အခန်း ၄၅၂
Vol. 46 Ch. 452
အခန်း (၄၅၂) လူဆိုးအချင်းချင်း ရှင်းကြခြင်း
ဝံပုလွေရိုင်းဂိုဏ်းမှာ ဤနယ်မြေတစ်ဝိုက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း သူတို့၏ ချင်းလုံဂိုဏ်းမှာလည်း အလွယ်တကူ အနိုင်ကျင့်၍ရသော ဂိုဏ်းမျိုး မဟုတ်ပေ။
အနီရောင် စားပွဲဝိုင်းပေါ်တွင် တင်ထားသော ယွမ်နှစ်ဆယ်ကို ကြည့်ကာ ချင်းလုံဂိုဏ်းမှ နောက်လိုက်များ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။
ဤကာလများအတွင်း သူတို့၏ ချင်းလုံဂိုဏ်းမှာ တရားဝင်လမ်းကြောင်းပေါ်သို့ ကူးပြောင်းနေခဲ့ပြီဖြစ်သည်။
သူတို့အနေဖြင့် ယခင်က လုပ်ကိုင်ခဲ့သော မသမာသည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်၍ မရတော့သဖြင့် ညီအစ်ကိုများမှာ အပိုဝင်ငွေများစွာ ဆုံးရှုံးနေခဲ့ရ၏။
လီလန်က ဦးဆောင်နေသော်လည်း ညီအစ်ကိုများ၏ လစာများမှာ ပုံမှန်အတိုင်း ရရှိနေဆဲပင် ဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့ အေးချမ်းတည်ငြိမ်နေသော ဘဝမျိုးကို သူတို့ ညီအစ်ကိုများက တောင့်တနေခဲ့ခြင်းမဟုတ်ပေ။
ယခုအခါ ဒုခေါင်းဆောင်က ဝံပုလွေရိုင်းဂိုဏ်းသားများကို ဖမ်းဆီး၍ ငွေရှာရန် အဆိုပြုလာသည်ကို မြင်လိုက်ရသောအခါ စောစောက တုံ့ဆိုင်းနေခဲ့ကြသော နောက်လိုက်များ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားကြတော့သည်။
"ဒုခေါင်းဆောင်က ပြောလာမှတော့ ကျွန်တော်တို့ နားထောင်ရမှာပေါ့..."
"ဝံပုလွေရိုင်းဂိုဏ်းက ဘာမှမဟုတ်ပါဘူး..."
"ကျွန်တော်တို့ ချင်းလုံဂိုဏ်း အင်အားကြီးတုန်းက သူတို့ ဝံပုလွေရိုင်းဂိုဏ်းက အဖတ်လုပ်စရာတောင် မလိုခဲ့တာ..."
"ချင်းလုံဂိုဏ်းရဲ့ စည်းမျဉ်းတွေက အပြင်ထွက်ပြီး သတ်ဖြတ်ဖို့ ခွင့်မပြုလို့သာပေါ့ မဟုတ်ရင် အဲဒီ ဝံပုလွေရိုင်းဂိုဏ်းက ကောင်စုတ်လေးတွေကို ငါတစ်ယောက်တည်းနဲ့တင် နှစ်ယောက်လောက်ကို အေးဆေး ဖြတ်ရိုက်လို့ရတယ်..."
"ဒုခေါင်းဆောင် ကျွန်တော်တို့ကို ဘယ်လိုချခိုင်းမလို့လဲ..."
"ဘယ်တော့ ထွက်ကြမလဲ..."
"ညီအစ်ကိုတွေက မစောင့်နိုင်တော့ဘူး..."
အလွန်တိတ်ဆိတ်နေခဲ့သော အခန်းတွင်းမှာ ယခုအခါတွင်မူ အလွန်ပင် ဆူညံသက်ဝင်လာတော့သည်။
လီလန်သည် အခြေအနေကို အလွန်ရှင်းလင်းစွာ သဘောပေါက်ထားသဖြင့် သူ၏လက်ကို အနည်းငယ် မြှောက်ပြလိုက်သည်။
နောက်တစ်ခဏ၌ပင် ဆူညံသံများအားလုံး ပျောက်ကွယ်သွားတော့၏။
လီလန်က လည်ချောင်းဟန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"အရင်စည်းမျဉ်းအတိုင်းပဲ ဝံပုလွေရိုင်းဂိုဏ်းက လူတွေကိုပဲ ရှင်းရမယ် အပြစ်ကင်းတဲ့ လမ်းသွားလမ်းလာတွေကို အစားထိုးတာမျိုး မလုပ်နဲ့..."
"ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တဲ့သူကို တွေ့ရင်တော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့..."
လီလန်၏ စကားများမှာ ရေကန်ထဲသို့ ပေါင်တစ်ထောင်ခန့် အလေးချိန်ရှိသော ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသွားသည့်အလားပင်။
ချက်ချင်းဆိုသလိုပင်။
စိတ်လှုပ်ရှားစွာဖြင့် အဆက်မပြတ် အော်ဟစ်နေခဲ့ကြသော နောက်လိုက်များမှာ ယခုအခါတွင် ကြက်ကလေးများပမာ တိတ်ဆိတ်သွားကြတော့သည်။
ချင်းလုံဂိုဏ်းမှ နောက်လိုက်များ၏ အပြုအမူကို မြင်လိုက်ရသောအခါ လီလန်၏ နှုတ်ခမ်းစွန်းများ အနည်းငယ် ကွေးတက်သွားသည်။ သူသည် ချင်းလုံဂိုဏ်းသားများအကြောင်းကို အလွန်ပင် နားလည်ထားပြီးဖြစ်၏။
ဤလူများမှာ သူ အသစ်ချမှတ်ထားသော ဂိုဏ်းစည်းမျဉ်းများကြောင့် ယခင်က ထိန်းချုပ်ခံထားရပြီး အမှားလုပ်ရန် အခွင့်အရေး မရခဲ့ကြခြင်းဖြစ်သည်။
ယခုအခါတွင်မူ ဝံပုလွေရိုင်းဂိုဏ်းကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
အချို့သော သူများမှာ ရေနောက်တွင် ငါးဖမ်းရန် အသေအချာပင် ကြိုးစားကြပေလိမ့်မည်။
ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင်တစ်ယောက်အနေဖြင့် လီလန်သည် နားခါးသော အမှန်တရားများကို ပွင့်ပွင့်လင်းလင်း ကြိုပြောထားမည်သာဖြစ်သည်။
သူတို့သည် ညီအစ်ကိုများ ဖြစ်ကြသည်မှာ မှန်ပေသည်။
သို့ရာတွင် တစ်စုံတစ်ယောက်က ဤအခွင့်အရေးကို အသုံးချ၍ ပြဿနာရှာရန် ကြိုးစားလာပါက လီလန်အနေဖြင့် ညီအစ်ကို သံယောဇဉ်ကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းကို အပြစ်မတင်သင့်ပေ။
လီလန်၏ အေးစက်သော မျက်လုံးများကို ကြည့်ကာ ချင်းလုံဂိုဏ်းမှ နောက်လိုက်များအားလုံး တိတ်ဆိတ်နေကြသည်။
"ဒုခေါင်းဆောင်က ဒီလိုပြောလာမှတော့ ကျွန်တော်တို့ သေချာပေါက် နားထောင်ရမှာပေါ့..."
အခန်းတွင်း တိတ်ဆိတ်သွားချိန်မှာပင် အစ်ကိုနျူးက ရုတ်တရက် စကားပြောလာသည်။
"ဒုခေါင်းဆောင် ညီအစ်ကိုတွေက ဒုခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကို သေချာပေါက် နားထောင်ပါလိမ့်မယ်..."
"ဒီတစ်ကြိမ်မှာ ဝံပုလွေရိုင်းဂိုဏ်းက လူတွေကိုပဲ ရှင်းမှာဖြစ်ပြီး အပြစ်ကင်းတဲ့သူတွေကို လုံးဝ အန္တရာယ်ပြုမှာ မဟုတ်ပါဘူး..."
"ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ရဲတဲ့သူ ရှိလာရင်တော့ ဒုခေါင်းဆောင် ပြောနေစရာတောင် မလိုပါဘူး ကျွန်တော် အစ်ကိုနျူးက အရင်ဆုံး ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး..."
"ဂိုဏ်းရဲ့ စည်းမျဉ်းက ဓားသုံးချက် အပေါက်ခြောက်ပေါက်ပဲ..."
"ဒုခေါင်းဆောင်ရဲ့ စကားကို နားမထောင်ရဲတဲ့သူကို ဂိုဏ်းစည်းမျဉ်းအတိုင်း အရေးယူမယ်..."
"ဓားသုံးချက် အပေါက်ခြောက်ပေါက်" ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါထိုနေရာရှိ ချင်းလုံဂိုဏ်း နောက်လိုက်များအားလုံးမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြတော့သည်။
ဝံပုလွေရိုင်းဂိုဏ်း၏ ကိစ္စများကြောင့် သူတို့သည် ဂိုဏ်းစည်းမျဉ်းများနှင့်အညီ သေဆုံးရန် လုံးဝ ဆန္ဒမရှိကြပေ။
"အားလုံးက ဂိုဏ်းစည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း သိနေကြပြီဆိုတော့ ငါ့ရဲ့ အစီအစဉ်ကို ရှင်းပြမယ်..."
လီလန်သည် အစ်ကိုနျူးကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ကျေနပ်အားရမှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင် ဖြစ်လာကတည်းက လီလန်သည် ဤလူများကို သူ၏ ညီအစ်ကိုများအဖြစ် သတ်မှတ်ထားခဲ့သည်။
သူတို့ ယခင်က မည်သို့ပင် လုပ်ခဲ့ပါစေ လီလန်က ဂရုမစိုက်ပေ။
သို့ရာတွင် ယခုမှစ၍ လီလန်သည် သူတို့ကို လမ်းဆုံးသည့်နေရာသို့ မသွားစေချင်တော့ပေ။
တရားဝင်လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ လမ်းဟောင်းသို့ ပြန်မလျှောက်သင့်တော့ပေ။
လီလန် အတွေးနက်နေစဉ်မှာပင် ချင်းလုံဂိုဏ်းမှ နောက်လိုက်များမှာ သူ့ကို အတွင်းအပြင် သုံးထပ်ခန့် ဝိုင်းရံထားပြီးဖြစ်သည်။
လူတိုင်းသည် သူ၏ နည်းဗျူဟာကို သိလိုဇောဖြင့် လီလန်ကို မျှော်လင့်တကြီး မော့ကြည့်နေကြလေသည်။
"ဒုခေါင်းဆောင် ဒီတစ်ကြိမ် ဝံပုလွေရိုင်းဂိုဏ်းကို ဘယ်လို ရှင်းရမလဲဆိုတာ စဉ်းစားထားပြီးပြီလား..."
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အစ်ကိုနျူးက ပထမဆုံး စကားစပြောလိုက်သည်။
ဝံပုလွေရိုင်းဂိုဏ်းအပေါ် အရေးယူရန် ဆုံးဖြတ်ထားသော်လည်း မည်သည့်အချိန်တွင် မည်သို့လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားရန် လိုအပ်နေဆဲပင်။
ချင်းလုံဂိုဏ်း နောက်ဆုတ်နေခဲ့သည့် ကာလအတွင်း ဝံပုလွေရိုင်းဂိုဏ်း၏ လွှမ်းမိုးမှုမှာ ပိုမိုကြီးထွားလာခဲ့သည်။
ဤလူများမှာ ရက်စက်ကြမ်းကြုတ်စွာ ပြုမူတတ်ကြသော်လည်း သူတို့၏ အင်အား ကြီးမားလှသည်ကိုမူ ငြင်းပယ်၍မရနိုင်ပေ။
ညီအစ်ကို တစ်ဒါဇင်ခန့်၏ အကြည့်အောက်တွင် လီလန်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။
"ဘယ်လိုရှင်းရမလဲဆိုတာ အေးဆေးပါ..."
"ငါတို့ ချင်းလုံဂိုဏ်းက တရားဝင်လမ်းကြောင်းပေါ် ရောက်နေပြီဆိုပေမယ့် အားလုံးက ကိုယ့်လက်သီးကိုတော့ အဆုံးရှုံးခံလို့မရဘူး..."
"ငါတို့ရဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတာက ငါတို့ဆီမှာ အင်အားရှိနေလို့ပဲ..."
"ဒါပေမယ့် ဒီလိုအချိန်မှာ ငါတို့က သာမန်လူတွေကို တိုက်ခိုက်လို့ မရဘူးလေ..."
"ဒါဆို ဝံပုလွေရိုင်းဂိုဏ်းကကော သာမန်လူတွေပဲလား..."
"တရားဝင်လမ်းကြောင်းပေါ် ရောက်ပြီးနောက် ချင်းလုံဂိုဏ်းရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့..."
ဤနေရာတွင် လီလန်သည် သိသာထင်ရှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ခေတ္တရပ်နားလိုက်သည်။
ထို့နောက် သူက စကားလုံး တစ်လုံးချင်းစီကို ဖိ၍ ပြောလိုက်၏။
"လူဆိုးအချင်းချင်း ရှင်းကြတာပဲ..."
လူဆိုးအချင်းချင်း ရှင်းကြတာ။
ဤစကားလုံးများကို ကြားလိုက်ရသောအခါ ချင်းလုံဂိုဏ်းမှ နောက်လိုက်များ၏ မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားတော့သည်။
အစ်ကိုနျူးပင်လျှင် လီလန်အနီးသို့ ကပ်လာပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
"ဒုခေါင်းဆောင် အဲဒီလူဆိုးအချင်းချင်း ရှင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ..."
လီလန်သည် အစ်ကိုနျူးကို တစ်ချက်ကြည့်၍ လည်ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။
"ညီအစ်ကိုတွေက သတ်ဖြတ်ရတဲ့ ဘဝနဲ့ ရင်းနှီးနေကြပြီလေ အခု ငါက မင်းတို့ကို ပိုက်ဆံနည်းနည်းပေးပြီး အိမ်ပြန်လယ်လုပ်စားလို့ ပြောရင်တောင် မင်းတို့က သဘောတူမှာ မဟုတ်ဘူးမလား..."
လီလန်၏ စကားများမှာ အလွန်ပင် ထိမိလှသဖြင့် သေချာနားထောင်နေသော အစ်ကိုနျူးပင်လျှင် ခေါင်းညိတ်လိုက်မိတော့သည်။
ဤကာလအတွင်း ဘဝမှာ အလွန်အေးချမ်းခဲ့သော်လည်း သူ၏ ညီအစ်ကိုအချို့မှာ တစ်ခါတစ်ရံ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြသည်။
သတ်ဖြတ်ရသည့် ဘဝနှင့် ရင်းနှီးနေခဲ့ကြသဖြင့် ရုတ်တရက် သာမန်လူများကဲ့သို့ နေထိုင်ရသည်မှာ သူတို့အတွက် အနည်းငယ် စိမ်းသက်နေခဲ့သည်။
ဤကာလအတွင်း အစ်ကိုနျူးသည် စိတ်မထိန်းနိုင်ဘဲ အပြင်ထွက်၍ ပြဿနာရှာခဲ့သော နောက်လိုက်အချို့ကို အရေးယူခဲ့ပြီးဖြစ်သည်။
အစ်ကိုနျူးသည် ကန့်ကွက်သံများအားလုံးကို အချိန်တိုအတွင်း ဖိနှိပ်ထားနိုင်ခဲ့သော်လည်း သို့ရာတွင် ရေရှည်အတွက် ကြည့်မည်ဆိုပါက ဤသည်မှာ ကောင်းမွန်သော ဖြေရှင်းနည်း မဟုတ်ပေ။
ယနေ့ လီလန် ပေးလိုက်သော အကြံဉာဏ်မှာ အလွန်ပင် ကောင်းမွန်လှသည်။
လူဆိုးအချင်းချင်း ရှင်းခြင်း။
မြေအောက်လောကဆိုသည်မှာ မူလကတည်းက တရားမဝင်ပေ။
မြေအောက်လောကမှ လူများအတွက် အာဏာပိုင်များက အမြဲတမ်း မျက်စိမှိတ်ပေးထားလေ့ရှိသည်။
သာမန်လူများကို မထိခိုက်သရွေ့ မြေအောက်လောကမှ လူများ သေဆုံးသွားလျှင်လည်း သေပါစေဟူ၍သာ သတ်မှတ်ကြသည်။
"အစ်ကိုနျူး ညီအစ်ကိုတွေကို စုစည်းပြီး အခုပဲ ဝံပုလွေရိုင်းဂိုဏ်းသားတွေကို သွားဖမ်းကြ…”
အစ်ကိုနျူး အပြည့်အဝ နားမလည်နိုင်ခင်မှာပင် လီလန်က ရုတ်တရက် လှည့်၍ ပြောလိုက်သည်။
"ပါးပါးနပ်နပ် လုပ်ကြ..."
"အစပိုင်းမှာ ဝံပုလွေရိုင်းဂိုဏ်းနဲ့ တိုက်ရိုက် မရင်ဆိုင်နဲ့..."
"အခုအချိန်မှာ သူတို့က အလင်းမှာရှိနေပြီး ငါတို့က အမှောင်ထဲမှာရှိနေတာ..."
"ဒီအခွင့်အရေးကောင်းကို အရယူကြ..."
လီလန်သည် အခန်းတစ်ခုလုံးကို အကဲခတ်ကြည့်ရှုကာ အဟောအပြောကောင်းစွာဖြင့် ပြောလိုက်သည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝံပုလွေရိုင်းဂိုဏ်းက သံမဏိစက်ရုံက လူတွေကို သွားပြဿနာရှာထားတယ် ဒီတစ်ကြိမ် ဝံပုလွေရိုင်းဂိုဏ်းကို ရှင်းမှာ ငါတို့ ချင်းလုံဂိုဏ်းတစ်ခုတည်း မဟုတ်ဘူး..."
"တရားဝင်လမ်းကြောင်းပေါ်က လူတွေတောင် သူတို့ကို ရှင်းဖို့ ကြိုးစားနေကြတာ..."
"ငါတို့ ချင်းလုံဂိုဏ်းရဲ့ အင်အားက ကြီးမားပေမယ့် ကိုယ့်အင်အားတစ်ခုတည်းနဲ့ ဝံပုလွေရိုင်းဂိုဏ်းကို မြန်မြန်ဆန်ဆန် ဖြိုခွဲပစ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး..."
ဤနေရာတွင် လီလန်၏ လေသံမှာ ပြောင်းလဲသွားပြီး ရုတ်တရက် အသံကျယ်လာသည်။
"ဒါပေမယ့် တရားဝင်လမ်းကြောင်းပေါ်က လူတွေနဲ့သာ ပူးပေါင်းလိုက်ရင် ဝံပုလွေရိုင်းဂိုဏ်းကို မြန်မြန်ဆန်ဆန် ဖြိုခွဲနိုင်လိမ့်မယ်..."
ယနေ့နံနက် ခရိုင်မြို့အတွင်း လမ်းလျှောက်ထွက်ပြီးနောက် လီလန်သည် ချင်းလုံဂိုဏ်း၏ မကြာသေးမီက တိုးတက်မှုအခြေအနေများကို အနည်းငယ် နားလည်လာခဲ့သည်။
ချင်းလုံဂိုဏ်း တရားဝင်လမ်းကြောင်းပေါ် ရောက်သွားပြီးနောက် တရားဝင် လုပ်ငန်းများစွာကို တိုးချဲ့လုပ်ကိုင်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သို့ရာတွင် တစ်ချိန်တည်းမှာပင် မြေအောက်လောကအပေါ် သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းမှာ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။
စောစောက ဆေးဆိုင်အဝင်ဝတွင် ရှိနေစဉ် လူမိုက်ရမ်းကားအချို့ ဆေးဆိုင်အဝင်ဝတွင် လက်ညှိုးထိုးကာ လက်ဟန်ခြေဟန်ဖြင့် ပြုမူနေကြသည်ကို သူ မြင်တွေ့ခဲ့ရသည်။
ဤသို့ဆိုလျှင် အဆင်မပြေနိုင်ပေ။
ချင်းလုံဂိုဏ်းမှာ တရားဝင်လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်သော်လည်း သူတို့၏ စစ်ရေးအင်အားကိုမူ လုံးဝ စွန့်လွှတ်၍မရပေ။
မြေအောက်လောကတွင် အင်အားဆိုသည်မှာ အခိုင်မာဆုံး အာမခံချက်ပင်ဖြစ်သည်။
လီလန်၏ အစီအစဉ်အရ ချင်းလုံဂိုဏ်း တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိရန်မှာ အလွန်အရေးကြီးပါသည်။
သို့ရာတွင် ချင်းလုံဂိုဏ်းအနေဖြင့် သင့်လျော်သော အချိန်များတွင် အစွယ်ထုတ်ပြရန်လည်း လိုအပ်ပေသည်။
ချင်းလုံဂိုဏ်းကို မလေးမစား လုပ်ရဲသော ရန်သူအားလုံးကို ဆွဲဆုတ်ပစ်ရန်ဖြစ်သည်။
လူသားစား ကျားတစ်ကောင် မျက်လုံးပွင့်လာသည်နှင့် သွေးဆာလာတော့မည်သာ ဖြစ်သည်။
မကြာသေးမီက ဝံပုလွေရိုင်းဂိုဏ်းမှာ အလွန်ပင် ထင်ပေါ်ကျော်ကြားနေခဲ့သည်။
ချင်းလုံဂိုဏ်းက သူတို့ကို ယဇ်ကောင်အဖြစ် အသုံးချပေလိမ့်မည်။
"ရှောင်နျူး ဒီကိုခဏလာခဲ့..."
ညီအစ်ကိုများစွာ၏ အကြည့်အောက်တွင် လီလန်က အစ်ကိုနျူးကို သူ၏အနီးသို့ ခေါ်ကာ နားထဲသို့ တီးတိုး စကားတစ်ခွန်း ပြောလိုက်သည်။
"ဒုခေါင်းဆောင် ဒီဗျူဟာက ကောင်းတယ် ဒီဗျူဟာက သိပ်ကောင်းတာပဲ..."
လီလန်၏ အစီအစဉ်ကို ကြားပြီးနောက် အစ်ကိုနျူး၏ မျက်လုံးများက လင်းလက်သွားတော့သည်။
သူ ဆက်မပြောနိုင်ခင်မှာပင် လီလန်က လက်ယမ်း၍ ဖြတ်ပြောလိုက်သည်။
"မြှောက်ပင့်ပြောဆိုနေစရာ မလိုပါဘူး..."
"အခု သွားပြီး ညီအစ်ကိုတွေကို ဦးဆောင်လိုက်တော့..."
လီလန်က သူတို့ကို ထွက်သွားရန် တိုက်တွန်းနေသည်ကို မြင်သော်လည်း အစ်ကိုနျူးမှာ ဒေါသမထွက်ပေ။
ယင်းအစား အခြားသော နောက်လိုက်များကဲ့သို့ပင် လီလန်ကို အရိုအသေပေးလိုက်သည်။
"ဟုတ်ကဲ့ပါ..."
"ဒုခေါင်းဆောင်..."
"ကျွန်တော်တို့ သွားတော့မယ်..."
"ဒါဆိုလည်း အားလုံးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..."
ချက်ချင်းပင် အစ်ကိုနျူး ဦးဆောင်သော တောင့်တင်းခိုင်မာသည့် လူတစ်ဒါဇင်ခန့်မှာ ဆေးဆိုင်အတွင်းမှ ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားကြတော့သည်။
ပိုင်ရှန်းမြို့နယ်။
မြေအောက် လောင်းကစားရုံ။
"ကျွီ..."
တံခါးဖွင့်လိုက်သော အသံနှင့်အတူ အစ်ကိုနျူးသည် ညီအစ်ကိုနှစ်ယောက်နှင့်အတူ ဝင်ရောက်လာခဲ့သည်။
ဤလောင်းကစားရုံကို စည်ကားလှသော ဟင်းသီးဟင်းရွက်ဈေးတစ်ခု၏ အောက်တွင် တည်ဆောက်ထားပြီး အပေါ်ထပ်တွင် ဈေးရှိလေသည်။
သို့ရာတွင် ဟင်းသီးဟင်းရွက်ဈေး၏ မြေအောက်ခန်းအောက်တွင်မူ လျှို့ဝှက်မြေအောက် လောင်းကစားရုံတစ်ခု ရှိနေလေသည်။
မြေအောက် လောင်းကစားရုံအတွင်း လေဝင်လေထွက်မှာ အလွန်ဆိုးရွားပြီး လေထုထဲတွင် ထူထပ်သော မီးခိုးငွေ့များ ဖုံးလွှမ်းနေသည်။
လောင်းကစားရုံအတွင်း မျက်လုံးနီရဲနေသော လောင်းကစားသမားများ၏ အသံများဖြင့် ပြည့်နှက်နေ၏။
"အကြီး…အကြီး.. အကြီး..."
"ငါကတော့ အသေးလောင်းမယ်..."
"ဒီတစ်ပွဲကတော့ သုံးဆ သေချာပေါက် ရမှာပဲ..."
"လာကြ… လာကြ…ငါ့ကံတွေ ကောင်းနေပြီ..."
"အားလုံးပဲ ငါလောင်းတဲ့နောက် လိုက်လောင်းကြ..."
ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် အစ်ကိုနျူးရောက်ရှိလာမှုက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေသည်။
သို့ရာတွင် ရောက်လာသူမှာ အစ်ကိုနျူးဖြစ်ကြောင်း မြင်လိုက်ရပြီးနောက် လောင်းကစားသမားများမှာ မိမိဘာသာ ဆက်လက် လောင်းကစားနေကြသည်။
သူတို့အားလုံးမှာ လောင်းကစားကို စွဲလမ်းနေကြသူများ ဖြစ်ကြရာ ရောက်လာသူများမှာ ရဲစခန်းမှ မဟုတ်သရွေ့ အရာအားလုံး အဆင်ပြေနေမည်သာဖြစ်သည်။
"အိုး…ဒါက အစ်ကိုနျူး မဟုတ်လား..."
"မတွေ့ရတာ ကြာပြီနော် အစ်ကိုနျူး ဘယ်လိုဖြစ်လို့ ဒီကို ရုတ်တရက်ကြီး ရောက်လာရတာလဲ..."
အစ်ကိုနျူးသည် ညီအစ်ကိုနှစ်ယောက်နှင့်အတူ ဝင်လာသည်ကို မြင်လိုက်ရသောအခါ မြေအောက် လောင်းကစားရုံပိုင်ရှင်မှာ လျင်မြန်စွာပင် ထွက်ကြိုလေသည်။
ဤသူဌေးမှာ အဝါရောင် သွားခေါများရှိပြီး ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ဆင်ထားသည်။ အစ်ကိုနျူးကို မြင်လိုက်ရသောအခါ သူ၏ ပဲစေ့လုံးခန့် မျက်လုံးငယ်လေးများမှာ လျင်မြန်စွာ ကစားသွားတော့သည်။
ချင်းလုံဂိုဏ်းသားများ ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူသည် အစ်ကိုနျူးထံသို့ အမြန်လျှောက်သွားပြီး မြှောက်ပင့်ကာ ပြောလိုက်သည်။
"အစ်ကိုနျူးရဲ့ ဂုဏ်သရေရှိတဲ့ ခြေလှမ်းတွေက ကျွန်တော်တို့ကို ဂုဏ်ပြုလိုက်တာပါပဲ ကျွန်တော့် လောင်းကစားရုံလေးကတော့ အစ်ကိုနျူးရဲ့ အလင်းရောင်ကြောင့် တကယ့်ကို ကျက်သရေရှိသွားပါပြီ..."
"အစ်ကိုနျူး အစ်ကိုနဲ့ ညီအစ်ကိုတွေ ဒီမှာ ဆော့ချင်တယ်ဆိုရင် ညီအစ်ကိုတွေ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်အောင် ကျွန်တော်ကပဲ ပိုက်ဆံထုတ်ပေးပါ့မယ်..."
လောင်းကစားရုံပိုင်ရှင်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဝန်ထမ်းအချို့က ဗန်းများကိုင်လျက် အစ်ကိုနျူးရှေ့သို့ ရောက်လာကြသည်။
"အစ်ကိုနျူး တစ်ယောက်ကို ယွမ်နှစ်ဆယ်စီပါ..."
"အစ်ကိုနဲ့ ညီအစ်ကိုတွေ ပျော်ပျော်ရွှင်ရွှင်သာ ကစားကြပါ..."
လောင်းကစားရုံပိုင်ရှင် မည်မျှနားလည်တတ်ကြောင်းကို မြင်လိုက်ရသောအခါ အစ်ကိုနျူးက သူ့ကို အခက်မတွေ့စေခဲ့ပေ။ သူသည် လောင်းကစားရုံ၏ အတွင်းအပြင်ကို ပတ်ချာလှည့် ကြည့်ရှုပြီးနောက် ပြောလိုက်သည်။
"ဟွမ်လောင်စန်း မင်းရဲ့ လုပ်ငန်းက ဒီမှာတော်တော်လေး အဆင်ပြေနေတာပဲ..."
"အစ်ကိုနျူးတောင် ဒီကိုရောက်လာမှတော့ ကျွန်တော့်ရဲ့ လောင်းကစားရုံက သဘာဝကျကျကို ငွေဝင်လမ်းတွေ ဖြောင့်တန်းနေတော့မှာပေါ့ ပိုက်ဆံရေရတာ လက်တောင် ညောင်းနေဦးမယ်..."
ဟွမ်လောင်စန်း ဆက်မပြောနိုင်ခင်မှာပင် အစ်ကိုနျူးက ဖြတ်ပြောလိုက်သည်။
"မင်းဆီမှာ ဝံပုလွေရိုင်းဂိုဏ်းက လူတချို့ ရှိနေတယ်လို့ ငါ ကြားထားတယ်နော်..."
ဝံပုလွေရိုင်းဂိုဏ်းကို အစ်ကိုနျူး ထည့်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ဟွမ်လောင်စန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့သည်။
သူ၏ နှလုံးသားမှာ ရုတ်တရက် လည်ချောင်းဝသို့ ရောက်လာသကဲ့သို့ပင်။
သူ့ကို လူမှုအသိုင်းအဝိုင်းတွင် ဝါရင့်သူတစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
ဝံပုလွေရိုင်းဂိုဏ်းနှင့် ချင်းလုံဂိုဏ်းကြားရှိ ရာဇဝင်ကို သူ မည်သို့များ မသိဘဲ နေမည်နည်း။
ချင်းလုံဂိုဏ်းမှာ အခြေခံအုတ်မြစ် ခိုင်မာပြီး ဝံပုလွေရိုင်းဂိုဏ်းမှာမူ ရက်စက်ကြမ်းကြုတ်လှသည်။
ဤအဓိက ဂိုဏ်းကြီးနှစ်ခုလုံးကို သူ လုံးဝ ပြစ်မှား၍ မရနိုင်ပေ။
ဤအကြောင်းကို တွေးမိသောအခါ ဟွမ်လောင်စန်းသည် လစ်ထွက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက်သွားကာ ခြေထောက်များ မြေကြီးနှင့် လွတ်သွားသည်ကို တွေ့လိုက်ရသည်။
သူသည် အလိုအလျောက်ပင် နောက်သို့ လှည့်ကြည့်လိုက်ရာ တောင့်တင်းသော အမျိုးသားတစ်ဦးက သူ၏ ကျောကို မတင်ထားသည်ကို တွေ့လိုက်ရသည်။
"ဟွမ်လောင်စန်း ဒီနေ့ မင်းကို ဒုက္ခပေးနေဖို့ အချိန်မရှိဘူး..."
"မင်း ပါးနပ်မယ်ဆိုရင် ငါတို့ကို ဝံပုလွေရိုင်းဂိုဏ်းက လူတွေဆီ သွားပြပေးစမ်း..."
အစ်ကိုနျူးက စကားပြောရင်း သူ၏ အိတ်ကပ်ထဲမှ ထူထဲသော ငွေစက္ကူထပ်ကြီးကို ထုတ်ယူလိုက်ရာ ယွမ်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် ရှိပုံရသည်။
"ဒီနေ့ ငါတို့ ဝံပုလွေရိုင်းဂိုဏ်းက လူတွေနဲ့ ယှဉ်ပြိုင်ချင်ရုံလေးပါ..."
"ဒီနေ့ လောင်းကစား ပညာရပ်ကို ယှဉ်ပြိုင်ကြမယ်..."
အစ်ကိုနျူး လက်ထဲရှိ ငွေများကို ကြည့်ကာ ဟွမ်လောင်စန်း၏ လည်စေ့မှာ မနေနိုင်ဘဲ လှုပ်ရှားသွားပြီး တံတွေးတစ်ချက် မျိုချလိုက်မိသည်။
သူ၏ အသံမှာ ရုတ်တရက် အလွန်အက်ကွဲသွားတော့သည်။
"အစ်ကိုနျူး ဒီနေ့လာတဲ့ ဝံပုလွေရိုင်းဂိုဏ်းက လူအနည်းငယ်က လောင်းကစား အရမ်း ကျွမ်းကျင်ကြတယ်..."
"အစ်ကိုတို့ အရှုံးပေါ်သွားမှာကို စိုးရိမ်မိပါတယ်..."
ဟွမ်လောင်စန်း၏ တုံ့ဆိုင်းနေမှုကို မြင်လိုက်ရသောအခါ အစ်ကိုနျူးက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အသံမှာ အေးစက်သွားတော့သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ..."
"အခုပဲ အဲဒီကို ခေါ်သွားစမ်း..."
ဆေးဆိုင် အခန်းတွင်း။
လီလန်သည် ဧည့်ခန်းရှိ အဓိကထိုင်ခုံကြီးပေါ်တွင် ခြေချိတ်ထိုင်ကာ ရေနွေးကြမ်းပူပူတစ်ခွက်ကို ကိုင်၍ ပေါ့ပေါ့ပါးပါး သောက်သုံးနေသည်။
ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင်တစ်ဦးအနေဖြင့် လီလန် သောက်သော လက်ဖက်ရည်မှာ အကောင်းဆုံး အရည်အသွေးရှိသော လက်ဖက်ရည်ပင်ဖြစ်သည်။
လက်ဖက်ရည်မှာ လတ်ဆတ်သော အရသာရှိပြီး လျှာပေါ်တွင် ချိုမြိန်သော အရသာကို ကျန်ရစ်စေသည်။
လီလန်က တစ်ငုံသာ သောက်လိုက်ရုံဖြင့် တစ်ကိုယ်လုံး လန်းဆန်းသွားသည်ကို ချက်ချင်း ခံစားလိုက်ရတော့သည်။
"မဆိုးပါဘူး လက်ဖက်ရည်ကို ပြောင်းလဲဖို့ သိသားပဲ..."
လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီးနောက် လီလန်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
အစ်ကိုနျူးတို့ ထွက်သွားပြီးနောက် လေးငါးနာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
လီလန်၏ အစီအစဉ်အရ သူတို့ အခုချိန်လောက်ဆို ပြန်ရောက်နေသင့်ပြီ မဟုတ်လား။
လီလန် တွေးတောနေစဉ်မှာပင် ဆေးဆိုင်အပြင်ဘက်၌ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာတော့သည်။
ထို့နောက် ချက်ချင်းပင် ဆေးဆိုင်၏ နောက်ဖေးတံခါး ပွင့်သွားလေသည်။
ထူထပ်လှသော ခြေသံများအပြီးတွင် အစ်ကိုနျူးနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာကြသည်။
"ဒုခေါင်းဆောင်..."
"ကျွန်တော်တို့ ပြန်ရောက်ပါပြီ..."
"ဒီတစ်ကြိမ်တော့ ဝံပုလွေရိုင်းဂိုဏ်းက လူခြောက်ယောက်ကို တစ်ကြိမ်တည်း ဖမ်းမိလာတယ်..."
အစ်ကိုနျူးသည် အခန်းတွင်းသို့ ဦးဆောင်ဝင်ရောက်လာပြီး သူ အပြည့်အဝ ငြိမ်သက်မသွားခင်မှာပင် လီလန်ကို အရိုအသေပေးလိုက်သည်။
သူ၏ အဝတ်အစားများမှာ အနည်းငယ် စုတ်ပြတ်နေပြီး မျက်နှာပေါ်တွင် သွေးကွက်များဖြင့် ဖုံးလွှမ်းနေသော်လည်း အလွန်တက်ကြွနေပုံရသည်။
သူ၏ တောက်ပပြီး စူးရှသော မျက်လုံးနှစ်လုံးမှာပင် ထူးခြားစွာ တောက်ပနေလေသည်။
"သူတို့ကို ခေါ်လာခဲ့..."
သူ စကားပြောနေစဉ်မှာပင် တင်းကျပ်စွာ ချည်နှောင်ခံထားရသော လူခြောက်ယောက်မှာ လီလန်ရှေ့သို့ တွန်းပို့ခံလိုက်ရသည်။
သူတို့၏ ခေါင်းများကို အဝတ်အိတ်များဖြင့် စွပ်ထားပြီး ပါးစပ်များထဲတွင်လည်း ဂွမ်းများဖြင့် ဆို့ထားပုံရကာ စကားမပြောနိုင်ဘဲ အသံတိုးတိုးလေးများသာ ထွက်နိုင်ကြသည်။
"ဒူးထောက်စမ်း..."
ဤဝံပုလွေရိုင်းဂိုဏ်းသားများ လီလန်ကို မမြင်ရခင်မှာပင် သူတို့၏ ဒူးခေါင်းများမှာ အကန်ခံလိုက်ရသည်။
"ဒိုင်း" ခနဲ အသံများနှင့်အတူ ဝံပုလွေရိုင်းဂိုဏ်းသား ခြောက်ယောက်လုံး လီလန်ရှေ့တွင် ဒူးထောက်ကျသွားကြတော့သည်။
"ဒုခေါင်းဆောင် ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ ချမ်းသာပြီ..."
အစ်ကိုနျူး၏ အသံမှာ အလွန်စိတ်လှုပ်ရှားနေလေသည်။
"ဒီတစ်ကြိမ်မှာ ဝံပုလွေရိုင်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လေးဖြစ်တဲ့ ကျိုးဟောက်ဇီကို ဖမ်းမိလာတယ်..."
"ပြီးတော့ လူမိုက်ငယ်လေး ငါးယောက်လည်း ပါတယ် သတင်းပို့ပြီး ဆုလာဘ်တောင်းဖို့ အနေတော်ပဲ..."
ခေါင်းဆောင်ငယ်တစ်ဦးလျှင် ယွမ်တစ်ရာ ဖြစ်သည်။
လူမိုက်ငယ် ငါးဦး၊ တစ်ဦးလျှင် ယွမ်သုံးဆယ်စီဖြင့် စုစုပေါင်း ယွမ်တစ်ရာ့ငါးဆယ် ရမည်ဖြစ်သည်။
အားလုံးပေါင်းလိုက်ပါက ယွမ်နှစ်ရာ့ငါးဆယ်ပင်။