အခန်း ၁၁၂၈
Vol. 76 Ch. 1128
အခန်း (၁၁၂၈) ညီအစ်ကိုသုံးယောက်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ သတ်ဖြတ်လိုစိတ်လဲ?။ သူ ဘယ်တုန်းက ရောက်လာတာလဲ?။ ငါတောင် သတိမထားမိလိုက်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။
တောင်ထိပ်ပေါ်ရှိ အဖြူရောင်ဝတ်ထားသည့် လူငယ်၏ ထွက်ပေါ်လာခြင်းကို သူ လုံးဝ သတိမထားမိပေ။ ထိုလူက သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်ဖော်မပြမချင်း သူသည် သူ့ကို လုံးဝ သတိမထားမိခဲ့ပေ။ ထို့အပြင်၊ သူသည် ဤလူ၏ ကျင့်ကြံမူကို မမြင်နိုင်ခဲ့ပေ။ ယင်းက သူ့ကို အဆုံးမရှိ အံ့သြစေသည်။
"ဒီလူက ကြယ်နတ်ဘုရားနယ်ပယ်ကို မဖြတ်ကျော်ရသေးဘူးဆိုရင်တောင် သူက ကြယ်နတ်ဘုရားနယ်ပယ်နဲ့ သိပ်မဝေးလောက်ဘူး။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မှန်းဆကာ အဖြူရောင်ဝတ်လူငယ်ကို ချက်ခြင်း စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
ဤလူသည် အလွန်အစွမ်းထက်ပြီး၊ သူ၏ ခန္ဓာကိုယ်သည် ဤမျှပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို သယ်ဆောင်လာသည်။ တခြားတဖက်က သူ့အတွက် ရောက်လာခဲ့သည်မှာ ထင်ရှားပါသည်။
စီတူဝူဒီလည်း ဤအဖြူရောင်ဝတ်လူ၏ တည်ရှိမှုကို သတိပြုမိပြီး သူ၏အကြည့်များသည် ချက်ချင်းပင် လေးနက်လာသည်။
"ဘုန်း...”။
ဤအခိုက်အတန့်တွင် အဖြူရောင်ဝတ် အမျိုးသား၏နောက်မှ ရုပ်အသွင်ပြင်တစ်ခုသည် ချက်ချင်း ပျံထွက်လာပြီး ချင်ယွင်နှင့် စီတူဝူဒီတို့၏ ရှေ့သို့ ပြင်းထန်စွာ ဆင်းသက်လာ သည်။ ကြောက်မက်ဖွယ်ကောင်းသော ကျဆင်းအားကြောင့် ဆယ်ကီလိုမီတာ အကွာအဝေးအတွင်း ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။
ခြေတော်အောက်၌ မြေကြီးသည် ကွဲကြေ၍၊ မြေကြီးသည် တွင်းနက်ကြီးအဖြစ် ချိုင့်ဝင်သွားသည်။
ချင်ယွင်သည် ရုတ်တရက် ပေါ်လာသည့် ထွားကျိုင်းသန်မာသော လူကို ကြည့်လိုက်ရင်း၊ သူ၏မျက်နှာတွင် အံ့သြမှု အရိပ်အယောင် ပေါ်လာသည်။
သူ အံ့အားသင့်ရသည့် အကြောင်းရင်းမှာ ဤလူသည် အမှန်တကယ် အရပ်မြင့်မားပြီး၊ ကြံ့ခိုင်သန်မာသောကြောင့် ဖြစ်သည်။ သူသည် အရပ် ၂.၂ မီတာရှိပြီး သူ၏ခန္ဓာကိုယ်သည် လည်း အလွန်ကြံ့ခိုင်လှသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများအားလုံးသည် နဂါးဦးချိုများကဲ့သို့ ဖောင်းကားနေသည်။ ၎င်းတို့အထဲတွင် ပေါက်ကွဲစေတတ်သော စွမ်းအားများ ပါဝင်နေပုံရသည်။ ဤလူသည် ခန္ဓာကိုယ်သန့်စင်မှု နည်းစနစ်များကို သေချာစွာ လေ့ကျင့်ထားခဲ့ကြောင်း သိနိုင်ပြီး၊ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ၏အောင်မြင်မှု များမှာ မနည်းလှပေ။
ဟုတ်ပါသည်၊ ချင်ယွင်ကို ပို၍အံ့သြသွားစေသည်က ထိုလူ၏ ကျင့်ကြံမူသည် အမှန်တကယ်ပင် ရိုးရှင်းခြင်းမရှိပေ။ သူသည် သူ၏နတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်းကို ယခင်က လီဂျွန်ထက် ၅ ရာခိုင်နှုန်း မြင့်မားသော ၈၅ ရာခိုင်နှုန်းသို့ ရောက်ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ဤသန်မာထွားကျိုင်းသော လူသည် သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် ရှိနေခဲ့သည်။ သူသည် ထူထပ်သော မျက်ခုံး၊ ကြီးမားသော မျက်လုံးကြီးများဖြင့် ချင်ယွင်နှင့် စီတူဝူဒီတို့ကို စိုက်ကြည့်နေပြီး သူ၏မျက်နှာက အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။
"ပြောစမ်းပါ၊ ငါ့ရဲ့ဒုတိယအစ်ကိုကို မင်း သတ်လိုက်တာလား?။" လူထွားကြီးသည် ချင်ယွင်နှင့် စီတူဝူဒီတို့ကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏အသံက ခေါင်းလောင်းသံကဲ့သို့ ကြမ်းတမ်းပြီး ကျယ်လောင်သည်။
"မင်းရဲ့ ဒုတိယအစ်ကိုက ဘယ်သူလဲ?" ချင်ယွင်က မေးသည်။
သို့သော်၊ ချင်ယွင်သည် အစောပိုင်းက သူသတ်ဖြတ်ခဲ့သည့် မောက်မာသောလူငယ်သည် ဤလူထွားကြီး၏ ဒုတိယအစ်ကိုဖြစ်သင့်သည်ဟု သူ၏စိတ်ထဲတွင် ခန့်မှန်းမိပါသည်။
ဟုတ်ပါသည်။ လူထွားကြီးက သူ၏ဒုတိယအစ်ကို မည်သူလဲဆိုတာ ရှင်းပြခါနီးတွင် တောင်ထိပ်မှာ ရပ်နေသည့် အဖြူရောင်ဝတ်လူငယ်က ရုတ်တရက် ညွှန်ပြပြီး “တတိယ ညီလေး မင်း မေးနေစရာ မလိုပါဘူး၊ မင်းရဲ့ ဒုတိယအစ်ကိုရဲ့ အလောင်းက ဟိုမှာပဲ။"
လူထွားကြီးသည် ထိုစကားကို ကြားသောအခါ၊ လက်ညှိုးညွှန်ရာသို့ ချက်ချင်း ကြည့်လိုက်လေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် သူ၏စိတ်နှလုံး ကြေကွဲသွားသည်ကို ချက်ချင်း သိလိုက်ရသည်။ ယခင်က သူသည် လီဂျွန်ကို သတ်ပြီးနောက်တွင် သူ၏ အလောင်းကို စွန့်ပစ်ခြင်း မပြုခဲ့ဘဲ ထိုနေရာတွင် တိုက်ရိုက် ပစ်ထားခဲ့သည်။ အခု ရုတ်တရက် ပေါ်လာသည့် လူနှစ်ယောက်က လီဂျွန်နှင့် အရမ်းကို ထူးခြားသည့် ဆက်ဆံရေးတစ်ခု ရှိနေခဲ့သည်။
"ဒုတိယအစ်ကို.." လူထွားကြီးသည် လီဂျွန်၏ အလောင်းကို မြင်လိုက်သည်နှင့် ချက်ချင်း ထအော်ပြီး ပြေးထွက်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်က ကြီးမားသော်လည်း၊ သူ၏အရှိန်ဟုန်က နှေးကွေးခြင်း မရှိခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင်, သူသည် လီဂျွန်၏အလောင်းအနားကို ရောက်သွားခဲ့သည်။
"ဒုတိယအစ်ကို..." လီဂျွန်သည် အမှန်တကယ်ပင် အသက်ဓာတ်ကင်းမဲ့နေသည်ကို လူထွားကြီး မြင်သောအခါ ချက်ချင်းပင် မျက်ရည်များ စီးကျလာပြီး မိုးကြိုးပစ်သည့် အလား အော်ဟစ်သံများက ထွက်ပေါ်လာခဲ့သည်။
အဝေးမှ အဖြူရောင်ဝတ် လူငယ်လေး၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လွင်လာသည်။
သူတို့၏ထုတ်ဖော်ပြသမူကို မြင်ပြီး ချင်ယွင်သည် ချက်ချင်းဆိုသလို သူ၏နှလုံးသားထဲမှာ အလွန်ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ရှိလာခဲ့သည်။
လူထွားကြီး၏ ခွန်အားကပင် အားနည်းခြင်းမရှိပေ။ အပေါ်မှာ သူ ထွင်းဖောက်မမြင်နိုင် သည့် အဖြူရောင်ဝတ် လူငယ်လေး မဆိုထားနှင့် ဤလူထွားကြီးကို အနိုင်ယူရန်ပင် သူ့အတွက် ခက်ခဲပေလိမ့်မည်။
"စီနီယာ စီတူ၊ နောက်ပိုင်း တိုက်ပွဲကြီးဖြစ်လာခဲ့ရင် မြန်မြန် ထွက်သွားသင့်တယ်။ ကျွန်တော် စီနီယာကို ဂရုမစိုက်နိုင်တော့မှာ ကြောက်မိတယ် " ချင်ယွင်က စီတူဝူဒီအား အသံဖြင့် ထုတ်လွှင့်ပြောလိုက်သည်။
"ကောင်းပြီ.." စီတူဝူဒီက ပြတ်ပြတ်သားသား သဘောတူသည်။
သူသည် စာအုပ်ကြီးအတိုင်း လိုက်နာတတ်သည့် လူစားမျိုး မဟုတ်ပေ။ အကယ်၍, သူသာ ဆက်နေမည်ဆိုလျှင် ချင်ယွင်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို သူ သိသည်။ ဆန့်ကျင် ဘက်အနေနှင့် ထွက်ပြေးခြင်းသည် ဉာဏ်ပညာအရှိဆုံး ဆုံးရွေးချယ်မှု ဖြစ်သည်။
ချင်ယွင်သည် စီတူဝူဒီ သဘောတူသည်ကို ကြားသောအခါ၊ သူသည် ပို၍ သက်တောင့် သက်သာ ရှိလာသည်။
စီတူဝူဒီ မရှိတော့သရွေ့, အကယ်၍, သူသည် သူ့တို့ကို အနိုင်မယူနိုင်ရင်တောင် အချိန်မရွေး ထွက်ပြေးနိုင်ပါသည်။
"မင်းလား...၊ ငါ့အစ်ကိုကို သတ်ခဲ့တာ မင်း ဖြစ်ရမယ်။ ငါ့ရဲ့ဒုတိယအစ်ကိုအတွက် ငါ လက်စားချေချင်တယ်" လူထွားကြီးသည် ချင်ယွင်နှင့် စီတူဝူဒီတို့ကို ကြည့်ရန် ခေါင်းကို ရုတ်တရက် မြှောက်လိုက်သည်။ သူ၏မျက်လုံးများသည် အနှိုင်းမဲ့ နီမြန်းနေပြီး၊ ထို့နောက် သူ၏တစ်ကိုယ်လုံးသည် ကျားသစ်အရူးကဲ့သို့ ချင်ယွင်ဆီသို့ ပြေးသွားသည်။
သူ ခြေလှမ်းလိုက်တိုင်း ခြေဖဝါးအောက်မှ မြေပြင်သည် နက်ရှိုင်းသည့် ခြေရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ ၎င်း၏အရှိန်ဟုန်သည် အလွန်လျင်မြန်ပြီး၊ သူသည် ချင်ယွင်၏ ရှေ့တွင် လေပြင်းတိုက်သလိုမျိုး ပေါ်လာသည်။ မျက်နှာအရွယ် လက်သီးကြီးက ကြောက်စရာကောင်းသည့် နတ်ဘုရားတန်ခိုးကို သယ်ဆောင်လာပြီး ချင်ယွင်ဆီသို့ အပြင်းအထန် တိုက်ခိုက်လိုက်ပါသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်က ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးကို သူ၏လက်ထဲသို့ အလျင်အမြန် ဖြန့်ကျက်လိုက်ပြီး၊ လူထွားကြီး၏လက်သီးကို သူ၏လက်သီးနှင့် တိုက်ရိုက် ထိုးချလိုက်သည်။
"ဘုန်း..”။
လက်သီးနှစ်ခုက ပြင်းထန်စွာ တိုက်မိပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ကြောက်စရာကောင်းသော စွမ်းအားက ချင်ယွင်ကို လွင့်ပျံသန်းစေခဲ့ပြီး၊ လူထွားကြီးသည် ခြေသုံးလှမ်းသာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။
"ဘယ်လောက်တောင် သန်မာလိုက်တဲ့ ခန္ဓာကိုယ်လဲ။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ ခွန်အားလဲ?။ သူ့ရဲ့ခန္ဓာကိုယ်က တောရိုင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အောက် ရောက်မနေတာ သေချာတယ်။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
လူထွားကြီး၏လက်သီးနှင့် ထိပ်တိုက်တွေ့သည့် အခိုက်တွင် သူ၏လက်မောင်းမှ ပေါက်ကွဲထွက်လာသော စွမ်းအားကို ရှင်းရှင်းလင်းလင်း သူ ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် သူ၏လက်များကိုပင် ပြင်းထန်စွာ ထုံကျင်သွားစေသည်။ ဤလူထွားကြီး၏လက်သီးတွင် နတ်ဘုရားတန်ခိုးသာမက ရုပ်ခန္ဓာကိုယ် လေ့ကျင့်သူတစ်ဦးသာ ပိုင်ဆိုင်ရမည့် ခွန်အားတစ်မျိုးလည်း ပါ၀င်နေ ကြောင်း ထင်ရှားပါသည်။
"မင်းကလည်း ရုပ်ခန္ဓာကိုယ် လေ့ကျင့်ထားသူ တစ်ယောက်လား?" လူထွားကြီးသည် လည်း ချင်ယွင်၏ လက်သီးချက်တွင်ပါရှိသော ခွန်အားကို သတိပြုမိပြီး ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ်..." ချင်ယွင်က ပြတ်ပြတ်သားသားနဲ့ တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ, ဒါဆိုလည်း ဒီနေ့ မင်းရဲ့ ခန္ဓာကိုယ်ထဲက အရိုးအားလုံးကို ချိုးပြီး ငါ့ရဲ့ ဒုတိယအစ်ကိုကို ယဇ်ပူဇော်ပေးဖို့ မင်းရဲ့သွေးကို အသုံးပြုလိုက်မယ်။" လူထွားကြီးက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လို စိတ်က တစ်ဖန် ပေါက်ဖွားလာကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က ပို၍ပင် ပြင်းထန်လာသည်။
"ဟမ့်၊ အဲဒါက သူ့အပြစ်နဲ့သူလေ။ သူက ငါတို့ ပစ္စည်းကို သိမ်းပိုက်ချင်မှတော့, သူ သေဆုံးသွားတဲ့အတွက် ငါ့ကို အပြစ်မတင်သင့်ဘူး။ တကယ်လို့, မင်း အခု ထွက်သွားရင် ငါ ဒီကိစ္စကို မေ့ထားလို့ ရတယ်။ မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။
သူသည် ပျော့ညံ့သော ပန်းသီးတစ်လုံး မဟုတ်ပေ။ လီဂျွန်က သူ့ကို အရင်ဆုံး ရန်စခဲ့သူ ဖြစ်သည်။ နောက်ပိုင်းမှာ သူ့ကို သတ်ဖို့တောင် ကြိုးစားခဲ့သည်။ အကယ်၍, သူက လီဂျွန်ကို မသတ်ဘူးဆိုရင်, လီဂျွန်းက သူ့ကို သတ်ပစ်လိမ့်မည်။ ထို့ကြောင့် သူ မှားသည်ဟု မထင်ပေ။
ယခု လူထွားကြီးသည် လီဂျွန်အတွက် လက်စားချေလိုသည်။ သူသည် ဆင်ခြင်တုံတရား ကင်းမဲ့နေမှန်း သိသာထင်ရှားသည်။ ထို့ကြောင့် ချင်ယွင်သည် နှိုင်းစာ၍မရအောင် အမျက်ဒေါသ ပေါက်ကွဲမူကို ခံစားခဲ့ရသည်။
"ဟမ့်၊ ရတနာတွေဆိုတာက အဲဒီရတနာကို ရယူနိုင်စွမ်းရှိသူတွေအတွက်ပဲ ရည်ညွှန်းတာ လေ။ မင်းက ငါ့ရဲ့ ဒုတိယအစ်ကိုကို သတ်ပစ်လိုက်မှတော့, မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ် ရမှာပဲ" လူထွားကြီးက အေးစက်စွာ ဟစ်အော်ရင်း သူ၏မျက်နှာတွင် မာန်မာနများနှင့် ပြည့်နေခဲ့သည်။
ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။ အမှန်တကယ်ပင်, သူ မည်သည့် နေရာကို သွားနေပါစေ၊ ဆင်ခြင်လက်ခြေအတွက် သူ၏ခွန်အားကိုသာ အားကိုးခဲ့ရသည်။
"သေလိုက်တော့.." လူထွားကြီးက ကျယ်လောင်စွာ အော်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ ရွှေရောင်ကျောက်တုံးတွေက ပေါက်ကွဲသွားသည်။ သူ၏တစ်ကိုယ်လုံးက ချင်ယွင်ဆီသို့ တစ်ဖန် ပြန်၍ ပြေးဝင်လာသည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုးသည် သူ၏ခန္ဓာကိုယ် ကို တိုက်ရိုက် လွှမ်းခြုံထားသည်။ သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် သတ္တုအလွှာ တစ်ခုဖြင့် ဖုံးလွှမ်းနေခဲ့ အနှိုင်းမဲ့မာကြောနေပုံရသည်။
သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ခုန်တက်သွားကာ ကောင်းကင်ယံမှ ဆင်းသက်လာရင်း၊ သူ၏ကြီးမားလှသော လက်သီးချက်များက ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ထိုးချလိုက်ပါသည်။