အခန်း ၁၀၉၀
Vol. 73 Ch. 1090
အခန်း (၁၀၉၀) ပြင်းထန်သောတိုက်ပွဲတစ်ခု။
နေသာဧကရာဇ်သည် တွင်းနက်ကြီးထဲမှ တွားသွားတက်လာခဲ့ပြီး၊ အနက်ရောင် ကောင်းကင်အမှတ်သားက သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပျက်ဆီးမူများအတွက် မှောင်မိုက်သော အလင်းတန်းကို အဆက်မပြတ် ထုတ်လွှတ်ကာ ကုသပေးနေပါသည်။
သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ချင်ယွင်၏ဆန့်ကျင်ဘက် လေထဲမှာ ရပ်လိုက်ပါသည်။
"ဂျူနီယာညီလေးက နတ်ဘုရားစွမ်းရည်ကို အမှန်တကယ် သိရှိလိမ့်မယ်လို့ ငါ မမျှော်လင့် ထားဘူး။ ကြည့်ရတာ ဂျူနီယာညီလေးဖြစ်တဲ့ မင်းကို ငါ တကယ်ကို လျှော့တွက်မိပုံရ တယ်။" နေသာဧကရာဇ်က ပြုံးရွှင်သောအမူအရဖြင့် ပြောလိုက်ပြီး၊ သူ၏မျက်လုံးများက အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။
"နတ်ဘုရားစွမ်းရည်လား?။ နတ်ဘုရားစွမ်းရည်ဆိုတာ ဘာလဲ?။ ချင်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"အယ်…၊ မင်းက နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်ထားတာ မဟုတ်ဘူးလား?" နေသာဧကရာဇ်သည် သူ၏မျက်နှာတွင် အံ့သြသွားသည့် အမူအရာ ပေါ်လွင်နေသည်။
"မဟုတ်ပါဘူး၊ ဒါက ကျွန်တော်ကိုယ်တိုင် နားလည်ထားတဲ့ လက်သီးပညာရပ်တစ်ခု ဖြစ်ပြီး၊ ဖင်းဂေါ့ဂ်စွမ်းအင် လည်ပတ်မှုလမ်းကြောင်းကနေတဆင့် ကျွန်တော် နားလည် ထားတာ။ နတ်ဘုရားစွမ်းရည်ကို ကျွန်တော် တစ်ခါမှ မလေ့လာဖူးပါဘူး။ ကျွန်တော့်ရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကို သန့်စင်တဲ့နည်းလမ်းကိုလည်း ရှေးဟောင်းတာအို ဆရာသခင်က ကျွန်တော့်ကို သင်ကြားပေးခဲ့တာ။" ချင်ယွင်က ပြောသည်။
နေသာဧကရာဇ်သည် တအံ့တသြဖြစ်သွားပြီး မသေချာသော အမူအရာဖြင့် မေးလိုက်ပါ သည် "ဒါဆို ဒီပညာရပ်ကို မင်းကိုယ်တိုင် ဖန်တီးထားတယ်လို့ ပြောချင်တာလား?။"
"ဟမ်၊ တစ်ခုခု မှားနေလို့လား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
နေသာဧကရာဇ်သည် တခဏတာမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားရ၏။ ယခုဆိုလျှင်, ရှေးဟောင်းတာအို ပြောသည့် စကားတွေကို သူ ယုံကြည်သွားပါပြီ။
အစောပိုင်းက ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ အရည်အချင်းက သူ့ထက်ပင် မြင့်မားသည်ဟု ပြောခဲ့ဖူးသည်။ ထိုစကားကို သူ အနည်းငယ် မယုံကြည် သေးပါဘူး။ ထို့ကြောင့် သူသည် ရှေးဟောင်းတာအိုဆရာသခင်ကို ချင်ယွင်ကို ခေါ်ပေးရန် တောင်းဆိုခဲ့ပြီး၊ ချင်ယွင်သည် မည်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားလဲဆိုသည်ကို သူ မြင်လိုခဲ့သည်။
ချင်ယွင်သည် သူအား ယှဉ်ပြိုင်ရန် အနည်းနှင့်အများဆိုသလို စိတ်ဓာတ်သာ ရှိသည်ဟု ထင်ခဲ့သော်လည်း၊ ယခုမူ ဂျူနီယာညီငယ်၏ အရည်အချင်းသည် သူ့ထက် သာလွန်နေ ကြောင်း သူ သဘောပေါက်လိုက်သည်။ (စိတ်ဓာတ်သာရှိပြီး ခွန်အားမရှိဟု ဆိုလိုဟန်)။
လူတိုင်း နတ်ဘုရားစွမ်းရည်များကို မဖန်တီးနိုင်ပေ။ နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်သူ များသည် အနည်းဆုံး မြေကမ္ဘာနတ်ဘုရား သို့မဟုတ် ကောင်းကင်နတ်ဘုရားများ ဖြစ်ကြပါသည်။ အနည်းဆုံးတော့ အထွတ်အထိပ် ကြယ်နတ်ဘုရားများပင်လျှင် ထိုနတ်ဘုရား စွမ်းရည်များကို မဖန်တီးနိုင်ကြပါဘူး။
ထို့ကြောင့် ချင်ယွင်သည် သူ့ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်ကို ဖန်တီးခဲ့ကြောင်း ကြားသိရ ပြီးနောက်, သူသည် ယခုလို အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ တကယ်တော့ ချင်ယွင်၏ လက်ရှိစွမ်းအားသည် ကြယ်နတ်ဘုရားအဆင့်မှာ မရှိသေးသလို နတ်ဘုရားတစ်ပိုင်းထက်တောင် နိမ့်ပါနေပါသည်။
"ညီငယ်လေး၊ မင်းရဲ့ နတ်ဘုရားစွမ်းရည်က အကန့်အသတ် မရှိမှာကိုတောင် ငါ ကြောက်မိတယ်။ ဟုတ်တယ် မဟုတ်လား?" နေသာဧကရာဇ်က မေးသည်။
"မှန်တယ်၊ ကျွန်တော်ရဲ့ အကန့်အသတ်မဲ့ လက်သီးက စုစုပေါင်း သိုင်းကွက် ၃ ခု ရှိတယ်။ အစောပိုင်းက သိုင်းကွက်က ပထမဆုံး သိုင်းကွက်ပဲ။ ဒီကောင်းကင်နဲ့ မြေကြီးဖြစ်စဉ် သိုင်းကွက်က ကျွန်တော့်ရဲ့ အင်္ဂါအစိတ်ပိုင်းတွေကို ချက်ခြင်း ပိုကြီးအောင်လုပ်နိုင်ပြီး၊ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ဖင်းဂေါ့ဂ်အဖြစ် ပြောင်းလဲစေနိုင်တယ်။" ချင်ယွင်က ဘာမှ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
ထိုစကားကိုကြားတော့ နေသာဧကရာဇ်သည် သွေးအန်ချင်စိတ်ကိုပင် ချက်ချင်း ခံစားလိုက်ရပါသည်။
သူသည် မူလက ချင်ယွင်၏ နတ်ဘုရားစွမ်းရည် တစ်မျိုးကို နားလည်နိုင်စွမ်းကပင် အလွန် အစွမ်းထက်နေပြီဟု ယူဆထားပြီး ဖြစ်သည်။ သူသည် အစောပိုင်းက ထိုစကားလုံးများကို သာမန်ကာလျှံကာ မေးလိုက်ခြင်းဖြစ်သော်လည်း ချင်ယွင်သည် အခြားနတ်ဘုရားစွမ်းရည် နှစ်မျိုးကို အမှန်တကယ် နားလည်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ချင်ယွင်အနေဖြင့်ရော ဤနတ်ဘုရားစွမ်းရည်ကို လက်သီးပညာရပ်ဟု အဘယ့်ကြောင့် ခေါ်ဆိုရသနည်း?။ သူ၏အမြင်အရဆို၊ ချင်ယွင်သည် ဤနတ်ဘုရားစွမ်းရည်၏တန်ဖိုးကို လုံးလုံးလျားလျား လျှော့တွက်ထား၍ ဖြစ်ပါသည်။
"ကောင်းပြီ၊ ဒါဆို ဆက်ကြည့်ရအောင်။ စီနီယာ အစ်ကိုကလည်း မင်းနားလည်ထားတဲ့ အခြားနတ်ဘုရားစွမ်းရည် နှစ်မျိုးက ဘယ်လိုမျိုးလဲဆိုတာ မြင်ချင်မိသေးတယ်။" နေသာ ဧကရာဇ်သည် ချင်ယွင်ကိုကြည့်ကာ လေးနက်စွာ ပြောသည်။
သူ၏အကြည့်များ ထူးထူးခြားခြား လေးနက်လာသည်မှာ ဤသည်က ပထမဆုံး အကြိမ် ဖြစ်ပါသည်။ သူသည် ချင်ယွင်ကို အဆင့်တူပြိုင်ဘက်အဖြစ် သဘောထားပြီး ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး၊ သူသည် ဤလက်ရည်စမ်း တိုက်ခိုက်ခြင်းကို ယခင်ကကဲ့သို့ အလေးအနက် မထားခြင်းမျိုး မဟုတ်တော့ပေ။
"ကောင်းပြီ, ကျွန်တော်လည်း ဒီလို ရည်ရွယ်ချက်ရှိပါတယ်။" ချင်ယွင်၏ မျက်လုံးများသည် တဖန်လောင်ကျွမ်းလာပြန်သည်။
နေသာဧကရာဇ်သည် သူ့အား အမြဲတမ်း လမ်းဖွင့်ပေးထားပြီး နတ်ဘုရားတန်ခိုးကို အနည်းငယ်မျှ အသုံးမပြုခဲ့ကြောင်း သူ သိသည်။ ထို့ကြောင့် နေသာဧကရာဇ်သည် သူ၏ ပြိုင်ဘက်မဟုတ်ဟု ထင်ရလောက်အောင် သူသည် မောက်မာနေခြင်း မရှိပေ။
သူဖန်တီးခဲ့သည့် အကန့်အသတ်မဲ့ လက်သီးသည် တကယ့်လက်တွေ့ဘဝတွင် ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဖူးပါဘူး။ အခုက သူ့ကိုယ်သူ တွန်းအားပေးရန် အခွင့်ရေး ကောင်းဖြစ်သည်။ ဤအခွင့်ရေးကို သူ မည်သို့ စွန့်လွှတ်နိုင်မည်နည်း?။
"သူတို့ တိုက်ခိုက်ချင်သေးတာလား?" ခပ်လှမ်းလှမ်းမှ ကောင်းကင်ဘုံကျောက်စိမ်း ရေကန်၏ တပည့်များအားလုံး မျက်လုံးပြူးသွားကြသည်။
ယခင်က ချင်ယွင်နှင့် အခြားသူ၏ တိုက်ပွဲသည် သူတို့၏ အမြင်မျက်လုံးများကို ပွင့်လှစ်နိုင်ပြီ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ အမှန်တကယ် ဆက်လက် တိုက်ခိုက်ကြဦး မည်။ အကယ်၍, သူတို့သာ ဆက်လက် တိုက်ပွဲဝင်နေပါက သူတို့နှလုံးသားများ ကြံ့ကြံခံ နိုင်စွမ်း မရှိတော့ပေ။
"ဘုန်း…"
ထိုအချိန်တွင် ကောင်းကင်ယံ၌ တိုက်ပွဲက ပြန်လည်စတင်နေပြီ ဖြစ်သည်။
ချင်ယွင်က နောက်ထပ် လက်သီးတစ်ချက်ကို လေထဲသို့ ပစ်လွှတ်လိုက်ပါသည်။ သူ၏ လက်သီးသည် ချက်ချင်း ပိုကြီးလာပြီး နေသာဧကရာဇ်ဆီသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတွင်ပါရှိသော စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းနေသည်။
သို့သော်၊ ဤတစ်ကြိမ်တွင်၊ နေသာဧကရာဇ်သည် လုံးဝ ကြောက်ရွံ့သွားခြင်း မရှိပေ။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ဘုံအမှတ်အသားများသည် အမှန်တကယ်ပင် စီးဆင်းနေသော ရေကဲ့သို့ သူ၏ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် အရွယ်အစား နှစ်ဆကြီးလာခဲ့သည်။ သူ၏လက်မောင်းပေါ်ရှိ သွေးကြောများ သည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ချင်ယွင်၏ ဧရာမလက်သီးကြီးကို တိုက်ရိုက် လှုပ်ခါလိုက်လေသည်။
"ဘုန်း…."
ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြီးသည် ဧရာမဓားသွားကဲ့သို့ ကမ္ဘာကြီး ကို ဖြတ်ကျော်သွားခဲ့သည်။
အကယ်၍ နေသာဧကရာဇ်သာ အရင်ကတည်းက ဤကမ္ဘာကြီးကို အကြီးမြတ်ဆုံး သူတော်စင်ပစ္စည်းတစ်ခုဖြင့် စည်းတံဆိပ်ခတ်ထားခဲ့ခြင်းကြောင့်သာ မဟုတ်ပါက၊ ထိုထိပ်တိုက် တွေ့ဆုံမှုမှ ဖန်တီးဖြစ်ပေါ်သော စွမ်းအင်မုန်တိုင်းသည် ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်၏ မြင့်မြတ်နယ်မြေတစ်ခုလုံးကို လုံးလုံးလျားလျား ပျက်စီးသွားစေပြီး ထိုတပည့်များသည် ဤမုန်တိုင်းအောက်တွင် သေဆုံးသွားကြပေလိမ့်မည်။
ချင်ယွင်၏ ရုပ်အသွင်သည် နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး သူ၏အမူအရာက ထက်ရှလာခဲ့သည်။
ထိုအချိန်တွင်၊ နေသာဧကရာဇ်၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် သူ့ကိုယ်ပွား၏ အစစ်အမှန် ရုပ်ခန္ဓာကိုယ် ခွန်အားဖြစ်ပြီး၊ ချင်ယွင်၏ ကောင်းကင်နှင့်မြေကြီးဖြစ်စဉ် လက်သီးကို လှုပ်ခါစေခဲ့သည်။
ဝှီး….။
ရုတ်တရက်၊ နေသာဧကရာဇ်၏ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး၊ သူရှိနေသည့် နေရာမှ ပျောက်ကွယ်သွားကာ ချင်ယွင်၏ရှေ့တွင် တဖန် ပေါ်လာပြန်သည်။
သေချာသည်မှာ၊ သူသည် ချင်ယွင်၏ ကောင်းကင်နှင့်မြေကြီးဖြစ်စဉ် နတ်ဘုရားစွမ်းရည်၏ အားနည်းချက်ကို သတိပြုမိပြီး ဖြစ်သည်။ ၎င်းသည် အနီးကပ် တိုက်ခိုက်ခြင်းအတွက် မသင့်လျှော်ဘဲ အဝေးမှတိုက်ခိုက်မှုများအတွက်သာ သင့်လျော်ပါသည်။ ထို့ကြောင့် သူသည် ချင်ယွင်၏အနီးသို့ ကပ်သွားသည်နှင့်အမျှ, ချင်ယွင်သည် သူ၏ ကောင်းကင်နှင့် မြေကြီးဖြစ်စဉ်လက်သီးကို ထုတ်ဖော်ရန် မဖြစ်နိုင်တော့ပေ။
"ဂျူနီယာ ညီလေး၊ ငါ့ဆီကနေ လက်သီးတစ်ချက် ခံယူပါဉီး" နေသာဧကရာဇ်သည် ချင်ယွင်ဘက်သို့ ပစ်ဝင်လာစဉ် ကြောက်မက်ဖွယ် ပေါက်ကွဲသံများ သယ်ဆောင်ထား သောလက်သီးနှင့်အတူ သူသည် ချင်ယွင်၏ရှေ့မှာ ပေါ်လာသည်။
အနည်းငယ် တုန့်ဆိုင်းမနေဘဲ ချင်ယွင်သည် တိုက်ရိုက် တုံ့ပြန်လိုက်ပါသည်။
သူတို့နှစ်ဦးသည် မိုးရေစက်ကဲ့သို့ လက်သီးချက်များကို ပစ်လွှတ်ကာ ချက်ခြင်းပင် အတူတူ တိုက်ခိုက်ကြတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများက အဆက်မပြတ် ပဲ့တင်ထပ်နေကာ လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါသွားစေသည်။
နေသာဧကရာဇ်သည် အလွန်လျင်မြန်စွာ တိုက်ခိုက်ခဲ့ပြီး ချင်ယွင်ကို လုံးလုံးလျားလျား ဖိနှိပ်ထားသည်။ ထို့ကြောင့် ချင်ယွင်သည် သူ့ကိုယ်သူ အပြင်းအထန် ခုခံကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။
"ဂျူနီယာ ညီလေး၊ ဒီအတိုင်းဆက်သွားနေရင် မင်း ရှုံးလိမ့်မယ်နော်" နေသာဧကရာဇ်က တိုက်ခိုက်နေရင်း ပြောလိုက်သည်။
"အဲလိုတော့ သေချာပေါက် အဖြစ်မခံဘူးပေါ့။" သို့သော် ချင်ယွင်က လှောင်ပြောင် ပြောလိုက်ပြီး “စီနီယာ အစ်ကိုက ကျွန်တော်ရဲ့ ဒုတိယနတ်ဘုရားစွမ်းရည်ကို မြင်ချင်နေမှ တော့ စီနီယာအစ်ကိုရဲ့ဆန္ဒအတိုင်း လုပ်ပေးရမှာပေါ့” ဟု တုန့်ပြန်လိုက်ပါသည်။
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ ခန္ဓာကိုယ်သည် သွေးစွမ်းအင်တက်ကြွမူနှင့် တဟုန်ထိုး တုန်ခါလာခဲ့သည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ သည်။ ချင်ယွင်၏ ချိုင်းကြားမှ နောက်ထပ် လက်လေးချောင်း ထွက်ပေါ်လာသည်။
မူလက သူ့တွင် လက်နှစ်ချောင်းသာ ရှိသော်လည်း ယခုအခါ လက်ခြောက်ချောင်း ရှိလာခဲ့သည်။
"ဘာလဲ?" နေသာဧကရာဇ်၏ အမူအရာသည် ချက်ချင်းပင် တုန်လှုပ်သွားကာ အလွန်မင်း တုန်လှုပ်ခြောက်ခြားသော အမူအရာတစ်ခုကို ထုတ်ဖော်လာသည်။
သူသည် ချင်ယွင်ကို အနီးကပ်တိုက်ခိုက်ခြင်းဖြင့် အခြားနတ်ဘုရားစွမ်းရည် နှစ်ခုကို အသုံးပြုလာရန် တွန်းအားပေးချင်သော်လည်း၊ ယခု ချင်ယွင်က ၎င်းတို့ကို အသုံးပြုလာစဉ် မှာ အနီးကပ်တိုက်ပွဲကို ရွေးချယ်ခဲ့မိသည့် သူ၏စိတ်ဆန္ဒကိုပင် ချက်ချင်း နောင်တရမိနေ သည်။
ဒဏ္ဍာရီလာ ခေါင်းသုံးလုံး လက်ခြောက်ဘက်ရှိသည့် နတ်ဘုရားစွမ်းရည်သည် အနီးကပ် တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းဖြစ်သည်။
ယခုအချိန်တွင် ချင်ယွင်သည် ဦးခေါင်းတစ်ခုတည်းသာ ရှိသော်လည်း သူ့တွင် လက်ခြောက်ဘက် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏အနီးကပ် တိုက်ခိုက်ရေးစွမ်းအား သည် ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်လာခဲ့သည်။
"စီနီယာ အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ အမြန်နှုန်းက ကျွန်တော်ဆီကနေ လက်သီးချက် အမြောက်အမြားကို တစ်ချိန်တည်းမှာ ခံယူနိုင်ပါ့မလားလို့ ကျွန်တော် သိချင်မိတယ်" ချင်ယွင်က တဟားဟား ရယ်လိုက်ပြီး သူ၏လက်ခြောက်ဘက်ကို လက်သီးများအဖြစ် ဆုပ်ထားလိုက်သည်။
လက်သီးတစ်ခုစီမှာ ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိနေပါသည်။ လက်သီးခြောက်ခု သည် နေသာဧကရာဇ်ဆီသို့ မုန်တိုင်းအလား ပစ်ဝင်သွားကြသည်။
နေသာဧကရာဇ်သည် အလွန်စိတ်ဓာတ်ကျသွားကာ သွေးပင် အန်ချင်လာသည်။ လက်သီးခြောက်ခုမပြောနှင့် လက်သီးလက်လေးခုကိုပင် အနိုင်ယူရန် ခက်ခဲနေပြီဟု ပြော၍ရပါသည်။
သူ မည်မျှပင် မြန်နေပါစေ ချင်ယွင်၏ တိုက်ခိုက်မှုအားလုံးကို တစ်ပြိုင်နက် မခံယူနိုင်ပေ။ ထို့ကြောင့် သူသည် ချင်ယွင်၏ လက်သီးချက်များ တိုက်ခိုက်လာမူကြောင့် ချင်ယွင်ကို ဖိနှိပ်ထားရာကနေ အလျင်အမြန် ပြောင်းလဲလိုက်ရပါသည်။
အစပိုင်းမှာ, နေသာဧကရာဇ်သည် ထိုလက်သီးချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သော် လည်း၊ နောက်ပိုင်းမှာ ချင်ယွင်၏ လက်သီးခြောက်ခုက မုန်တိုင်းတစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး၊ သူသည် ခုခံရန် အခွင့်အရေး နည်းနည်းမှ မရှိတော့ပါဘူး။
ထို့အပြင် ချင်ယွင်သည် နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ လက်သီး ခြောက်ခု သည် အလှည့်ကျတိုက်ခိုက်နေပြီး၊ အဆုံးတွင် သူသည် နေသာဧကရာဇ်ကို ခေါင်းမာမာဖြင့် အပြင်းအထန် ထိုးနှက်ပါတော့သည်။