အခန်း ၅၃၇
Vol. 54 Ch. 537
အခန်း (၅၃၇) - မျှော်လင့်မထားသော ဧည့်သည်တော်
‘အချိန်ရောက်ပြီ’ ဟူသော စကားသည် သာမန်စကားတစ်ခွန်းမျှ မဟုတ်ဘဲ ပိုမိုလေးနက်လှသော အဓိပ္ပာယ်ကို ဆောင်ပေသည်။ တိမ်ပြိုဂိုဏ်း၏ လှေပျံကြီး ဆိုက်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရွှေသဲကျွန်းမျောတစ်ခုလုံး ဆူညံလှုပ်ရှားသွားခဲ့တော့သည်။ ထိုဂိုဏ်းမှ တပည့်များသည် စစ်မြေပြင်အသီးသီးတွင် လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားရင်း ထက်မြက်သော အရှိန်အဝါများကို ထုတ်ဖော်ပြသနေကြသည်။ အလားတူပင် အခြားဂိုဏ်းကြီး သုံးဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများသည်လည်း မိမိတို့၏ ဓားသွားများကို သွေး၍ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ကာ စစ်ပွဲအတွက် အသင့်ဖြစ်အောင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
လေးဂိုဏ်းမဟာမိတ်အဖွဲ့၏ လက်အောက်ခံ အင်အားစုများနှင့် အနီးအနားတွင် အခြေစိုက်နေကြသော တစ်ကိုယ်တော် ကျင့်ကြံသူများသည်လည်း စိတ်မရှည်နိုင်တော့ဘဲ ကိုယ်ပိုင် စွမ်းအားများကို ထုတ်ဖော်ပြသရန် စိတ်အားထက်သန်နေကြသည်။ ယခင်က တစ်လလျှင် တစ်ကြိမ်သာ ကျင်းပလေ့ရှိသော ရွှေသဲကျွန်းမျောစုဝေးပွဲသည် ယခုအခါ နေ့စဉ်ရက်ဆက် ကျင်းပနေခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် လာမည့်စစ်ပွဲတွင် မိမိတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်နိုင်ရန်အတွက် ရသမျှနည်းလမ်းမျိုးစုံဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပေသည်။
သို့သော် ထိုကဲ့သို့ ကမ္ဘာပျက်မတတ် ပြင်ဆင်နေကြသည့် အုန်းအုန်းကျွက်ကျွက် အခြေအနေများကြားတွင် လော့ချန်မှာမူ ပိုမို၍ပင် တသီးတခြား နေထိုင်ခဲ့သည်။
ချူခွေးသည် လော့ချန် ဘာများလုပ်နေသည်ကို သိချင်နေခဲ့သော်လည်း မည်သည့်အခါမျှ မမေးမြန်းခဲ့ပေ။ လော့ချန်က လဝက်အချိန် လိုအပ်သည်ဟု ပြောထားခဲ့သဖြင့် သူ ထိုလဝက်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပေးရန်သာ ဆုံးဖြတ်ထားသည်။
....
ကျောက်အိမ်လေးအတွင်း၌မူ လော့ချန်သည် သွေးမိစ္ဆာအသွင်ပြောင်းလက်ညှိုးနှင့် သန့်စင်ခြင်းအတတ်ကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်လိုက်ရာ သွေးတစ်စက်သည် မြေပြင်ပေါ်သို့ တိတ်ဆိတ်စွာ ကျဆင်းသွားခဲ့သည်။ ၎င်းသည် သာမန်သွေးစက် မဟုတ်ဘဲ မီးလျှံတံဆိပ်၏ နောက်ဆုံးကျန်ရှိနေသော အကြွင်းအကျန်များ ဖြစ်ပေသည်။
သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ လရိပ်မှော်အတတ်ကို အသက်သွင်းကာ သူ၏ ရောင်ပြန်ဟပ်မှုကို စိုက်ကြည့်လိုက်သည်။ မှန်သားပြင်ထဲမှ မျက်နှာသည် တည်ငြိမ်၍ ခန့်ညားနေပြီး နှုတ်ခမ်းအစုံက အသာအယာ ပြုံးယောင်သန်းနေခဲ့သည်။ သူ၏ နဖူးပြင်ထက်မှ မီးလျှံပုံသဏ္ဌာန် အမှတ်အသားသည် လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ၊ ထိုအရေပြားသည် ယခင်ကတည်းက တံဆိပ်တစ်ခုမျှ မရှိခဲ့ဖူးသည့်အလား ချောမွေ့စင်ကြယ်နေခဲ့တော့သည်။
အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင်မူ သူ့အား နှောင်ဖွဲ့ထားသော အတားအဆီးများအားလုံး ကင်းစင်သွားခဲ့ပြီဖြစ်၍ သူသည် မည်သည့် စိုးရိမ်ပူပန်မှုမျှမရှိဘဲ စစ်မြေပြင်သို့ စိတ်အေးချမ်းစွာ ခြေချနိုင်ပြီ ဖြစ်သည်။
အဆုံးသတ်တွင် ထိုတံဆိပ်ကို အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကသာ ခတ်နှိပ်ခဲ့ခြင်း ဖြစ်သည်။ သူနှင့် ဝမ်ယွမ်တို့၏ အစွမ်းအစများနှင့်ဆိုလျှင် ၎င်းကို ဖျက်ဆီးပစ်ရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။
ထိုစဉ် တံခါးဝဆီမှ တိုးညင်းသော အသံတစ်သံကြောင့် သူ၏ အာရုံက ပြောင်းလဲသွားခဲ့သည်။ သူ၏ နားစည်က အသာအယာ လှုပ်ခတ်သွားပြီးနောက် လက်ကို ဝှေ့ယမ်းကာ လရိပ်မှော်အတတ်ကို ရုတ်သိမ်းလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... တိမ်ပြိုဂိုဏ်းက တပည့်တစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်" ဟု အပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာခဲ့သည်။
ထိုသတင်းစကားကြောင့် လော့ချန် ခဏမျှ ဆွံ့အသွားခဲ့ရသည်။ လော့ထျန်းအဖွဲ့၏ ခံစစ်တာဝန် အလှည့်ကျမှုကို လာရောက်အကြောင်းကြားခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ တိမ်ပြိုဂိုဏ်းမှ လူတစ်ဦး ကိုယ်တိုင်ရောက်ရှိလာလိမ့်မည်ဟုမူ မမျှော်လင့်ထားခဲ့ပေ။
"ထျန်းရှင်းကျီ လား...."
သူ မေးမြန်းလိုက်သည်။
"မဟုတ်ပါဘူးခင်ဗျာ...." ဟု ပြန်လည်ဖြေကြားသံ ထွက်ပေါ်လာသည်။
"ဟမ်.... အဲဒါဆို ဘယ်သူလဲ...."
"သူ့နာမည်က ချင်ယွမ်ကျန်း လို့ ပြောပါတယ်...."
လော့ချန်သည် သူ ကြားလိုက်ရသည့်အရာကို မယုံကြည်နိုင်သည့်အလား မျက်တောင်ကို အသာအယာ ခတ်လိုက်မိသည်။
"ဘယ်သူ...."
"သူ့ကိုယ်သူ ချင်ယွမ်ကျန်းလို့ မိတ်ဆက်ပြီး အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်လို့ ပြောပါတယ်ခင်ဗျာ၊ အဖွဲ့ချုပ်ခေါင်းဆောင်ကို အထူးတလည် တွေ့ဆုံချင်လို့ပါတဲ့...."
ထိုအမည်နာမသည် လော့ချန်၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး၊ နှစ်ပေါင်းများစွာ မြုပ်နှံထားခဲ့သော အတိတ်မှ ဟောင်းနွမ်းနေသည့် သမိုင်းကြောင်းများကို ပြန်လည်နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
‘ချင်ယွမ်ကျန်း ဟုတ်လား....’
....
လော့ချန်သည် ရှေ့တွင်ရှိနေသော လူငယ်လေးကို သေချာစွာ စူးစမ်းကြည့်လိုက်သည်။ သူတို့၏ အရပ်အမောင်းမှာ တူညီလုနီးပါး ရှိသော်လည်း၊ ထိုလူငယ် ဝတ်ဆင်ထားသော ကိုယ်ကျပ် နက်ပြာရောင် စစ်ဝတ်ရုံက သူ့အား ထက်မြက်ပြီး စည်းကမ်းသေဝပ်သော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေခဲ့သည်။ ကျဉ်းမြောင်းသော မျက်ဝန်းများနှင့် ပါးလွှာသော နှုတ်ခမ်းအစုံက သူ၏ မိခင်ဖြစ်သူ မုရုံချင်းလျန်ထံမှ အမွေဆက်ခံထားခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ထိုကဲ့သို့သော နုနယ်လှပသည့် ရုပ်ရည်မျိုးနှင့်ဆိုလျှင် သူ၏ မျက်နှာက ပျော့ညံ့သောအသွင် ပေါ်နေသင့်သော်လည်း၊ မြင့်မားဖြောင့်စင်းသော နှာတံက ထိုမျှတမှုကို ပြောင်းလဲပေးလိုက်ပြီး ခိုင်မာပြတ်သားသော အမူအရာနှင့် တည်ကြည်လေးနက်သည့် အရှိန်အဝါကို တိုးမြင့်ပေးထားသည်။ သူ၏ ကိုယ်ပေါ်တွင် ပျော့ညံ့သည့် အရိပ်အယောင်ဟူ၍ လုံးဝ မရှိဘဲ၊ တက်ကြွပြီး စွမ်းအင် ပြည့်ဝလှသော ယောက်ျားပီသသည့် ဆွဲဆောင်မှုများကိုသာ ထုတ်ဖော်နေခဲ့သည်။ သူ၏ မျက်ဝန်းထဲမှ တောက်ပနေသော အရိပ်အယောင်များတွင် လောကကြီးအပေါ် စူးစမ်းလိုစိတ်များနှင့် ဘဝအပေါ် မယိမ်းမယိုင်ဘဲ ရဲရင့်စွာ လျှောက်လှမ်းလိုသည့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေခဲ့သည်။
‘တကယ့်ကို ကျားပေါက်လေးတစ်ကောင်ပဲ....’
လော့ချန်တစ်ယောက် ပြုံးရင်း စိတ်ထဲမှ ကျေနပ်စွာ တွေးတောလိုက်မိသည်။ ချင်လျန်ချန်းက သားဖြစ်သူအား အဘယ်ကြောင့် ရှောင်ဟူ (ကျားပေါက်လေး) ဟု တမြတ်တနိုး ခေါ်ဆိုခဲ့ကြောင်း သူ ယခုမှပင် နားလည်သွားတော့သည်။ သို့သော် သူ၏ ကျင့်ကြံခြင်း အဆင့်ကမူ....။
လော့ချန် စိတ်ထဲမှ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ ချင်ယွမ်ကျန်းကို စူးစမ်းနေခဲ့သကဲ့သို့၊ ထိုလူငယ်ကလည်း သူ့အား ပြန်လည်၍ အကဲခတ်နေခဲ့သည်။
ချင်ယွမ်ကျန်း၏ ပထမဆုံး အမြင်ကမူ....။
‘ဒီလူက တော်တော်လေး ငယ်သေးတာပဲ.... ငါ့အမေ စာတွေထဲမှာ မကြာခဏ ထည့်ထည့်ရေးနေတဲ့ လူက သူပေါ့လေ.... သူ့ကို လော့ထျန်းအဖွဲ့ရဲ့ ခေါင်းဆောင်လို့ ခေါ်ကြတာလား.... ကြည့်ရတာ ငါ့ထက် အသက်နည်းနည်းပဲ ကြီးမယ့်ပုံပေါ်တာကို.... အမေနဲ့ အဖေတို့က သူ့ကို မိုးထိအောင် မြှောက်စားပြီး အစားထိုးလို့မရတဲ့ လူတစ်ယောက်လို ဘာလို့ အမွှန်းတင်နေကြတာလဲ....’
ယခင်က ပျံလွှားမြို့တွင် ရှိစဉ်က ရှောင်ဟူသည် သူ၏ မိဘများကို ပိုမိုသက်တောင့်သက်သာရှိသော ဘဝတွင် နေထိုင်နိုင်ရန်အတွက် ထိုနေရာသို့ ပြောင်းရွှေ့ရန် အကြံပြုခဲ့ဖူးသော်လည်း၊ သူတို့က တိုက်ရိုက်ပင် ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် လော့ချန်၏ နောက်သို့သာ လိုက်ပါရန် အခိုင်အမာ ဆုံးဖြတ်ခဲ့ကြပြီး လော့ချန်ကို လွန်စွာ အရေးကြီးလှသော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ လေးစားတန်ဖိုးထားခဲ့ကြခြင်း ဖြစ်သည်။
‘ဒီလူမှာ ဘယ်လို ဆွဲဆောင်မှုမျိုး ဒါမှမဟုတ် ဘယ်လို ခွန်အားမျိုး ရှိနေလို့လဲ....’
ချင်ယွမ်ကျန်းက စိတ်ထဲမှ တွေးတောနေခဲ့သည်။ ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် ထိုလော့ချန်ဆိုသူသည် ထူးခြားဆန်းပြားလှသည့် အသွင်မျိုး မရှိပေ။ တိမ်ပြိုဂိုဏ်းမှ သူ၏ ဂိုဏ်းတူအစ်ကိုကြီးများနှင့် အဆင့်တူညီသော အခြေတည် အလယ်ပိုင်းအဆင့်မျှသာ ရှိသေးသည်။သူ၏ ကျော်ကြားမှုသည် ဆေးဖော် အတတ်ပညာတစ်ခုတည်းကြောင့်လော။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤမျှအထိ တက်လှမ်းနိုင်ပြီး၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် ဂုဏ်သတင်း ကျော်စောကာ၊ ရေခဲခံတပ်၏ မျက်နှာသာပေးမှုကို ရရှိပြီး၊ အိုက်လောင်တောင်မှ အကြီးအကဲများ၏ ဖိတ်ခေါ်ခြင်းကို ခံရကာ၊ နောက်ဆုံးတွင် တိမ်ပြိုဂိုဏ်းအတွင်း၌ပင် သူ၏ အမည်နာမကို သိရှိထားကြသည်။
ချင်ယွမ်ကျန်းက ထိုမေးခွန်းများကို စိတ်ထဲမှ တွက်ချက်နေစဉ်မှာပင် လော့ချန်က နွေးထွေးသော အပြုံးတစ်ခုကို ဖော်ပြရင်း ပြောလိုက်သည။
"ရှောင်ဟူ.... မင်း အခြေတည်အဆင့်တောင် ရောက်နေပြီလား၊ ဒါ တကယ့်ကို ဝမ်းသာစရာ သတင်းပဲ၊ မင်းရဲ့ မိဘတွေ ကြားရင် တော်တော်လေး ဂုဏ်ယူဝမ်းသာနေကြမှာ သေချာတယ်”
“ဒါနဲ့.... မင်း ငါ့ဆီကို ဘာကိစ္စရှိလို့ လာရှာရတာလဲ...."
သူ၏ မိဘများက သားဖြစ်သူအတွက် အမြဲ ဂုဏ်ယူနေခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူ၏ ငယ်နာမည်ကို သူနှင့် အသက်သိပ်မကွာလှသော လူတစ်ဦးထံမှ ပေါ့ပေါ့ပါးပါး ကြားလိုက်ရသည့်အခါ ချင်ယွမ်ကျန်း သိသိသာသာပင် နေရခက်သွားခဲ့ရသည်။ သူ ချက်ချင်းပင် လည်ချောင်းကို တစ်ချက်ဟန့်ရင်း ပြောလိုက်သည်။
"မိတ်ဆွေလော့.... ကျွန်တော့်အဖေ စစ်မျက်နှာပြင်ဆီ ရောက်လာပြီး တိမ်ပြိုဂိုဏ်းမှာ ကျွန်တော့်ကို လာရှာခဲ့သေးတယ်လို့ ကြားလို့ သူ့ကို စိတ်ပူပြီး လာကြည့်တာပါ"
လော့ချန်၏ နှုတ်ခမ်းထက်မှ အပြုံးက အနည်းငယ် ပျက်ယွင်းသွားသည်။
‘မိတ်ဆွေလော့ ဟုတ်လား.... ငါက မင်းအဖေကို ဦးလေးလို့ ခေါ်ပြီး မင်းအမေကို ဒေါ်လေးလို့ ခေါ်တာကို.... မင်းက ငါ့ကို မိတ်ဆွေလို့ ခေါ်တယ်ပေါ့လေ၊ တကယ်လို့ အစ်ကိုကြီးလော့လို့ မခေါ်ချင်ရင်တောင် အနည်းဆုံးတော့ ငါ့ရဲ့ တာအိုအမည်နာမကို ခေါ်ဆိုပြီး ရိုသေမှု အနည်းငယ် ပြသသင့်တာပေါ့.... မဟုတ်ဘူးလား ကောင်လေး....’
စိတ်ထဲတွင် ထိုသို့ တွေးလိုက်မိသော်လည်း၊ သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။
"ငါ မင်းရဲ့အဖေကို ပြန်လွှတ်လိုက်ပြီ၊ ငါ့အထင်တော့ သူ အခုအချိန်ဆို ထျန်းလန်နတ်ဘုရားမြို့တော်ကို ဘေးကင်းကင်းနဲ့ ရောက်နေလောက်ပြီ"
ချင်ယွမ်ကျန်းက ခေါင်းညိတ်လိုက်ရာ၊ သူ၏ မျက်ဝန်းထဲတွင် စိတ်သက်သာရာရမှုနှင့်အတူ စိတ်ပျက်ရိပ်အချို့ ဖြတ်ပြေးသွားခဲ့သည်။ သူ၏ အဖေနှင့် မဆုံတွေ့ခဲ့ရသဖြင့် စိတ်ပျက်မိသော်လည်း၊ အဖေဖြစ်သူ အသက်ရှင်လျက် ဘေးကင်းနေပြီး ရှေ့တွင် ဖြစ်ပျက်လာတော့မည့် သွေးစွန်းသော စစ်ပွဲကြီးနှင့် မရင်ဆိုင်ရတော့သည့်အတွက် စိတ်သက်သာရာ ရသွားခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ လာရောက်ရခြင်း၏ ရည်ရွယ်ချက်က ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ သတင်းစကားကို ရရှိသွားခဲ့ပြီဖြစ်ရာ နောက်ထပ် ပြောစရာ စကားများများစားစား မရှိတော့ပေ။
သဘောတရားအရဆိုလျှင် သူတို့ကြားတွင် နက်ရှိုင်းသော ဆက်စပ်မှုတစ်ခု ရှိနေခဲ့သည်။ သူ၏ မိဘများသည် ယခုအခါ လော့ချန်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသဖြင့်၊ သူတို့၏ သတင်းများကို မေးမြန်းခြင်း သို့မဟုတ် အခြားသော မိသားစုကိစ္စရပ်များကို ရင်းနှီးစွာ ပြောဆိုခြင်းက သဘာဝကျပေလိမ့်မည်။ သို့သော် ခါးသီးလှသော အမှန်တရားတစ်ခု ရှိနေခဲ့သည်၊ ၎င်းမှာ လော့ချန်တစ်ယောက် ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့ကို စတင်ဆုံတွေ့ခဲ့သည့် အချိန်ကတည်းက သူတို့၏ သားဖြစ်သူသည် တိမ်ပြိုဂိုဏ်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ခြင်းပင်။ ထို့ကြောင့် သူတို့နှစ်ဦးသည် တစ်ကြိမ်တစ်ခါမျှ လူချင်း ဆုံတွေ့ဖူးခြင်း မရှိခဲ့ကြပေ။
အမှန်စင်စစ် ဤစကားဝိုင်း၌ ချင်ယွမ်ကျန်းသည် မျိုးဆက်သစ် လူငယ်တစ်ဦး၏ နေရာမှ ရိုသေလေးစားစွာ ပြောဆိုသင့်သော်လည်း၊ အမှန်စင်စစ် သူတို့၏ အသက်အပိုင်းအခြားက များစွာ ကွာခြားခြင်း မရှိပေ။ ထိုကဲ့သို့သော အနေရခက်လှသည့် ပတ်သက်မှုကြောင့် ချင်ယွမ်ကျန်းသည် ချက်ချင်းပင် နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်တော့သည်။
ထိုအခါ လော့ချန်၏ မျက်မှောင်များ ကြုတ်သွားပြီး လှမ်း၍ ပြောလိုက်သည်။
"မင်း အခြေတည်အဆင့်ကို အောင်မြင်ခဲ့တာ မကြာသေးဘူး မဟုတ်လား...."
ချင်ယွမ်ကျန်းက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် ဂုဏ်ယူဝမ်းမြောက်သော အရိပ်အယောင်အချို့နှင့်အတူ ပြန်ဖြေလိုက်သည်။
"လွန်ခဲ့တဲ့ သုံးလကပါ"
အသက်သုံးဆယ်ကျော်မျှဖြင့် အခြေတည်အဆင့်သို့ ရောက်ရှိနိုင်ခြင်းသည် လုံးဝ ဂုဏ်ယူထိုက်သော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။
"အဲဒါက ကောင်းပါတယ်.... ဒါပေမဲ့ စစ်မြေပြင်က ကျင့်ကြံခြင်းအဆင့်တွေကို ငဲ့ညှာနေမှာ မဟုတ်ဘူး...."
လော့ချန် တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဒီနေရာမှာ အဆင့်လတ်နဲ့ အဆင့်နှောင်းပိုင်း ကျင့်ကြံသူတွေက နေရာအနှံ့ ရှိနေတာ.... မင်းတို့ဂိုဏ်းက မင်းကို ဒီလောက်အထိ စောစောစီးစီး စစ်ပွဲထဲကို စေလွှတ်လိုက်တာ တကယ်ကော သင့်တော်ရဲ့လား...."
လော့ချန်က သူ့ဂိုဏ်း၏ ဆုံးဖြတ်ချက်အပေါ် သံသယဝင်ကာ မေးခွန်းထုတ်လိုက်သည်ကို ကြားလိုက်ရသည့်အခါ ချင်ယွမ်ကျန်း၏ မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သည်။
လော့ချန်အနေဖြင့်လည်း မိမိ၏ စကားလုံးများသည် တိုက်ရိုက်ဆန်လွန်းပြီး အနည်းငယ် စော်ကားရာရောက်နေသည်ကို သိရှိသော်လည်း သူသည် တိတ်ဆိတ်စွာ ပါးစပ်ပိတ် မနေနိုင်ခဲ့ပေ။ ထိုလူငယ်လေးသည် ဦးလေးချင်၏ သားဖြစ်သည်။ ထို့ကြောင့် ဘာမှမပြောဘဲ ဤအတိုင်း ကြည့်နေရန်မှာ သူ လုပ်နိုင်သော အရာမဟုတ်ချေ။
"ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး...."
ချင်ယွမ်ကျန်းက မကျေမနပ်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ကျွန်တော်တို့မျိုးဆက်ထဲက အခြေတည်အဆင့်ကို ရောက်တဲ့ တပည့်တွေအားလုံး စစ်ပွဲထဲကို စေလွှတ်ခြင်း ခံရတာပဲ.... ပြီးတော့ ဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ရတာက ကျွန်တော်တို့ရဲ့ ဝတ္တရားပဲ.... တကယ်လို့ ကျွန်တော် ဒီစစ်ပွဲမှာ ဂုဏ်ထူးဆောင်မှတ်တွေ အလုံအလောက် ရှာဖွေနိုင်ရင် အစောပိုင်းအဆင့်မှာပဲ ရှိသေးပေမဲ့ ဂိုဏ်းမျိုးဆက်ရဲ့ အခွင့်ထူးတွေကို ရရှိမှာ"
သူ ပုခုံးကို မတ်မတ်ဆန့်လိုက်ရင်း ထပ်ပြောလိုက်သည်။
"မိတ်ဆွေလော့.... ကျွန်တော့်ကို လျှော့မတွက်ပါနဲ့"
ထိုထွက်ပေါ်လာသော အသံတွင် လူငယ်တစ်ဦး၏ စင်ကြယ်လှသော ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေခဲ့သည်။ ယနေ့တွင် ဂိုဏ်းအတွက် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခြင်းဖြင့် မနက်ဖြန်တွင် ကြီးမားသော ဂုဏ်သရေများကို ရရှိလိမ့်မည်ဟူသော ယုံကြည်ချက် ဖြစ်သည်။ သစ္စာရှိမှုနှင့် စည်းကမ်းသေဝပ်မှုတို့ကြားမှ ပေါက်ဖွားလာသော မိမိကိုယ်ကိုယ် ယုံကြည်မှုများသည် သူ၏ မျက်ဝန်းထဲတွင် အထင်အရှား တောက်ပနေခဲ့သည်။ လော့ချန်ကမူ စိတ်ထဲမှသာ သက်ပြင်းချလိုက်ရုံ တတ်နိုင်တော့သည်။ ဂိုဏ်းကြီးများမှ ပြုစုပျိုးထောင်ပေးလိုက်သော တပည့်များ၏ ဂုဏ်သိက္ခာနှင့် မာန်မာနဟူသည်မှာ ဤကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
၎င်းကို မာန်မာနဟု ခေါ်ဆိုခြင်းထက် ဂိုဏ်းအပေါ် သစ္စာစောင့်သိခြင်းဟု ခေါ်ဆိုလျှင် ပိုမို၍ သင့်တော်ပေလိမ့်မည်။ ဂိုဏ်းက မည်သည့်အရာကိုပဲ အမိန့်ပေးပါစေ၊ သူတို့သည် မည်သည့် တွန့်ဆုတ်မှု သို့မဟုတ် မကျေနပ်မှုမျှမရှိဘဲ တိကျစွာ လိုက်နာဆောင်ရွက်ကြသည်။ ၎င်းသည် သဘာဝကျလှပေသည်၊ အကြောင်းမှာ ထိုတပည့်များသည် ငယ်စဉ်ကတည်းက ဂိုဏ်း၏ ရင်ခွင်ထဲတွင် ကြီးပြင်းလာခဲ့ကြရပြီး၊ ဂိုဏ်း၏ စောင့်ရှောက်မှုများဖြင့် လေ့ကျင့်ပျိုးထောင်ခြင်း ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။ သူတို့၏ သံယောဇဉ်များ၊ သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်များနှင့် သူတို့၏ ဘဝရည်မှန်းချက်များ အားလုံးသည် ထိုမြင့်မားလှသော တောင်ထိပ်များပေါ်တွင်သာ ပုံဖော်ထုဆစ်ခဲ့ကြခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ကွင်းဆက်တစ်ခုတည်းကဲ့သို့ ဂိုဏ်းနှင့် ခွဲခြားမရအောင် တင်းကြပ်စွာ နှောင်ဖွဲ့မိသွားကြတော့သည်။ သို့သော်လည်း စစ်ပွဲဟူသည် ရက်စက်လှပေသည်။ ဓားလှံများက သစ္စာရှိမှု သို့မဟုတ် စည်းလုံးမှုများကို ငဲ့ညှာနေမည် မဟုတ်ပေ။ စစ်မြေပြင်တွင် ထိုကဲ့သို့သော ကိုယ်ကျင့်တရားများက လူတစ်ဦးချင်းစီ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်စွမ်း မရှိပေ။
လော့ချန်အနေဖြင့် ပြောသင့်ပြောထိုက်သည်များကို ပြောကြားပြီးပြီ ဖြစ်သည်။ ထို့ထက်ပို၍ ပြောဆိုနေပါက မသင့်တော်တော့ပေ။ သူ သက်ပြင်းတစ်ချက်ချလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"မင်း ဂိုဏ်းမျိုးဆက် အဆင့်အတန်းကို မကြာခင်မှာ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်"
ချင်ယွမ်ကျန်းက လော့ချန်၏ စကားလုံးများထဲမှ လူကြီးက လူငယ်ကို ငဲ့ညှာကြည့်ရှုသည့် အရိပ်အယောင်များကို ခံစားမိသွားသဖြင့် မကျေမနပ်ဖြစ်သွားခဲ့သည်။ သူ စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ဝတ်ရုံစကို ခါယမ်းကာ လှည့်ထွက်သွားခဲ့တော့သည်။ သို့သော် အပြင်ဘက်သို့ ခြေမချမီ နောက်ဆုံးအချိန်တွင် သူ၏ ခြေလှမ်းများက ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။
"ခင်ဗျားပြောတာ မှန်ပါတယ်...."
သူ၏ အသံက တည်ငြိမ်သော်လည်း ပြတ်သားနေခဲ့သည်။
"စစ်မြေပြင်မှာ ဘယ်သူကမှ ဘေးကင်းဖို့ အာမခံချက်မပေးနိုင်ဘူး၊ ရေခဲခံတပ်က ခင်ဗျားကို တော်တော်လေး တန်ဖိုးထားတဲ့ ပုံပေါ်ပါတယ်၊ တကယ်လို့ ခင်ဗျား ဒီစစ်ပွဲထဲကို ဝင်မပတ်သက်ဘဲ ရှောင်လွှဲလို့ရရင် ရှောင်လွှဲလိုက်တာက အကောင်းဆုံးပဲ"
ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူ နောက်သို့ လှည့်မကြည့်တော့ဘဲ လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။
သူ၏ နောက်တွင် လော့ချန် တိုးညင်းစွာ ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။
‘ဒီကောင်လေးကတော့....’
ထိုစကားလုံးများသည် အမှန်တကယ် စိုးရိမ်ပူပန်မှုကြောင့် ပြောခဲ့ခြင်းလော သို့မဟုတ် မကျေနပ်မှုကြောင့် စိမ့်ထွက်လာခြင်းလော ဆိုသည်ကို သူ သေချာစွာ မဝေခွဲနိုင်သော်လည်း၊ ထိုကောင်လေးက ထိုကဲ့သို့ ပြောဆိုသွားခဲ့ခြင်းကပင် သူ၏ စိတ်ဓာတ်ကို ဖော်ပြနေခဲ့ပြီ ဖြစ်သည်။ သူ၏ စရိုက်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။ အဖေဖြစ်သူ ချင်လျန်ချန်းနှင့် လုံးဝ တူညီခြင်းမရှိသကဲ့သို့၊ မိခင်ဖြစ်သူ မုရုံချင်းလျန်နှင့်လည်း အလုံးစုံ မတူညီပေ။ သို့သော်လည်း သူတို့နှစ်ဦးစလုံး၏ အရိပ်အယောင်များကိုမူ ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်ထမ်းပိုးထားသည့်အလား ဖြစ်နေခဲ့သည်။
လော့ချန် ကျောက်အိမ်လေးထဲမှ လမ်းလျှောက်ထွက်လာခဲ့သည့်အခါ ချူခွေး၏ နောက်ပြောင်ကျီစယ်သော အသံက လေထုထဲမှ ဖြတ်သန်းထွက်ပေါ်လာခဲ့သည်။
"ဒီဘက်ခေတ် လူငယ်တွေကတော့.... ခေါင်းကို မိုးပေါ်အထိ မော့ထားကြလို့ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုတောင် ရိုသေရမှန်းမသိတော့ဘူး ထင်တယ်"
လော့ချန် အသာအယာ ပြုံးလိုက်သည်။
"သူက ဂိုဏ်းကြီးရဲ့ တပည့်တစ်ယောက် ဖြစ်နေတာကိုး.... သူ့ ကျင့်ကြံခြင်းအဆင့်က နုနယ်သေးပေမဲ့ သူ့ရဲ့ မာန်မာနကတော့ အမြစ်တွယ်နေပြီ"
ချူခွေးက နှာခေါင်းတစ်ချက်ရှုံ့ရင်း သဘောတူကြောင်း ပြသလိုက်သည်။ ဤသည်မှာ သူ ဂိုဏ်းတပည့်များကို အမုန်းတီးဆုံး အချက်ပင် ဖြစ်၏။ သူတို့ထဲမှ လူတိုင်းသည် တစ်လောကလုံး သူတို့လုပ်စာစားနေသည်အလား ခေါင်းမော့ရင်ကော့ လမ်းလျှောက်တတ်ကြသည်။ သူကမူ လော့ချန်နှင့်အတူ ထိုင်ရင်း ဝိညာဉ်ကျောက်တုံးများအကြောင်းကို အာပေါင်အာရင်းသန်သန် ငြင်းခုံရသည်ကို ပိုမို၍ နှစ်သက်ပေသည်။
"မင်း ဒီကို ဘယ်တုန်းက ရောက်နေတာလဲ...."
လော့ချန် မေးမြန်းလိုက်သည်။
"ဟို ချင်မျိုးနွယ် ကောင်လေး ရောက်လာပြီးတာနဲ့ ချက်ချင်းပဲ၊ တိမ်ပြိုဂိုဏ်းက လူတစ်ယောက် ရောက်လာတယ်လို့ ကြားလို့.... ငါတို့ကို မိုးကြိုးတောင်တန်းဆီကို တိုက်ခိုက်ဖို့ လာပြီး အမိန့်ပေးတာလားလို့ တွေးမိလို့လေ၊ ဒါကြောင့် အမြန်လာခဲ့တာ"
လော့ချန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
"မင်း တော်တော်လေး စိတ်အားထက်သန်နေတာပဲ...."
ချူခွေးက နှာခေါင်းတစ်ချက် ထပ်ရှုံ့လိုက်သည်။
"မတတ်နိုင်ဘူးလေ.... ငါတို့သာ နောက်ကျသွားရင် အသားစားဖို့ နေနေသာသာ.... အရိုးတောင် ကိုက်ရမှာ မဟုတ်ဘူး"
လော့ချန်က ခေါင်းကို ခါယမ်းရင်း ရယ်မောလိုက်သည်။
"စိတ်အေးအေးထားပါ.... စစ်မြေပြင်မှာ အသတ်ခံရမယ့် လူတွေကတော့ ဘယ်တော့မှ လျော့နည်းသွားမှာ မဟုတ်ဘူး၊ အဲဒီနေရာမှာ အလျှံပယ် အရှိဆုံးအရာက အဆင့်နိမ့်ကျင့်ကြံသူတွေပဲ"
ချူခွေးကလည်း ထိုစကားကို သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။
....
အမှန်တကယ်ပင် ထိုအဆင့်နိမ့်ကျင့်ကြံသူများမှာ ကုန်ဆုံးသွားခြင်း မရှိပေ။ ကျယ်ပြောလှသော မိုင်ပေါင်းထောင်ချီသည့် သဲကန္တာရကြီးတစ်ခွင်လုံးတွင် အလင်းတန်းများသည် ကောင်းကင်ယံကို ဖြတ်သန်းလျက် ဆဋ္ဌမမြောက် တောင်တန်းဆီသို့ တရဟော ဦးတည်ပျံသန်းနေကြသည်။ ယခုအကြိမ်တွင် ပါဝင်ဆင်နွှဲကြသော ကျင့်ကြံသူ အရေအတွက်သည် ယခင်အကြိမ်များထက် နှစ်ဆခန့်အထိ တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။ စစ်မီးသည် နှစ်ပေါင်းများစွာကြာအောင် ပြင်းထန်စွာ တောက်လောင်နေခဲ့သော်လည်း၊ လျော့နည်းသွားခြင်းမရှိဘဲ ရောက်ရှိလာကြသော ကျင့်ကြံသူ အရေအတွက်က ပိုမို၍ပင် တိုးပွားလာခဲ့သည်။ ပို၍ တိကျစွာ ပြောရလျှင် စစ်ပွဲစက်ယန္တရားကြီးသည် လောကရှိ ကျင့်ကြံသူအားလုံးကို ၎င်း၏ သွေးစွန်းသော ဝဲဂယက်ထဲသို့ အတင်းအကြပ် ဆွဲသွင်းနေခဲ့ပြီ ဖြစ်သည်။
ထောင့်ပေါင်းစုံတွင် ပုန်းကွယ်နေကြသော တစ်ကိုယ်တော် ကျင့်ကြံသူများ၊ သူတို့၏ သက်တမ်းကုန်ဆုံးခါနီး၍ သေဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေကြသော မျိုးနွယ်စုဟောင်းကြီးများမှ ကျင့်ကြံသူများ စသည့် မည်သူမဆို လေးဂိုဏ်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသော ကြီးမားလှသည့် ဆုလာဘ်များကို ငြင်းပယ်နိုင်ခြင်း မရှိကြပေ။ လော့ချန်နှင့် ချူခွေးတို့သည်လည်း ထိုနည်းတူစွာပင် ထိုကြီးမားလှသော လှိုင်းလုံးကြီး၏ ရိုက်ခတ်မှုအောက်သို့ ပါဝင်သက်ဆင်းသွားခဲ့ကြရခြင်း ဖြစ်သည်။
ထိုသို့ တရဟော စီးဆင်းနေသော လူအုပ်ကြီးကြားတွင် လော့ချန်သည် သူ၏ အကြည့်များကို အဝေးဆီမှ ကောင်းကင်ယံထက်သို့ ပို့လွှတ်လိုက်ရာ၊ ထိုနေရာတွင် ထူးခြားလှသော အရှိန်အဝါများနှင့်အတူ ကောင်းကင်ယံ၌ လွင့်မျောနေကြသော ပုံရိပ်လေးခုကို မြင်တွေ့လိုက်ရသည်။
သူတို့သည် ရေခဲခံတပ်မှ သခင်မယင်ယွဲ့၊ အိုက်လောင်တောင်မှ သခင်ကျူအန်း၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ အကြီးအကဲလုံနှင့် တိမ်ပြိုဂိုဏ်း၏ အဖွဲ့ကို ဦးဆောင်လာသော အကြီးအကဲ လင်ဟူကျဲတို့ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ဦးစီသည် ရွှေသဲကျွန်းမျောပေါ်တွင် အခြေစိုက်ထားသော မိမိတို့၏ ကိုယ်ပိုင်ဂိုဏ်းအင်အားစုများကို အပြည့်အဝ အမိန့်ပေးပိုင်ခွင့် ရှိကြသည်။ ယခုအခါတွင်မူ သူတို့အားလုံး တညီတညွတ်တည်း လှုပ်ရှားနေကြပြီ ဖြစ်ရာ၊ ဤတိုက်ပွဲကို အပြတ်အသတ် အနိုင်ယူရန်အတွက် စိတ်ပိုင်းဖြတ်ထားကြကြောင်း ထင်ရှားလှပေသည်။
လော့ချန်သည် တိမ်ပြိုဂိုဏ်းမှ အကြီးအကဲ လင်ဟူကျဲကို ကြည့်ရင်း သူ၏ မျက်ခွံများက အသာအယာ လှုပ်ရှားသွားခဲ့သည်။ ထိုလူ၏ ကိုယ်ပေါ်တွင် ထူးဆန်းလှသော ရင်းနှီးမှုတစ်ခုကို သူ ခံစားမိနေခြင်း ကြောင့် ဖြစ်သည်။ သို့သော် သူသည် ထိုလူနှင့် ယခင်က တစ်ကြိမ်မျှ မဆုံတွေ့ဖူးပါဘဲ အဘယ်ကြောင့် ဤကဲ့သို့ ခံစားချက်မျိုး ပေါ်ပေါက်နေရပါသနည်း။
‘သူက.... တာဟဲဈေးမြို့တော်မှာ ဖန်ရင်ရှုံကို ကြားဖြတ်တိုက်ခိုက်ဖို့အတွက် နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်နေမလား....’
ထိုသို့ တွေးလိုက်မိသည်နှင့် ရုတ်တရက်ပင် လော့ချန်၏ စိတ်ထဲ၌ နက်မှောင်သော ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သော လျှို့ဝှက်လူသားတစ်ဦး၏ ပုံရိပ်က ဖြတ်ပြေးသွားခဲ့သည်။ သူ ပိုမို၍ စူးစမ်းကြည့်လေလေ၊ ထိုတူညီမှုက ပိုမို၍ ထင်ရှားလာလေလေဖြစ်ပြီး၊ အထူးသဖြင့် ထျန်းရှင်းကျီက ထိုလူ၏ နောက်တွင် တလေးတစား လိုက်ပါနေခြင်းက လော့ချန်၏ သံသယကို ပိုမို၍ ခိုင်မာစေခဲ့သည်။ ထိုလူသည် တာဟဲတစ္ဆေမြို့ပျက်ဖြစ်ရပ်၏ နောက်ကွယ်မှ အစစ်အမှန် ကြိုးကိုင်သူ ဖြစ်ရပေမည်။
"ဒါနဲ့.... လော့ချန်၊ ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ...."
ဘေးနားရှိ ချူခွေးက လှမ်း၍ မေးလိုက်သည်။
"မလောပါနဲ့...."
လော့ချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ငါ လော့ထျန်းအဖွဲ့က လူတွေကို အရင်ဆုံး သေချာနေရာချပေးလိုက်ဦးမယ်"
"ကောင်းပြီ.... အဲဒါဆို မင်းရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့"
ချူခွေးက ထိုသို့ ပြောဆိုခဲ့သော်လည်း၊ လော့ချန်သည် ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းနှစ်ဦးစလုံးကို ဆဋ္ဌမမြောက်တောင်တန်း၏ ရှေ့တန်းစစ်မျက်နှာနှင့် ဝေးကွာလှသော နေရာတွင် ချန်ထားခဲ့သည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် သံသယရိပ်များ ပေါ်ထွက်လာခဲ့သည်။
"မင်း အဲဒီနှစ်ယောက်ကို ငါတို့နဲ့အတူ ခေါ်မသွားဘူးလား...."
"မင်းနဲ့ငါ နှစ်ယောက်တည်းဆိုရင် လုံလောက်ပါပြီ...."
လော့ချန်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"သူတို့ ပါလာတာက ငါတို့အတွက် အလှည့်အပြောင်းကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ဘူး.... ပြီးတော့ တကယ်လို့ သူတို့က ငါတို့ရဲ့ တိုက်ခိုက်ရေး အရှိန်အဟုန်ကို ရင်ပေါင်မတန်းနိုင်ရင် ငါတို့ကို နောက်ဆွဲထားသလိုပဲ ဖြစ်နေလိမ့်မယ်.... မင်းကော ဒါကို သဘောမတူဘူးလား...."
ချူခွေး ဘာမှ ပြန်မပြောနိုင်တော့ပေ။ ထိုအကြောင်းပြချက်က လွန်စွာ သဘာဝကျပြီး ဆင်ခြင်တုံတရားနှင့် ပြည့်စုံလှသော်လည်း၊ သူ မျှော်လင့်ထားခဲ့သော ပုံစံမျိုးနှင့်မူ ကိုက်ညီခြင်း မရှိပေ။ သူတို့သည် ရန်သူများကို တတ်နိုင်သမျှ များများစားစား သတ်ဖြတ်နိုင်ရန်အတွက် လော့ထျန်းအဖွဲ့၏ အင်အားအားလုံးကို အသုံးချသင့်သည် မဟုတ်လော။
လော့ချန်က ရွှီဟွမ်ကျန်းကို စိတ်ရှည်လက်ရှည်ဖြင့် လမ်းညွှန်မှုများ ပေးနေသည်ကို ကြည့်ရင်း၊ သူ၏ ရင်ထဲတွင် တိုးညင်းသော သက်ပြင်းတစ်ချက် ထွက်ပေါ်လာခဲ့သည်။
‘ဒီကောင်က တော်တော်လေး စိတ်နုလွန်းနေတာ မဟုတ်ဘူးလား....’
သို့သော် ရွှီဟွမ်ကျန်းနှင့် တွမ်ဖုန်းတို့က ထိုနေရာတွင် ကျန်ရစ်ခဲ့ရန် အပြင်းအထန် ငြင်းဆန်ကြပြီး၊ တိုက်ပွဲအတွင်းသို့ အတူတူ လိုက်ပါဝင်ရောက်ရန် အခိုင်အမာ တောင်းဆိုနေကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ ချူခွေး၏ အတွေးက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြန်သည်။ ဤကဲ့သို့သော လော့ချန်၏ ကိုယ့်လူကိုယ် အကာအကွယ်ပေးတတ်သည့် စိတ်နုမှုကြောင့်ပင် သူကိုယ်တိုင်လည်း လော့ချန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။
....
လေးဂိုဏ်းမဟာမိတ်အဖွဲ့သည် လဝက်ခန့်ကတည်းက တန်ပြန်တိုက်စစ် မောင်းခတ်သံကို စတင်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ မိုးကြိုးတောင်တန်းတစ်ခွင်လုံးတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် နေ့ရက်တိုင်းတွင် ပိုမို၍ ပြင်းထန်လာခဲ့သည်။ နှစ်ဖက်စလုံးသည် ထိုနေရာ၏ မြေမျက်နှာသွင်ပြင်ကို ကောင်းစွာ နားလည်သဘောပေါက်ထားကြပြီးဖြစ်ရာ၊ စစ်ဗျူဟာများသည်လည်း တရွေ့ရွေ့နှင့် ပိုမို၍ ဆန်းပြားလာခဲ့သည်။
ဥပမာအားဖြင့် တိမ်ပြိုဂိုဏ်းသည် စတုတ္ထအဆင့်ရှိသော မဟာအစီအရင်ကို တတိယအဆင့်အတိုင်း စွမ်းအားအပြည့် ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိခဲ့သည်။ ထိုနည်းတူစွာပင် ဓားဂိုဏ်းမဟာမိတ်အဖွဲ့ကလည်း ထိုကဲ့သို့သော အောင်မြင်မှုကို ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိပေသည်။ အမှန်တကယ်တွင် ဓူဝံတောင်တန်းပေါ်၌ သူတို့သည် တတိယအဆင့်ရှိသော အပြည့်အဝ ခိုင်မာလှသည့် ခံစစ်အစီအရင်ကို တည်ဆောက်ထားခဲ့ကြသည်။ ၎င်းသည် စတုတ္ထအဆင့်အထိ မမြင့်မားသော်လည်း ၎င်း၏ စွမ်းအားအားလုံးကို အဆုံးစွန်အထိ ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ကိုယ်တိုင်ဝင်ရောက်ဖျက်ဆီးခြင်း မပြုသရွေ့ ၎င်းကို ကျော်ဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက် ခက်ခဲလှပေသည်။
ထိုကဲ့သို့သော မြေမျက်နှာသွင်ပြင် အားသာချက်များနှင့် ခိုင်မာလှသော ခံစစ်များကြောင့် သာမန်အခြေတည်အဆင့် ကျင့်ကြံသူများသည် ထိုခံစစ်လိုင်းကို ဖျက်ဆီးရန် မျှော်လင့်ချက် မရှိခဲ့ကြပေ။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပတ်အတွင်း၌ ဆဋ္ဌမတောင်တန်းတွင် အခြေစိုက်ထားကြသော လေးဂိုဏ်းမဟာမိတ်အဖွဲ့မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့သည် တဖြည်းဖြည်းနှင့် ကိုယ်တိုင်လှုပ်ရှားလာခဲ့ကြရခြင်း ဖြစ်သည်။ လဝက်ခန့် အပြင်းအထန် ကြိုးပမ်းခဲ့ပြီးနောက်တွင်မှ သူတို့သည် ထိုခံစစ်အစီအရင်ကို အတိုင်းအတာတစ်ခုအထိ တုန်လှုပ်သွားအောင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် "အင်အားစုများ အလှည့်ကျ တာဝန်လဲလှယ်ခြင်း" ဟု ခေါ်ဆိုနေကြသည့်အရာသည် အမှန်စင်စစ် ထိုသို့ မဟုတ်ပေ။ ရွှေသဲကျွန်းမျောမှ အသစ်ထပ်မံရောက်ရှိလာကြသော ကျင့်ကြံသူများသည် ဆဋ္ဌမတောင်တန်းတွင် အခြေစိုက်ထားနှင့်ပြီးဖြစ်သော ကျင့်ကြံသူများနှင့် ပူးပေါင်းလိုက်ကြပြီးနောက်၊ လူဦးရေ သုံးသောင်းကျော်အထိ ရှိသော ဧရာမ စစ်တပ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ကြသည်။ သူတို့ထဲမှ အများစုမှာ ချီသန့်စင်နှောင်းပိုင်းကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ ထိုစစ်တပ်ကြီး၏ အဓိက ကျောရိုးမှာမူ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ထောင်ကျော်ပင် ဖြစ်၏။
….
နက်မှောင်လှသော ညဉ့်မှောင်မိုက်ကြီး၏ အောက်တွင် ဓူဝံတောင်တန်း၏ တောင်ခြေ၌ ရုတ်တရက်ပင် တောက်ပလှသော အလင်းတန်း ခုနစ်ခု ပေါ်ထွက်လာခဲ့သည်။ အချို့သောအလင်းတန်းများသည် အလင်းတန်းများဖြင့် စူးရှ တောက်ပနေပြီး၊ အချို့ကမူ ကောင်းကင်ယံမှ သက်ဆင်းလာသော ရှေးဟောင်းတံဆိပ်တုံးကြီးများကဲ့သို့ ပြင်းထန်လှသော ဖိအားများကို ထုတ်ဖော်နေကြသည်။ ဓားပျံများသည် မှောင်မိုက်ခြင်းကို ခွဲခြမ်းစိတ်ဖြာလျက် ရှိနေကြပြီး၊ တောက်ပလှသော ပိုက်ကွန်များသည် လင်းလက်နေသော အရောင်အဝါများအဖြစ်သို့ ဖြန့်ကျက်သွားခဲ့ကြသည်။ ထိုအချိန်၌ပင် တောင်တန်း၏ အတွင်းပိုင်းမှလည်း ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းလုံးကြီး လေးခုက တရဟော တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။
ဒေါသတကြီး အော်ဟစ်သံတစ်သံက လေထုကို ခွင်းလျက် ထွက်ပေါ်လာခဲ့သည်။
"မင်းတို့တွေ တော်တော်လေးကို လွန်လွန်းနေပြီ"
လေးဂိုဏ်းမဟာမိတ်အဖွဲ့ထံမှ မည်သည့် ပြန်လည်တုံ့ပြန်သံမျှ ထွက်ပေါ်မလာခဲ့ပေ။ သူတို့ထဲမှ ကျင့်ကြံသူတိုင်းသည် မည်သူက စတင်၍ စည်းဖောက်ခဲ့ကြောင်းကို အသေအချာ မှတ်မိနေကြသည်။ ဓားဂိုဏ်းမဟာမိတ်အဖွဲ့သည် လွန်ခဲ့သောအချိန်က ညဉ့်မှောင်မိုက်ကြီးအတွင်း၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြင့် ဓူဝံတောင်တန်းကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဓူဝံတောင်တန်းကို ကာကွယ်ထားကြသော ရွှေအမြုတေအဆင့် ကျင့်ကြံသူ လေးဦး တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ကြပြီး ကျရောက်လာသော တိုက်ကွက်များကို အသီးသီး ကြားဖြတ်ခုခံလိုက်ကြသည်။ သူတို့ထဲမှ တစ်ဦးမှာမူ သူ၏ ဓားအတတ်ပညာကို အဆုံးစွန်အထိ အသုံးပြုလျက် တိုက်ကွက်နှစ်ခုကို တစ်ပြိုင်နက်တည်း ဖြတ်တောက်ကာ အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့သည်။
သို့သော် ထိုကဲ့သို့ အပြင်းအထန် ခုခံခဲ့သည့်ကြားမှ ရွှေအမြုတေအဆင့်ရှိသော တိုက်ကွက် ခုနစ်ခုထဲမှ နှစ်ခုသည် ခုခံမှုကို ကျော်ဖြတ်ကာ ယခင်ကတည်းက အားနည်းနေခဲ့ပြီးဖြစ်သော တတိယအဆင့် ခံစစ်အစီအရင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့တော့သည်။ ထိုအစီအရင်သည် လဝက်ခန့်ကတည်းက တဖြည်းဖြည်းနှင့် ပျက်စီးလုနီးပါးအထိ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရွှေအမြုတေအဆင့်ရှိသော တိုက်ကွက်နှစ်ခု တပြိုင်နက်တည်း ထိမှန်သွားခဲ့ပြီးနောက်တွင်မူ မည်သည့် ခုခံမှုကိုမျှ ထပ်မံမပြသနိုင်တော့ဘဲ ပြိုလဲပျက်စီးသွားခဲ့ရတော့သည်။
ထိုအခိုက်အတန့်တွင် တိမ်ပြိုဂိုဏ်းမှ လင်ဟူကျဲသည် စစ်တပ်ကြီး၏ ရှေ့သို့ ခြေတစ်လှမ်း တက်လာခဲ့သည်။
"ငါတို့ဂိုဏ်းက တပည့်အားလုံး.... ပြင်ဆင်ကြစို့"
ထိုအမိန့်သံသည် မိုးကြိုးပစ်ချလိုက်သည့်အလား ဟိန်းထွက်သွားခဲ့သည်။ သူ၏ နောက်တွင် နက်မှောင်လှသော အရောင်အဝါများဖြင့် ပြည့်နှက်နေသည့် ဧရာမ တိုက်ခိုက်ရေး ရုပ်သေးရုပ်ကြီးများ တရဟော ပေါ်ထွက်လာခဲ့ကြသည်။ ထိုရုပ်သေးရုပ်တစ်ခုချင်းစီ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများသည် ဓားသွားများကဲ့သို့ အေးစက်ထက်မြက်နေပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရုပ်သေးရုပ်တိုင်းသည် သူတို့၏ နောက်တွင် မတ်မတ်ရပ်နေကြသော အခြေတည်အဆင့်ရှိ တပည့်တစ်ဦးစီနှင့် စိတ်ချင်း ဆက်နွှယ်ထားကြခြင်း ဖြစ်သည်။ ထိုတပည့်များ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေပြီး သူတို့၏ လက်ချောင်းများသည် တိကျလှသော စည်းချက်များအတိုင်း လှုပ်ရှားနေကြသည်။ ထိုရုပ်သေးရုပ်ကြီးများ၏ ပွင့်ဟနေသော ပါးစပ်ကြီးများထဲတွင် ဖြူဖွေးတောက်ပလှသော အလင်းလုံးကြီးများက တဖြည်းဖြည်း ပုံဖော်လာခဲ့ကြသည်။
"တိုက်ခိုက်ကြစို့...."
လင်ဟူကျဲက အမိန့်ပေးလိုက်သည်။
သူ ဝတ်ရုံစကို ခါယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ နောက်မှ ရာပေါင်းများစွာသော တောက်ပလှသည့် အလင်းတန်းများသည် မိုးကြိုးသံများကဲ့သို့ ဟိန်းဟောက်လျက် ဓူဝံ တောင်တန်းဆီသို့ တရဟော ပြေးဝင်သွားခဲ့ကြတော့သည်။ ထိုအခိုက်အတန့်တွင် ညဉ့်ကောင်းကင်ယံကြီးတစ်ခုလုံးသည် နေ့ခင်းဘက်အလား လင်းထိန်သွားခဲ့ရသည်။ ထိုပူးပေါင်းတိုက်ခိုက်မှု၏ စွမ်းအားသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ခုနစ်ဦး တပြိုင်နက်တည်း တိုက်ခိုက်လိုက်သည့် စွမ်းအားထက်ပင် လျော့နည်းခြင်း မရှိပေ။
လေထုကြီးတစ်ခုလုံး ကွဲအက်သွားလျက် ဒေါသတကြီး မြည်ဟီးသံများ ထွက်ပေါ်လာခဲ့သည်။ ထို ဧရာမ တိုက်ခိုက်မှုကြီး တရဟော ကျရောက်လာခဲ့သည့်အခါ ဓူဝံတောင်တန်း၏ ထိပ်တွင် ရှိနေကြသော ထိတ်လန့်တုန်လှုပ်နေကြသည့် များစွာသော ကျင့်ကြံသူများ၏ မျက်နှာများက အလင်းရောင်အောက်တွင် အထင်အရှား ပေါ်ထွက်လာခဲ့တော့သည်။
ဘုန်းး.... ဘုန်းး.... ဘုန်းး....
ဘုန်းး.... ဘုန်းး.... ဘုန်းး....
ဘုန်းး.... ဘုန်းး.... ဘုန်းး....
ရေတွက်၍မရနိုင်သော ကြီးမားလှသည့် ပေါက်ကွဲမှုကြီးများသည် တပြိုင်နက်တည်း ဖြစ်ပွားသွားခဲ့သည်။ ထိုအခိုက်အတန့်အတွင်းမှာပင် ဓားဂိုဏ်းမဟာမိတ်အဖွဲ့က အချိန်ယူကာ စနစ်တကျ ပြင်ဆင်ထားခဲ့သော စစ်ဗျူဟာ အစီအစဉ်များသည် အပိုင်းပိုင်းအစစ ပြိုလဲပျက်စီးသွားခဲ့ရတော့သည်။ နာကျင်စွာ အော်ဟစ်ညည်းတွားသံများ၊ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများနှင့် ဖရိုဖရဲ ထွက်ပြေးကြသော ခြေသံများသည် ဓူဝံတောင်တန်းတစ်ခွင် ပြည့်နှက်သွားခဲ့တော့သည်။
လင်ဟူကျဲက ထိုမြင်ကွင်းကို ကျေနပ်စွာ ကြည့်ရှုလိုက်ပြီးနောက် သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"စစ်တပ်ကြီးတစ်ခုလုံး.... ချီတက်ကြစို့"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ