အခန်း ၄၅၃
Vol. 46 Ch. 453
အခန်း (၄၅၃) မုန်တိုင်းမလာမီ
"ကျွန်တော်တို့တော့ ချမ်းသာပြီ ဒုခေါင်းဆောင်..."
"အခုဟာက ယွမ်နှစ်ရာနီးပါးလောက် ရှိတယ်..."
"ဒီတစ်ကြိမ်တော့ ငါတို့ညီအစ်ကိုတွေ နာမည်ရသွားပြီ..."
"မကြာသေးမီက ဝံပုလွေရိုင်းဂိုဏ်းက ကောင်တွေ သောင်းကျန်းနေကြတာ..."
"ကျားမရှိတဲ့တောမှာ မျောက်က ဘုရင်လုပ်ချင်နေတာ..."
"သေစမ်း ငါတို့ ချင်းလုံဂိုဏ်းကသာ ငြိမ်နေရင် အပြင်လူတွေက ချင်းလုံဂိုဏ်းတော့ ပြီးသွားပြီလို့ ထင်ကုန်ကြမှာပဲ..."
"မကြာသေးခင်က လမ်းပေါ်က ကောင်တွေတောင် ငါတို့ကို အလေးမထားဝံ့ကြဘူး အခု ဝံပုလွေရိုင်းဂိုဏ်းကို ရှင်းလင်းလိုက်ပြီဆိုတော့ ချင်းလုံဂိုဏ်းကို ဘယ်သူက ဆန့်ကျင်ရဲသေးလဲ ကြည့်ရသေးတာပေါ့..."
"ဒီတစ်ကြိမ်တော့ ညီအစ်ကိုတွေ တကယ်ပဲ ဒေါသထွက်ပေါက် ပွင့်သွားကြပြီ..."
"ဟားဟားဟား ဒုခေါင်းဆောင် မြေအောက်လောင်းကစားရုံကို အုပ်ချုပ်တဲ့ ဟွမ်လောင်စန်းရဲ့ မျက်နှာ ဘယ်လောက် ဖြူဖျော့သွားလဲဆိုတာ ခင်ဗျား ယုံနိုင်မှာတောင် မဟုတ်ဘူး..."
"ဝံပုလွေရိုင်းဂိုဏ်းက အရူးကောင်တွေက သူတို့ကိုယ်သူတို့ လောင်းကစားဆရာကြီးတွေလို့ ထင်နေကြတာ တကယ်တော့ သူတို့က ဘာမှမဟုတ်ပါဘူး..."
ချင်းလုံဂိုဏ်းမှ နောက်လိုက်များသည် လီလန်၏ ဘေးတွင် ဝိုင်းရံလျက် ပြုံးရွှင်စွာဖြင့် ဝံပုလွေရိုင်းဂိုဏ်းအား မည်သို့ ဖြေရှင်းခဲ့ကြောင်းကို တတွတ်တွတ် ပြောဆိုနေကြသည်။
"ဒုခေါင်းဆောင် ဒီတစ်ကြိမ် လောင်းကစားရုံမှာ ဝံပုလွေရိုင်းဂိုဏ်းကို နိုင်လိုက်တာက လက်ခြောက်ချောင်းရဲ့ ကျေးဇူးတွေချည်းပါပဲ..."
ရှောင်နျူးသည် လူအုပ်ကို တိုးထွက်လာပြီး လီလန်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ဦးညွှတ်လျက် ပြောလိုက်လေသည်။
ရှောင်နျူး စကားပြောအပြီးတွင် လီလန်သည် သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ အရပ်ရှည်ရှည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရ၏။ ထိုအမျိုးသားမှာ အသက်သုံးဆယ်ကျော် အရွယ်ခန့်ရှိပြီး အလွန်ပိန်ပါးသည်။ သူ၏ အရိုးများမှာ ရှည်လျားသွယ်လျပြီး လီလန်၏ အာရုံကို ဖမ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ ဘယ်ဘက်လက်သန်းတွင် ရှိနေသော အပိုလက်ချောင်းတစ်ချောင်းပင် ဖြစ်သည်။ သူသည် မွေးရာပါ လက်ခြောက်ချောင်း ပါလာသူ ဖြစ်၏။
"ဂါရဝပြုပါတယ် ဒုခေါင်းဆောင်..."
ရှောင်နျူးက သူ့ကို မိတ်ဆက်ပေးသည်ကို မြင်သောအခါ လက်ခြောက်ချောင်းသည် လီလန်၏ ရှေ့သို့ အလျင်အမြန် လာခဲ့ပြီး စကားပြောနေရင်း သူ၏ ဒူးများမှာ ခွေကျသွားကာ လီလန်၏ အရှေ့တွင် တိုက်ရိုက်ပင် ဒူးထောက်လိုက်သည်။
"ဒုခေါင်းဆောင် ကျွန်တော်က လက်ခြောက်ချောင်းပါ..."
လက်ခြောက်ချောင်းသည် သူ၏ လက်များကို မြေပြင်ပေါ်တွင် ထောက်ထားပြီး လီလန်အား ကြီးမားသော ဂါရဝပြုမှုတစ်ခုလုပ်ရန် ပြင်ဆင်လိုက်၏။
ဤတစ်ကြိမ်တွင် ဝံပုလွေရိုင်းဂိုဏ်းကို ဖမ်းဆီးရန် သူတို့၏ စစ်ဆင်ရေးသည် အလွန်ချောမွေ့စွာ အောင်မြင်ခဲ့ရခြင်းမှာ လီလန်၏ အစီအစဉ်ကြောင့်သာ ဖြစ်ပေသည်။
လက်ခြောက်ချောင်းသည် ခေါင်းကို ငုံ့၍ ပြင်းပြင်းထန်ထန် ဦးညွှတ်ရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ သူ၏ လက်မောင်းများကို အောက်သို့ ချ၍မရနိုင်တော့ပေ။
လက်ခြောက်ချောင်းသည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သောအခါ မည်သည့်အချိန်ကတည်းက လီလန်သည် သူ၏ အရှေ့သို့ ရောက်နေမှန်း မသိလိုက်ပေ။ လီလန်သည် လက်တစ်ဖက်ကို ဆန့်တန်း၍ လက်ခြောက်ချောင်း၏ လက်မောင်းကို ညင်သာစွာ ပင့်မထားခဲ့ရာ လက်ခြောက်ချောင်းက တံတောင်ဆစ်များကို အသုံးပြု၍ မည်မျှပင် အားကုန်သုံးကာ ဖိချစေကာမူ သူ လုံးဝ ဦးညွှတ်၍ မရနိုင်တော့ပေ။
"ဒုခေါင်းဆောင်ရဲ့ အထင်ကြီးစရာကောင်းလှတဲ့ စွမ်းရည်ပဲ..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လက်ခြောက်ချောင်းမှာ မအံ့သြဘဲ မနေနိုင်တော့ချေ။ သူသည် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ရာ လီလန်၏ လှုပ်ရှားမှုမှာ ရိုးရှင်းပုံရသော်လည်း တကယ်တမ်းတွင်မူ အလွန် ခက်ခဲလှပေသည်။ သူသည် သူ၏ ခါး၊ ကျောနှင့် ဝမ်းဗိုက်တစ်ခုလုံးရှိ အင်အားများဖြင့် ဖိချနေသော်လည်း လီလန်က လက်တစ်ဖက်တည်းဖြင့် သူ့ကို တားဆီးထားနိုင်သည်မဟုတ်လော။ အလွန် အံ့မခန်းဖြစ်ပေသည်။ သူတို့ ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင်ဟူသော အမည်နှင့်အညီ သူ၏ လုပ်ရပ်များမှာ ထူးကဲလှပေသည်။
သူ၏ ညီအစ်ကိုများ၏ ကြည်ညိုလေးစားနေသော မျက်လုံးများကို ကြည့်ကာ လီလန်က တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"ငါတို့အားလုံးက ညီအစ်ကိုတွေပဲ ဘာလို့ဒူးထောက်နေရတာလဲ..."
လီလန်၏ အကြည့်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဝံပုလွေရိုင်းဂိုဏ်းမှ နောက်လိုက်ခုနစ်ယောက်ပေါ်သို့ ကျရောက်သွားပြီးနောက် သူ၏ အနားတွင် ရှိနေသော ညီအစ်ကိုများအပေါ်သို့ ရောက်ရှိသွားတော့သည်။
"ဒဏ်ရာရတဲ့သူရှိရင် အမြန်ရှေ့ထွက်လာကြ ဒီနေရာက ငါတို့ရဲ့ ဆေးပေးခန်းပဲ..."
"မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို အရင် ကုသကြတာပေါ့..."
"ငွေတွေ အများကြီးရှိရင်တောင် အဲ့ဒီငွေတွေကို သုံးဖို့ အသက်ရှင်နေဖို့ လိုတယ်မဟုတ်လား..."
လီလန် စကားပြောအပြီးတွင် ယခင်က ဆူညံနေခဲ့သော နောက်လိုက်များအားလုံးမှာ တိတ်ဆိတ်သွားကြတော့သည်။ နောက်ဆုံးတွင် ရှောင်နျူးသည် ရှေ့သို့ ထွက်လာခဲ့ပြီး လီလန်၏ ဘေးသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်၏။
"ဒုခေါင်းဆောင် ဒီတစ်ကြိမ် ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးက အရမ်းရုတ်တရက်ဆန်တော့ ဝံပုလွေရိုင်းဂိုဏ်းက ဘာမှကြိုတင်ပြင်ဆင်ထားနိုင်ခဲ့တာ မရှိဘူး..."
"ညီအစ်ကိုတွေထဲက ဘယ်သူမှ ဒဏ်ရာမရကြပါဘူး သူတို့ကိုယ်ပေါ်က သွေးတွေ အားလုံးက ဝံပုလွေရိုင်းဂိုဏ်းဆီက သွေးတွေချည်းပါပဲ..."
ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများ မည်သူမျှ ဒဏ်ရာမရခဲ့ကြောင်းကို ကြားလိုက်ရသည့်အခါ လီလန်၏ မျက်နှာသည် ဘာခံစားချက်မှ မဖော်ပြသော်လည်း သူသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိခိုက်သေဆုံးမှု မရှိခြင်းမှာ ကောင်းမွန်လှပေသည်။ သူ၏ ဤချင်းလုံဂိုဏ်းမှ ညီအစ်ကိုများအားလုံးမှာ ပြုပြင်ပြောင်းလဲထားသူများ ဖြစ်ကြသည်။ မိမိ၏ ညီအစ်ကိုများ ထိခိုက်သေဆုံးရသည်ကို သူ မမြင်တွေ့လိုပေ။
လီလန် တွေးတောနေစဉ်မှာပင် ရှောင်နျူးက ထပ်ပြောလာခဲ့သည်။
"ဒုခေါင်းဆောင် ကျွန်တော်တို့ရဲ့ နောက်တစ်ဆင့်က ဘာလဲ..."
"ညွှန်ကြားချက်တွေအတိုင်း ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပြီး လက်ခြောက်ချောင်းရဲ့ ပြောင်မြောက်လှတဲ့ ဖဲကစားစွမ်းရည်နဲ့ ဝံပုလွေရိုင်းဂိုဏ်းရဲ့ ငွေတွေ အားလုံးကို နိုင်အောင် ယူခဲ့တယ်..."
"ပြီးတော့ သူတို့ကို စကားနဲ့ တမင်သက်သက် ရန်စခဲ့ပြီး သူတို့ဘက်က အရင်စတင် တိုက်ခိုက်လာအောင် ဖိအားပေးခဲ့တယ်..."
"အခုတော့ အဲ့လူတွေ အားလုံး ဒီနေရာကို ရောက်နေကြပြီ သူတို့ကို ကျူးတာ့ကျွင်းဆီ ပို့ပြီး ဆုကြေးငွေ ယူရတော့မလား..."
ဤစကားကို ကြားလိုက်ရသည့်အခါ လီလန်က ခေါင်းညိတ်လိုက်သည်။ ယခု ဝံပုလွေရိုင်းဂိုဏ်းဝင်များကို ဖမ်းဆီးထားနိုင်ပြီဖြစ်ရာ သူတို့ကို ငွေနှင့် လဲလှယ်ရန်မှာ အဓိကလုပ်ငန်းစဉ်ပင် ဖြစ်လေသည်။
ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ချင်းလုံဂိုဏ်း၏ နောက်လိုက်များကို ကျောခိုင်းလျက် ပြောလိုက်၏။
"အားလုံးပဲ အရင်နားကြပါဦး တစ်ခုခုစားပြီး အနားယူကြ..."
"ပြီးတော့ ခရိုင်မြို့မှာရှိတဲ့ ချင်းလုံဂိုဏ်းက ညီအစ်ကိုတွေ အားလုံးကို တိတ်တဆိတ် ခေါ်လိုက်ပါ..."
"ငါတို့နဲ့ စေ့စပ်ညှိနှိုင်းဖို့ လာမယ့် ဝံပုလွေရိုင်းဂိုဏ်းက ကောင်တွေ ရောက်လာတာနဲ့ တစ်ပြိုင်နက် ငါတို့ သူတို့အားလုံးကို အမြစ်ဖြုတ် ရှင်းလင်းပစ်မယ်..."
"အမြစ်ဖြုတ် ရှင်းလင်းပစ်မယ်" ဟူသော စကားကို ပြောလိုက်ချိန်တွင် လီလန်၏ ညာဘက်လက်သီးက သူ၏ ဘယ်ဘက်လက်ဝါးထဲသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
သူသည် ဤအချိန်အခါကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ဝံပုလွေရိုင်းဂိုဏ်း ပျောက်ကွယ်သွားရမည့်အချိန် ရောက်လာခဲ့ပြီဖြစ်၏။ အကြမ်းဖက်မှုများကို လုံးဝ ပပျောက်အောင် မလုပ်နိုင်သည့်တိုင်အောင် အကြမ်းဖက်မှုကို မိမိ၏ ကိုယ်ပိုင်လက်ထဲတွင် ဆုပ်ကိုင်ထားခြင်းက ပို၍ ကောင်းမွန်လေသည်။
ထို့ပြင် ဝံပုလွေရိုင်းဂိုဏ်းကို ရှင်းလင်းခြင်းသည် ဒေသခံပြည်သူများအတွက် ခြိမ်းခြောက်မှုကို ဖယ်ရှားပေးရုံသာမက ငွေကြေးများကိုပါ ဝင်လာစေမည် ဖြစ်ပေသည်။
ဘာယီသံမဏိစက်ရုံ၏ ဒုတိယစက်ရုံမှူးဖြစ်သော ကျူးတာ့ကျွင်းသည် သူ၏ ရာထူးကို ဆယ်စုနှစ်များစွာကြာ ရယူထားခဲ့သူ ဖြစ်သည်။ သူ၏ မိသားစုရှိ ရွှေတောင် ငွေတောင်ကြီးများမှာ ခန့်မှန်း၍ပင် မရနိုင်ပေ။
ထိုငွေများကို ကျူးတာ့ကျွင်း၏ လက်ထဲတွင် အလဟဿ ဖြစ်သွားစေမည့်အစား သူ၏ ချင်းလုံဂိုဏ်းဝင်များကြားတွင် ခွဲဝေပေးခြင်းက ပိုကောင်းပေသည်။ သူ၏ ညီအစ်ကို အများအပြားမှာ အခြေတကျ မရှိကြသေးဘဲ မိသားစုလည်း မတည်ထောင်ရသေးပေ။ ဤငွေများသည် ဇနီးတစ်ဦး ရှာဖွေရန်အတွက် ပြီးပြည့်စုံပေလိမ့်မည်။
ဤခေတ်တွင် ဇနီးတစ်ဦး လက်ထပ်ရခြင်းမှာ မသက်သာလှချေ။ အနည်းဆုံးအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိ ရပ်တည်နိုင်ရန် အိတ်ကပ်ထဲတွင် ယွမ်သုံးဆယ်မှ ငါးဆယ်အထိ လိုအပ်ပေသည်။ ယခုအခါတွင် ဝံပုလွေရိုင်းဂိုဏ်းက လီလန်အား ဤအခွင့်အရေးကို ပေးအပ်လာခဲ့ပြီ ဖြစ်သည်။ သူ ဤအခွင့်အရေးကို အရယူရမည်ဖြစ်၏။
လီလန်က ရည်မှန်းချက်များဖြင့် ပြည့်နှက်နေစဉ်မှာပင် ပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ လီလန်သည် အလိုအလျောက်ပင် ခေါင်းလှည့်ကြည့်လိုက်ရာ ညီအစ်ကိုနှစ်ဆယ်ကျော်ခန့်ရှိသော ချင်းလုံဂိုဏ်းဝင်များက သူ့အား စိုက်ကြည့်နေကြပြီး သူတို့ တစ်ဦးစီတိုင်း၏ မျက်နှာပေါ်တွင် အံ့သြနေသည့် အမူအရာများ ရှိနေကြသည်ကို မြင်လိုက်ရတော့သည်။
လီလန် : သူ ခုလေးတင် ပြောလိုက်သည့် စကားများက နားလည်ရန် ထိုမျှလောက် ခက်ခဲနေသလား။
လီလန်၏ နားမလည်နိုင်ဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ နောက်ဆုံးတွင် ရှောင်နျူးသည် သတ္တိမွေးကာ လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူသည် စကားမပြောမီ လီလန်အား သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်၍ အနည်းငယ် ဂါရဝပြုလိုက်လေသည်။
"ဒုခေါင်းဆောင် အဲ့ဝံပုလွေရိုင်းဂိုဏ်းဝင်တွေကို ငွေနဲ့ လဲလှယ်တာကို ကျွန်တော်တို့ နားလည်နိုင်ပေမယ့် တခြားဝံပုလွေရိုင်းဂိုဏ်းဝင်တွေကရော လာပါ့မလား..."
"ကျွန်တော်တို့က သူတို့လူတွေကို ဒီလောက်အများကြီး ဖမ်းထားတာတောင် သူတို့က ထောင်ချောက်ထဲကို ဝင်လာဦးမှာလား..."
"ဒါ့အပြင် ဒီနေ့ လောင်းကစားရုံမှာ ဝံပုလွေရိုင်းဂိုဏ်းနဲ့ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာကို သိုင်းလောကထဲက လူအများအပြား မျက်မြင်တွေ့ခဲ့ကြတယ်..."
"ပြီးတော့ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသားတွေကိုလည်း ထုတ်ဖော်ပြသခဲ့တယ်..."
"ဝံပုလွေရိုင်းဂိုဏ်းရဲ့ ဩဇာလွှမ်းမိုးမှုက မသေးဘူးနော်..."
"ငါတို့က ညီအစ်ကိုတွေကို တိတ်တဆိတ် စုဆောင်းလိုက်မယ်ဆိုရင် လူအင်အား လိုအပ်နေမှာလား..."
ဝံပုလွေရိုင်းဂိုဏ်းသည် အမှန်တကယ်ပင် ချင်းလုံဂိုဏ်းပြီးနောက် ပေါ်ထွက်လာသော ဂိုဏ်းတစ်ခု ဖြစ်သည်။ သို့သော် ဤဂိုဏ်း၏ အင်အားကို အထင်သေး၍ မရနိုင်ပေ။
ယနေ့တွင် သူတို့ ဆယ်ယောက်ကျော်ခန့် အတူတကွ လှုပ်ရှားခဲ့ပြီး ပြိုင်ဘက် ခုနစ်ယောက် ရှစ်ယောက်ခန့်ကို မနည်း ဖြုတ်ချနိုင်ခဲ့သည်။ သူတို့ ဒဏ်ရာမရခဲ့သော်လည်း ဝံပုလွေရိုင်းဂိုဏ်းဝင်များ၏ အင်အားမှာ ချင်းလုံဂိုဏ်းနှင့် ဆင်တူပေသည်။ ချင်းလုံဂိုဏ်းထက် အနည်းငယ်မျှသာ သေးငယ်ခြင်းဖြစ်၏။ ၎င်းကို လုံးဝ အထင်သေး၍ မရပေ။
ရှောင်နျူးသည် မြေအောက်လောကတွင် ဆယ်နှစ်ကျော်ကြာ ကျင်လည်ခဲ့သူဖြစ်ပြီး ဝံပုလွေရိုင်းဂိုဏ်း၏ အင်အားမှာ လုံးဝ အထင်သေး၍ မရကြောင်းကို သူ ကောင်းစွာ သိရှိထားသည်။ သူတို့သာ ပေါ့ဆမိပါက အလွယ်တကူပင် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပေသည်။
ရှောင်နျူး၏ စိုးရိမ်နေသော အမူအရာကို မြင်သော်လည်း လီလန်၏ စိတ်နေသဘောထားမှာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် လက်ကို ဝှေ့ယမ်းကာ ရှောင်နျူးအား စကားမပြောရန် အချက်ပြလိုက်သည်။ ထို့နောက် လီလန်သည် ရှောင်နျူးအား လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားစေသည့် မေးခွန်းများစွာကို ဆက်တိုက် မေးလိုက်တော့သည်။
"ငါတို့ ချင်းလုံဂိုဏ်းနဲ့ ဝံပုလွေရိုင်းဂိုဏ်းတို့ တိုက်ခိုက်ခဲ့ကြတယ်ဆိုတာကို လမ်းပေါ်က လူတိုင်း သိကြပေမယ့် ဘာကြောင့်လဲဆိုတာကိုရော သူတို့ သိကြရဲ့လား..."
လီလန်က မေးလိုက်သည်။
"ဝံပုလွေရိုင်းဂိုဏ်းက လောင်းကစားရာမှာ ကျွန်တော်တို့ ချင်းလုံဂိုဏ်းကို မနိုင်နိုင်လို့ သူတို့ ရှုံးမဲမဲပြီး ဒေါသထွက်ကာ ကျွန်တော်တို့နဲ့ စတင် တိုက်ခိုက်ခဲ့တာလေ..."
ရှောင်နျူးက ခေါင်းကို ကုတ်လျက် တစ်ခဏမျှ စဉ်းစားပြီးနောက် မသိစိတ်မှ ပြန်ဖြေလိုက်သည်။
ဤစကားကို ကြားသောအခါ လီလန်က ခေါင်းညိတ်လိုက်၏။ ဤရှောင်နျူးသည် လုံးလုံးလျားလျား အရူးတစ်ယောက်တော့ မဟုတ်ပေ။ သူ့တွင် ဦးနှောက် အနည်းငယ်တော့ ရှိပေသည်။ သို့သော် အများကြီးတော့ မဟုတ်ချေ။
"ဒါဆိုရင်..."
လီလန်က ဆက်ပြောသည်။
"ဝံပုလွေရိုင်းဂိုဏ်းရဲ့ အင်အားက ငါတို့ ချင်းလုံဂိုဏ်းထက် အနည်းငယ်ပဲ သေးငယ်တယ်လို့ မင်း ထင်နေတာလား ဝံပုလွေရိုင်းဂိုဏ်းက ငါတို့ ချင်းလုံဂိုဏ်းနဲ့ လုံးဝကို သဘောထားကွဲလွဲဖို့ ရဲဝံ့မယ်လို့ ထင်သလား..."
ရှောင်နျူးသည် မသိစိတ်မှပင် ခေါင်းယမ်းလိုက်သည်။ သူတို့ ချင်းလုံဂိုဏ်းအတွက် ဝံပုလွေရိုင်းဂိုဏ်းကို ဖြေရှင်းရန်မှာ မလွယ်ကူသကဲ့သို့ ဝံပုလွေရိုင်းဂိုဏ်းအတွက် သူတို့ ချင်းလုံဂိုဏ်းကို ဖြေရှင်းရန်မှာ ပို၍ပင် ခက်ခဲလှပေသည်။
နှစ်ဖက်စလုံး၏ မျက်နှာပြင်ပေါ်ရှိ အင်အားများ အားလုံးကို ဖွင့်ချလိုက်မည်ဆိုပါက ဝံပုလွေရိုင်းဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ချင်းလုံဂိုဏ်း၏ အင်အားသည် ခြောက်ဆ လေးဆ ဖြစ်ပေမည်။ ခြောက်ဆ လေးဆ အချိုးတွင် သူတို့ ချင်းလုံဂိုဏ်း၏ အင်အားသည် အမှန်တကယ်ပင် သာလွန်ပေသည်။ အကယ်၍ သူတို့သာ အစွမ်းကုန် တိုက်ခိုက်ကြမည်ဆိုပါက ဝံပုလွေရိုင်းဂိုဏ်းဝင်များသည် ဘာမှ ရရှိသွားမည် မဟုတ်ပေ။
ရှောင်နျူးက မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် နားလည်သွားပုံရသည်။
လီလန်က အေးအေးဆေးဆေး ဆက်ပြောလိုက်သည်။
"ဒါဆို ရှောင်နျူး မင်းသာ ဝံပုလွေရိုင်းဂိုဏ်းရဲ့ ခေါင်းဆောင်ဆိုရင် ဒီပြဿနာ ဖြစ်ပွားပြီးနောက်မှာ ဘယ်လိုဖြေရှင်းမလဲ..."
ရှောင်နျူးသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ "စေ့စပ်ညှိနှိုင်းဖို့ တတိယအဖွဲ့အစည်းကို ရှာမယ်လေ..." ဟု ရုတ်တရက် ထုတ်ပြောလိုက်သည်။
"တိကျတယ်..."
လီလန်သည် လက်ကို နောက်ပစ်ကာ ဆေးပေးခန်းထဲတွင် အပြန်ပြန်အလှန်လှန် ဖြည်းညင်းစွာ လမ်းလျှောက်နေပြီးနောက် ရှောင်နျူးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"စေ့စပ်ညှိနှိုင်းရမယ်ဆိုတော့ ဘယ်လို ကြားခံလူမျိုးက အရည်အချင်းပြည့်မီမယ်လို့ မင်း ထင်လဲ..."
လီလန် စကားပြောနေစဉ် ချင်းလုံဂိုဏ်း၏ နောက်လိုက်များအားလုံး၏ အကြည့်များမှာ လီလန်ထံတွင် စူးစိုက်နေကြသည်။ သူ့ထံမှ လျှို့ဝှက်ဆန်းကြယ်သော မှော်ပညာတစ်ခု ထွက်ပေါ်နေသကဲ့သို့ပင်။ လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားလေသည်။
လီလန်ပြောသော စကားလုံးတိုင်းကို သူတို့ နားလည်ကြသော်လည်း စုပေါင်းလိုက်သောအခါတွင် အနည်းငယ် ရှုပ်ထွေးသွားတော့သည်။ လီလန်၏ ညင်သာသော လမ်းညွှန်မှုမှတစ်ဆင့်သာ လီလန်၏ အစစ်အမှန် ရည်ရွယ်ချက်များကို သူတို့ တဖြည်းဖြည်းချင်း ဖော်ထုတ်နိုင်ကြပေသည်။
လီလန်က ကြားခံလူအကြောင်း ပြောသည်ကို ကြားသောအခါ ရှောင်နျူးက မိနစ်အနည်းငယ်ခန့် တွေးတောနေပြီးနောက် ရုတ်တရက် သူ၏ ပေါင်ကို ရိုက်ကာ ခုန်ထလိုက်တော့သည်။
"ဒုခေါင်းဆောင် ကျွန်တော် နားလည်ပြီ..."
"ဟွမ်လောင်စန်းလေ..."
"ကျွန်တော်တို့က သူ့ရဲ့ မြေအောက်လောင်းကစားရုံမှာ တိုက်ခိုက်ခဲ့ကြတာ..."
"မြေအောက်လောင်းကစားရုံရဲ့ ပိုင်ရှင်အနေနဲ့ ဟွမ်လောင်စန်းက ကျွန်တော်တို့ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဝင်ပတ်သက်နေတယ်..."
"ဒါ့အပြင် ဟွမ်လောင်စန်းက မြေအောက်လောကမှာ နာမည်ကောင်းရှိတယ်..."
"အဲ့လူက သတ္တိကြောင်ပြီး သေရမှာကို ကြောက်ပေမယ့် မြေအောက်လောကမှာ သူက ရင့်ကျက်တဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်..."
"ဝံပုလွေရိုင်းဂိုဏ်းသာ စေ့စပ်ညှိနှိုင်းချင်ရင် သူတို့က ဟွမ်လောင်စန်းကတစ်ဆင့် သွားရလိမ့်မယ်..."
"ဒုခေါင်းဆောင် ကျွန်တော် အခုချက်ချင်း ဟွမ်လောင်စန်းကို သွားရှာလိုက်မယ်..."
လီလန်၏ လမ်းညွှန်မှုအောက်တွင် ရှောင်နျူးသည် နောက်ဆုံး၌ တုံ့ပြန်လာခဲ့သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ထိုအချိန်မှသာ ဒုခေါင်းဆောင်ဆိုလိုသည်ကို သူ သဘောပေါက်သွားတော့သည်။ ထိုအကြောင်းကို တွေးမိသောအခါ ရှောင်နျူး၏ အသံသည် အလိုအလျောက် တိုးဝင်သွားပြီး ရုတ်တရက် အလွန် စိတ်လှုပ်ရှားလာတော့သည်။
"ဒါဆို ဒုခေါင်းဆောင် ဒီအခွင့်အရေးကို အသုံးချပြီး ဝံပုလွေရိုင်းဂိုဏ်းဝင်တွေ အားလုံးကို ကျွန်တော်တို့ တိုက်ရိုက် အမြစ်ဖြုတ်နိုင်တာပေါ့..."
ရှောင်နျူးသည် စကားပြောနေရင်း သူ၏ လက်ကို ဆန့်ထုတ်ကာ သူ၏ လည်ပင်းတွင် ခေါင်းဖြတ်မည့် ဟန်ပန်တစ်ခုကို လုပ်ပြလိုက်သည်။
ရှောင်နျူး နောက်ဆုံးတွင် သဘောပေါက်သွားသည်ကို မြင်သောအခါ လီလန်က ပြုံး၍ ပြောလိုက်သည်။
"သင်ပေးလို့လွယ်တဲ့ လူငယ်လေးပဲ..."
လီလန်၏ ချီးမွမ်းမှုကို ခံရသဖြင့် ရှောင်နျူးမှာ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။
"ဒုခေါင်းဆောင် ကျွန်တော်တို့ အခုပဲ ဟွမ်လောင်စန်းကို သွားရှာကြမလား..."
ချင်းလုံဂိုဏ်းသည် ဝံပုလွေရိုင်းဂိုဏ်းနှင့် စေ့စပ်ညှိနှိုင်းရမည်ဖြစ်ရာ ကြားခံလူဖြစ်သော ဟွမ်လောင်စန်းကို အရင်ရှာဖွေခြင်းက စေ့စပ်ညှိနှိုင်းမည့် အချိန်နှင့် နေရာကို သူတို့ သိရှိစေနိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် သူတို့ ချင်းလုံဂိုဏ်းသည် စေ့စပ်ညှိနှိုင်းမည့်နေရာကို တိုက်ရိုက် ချုံခိုတိုက်ခိုက်နိုင်မည် ဖြစ်သည်။ ဝံပုလွေရိုင်းဂိုဏ်းဝင်များ ချုံခိုတိုက်ခိုက်မှုအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ချင်းလုံဂိုဏ်းဝင်များသည် တိုက်ရိုက် ထွက်ပေါ်လာကာ ဝံပုလွေရိုင်းဂိုဏ်းဝင်များ အားလုံးကို အမြစ်ဖြုတ် ရှင်းလင်းပစ်မည် ဖြစ်သည်။
ရှောင်နျူး စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသည်ကို မြင်သောအခါ လီလန်က ခေါင်းယမ်းလိုက်၏။
"ငါတို့က အနိုင်ရတဲ့သူတွေ ငါတို့က အကြောင်းပြချက် ခိုင်လုံတဲ့ဘက်ကပဲ..."
"ငါတို့က ဟွမ်လောင်စန်းဆီ အရင်သွားရင် ငါတို့ရဲ့ အားနည်းချက်ကို ဖော်ပြသလို ဖြစ်မနေဘူးလား..."
လီလန်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။
"ဒါဆို ဝံပုလွေရိုင်းဂိုဏ်းကို ဟွမ်လောင်စန်းဆီ အရင်သွားခိုင်းလိုက် သူတို့ခေါင်းဆောင်က အရူးတစ်ယောက် မဟုတ်သရွေ့ ငါ့ရဲ့ ချင်းလုံဂိုဏ်းကို ပေါ်ပေါ်ထင်ထင် စစ်ကြေညာဖို့ ရဲမှာမဟုတ်ဘူး..."
"ဒါ့အပြင် ချင်းလုံဂိုဏ်းက ညီအစ်ကိုတွေ အားလုံး သတိကြီးကြီးထားဖို့ အမိန့်ပေးလိုက်ပါ..."
"အသင့်အနေအထားမှာ နေကြဖို့နဲ့ ဝံပုလွေရိုင်းဂိုဏ်းက ငါတို့ကို အငိုက်မဖမ်းနိုင်စေနဲ့..."
လီလန်၏ အမိန့်ကို ကြားသောအခါ သန်စွမ်းသော ချင်းလုံဂိုဏ်းဝင် အမျိုးသားအချို့သည် ဆေးပေးခန်းထဲမှ ချက်ချင်း ထွက်သွားကြသည်။ သူတို့သည် အခြားသော ဌာနချုပ်များရှိ ချင်းလုံဂိုဏ်း ညီအစ်ကိုများကို အကြောင်းကြားရန် လိုအပ်ပေသည်။ ဤအချိန်အတွင်း ချင်းလုံဂိုဏ်းအနေဖြင့် ဝံပုလွေရိုင်းဂိုဏ်းက အသည်းအသန် လက်စားချေလာမည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။
အစီအစဉ်များ အားလုံး ချမှတ်ပြီးနောက် လီလန်သည် နောက်ဆုံးတွင် သူ၏ အဝတ်အစားများကို ဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့တော့သည်။
"ဒုခေါင်းဆောင် ခင်ဗျား ဘယ်သွားမလို့လဲ..."
လီလန် တစ်ယောက်တည်း ထွက်ခွာသွားသည်ကို မြင်သောအခါ ရှောင်နျူးက စူးစမ်းလိုသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
"အခု ကျွမ်တော်တို့က ဝံပုလွေရိုင်းဂိုဏ်းနဲ့ မျက်နှာဖုံးတွေ ဆွဲခွာလိုက်ကြပြီလေ ခင်ဗျား တစ်ယောက်တည်း အပြင်ထွက်သွားရင် ထိခိုက်မှာကို ကျွန်တော် စိုးရိမ်မိလို့ပါ..."
"ညီအစ်ကို တချို့ကို ခင်ဗျားနောက် လိုက်ခိုင်းရင်ကော ဘယ်လိုလဲ..."
ရှောင်နျူး၏ စိုးရိမ်နေသော မျက်လုံးများကို မြင်သောအခါ လီလန်က ပြုံးလိုက်သည်။ သူ၏ ကျောတွင် ရှည်လျားပြီး စတုဂံပုံစံ အရာဝတ္ထုတစ်ခုကို လွယ်ထားလေသည်။ ဤအရာမှာ အမဲလိုက်သေနတ် တစ်လက် ဖြစ်သည်။ ရွှမ်းရွှေရွာ မီးနဂါးမုဆိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အနေဖြင့် လီလန်သည် သူ၏ သေနတ်ပစ်စွမ်းရည်အပေါ် အလွန်ယုံကြည်မှုရှိပေသည်။
ထို့ပြင် လီလန်သည် သေနတ်ပစ်ကောင်းရုံသာမက သိုင်းပညာရပ်များကိုပါ ကျွမ်းကျင်သူဖြစ်သည်။ ပုံမှန် အခြေအနေများအောက်တွင် လူဆယ့်ငါးယောက်မှ နှစ်ဆယ်အထိ လာလျှင်ပင် လီလန်၏ အနီးသို့ ကပ်နိုင်မည် မဟုတ်ချေ။ ၎င်းအပြင် လီလန် တစ်ယောက်တည်း အပြင်ထွက်ရဲသည့် နောက်ထပ် အရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။
"ဝံပုလွေရိုင်းဂိုဏ်းက ငါ့ကို ထိရဲမှာမဟုတ်ပါဘူး..."
"သူတို့က စေ့စပ်ညှိနှိုင်းချင်တာ အပြည့်အဝ စစ်မတိုက်ချင်ကြဘူး..."
"ဝံပုလွေရိုင်းဂိုဏ်းရဲ့ ခေါင်းဆောင်က အရူးတစ်ယောက် မဟုတ်သရွေ့ လောင်းကစားသမား အနည်းငယ်အတွက်နဲ့ ချင်းလုံဂိုဏ်းနဲ့ စစ်တိုက်ခြင်းကရလာမယ့် ဆုံးရှုံးမှုကို သူ ခံနိုင်ရည်ရှိမရှိ ဆိုတာကို နားလည်သင့်တယ်..."
ဤနေရာတွင် လီလန်က သူ၏ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"ဒီည ၁၁ နာရီခွဲလောက်ကျရင် အဲ့ဝံပုလွေရိုင်းဂိုဏ်းဝင်တွေကို ဘာယီသံမဏိစက်ရုံဆီ ခေါ်လာခဲ့..."
"သူတို့ကို ညီအစ်ကိုတွေအတွက် ငွေတချို့နဲ့ အရင လဲလှယ်ကြတာပေါ့..."
"အဲ့ဝံပုလွေရိုင်းဂိုဏ်းဝင်တွေကို ဆေးပေးခန်းထဲမှာ ထားခဲ့လိုက် ဝံပုလွေရိုင်းဂိုဏ်းက အစောကြီးမဟုတ်ရင်တောင် နောက်ပိုင်းကျရင် သူတို့ကို တွေ့သွားလိမ့်မယ်..."
နောက်ဆုံးအမိန့်ပေးပြီးနောက် လီလန်သည် ရှောင်နျူးက လူလွှတ်၍ သူ့နောက်လိုက်စေမည့် တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီး ဘာယီသံမဏိစက်ရုံသို့ တစ်ယောက်တည်း ပြန်သွားခဲ့လေသည်။
အချိန်မှာ ညနေ ၆ နာရီ ၃၀ မိနစ် ဖြစ်၏။
ပိုင်ရှန်းမြို့နယ်တွင် လုံခြုံရေးဌာန၏ ဌာနမှူးဖြစ်သူ လျူတုံသည် မြို့နယ်အတွင်း လှည့်ကင်းလှည့်နေလေသည်။
"လုံခြုံရေးဌာန" ဟူသော စာလုံးသုံးလုံးကို သူ၏ ပခုံးပေါ်တွင် ချယ်လှယ်ထားပြီး ရဲတုတ်ကို ကိုင်ဆောင်ကာ လမ်းပေါ်တွင် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေလေသည်။ သူ၏ အနောက်တွင် လက်အောက်ငယ်သား နှစ်ယောက် လိုက်ပါလာ၏။
"ခေါင်းဆောင် ငါတို့ ဘယ်လောက်ကြာကြာ လျှောက်သွားနေရဦးမှာလဲ..."
ထိုအမျိုးသားနှစ်ဦးသည် လျူတုံနောက်သို့ လိုက်ကာ တစ်မနက်ခင်းလုံး မြို့နယ်ထဲတွင် အချိန်ကုန်ခဲ့သော်လည်း သဲလွန်စတစ်ခုမျှ မတွေ့ခဲ့ရပေ။ လျူတုံက စကားမပြောသေးသော်လည်း လုံခြုံရေးဌာနမှ ဝန်ထမ်းနှစ်ဦးမှာ စိတ်မရှည်ဖြစ်နေကြပြီ ဖြစ်သည်။
"ဝံပုလွေရိုင်းဂိုဏ်းဝင်တွေကို ဖမ်းမိတဲ့အထိပဲ..."
လျူတုံက စိတ်တိုစွာဖြင့် ပြောလိုက်သည်။
ကျူးတာ့ကျွင်းက ပြင်းထန်သော အမိန့်တစ်ခုကို ပေးထားခဲ့သည်။ သူတို့၏ လုံခြုံရေးဌာနသည် ရလဒ်များကို အသေအချာ ပြသရမည် ဖြစ်သည်။