အခန်း ၄၅၇
Vol. 46 Ch. 457
အခန်း (၄၅၇) စီရင်ချက်
ဘာယီသံမဏိစက်ရုံ၏ လုံခြုံရေးဌာန ရုံးခန်းအတွင်း၌ လျူတုံ၏ မျက်နှာတစ်ခုလုံး ပြာနှမ်းနေလျက် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။
"ဌာနမှူးလျူ... ကိစ္စက ဒီလိုဖြစ်ခဲ့တာ... ကျွန်တော်တို့ ပြောင်းခင်းနား ရောက်တာနဲ့ ဝံပုလွေရိုင်းဂိုဏ်းကကောင်တွေက အထဲကနေ သေနတ်နဲ့ စလှမ်းပစ်တော့တာပဲ..."
"အစ်ကိုလီ လွှတ်လိုက်တဲ့ ညီအစ်ကိုတွေသာမရှိရင် ကျွန်တော် ဒီနေ့ အဲဒီမှာတင် အသက်ပျောက်ခဲ့ပြီ... ဝံပုလွေရိုင်းဂိုဏ်းကကောင်တွေက တကယ့်ကို ရဲတင်းလွန်းတယ်..."
လျူတုံ စေလွှတ်လိုက်သော လုံခြုံရေးဌာနမှ ဝန်ထမ်းလူငယ်က ကြုံတွေ့ခဲ့ရသည်များကို အစီရင်ခံနေတော့သည်။
"ဒီက အစ်ကိုနျူးက ကျွန်တော့်ကို ကာကွယ်ပေးဖို့ အစ်ကိုလီလန် လွှတ်လိုက်တဲ့သူပဲ..."
လက်အောက်ငယ်သား၏ ကစဉ့်ကလျား ပြောစကားများကို ကြားရပြီး သူ ကိုင်ဆောင်ထားသည့် အရာကို မြင်လိုက်ရသည့်အခါ လီလန်သည် လုံခြုံရေးဌာနမှူးအဖြစ် အသစ်တိုးမြှင့်ခံထားရသော မိမိ၏ ဂုဏ်သိက္ခာကို ထောက်ထားငဲ့ညှာပေးနေခြင်းဖြစ်ကြောင်း လျူတုံ ရိပ်မိလိုက်သည်။
သူ လုံခြုံရေးဌာနမှူး ဖြစ်လာသည်နှင့် ချက်ချင်းပင် ဝံပုလွေရိုင်းဂိုဏ်းက သူ့လူများကို ပြောင်းခင်းအရပ်၌ ခြုံခိုတိုက်ခိုက်ရဲကြသည်။ ဤအကြောင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက လူအများက သူ လျူတုံကို အသုံးမကျသူဟူ၍ ပြောကြပေလိမ့်မည်။
ထိုသို့တွေးမိသည်နှင့် လျူတုံ၏ မျက်နှာကြွက်သားများမှာ ဒေါသကြောင့် တုန်ယင်လာတော့သည်။
"ဒီဝံပုလွေရိုင်းဂိုဏ်းကကောင်တွေက ဘယ်လောက်တောင် ရဲတင်းနေကြတာလဲ..."
"ငါ့ရဲ့ လုံခြုံရေးဌာနက လူတွေကိုတောင် လက်ရဲဇက်ရဲ လုပ်ရဲကြတယ်ပေါ့လေ..."
ယခင်ကမူ နှစ်ဦးနှစ်ဖက်စလုံးသည် ရေတွင်းရေကန် ကိစ္စများ၌ တစ်ဦးနှင့်တစ်ဦး ဝင်ရောက်မစွက်ဖက်ဘဲ ရှောင်ရှားခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ ဝံပုလွေရိုင်းဂိုဏ်းသည် ၎င်းတို့၏လူများ လုံခြုံရေးဌာနလက်ထဲသို့ ကျရောက်သွားသည်ကို သိရှိသွားကြပြီဖြစ်ကြောင်း ထင်ရှားနေသည်။
ထိုသို့တွေးတောရင်း လျူတုံ၏ မျက်နှာပေါ်တွင် ရက်စက်သော အကြည့်တစ်ခု ဖြတ်ပြေးသွား၏။
လူသတ်ရုံမျှသာ မဟုတ်ပါလော။ သူ လျူတုံသည် မည်သူ့ကိုမျှ မကြောက်ဖူးချေ။
"ညီလေးနျူး... ဒီနေ့ဖြစ်သွားတဲ့ ကိစ္စအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်..."
လျူတုံသည် အစ်ကိုနျူးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့ ပြန်ရောက်ရင် ညီလေးလီလန်ကို ပြောပေးပါ... နောက်နောင် ဝံပုလွေရိုင်းဂိုဏ်းရဲ့ သတင်းအချက်အလက် တစ်ခုခုရတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားပေးပါလို့..."
ဝံပုလွေရိုင်းဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသဖြင့် ဒေါသတကြီး ဖြစ်နေသော လျူတုံ၏ ရင်ထဲ၌ ထိတ်လန့်မှုတစ်ခုလည်း ဖြတ်ပြေးသွားသည်။ ဝံပုလွေရိုင်းဂိုဏ်းက အမှောင်ထဲတွင် ရှိနေပြီး သူတို့ လုံခြုံရေးဌာနက လူများကမူ အလင်းထဲတွင် ရှိနေကြခြင်းဖြစ်သည်။
ပြောင်းခင်းသည် သူတို့မြို့နယ်မှ သွားလျှင် တစ်နာရီပင် မပြည့်သော ခရီးတွင် ရှိပြီး ဝံပုလွေရိုင်းဂိုဏ်းကမူ သူတို့ကို တိုက်ခိုက်ရဲကြသည်။ တစ်ဖက်လူမှာ ရဲတင်းလွန်းလှ၏။
"ဌာနမှူးလျူ... ကျွန်တော်တို့ လူကိုလည်း ပို့ပေးပြီးပြီဆိုတော့ ပြန်လိုက်ပါဦးမယ်..."
လျူတုံ၏ မျက်နှာအမူအရာမှာ တစ်ချက်တွင် ဒေါသထွက်ကာ၊ တစ်ချက်တွင် ထိတ်လန့်သွားပြီး၊ နောက်တစ်ချက်တွင် အံကြိတ်နေသည်ကို မြင်ရသဖြင့် မိမိတို့၏ တာဝန် ပြီးဆုံးသွားပြီဖြစ်ကြောင်း အစ်ကိုနျူးက သိလိုက်သည်။
"ကောင်းပါပြီ... ညီအစ်ကိုတို့ အရင်ပြန်ကြနှင့်တော့..."
"ညီလေးလီလန်ကိုလည်း ပြောပေးပါဦး..."
"ငါတို့ လုံခြုံရေးဌာနဆီက အကူအညီ လိုအပ်တာရှိရင် အချိန်မရွေး ပြောနိုင်ပါတယ်လို့... သူက ငါ လျူတုံကို ဒီလောက်ကြီးမားတဲ့ အကူအညီ ပေးခဲ့တာ... ငါက ကျေးဇူးကန်းတတ်တဲ့လူ လုံးဝမဟုတ်ပါဘူး..."
လျူတုံ၏ လေးနက်သော ကတိစကားများကို ကြားရပြီးနောက် အစ်ကိုနျူးနှင့် သူ၏ အပေါင်းအဖော်များမှာ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားကြတော့သည်။
"ဌာနမှူးလျူ... ဒါဆို ကျွန်တော်တို့ သွားပြီ..."
"မြို့ထဲကို လာရတာ မလွယ်တာမို့ ရွာအတွက် ပစ္စည်းတချို့ ဝယ်သွားပါဦးမယ်..."
အစ်ကိုနျူးက ညီအစ်ကိုများကို ခေါ်၍ ပစ္စည်းဝယ်ရန် သွားမည်ဟု ပြောသဖြင့် လျူတုံသည် လုံခြုံရေးဝန်ထမ်းတစ်ဦးကို ဘာယီသံမဏိစက်ရုံ ပြင်ပအထိ လိုက်ပါပို့ဆောင်ရန် ချက်ချင်း စေလွှတ်လိုက်သည်။
အစ်ကိုနျူးနှင့် သူ၏ အပေါင်းအဖော်များ ဘာယီသံမဏိစက်ရုံမှ ထွက်ခွာသွားပြီးနောက် လျူတုံသည် လုံခြုံရေးဝန်ထမ်းလူငယ်ကို ခေါ်ဆောင်၍ ချက်ချင်းပင် ကျူးတာ့ကျွင်း၏ ရုံးခန်းဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။
"ဒေါက်... ဒေါက်... ဒေါက်..."
လျူတုံသည် ကျူးတာ့ကျွင်း၏ ရုံးခန်းတံခါးကို ခေါက်လိုက်ရာ အတွင်းမှ ကျူးတာ့ကျွင်း၏ လေးနက်သော အသံ ထွက်ပေါ်လာ၏။
"ဝင်ခဲ့..."
ကျူးတာ့ကျွင်း၏ အသံကို ကြားရသည့်အခါမှ လျူတုံသည် သူ၏ လက်အောက်ငယ်သားကို ခေါ်၍ အတွင်းသို့ ဝင်ခဲ့သည်။
"ဒုတိယစက်ရုံမှူးကျူး... ကိစ္စက ဒီလိုပါ..."
လျူတုံသည် အကြောင်းအရာကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် အစ်ကိုနျူးနှင့်အတူ ရှိနေခဲ့သော လုံခြုံရေးဝန်ထမ်းကို အသေးစိတ်အချက်အလက်များကို ဆက်လက်တင်ပြစေသည်။
"ဝုန်း..."
လျူတုံနှင့် ဝန်ထမ်း၏ တင်ပြချက်ကို ကြားရပြီးနောက် ကျူးတာ့ကျွင်းသည် စားပွဲကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
စားပွဲပေါ်ရှိ ကြွေရည်သုတ် လက်ဖက်ရည်ခွက်မှာ တုန်ခါသွားပြီး လက်ဖက်ရည်များ စားပွဲပြင်ပသို့ ဖိတ်စင်ကျလာ၏။ ထိုအရာက ကျူးတာ့ကျွင်း၏ အဝတ်အစားများကို ချက်ချင်းပင် စိုစွတ်သွားစေသည်။
ကျူးတာ့ကျွင်းသည် ရုံးခန်းအတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး နဖူးမှ အကြောများမှာ ဒေါသကြောင့် ထောင်ထနေကာ မျက်နှာကြွက်သားများမှာလည်း အဆက်မပြတ် တုန်ယင်နေသည်။
ဘာယီသံမဏိစက်ရုံ၏ ဒုတိယစက်ရုံမှူးဖြစ်သော သူကိုယ်တိုင် လုံခြုံရေးဌာနမှူး လျူတုံကို ဝံပုလွေရိုင်းဂိုဏ်းဝင်များကို ဖမ်းဆီးရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ဘာယီသံမဏိစက်ရုံအတွင်းရှိ လူတိုင်းက သူ့သားဖြစ်သူ ကျူးဟောက်သည် ဝံပုလွေရိုင်းဂိုဏ်း၏ အန္တရာယ်ပြုခြင်းကို ခံခဲ့ရကြောင်း သိကြသည်။ ယခုအခါ သူက ဝံပုလွေရိုင်းဂိုဏ်းကို နှိမ်နင်းရန် အမိန့်ထုတ်ပြန်ပြီးသည်နှင့် ချက်ချင်းပင် ဝံပုလွေရိုင်းဂိုဏ်းက လုံခြုံရေးဌာန ဝန်ထမ်းများကို တိုက်ရိုက် တိုက်ခိုက်ရဲကြသည်။
ဤအရာက ဘာလဲ။ ဤအရာက အတိအလင်း လက်တုံ့ပြန်ခြင်းပင် မဟုတ်ပါလော။
ဤကဲ့သို့သော ရာဇဝတ်ဂိုဏ်းက အဘယ်ကြောင့် ဤမျှအထိ ရဲတင်းနေရသနည်း။
ဝံပုလွေရိုင်းဂိုဏ်း၏ ဩဇာအာဏာသာ နောက်ထပ် အနည်းငယ်မျှ ကြီးထွားလာပါက သူတို့သည် မြို့နယ်အတွင်းသို့ပင် ကျူးကျော်ဝင်ရောက်ရဲကြမည် မဟုတ်ပါလော။
ထိုသို့တွေးမိသည့်အခါ ကျူးတာ့ကျွင်း၏ မျက်နှာမှာ ဒေါသကြောင့် ချက်ချင်းပင် ခရမ်းရောင် သန်းသွားတော့သည်။
"ဝံပုလွေရိုင်းဂိုဏ်းကို အမြစ်ဖြုတ် ချေမှုန်းရမယ်..."
"ဒီကိစ္စက စပြီးပြီဆိုမှတော့ အဆုံးအထိ သွားရမှာပဲ..."
သားဖြစ်သူ ကျူးဟောက်ကို ဒုက္ခပေးခဲ့သည်မှာ ဝံပုလွေရိုင်းဂိုဏ်းမှ မည်သည့်အဖွဲ့ဝင် ဖြစ်သည်ကို အသေအချာ မသိရသေးသော်လည်း ယခုအချိန်တွင်မူ ဘာယီသံမဏိစက်ရုံနှင့် ဝံပုလွေရိုင်းဂိုဏ်းမှာ မပြေလည်နိုင်သော ရန်ငြိုးများ ဖြစ်သွားကြပြီဖြစ်သည်။
ဤခေတ်ကာလတွင် ရဲစခန်းကို အားကိုးနေခြင်းမှာ သုညမျှသာဖြစ်သည်။ သူတို့သည် ဘာယီသံမဏိစက်ရုံ၏ လုံခြုံရေးဌာနကိုသာ အားကိုးနိုင်သည်။
သူတို့တွင် သေနတ်နှင့် လူအင်အား ရှိနေသဖြင့် ဝံပုလွေရိုင်းဂိုဏ်းနှင့် ထိပ်တိုက်တွေ့လျှင်ပင် နစ်နာစရာ မရှိချေ။ အဓိက မေးခွန်းမှာ ဝံပုလွေရိုင်းဂိုဏ်းဝင်များ မည်သည့်နေရာတွင် ရှိနေသနည်း ဟူသောအချက်ပင်။
"လျူတုံ... မင်း အရင်က ဝံပုလွေရိုင်းဂိုဏ်းဝင်တွေကို ဘယ်လိုဖမ်းခဲ့တာလဲ..."
ထိုသို့တွေးတောရင်း ကျူးတာ့ကျွင်းက လျူတုံကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ဝံပုလွေရိုင်းဂိုဏ်းဝင်များသည် လျှို့ဝှက်စွာ လှုပ်ရှားတတ်ကြရာ မြို့နယ်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော လုံခြုံရေးဌာနမှူး လျူတုံက သူတို့ကို မည်သို့ ရှာဖွေတွေ့ရှိနိုင်သနည်း။
ကျူးတာ့ကျွင်း၏ မေးခွန်းကို ကြားရသည့်အခါ လျူတုံ၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားသော်လည်း မျက်နှာအမူအရာကိုမူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
"ဒုတိယစက်ရုံမှူးကျူး... ကိစ္စက ဒီလိုပါ..."
လျူတုံသည် မိမိ၏ ပျာယာခတ်နေသော မျက်နှာကို ကျူးတာ့ကျွင်း မမြင်စေရန် ခေါင်းကို အနည်းငယ် ငုံ့ထားရင်း ပြောလိုက်သည်။
"ကျွန်တော့်မှာ ရွာထဲက ရွာသားညီအစ်ကို တချို့ရှိတယ်..."
"ဒီရာသီမှာ ရွာက လယ်ယာလုပ်ငန်းတွေ ပြီးသွားတော့ သူတို့က မြေအောက်လောင်းကစားဝိုင်းတစ်ခု ထောင်ထားကြတယ်..."
"လူတိုင်းက အပျော်သဘောနဲ့ ပိုက်ဆံအနည်းငယ်ပဲ အလောင်းအစား လုပ်ကြတာပါ..."
ဤနေရာသို့ ရောက်သောအခါ လျူတုံသည် ကျူးတာ့ကျွင်း၏ မျက်နှာကို ခိုးကြည့်လိုက်ရာ ဒေါသထွက်သည့် အရိပ်အယောင် မတွေ့ရသဖြင့် ဆက်လက်ပြောကြားသည်။
"အဲ့ဒီမြေအောက်လောင်းကစားဝိုင်းက တဖြည်းဖြည်း ကြီးလာပြီး ပတ်ဝန်းကျင်ရွာတွေက လူတွေလည်း လာဆော့ကြတယ်... နောက်တော့ ဝံပုလွေရိုင်းဂိုဏ်းက လူတွေ ရောက်လာတယ်... သူတို့က လောင်းကစားကြွေးမြီတွေ အများကြီးတင်နေပြီး မပေးချင်တာနဲ့ ရန်ပွဲဖြစ်ကြတယ်... အဲဒီနောက်မှာတော့ ကျွန်တော့်ရဲ့ ရွာသားညီအစ်ကိုတွေက သူတို့ကို ဖမ်းဆီးလိုက်တာပါ..."
လျူတုံ၏ ရှင်းလင်းချက်ကို ကြားပြီးနောက် မျက်မှောင်ကြုတ်နေသော ကျူးတာ့ကျွင်း၏ မျက်နှာမှာ တဖြည်းဖြည်း ပြေလျော့သွားတော့သည်။
ဤရှင်းလင်းချက်မှာ အလွန်ပင် ယုတ္တိရှိပေသည်။
နိုင်ငံတော်က အများပြည်သူ လောင်းကစားခြင်းကို ခွင့်မပြုကြောင်း သတ်မှတ်ထားသော်လည်း လယ်သမားများသည် အလုပ်အားသည့်အခါ လောင်းကစားခြင်းကို အမြဲတစေ နှစ်သက်တတ်ကြသည်။ ဝံပုလွေရိုင်းဂိုဏ်းဝင်များသည် အထဲသို့ဝင်ကာ ပိုက်ဆံအချို့ ရှာဖွေလိုကြခြင်း ဖြစ်ပေလိမ့်မည်။ သူတို့သည် မိမိတို့၏ ဩဇာအာဏာ ကြီးမားသဖြင့် ဤလယ်သမားများကို အလွယ်တကူ ဖိနှိပ်နိုင်မည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်နိုင်သည်။
သို့သော် သူတို့ တစ်ခုကို မှားယွင်းစွာ တွေးမိသွားသည်။
ဤခေတ်ကာလမှ လယ်သမားများသည် နောက်ပိုင်းခေတ်များမှ လယ်သမားများနှင့် မတူချေ။ လယ်သမားများထဲမှ ပြည်သူ့စစ်များ၏ လက်ထဲတွင် တကယ့်လက်နက်များ ရှိနေကြသည်။ ရိုင်ဖယ်သေနတ်များကို မဆိုထားနှင့်၊ အချို့ရွာများတွင် စက်သေနတ်များနှင့် သံချပ်ကာများပင် ရှိကြသည်။
ဤဝံပုလွေရိုင်းဂိုဏ်းဝင်များသည် တောရွာသားများ၏ စွမ်းအားကို မသိရှိဘဲ တန်းတိုးမိသဖြင့် အထိနာသွားခြင်း ဖြစ်ပေသည်။
"မင်းရဲ့ ရွာသားညီအစ်ကိုတွေကို ဝံပုလွေရိုင်းဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားပါ... သူတို့ဆီက ဝံပုလွေရိုင်းဂိုဏ်းရဲ့ သတင်းအချက်အလက် တစ်ခုခုရတာနဲ့ ကျွန်တော့်ဆီ ချက်ချင်း ယူလာခဲ့ပါ..."
ကျူးတာ့ကျွင်းသည် ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
"သူတို့ရဲ့ လောင်းကစားဝိုင်း ကိစ္စကိုတော့ စိတ်မပူပါနဲ့... ငါ သက်ဆိုင်ရာ ဌာနအကြီးအကဲတွေနဲ့ စကားပြောပေးထားမယ်..."
"ဝံပုလွေရိုင်းဂိုဏ်းဝင်တွေကို ဖမ်းဆီးနိုင်သရွေ့ ကျန်တဲ့ကိစ္စအားလုံးကို မင်းအတွက် ငါဖြေရှင်းပေးနိုင်တယ်..."
လျူတုံ၏ ရွာသားညီအစ်ကိုများ လောင်းကစားဝိုင်း ထောင်ထားသည်ကို သိသော်လည်း ကျူးတာ့ကျွင်းသည် ယခုအချိန်တွင် ၎င်းတို့ကို အရေးယူရန် မကြိုးစားချေ။ ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ဝံပုလွေရိုင်းဂိုဏ်းကို အမြန်ဆုံး ဖမ်းဆီးရန်သာ ဖြစ်သည်။ ကျန်ရှိသော ကိစ္စအသေးအဖွဲများကိုမူ နောက်မှ ရွှေ့ဆိုင်းထား၍ ရပေသည်။
"ဟုတ်ကဲ့... စက်ရုံမှူးကျူး..."
ကျူးတာ့ကျွင်း၏ ညွှန်ကြားချက်ကို ရရှိသဖြင့် လျူတုံက သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
လီလန်သည် သူတို့ ဝံပုလွေရိုင်းဂိုဏ်းကို မည်သို့ ဖမ်းဆီးခဲ့ကြောင်း လျူတုံကို အကြံပေးခဲ့သော်လည်း အရေးကြီးသော အချက်အလက်များစွာကိုမူ ဖုံးကွယ်ထားခဲ့သည်။ ဥပမာအားဖြင့်၊ သူတို့သည် ချင်းလုံဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ဝံပုလွေရိုင်းဂိုဏ်းနှင့် အရင်ဆုံး လောင်းကစားပြုလုပ်ကာ ရန်စပြီးမှ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်ဟူသော အချက်များ ဖြစ်သည်။
"ဒုတိယစက်ရုံမှူးကျူး... အဲဒီဖမ်းမိထားတဲ့ ဝံပုလွေရိုင်းဂိုဏ်းဝင် ခုနစ်ယောက်ကိုကော ဘယ်လိုလုပ်ရမလဲ..."
လျူတုံက မေးမြန်းလိုက်သည်။
စည်းမျဉ်းများအရ ဝံပုလွေရိုင်းဂိုဏ်းဝင်များကို ဖမ်းဆီးပြီးနောက် လူထုရှုတ်ချပွဲ ပြုလုပ်ရမည်ဖြစ်ပြီး ထို့နောက်မှ လူခေါ်၍ ဝံပုလွေရိုင်းဂိုဏ်းဝင်များကို တိုက်ရိုက် စီရင်ရမည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် သုံးရက် သို့မဟုတ် လေးရက်ခန့် ကြာမြင့်မည် ဖြစ်သည်။
"လုပ်ထုံးလုပ်နည်းတွေ လုပ်မနေနဲ့တော့... သူတို့ကို တိုက်ရိုက် စီရင်လိုက်ပါ..."
ကျူးတာ့ကျွင်းက ခေါင်းခါပြလိုက်သည်။
"ဒီလို အရေးကြီးတဲ့အချိန်မှာ ဝံပုလွေရိုင်းဂိုဏ်းရဲ့ အကြီးအကဲတွေကို အကုန်လုံး မဖမ်းမိသေးဘူး... အခုလူထုရှုတ်ချပွဲနဲ့ စီရင်ချက်ကို လုပ်နေရင် သတင်းတွေ ပေါက်ကြားသွားနိုင်တယ်..."
"အဲဒီအခါ ကျန်တဲ့ ဝံပုလွေရိုင်းဂိုဏ်းဝင်တွေက အသည်းအသန် ဖြစ်လာကြလိမ့်မယ်..."
"သူတို့က အပြစ်မဲ့တဲ့ လူတွေကို ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ..."
ဝံပုလွေရိုင်းဂိုဏ်းကို ဖြေရှင်းရန်မှာ ကျူးတာ့ကျွင်း၏ တာဝန်ဖြစ်သည်။ အစပိုင်းတွင် သူသည် သားဖြစ်သူအတွက် ကတုံးပေါ်ထိပ်ကွက်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ဝံပုလွေရိုင်းဂိုဏ်းသည် ဘာယီသံမဏိစက်ရုံကို အတိအလင်း စိန်ခေါ်ရဲကြပြီ ဖြစ်သည်။
သူ ကျူးတာ့ကျွင်းအနေဖြင့် ဝံပုလွေရိုင်းဂိုဏ်းကို အမြစ်ဖြုတ် မချေမှုန်းနိုင်ပါက သူ၏ ရာထူးနေရာသည်လည်း မြဲမည်မဟုတ်ချေ။
ဘာယီသံမဏိစက်ရုံသည် အထူးအဆင့်အတန်းရှိသော နေရာတစ်ခုဖြစ်သည်။ သူတို့သည် မြို့နယ်အတွင်းရှိ အခြားအဖွဲ့အစည်းအားလုံးထက် သီးခြားရပ်တည်နေသော ကြီးမားသည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။ ဝန်ထမ်းပေါင်း ထောင်ချီ၍ ဘာယီသံမဏိစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည်။
သူတို့သည် သေးငယ်သော ဝံပုလွေရိုင်းဂိုဏ်းတစ်ခုကိုပင် မနှိမ်နင်းနိုင်ပါက သူ ဘာယီသံမဏိစက်ရုံ၏ ဒုတိယစက်ရုံမှူး လုပ်နေခြင်းသည် အဘယ်အဓိပ္ပာယ် ရှိတော့မည်နည်း။
"ဝံပုလွေရိုင်းဂိုဏ်းဝင်တွေရဲ့ အထောက်အထားကို သေချာအတည်ပြုနိုင်ရဲ့လား..."
ကျူးတာ့ကျွင်းက နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
"အတည်ပြုနိုင်ပါတယ်..."
"ဝံပုလွေရိုင်းဂိုဏ်းဝင်တွေရဲ့ ရင်ဘတ် ဒါမှမဟုတ် လက်မောင်းတွေမှာ တက်တူးတွေ ရှိကြတယ်..."
"အဲဒီသွေးရောင်လွှမ်းနေတဲ့ ဝံပုလွေခေါင်းပုံကို လူတိုင်း သူတို့ရဲ့ ကိုယ်ပေါ်မှာ ထိုးထားကြတာပါ..."
လျူတုံ၏ စကားကို ကြားရသည့်အခါ ကျူးတာ့ကျွင်းက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
ဤခေတ်ကာလတွင် လူကောင်းများသည် တက်တူးထိုးလေ့ မရှိကြချေ။ တက်တူးဆိုသည်မှာ ဝံပုလွေရိုင်းဂိုဏ်း၏ အရေးကြီးသော အမှတ်အသားတစ်ခုဖြစ်သည်။ ရာဇဝတ်မှုအားလုံးကို သူတို့ ကျူးလွန်ခဲ့ခြင်း မဟုတ်နိုင်သော်လည်း ဤအထူးအချိန်ကာလတွင် ကျူးတာ့ကျွင်းအနေဖြင့် လူထုရှုတ်ချပွဲ ပြုလုပ်ရန် အင်အားအများကြီး မရှိချေ။ သူ အလိုရှိသည်မှာ ဝံပုလွေရိုင်းဂိုဏ်းဝင်များကို သန့်သန့်ရှင်းရှင်းနှင့် ပြတ်ပြတ်သားသား စီရင်ရန်သာ ဖြစ်သည်။
ဝံပုလွေရိုင်းဂိုဏ်းသည် သူတို့ဒေသတွင် ကြာမြင့်စွာ အခြေစိုက်နေခဲ့ပြီး လူထုကို နှိပ်စက်ကာ မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြသည်။ ယခင်က ဝံပုလွေရိုင်းဂိုဏ်းကို မနှိမ်နင်းခဲ့ခြင်းမှာ အချိန်အခါ မကျသေးသောကြောင့် ဖြစ်သော်လည်း ယခုအခါတွင်မူ အချိန်အခါက အပြည့်အဝ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"ဒါဆိုရင် ဝံပုလွေရိုင်းဂိုဏ်းဝင်တွေ အားလုံးကို ပိတ်လှောင်ထားလိုက်ပါ..."
"ဒီနေ့မွန်းလွဲ နှစ်နာရီမှာ သူတို့အားလုံးကို စီရင်လိုက်ကြစို့..."
ဤနေရာသို့ ရောက်သောအခါ ကျူးတာ့ကျွင်းသည် လျူတုံကို လှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ချီးကျူးသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာကာ ပြောလိုက်သည်။
"လျူတုံ...ငါတို့ လုံခြုံရေးဌာနက ဘာယီသံမဏိစက်ရုံရဲ့ ကျောရိုးပဲ..."
"ငါတို့ ဘာယီသံမဏိစက်ရုံက ပိုက်ဆံရှာနိုင်ရုံတင်မကဘူး ကိုယ်ပိုင်ဘဏ္ဍာရေးကို ကာကွယ်နိုင်တဲ့ စွမ်းအားလည်း ရှိတယ်..."
"မင်းက ဘာယီသံမဏိစက်ရုံရဲ့ ဌာနမှူးအနေနဲ့ ဝံပုလွေရိုင်းဂိုဏ်းကို နှိမ်နင်းတဲ့နေရာမှာ အများကြီး စွမ်းဆောင်ခဲ့တယ်..."
"ဒီတစ်ကြိမ်မှာ ဝံပုလွေရိုင်းဂိုဏ်းဝင် ခုနစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာက မင်းရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနေတာပဲ..."
"ငါ့အမြင်အရတော့ လုံခြုံရေးဌာနမှူးရာထူးက မင်းကလွဲလို့ တခြားသူ မရှိနိုင်ဘူး..."
"ဘာယီသံမဏိစက်ရုံရဲ့ အနာဂတ်က မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်..."
ဤစကားများကို ပြောပြီးနောက် ကျူးတာ့ကျွင်းသည် လျူတုံထံသို့ လျှောက်လှမ်းသွားပြီး လက်ကို ဆန့်၍ သူ၏ ပခုံးကို ဖြည်းညင်းစွာ ပုတ်လိုက်သည်။
"နောင်ကိုလည်း ကြိုးစားပါ... စက်ရုံက မင်းကို မတရား မဆက်ဆံပါဘူး..."
ကျူးတာ့ကျွင်း၏ စကားကို ကြားရသည့်အခါ လျူတုံသည် ချက်ချင်းပင် မျက်ရည်များ ဝဲလာတော့သည်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင် ဖြစ်နေခဲ့ရ၏။
သူသည် အလွန်ပင် ခက်ခဲခဲ့ရသည် မဟုတ်ပါလော။
ယခင် လုံခြုံရေးဌာနမှူး ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် သူသည် ဌာနမှူးအဖြစ် တိုးမြှင့်ခံခဲ့ရသည်။ သူ၏ ရာထူးနေရာတွင်ပင် မတည်ငြိမ်သေးခင်မှာပင် ဝံပုလွေရိုင်းဂိုဏ်း၏ ကိစ္စနှင့် ကြုံတွေ့ခဲ့ရသည်။
ဝံပုလွေရိုင်းဂိုဏ်းက မည်မျှအထိ ကြောက်စရာကောင်းသနည်း။ ဝံပုလွေရိုင်းဂိုဏ်း၏ သဲလွန်စများ မရရှိခင်က စက်ရုံအတွင်း၌ သူ လျူတုံ မကြာမီ ရာထူးမှ ဖယ်ရှားခံရတော့မည်ဟူသော ကောလာဟလများ နေရာအနှံ့ ထွက်ပေါ်နေခဲ့သည်။
ယခုအခါ လီလန်၏ အကူအညီကြောင့် သူ လျူတုံသည် နောက်ဆုံးတွင် မိမိ၏ ရာထူးနေရာကို မြဲမြံအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ လီလန်၏ အကူအညီကြောင့်သာ ကျူးတာ့ကျွင်းက သူ့ကို မျက်မှောက်အသစ်ဖြင့် ကြည့်ရှုလိုခြင်း ဖြစ်ပေသည်။
*ညီလေးလီလန်... မင်းက တကယ့်ကို ငါ့ရဲ့ ကယ်တင်ရှင်ပဲ…*
လျူတုံသည် သူ၏ အတွင်းစိတ်ထဲ၌ လီလန်ကို ဦးချကန်တော့လုမတတ် ဖြစ်နေသော်လည်း ခေါင်းကို လှည့်ကာ ကျူးတာ့ကျွင်းကို ရိုသေစွာ ပြောလိုက်သည်။
"ခေါင်းဆောင်ရဲ့ မြှင့်တင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်... အားလုံးက ပြည်သူကို အလုပ်အကျွေးပြုဖို့ပါပဲ..."
"ကျူးဟောက်က ခေါင်းဆောင်ရဲ့ သားဖြစ်တာကို သိရက်နဲ့ ဝံပုလွေရိုင်းဂိုဏ်းက ရဲရဲတင်းတင်း ဒုက္ခပေးရဲကြတယ်..."
"ကျွန်တော်တို့ သာမန်အလုပ်သမားတွေဆိုရင် လုံခြုံမှုမရှိတာ ပိုတောင်ဆိုးပါဦးမယ်..."
"ဒါကြောင့် ခေါင်းဆောင်ရဲ့ သားအတွက်ရော ကျွန်တော်တို့ ဘာယီသံမဏိစက်ရုံအတွက်ရော ကျွန်တော် လျူတုံ ကတိပြုပါတယ်... ဝံပုလွေရိုင်းဂိုဏ်းကို အပြတ်အသတ် ချေမှုန်းပစ်ပါ့မယ်..."
လျူတုံသည် မျက်ရည်များကို သုတ်လိုက်ပြီး ကျူးတာ့ကျွင်းကို ကတိကဝတ် ပြုလိုက်တော့သည်။ သူသည် မိမိ၏ ရင်ဘတ်ကို လက်ဖြင့် ကျယ်လောင်စွာ တီးလိုက်၏။
ကျူးတာ့ကျွင်းသည် ဤမြင်ကွင်းကို မြင်ရသည့်အခါ အလွန်ပင် စိတ်ကျေနပ်သွားသည်။
"ကောင်းပါပြီ... ဌာနမှူးလျူမှာ ဒီလိုဆန္ဒရှိတာ အလွန်ကောင်းတယ်..."
"ငါ ခရိုင်ရဲ့ ပြည်သူ့စစ်ဌာနကို နောက်မှသွားပြီး သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောလိုက်မယ်..."
"ဝံပုလွေရိုင်းဂိုဏ်းဝင်တွေက အရမ်းရက်စက်ကြတာမို့ ငါတို့ လုံခြုံရေးဌာနရဲ့ လက်နက်အင်အားကို မြှင့်တင်ဖို့ လိုအပ်တယ်..."
"လက်ရှိမှာ လုံခြုံရေးဌာနမှာ လူပေါင်း ဆယ်ဂဏန်းကျော် ရှိနေပြီး ရိုင်ဖယ်သေနတ် အလက် သုံးဆယ်ကနေ ငါးဆယ်အထိရှိတယ်..."
"ဒီလက်နက်အင်အားက သာမန်လူဆိုးတွေကို နှိမ်နင်းဖို့ လုံလောက်ပေမယ့် ဝံပုလွေရိုင်းဂိုဏ်းဝင်တွေက သာမန်ရာဇဝတ်ကောင်တွေ မဟုတ်ကြဘူး..."
"သူတို့က တကယ့်ကို ရဲတင်းလွန်းကြပြီး လက်နက်အင်အားလည်း အလွန်တောင့်တင်းတယ်..."
"ဒီတစ်ကြိမ်မှာတော့ စစ်တပ်ဆီက လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ ငှားရမ်းဖို့ ငါ စီစဉ်ထားတယ်..."
"ဌာနမှူးလျူ... မင်းက အရင်က ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတာမို့ ငါတို့ လုံခြုံရေးဌာနက ဝန်ထမ်းတွေကို လက်နက်ကိရိယာတွေ ဘယ်လိုသုံးရမလဲဆိုတာနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို သေချာသင်ကြားပေးပါ..."
ကျူးတာ့ကျွင်း၏ ညွှန်ကြားချက်ကို ကြားရသည့်အခါ လျူတုံက လျင်မြန်စွာပင် ကျယ်လောင်စွာ ပြောလိုက်သည်။
"နားလည်ပါပြီ ခေါင်းဆောင်..."
"ကောင်းပြီ... မင်းသွားနိုင်ပြီ..."
မွန်းလွဲ နှစ်နာရီအချိန်။
ခရိုင်မြို့နယ်အတွင်းရှိ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း ရှေ့ရှိ လမ်းဆုံလမ်းခွ၌ ဖြစ်သည်။ ဤနေရာသည် လီလန်နှင့် လျူတုံတို့ အချိုရည် သောက်ခဲ့ဖူးသော နေရာလည်း ဖြစ်ပေသည်။
"မင်း ကြားပြီးပြီလား... ဘာယီသံမဏိစက်ရုံရဲ့ လုံခြုံရေးဌာနက ဝံပုလွေရိုင်းဂိုဏ်းဝင် ခုနစ်ယောက်ကို ဖမ်းမိတယ်တဲ့..."
"ငါ့ရဲ့ ဒုတိယတူလေး ပြောတာတော့ ဒီနေ့မွန်းလွဲပိုင်းမှာ ဒီနေရာမှာ စီရင်ချက် ပြုလုပ်လိမ့်မယ်တဲ့..."
"ဟဲဟဲဟဲဟဲ... ဒီဝံပုလွေရိုင်းဂိုဏ်းဝင်တွေက တကယ့်ကို ရဲတင်းလွန်းနေတာ... အခုတော့ ငါတို့ ဘာယီသံမဏိစက်ရုံရဲ့ လက်ထဲကို ကျရောက်သွားပြီ မဟုတ်လား..."
"ဒီတစ်ကြိမ်မှာတော့ သူတို့ကို မြေမြှုပ်စရာ နေရာမရှိအောင် သေစေရမယ်..."
"ဒီတစ်ကြိမ်မှာ ဒုတိယစက်ရုံမှူးကျူးက အရမ်းဒေါသထွက်နေတာ... ဖမ်းမိတဲ့ ဝံပုလွေရိုင်းဂိုဏ်းဝင် အားလုံးကို စီရင်လိမ့်မယ်..."
"ဒီဝံပုလွေရိုင်းဂိုဏ်းဝင်တွေက တကယ့်ကို ရဲတင်းလွန်းကြတာပဲ... သူ့ရဲ့သား ကျူးဟောက်ကို အဲဒီလို လုပ်ရဲကြတယ်ပေါ့..."
"ဒီတစ်ကြိမ်မှာ ငါတို့ သံမဏိစက်ရုံ လုံခြုံရေးဌာနရဲ့ ဌာနမှူးအသစ် လျူတုံက ဝံပုလွေရိုင်းဂိုဏ်းဝင်တွေကို ဖမ်းဆီးတဲ့နေရာမှာ အများကြီး စွမ်းဆောင်ခဲ့တာ... သူသာမရှိရင် သူတို့ကို ဖမ်းမိမှာ သေချာပေါက် မဟုတ်ဘူး..."