အခန်း ၁၁၁၁
Vol. 75 Ch. 1111
အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၅)။
ဘာသာပြန်သူ နေဇင်။
အခန်း (၁၁၁၁) ရှေးဟောင်းနယ်ပယ် အထွက်အထိပ်အဆင့်။
ဒေါင်……။
ပြင်းထန်သော နှလုံးခုန်သံနှင့်အတူ၊ အလွန့်လွန် ကြောက်စရာကောင်းသော နတ်ဘုရား သွေးပမာဏများစွာသည် ချင်ယွင်၏ခန္ဓာကိုယ်ဆီသို့ ချက်ချင်း ပျံ့နှံ့ရောက်ရှိလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာလာစေသည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ် ကြံ့ခိုင်သန်မာလာသည့်အတွက် ဝမ်းသာမိသော်လည်း ယခုအချိန်တွင် ချင်ယွင်သည် စိုးရိမ်သောကဖြစ်နေသည့် အမူအရာ ပေါ်လွင်နေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ နှလုံးခုန်နှုန်းသည် အမှန်တကယ်ပင် အလွန် မြန်ဆန်လာ သောကြောင့် ဖြစ်ပါသည်။ နှလုံးခုန်သံသည် အဆက်မပြတ် တီးခတ်နေသော ဒရမ်တစ်ခုကဲ့သို့ပင်။ ၎င်းသည် တစ်စက္ကန့်လျှင် ဆယ်ကြိမ်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူ၏နှလုံးခုန်သံသည် အရှိန်ပြင်းနေဆဲ ဖြစ်သည်။
သူ၏နှလုံးထဲရှိ သွေးများတွင် အလွန်မင်း ကြောက်စရာကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအားများ ပါရှိနေသည်။ သူ၏နှလုံးခုန်နှုန်း မြန်ဆန်လာရခြင်း၏ အကြောင်းအရင်းမှာ ဤအစွမ်းထက်သော နတ်ဘုရားတန်ခိုးစွမ်းအားသည် တဖြည်းဖြည်း ထိန်းချုပ်မှု ဆုံးရှုံးသွားခြင်းကြောင့်ဖြစ်ကြောင်း ချင်ယွင် သိသည်။
အကယ်၍, သူသာ ဤအတိုင်း ဆက်ပြီး ခွင့်ပြုထားမည်ဆိုလျှင်၊ သူ၏နှလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးစွမ်းအား၏ သက်ရောက်မှုကို ခံနိုင်ရည်မရှိ ဖြစ်လာနိုင်ပြီး လုံးဝ ပေါက်ကွဲသွားမည် ဖြစ်သည်။
ထိုအချိန်တွင်၊ နတ်ဘုရားတန်ခိုးစွမ်းအား ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းသော သက်ရောက်မှုသည် သူ့ကို ချက်ချင်းပင် ဘာမှမကျန် သည်အထိ ဖြစ်စေမည်မှာ သေချာသည်။
"မဟုတ်ဘူး၊ ငါ နှလုံးခုန်နေကို အခုလိုမျိုး လုံးဝ ခွင့်ပြုမထားနိုင်ဘူး။ ဒီနတ်ဘုရားတန်ခိုး စွမ်းအားကို တတ်နိုင်သမျှ ငါ ထိန်းချုပ်ရမယ်။" ချင်ယွင်က စိုးရိမ်တကြီး ပြောလိုက်ပါ သည်။
ထို့ကြောင့် ချင်ယွင်သည် ပင်မခန်းမဆောင်တွင် တင်ပျဉ်ခွေထိုင်ကာ လျှို့ဝှက်ဆန်းကြယ် သော အဝါရောင် နတ်ဆိုးရပ်ပညာရပ်ကို စတင် ဖြန့်ကျက်လိုက်သည်။
ဤဗူဒူးနတ်ဘုရား၏နှလုံးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအားဖြင့် အဆက်မပြတ် ခုန်နေခဲ့သည်။ ထို့ကြောင့် ချင်ယွင်၏ အရေပြား တစ်ခုလုံး သည် မနှိုင်းယှဉ်သာအောင် နီရဲနေပြီ ဖြစ်သည်။ သူ၏မျက်နှာတောင် အနီရောင် မီးလျှံကဲ့ သို့ ရဲရဲနီနေပြီ။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ စိတ်တစ်ခုလုံးသည် ဗူဒူးဘုရားသခင်၏ နှလုံးကြီးကို ထိန်းချုပ်နိုင်ရန်အတွက် နတ်ဘုရားတန်ခိုးကြားမှာ နှစ်မြှုပ်သွားခဲ့သည်။
ဘန်း…။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးရပ်ပညာရပ်ကို ဖြန့်ကျက်ပြီး၊ သူ၏နှလုံးထဲရှိ ဗူဒူးနတ်ဘုရား၏ နှလုံးကြီးအတွင်းမှ နတ်ဘုရားတန်ခိုးစွမ်းအား လျင်မြန် စွာ မပြန့်ပွားစေရန် သူ၏နတ်ဘုရားတန်ခိုးဖြင့် ပြန့်နှံ့လာသော အရှိန်အဟုန်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
သို့သော် ထိုနတ်ဘုရားတန်ခိုး စွမ်းအားကို ထိန်းချုပ်ရန် ကြိုးစားခြင်းသည် အသုံးမဝင်ခဲ့ ပေ။ ဤနတ်ဘုရားတန်ခိုး စွမ်းအားသည် ချင်ယွင်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ မရှိပေ။ ၎င်းသည် အရူးအမူး တဟုန်ထိုး ကြီးထွားနေဆဲဖြစ်ပြီး၊ ပျံ့နှံ့သွားလာရာ လမ်းကြောင်းများ သည် ပို၍ ပို၍ ကြောက်စရာ ကောင်းလာသည်။
"ဒေါင်…..၊ ဒေါင်....."
သူ၏နှလုံးထဲမှ ထွက်လာခဲ့သည့် နတ်ဘုရားတန်ခိုးစွမ်းအားသည် ပို၍ပင် ကြောက်စရာ ကောင်းလာခဲ့ပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် အနည်းငယ်မျှပင် ခံနိုင်ရည် မရှိတော့ဟု စတင် ခံစားလာရသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၏ စုပ်ယူမှု အရှိန်ဟုန်သည် တဖြည်းဖြည်း နှေးကွေး လာခဲ့ပြီး၊ သူ၏ ပင်မသွေးကြောများသည် ကျိုးပဲ့သွားမည့် လက္ခဏာများ စတင် ပြသလာ သည်။ သူ၏တစ်ကိုယ်လုံး ဖောင်းပွနေသည့် မီးပုံးပျံတစ်ခုလိုပင်။
"တကယ်လို့, ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်, ဒီဗူဒူးနတ်ဘုရားရဲ့ တန်ခိုး စွမ်းအား ကြောင့် ငါ တကယ်ကို ပေါက်ကွဲသွားလိမ့်မယ်။ ငါ ဘာလုပ်သင့်လဲ။" ချင်ယွင်က စိုးရိမ်တကြီး ပြောသည်။
သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးရပ်ပညာရပ်သည် အမှန်တကယ်ပင် ဗူဒူးနတ်ဘုရား၏တန်ခိုး စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ယင်းက သူ့ကို အားကိုးရာမဲ့ ဖြစ်စေသည်။
"မဟုတ်ဘူး၊ ငါချင်ယွင် ဒီမှာ သေမယ်လို့ ငါ မယုံဘူး။" ချင်ယွင်က သူ၏သွားတွေကို တင်းတင်းကြိတ်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
သူ၏မျက်လုံးများတွင် ပြင်းထန်သော မလိုလာသည့်အမူအရာ ပေါ်လာသည်။ သူသည် ကနဦးစကြဝဠာ၏ စုပ်ယူခြင်းစွမ်းအားကို လှည့်ပတ်ရန် စတင်ကြိုးစားခဲ့ပြီး၊ ဤနတ်ဘုရား၏ တန်ခိုးစွမ်းအား အားလုံးကို ကနဦးစကြဝဠာထဲသို့ စုပ်ယူတော့မည် ဖြစ်သည်။
ရှေးဟောင်း ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာရပ်သည် ချက်ချင်းပင် စတင်ပျံ့နှံ့လာခဲ့ သည်။ ချင်ယွင်၏ ဒန်တန်ထဲတွင် တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး ဗူဒူးနတ်ဘုရား၏ ကြောက်မက်ဖွယ် စွမ်းအားကို အရူးအမူး ဝါးမြိုသွားတော့သည်။
အလွန်လျင်မြန်စွာပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ပိုလျှံနေသော ဗူဒူးနတ်ဘုရား၏ တန်ခိုးစွမ်းအင်ကို ချင်ယွင်မှ ဝါးမျိုနေပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။
သို့သော်လည်း ချင်ယွင်၏ နှလုံးခုန်နှုန်းသည် အားနည်းသွားခြင်း မရှိသေးဘဲ၊ ပို၍ ပို၍ပင် ပြင်းထန်လာသည်။
ဤဗူဒူးနတ်ဘုရား၏ နှလုံးကြီးအတွင်းပါရှိသော စွမ်းအားသည် ကြီးမားလွန်းလှသည်။ သူ၏သွေးမျိုးဆက်မှ စီးဆင်းလာသော တန်ခိုးစွမ်းအားသည် အလွန်မင်း အားနည်းသော အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်နေသေးသည်။ ထို့ကြောင့်၊ ချင်ယွင်၏ ကနဦး စကြဝဠာက ဝါးမြိုလိုက်သော စွမ်းအားသည် ပွက်ပွက်ဆူနေသောရေများ စီးဆင်းနေခြင်း ကို ရပ်တန့်စေရုံမျှသာဖြစ်ပြီး၊ သူ၏နှလုံးသားအောက်ခြေမှ ထုတ်မယူနိုင်ခဲ့ပါချေ။ (အပေါ်သို့ လျှံတက်လာသော စွမ်းအားများကို ရပ်တန့်စေရုံသာဖြစ်ပြီး အောက်ခြေမှ စွမ်းအားများကို မစုပ်နိုင်ဟူလို)။
"ဒေါင်….၊ ဒေါင်..."
သူ၏နှလုံးခုန်သံ အဆင်မပြတ် မြန်ဆန်လာသည်။ နှလုံးရိုက်ခတ်သံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ် ကျယ်လောင်လွန်းလှသည်။
ချင်ယွင်၏ အမူအရာလည်း အလွန်မင်း နာကျင်နေသည်။ ယခုအချိန်မှာ သူ၏နှလုံးက ပေါက်ကွဲမည့် လက္ခဏာတွေ ဖြစ်ပေါ်လာသည်။ အကယ်၍, ဤအတိုင်းသာ ဆက်သွားနေ မည်ဆိုလျှင်, လုံးလုံးပေါက်ကွဲသွားမည်ကိုပင် စိုးရွံ့ရပါသည်။
"ငါ ဘာလုပ်ရမလဲ?။ ငါ တကယ်ကို ဘာလုပ်ရမှာလဲ?။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ထိုအချိန်တွင် သူ၏စိတ်ထဲမှ အရမ်းကို အတင့်ရဲလွန်းသည့် အတွေးတစ်ခု ရှိလာခဲ့သည်။
ယင်းအတွေးသည် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်ပြီး၊ ချင်ယွင်၏ စိတ်ဝိညာဉ်ကို ကာကွယ်ရန် ကနဦးစကြာဝဠာကို အသုံးပြုခြင်း ဖြစ်သည်။ ထို့နောက် သူ၏ နှလုံးအတွင်း ရှိ ဗူဒူးနတ်ဘုရား၏ တန်ခိုးစွမ်းအားကို အပြီးအပိုင် လွှတ်ပေးလိုက်ကာ၊ သူ၏ခန္ဓာကိုယ်ကို လုံးဝ ပေါက်ကွဲသွားစေခြင်း ဖြစ်သည်။
သို့သော် ဤနည်းအားဖြင့် ကြီးမားသော အန္တရာယ်လည်း ရှိနေခဲ့သည်။ အမှန်ဆိုလျှင်, ဤနှလုံးကြီးအတွင်းပါရှိသော နတ်ဘုရားတန်ခိုး စွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှသည်။ ဤပေါက်ကွဲမှုမှ ဖန်တီးဖြစ်ပေါ်လာသော စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းမည်မှာ သေချာပါသည်။
ချင်ယွင်သည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြုခဲ့မည်ဆိုလျှင်ပင်, သူ၏ စိတ်ဝိညာဉ် ကို အသက်အန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ဟု သူ လုံးလုံ မယုံကြည်ဝံ့ပေ။ အဆုံးတွင်၊ သူ၏ကနဦးစကြာဝဠာသည် ပထမအဆင့်ဖြစ်သော အကန့်အသတ်မဲ့နယ်ပယ်တွင်သာ ရှိနေပါသေးသည်။
အကယ်၍, ဗူဒူးနတ်ဘုရား၏ ပေါက်ကွဲထွက်လာမည့် နှလုံးကြီး၏ သက်ရောက်မှုကြောင့် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် အမှန်တကယ် ပျက်စီးသွားခဲ့ပါက၊ သူသည်လည်း ဤကမ္ဘာကြီးမှ အပြီးပိုင် ပျောက်ကွယ်သွားရပေလိမ့်မည်။
"မြေနိုးကွာ၊ အားလုံး ထွက်လာခဲ့စမ်း..။ ငါချင်ယွင်က ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်လို့ ငါ မယုံဘူး။" ချင်ယွင်သည် ကနဦးစကြာဝဠာထဲသို့ လှမ်းဝင်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက် သည်။
ချင်ယွင်သည် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်သွားစဉ်မှာပင် သူ၏ရင်ဘတ်အတွင်းရှိ နှလုံးက ၎င်းစွမ်းအားကို တောင့်မခံနိုင်တော့ပေ။
"ဘုန်း…”။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားကာ သူ၏အသွေးအသားများအားလုံး လုံးဝ ပျောက်ကွယ်သွားပြီး သူ၏ တစ်ကိုယ်လုံးလည်း ပျောက်ကွယ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြောင့် စကြဝဠာတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းသည် ကနဦးစကြဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားစဉ်မှာ, ၎င်းပတ်ပတ်လည်တွင် ဖရိုဖရဲ စွမ်းအင်များ တဟုန်ထိုး ပျံ့နှံ့ တက်လာခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ ကနဦးစကြဝဠာသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
"အင်း၊ အရမ်းကို နီးကပ်လွန်းတယ်…."
ကျယ်ပြောလှသော လေဟာနယ်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျ လှိုင်းများကို လက်မအရွယ် အသားစတစ်ခုမှ တွေ့မြင်ခံစားနိုင်သည်။
မှန်ပါသည်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် အခုလေးတင် စွမ်းအင်လှိုင်းလုံးကြီး ရိုက်ခတ်မှု ကြောင့် လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ အကယ်၍, ချင်ယွင်သာ ဤအသွေးအသား အပိုင်းအစလေးကို အတင်းအကြပ် ထိန်းသိမ်းနိုင်ရန် ကနဦးစကြဝဠာ၏ စကြဝဠာ စွမ်းအားကို အသုံးမပြုခဲ့ဘူးဆိုလျှင်၊ သူသည် ယခုအချိန်တွင် လုံးဝ ပျက်သုဉ်းပြီး အပြီးပိုင် ပျောက်ကွယ်သွားပေလိမ့်မည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမူစွမ်းအားလဲ။ ဗူဒူးနတ်ဘုရားရဲ့ နှလုံးကြီး ပေါက်ကွဲမှု မြေကမ္ဘာနတ်ဘုရားတစ်ပါးရဲ့ မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်းနဲ့ ညီမျှတယ်။" ချင်ယွင်က သူ၏စိတ်ထဲတွင် မှန်းဆလိုက်သည်။
မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း၊ ဗူဒူး နတ်ဘုရားနှလုံးကြီး၏ မိမိကိုယ်ကို ဖောက်ခွဲဖျက်စီးခြင်း စွမ်းအားသည် ကြယ်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ရရှိနိုင်သည့်အရာ မဟုတ်ကြောင်း သူ သေချာပါ သည်။
"ကံကောင်းထောက်မစွာ၊ ငါ့မှာ ကနဦးစကြဝဠာတစ်ခု ရှိနေခဲ့တယ်။ မဟုတ်ရင်, ဗူဒူးနတ်ဘုရားရဲ့ နှလုံးကြီးပေါက်ကွဲမှုကြောင့် ငါ အမှန်တကယ် သေသွားနိုင်တယ်။ အခုတော့ ငါ့ခန္ဓာကိုယ်ပဲ ပျက်စီးသွားခဲ့တယ်။ ငါ ဒီခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းပဲ ပေါင်းစည်းနိုင်တော့တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးရပ်ပညာရပ်ကို စတင်ဖြန့်ချီပြီး၊ သူ၏ခန္ဓာကိုယ် အသစ်ကို ပြန်လည် သိပ်သည်းနေခဲ့သည်။
ချင်ယွင်၏ လက်မအရွယ် အသားစလေးသည် စတင်ကွဲထွက်လာသည်။ အချိန်တိုလေး အတွင်းမှာပင် ချင်ယွင်၏ ခန္ဓာကိုယ်သည် လက်မအရွယ်မှ ဦးခေါင်းအရွယ်အထိ ကြီးထွားလာနေပြီ ဖြစ်သည်။
တစ်ရက်မပြည့်မီတွင် ချင်ယွင်သည် ခန္ဓာကိုယ်အသစ်ကို လုံးလုံးလျားလျား ကြီးထွား နိုင်တော့မည် ဖြစ်သည်။
"အယ်၊ ဒီတစ်ခါတော့၊ ငါ့ခန္ဓာကိုယ်က ဗူဒူးနတ်ဘုရားရဲ့ တန်ခိုးစွမ်းအားနဲ့ သန့်စင်ပေးခြင်း ခံလိုက်ရပြီး၊ ရှေးဟောင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို တိုက်ရိုက် မြှင့်တင်ခံလိုက် ရတာပဲ" ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးရပ်ပညာရပ်ကို ဖြန့်ကျက်နေစဉ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သေချာသည်မှာ, ဤအရာက ချင်ယွင် အမှန်တကယ် စိတ်လှုပ်ရှားရသည့် အကြောင်းရင်း မဟုတ်ပါဘူး။ ချင်ယွင် အလွန်မင်း စိတ်လှုပ်ရှားမူကို ခံစားရစေသည့် အရာမှာ သူ၏စိတ်ထဲတွင် ရှည်လျားသော မှတ်ဥာဏ်များစွာ အမှန်တကယ် ရှိလာနေခြင်းပင် ဖြစ်သည်။ ဤမှတ်ဉာဏ်၏ ပိုင်ရှင်မှာ ဤဗူဒူးနတ်ဘုရား အတိအကျပင်။
"ကြည့်ရတာ, ငါ ဒီဗူဒူးနတ်ဘုရားရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ဝါးမျိုချမိလို့ ဖြစ်လိမ့်မယ် ထင်တယ်။ ဒီဗူဒူးနတ်ဘုရား ဘယ်ကလာလဲဆိုတာ အတိအကျ ငါ သိချင်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏စိတ်ထဲ လှောင်ရယ်ရယ်လိုက်မိသည်။ ထိုနောက်, သူသည် ထိုမှတ်ဉာဏ်များကို ချေဖျက်ရန် ကြိုးစားပါတော့သည်။