အခန်း ၁၁၁၉
Vol. 75 Ch. 1119
အခန်း (၁၁၁၉) နတ်ဘုရားခန်းမ ကမ္ဗည်းကျောက်ဖြာ။
နတ်ဘုရားကမ္ဘာ၏ ဆွဲငင်အားသည် ကြီးမားလွန်းသောကြောင့် ချင်ယွင်နှင့် အခြားလူများ သည် မပျံသန်းနိုင်ကြသေးပေ။ ထို့ကြောင့်, သူတို့သည် မြေပြင်ပေါ်တွင် ရိုင်းစိုင်းစွာ ပြေးလွှာနိုင်ရန်အတွက် သူတို့၏ ခြေနှစ်ချောင်းကိုသာ အားကိုးနိုင်ကြပါသည်။
တယ်လီပို့ခြင်း(တည်နေရာရွှေ့ပြောင်းခြင်း)အတွက်မူ၊ နတ်ဘုရားကမ္ဘာ၏လေဟာနယ် သည် အလွန်မင်း တည်ငြိမ်သည်ကို ပြောပြရန်ပင် မလိုပေ။ ချင်ယွင်၏ လက်ရှိ အင်အားဖြင့်၊ လေဟာနယ်ကို ဆုတ်ဖြဲပြီး၊ တည်နေရာရွှေ့ပြောင်းခြင်းကို အလွယ်တကူ မထိုးဖောက်နိုင်တော့ပေ။
ထိုကျယ်လောင်သော ဆူညံသံထွက်ပေါ်လာသည့် နေရာသည် ချင်ယွင်, အခြားလူများနှင့် သိပ်မဝေးလှပေ။ ကီလိုမီတာ ၂၀၀၀၀၀ သာ ကွာဝေးသောကြောင့် အမွှေးတိုင်တစ်တိုင် ထွန်းညှိချိန်စာ ခရီးထွက်ပြီးနောက် ချင်ယွင်နှင့် အခြားလူများသည် နောက်ဆုံးတွင် အသံထွက်ပေါ်ရာ အရပ်သို့ ရောက်ရှိလာကြပြီး၊ နတ်ဘုရားနန်းတော် ကောင်းကင်ဘုံ ဗိမာန် ကမ္ဗည်းကျောက်ဖြာဆိုသည့်အရာကို တွေ့ရှိလိုက်ရသည်။
မြေပြင်ပေါ်တွင် ကြီးမားလှသော ကျောက်ဖြာကြီးတစ်ချပ်ကို တွေ့ရှိလိုက်ရသည်။ ၎င်းကျောက်ဖြာကြီးသည် ပေတစ်သိန်း အမြင့်ရှိ၏။ ၎င်းကို မည်သည့်ပစ္စည်းအမျိုးစားဖြင့် ပြုလုပ်ထားသည်ကို သူ မသိရှိပေ။ သို့သော် ၎င်း၏ကိုယ်ထည်တခုလုံးသည် အနက်ရောင် ရှိသည်။ ၎င်းသည် ရှေးကျသော ခံစားချက်ကို ပေးစွမ်းနေသည်။
ဤကျောက်ဖြာကြီးသည် ဤနေရာတွင် အခုမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ၊ ရှေးခေတ်က တည်းက ဤနေရာတွင် ရပ်တည်နေသကဲ့သို့ပင်။
ကျောက်ဖြာကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်နှင့် မြေပြင်တစ်ခုလုံးသည် တွင်းနက်ကြီးအဖြစ်သို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။ ကျောက်တုံးကြီးသည် မြေကြီးထဲ သို့ မည်မျှ နစ်မြုပ်သွားသည်ကို မသိရသော်လည်း အပေါ်ယံဟုတ်ပုံတော့ မရပေ။
သူတို့ပတ်လည်ရှိ မြေပြင်သည် ပင့်ကူမျှင်ကဲ့သို့ အကွက်လိုက်အကွက်လို အက်ကွဲလျက် ရှိနေသည်။
"ဒါက နတ်ဘုရားနန်းတော်ရဲ့ ကောင်းကင်ဘုံဗိမာန် ကမ္ဗည်းကျောက်ဖြာလား?" ချင်ယွင် ရှေးဟောင်းတာအို၊ စည်သူဝူဒီနှင့် အခြားလူများသည် ကျောက်တုံးကြီးဆီသို့ အပြေးအလွှား ပြေးသွားကြရင်း သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်စွာဖြင့် အနှိုင်းမဲ့ ကြီးမားသော နတ်ဘုရားကျောက်ဖြာကြီးကို ကြည့်လိုက်ကြသည်။
"မှန်တယ်။ ဒါက နတ်ဘုရားနန်းတော်ရဲ့ ကမ္ဗည်းကျောက်ဖြာပဲ။ ဒီကျောက်ဖြာပေါ်မှာပါတဲ့ ပုံစံတွေကို မင်းတို့ မြင်ကြလား?။ အဲဒီပုံစံတွေက ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ရဲ့ နတ်ဘုရားခန်းမကို ကိုယ်စားပြုတယ်။ ဒီနတ်ဘုရားခန်းမကျောက်စာက ခေါင်းလောင်း လေနတ်ဘုရား နန်းတော်ထဲက ဖြစ်တယ်။" ချူယွန်က ချင်ယွင်တို့ကို ပြောသည်။
ချူယွန်သည် လေထဲတွင် အလွယ်တကူ ပျံသန်းနိုင်သည့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့်၊ သူသည် ချင်ယွင်နှင့် အခြားလူများ မတိုင်မီက ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချူယွင်၏စကားကို ကြားတော့ ချင်ယွင်သည် ကျောက်ဖြာကြီး၏ ထိပ်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ ဟုတ်ပါသည်။ ထိုကျောက်ဖြာပေါ်မှာ နောက်ထပ် ပုံစံတစ်ခု ရှိနေခဲ့ပါသည်။
"ဒါက ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ရဲ့ နတ်ဘုရားခန်းမ ကမ္ဗည်းကျောက်ဖြာ လား?” ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
နတ်ဘုရားခန်းမ ကမ္ဗည်းကျောက်ဖြာ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် မစ်ရှစ်များကို ထုတ်မပေးသေးပါ။ တစ်ခါတစ်ရံတွင်၊ မစ်ရှင်အကြောင်းအရာများ မပေါ်လာခင် အချိန်အနည်းငယ် ကြာပါသည်။
"ဝှီး… ဝှီး…”။
နောက်ထပ် လေဟာနယ်ကို ထိုးဖောက်လာသည့် အသံအချို့ကို အဝေးမှပင် ကြားနေရ သည်။ အနီးနားရှိလူများသည် ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြောင်း ထင်ရှားသည်။
ချင်ယွင်၊ အခြားလူများနှင့် မနီးမဝေးတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ပေါ်လာကြသည်။ သူတို့အားလုံး၏ပုံစံတွေက လူငယ်တွေအတိုင်းပင်။
သူတို့အားလုံး၏ ကျင့်ကြံမှုအဆင့် အားလုံးသည် နတ်ဘုရားတစ်ပိုင်း အဆင့်တွင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင် အံ့သြသွားသည်။ အားလုံးသည် သန်မာကြပြီး၊ သူတို့၏ နတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်းသည် ၇၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေကြပြီ၊ စည်သူဝူဒီနှင့် တန်းတူဖြစ်သည်။
ထို့နောက်မှာတော့ အဝေးမှ လေတိုးသံတွေ တဖွဲဖွဲ ထွက်ပေါ်လာပြီး၊ အရပ်မျက်နှာ အသီးသီးမှ လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် အပြေးလွှား ရောက်လာကြပါ သည်။
တစ်နာရီအတွင်းမှာပင် လူတစ်ရာနီးပါးသည် ကျောက်ဖြာကြီး၏ ရှေ့တွင် စုရုံး ရောက်ရှိ နေပြီဖြစ်သည်။ ထင်ရှားသည်မှာ၊ သူတို့အားလုံးသည် နတ်ဘုရားခန်းမ ကမ္ဗည်း ကျောက်ဖြာ၏ လှုပ်ရှားမှုများကြောင့် ဆွဲဆောင်ခံခဲ့ရသည်။
ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ကို အကြမ်းဖျင်း ကြည့်ရူလိုက်ပြီး၊ ဤလူများ အားလုံးသည် နတ်ဘုရားတစ်ပိုင်းအဆင့်တွင် ရှိနေကြကြောင်း တွေ့ရှိခဲ့ရသည်။ သူတို့၏ နတ်ဘုရားခန္ဓာကိုယ် သန့်စင်မူ အနိမ့်အမြင့်သာ ကွဲပြားကြသည်။ အမြင့်ဆုံးအဆင့်မှာ ပြီးပြည့်စုံခြင်းအဆင့် နီးပါးရှိနေကြသော်လည်း၊ ၎င်းတို့အထဲတွင် ကြယ်နတ်ဘုရား အဆင့်မှာ တစ်ယောက်မှ ရှိမနေကြပေ။
"အစ်ကိုချူ၊ မင်းရဲ့စွမ်းအားက ကြယ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေပြီ။ မင်းရဲ့ ဓားပညာကလည်း အရမ်းကို ထူးကဲတယ်။ ယုတ္တိနည်းအရ ပြောရရင်, မင်းက ဟိုတုန်းက တည်းက နတ်ဘုရားခန်းမကြီးလေးခုကို ဝင်နိုင်ခဲ့သင့်တယ်။ မင်း ဘာလို့ အခုအချိန်အထိ စောင့်နေတာလဲ" ချင်ယွင်က ချူယွန်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ရှေးဟောင်းတာအိုနှင့် စည်သူဝူဒီတို့လည်း ချူယွန်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ထိုမေးခွန်းကို သူတို့လည်း အမြဲ သိချင်နေခဲ့သည်။
နတ်ဘုရားနန်းတော်ကြီးလေးခုတွင် ပါဝင်ခွင့်ရရန် လိုအပ်ချက်မှာ နတ်ဘုရားတစ်ပိုင်း နယ်ပယ် ကျင့်ကြံသူ ဖြစ်လာရန်ပင် ဖြစ်သည်။ ထိုနောက်မှာတော့ ချမှတ်ပေးထားသည့် မစ်ရှင်ကို အပြီးသတ်ဆောင်ရွက်ရန်သာ လိုပါတော့သည်။ သို့သော် ချူယွန်သည် နတ်ဘုရားကမ္ဘာတွင် နှစ်ပေါင်း ၁၀၀၀၀ ရှိနေပြီ ဖြစ်သည်။
ယုတ္တိနည်းအရပြောရရင်၊ သူသည် နတ်ဘုရားနန်းတော်ကြီးလေးခု၏ စမ်းသပ်မှုများတွင် တစ်ကြိမ်ထက်မက ပါဝင်သင့်ပါသည်။ သူသည် အဘယ့်ကြောင့် နတ်ဘုရားခန်းမ တစ်ခုခုသို့ မဝင်ရောက်ရသေးသနည်း?။ ယင်းက အမှန်ပင် သူတို့အတွက် အံ့သြစရာပင်။
ချင်ယွင်၏အမေးကို ကြားတော့ ချူယွန်က ခါးသီးဖွယ်အပြုံးကို ထုတ်ပြပြီး ပြောသည် "ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်က လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ကို ဝင်ဖို့ပဲ။ ဒါပေမယ့် လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်တွေက အခက်ခဲဆုံးပဲ။ ငါ ကိုးကြိမ်တိတိ ပါဝင်ခဲ့ပေမယ့် ကိုးကြိမ်စလုံး မအောင်မြင်ခဲ့ဘူး။"
ချင်ယွင်နှင့် အခြားလူများသည် ချက်ချင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ သည်။
"ကိုးကြိမ်တိတိ ပါဝင်ခဲ့ပြီး ကိုးကြိမ်စလုံး ကျရှုံးခဲ့တယ်။ လေဟာနယ်နဲ့အချိန် နတ်ဘုရား နန်းတော်ရဲ့ မစ်ရှင်တွေက တကယ်ကို ခက်ခဲနေသလား?" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်မိသည်။
ချူယွန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ မစ်ရှင်တွေအားလုံး ခက်ခဲကြတာချည်းပဲ" ဒါပေမယ့် ခေါင်းလောင်းလေနတ်ဘုရား နန်းတော်ရဲ့ စမ်းသပ်မှုမစ်ရှင်တွေကတော့ အရိုးရှင်းဆုံး ဖြစ်တယ်။ အဲဒီနောက်မှာတော့ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော် (ရှေ့မှာတုန်းက နတ်ဘုရား ကောင်းကင်နန်းတော်ဟု ပြန်ဆိုခဲ့ပါသည်။ ဖတ်ရတာ သိပ်ပြီးသဘောမတွေ့သည့် အတွက် ဤနေရာမှစ၍ ၎င်းနန်းတော်အမည်ကို မြင့်မြတ်သောကောင်းကင်ဘုံနတ်ဘုရား နန်းတော်ဟု ပြောင်းလဲသွားပါမည်)။ အဲဒီနောက်မှာမှ ကောင်းကင်တုန်လှုပ်ခြင်းနန်းတော် ဖြစ်တယ်။ နောက်ဆုံးကတော့ လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ပေါ့။ လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်က လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်ပြီး မစ်ရှင်တွေရဲ့ အခက်အခဲမူကလည်း အလွန်ကို ကြောက်စရာကောင်းလှတယ်။ တခါတရံဆို အစမ်းသပ် စစ်ဆေးပြီးနောက်မှာ ဘယ်သူမှ သူတို့ရဲ့မစ်ရှင်ကို ပြီးမြောက်အောင် မလုပ်နိုင်ကြဘူး။ တစ်ခါတစ်ရံမှာဆို သူတို့နတ်ဘုရားခန်းမရဲ့ ကမ္ဗည်းကျောက်ဖြာကို ကြည့်ရှုဖို့တောင် အရည်အချင်း မရှိကြဘူး”။
“တော်တော်ကို ပုံမှန်မဟုတ်ဘူးလား”။ ချင်ယွင်သည် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။
သူသည်လည်း လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်အကြောင်း ဝိညာဉ်နတ်ဘုရားမ သည် ပြောပြသည်ကို ကြားခဲ့ဖူးသည်။ သို့သော်, ထိုအချိန်တုန်းက လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်နှင့်ပတ်သက်၍ ဝိညာဉ်နတ်ဘုရားမ၏ အကဲဖြတ်ချက်က 'လျှို့ဝှက် ဆန်းကြယ်' ဟူသော စကားလုံးနှစ်လုံးသာ ရှိခဲ့သည်။ ထို့ကြောင့်, ချင်ယွင်သည် လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်နှင့် ပတ်သက်၍ သိချင်စိတ် ပြင်းပြနေမိသည်။
အခု လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်များသည် အလွန်ပင် ပုံမှန် မဟုတ်ကြောင်းကို သူကြားသိရသောအခါ, လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော် အထူးအဆန်းနေကြောင်း ချင်ယွင် ခံစားခဲ့ရသည်။
ချင်ယွင်နှင့် အခြားလူများသည် စကားစမြည်ပြောနေကြစဉ်မှာ လူသုံးရာနီးပါးသည် ကျောက်ပြားကြီး ရှေ့တွင် စုဝေးရောက်ရှိလာကြသည်။
၎င်းတို့အားလုံးနီးပါးသည် နတ်ဘုရားတစ်ပိုင်း အဆင့်တွင်ရှိနေကြပြီး၊ ၎င်းတို့အနက်မှ တစ်ဦးတည်းမှာ ကြယ်နတ်ဘုရားအဆင့်တွင် ဖြစ်သည်။
ထိုကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် သူမ၏မျက်နှာပေါ်တွင် အနက်ရောင် ပဝါ ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သို့သော် သူမ၏ နူးညံ့သိမ်မွေ့သော မျက်ခုံးများမှတဆင့်, သူမသည် တုနှိုင်း၍မရလောက်အောင် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိမြင်နိုင်ပေသည်။
ဤအမျိုးသမီးသည် အဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေကာ၊ လူစုလူဝေးနှင့် တမင်တကာ ခွဲခွာနေခဲ့သည်။ ထင်ရှားသည်မှာ၊ သူမသည် အခြားသူများထံ ချဉ်းကပ်ရခြင်းကို မကြိုက်သည့်အပြင်, သူမသည် လူစုလူဝေးနှင့် ကင်းကွာနေတတ်သည့် ခံစားချက်မျိုး ရှိနေပါသည်။
ချင်ယွင်သည် စိတ်လှုပ်ရှားမူ အပြည့်ရှိနေခဲ့သည်။ အင်မော်တယ်ကမ္ဘာတွင်၊ နတ်ဘုရား တစ်ပိုင်းကျွမ်းကျင်သူများသည် မြင့်မြတ်သောတည်ရှိမှုများ ဖြစ်ကြသည်။ သို့သော် ဤ နတ်ဘုရားကမ္ဘာတွင်၊ နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူများသည် လုံးဝပင် စာမဖွဲ့ထိုက် ပေ။ ကြယ်နတ်ဘုရားများပင်လျှင် အစစ်အမှန် ကျွမ်းကျင်သူတွေ ရှေ့မှာ ဘာမှမဟုတ်ပါ ဘူး။
နာရီအနည်းငယ်အတွင်းမှာပင် သူသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူများစွာ ကို တွေ့ရှိခဲ့ရသည်။ ယင်းက သူ၏ဘဝသည် အလွန်အံ့သြဖွယ်ကောင်းသည်ဟု ခံစားရစေ သည်။
ဘန်း…။
ရုတ်တရက်ဆိုသလို အကန့်အသတ်မဲ့ နတ်ဘုရားတန်ခိုးက ကြီးမားလှသော ကျောက်ပြားကြီးမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ကျောက်ပြားကြီး တစ်ခုလုံးသည် ပြိုင်ဘက်ကင်း ရတနာတစ်ခုခု ထွက်ပေါ်လာတော့မည့်အလား တောက်ပသော အလင်းရောင်များဖြင့် ပွင့်လန်းလာခဲ့သည်။
"ကြည့်စမ်း၊ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်က မစ်ရှင်တစ်ခု ထုတ်တော့မယ်ဟေ့ ။" လူအုပ်ထဲမှ တစ်ယောက်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။
"ဟုတ်တယ်၊ ဘယ်လိုမစ်ရှင်မျိုး ဖြစ်မယ်ဆိုတာ ငါသိချင်မိတယ်။ သိပ်ခက်ခဲမယ်တော့ မထင်မိဘူး။" တစ်စုံတစ်ယောက်က ပဲ့တင်ထပ်အောင် အော်ပြောလိုက်သည်။
ရုတ်တရက် လူအုပ်ကြီးလည်း လှုပ်လှုပ်ရှားရှား တက်ကြွလာကြသည်။ လူတိုင်း၏ မျက်လုံးများသည် မျက်တောင်တချက်မခတ်ဘဲ နတ်ဘုရားခန်းမ၏ ကျောက်ပြားကြီးကို စိုက်ကြည့်နေကြသည်။
ဘန်း..။
နတ်ဘုရားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာခဲ့ပြီး၊ အနက်ရောင် ကျောက်ပြား၏ မျက်နှာပြင်ပေါ်သို့ ကျဆင်းသွားသည်။
ထို့နောက် မူလက ချောမွေ့သော ကျောက်ပြားကြီးပေါ်တွင် ရွှေရောင်အက္ခရာ လိုင်းတစ်ခု ပေါ်လာသည်။
"တကယ်လို့ မင်းတို့အနေနဲ့ တစ္ဆေနတ်ဘုရားကျောက်တုံးကို သုံးနှစ်အတွင်း ရှာတွေ့ခဲ့ရင်၊ ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ထဲကို ဝင်လို့ရတယ်။" ချင်ယွင်က ကမ္ပည်းပြား ပေါ်က စကားလုံးကြီးတွေကို ရေရွတ်လိုက်ပါသည်။
သူ၏ဘေးနားရှိ လူတိုင်းလည်း ထိုစကားလုံးများကို ရွတ်ဆိုကြသည်။ သူတို့အားလုံး မတ်တပ် ရပ်လိုက်ကြပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သို့သော် ဤတိတ်ဆိတ်မှုကို အခြားသူများက လျင်မြန်စွာ ဖြိုခွင်းလိုက်ပါသည်။
"တစ္ဆေနတ်ဘုရားကျောက်တုံး, တကယ်ကို တစ္ဆေနတ်ဘုရားကျောက်တုံးတစ်တုံးပေါ့။ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်က ဘယ်အချိန်တုန်းက ဒီလောက် ခက်ခဲလာတာလဲ။" တစ်စုံတစ်ယောက်က အံ့သြစွာ အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်မှ လူတွေလည်း စိုးရိမ်သည့် အမူအရာတွေ ပေါ်လာကြပါသည်။ သူတို့သည် ဤမစ်ရှင်အတွက် စိုးရိမ်နေခဲ့ကြသည်မှာ ထင်ရှားပါသည်။
တစ်ဖက်တွင်မူ, ချင်ယွင်သည် ဤတစ္ဆေနတ်ဘုရားကျောက်တုံးက အတိအကျ ဘာလဲဆို တာ စိတ်ရှုပ်သွားခဲ့သည်။