← Chapters

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း (၁၀၆၄) လဲ့ထန်းလုံနှင့် ပြန်လည်တွေ့ဆုံခြင်း။

နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ နက်ရှိုင်းသောအရပ်တွင်းရှိ ချိုင့်ဝှမ်းကြီးတစ်ခုထဲမှာ …။

ချောမောခန့်ညားသည့် လူငယ်တစ်ယောက်သည် သူ၏ရှေ့တွင်ရှိနေသည့် လူလတ်ပိုင်း အရွယ်ကို အမျိုးသားကို ဒေါသတကြီး ကြည့်နေပါသည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော အေးစက်စက် အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ၏ မျက်နှာက အလွန်ဖြူဖျော့နေပြီး၊ သူ၏ပါးစပ်ထောင့်တွင် သွေးစသွေးနများ တွဲလောင်းကျ နေသည်။ သူ၏အဝတ်အစားများသည် စုတ်ပြတ်ပျက်စီးနေပြီ။ ထို့ကြောင့်, သူသည် ဒဏ်ရာအပြင်းအထန် ရထားပါသည်။

သူ၏ရှေ့တွင် ခရမ်းရောင်ပိုးထည် နဂါး၀တ်စုံ ၀တ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေပါသည်။ ဤလူသည် အရပ်မြင့်မားပြီး ထွားကျိုင်းသန်မာကာ၊ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာမှ ပြင်းထန်သည့် ခမ်းနားထည်ဝါမူ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူသည် ပျက်သုဉ်းခြင်းရှစ်ပါးကိုပင် မျိုချနိုင်သည့် လွှမ်းမိုးကြီးစိုးနိုင် သော အငွေ့အသက်မျိုး ရှိနေပါသည်။ (ပျက်သုဉ်းခြင်းရှစ်ပါးကို ရှေ့မှာ ပြခဲ့ပြီးပါပြီ)။

နဂါးစွမ်းအား။

ကောင်းကင်ဘုံအောက်တွင် နဂါးတစ်ကောင်သာ ထိုကဲ့သို့ တန်ခိုးကြီးသော ကြောက်မက်ဖွယ်အငွေ့အသက်မျိုးကို ပိုင်ဆိုင်နိုင်ပါသည်။

မှန်ပါသည်။ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် နဂါးမျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင် လဲ့ထန်းလုံမှ လွဲ၍ တခြားလူ မဟုတ်ပါချေ။ သူ၏ရှေ့က လူငယ်သည်လည်း ရှောင်ဘိုင်မှ လွဲ၍ အခြားလူမဟုတ်ပါပေ။

"မွန်းစတား ကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားကို လွှဲပေးစမ်း။ မင်းအသက်ကို ငါ ချမ်းသာပေးမယ်။" လဲ့ထန်းလုံသည် ရှောင်ဘိုင်ကို ကြည့်ရင်း လွှမ်းမိုးကြီးစိုးစွာ ပြောလိုက်ပါသည်။ သူ၏လေသံက ခက်ထန်သည့် အမိန့်ပေး အသံကိုဆွဲကိုင်ထားသည်။

"ကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားက ကွဲအက်သွားခဲ့ပြီ။ ခင်ဗျားလည်း ဒါကို မြင်ခဲ့ တယ်။ ခင်ဗျား ကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားကို ကျုပ်ဆီမှာ ဘာလို့ တောင်းနေရ သေးတာလဲ။" ရှောင်ဘိုင်က အေးစက်စက်အသံဖြင့် ပြန်ဖြေသည်။ သူ၏မျက်လုံးထဲမှာ သည်းမခံနိုင်သည့် အမူအရာမျိုး ရှိနေခဲ့သည်။

ယခင်က, သူ နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်းထဲသို့ ဝင်ရောက်လာချိန်မှာ, ချင်ယွင်သည် ကောင်းကင်ဘုံချိုးဖျက်ခြင်းသော့ကြောင့် ရုတ်တရက် အဝေးကို ပြောင်းသွားခဲ့ရသည်။ သူသည် ချင်ယွင်နှင့် အတော်လေး နီးကပ်နေသောကြောင့် ချင်ယွင်နှင့်အတူ တည်နေရာ ရွှေ့ပြောင်းခံခဲ့ရသော်လည်း အခြားတနေရာသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ထို့နောက် သူသည် မတော်တဆ ကြုံတွေ့ခဲ့ရပြီး ဤချိုင့်ဝှမ်းထဲသို့ ပြုတ်ကျသွားခဲ့သည်။

ဤချိုင့်ဝှမ်း၏ တည်နေရာသည် အလွန်ဆိတ်ငြိမ်ပြီး ဝင်ပေါက်သည် ထူထပ်သော သစ်ပင်များဖြင့် ဖုံးလွှမ်းထားသည်။ ဂရုတစိုက် မကြည့်ရူမိလျှင်, လျစ်လျူရူမိသွားရန် အလွန်လွယ်ကူပါသည်။

ဤချိုင့်ဝှမ်းတွင် ရှေးခေတ်နတ်ဆိုးအက္ခရာများ ရေးထိုးထားသည့် ရှေးဟောင်း သင်္ချိုင်းဂူ ကျောက်ပြားတစ်ချပ် ရှိနေခဲ့သည်။

ရှောင်ဘိုင်သည် ရှေးဟောင်း ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ပြီး ရှေးဟောင်းအမွေဆက်ခံမှုကို ပိုင်ဆိုင်ထားသောကြောင့်၊ သူသည် ဤရှေးဟောင်း သင်္ချိုင်းဂူ ကျောက်ပြားကို လျင်မြန်စွာ အသိအမှတ် ပြုနိုင်ခဲ့သည်။ ၎င်းသည် ရှေးဟောင်း နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ချန်ထားရစ်ခဲ့သော ဉာဏ်အလင်း ကျောက်ပြားတစ်ချပ်ဖြစ်ပြီး အထွက်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ခြင်း၏ လျှို့ဝှက်ချက်များကို မှတ်တမ်းတင်ထားသည်။

ကျောက်ပြားပေါ်က အချက်အလက်အားလုံးကို သူ၏စိတ်ထဲတွင် မှတ်မိသွားသည့်အခါ၊ ကျောက်ပြားက ကွဲအက်သွားပြီး အချက်အလက် အားလုံးသည် သူ၏ နီဝမ်နန်းတော်ထဲ တွင် ပုံရိပ်ယောင် ရှေးဟောင်း ကျောက်ပြားတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။

ထိုအချိန်မှာ လဲ့ထန်းလုံက မတော်တဆ ရောက်လာခဲ့ပြီး၊ ထိုမြင်ကွင်းကို သူ မြင်လိုက်ရ သည်။ ဤအဘိုးကြီးသည် ဤကျောက်ပြား၏လျှို့ဝှက်ချက်ကို သိရှိထားပုံရသည်။ ရှောင်ဘိုင်က ရှေးဟောင်းကျောက်ပြားကို သိမ်းဆည်းသွားကြောင်း သူ တွေ့ရှိသောအခါ၊ သူသည် ရှောင်ဘိုင်ကို လျင်မြန်စွာ တိုက်ခိုက်ပြီး၊ ရှောင်ဘိုင်သည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ သူက ရှောင်ဘိုင်ကို ထိုကျောက်ပြားပေါ်မှ အချက်အလက်တွေကို လွှဲပြောင်းပေးစေချင်သည်။

"ဟမ့်၊ ငါ မသိဘူးလို့ မထင်နဲ့။ ဒီကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားက ကောင်းကင် တာအိုကျောက်တုံးကနေ သိပ်သည်းထားတဲ့ အရာတစ်ခုပဲ။ အဲဒီအပေါ်က အချက်အလက် ကို မဖတ်မိဘူးဆိုရင်, ဒီကျောက်ပြားက ထာဝရ တည်ရှိနေလိမ့်မယ်။ နှစ်သန်းပေါင်း ရာနှင့်ချီကြတောင် အရည်ပျော်သွားမှာ မဟုတ်ဘူး။ အခု ဒီကျောက်ပြားက ကြေမွပြိုကွဲ သွားပြီဆိုတော့, မင်းက အဲဒီအပေါ်မှာပါတဲ့ အချက်အလက်တွေကို မြင်ပြီးသွားပြီလို့ ဆိုလိုတာပဲ။ ဒီကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားကလည်း မင်းရဲ့စိတ်ထဲကို ဝင်ရောက် သွားပြီး၊ ကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားပုံကြမ်းတစ်ခုအနေနဲ့ ပြောင်းလဲသွားလိမ့် မယ်။” လဲ့ထန်းလုံက အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏လေသံက လွှမ်းမိုးကြီးစိုးနိုင်သည့် အငွေ့အသက်များနှင့် ပြည့်နေခဲ့သည်။

သေချာသည်မှာ၊ သူသည် ဤကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြား၏ တည်ရှိနေမှု အကြောင်းကို ကြိုတင်သိရှိထားခဲ့ပြီး၊ ၎င်းနှင့်ပတ်သက်ပြီး အသေးစိတ် နားလည်ထား သည်။ သူသည် ဤနေရာနှင့်ပတ်သက်ပြီး၊ ကြိုတင်စီစဉ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် အမှားအယွင်း လုံးဝ မရှိနိုင်ပေ။

ရှောင်ဘိုင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လဲ့ထန်းလုံ ပြောသည်မှာ မှန်ပါသည်။ ဤကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားသည် သူ၏စိတ်ထဲသို့ အမှန်ပင် ဝင်ရောက်လာခဲ့သည်။ သို့သော် ၎င်းတွင်ပါရှိသော အချက်အလက်များသည် ရှုပ်ထွေးပြီး နားလည်ရခက်ပါသည်။ အချိန်အတော်ကြာအောင် သူ နားမလည်ခဲ့ပါ။

"ကောင်လေး၊ ကောင်းကင်ဘုံ သင်္ချိုင်းဂူကျောက်ပြားရဲ့ အချက်အလက်ကို ပြောပြဖို့ မင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်။ မဟုတ်ရင် မင်းကို သင်္ချိုင်းမြေမပါဘဲ အခု ချက်ချင်း သေစေလိုက်မယ်။" လဲ့ထန်းလုံသည် ရှောင်ဘိုင်ကို ကြည့်ကာ ခြိမ်းခြောက် သည်။ ကြီးကျယ်ခမ်းနားသော အငွေ့အသက်က ရှောင်ဘိုင်ကို တစ်ဖန် ဖိနှိပ်လာပြန် သည်။

ဤကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက်ရသဖြင့် ရှောင်ဘိုင်သည် မျက်မှောင် ကြုတ်လိုက်သည်။ သူသည် လက်ဖဝါးကို လှန်လိုက်ပြီး၊ သူ၏လက်ထဲတွင် တံဆိပ်ပြား တစ်ခု ပေါ်လာသည်။

ဘန်း…။

သို့သော် ရှောင်ဘိုင်သည် တံဆိပ်ပြားကို ချေမှုန်းပြီး ကနဦးစကြဝဠာထဲသို့ ဝင်ခါနီးတွင် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် မလှုပ်ရှားနိုင်တော့ကြောင်း သူ တွေ့ရှိခဲ့ရသည်။ လေဟာနယ်တစ်ခုလုံး အေးခဲသွားသလိုမျိုး သူ၏လက်ချောင်းတွေကိုတောင် မလှုပ်နိုင် တော့ပါဘူး။ ရှောင်ဘိုင်သည် မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ သူ မရုန်းကန်နိုင်ပါ ဘူး။

ရှောင်ဘိုင်သည် အဝေးကို လှမ်းကြည့်လိုက်ရာ လဲ့ထန်းလုံ၏ သူငယ်အိမ်တစ်စုံသည် ကြယ်များကဲ့သို့ တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်စွမ်းအင်အတက်အကျလှိုင်းများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

"လေဟာနယ်စွမ်းရည် ကောင်းကင်တာအို ဉပေဒသလား?" ရှောင်ဘိုင်၏ မျက်နှာမှာ တုန်လှုပ်ခြောက်ခြားမှုဖြင့် ပြည့်နှက်နေသည်။ လဲ့ထန်းလုံသည် လေဟာနယ်စွမ်းရည် ကောင်းကင်တာအိုကို အမှန်တကယ် နားလည်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ယခုအချိန်တွင်, လေဟာနယ်သည် ချည်နှောင်ခံထားရပြီး၊ ရှောင်ဘိုင်၏ ခွန်အားဖြင့် ၎င်းကို လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

"ဟမ့်၊ ငါ့ရှေ့မှာ မင်းရဲ့ရတနာကို အသုံးချချင်နေမှတော့ မင်း သေသင့်တယ်" လဲ့ထန်းလုံက အထင်သေးစွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ရှောင်ဘိုင်ဆီသို့ လျှောက်သွားပြီး ရှောင်ဘိုင်၏ လက်ထဲရှိ တံဆိပ်ပြားကို ဆွဲထုတ်လိုက်သည်။

တံဆိပ်ပြား လုယူသွားသည်ကို မြင်လိုက်ရသောအခါ ရှောင်ဘိုင်၏ အမူအရာက မည်းမှောင်သွားခဲ့သည်။ ဤတံဆိပ်ပြားသည် သူလွတ်မြောက်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုမျှော်လင့်ချက်သည် ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။

"ရတနာက ဘာကြောင့် လေဟာနယ် လမ်းကြောင်း တံဆိပ်ပြားတစ်ခု ဖြစ်နေရတာလဲ။ ငါသိချင်မိတယ်။ ဒါလေးကို အားကိုးပြီး မင်း လွတ်မြောက်နိုင်မယ် ထင်နေသလား?။ ဒီချိုင့်ဝှမ်းထဲကို မဝင်ခင်ကတည်းက ငါက ချိုင့်ဝှမ်းတစ်ခုလုံးကို စည်းတံဆိပ် ခတ်ထားခဲ့ ပြီးသား။ မင်းရဲ့ တံဆိပ်ပြားက အသုံးမကျဘူး" လဲ့ထန်းလုံက ရယ်မောလိုက်သည်။

ထိုစကားကိုပြောပြီးနောက် သူ၏လက်ထဲရှိ တံဆိပ်ပြားကို တိုက်ရိုက် ချိုးပစ်လိုက်သည်။

သို့သော် တံဆိပ်ပြား အက်ကွဲသွားသည်နှင့်အမျှ၊ ပုံရိပ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ် လာခဲ့ပြီး၊ လဲ့တန်လုံ၏ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်လေသည်။ လဲ့ထန်းလုံသည် နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး အဝေးမှ ကျောက်နံရံကို ပစ်တိုက်ကာ ကြီးမားသော ပေါက်နက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။ တောင်တံတိုင်းကြီးတစ်ခုလုံး ပြိုကျပျက်စီးနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"မင်းပါလား.. ချင်ယွင်" လဲ့ထန်းလုံသည် ရုတ်တရက် ခေါင်းကို မြှောက်လိုက်ပြီး အဝေးမှ ရုတ်တရက် ပေါ်လာသော ရုပ်အသွင်ကို စိုက်ကြည့်ရင်း သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲလာခဲ့သည်။

ရှောင်ဘိုင်သည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော အရပ်မြင့်မြင့် ပုံရိပ်ကြီးကို ကြည့်လိုက်ရင်း သူ၏မျက်နှာက စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာသည်။ လဲ့ထန်းလုံသည် လွင့်ထွက်သွားခြင်းကြောင့် ရှောင်ဘိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကန့်သတ် ထိန်းချုပ်မှုများလည်း ဖယ်ရှားသွားခဲ့ပြီး ရှောင်ဘိုင်သည် သူ၏လွတ်လပ်မှုကို ပြန်လည် ရရှိခဲ့သည်။

"ဒီချိုင့်ဝှမ်းကြီးက လေဟာနယ်ရဲ့ စွမ်းအားတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ ကျုပ်က ဘယ်လိုဝင်ရမလဲဆိုပြီး တွေးနေခဲ့တာ။ ခင်ဗျားက လေဟာနယ်လမ်းကြောင်း တံဆိပ်ပြား ကို ချေမွပစ်လိုက်မယ် ကျုပ် မမျှော်လင့်ထားဘူး။ ကျေးဇူးအများကြီး တင်ပါတယ်။" ချင်ယွင်သည် လဲ့ထန်းလုံကို ကြည့်ကာ ပြုံးလိုက်သည်။

ဤလေဟာနယ် လမ်းကြောင်းတံဆိပ်ပြားသည် သူ၏ ကနဦးစကြာဝဠာနှင့် ဆက်သွယ် ပေးထာသည့် တံဆိပ်ပြားဖြစ်သည်။ ရှောင်ဘိုင်သည် လေဟာနယ်တံဆိပ်ပြားမှတဆင့် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်နိုင်သောကြောင့်၊ သူသည်လည်း လေဟာနယ် လမ်းကြောင်းမှတဆင့် ဤချိုင့်ဝှမ်းထဲသို့ သဘာဝအတိုင်း ဝင်ရောက်နိုင်ပါသည်။

လဲ့ထန်းလုံသည် ရုတ်တရက် ပေါ်လာသော ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း သူ၏ မျက်လုံးတွေထဲ သတ်ဖြတ်လိုက်သည့် အရိပ်အယောင်များ ပေါ်လာပါသည်။ လေဟာနယ် လမ်းကြောင်းတံဆိပ်ပြားနှင့် ပတ်သက်ပြီး မည်သည့်အရာဖြစ်သည်ကို သူ ကောင်းကောင်း နားမလည်ပေမယ့် ချင်ယွင်သည် ဤတံဆိပ်ပြားကို ချိုးဖျက်လိုက်ခြင်းကြောင့်သာ, ဤနေရာ၌ ရုတ်တရက် အတိအကျ ပေါ်လာနိုင်သည်မှာ သေချာပါသည်။

"ဟား…၊ ဟား…၊ ငါ မင်းကို ရှာဖို့ တွေးနေတာ။ မင်းကိုယ်တိုင် ရောက်လာလိမ့်လို့ ငါ မမျှော်လင့်ထားဘူး။ ကောင်းကင်ဘုံက ငါ့ကို တကယ် ကူညီပေးနေသလိုပဲ။ ဒီနေ့ မင်းကို သတ်ပြီး ငါ့နဂါးမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ ရတနာကို ပြန်ယူရမယ်။" လဲ့ထန်းလုံသည် ချင်ယွင်ကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏အသံက ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

နောက်ဆုံးအကြိမ်တုန်းက သူသည် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီထဲတွင် ချင်ယွင်၏ လျှို့ဝှက်ကြံစည်ထဲ ကျရောက်သွားခဲ့ပြီး၊ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ၏ ဌာနမှူးကြီးကြောင့် ဒဏ်ရာရရှိခဲ့သည်။ သူသည် ထိုရန်ငြိုးကို သူ၏စိတ်ထဲ မှာ အမြဲတမ်း တေးမှတ်ထားပြီး၊ ပြန်လည်ပေးဆပ်ချင်ခဲ့သည်။ အခု ထိုအခွင့်အရေးက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ။

လဲ့ထန်းလုံ၏ စကားကိုကြားတော့ ချင်ယွင်က မထီမဲ့မြင် အပြုံးကို ထုတ်ဖော်လိုက်သည်။

"အစ်ကိုကြီး၊ သတိထားပါ။ သူနားလည်တာက လေဟာနယ် ကောင်းကင်တာအိုပဲ" ရှောင်ဘိုင် သတိပေးသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး လဲ့ထန်းလုံကို ပြုံးပြုံးလေး ကြည့်လိုက်သည်။ "တိုက်ဆိုင် လိုက်တာဗျာ။ ကျုပ်ကလည်း ခင်ဗျားကို လိုက်ရှာနေတာပဲ၊ ဟိုတုန်းက ခင်ဗျားကို သတ်ပေးမယ်လို့ ဟွမ်ထန်းလုံရဲ့ရှေ့မှာ ကျိန်ဆိုခဲ့ဖူးတယ်။ အခု ကျိန်ဆိုမူကို ဖြည့်ဆည်းပေးရမယ့် အချိန်ရောက်ပြီ ထင်တယ်"။

ထိုစကားကို ကြားတော့ လဲ့ထန်းလုံ၏ မျက်လုံးများသည် ချက်ချင်းပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပေါက်ကွဲထွက်လာတော့သည်။

All Chapters