အခန်း ၄၆၀
Vol. 46 Ch. 460
အခန်း (၄၆၀) “ဒုတိယခေါင်းဆောင်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ...”
လီလန်သည် အဓိကထိုင်ခုံပေါ်တွင် နောက်သို့မှီချလိုက်ပြီး လုံးဝ သက်တောင့်သက်သာ ဖြစ်နေသည်။
ဟွမ်လောင်စန်း၏ အံ့ဩတုန်လှုပ်နေသော မျက်နှာအမူအရာကြောင့် သူ လုံးဝ အံ့အားသင့်သွားခြင်း မရှိပေ။
သေချာသည်မှာ ထိုဆုံးဖြတ်ချက်သည် နောင်ခေတ်ကာလများမှ ခေါင်းကိုင်ဖခင်ကြီးဟူသော ရုပ်ရှင်ဇာတ်ကားအပေါ် အခြေခံထားခြင်း ဖြစ်၏။
ထိုအချိန်က ခေါင်းကိုင်ဖခင်ကြီးသည် မိုက်ကယ်အား သူသေဆုံးသွားပြီးနောက် သူနှင့် သူ၏ရန်သူများကို ကြားဝင်စေ့စပ်ပေးသူသည် သစ္စာဖောက်ပင်ဖြစ်ကြောင်း ပြောခဲ့ဖူးလေသည်။
မိမိအား သစ္စာဖောက်သွားသူမှာ ဝံပုလွေရိုင်းဂိုဏ်းအတွင်းမှ လူတစ်ယောက်မဟုတ်ဘဲ ဆယ်စုနှစ်များစွာအကြာမှ ရုပ်ရှင်တစ်ကားဖြစ်နေမည်ကို ဟွမ်လောင်စန်း အိပ်မက်ပင် မက်ဖူးမည် မဟုတ်ချေ။
“ဒေါက်... ဒေါက်... ဒေါက်...”
လီလန်၏ လက်ချောင်းများသည် လက်တင်ခုံပေါ်တွင် စည်းချက်ကျကျ ခေါက်နေသော်လည်း သူ၏မျက်နှာမှာမူ မုန်တိုင်းမလာမီ တိတ်ဆိတ်ငြိမ်သက်နေမှုကဲ့သို့ လုံးဝ တည်ငြိမ်နေဆဲ ဖြစ်သည်။
"ဒုတိယခေါင်းဆောင်... ကျွန်တော့်ကို ဘာလုပ်ခိုင်းချင်လို့လဲ..."
လီလန်သည် အချိန်အတော်ကြာသည်အထိ စကားမပြောဘဲနေခဲ့ရာ လေထုထဲရှိ အခြေအနေမှာ ပို၍ တင်းမာလာပြီး ဟွမ်လောင်စန်း၏ ရင်ခုန်သံများမှာလည်း ပိုမို မြန်ဆန်လာတော့သည်။
ဤတစ်ကြိမ်တွင် သူ တကယ့်ကို ပေါ့ဆသွားခဲ့ခြင်း ဖြစ်၏။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ တစ်ရက်အလိုတွင် ချင်းလုံဂိုဏ်းက သူ့ကို လာရှာလိမ့်မည်ဟု သူ တကယ့်ကို မျှော်လင့်မထားခဲ့ပေ။
ပို၍ ထင်မှတ်မထားသည်မှာ လီလန်က အစ်ကိုနျူးကို အမိန့်ပေး၍ သူ့ကို ဤနေရာသို့ ခေါ်လာစေခြင်းပင်ဖြစ်သည်။
မြေအောက် လောင်းကစားရုံတွင် လူအလွန်များပြားလှရာ ချင်းလုံဂိုဏ်းက သူ့ကို ခေါ်သွားသည်ကို တစ်ယောက်ယောက်တော့ မြင်တွေ့ခဲ့မည်မှာ သေချာသည်။ ထိုအကြောင်းကို တွေးမိသောအခါ ဟွမ်လောင်စန်း၏ နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာတော့သည်။
သူ မသေချင်သေးပေ။
ဝံပုလွေရိုင်းဂိုဏ်းသည် ဤနှစ်များတစ်လျှောက်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ အကယ်၍ ဟွမ်လောင်စန်း သူတို့ကို သစ္စာဖောက်ခဲ့ကြောင်း ဝံပုလွေရိုင်းဂိုဏ်းဝင်များ သိသွားပါက သူသည် အစောနှင့်အနှောင်း မြေမြှုပ်စရာနေရာပင် မရှိဘဲ သေပွဲဝင်ရမည်ဖြစ်သည်။
သို့သော်လည်း အမူအရာကင်းမဲ့သော မျက်နှာဖြင့် အထက်တွင် ထိုင်နေသော လီလန်နှင့် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေသော မျက်နှာများဖြင့် တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသော ချင်းလုံဂိုဏ်းဝင်များကို ကြည့်ရင်း ဟွမ်လောင်စန်း၏ ပါးစပ်ထဲတွင် အလွန်ခါးသက်သော အရသာကို ခံစားလိုက်ရသည်။
လက်ရှိတွင် သူသည် ကိုယ့်အသက်ကိုပင် ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ပေ။ ခြေတစ်လှမ်း မှားလိုက်သည်နှင့် သူသည် ချင်းလုံဂိုဏ်း၏ လက်ချက်ဖြင့်ဖြစ်စေ၊ ဝံပုလွေရိုင်းဂိုဏ်း၏ လက်ချက်ဖြင့်ဖြစ်စေ သေဆုံးရမည်သာ ဖြစ်သည်။
"ဘာလုပ်ရမလဲ..."
"ဝံပုလွေရိုင်းဂိုဏ်းရဲ့ အစီအစဉ်ကို ပြောပြစမ်း..."
လီလန်က နောက်ဆုံးတွင် စကားစပြောလိုက်သည်။
သူ၏ အကြည့်များမှာ ဟွမ်လောင်စန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူ၏ အမူအရာမှာ တည်ငြိမ်ကာ အေးတိအေးစက် နိုင်လှ၏။
ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း တစ်ခုမှ မပြဘဲ ခန့်မှန်းရခက်သော လီလန်၏ အမူအရာကြောင့် ဟွမ်လောင်စန်း၏ နှလုံးသားထဲတွင် သတိပေးခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်နေတော့သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝံပုလွေရိုင်းဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး ကျွမ်းယွမ်က ကျွန်တော့်ကို လာရှာတယ်..."
"သူက ကျွန်တော့်ကို ချင်းလုံဂိုဏ်းနဲ့ ဝံပုလွေရိုင်းဂိုဏ်းကြားမှာ ကြားခံလူ လုပ်ခိုင်းတာ... ကျွန်တော်သာ သဘောမတူရင် ကျွန်တော့်မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်တဲ့..."
ဟွမ်လောင်စန်း၏ အသံမှာ ခါးသီးနေသော်လည်း လီလန်၏ အသံတွင်မူ သနားညှာတာမှု အရိပ်အယောင်မျှ မရှိချေ။ သူ၏ လေသံမှာ ရုတ်တရက် စူးရှသွားသည်။
"လိုရင်းကိုသာ ပြောစမ်း..."
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့..."
လီလန် ဒေါသထွက်သွားသည်ကို မြင်သောအခါ ဟွမ်လောင်စန်းက စကားကို လှည့်ပတ်မပြောရဲတော့ဘဲ တိုက်ရိုက်ပင် ပြောချလိုက်သည်။
"သူတို့က ခင်ဗျားကို မြေအောက် လောင်းကစားရုံဆီ မြှူဆွယ်ခေါ်ဆောင်လာပြီး ခင်ဗျား သတိလက်လွတ်ဖြစ်နေတဲ့ အချိန်ကျမှ လူတွေ အများကြီးနဲ့ တိုက်ခိုက်ဖို့ လုပ်ထားတာ..."
ဟွမ်လောင်စန်း၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး နောက်ဆုံးတွင် ဆက်ပင် မပြောရဲတော့ချေ။
ထိုအခါ လီလန်က သူ့ စကားကို ဆက်ပြောလိုက်သည်။
"ဒါဆို မင်းလူတွေက မြေအောက် လောင်းကစားရုံရဲ့ လျှို့ဝှက်ခန်းထဲကနေ ထွက်လာပြီး ငါတို့ကို ဖမ်းဖို့ စီစဉ်ထားတာပေါ့..."
မြေအောက် လောင်းကစားရုံရှိ လျှို့ဝှက်ခန်းအကြောင်းကို အစ်ကိုနျူးက လီလန်အား ကြိုပြောထားပြီးဖြစ်သဖြင့် လီလန်သည် ဟွမ်လောင်စန်း၏ လျှို့ဝှက်အစီအစဉ်ကို သဘာဝကျကျပင် သိရှိနေခြင်းဖြစ်သည်။
"ဟုတ်ပါတယ်... ဒုတိယခေါင်းဆောင်..."
ဟွမ်လောင်စန်းက ငြင်းဆန်ခြင်း မရှိပေ။
သူ စကားပြောအပြီးတွင် ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများစွာ၏ မကျေနပ်မှုကို ချက်ချင်းပင် နှိုးဆွလိုက်သလို ဖြစ်သွားတော့သည်။
"ဒုတိယခေါင်းဆောင်... ဒီဟွမ်လောင်စန်းက သေသင့်နေပြီ..."
"ကျွန်တော်တို့က သူ့ကို မြေအောက်လောကရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ သဘောထားပြီး မျက်နှာသာပေးထားပေမယ့် သူက ကျွန်တော်တို့ကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားရဲတယ်..."
"အကယ်၍ ဒီတစ်ကြိမ်သာ အစ်ကိုနျူး ပစ္စတို ယူမသွားခဲ့ရင် ကျွန်တော်တို့ ညီအစ်ကိုတွေ ဒုက္ခရောက်ကုန်တော့မှာ..."
"ဟွမ်လောင်စန်းက တကယ့်ကို ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ..."
"သူ့ကိုသာ မသတ်ပစ်ရင် ကျွန်တော်တို့ ညီအစ်ကိုတွေ အစောနဲ့အနှောင်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရလိမ့်မယ်..."
"ဒုတိယခေါင်းဆောင်... အမိန့်ပေးပါ..."
"စကားတစ်ခွန်းသာ ပြောလိုက်ပါ... ဒီအဘိုးကြီးကို ချက်ချင်း အသားနုပ်နုပ်စင်းပစ်လိုက်မယ်..."
ဟွမ်လောင်စန်းသည် ချင်းလုံဂိုဏ်းအား အမှန်တကယ်ပင် ချုံခိုတိုက်ခိုက်ရန် ရဲတင်းနေကြောင်း ကြားလိုက်ရသည့်အခါ ချင်းလုံဂိုဏ်းမှ တောင့်တင်းခိုင်မာသော လူမိုက်များစွာသည် သူတို့၏ အင်္ကျီကော်လာများကို ဆွဲတင်ကာ အတွင်းမှ ဓားမကြီးများကို ဆွဲထုတ်လိုက်ကြသည်။
မိမိအပေါ် ကျရောက်လာသော ပတ်ဝန်းကျင်ရှိ ချင်းလုံဂိုဏ်းဝင်များ၏ ဒေါသတကြီး အကြည့်များကို ခံစားလိုက်ရသောအခါ ဟွမ်လောင်စန်းမှာ အလွန်ကြောက်လန့်သွားပြီး ဘောင်းဘီထဲ သေးပင် ပန်းချလိုက်တော့သည်။
"ဒုတိယခေါင်းဆောင်..."
"ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..."
"ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိလို့ပါ..."
လီလန်သည် အစ်ကိုနျူးကို လျစ်လျူရှုထားလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ ပစ္စတိုတစ်လက်ကို ထုတ်ကာ လက်ထဲတွင် ဆက်တိုက် ကစားနေသည်။
ထို့နောက် လီလန်၏ လက်ထဲရှိ ပစ္စတိုကို မြင်လိုက်ရသောအခါ ဟွမ်လောင်စန်းမှာ လုံးဝ အံ့အားသင့်သွားတော့သည်။
ဤခေတ်ကာလတွင် အမျိုးအစား ၅၄ ပစ္စတို သို့မဟုတ် ဟေးရှင်းပစ္စတိုဟု ခေါ်သော သေနတ်တစ်လက်ကို ရရှိရန်မှာ အလွန်ခက်ခဲလှပေသည်။
မှောင်ခိုဈေးကွက်ထဲတွင်ပင် ယင်းကို ရှာတွေ့ရန် ရှားပါးလှ၏။
လွန်ခဲ့သော အချိန်လေးကတင် အစ်ကိုနျူး၌ အသစ်စက်စက် ဟေးရှင်းပစ္စတို တစ်လက်ရှိနေခဲ့ပြီး ယခုအခါ လီလန်၏ လက်ထဲတွင်လည်း ဟေးရှင်းပစ္စတို တစ်လက် ရှိနေပြန်သည်။
ချင်းလုံဂိုဏ်း၏ လက်ဝယ်တွင် ပစ္စတိုနှစ်လက် သို့မဟုတ် သုံးလက်ခန့် အမှန်တကယ်ပင် ရှိနေခဲ့သည်။
ထိုအချက်က ဟွမ်လောင်စန်းကို အနည်းငယ် ယုံကြည်ရခက်စေခဲ့သည်။
လီလန်သည် ဟွမ်လောင်စန်း၏ အံ့ဩမှင်တက်နေသော အကြည့်ကို မြင်ပြီးနောက် သူ၏ လက်ထဲရှိ ပစ္စတိုကို ဆက်လက် ကစားနေရင်း အေးတိအေးစက် ပြောလိုက်သည်။
"ဒီပစ္စတိုကို ငါ့သူငယ်ချင်းက ပေးထားတာ... သူ့မိသားစုမှာ ပစ္စတိုတွေ အများကြီးရှိတော့ သူက ငါ့ကို နည်းနည်းပါးပါး ပေးလိုက်တာ..."
"နည်းနည်းပါးပါး..."
လီလန်၏ ရှင်းပြချက်ကို ကြားသောအခါ ဟွမ်လောင်စန်း၏ မျက်နှာမှာ မယုံကြည်နိုင်သော အမူအရာ ပေါ်လွင်နေသည်။
ဟာသတွေ ပြောနေတာလား။
ဤခေတ်ကာလရှိ ပစ္စတိုများသည် ထိန်းချုပ်ထားသော လက်နက်များအနက်မှ အလွန်အရေးကြီးသော လက်နက်များပင် ဖြစ်သည်။
ရိုင်ဖယ်သေနတ်များကို ရရှိနိုင်သော်လည်း ယင်းတို့မှာ ပစ္စတိုများကဲ့သို့ ဖုံးကွယ်သယ်ဆောင်ရ လွယ်ကူမည် မဟုတ်သည်မှာ သေချာလှ၏။
တစ်ကြိမ်တည်းဖြင့် ဟေးရှင်းပစ္စတိုများစွာကို ထုတ်ပေးနိုင်ရန်အတွက် လီလန်၏ ဤသူငယ်ချင်းမှာ မည်သို့သော နောက်ခံမျိုး ရှိနေသနည်း။
သူက စစ်တပ်ကများလား။
"ဒုတိယခေါင်းဆောင်... ကျွန်တော်တို့ကို ဟွမ်လောင်စန်းအား သတ်ခွင့်ပြုပါ..."
"ဒီနေ့သာ အစ်ကိုနျူးမှာ ပစ္စတိုမရှိခဲ့ရင် သူက အဲ့ခွေးကောင်တွေရဲ့ လက်ချက်နဲ့ ဒုက္ခရောက်နေလောက်ပြီ..."
"ကျွန်တော်တို့ ညီအစ်ကိုတွေ သူ့ကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး..."
ဆယ်ယောက်ကျော်ခန့်ရှိသော ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများသည် ဟွမ်လောင်စန်းအား ခြိမ်းခြောက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေကြရာ သူမှာ အလွန်ကြောက်လန့်ပြီး ဒူးထောက်လုနီးပါး ဖြစ်သွားတော့သည်။
ဓားမကြီးက ဟွမ်လောင်စန်း၏ လည်ပင်းပေါ်သို့ ရောက်ရှိလာချိန်တွင် ဟွမ်လောင်စန်းသည် နောက်ဆုံး၌ ထပ်၍ မတောင့်ခံနိုင်တော့ပေ။
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ..."
ဟွမ်လောင်စန်း စကားပြောလိုက်စဉ် သူ၏ ပေါင်ကြားမှ ပြင်းထန်သော သေးနံ့ကြီးတစ်ခု တိုက်ရိုက်ပင် ထွက်ပေါ်လာတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်းလုံဂိုဏ်းဝင်များအားလုံးမှာ ရွံရှာဖွယ် မျက်နှာအမူအရာများ ပေါ်ထွက်လာကြသည်။
ဟွမ်လောင်စန်းသည် မြေအောက်လောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်သဖြင့် သေရမည်ကို မကြောက်တတ်သော ရက်စက်သည့်လူတစ်ယောက် ဖြစ်ရမည်ဟု သူတို့ အစပိုင်းက ထင်မှတ်ထားခဲ့ကြသည်။
ယခုကြည့်ရသည်မှာ သူတို့ လက်တောင် မလှုပ်ရသေးခင် ဤဟွမ်လောင်စန်းမှာ အလွန်အမင်း သတ္တိကြောင်နေပြီ ဖြစ်သည်။
ဤမျှသတ္တိကြောင်နေပါလျက်နှင့် မြေအောက်လောကတွင် ဝင်ရောက်စွက်ဖက်ရန် ရဲတင်းနေသေးသည်။ သူသည် 'သေခြင်းတရား' ဟူသော စကားလုံးကို မည်သို့ပေါင်းရမည်ကိုပင် သိပုံမပေါ်ပေ။
ဆေးဆိုင်၏ အတွင်းခန်းထဲတွင် ပြင်းထန်သော သေးနံ့ကြီးကို ရှူရှိုက်မိသောအခါ လီလန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ဟွမ်လောင်စန်း၏ တုံ့ပြန်မှုမှာ သူ မျှော်လင့်ထားသည်ထက် အနည်းငယ် လွန်ကဲနေသည်။
သို့သော်လည်း သူ၏ သေရမည်ကို ကြောက်ရွံ့မှုမှာလည်း အလွန်နားလည်ပေး၍ ရနိုင်ပေသည်။
ဟွမ်လောင်စန်း ငယ်ရွယ်စဉ်က မည်သည့်အရာကိုမျှ မကြောက်တတ်သော ရက်စက်သည့် လူတစ်ယောက် ဖြစ်ခဲ့ကောင်း ဖြစ်နိုင်သည်။
အသက်အရွယ်တစ်ခုသို့ ရောက်ရှိလာသောအခါ သေရမည်ကို ကြောက်ရွံ့ခြင်းမှာ ပုံမှန်သာဖြစ်၏။
"သူ့အတွက် ဘောင်းဘီတစ်ထည်ရှာပြီး လဲခိုင်းလိုက်... ငါ သူ့ကို ဆွေးနွေးစရာတွေ ရှိသေးတယ်..."
လီလန်၏ အမိန့်ကို ကြားသောအခါ ချင်းလုံဂိုဏ်းဝင်တစ်ယောက်သည် ဘောင်းဘီတစ်ထည်ကို အမြန်ရှာဖွေပြီး ဟွမ်လောင်စန်းရှေ့သို့ တိုက်ရိုက် ပစ်ချပေးလိုက်သည်။
ဟွမ်လောင်စန်းက ဘောင်းဘီကို ကောက်ကိုင်လိုက်ပြီး လူတိုင်းကို တစ်ချက်ကြည့်လိုက်ရာ မည်သူကမျှ အကြည့်လွှဲသွားမည့် အရိပ်အယောင် မရှိသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိဘဲ ချင်းလုံဂိုဏ်းဝင်များ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်ပင် သူ၏ ဘောင်းဘီအဟောင်းကို ချွတ်ကာ အသစ်ကို လဲဝတ်လိုက်ရတော့သည်။
"ကျစ်... ဒီခွေးအိုကြီးရဲ့ ဟာက အရမ်းသေးတာပဲ... သူက သူ့ရဲ့ မယားငယ်တွေကို ဘယ်လိုများ စိတ်ကျေနပ်အောင် ထားပါလိမ့်..."
"ဟွမ်လောင်စန်းမှာ အရင်က မယားငယ် သုံးလေးယောက် ရှိခဲ့တယ်လို့ ကြားဖူးတယ်..."
"သူ့ရဲ့ဟာက ဆေးမြစ်လောက်ပဲ သေးငယ်နေတာ... သူ တကယ်ပဲ သူတို့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ပါ့မလား..."
ကြည့်နေကြသော ချင်းလုံဂိုဏ်းဝင်များသည် ဟွမ်လောင်စန်း၏ ဘောင်းဘီထဲတွင် အရာဝတ္ထု သေးသေးလေးသာ ရှိနေသည်ကို မြင်သောအခါ အားလုံးက စိတ်ပျက်နေသော အမူအရာများကို ပြသလာကြသည်။
ဘယ်လိုပဲ ကြည့်ကြည့် ဤဟွမ်လောင်စန်းမှာ အလွန်သာမန်ဆန်လွန်းသော လူတစ်ယောက်သာ ဖြစ်သည်။
သူက မြေအောက်လောကမှာ ဘယ်လိုများ အသက်ရှင်သန်ခဲ့တာလဲဟူသည်မှာ စဉ်းစားစရာပင်။
လူအုပ်ကြီး၏ စူးရှသော လှောင်ပြောင်မှုများကြားတွင် ဟွမ်လောင်စန်းမှာ ရှက်ရွံ့လွန်း၍ ခေါင်းပင် မဖော်ဝံ့တော့ချေ။
သို့သော် လီလန်တစ်ယောက်တည်းသာ သူ၏ မျက်လုံးများထဲတွင် အပြုံးအရိပ်အယောင်မျှ မရှိခဲ့ပေ။
မြေအောက်လောကတွင် ကျင်လည်ခြင်းဆိုသည်မှာ ရက်စက်ခြင်း တစ်ခုတည်းနှင့် မရပေ။
လူတွေမှာ သူတို့၏ နည်းလမ်းများ ရှိသလို ကြောင်များတွင်လည်း သူတို့၏ လမ်းကြောင်းများ ရှိစမြဲဖြစ်သည်။
ဤဟွမ်လောင်စန်းသည် မြေအောက်လောကဟောင်းတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြီးပွားတိုးတက်နိုင်ခဲ့သည်ကို ထောက်ရှုပါက သဘာဝကျကျပင် သူ၌ ထူးခြားသော စွမ်းရည်များ ရှိနေမည်သာ ဖြစ်သည်။
သို့သော် ဟွမ်လောင်စန်း တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ထိုအရာက လီလန်အတွက် အရေးမကြီးပေ။
ဟွမ်လောင်စန်းသည် သူ၏ ဖင်ဗလာဖြင့် အဝတ်အစားများ အပြီးသတ် လဲဝတ်ပြီးနောက် လီလန်က လက်ကို ဝှေ့ယမ်းလိုက်ရာ အတွင်းခန်းတစ်ခုလုံး ချက်ချင်းပင် အလွန်အမင်း တိတ်ဆိတ်သွားတော့သည်။
ဟွမ်လောင်စန်းအား သတ်ရန် အော်ဟစ်နေခဲ့ကြသော ချင်းလုံဂိုဏ်းဝင်များသည် ယခုအခါတွင် အလွန်တိတ်ဆိတ်နေကြသည်။
"ဒုတိယခေါင်းဆောင်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..."
ဟွမ်လောင်စန်းသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် အမြန်ဒူးထောက်ကာ ကြက်သွန်ဖြူထောင်းသည့် ကျည်ပွေ့ကဲ့သို့ မြေပြင်ကို ခေါင်းဖြင့် ဆက်တိုက် တိုက်ကာ ဦးညွှတ်လိုက်တော့သည်။
လီလန်သည် သူ၏ လက်ထဲတွင် ဟေးရှင်းပစ္စတိုကို ကိုင်ထားရင်း အဓိကထိုင်ခုံပေါ်မှ ဆင်းလာကာ ဟွမ်လောင်စန်းဆီသို့ လျှောက်သွားလိုက်သည်။
လီလန်သည် ပစ္စတိုကိုင်ကာ ဟွမ်လောင်စန်းထံသို့ ချဉ်းကပ်သွားချိန်တွင် ချင်းလုံဂိုဏ်းမှ ညီအစ်ကိုနှစ်ယောက်လည်း အခန်းထဲမှ ထွက်သွားကြသည်။
"ဟွမ်လောင်စန်း...မင်း တကယ်တမ်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ မင်းက ငါရဲ့ ချင်းလုံဂိုဏ်း ညီအစ်ကိုတွေကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကတော့ အမှန်တရားပဲ..."
လီလန်သည် လက်ကိုမြှောက်ကာ ပစ္စတိုဖြင့် ဟွမ်လောင်စန်း၏ ခေါင်းကို ချိန်လိုက်သည်။
သူ၏ အသံမှာ အလွန်တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားမှု အတက်အကျမျှ မရှိပေ။
"မင်းကို သတ်ရတာက ကြက်တစ်ကောင်ကို သတ်ရသလိုပဲဆိုတာ မင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်..."
"ဒါပေမဲ့..."
ဤနေရာသို့ ရောက်သောအခါ လီလန်၏ လေသံမှာ ပြောင်းလဲသွားသည်။
ဟွမ်လောင်စန်း၏ မျက်နှာပေါ်တွင် အံ့ဩသွားသော အမူအရာတစ်ခု ပေါ်လာပြီးနောက် နောက်တစ်စက္ကန့်တွင် လီလန်က သေနတ်မောင်း ဖြုတ်ချလိုက်သည်ကို သူ မြင်လိုက်ရတော့သည်။
"ဒိုင်း..."
"ဖောက်... ဖောက်..."
ပထမအသံမှာ သေနတ်သံ ဖြစ်သည်။
နောက်အသံနှစ်ခုမှာ ဗြောက်အိုးဖောက်လိုက်သော အသံများပင်ဖြစ်၏။
ဤခေတ်ကာလတွင် မည်သည့် အသံလုံစနစ်မျှ မရှိသေးချေ။
နေ့ခင်းကြောင်တောင်တွင် သေနတ်ပစ်ဖောက်ခြင်းက ပတ်ဝန်းကျင် တစ်ခုလုံးကို သိရှိစေမည် ဖြစ်သည်။
သို့သော် သေနတ်သံနှင့် တစ်ပြိုင်နက်တည်း ဗြောက်အိုးဖောက်လိုက်ပါက ဗြောက်အိုးသံများက သေနတ်သံကို ဖုံးအုပ်သွားမည် ဖြစ်သည်။
အခန်းထဲမှ ယခုလေးတင် ထွက်သွားသော ချင်းလုံဂိုဏ်း လက်အောက်ငယ်သား နှစ်ယောက်၏ အိတ်ကပ်များမှာ ဖောင်းပွနေခဲ့သည်။
သူတို့သည် ဆေးဆိုင်၏ ဝင်ပေါက်သို့ တိုက်ရိုက်သွားကာ ပြန့်ကျဲနေသော နေရာတစ်ခုကို ရှာတွေ့ပြီးနောက် မြေပြင်ပေါ်တွင် ဗြောက်အိုးကြီးနှစ်ခုကို ချထားကာ မီးညှိထားသော စီးကရက်များဖြင့် ဗြောက်အိုးများကို မီးရှို့လိုက်ကြသည်။
"ဖောက်... ဖောက်..."
သေနတ်သံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ဆေးဆိုင်အနီးရှိ လမ်းသွားလမ်းလာများ၏ မျက်နှာများပေါ်၌ ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ဆက်တိုက် ထွက်ပေါ်လာသော ဗြောက်အိုးသံများကို ကြားပြီးနောက် သူတို့၏ အမူအရာများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
"မနက်ဖြန်က ကျွန်တော်တို့ ဆေးဆိုင် တည်ထောင်တာ နှစ်နှစ်ပြည့်တဲ့ နေ့ပါဗျ..."
"အကယ်၍ အားလုံးပဲ အချိန်ရမယ်ဆိုရင် မနက်ဖြန် ကျွန်တော်တို့ ဆေးဆိုင်မှာ ဆေးလာဝယ်ဖို့ ကြိုဆိုပါတယ်..."
"အဲဒီအချိန်ကျရင် ဆေးအားလုံးကို ခင်ဗျားတို့အတွက် ၅၀ ရာခိုင်နှုန်း လျှော့ပေးမှာပါ..."
ချင်းလုံဂိုဏ်းမှ လက်အောက်ငယ်သား နှစ်ယောက်သည် ဆေးဆိုင်အဝတွင် ရပ်လျက် လမ်းသွားလမ်းလာများကို ပြုံးကာ ရှင်းပြနေကြသည်။
လမ်းသွားလမ်းလာများ : ဒါက တကယ့်ကို တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ…
ဆေးဆိုင်တွေမှာလည်း ဈေးလျှော့တာတွေ ရှိသလားဟူသည်မှာ အံ့ဩစရာပင်။
ဘယ်သူကများ အလုပ်အားလွန်းလို့ ဆေးဆိုင်ကို တိုက်ရိုက်သွားပြီး ဆေးဝယ်မည်နည်း။
ဤအရာမှာ ဈေးလျှော့သည့်အခါ ဝယ်ယူနိုင်သော ဆန်နှင့်တူသည်မဟုတ်ပေ။
အတွင်းခန်းထဲတွင်မူကား။
"အား... အား... အား... အား..."
ဟွမ်လောင်စန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး သူ၏ လက်များဖြင့် ပေါင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
သူ၏ ပေါင်အရင်းတွင် သေနတ်ကျည်ပေါက်တစ်ခု ရှိနေပြီး ဒဏ်ရာမှ သွေးများ ဆက်တိုက် စီးကျနေ၏။
ပြင်းထန်လွန်းသော နာကျင်မှုတစ်ခုက ဒဏ်ရာမှ ထွက်ပေါ်လာသည်။ ယခုလေးတင် ဘောင်းဘီထဲ သေးပန်းထားသော ဟွမ်လောင်စန်းမှာ ယခုအခါတွင် နာကျင်မှုကြောင့် မျက်ရည်၊ နှပ်ရည်များ ထွက်ကျလာကာ ငိုကြွေးနေတော့သည်။
အသံတိတ်နေပြီး စိတ်ခံစားချက်များကို ဖတ်ရှု၍ မရနိုင်သော လီလန်က လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ချက်ချင်း သေနတ်ဖြင့် ပစ်လိမ့်မည်ဟု သူ တကယ့်ကို မျှော်လင့်မထားခဲ့ပေ။
ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်အနှံ့သို့ စတင်ပျံ့နှံ့သွားပြီး ဟွမ်လောင်စန်းမှာ နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် တိုက်ရိုက်ပင် လူးလိမ့်နေတော့သည်။
အတွင်းခန်းမှာ တိတ်ဆိတ်သွား၏။
လီလန်သည် ပစ္စတိုကို နှာခေါင်းနားသို့ တေ့ကာ ပြောင်းဝမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
"ဟွမ်လောင်စန်း... ဒီအချက်က မင်းရဲ့ အသက်အန္တရာယ်ရှိတဲ့ နေရာတွေကို ငါ တမင် ရှောင်ပစ်လိုက်တာ... မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်..."
လျူတုံ ပေးပို့လိုက်သော ပစ္စတိုမှာ တကယ့်ကို အရည်အသွေး ကောင်းမွန်လှသည်။
ဤသေနတ်များသည် ပစ္စတိုအသစ်များဖြစ်ပြီး သေနတ်ဆီ အနံ့များမှာပင် လတ်ဆတ်နေဆဲဖြစ်၏။
ဤလျူတုံမှာ တကယ့်ကို သစ္စာရှိလှပေသည်။
လီလန်သည် ဝံပုလွေရိုင်းဂိုဏ်းနှင့် ပဋိပက္ခဖြစ်နေကြောင်း သိသောအခါ သူက ဟေးရှင်းပစ္စတို သုံးလက်ကို တိုက်ရိုက်ပင် ပို့ပေးခဲ့သည်။
လီလန်သည် ဤဟေးရှင်းပစ္စတို သုံးလက်အနက်မှ တစ်လက်ကို အစ်ကိုနျူးအား ပေးလိုက်ပြီး သူ့အတွက် နှစ်လက် သိမ်းထားခဲ့သည်။
ဖြစ်နိုင်လျှင်တော့ လီလန်က ရိုင်ဖယ်ရှည်ကိုသာ ပို၍ အသုံးပြုလိုသေးသည်။
သို့သော်လည်း မြို့ထဲတွင် ရိုင်ဖယ်သေနတ်ကို အသုံးပြုခြင်းမှာ အလွန်ထင်ရှားလွန်းပြီး အာရုံစိုက်မှုကို လွန်စွာဆွဲဆောင်နိုင်ပေသည်။
ဤတစ်ကြိမ်တွင် လျူတုံသည် လီလန်အား ဟေးရှင်းပစ္စတို သုံးလက်ကို ပေးပို့ရုံသာမက ကျည်ဆန် သုံးရာကျော်ကိုပါ ပေးပို့ခဲ့သေးသည်။
လီလန်သည် လက်ဖြောင့်တပ်သား တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ထို့အပြင် လီလန်သည် လက်နှစ်ဖက်စလုံးဖြင့် သေနတ်ကို ကိုင်ဆောင်နိုင်စွမ်း ရှိသည်။
ယင်းက လီလန်၏ ပစ်ခတ်မှုစွမ်းအားကို တစ်ဆင့် တိုးမြင့်သွားစေခဲ့သည်။
ဤကျည်ဆန် သုံးရာကျော်အပြင် ကောင်းစွာ ထိန်းသိမ်းထားသော အသစ်နီးပါးဖြစ်သည့် ဟေးရှင်းပစ္စတို နှစ်လက်ပါ ရှိနေသဖြင့် လီလန်သည် ဝံပုလွေရိုင်းဂိုဏ်းကို ချေမှုန်းရန် သူ၏ ရည်မှန်းချက်အပေါ်တွင် ပို၍ပင် ယုံကြည်မှု ရှိနေတော့သည်။
"ခင်ဗျား ကျွန်တော့်ကို သောက်ကျိုးနည်း ဘာလုပ်ခိုင်းချင်နေတာလဲ..."
"အကယ်၍ ခင်ဗျား ကျွန်တော့်ကို တစ်ခုခု လုပ်ခိုင်းချင်ရင်လည်း ပြောလိုက်လေ..."
သူ၏ ဒဏ်ရာရနေသော ခြေထောက်ကို ဆုပ်ကိုင်ကာ အချိန်အတော်ကြာ ရုန်းကန်နေပြီးနောက် ဟွမ်လောင်စန်းက နောက်ဆုံးတွင် လည်ပင်းကြောထောင်ကာ အော်ဟစ်လာတော့သည်။
ဤသည်မှာ တကယ့်ကို ဒေါသထွက်စရာကောင်းလှ၏။
ဤလီလန်သည် သာမန် ဆင်ခြင်တုံတရားနှင့်အညီ လုံးဝ လုပ်ဆောင်ခြင်း မရှိပေ။
သူ့ကို ချက်ချင်း မသတ်ခြင်းက ဆွေးနွေးလိုသည်ဟု အဓိပ္ပာယ်ရသည်။
သို့သော် သူသာ ဆွေးနွေးလိုပါက ဘာကြောင့် ချက်ချင်း သေနတ်ဖြင့် ပစ်ရသနည်းဆိုသည်မှာ စဉ်းစားစရာပင်။
ဟွမ်လောင်စန်း၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး လီလန်အပေါ် ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ကိုပါ တစ်ပြိုင်နက် ခံစားနေရသည်။
"ခုနက ငါတို့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးလို့ မရခဲ့ဘူး... ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့ ချင်းလုံဂိုဏ်း ညီအစ်ကိုတွေကို ဒဏ်ရာရအောင် လုပ်လုနီးပါး ဖြစ်ခဲ့လို့ပဲ..."
လီလန်သည် ဟွမ်လောင်စန်းအနီးသို့ ရောက်လာပြီးနောက် ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်လိုက်ကာ ဟွမ်လောင်စန်း၏ ပါးပြင်ကို သေနတ်ပြောင်းဝဖြင့် ထိုးလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါ့အပြင် ခေါင်းဆောင်ဟွမ်က သရုပ်ဆောင်ရတာကို သဘောကျတယ်... ငါသာ မငကို သေနတ်နဲ့ မပစ်ရင် မင်းရဲ့ အစစ်အမှန်ပုံစံကို ပြမှာမဟုတ်ဘူးလေ..."
"သူရဲဘောကြောင်တဲ့ ငကြောက်တစ်ယောက်က မြေအောက် လောင်းကစားရုံတစ်ခုကို နှစ်အတော်ကြာအောင် ဖွင့်ထားနိုင်ပြီး ဘယ်သူကမှ လာမစိန်ခေါ်ဘူးဆိုတာကို ငါ မယုံဘူး..."
"ပြီးတော့ မြေအောက် လောင်းကစားရုံ ဖွင့်ထားတာ ဒီလောက်ကြာနေတာတောင် အစိုးရအရာရှိတွေ လာမပိတ်ဘူးဆိုတာကိုလည်း ငါ သေချာပေါက် မယုံဘူး..."
သေနတ်၏ အေးစက်သော ပြောင်းဝက ဟွမ်လောင်စန်း၏ ပါးပြင်ကို ဖိကပ်ထားသဖြင့် သူ့မှာ စကားပင် မပြောရဲတော့ချေ။
ထို့နောက် လီလန်၏ အသံက ဆက်ထွက်လာသည်။
"မင်းက တကယ်ပဲ ငကြောက်တစ်ယောက်လား ဒါမှမဟုတ် သရုပ်ဆောင်နေတာလားဆိုတာ ငါ ဂရုမစိုက်ဘူး... အဲဒါက အရေးမကြီးဘူး..."
"ငါတို့ ချင်းလုံဂိုဏ်းဝင်တွေက အငြိုးအတေးတွေနဲ့ မကျေနပ်မှုတွေကို အမြဲတမ်း တုံ့ပြန်လေ့ရှိတယ်..."
"မင်းက ငါတို့ ချင်းလုံဂိုဏ်းနဲ့ ဝံပုလွေရိုင်းဂိုဏ်းကြားက ကိစ္စတွေမှာ ပါဝင်ပတ်သက်နေပြီဆိုတော့ အဲဒီအတွက် မင်း ပေးဆပ်ရလိမ့်မယ်..."
"ဝံပုလွေရိုင်းဂိုဏ်းနဲ့ မင်းဘယ်လို သဘောတူညီချက်တွေ ရထားလဲဆိုတာ ငါ သိဖို့ စိတ်မဝင်စားဘူး... ငါ လိုချင်သရွေ့ အချိန်မရွေး မင်းရဲ့ အသက်ကို ယူနိုင်တယ်ဆိုတာကိုပဲ မင်းကို သိစေချင်တာ..."
လီလန်သည် အသိမိတ်ဆွေတစ်ဦးနှင့် အလွန် သာမန်ဟာသတစ်ခု လုပ်နေသကဲ့သို့ တဟားဟား ရယ်မောလိုက်သည်။
သို့သော် လီလန်၏ စကားများက ဟွမ်လောင်စန်း၏ နားထဲသို့ ရောက်သွားသောအခါ သူ၏ ခန္ဓာကိုယ်မှာ အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားတော့သည်။
ဤလီလန်မှာ လုံးဝကို မိစ္ဆာတစ်ကောင်ပင်။
သူ၏ အထူးကျွမ်းကျင်သော သရုပ်ဆောင်မှုများသည် လီလန်ရှေ့တွင် ဟန်ဆောင်မှု ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။
သူ ဝင်လာကတည်းက လီလန်သည် ဇာတ်ကားတစ်ကားကို ကြည့်နေသည့် အမူအရာဖြင့် သူ သရုပ်ဆောင်နေသည်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
သူက လီလန်ကို လှည့်စားနိုင်မည်ဟု ထင်ခဲ့သော်လည်း အစမှအဆုံးတိုင် လီလန်၏ အမူအရာမှာ အလွန်အမင်း တည်ငြိမ်နေခဲ့သည်။
သူ အမှန်တကယ် မည်သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်နေရသည်ကို သူ လုံးဝ မသိခဲ့ပေ။