်းနိုင်သော်လည်း နတ်မျက်စိကမူ ထိုသို့သော ကန့်သတ်ချက်မရှိပေ။ မြေမျက်နှာသွင်ပြင်နှင့် သစ်ပင်များက အမြင်အာရုံကို ပိတ်ဆို့ထားသော်လည်း ယေဘုယျ လမ်းကြောင်းကို ခန့်မှန်းနိုင်ဆဲ ဖြစ်သည်။

မကြာမီ လော့ချန် အဝေးမှ လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကို အာရုံခိုက်လိုက်မိသည်။ တောအုပ်အတွင်း၌ တောက်ပသည့် အလင်းတန်းတစ်ခုမှာ မြေပြင်ကို ကပ်လျက် ပျံသန်းကာ နဝမတောင်တန်းမှ တဖြည်းဖြည်း ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။ သူ့အနေဖြင့် ရန်သူကို ကြောက်ရွံ့ခြင်းမရှိသော်လည်း အကြောင်းပြချက်မရှိဘဲ ထိုကဲ့သို့ ဒုက္ခပေးတတ်သော ရန်သူကို ဆွဲဆောင်မိခြင်းက ပညာရှိရာမကျပေ။ မည်သို့ဆိုစေ သူ့တွင် လုပ်ဆောင်ရမည့် အရေးကြီး ကိစ္စများ ရှိနေသေးသည်။

ချက်ချင်းပင် သူ၏ မျက်ခုံးအစုံက အနည်းငယ် တွန့်ချိုးသွားသည်။

"ဒါနဲ့.... အဲဒီလူက ဘယ်သူလဲ....”

“သူ့ရဲ့ ရုပ်ရည်၊ အသံ၊ အရပ်အမောင်းကအစ အားလုံးက ရုပ်ဖျက်ထားတာ၊ သူက လူအများအာရုံစိုက်မှုကို ရှောင်ကွင်းနေတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်သလို တစ်ဖက်မှာလည်း ဂိုဏ်းကြီးတစ်ခုခုက တပည့်ရင်းတစ်ယောက်ရဲ့ အရှိန်အဝါမျိုး ရှိနေပြန်တယ်၊ သာမန်တစ်ကိုယ်တော်ကျင့်ကြံသူတွေက ရွှေအမြုတေအတုအယောင်အဆင့်ကို မဆိုထားနဲ့၊ အခြေတည်အထွတ်အထိပ်ကိုတောင် တက်လှမ်းနိုင်ဖို့ မလွယ်ဘူး၊ ဒီလိုစွမ်းအားမျိုးရှိတဲ့ ဘယ်သူမဆို ကျောက်စိမ်းအိုးနယ်မြေတစ်ခွင်မှာ ကျော်ကြားပြီးသား ဖြစ်ရမယ်.... ဒါပေမဲ့ သူသာ ဂိုဏ်းကြီးတစ်ခုကဆိုရင် ရန်သူတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားရမှာ၊ အခုတော့ လူတိုင်းကို လိုက်ပြီး ရန်စနေတယ်၊ တမင်သက်သက် လမ်းကြောင်းလွှဲနေတာလား...."

လော့ချန်တစ်ယောက် ထိုတိုက်ပွဲကို ပြန်လည်သုံးသပ်ပြီး ရန်သူထုတ်ဖော်ပြသခဲ့သော နည်းလမ်းတိုင်းကို ခွဲခြမ်းစိတ်ဖြာနေသည်။ သို့သော် မည်မျှပင် စဉ်းစားစေကာမူ အဖြေက ထွက်မလာခဲ့ပေ။ ထိုလူသည် ထူးခြားသော နည်းလမ်းများကို အသုံးမပြုခဲ့သလို သူ၏ ဓားပျံနှင့် မှော်ရတနာများသည်လည်း ရိုးရှင်းလှသဖြင့် သူ မည်သူမည်ဝါဖြစ်ကြောင်းကို အရိပ်အယောင်မျှပင် မပေးစွမ်းနိုင်ခဲ့ပေ။ တစ်ခုတည်းသော ထူးခြားချက်မှာ ထိုအနီရောင် ပိုးထည်ခံစစ်ရတနာသာ ဖြစ်သည်။ သို့သော် လော့ချန်သည် ထိုကဲ့သို့သော ရတနာမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ပေ။

'ဟုတ်တယ်.... စောစောက ငါအဆက်မပြတ် တိုက်ခိုက်နေတုန်းက သူ အားနည်းချက်တစ်ခု ပြခဲ့တယ်၊ တကယ်လို့ ရုတ်တရက် မိုးသက်မုန်တိုင်း ကျမလာခဲ့ရင် ငါ သူ့ကို အနည်းဆုံးတော့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့မှာ၊ အဲဒီအနီရောင်ရတနာကို ကျင့်ကြံသူတစ်ယောက်က နှစ်ပေါင်းရာချီပြီး သက်စောင့်မှော်ရတနာလို သန့်စင်ထားတာဆိုရင် ဒီလိုအားနည်းချက်မျိုး ပေါ်လာစရာ အကြောင်းမရှိဘူး.... ဆိုလိုတာက သူ ဒီရတနာကို ရထားတာ မကြာသေးဘူးပေါ့....'

ထိုအတွေး ပေါ်လာသည်နှင့်အမျှ လော့ချန် တိတ်ဆိတ်သွားသည်။ ဤအရိပ်အယောင် ရှိနေသည့်တိုင် ထိုလူ၏ စစ်မှန်သော နောက်ခံကို ဖော်ထုတ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

သူ ခေါင်းကိုခါယမ်းလိုက်ပြီး အဆင့်မြင့် နဂါးပျံဆေးလုံးတစ်လုံးကို ထုတ်ယူကာ ငုံထားလိုက်သည်။ ထို့နောက် သူ၏ ဓားအမြုတေကို ထုတ်ယူ၍ အနားယူရန် တောင်နံရံတွင် လိုဏ်ဂူတစ်ခု ဖောက်လုပ်လိုက်သည်။ သို့သော် သူ အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် မျက်ခုံးအစုံ တွန့်ချိုးသွားကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အမှန်စင်စစ် ထိုတောင်ကြီးကိုယ်နှိုက်က ပြင်းထန်လှသော မိုးကြိုးစွမ်းအားများ ပြည့်နှက်နေသဖြင့် ငြိမ်သက်စွာ ကျင့်ကြံရန် မသင့်တော်ပေ။ လော့ချန် သက်ပြင်းတစ်ချက်ချကာ သူ၏ သိုလှောင်အိတ်ထဲမှ အစီအရင်အလံတစ်ခုကို ထုတ်ယူပြီး အရှိန်အဝါကို ဖုံးကွယ်လိုက်ကာ တောင်စောင်းရှိ ကျောက်ဆောင်ထက်၌ တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။

သူ၏ ချီစွမ်းအား သိုလှောင်မှုသည် အလွန်တရာ ကြီးမားလှသဖြင့်အခြေတည် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးထက် မနိမ့်ပါးပေ။ သူသည် ရွှေအမြုတေအတုအယောင်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ထိပ်တိုက်ရင်ဆိုင်ဝံ့သည်။ သို့သော် ထိုသို့ဆိုခြင်းမှာ သူ့အနေဖြင့် မဆင်မခြင် တိုက်ခိုက်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူသည် မည်သည့်အန္တရာယ်ကိုမဆို မကြောက်မရွံ့ ရင်ဆိုင်နိုင်ရန် အမြဲတစေ အထွတ်အထိပ် အခြေအနေ၌ ရှိနေရန် လိုအပ်သည်။

အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ပတ်ဝန်းကျင်မှ ချီစွမ်းအားများကို ဆွဲငင်နေခြင်းမဟုတ်ဘဲ ဆေးလုံး၏ စွမ်းအားကို စုပ်ယူနေခြင်းဖြစ်သဖြင့် လုပ်ငန်းစဉ်က တော်တော်လေး မြန်ဆန်လှသည်။

အမွှေးတိုင်တစ်တိုင်စာမျှသော အချိန်ကုန်ဆုံးပြီးနောက် လော့ချန် ကျေနပ်စွာဖြင့် မျက်လုံးများ ဖွင့်လိုက်သည်။ ထိုတိုတောင်းသော အချိန်သည် နဂါးပျံဆေးလုံး၏ ပြင်းထန်လှသော ဆေးအာနိသင်အားလုံးကို အပြည့်အဝ မချေဖျက်နိုင်သေးသော်လည်း အများစုကိုမူ သူ စုပ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အာရုံခံပေါက်များကို ပိုမိုဖွင့်လှစ်နိုင်သည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ပိုမိုသန်မာလာပြီး ယခုအခါ တစ်ရက်လျှင် အဆင့်မြင့်ဆေးလုံး နှစ်လုံးအထိ ချေဖျက်နိုင်ပြီဖြစ်ရာ သူ၏ ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။ အကယ်၍ ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက ကျင့်ကြံသူအများအပြား သေချာပေါက် ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။

သာမန်အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးတစ်လုံးကို ချေဖျက်ရန် အနည်းဆုံး တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် လိုအပ်သည်။ အဆင့်မြင့်ဆေးလုံးတစ်လုံးအတွက်မူ သုံးရက်မှ ငါးရက်အထိ ပုံမှန်လိုအပ်ပြီး ၎င်းသည် ခန္ဓာကိုယ်အတွင်း ကျန်ရှိနေမည့် ဆေးဆိပ်များကို ဖယ်ရှားရန် အချိန်ကို ထည့်မတွက်ရသေးပေ။ တစ်ဖက်တွင်မူ လော့ချန်အတွက် ထိုအရာများက ပြဿနာမဟုတ်ပေ။ သူသည် ဆေးလုံးများတွင် ပါရှိသော အာနိသင်အား လျင်မြန်စွာ စုပ်ယူပုံကို နက်ရှိုင်းစွာ နားလည်ထားသည့် ဆေးဖော်ဆရာတစ်ဦး ဖြစ်ပြီး၊ ချင်းယွမ်အဆိပ်ဖြေနည်းကဲ့သို့ အဆိပ်ဖြေစနစ် ရှိနေခြင်းကြောင့် ဆေးဆိပ်တက်မည့် အန္တရာယ်ကို လုံးဝ ဖယ်ရှားနိုင်ခဲ့သည်။

ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် တစ်ချိန်က ကျောက်စိမ်းအိုးနယ်မြေရှိ အခြားဂိုဏ်းများထက် အခြေတည်အဆင့်ကျင့်ကြံသူ အများဆုံး ပေါက်ဖွားရာနေရာ ဖြစ်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူတို့၏ ဆေးလုံးဖော်စပ်မှု အဆင့်အတန်းအရ တပည့်အများစုသည် လော့ချန်၏ အရည်အချင်းမျိုး ရာခိုင်နှုန်း ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့်ရှိလျှင်ပင် အခြေတည်အဆင့်ကျင့်ကြံသူအင်အားစုကြီးကို ဖန်တီးရန် လုံလောက်ပေသည်။

လော့ချန် ကျေနပ်စွာ သက်ပြင်းချလိုက်သော်လည်း ရုတ်တရက် သူ၏ နှလုံးသားက တုန်လှုပ်သွားသည်။

သူ ခါးဆီသို့ လက်လှမ်းလိုက်ပြီး လင်းလက်နေသော ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ ထိုအရာက ဘာကို ဆိုလိုသည်ကို သူ အသေအချာ သိပေသည်။

"အစ်ကိုကြီး ဒီနားမှာ ရှိနေပြီ"

လော့ချန်၏ မျက်ဝန်းများ တောက်ပသွားပြီး အစီအရင်ကို သိမ်းဆည်းကာ နဝမတောင်၏ အတွင်းပိုင်းသို့ ခုန်ဝင်သွားလေတော့သည်။

....

ဆိတ်ငြိမ်လှသော တောင်ကြားတစ်ခုအတွင်း....။

ကျောက်ဆောင်တောင်စောင်းများထက်တွင် လူရိပ်နှစ်ရိပ် မျက်နှာချင်းဆိုင် ရပ်နေကြပြီး အောက်ဘက်ရှိ တောင်ကြားဆီသို့ စူးစိုက်ကြည့်နေကြသည်။

ထိုနေရာတွင် လျှပ်စီးများ လက်လျက် မိုးခြိမ်းသံများ ဆူညံနေပြီး ကောင်းကင်ယံမှ မုန်တိုင်းကြီး ကျရောက်နေသကဲ့သို့ ဖြစ်နေသည်။ သို့သော် သေချာစွာ ကြည့်ရှုလိုက်ပါက ထိုအရာက သဘာဝမုန်တိုင်းမဟုတ်ကြောင်း တွေ့ရလိမ့်မည်။ ၎င်းသည် ပြင်းထန်လှသော စွမ်းအားများဖြင့် ပြည့်နှက်နေသည့် ဒုတိယအဆင့် အစီအရင်တစ်ခု ဖြစ်သည်။

အစီအရင်အတွင်း၌ နောက်ထပ် လူရိပ်နှစ်ရိပ် ရှိနေသည်။ တစ်ယောက်က အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်နေပြီး အစီအရင်၏ စီးဆင်းမှုကို ထိန်းချုပ်ရန် သူ၏လက်ထဲမှ အစီအရင်အလံများကို လှုပ်ရှားနေသည်။ အခြားတစ်ယောက်မူ အလင်းတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ရွေ့လျားရင်း အစီအရင်၏ အစွန်းပိုင်းကို အထပ်ထပ် တိုက်ခိုက်နေသည်။ သူ၏ လက်ဝါးချက်တစ်ချက်ချင်းစီက အစီအရင်ကို တုန်ခါသွားစေသည့် စွမ်းအားလှိုင်းများကို ထွက်ပေါ်စေသည်။

ရံဖန်ရံခါတွင် လျှပ်စီးတန်းများ ကျရောက်လာသော်လည်း သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော ကြီးမားလှသည့် သွေးစွမ်းအင်များကြောင့် လွင့်စင်သွားရသည်။ ကြည့်ရသည်မှာ ထိုအစီအရင်က သူ့အား ကြာရှည်စွာ ထိန်းချုပ်ထားနိုင်မည့်ပုံ မပေါ်ပေ။

ဖားပြုပ်ခြောက်၏ မျက်နှာမှာ ပိုမိုညိုမှောင်လာသည်။

"သူ့ရဲ့ ခန္ဓာကျင့်စဉ်က တကယ်ကို ကြောက်စရာကောင်းတာပဲ၊ ငါ သူ့ကို ပထမဆုံးတွေ့တုန်းက သူက အတွင်းအားအဆင့်ကို ရောက်ခါစပဲ ရှိသေးတာ၊ ဒါပေမဲ့ ဒီလအနည်းငယ်အတွင်း အသွင်ပြောင်းအားကိုတောင် တတ်မြောက်သွားပြီ၊ ယန်ဝမ်ရဲ့ မိုးကြိုးအစီအရင်တောင် သူ့ကို မနှိမ်နင်းနိုင်ဘူး"

သူ ထိုအရာကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ အစီအရင်က ဝမ်ယွမ်ကို တုပ်နှောင်ရန် မိုးကြိုးသံကြိုးများကို ဆင့်ခေါ်လိုက်သည့် အကြိမ်တိုင်းတွင် သူ၏ခန္ဓာကိုယ်၌ ရစ်ပတ်နေသော သွေးစွမ်းအင်များက ထိုသံကြိုးများကို အလွယ်တကူ အရည်ပျော်သွားစေသည်။ သူတို့ သူ့အား အစီအရင်အတွင်းသို့ လှည့်စားခေါ်ဆောင်နိုင်ခဲ့သည့်တိုင် လောလောဆယ်တွင် ဘာမှမတတ်နိုင်ကြသေးပေ။ အမှန်စင်စစ် ထိုလူသည် မလျှော့သော ဇွဲဖြင့် အစီအရင်ကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။

အသွင်ပြောင်းအားသည် ခန္ဓာကျင့်စဉ်၏ ဒုတိယအဆင့် ဖြစ်သည်။ ၎င်းသည် ကျင့်စဉ်လောက၏ အခြေတည်အဆင့် (၈) နှင့် ညီမျှသည်။ ဤလူသည် ချီရော ခန္ဓာပါ ပူးတွဲကျင့်ကြံထားသဖြင့် သူ၏ စွမ်းအားကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။

ရုတ်တရက် အစီအရင်အတွင်းမှ စိုးရိမ်တကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူကား ယန်ဝေ ဖြစ်သည်။

"သူက ဦးနှောက်မရှိတဲ့ လူမိုက်မဟုတ်ဘူး.... သူက အစီအရင်ရဲ့ သဘောတရားကို နားလည်ပြီး ဗဟိုချက်ဆီကို တည့်တည့်ဦးတည်နေတာ.... ဖားပြုပ်ခြောက်နဲ့ ယန်လေကျိ မင်းတို့ ရပ်ကြည့်မနေကြနဲ့…. အစီအရင်ထဲကို အမြန်ဝင်ပြီး ငါ့ကို ကူညီကြဟ"

ထိုအသံမဆုံးမီမှာပင် အစီအရင်အတွင်းမှ နွားသိုးတစ်ကောင်နှင့် ကျားတစ်ကောင်တို့၏ ဟိန်းဟောက်သံ ပေါင်းစပ်ထားသကဲ့သို့ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ဝမ်ယွမ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာသည်။ ခုနစ်ပေမျှရှိသော အရပ်အမောင်းမှ ဆယ်ပေ၊ ထို့နောက် ပေနှစ်ဆယ် ကျော်လွန်ကာ အချိန်တိုအတွင်း ပေသုံးဆယ်ကျော် မြင့်မားသော လူဘီလူးကြီးအသွင်သို့ ပြောင်းလဲသွားလေသည်။ သွေးစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ဘေးတွင် ရူးသွပ်စွာ ကခုန်နေပြီး သူ၏ ကြွက်သားများက ကြေးညိုရောင်ကဲ့သို့ ဖောင်းကြွနေကာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းမှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်နေသည်။ ဖောင်းကြွနေသော အကြောများက နဂါးများသဖွယ် ခန္ဓာကိုယ်ပေါ်တွင် တွန့်လိမ်နေပြီး သူ၏ အသက်ရှူသံတစ်ချက်ချင်းစီက ပြင်းထန်သော လေမုန်တိုင်းများကို ဖြစ်ပေါ်စေသည်။ သူသည် လက်ဝါးချက်တစ်ချက်ဖြင့် အစီအရင်က ဖန်တီးထားသော မိုးကြိုးသံကြိုး အမြောက်အမြားကို ဆွဲဖြဲပစ်လိုက်သည်။ ယခုအခါ မြင့်မားသော လူဘီလူးကြီးအဖြစ် ပြောင်းလဲသွားပြီးနောက် သူသည် အစီအရင်၏ ဗဟိုချက်တွင် တင်ပျဉ်ခွေထိုင်နေသော ယန်ဝေထံသို့ တည့်တည့် လှမ်းလျှောက်သွားလေသည်။

ဝုန်းးး.... ဝုန်းးး....

အစီအရင်ကြီးက စတင်၍ မတည်မငြိမ် ဖြစ်လာသည်။

ဖားပြုပ်ခြောက်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ၏ တစ်ဖက်တွင်မူ အနီနှင့်အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးက တောက်ပသော မျက်ဝန်းများဖြင့် ကြည့်ရှုနေသည်။

"ငါပဲ သူ့ကို သွားရင်ဆိုင်လိုက်မယ်"

ယန်လေကျိက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"နေဦး.... ယန်လေကျိ"

ဖားပြုပ်ခြောက်က အမြန်တားဆီးလိုက်သည်။

ယန်လေကျိက ဇဝေဇဝါဖြင့် ကြည့်လိုက်ရာ ဖားပြုပ်ခြောက်က သက်ပြင်းတစ်ချက်ချပြီး ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။

ယန်လေကျိက ရုတ်တရက် နားလည်သွားပြီး

"ကောင်းပြီ.... ငါ ဒီအပြင်မှာပဲ နေခဲ့မယ်၊ တကယ်လို့ မိုးသက်မုန်တိုင်း ကျလာရင် ငါပဲ ဖြေရှင်းလိုက်မယ်၊ ဒါပေမဲ့.... မင်း သူ့ကို တကယ် နှိမ်နင်းနိုင်ပါ့မလား"

ဖားပြုပ်ခြောက်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ငါက အခြေတည်အဆင့် (၇) မှာ ရှိနေတာ၊ ယန်ဝေနဲ့ အတူတူပဲ.... ပြီးတော့ ဒီထောင်ချောက်ချောက်ကမ်းပါးရဲ့ မြေမျက်နှာသွင်ပြင်ကို အခြေခံပြီး တည်ဆောက်ထားတဲ့ မိုးကြိုးကိုးချက်အစီအရင်ကြီးလည်း ရှိနေတယ်.... ဒါတွေအားလုံးနဲ့မှ သူ့ကို မနှိမ်နင်းနိုင်ရင် ငါ့မှာ ဘာကလဲ့စားချေခွင့် ကျန်ဦးမှာလဲ"

ယန်လေကျိက မျက်ခုံးပင့်လိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။

ဖားပြုပ်ခြောက်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားများကို လှုံ့ဆော်လိုက်ရာ ကျောက်စိမ်းပေတံတစ်ခု သူ၏လက်ထဲတွင် ပေါ်လာသည်။ သူ တစ်ချက်မျှ ခုန်ပျံလိုက်ရုံဖြင့် အစီအရင်ကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

ခဏအကြာတွင် တောင်ကြားတစ်ခုလုံး၌ လေမုန်တိုင်းနှင့် မိုးခြိမ်းသံများ ပြင်းထန်စွာ မြည်ဟည်းသွားသည်။ အစီအရင်အတွင်း၌ အဖြူရောင် အလင်းတန်းများ လင်းလက်နေသည့် ကျောက်စိမ်းပေတံကြီးသည် တဖြည်းဖြည်း ကြီးထွားလာပြီး ပေပေါင်း ဆယ်ဂဏန်းမျှ ကျယ်ဝန်းသော ကျောက်တံခါးကြီးသဖွယ် ဝမ်ယွမ်၏ ခန္ဓာကိုယ်ကြီးအား အထပ်ထပ် ဖိနှိပ်ချေမှုန်းလေတော့သည်။

အပြင်ဘက်မှ ကြည့်နေသော ယန်လေကျိကမူ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ပြုံးမိလိုက်သည်။ သူသည် ဝမ်ယွမ်၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အံ့ဩမိသလို၊ ဖားပြုပ်ခြောက်နှင့် ယန်ဝေကဲ့သို့သော ကျင့်ကြံသူကြီးများ၏ လျှို့ဝှက်ဝှက်ဖဲများကိုလည်း လေးစားမိသည်။ အကယ်၍ နဝမတောင်တန်း၏ ထူးခြားသော မြေမျက်နှာသွင်ပြင်သာ မရှိပါက အခြေတည်အဆင့် (၆) မျှသာ ရှိသေးသော ယန်လေကျိသည် သူတို့နှင့်အတူ ရပ်တည်နိုင်ခွင့် ရှိလိမ့်မည်မဟုတ်ပေ။

သို့သော် ထိုအခြေအနေက ကြာရှည်မည်မဟုတ်ပေ။ ဤတိုက်ပွဲ ပြီးဆုံးသွားသည်နှင့် သူရရှိမည့် ဂုဏ်ထူးဆောင်အမှတ်များကို အသုံးပြု၍ ဂိုဏ်းသို့ ပြန်ရောက်လျှင် အခြေတည်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းတော့မည် ဖြစ်သည်။ ထိုအချိန်ရောက်ပါက သူ၏ကျင့်စဉ်လမ်းကြောင်းတွင် မည်သည့်ပိတ်ဆို့မှုမျှ ရှိတော့မည်မဟုတ်ဘဲ၊ ဖခင်ဖြစ်သူ၏ ပံ့ပိုးမှုဖြင့် မီးလျှံမဟာမိတ်၏ ဂိုဏ်းမျိုးဆက် ရာထူးကိုပင် လုယူနိုင်လိမ့်မည် ဖြစ်သည်။

'အခုတော့ ငါက မင်းတို့နဲ့ အဆင့်အတူတူပဲ၊ ဒါပေမဲ့ မကြာခင်မှာ.... ငါ မင်းတို့အားလုံးကို ကျော်ဖြတ်သွားမှာ'

ယန်လေကျိ ထိုသို့ တွေးလိုက်မိသည်။

သူ၏ အကြည့်က အစီအရင်အတွင်းမှ ပြင်းထန်သော တိုက်ပွဲဆီသို့ စူးစိုက်နေပြီး သူ၏ ရင်ထဲတွင် မျှော်လင့်ချက်များ တောက်လောင်နေသည်။ သူ အခြေအနေအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ဖားပြုပ်ခြောက်က အတွင်း၌ ရန်သူ့အာရုံကို လွှဲပြောင်းပေးထားသဖြင့် ယန်ဝေက အစီအရင်ကို ပိုမိုသက်တောင့်သက်သာ ထိန်းချုပ်နိုင်လာသည်။ ကောင်းကင်ယံမှ မိုးကြိုးသံကြိုးများ ပိုမိုကျရောက်လာပြီး ဝမ်ယွမ်ကို တုပ်နှောင်ထားလေသည်။ လောလောဆယ်တွင် သံကြိုးသုံးချောင်းက ဝမ်ယွမ်၏ ခြေထောက်နှင့် ဝမ်းဗိုက်ကို ဖောက်ထွင်းထားပြီး ဖြစ်သည်။ အကယ်၍ သံကြိုးခုနစ်ချောင်းလုံး ထိမှန်သွားပါက မိုးကြိုးခုနစ်ချက်အစီအရင်က သက်ရောက်သွားမည်ဖြစ်ပြီး သူ့အား လုံးဝ ပိတ်ဆို့ထားနိုင်မည် ဖြစ်သည်။ ထိုအချိန်ကျပါက ဝမ်ယွမ် လက်နက်ချ၍ အသေခံရန်သာ ရှိတော့သည်။

'အစီအရင်တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ၊ သေချာပြင်ဆင်ထားရင် အဆင့်တူကျင့်ကြံသူတွေကို အလွယ်တကူ နှိမ်နင်းနိုင်ပြီး ကိုယ့်ထက် သန်မာတဲ့သူကိုတောင် သတ်ပစ်ဖို့ မခက်ခဲဘူး....'

ယန်လေကျိက အတိတ်က တိုက်ပွဲတစ်ခုကို ပြန်လည်အမှတ်ရပြီး စိတ်ပျက်စွာဖြင့် လျှာသပ်လိုက်သည်။ အကယ်၍ ထိုစဉ်က ယန်ဝေသာ သူတို့နှင့်အတူ ရှိနေခဲ့ပါက မိုးကြိုးနတ်သားသည် သူတို့အား နှောင့်ယှက်နိုင်ခဲ့မည်မဟုတ်သလို၊ သူသည်လည်း မိုးကြိုးငါးချက်အစီအရင်အောက်တွင် သေလုမတတ် ဆုတ်ခွာခဲ့ရလိမ့်မည် မဟုတ်ပေ။

အစီအရင်အတွင်းမှ တိုက်ပွဲကို အံ့ဩတသစွာ ကြည့်ရှုနေစဉ် ယန်လေကျိ၏ နှလုံးသားထဲ၌ မရေရာသော မလုံခြုံမှုတစ်ခု ရုတ်တရက် နိုးထလာသည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဘာမှမရှိဘဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ မိုးတိမ်တိုက်ကြီးများက ရွေ့လျားနေသော်လည်း အမှန်တကယ် မိုးသက်မုန်တိုင်းကမူ ကျရောက်မလာသေးပေ။

ထောင်ချောက်ချောက်ကမ်းပါးသည် နဝမတောင်၏ ထူးခြားသော နေရာတစ်ခု ဖြစ်သည်။ ၎င်းသည် မိုင်တစ်ရာမျှရှိသော ထူထပ်လှသည့် တိမ်တိုက်ကြီးများဖြင့် အမြဲတစေ ဖုံးလွှမ်းနေတတ်သော်လည်း အမှန်တကယ် မိုးသက်မုန်တိုင်း ကျရောက်ခဲသည်။ သို့ဆိုလျှင် ဤမျှအထိ ဖိနှိပ်ချုပ်ချယ်လွန်းသော အငွေ့အသက်က အဘယ်မှ ရောက်လာလေသနည်း။

ယန်လေကျိက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စူးရှသောမျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို အလျင်အမြန် စူးစမ်းလိုက်သည်။

"ဘယ်သူလဲ.... ထွက်ခဲ့စမ်း"

သူ အော်ဟစ်လိုက်သည်။

သူ၏အသံက တောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။ ထိုနောက် ထွက်ပေါ်လာသော တိတ်ဆိတ်မှုက သူ၏ရင်ထဲ၌ အန္တရာယ်ရှိသော ခံစားချက်ကို ပိုမိုသိသာစေသည်။ ရုတ်တရက် သူ အောက်သို့ ငုံ့ကြည့်လိုက်မိရာ မြေပြင်ပေါ်ရှိ ကျောက်စရစ်ငယ်လေးတစ်ခုက အကြောင်းပြချက်မရှိဘဲ လိမ့်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။

"ဟင်...."

သူ ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်စဉ် မြေပြင်က ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ကျောက်စရစ်ခဲများက နေရာအနှံ့တွင် တုန်ခါနေပြီး၊ ထိုတုန်ခါမှု ပြင်းထန်လာသည်နှင့်အမျှ တောင်စောင်းနှစ်ဖက်လုံးမှ ကျောက်ဆောင်ကြီးများက ကွဲအက်ကာ တောင်ကြားထဲသို့ ပြိုကျလာလေသည်။

"ငလျင်လှုပ်တာလား...."

ယန်လေကျိက ထိတ်လန့်ခြင်းနှင့် သံသယများကြားတွင် မကြံတတ် ဖြစ်သွားသည်။ သူ ထောင်ချောက်ချောက်ကမ်းပါး၏ အလယ်ဗဟိုဆီသို့ လှည့်ကြည့်လိုက်ရာ၊ ထိုငလျင်က မြေမျက်နှာသွင်ပြင်၏ ပုံစံကိုပင် ပြောင်းလဲပစ်နေသည်။ တောင်များ ပြိုကျပျက်စီးပြီး၊ မြေပြင်က အသွင်ပြောင်းလဲကာ၊ ကမ္ဘာမြေ၏ စွမ်းအင်များက လမ်းကြောင်းအသစ်များဆီသို့ စီးဆင်းသွားလေသည်။

ထိုအရာက ယန်ဝေ၏ မိုးကြိုးကိုးချက်အစီအရင်ကြီးကို သေချာပေါက် သက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။ အကယ်၍ ဝမ်ယွမ်သာ ယခုအချိန်တွင် သူ၏အဆမတန် စွမ်းအားများဖြင့် လွတ်မြောက်သွားပါက သူတို့သုံးယောက်လုံး သူ့အား ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။

"မဖြစ်ဘူး...."

သူ အံကိုတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။

"ဒီကိစ္စကို အမြန်ဆုံး အဆုံးသတ်ရမယ်.... ငါလည်း အစီအရင်ထဲကိုဝင်ပြီး ဖားပြုပ်ခြောက်နဲ့ပေါင်းမယ်၊ ဝမ်ယွမ်ကို သတ်ပစ်မှရမယ်"

သူ ရှေ့သို့ လှမ်းလိုက်ရုံရှိသေး တောင်ခြေမှ ကြည်လင်ပြတ်သားသော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

"မိတ်ဆွေ.... ကျေးဇူးပြုပြီး နေရာမှာတင် ရပ်လိုက်ပါ"

ယန်လေကျိ ခေါင်းလှည့်ကြည့်လိုက်ရာ ကြက်သွေးရောင် တိမ်တိုက်ပုံစံ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ဦးက ဟင်းလင်းပြင်ထဲမှတစ်ဆင့် လှမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ နောက်တွင် ရှည်လျားသော ဓားတစ်စင်းကို ဆွဲယူလာပြီး ၎င်း၏ ထိပ်ဖျားမှ ကြက်သွေးရောင် စွမ်းအင်လှိုင်းများ လင်းလက်နေကာ ပတ်ဝန်းကျင်ကို တုန်ခါစေလျက်ရှိသည်။ ကြည့်ရသည်မှာ ထိုဓားတစ်စင်းတည်းကပင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဆွဲငင်ထားသကဲ့သို့ ခံစားရစေသည်။

သူ ရှေ့သို့ လှမ်းလာသည်နှင့်အမျှ မြေပြင်၏ တုန်ခါမှုက ပိုမိုပြင်းထန်လာပြီး၊ မသိမသာဖြစ်သော်လည်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ထိတ်လန့်ဖွယ် အငွေ့အသက်ကြီးတစ်ခုက တဖြည်းဖြည်း ချဉ်းကပ်လာလေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters