အခန်း ၁၀၉၇
Vol. 74 Ch. 1097
အခန်း (၁၀၉၇) ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်း
"ကောင်စုတ်လေး၊ အခု မင်း မြင်နေရတာက ငါ့စိတ်ဝိညာဉ် အမျှင်တန်းလေးတစ်ခုပဲ၊ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်က ဒီမှာမရှိတော့ဘူး" ယစ်ထုတ်အဘိုးကြီးက ပြုံးပြုံးလေး ပြောပါသည်။
"နတ်ဘုရား စိတ်ဝိညာဉ်လား…?" ချင်ယွင်သည် သူ၏မျက်နှာတွင် အံ့အားသင့်သော အမူအရာ ရှိနေပါသည်။ အနီးကပ်ကြည့်လိုက်တော့ ယစ်ထုတ်အဘိုးကြီး၏ ခန္ဓာကိုယ် သည် အမှန်တကယ်ပင် အသွေးအသားခန္ဓာကိုယ် မဟုတ်ကြောင်း သူ တွေ့ရှိခဲ့ရပါသည်။ အခု ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ သူသည် အလွန်စိတ်လှုပ်ရှားသွားပါသည်။
"ဆရာ၊ ဆရာရဲ့ ကျင့်ကြံမူ အဆင့်က ဘယ်လောက်လဲ?။" ချင်ယွင်က အံ့သြစွာ မေးလိုက်ပါသည်။
ထိုအချိန်တုန်းက ယစ်ထုတ်အဘိုးကြီးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်သည်ဟု ချင်ယွင် အမြဲတွေးထားခဲ့သော်လည်း၊ ယခုအခါ ယင်းမှာ လုံးဝမဟုတ်ခဲ့ဟု ထင်ရပါသည်။ နတ်ဘုရားစိတ်ဝိညာဉ်ကို ပိုင်ဆိုင်နိုင်ရန်၊ သူသည် အနည်းဆုံး နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပါမည်။
သို့သော် ယစ်ထုတ်အဘိုးကြီးသည် နတ်ဘုရားတစ်ပိုင်းဖြစ်မည်ဟု သူတွေးထင်လိုက်သော အခါ, ချင်ယွင်သည် လက်မခံနိုင်ဟု ခံစားလိုက်ရသည်။
"ဟား ဟား ဟား…၊ ကောင်းပြီး, မင်းကို ပြောပြမယ်။ ငါ့ရဲ့ အစွမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းလောက်က မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှာ ရှိနေခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက နတ်ဘုရားကပ်ဘေးဒုက္ခကြောင့် ငါလည်း ရန်သူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်လည်း အစိတ်အပိုင်း ကိုးပိုင်းအဖြစ် ကွဲထွက်သွားခဲ့ပြီး၊ ဒိုင်မေးရှင်းသုံးခုထဲမှာ တစ်ချိန်လုံး ပြန့်ကျဲနေခဲ့တယ်။ ယစ်ထုတ်အဘိုးကြီးဆိုတာက ငါ့စိတ်ဝိညာဉ် အပိုင်းအစတွေထဲက တစ်ခုပဲ” ယစ်ထုတ်အဘိုးကြီးက သူ၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြသည်။
ချင်ယွင် အံသြသွားသည်။ ယစ်ထုတ်အဘိုးကြီးသည် ဤမျှကြီးမားသော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
နတ်ဘုရားစိတ်ဝိညာဉ်သည် ကိုးပိုင်း ကွဲသွားခဲ့သည်။
နတ်ဘုရားအဆင့်ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်သည် ပျက်ဆီးသွားခြင်း မရှိသရွေ့၊ မပျက်စီးနိုင်သော သူတို့၏နတ်ဘုရားခန္ဓာကိုယ်များကို ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ နတ်ဘုရားအဆင့် ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ်သည် အမှန်တကယ်ပင် အခြေခံကျလွန်းသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ်သည် အင်မော်တယ်အဆင့်မှ နတ်ဘုရားအဆင့်သို့ သိသိသာသာ ပြောင်းလဲနေပါပြီ။ ဤလုပ်ငန်းစဉ်သည် အချိန်များစွာ ယူရမည်ဟု သူ ခန့်မှန်းထားသည်။
"ဒါဆို ဆရာ၊ အခု ဆရာရဲ့စိတ်ဝိညာဉ် အပိုင်းအစ ဘယ်နှစ်ခု တွေ့ပြီလဲ?" ချင်ယွင်က မေးသည်။
ယစ်ထုတ်အဘိုးကြီးသည် ပြီးပြည့်စုံသော စိတ်ဝိညာဉ် ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ, ချင်ယွင်အနေဖြင့် အမြဲတမ်း ကျေးဇူးတရားရှိနေပါသည်။ ထို့ကြောင့် ချင်ယွင်၏ အမြင်တွင် သူသည် သူ၏ဆရာသခင် ဖြစ်ပါသည်။
"လက်ရှိ ငါ့ဆီမှာ ခြောက်ခုပဲ ရှိသေးတယ်။ ကျန်တဲ့ သုံးခုက ဘယ်မှာ ပြန့်ကျဲနေလဲ ငါ မသိသေးဘူး။ ငါ အခု နောက်ထပ် အင်မော်တယ်ကမ္ဘာတစ်ခုမှာ ရှိနေတယ်။ ဒါကြောင့်, မင်းလည်း ငါ့ကို ရှာနေစရာ မလိုဘူး။ ငါ့စိတ်ဝိညာဉ်တွေ စုဆောင်းပြီး၊ နတ်ဘုရားခန္ဓာကို ပြန်လည် တည်ဆောက်ပြီးတဲ့နောက်မှာ၊ ငါ သဘာဝအတိုင်း မင်းကို လာရှာမယ်။" ယစ်ထုတ်အဘိုးကြီးက ပြုံးပြုံးလေး ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ယစ်ထုတ်အဘိုးကြီး၏ စကားကိုကြားတော့, သူသည် ပို၍ပင် သက်တောင့်သက်သာဖြစ်မူကို ခံစားရသည် ။
"နံစော်နေတဲ့ အဘိုးကြီး၊ ဒါဆို ခင်ဗျားကြီးက ကျုပ်ကို ဒီမှာ ထောင်ချောက်ဆင်ထားဖို့ ဒီဘူးသီးခြောက်ဝိုင်ဘူးကို ချန်ထားခဲ့တာပေါ့။ ဒါက ဘာသဘောလဲ?" ယစ်ထုတ် အဘိုးကြီးကို ရိုင်းစိုင်းစွာ ပြောလိုက်ရင်း၊ ချင်ယွင်၏လေသံက ရုတ်တရက် ပြောင်းလဲသွား သည်။
ယခုလေးတင် ချန်သည် အဝင်ပေါက်ကို အစို့ဖြင့် ပြန်ပိတ်လိုက်ပြီး၊ ဤနေရာတစ်ခုလုံးကို လုံးလုံး ချိတ်ပိတ်သွားကာ၊ သူသည် အပြင်သို့ မထွက်နိုင်တော့ပေ။
လောင်ချန်ကလည်း ဤအရာသည် ယစ်ထုတ်အဘိုးကြီး၏ ရည်ရွယ်ချက်ဖြစ်ကြောင်း ပြောပြထားပြီး ဖြစ်သည်။ ယင်းက ချင်ယွင်၏စိတ်နှလုံးကို အလွန်အမင်း စိတ်ဓာတ်ကျစေ သည်။
"မင်းကောင်စုတ်လေး၊ အခုလေးတင်းပဲ မင်းက ငါ့ကို ဆရာလို့ ခေါ်နေသေးတယ်။ အခုတော့ နံစော်နေတဲ့ အဘိုးကြီးတဲ့လား.." ချင်ယွင်၏ စကားကို ကြားသောအခါ ယစ်ထုတ်အဘိုးကြီးသည် စိတ်မဆိုးရုံသာမက သူ၏မျက်နှာက ကြင်နာသော အပြုံးတစ်ခု ပေါ်လာသည်။
ချင်ယွင်နှင့် ယစ်ထုတ်အဘိုးကြီးတို့သည် အတူတူ ကျင့်ကြံနေကြသည့် အချိန်တုန်းက, ချင်ယွင်သည် ယစ်ထုတ်အဘိုးကြီး၏ ညှဉ်းပန်းနှိပ်စက်မူ ခံရသည့်အချိန်တိုင်း၊ သူသည် နံစော်နေသော အဘိုးကြီးဟု ခေါ်လေ့ရှိသည်။ ထို့ကြောင့် ယစ်ထုတ်အဘိုးကြီးသည် စိတ်မဆိုးရုံသာမက လွမ်းဆွတ်ခြင်းကိုလည်း ခံစားခဲ့ရသည်။
"ဟမ့်၊ နံစော်နေတဲ့ အဘိုးကြီး၊ ခင်ဗျားကြီး ဘာတွေလုပ်နေလဲဆိုတာ ကျုပ် မသိဘူးလို့ မထင်နဲ့။ ခင်ဗျားကြီး ကျုပ်ကို အစီအရင်ဝင်္ကပါတွေ သင်ပေးတဲ့အခါတိုင်း၊ ခင်ဗျားကြီးက ကျုပ်ကို လှည့်စားပြီး အဲဒီအထဲမှာ ထောင်ချောက်ဆင်ထားနေကြပဲ။ အခု ခင်ဗျားကြီးက ကျုပ်ကို ဒီဝိုင်ဘူးထဲမှာ ပိတ်လှောင်ထားမှတော့ ခင်ဗျားကြီးမှာ ရည်ရွယ်ချက်ကောင်း မရှိဘူးဆိုတာ ကျုပ် သေချာပေါက် ပြောနိုင်တယ်။" ချင်ယွင်က အော်ပြောလိုက်သည်။
'"မင်းရဲ့ စိတ်သဘေားထားက မပြောင်းလဲသေးဘူးပဲ။ မှန်တယ်။ ဒီတစ်ကြိမ်မှာလည်း မင်းလက်ထဲမှာရှိတဲ့ ဒီဘူးသီးခြောက်ဝိုင်ဘူးထဲမှာ ငါ မင်းကို အစီအရင်ဝင်္ကပါတွေ သင်ကြားပေးထားတယ်။ ဒါပေမဲ့ ကွာခြားချက်ကတော့, ဒါက မင်းကို ငါ သင်ကြားပေးမယ့် နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်" ယစ်ထုတ်အဘိုးကြီးက ဒေါသတကြီး ပြောသည်။
"အာ့, နောက်ဆုံးအကြိမ်လား?" ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"မှန်တယ်၊ ဒါက နောက်ဆုံးအကြိမ်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီတကြိမ်ပြီးရင်, ငါ့မှာ မင်းကို သင်ကြားပေးစရာ ဘာမှမရှိတော့ဘူးလေ။ ဒါပေမယ့်, ဒီတစ်ခါ ငါ မင်းကို သင်ပေးမယ့် အစီအရင်ဝင်္ကပါကို မင်း နားလည်နိုင်ခဲ့ရင်၊ နတ်ဘုရားကမ္ဘာမှာ စိုးမိုးဖို့ လုံလောက်ပါ တယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မယ်။" ယစ်ထုတ်အဘိုးကြီး၏ လေသံသည် ရုတ်တရက် လေးနက်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် မှင်သက်သွားခဲ့သည်။
သူသည် နတ်ဘုရားကမ္ဘာမှာတောင် ပြိုင်ဘက်ကင်း ဖြစ်လာမှလား?။
ဤအရာသည် မည်မျှ လွှမ်းမိုးနိုင်စွမ်းရှိသည့် စကားမျိုး ဖြစ်သနည်း?။ ယခင်ကဆိုလျှင် ချင်ယွင်သည် ယစ်ထုတ်အဘိုးကြီးက ကြွားလုံးထုတ်နေသည်ဟု ထင်မိမည်ဖြစ် သော်လည်း ယခုအခါတွင်မူ သူသည် ယစ်ထုတ်အဘိုးကြီး၏ စကားကို အနည်းငယ် ယုံကြည်သွားပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏လေသံသည် နောက်ပြောင်နေပုံ မပေါ်သောကြောင့် ဖြစ်ပါသည်။
"တကယ်တော့ ငါ့မှာ နောက်ထပ် ကိုယ်ရေးအချက်လက်တစ်ခု ရှိသေးတယ်ကွ။" ယစ်ထုတ်အဘိုးကြီးက ထပ်ပြောသည်။
"နောက်ထပ် ကိုယ်ရေးအချက်လား…?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မှန်တယ်။ မင်း ရှေးဟောင်းအစီအရင်ဂိုဏ်းအကြောင်း ကြားဖူးသင့်တယ် မဟုတ်လား။ ငါက ရှေးဟောင်းအစီအရင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပဲ။ ဒါကလည်း နတ်ဘုရား စိတ်ဝိညာဉ် အနည်းငယ်နဲ့ ပေါင်းစပ်ပြီးမှသာ ငါ့ရဲ့ မှတ်ဉာဏ်တွေ ပြန်လည်ရရှိလာလို့ပဲ" ယစ်ထုတ်အဘိုးကြီးက ညည်းညူသံဖြင့် ပြန်ဖြေသည်။
ချင်ယွင် အံသြသွားသည်။ ယစ်ထုတ်အဘိုးကြီးသည် ရှေးဟောင်းအစီအရင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေမည်ဟု သူ မထင်ခဲ့ပေ။
'"ရှေးဟောင်း အစီအရင်ကျင့်ကြံသူတွေဟာ ထာဝရ တည်ရှိနေခဲ့ကြတယ်။ ရှေးခေတ်က တကည်းက သူတို့ဟာ ကျင့်ကြံသူတွေနဲ့ တန်းတူယှဉ်နိုင်ခဲ့တယ်။ သူတို့ရဲ့ နည်းစနစ်တွေ က ကောင်းကင်ဘုံအထိတိုင် ရောက်ရှိနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ကြတယ်။ ငါ့မျိုးဆက်မှာဆို သူတို့ဟာ လုံးဝ ဆုတ်ယုတ်ကျဆင်းသွားခဲ့ ကြပြီပေါ့။ လွန်ခဲ့သော နှစ်သန်းပေါင်းတစ်သန်းက ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ် ကိုးပိုင်း ကွဲထွက်သွားခြင်းနဲ့အတူ၊ ရှေးဟောင်းအစီအရင်ဂိုဏ်းလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ရ တယ်။ အခုအချိန်မှာ မင်းနဲ့ငါပဲ ကျန်ပါတော့တယ်။" ယစ်ထုတ်အဘိုးကြီးက ထပ်ပြော သည်။
ချင်ယွင်၏ မျက်လုံးများသည် အရောင်ဖျော့သွားသည်။ ရှေးဟောင်းအစီအရင်ဂိုဏ်းက အစွမ်းထက်သည်ဟု သူ ထင်ထားခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ သူနှင့် ယစ်ထုတ်အဘိုးကြီးတို့သာ ကျန်ရစ်တော့သည်။
ယစ်ထုတ်အဘိုးကြီးသည် ချင်ယွင်က သူ၏မျက်လုံးကို လှည့်ပတ်ကစားနေသည်ကို မြင်တော့ ချက်ချင်း ဒေါသတကြီး ကြိမ်းမောင်းသည် "ကောင်စုတ်လေး၊ မင်းက ငါတို့ရဲ့ ရှေးဟောင်းအစီအရင်ဂိုဏ်းကို လျှော့မတွက်နဲ့။ ငါတို့ရဲ့ ရှေးဟောင်းအစီအရင်ဂိုဏ်းဟာ မြင့်မြတ်လှတဲ့ နတ်ဘုရားရတနာတစ်ပါးဖြစ်တဲ့ ကောင်းကင်ဘုံအစွမ်း အစီအရင် ဝင်္ကပါပုံကြမ်းကို ပိုင်ဆိုင်ထားတယ်။ တကယ်လို့, မင်းသာ အဲဒီအရာကို နားလည်နိုင်ရင်၊ ဘိုးဘေးနတ်ဘုရားတင်မကဘူး၊ မင်းဟာ သေချာပေါက် ကောင်းကင်ဘုံတန်ခိုး အောက်မှာ နံပါတ်တစ်လူဖြစ်လာလိမ့်မယ်"။
"ဘိုးဘေးနတ်ဘုရားတောင်မှ မယှဉ်နိုင်အောင် တန်ခိုးကြီးတဲ့အရာလား?" ချင်ယွင်က မထိန်းနိုင်ဘဲ တုန်လှုပ်သွားရသည်။
ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားများ မည်မျှ တန်ခိုးကြီးသည်ကို စိတ်ကူးဖြင့်ပင် မတွေးနိုင်ပေ။ ဘိုးဘေးနတ်ဘုရားများပင်လျှင် မယှဉ်နိုင်ဟု ယစ်ထုတ်အဘိုးကြီးက ပြောနေခဲ့သည်။ ဤကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းသည် အမှန်တကယ် ပင် ကြောက်မက်ဖွယ် ကောင်းနေပါသလား။
"ဒါက ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းရဲ့ စွမ်းအားပဲ။ ငါ မင်းကို ဒီမှာ ပိတ်ထားရတဲ့ အကြောင်းရင်းက မင်းကို ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းကို နားလည်စေချင်လို့ပဲ။ တကယ်လို့ မင်းသာ ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါ ပုံကြမ်းရဲ့ တစ်ထောင်ပုံတစ်ပုံကို နားလည်နိုင်ခဲ့ရင် ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မယ်။” ယစ်ထုတ်အဘိုးကြီးက ပြုံးပြုံးလေး ပြောလိုက်ပါသည်။
"၁၀၀၀ပုံ တစ်ပုံလား။ ခင်ဗျားကြီးက ကျုပ်ကို သိပ်ကို အထင်သေးလွန်းရာ မရောက်ဘူး လား?။" ချင်ယွင်က မှုန်ကုပ်ကုပ် အမူအရာဖြင့် မေးလိုက်သည်။
"သေချာပေါက် အထင်သေးတာပေါ့။ ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းက နားလည်ရ လွယ်တယ်လို့ မင်း ထင်နေသလား?။ ငါတောင် နှစ်တစ်သန်းလောက်ကြာခဲ့ပြီး မှ အဲဒီထဲက တစ် ရာခိုင်နှုန်းပဲ နားလည်ခဲ့တယ်။ ဒါပေမယ့်၊ ငါဟာ မြေကမ္ဘာနတ်ဘုရား နယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီဆိုတာ မင်း သိသင့်တယ်။ ဒါဆို ဒီကောင်းကင်ဘုံ အစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်း သိပြီ မဟုတ်လား?" ယစ်ထုတ်အဘိုးကြီးက ပြောသည်။
ထိုစကားကြားတော့ ချင်ယွင်က မထိန်းနိုင်ဘဲ မောဟိုက်သွားရသည်။
ယင်း၏ တစ် ရာခိုင်နှုန်းသာ နားလည်ရန် နှစ်တစ်သန်း အချိန်ယူခဲ့ရပြီး၊ မြေကမ္ဘာ နတ်ဘုရားနယ်ပယ်မှာ ပြိုင်ဘက်ကင်း ဖြစ်နေခဲ့ပြီ။ ဤကောင်းကင်ဘုံအစွမ်း အစီအရင် ဝင်္ကပါပုံကြမ်းသည် အမှန်တကယ်ပင် အစွမ်းထက်ပါသလော။
"ကောင်းပြီ, ကောင်စုတ်လေး၊ နောက်တစ်ခုက မင်းအနေနဲ့ အဲဒါကို လေးလေးနက်နက် နားလည်အောင် ကြိုးစားတော့။ မင်း အမှန်တကယ် နားလည်သွားတဲ့အခါ ဒီနေရာကနေ ထွက်သွားနိုင်မှာပါ" ယစ်ထုတ်အဘိုးကြီးက ပြောသည်။
ထိုစကားကို ပြောပြီးနောက် သူ၏ရုပ်အသွင်သည် အဖြူရောင်အခိုးငွေ့များအဖြစ်သို့ ပြန်လည် ပြောင်းသွားခဲ့သည်။
ထို့နောက် ဘူးသီးခြောက်ဝိုင်ဘူးအတွင်း လေဟာနယ်သည် လုံးဝ ပြောင်းလဲသွားသည်။ သူ၏ပတ်ဝန်းကျင်ရှိ မှန်နံရံများသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ချင်ယွင်သည် ရုတ်တရက် ဖရိုဖရဲလေဟာနယ်တစ်ခုထဲ ကျရောက်သွားပုံရသည်။
စကြာဝဠာကြီးသည် စတင် လည်ပတ်နေပါသည်။ ပုံစံပျက်ယွင်းနေသည့် ဖရိုဖရဲ အနန္တဒြဗ်စင်များသည် တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ပေါက်ကွဲလာခဲ့သည်။ ချင်ယွင်သည် စကြဝဠာကြီး၏ မွေးဖွားလာခြင်းကို သူ၏ကိုယ်ပိုင်မျက်လုံးဖြင့် မြင်လိုက်ရသကဲ့သို့ ချင်ယွင်၏ရှေ့တွင် မြင်ကွင်းများ ပေါ်လာသည်။ (ကနဦးစကြာဝဠာစတင်ဖွင့်လှစ်သည့် အခန်းကို ပြန်မှတ်မိပါလိမ့်မည်)။
"ဒါဆို ကောင်းကင်ဘုံအစွမ်း အစီအရင်ဝင်္ကပါပုံကြမ်းလို့ ခေါ်တဲ့အရာက စကြာဝဠာကြီးရဲ့ ဖြစ်ပေါ်လာမှုနဲ့ ဆင့်ကဲဖြစ်စဉ်တွေပေါ့။"
ချင်ယွင်က အံ့သြစွာ ပြောလိုက်သည်။ သူ၏လေသံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက် နေပြီး သူ၏မျက်လုံးတွေက နှိုင်းစာ၍မရအောင်ပင် ပူလောင်နေပါတော့သည်။