အခန်း ၁၁၃၂
Vol. 76 Ch. 1132
အခန်း (၁၁၃၂) အဆုံးအဖြတ်အနိုင်ယူခြင်း။
အမှောင်ထုစွမ်းအင်သည် ချင်ယွင်၏ခန္ဓာကိုယ်မှ တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့ပြီး၊ သူ၏နောက်ကျောတွင် အကာကွယ်ဒိုင်းတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
ချွင်….။
အဖြူရောင်ဝတ်လူငယ်၏ဓားသည် ထက်ရှသော ဓားအလင်းနှင့်အတူ အမှောင်ထု စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အကာကွယ်ဒိုင်းထဲသို့ ထိုးထွင်း ဝင်ရောက်သွားသည်။
စူးရှသောဓားသည် အမှောင်ထုစွမ်းအင်အကာအကွယ်ကို ထိမှန်သွားကာ ပြင်းထန်သော အသံကို ထုတ်လွှတ်သည်။ သို့သော်လည်း ၎င်းသည် အမှောင်ထု စွမ်းအင် အကာကွယ် ဒိုင်းကို မထိုးဖောက်နိုင်သေးပေ။
"အယ်၊ ဒါက ဘယ်လို စွမ်းအားမျိုးလဲ၊ ဘာလို့ ဒီလောက် ခိုင်မာတဲ့ အကာအကွယ် ရှိနေရတာလဲ?" အဖြူရောင်ဝတ်လူငယ်သည် အံ့သြတုန်လှုပ်သော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
သူသည် သူ့ခွန်အား၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုထားပြီး ဖြစ်သော်လည်း ဤစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အကာကွယ်ဒိုင်းကို အမှန်တကယ် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ ဤအရာက သူ့ကို နှိုင်းပြ၍မရအောင် တုန်လှုပ်သွားစေသည်။ ထို့အပြင်၊ ဤစွမ်းအားသည် သူ့အား စိတ်နှလုံးအောက်ခြေမှ ကြောက်ရွံ့မှုတစ်မျိုးကို ဖြစ်ပေါ်စေ သည်။
"ဒီစွမ်းအားက အကာကွယ်တစ်ခုမှာပဲ အားကောင်းတာ မဟုတ်ဘူး။ ဒီထက်ပိုပြီး ကြောက်စရာကောင်းတယ်။ ငါ့ဆီက နောက်ထပ် ဓားတစ်ချက်ကို ခံယူလိုက်ပါ" ချင်ယွင်က သရော်သံဖြင့် ပြောလိုက်ရင်း သူ၏ဓားဖြင့် ခုတ်ပိုင်းရန် တိုက်ရိုက် လှည့်လိုက်သည်။
ရုတ်တရက်၊ ကြောက်စရာကောင်းသည့် ဓားအလင်းက အမှောင်ထုစွမ်းအင်ကနေ လွင့်ထွက်လာပြီး အဖြူရောင်ဝတ်လူငယ်ဆီကို ပြင်းထန်စွာ ဖြတ်သန်းသွားသည်။ ဓားပေါ်ရှိ အငွေ့အသက်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။
အဝေးမှ လူထွားကြီးသည် သူ၏ဆံပင်တွေ အဆုံးထိ ထောင်မတ်နေသည်ကို ခံစားလိုက်ရ သည်။ အကယ်၍, ဤဓားချက်သာ သူ့အပေါ်ကို ကျရောက်သွားခဲ့ရင် သူသည် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝ မရှိတော့ဘူးဆိုသည်မှာ သေချာပါသည်။
အဝေးမှာ ရပ်နေသည့် စီတူဝူဒီသည် မထိန်းနိုင်တော့ဘဲ မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ထားပါသည်။ အခြားလူများသည် ဤစွမ်းအင်ကို မသိနိုင်သော်လည်း သူသည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာအရပ်ကို ဖြတ်ကျော်လာခဲ့သောကြောင့် သူ့အတွက် ဤစွမ်းအင်ကို မမှတ်မိဘူးဆိုသည်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။
"အမှောင်ထုစွမ်းအင်၊ သူ ဘယ်လိုလုပ် အသုံးပြုနိုင်တာလဲ?။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" စီတူဝူဒီက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
သူ၏အမြင်အရဆို, ကြယ်နတ်ဘုရားများ၊ မြေကမ္ဘာနတ်ဘုရားများနှင့် ကောင်းကင် နတ်ဘုရားများပင်လျှင် ဤအမှောင်ထုစွမ်းအင်ကို အသုံးမပြုနိုင်ပါ။ သို့သော် ချင်ယွင်သည် ဤကဲ့သို့သော စွမ်းအင်ကို ဆက်လက် ပိုင်ဆိုင်ထားပြီး ၎င်းကို ဓားအလင်းပုံစံဖြင့်ပင် လွှတ်လိုက်လေသည်။ ဤအရာသည် သူ၏နားလည်မှုကို လုံးဝ ကျော်လွန်သွားခဲ့သည်။
အဖြူရောင်ဝတ်လူငယ်၏ အမူအရာသည်လည်း အနှိုင်းမဲ့ လေးနက်နေပါသည်။ အဝေးမှ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာသော ဓားအလင်းတန်းကို ကြည့်လိုက်ရင်း သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည် ။
"လှိုင်းတံပိုးတစ်ထောင် ခုတ်ပိုင်းချက်။" အဖြူရောင်ဝတ်လူငယ်က တိုးတိုးလေး အော်လိုက်သည်။ အနှိုင်းမဲ့ ထက်ရှသော ဓားချီသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ် လာသည်။ ထို့နောက် ၎င်းဓားချီသည် သူ၏တစ်ကိုယ်လုံး လှုပ်ရှားသွားပြီး ထောင်ပေါင်း များစွာသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ဓားတစ်ထောင်ကို တခဏအတွင်း ခုတ်ပိုင်းလိုက်သည့်အလားပင်။
အဆုံးတွင် ဓားတစ်ထောင်သည် ဓားတစ်ချောင်းထဲသို့ စုရုံးရောက်ရှိလာပြီး ကြောက်မက်ဖွယ်ကောင်းသော ချီဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ၊ ချင်ယွင် ခုတ်ပိုင်းလိုက်သော ဓားနှင့် အပြင်းအထန် တိုက်ရိုက် ထိမိသွားလေသည်။
"ဘုန်း....။"
ဓားအလင်းနှစ်ခုသည် အပြင်းအထန် ထိပ်တိုက်ဆုံမိပြီး၊ ကောင်းကင်ဘုံကိုးခုတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားချီသည် နေရာအနှံ့ ပြန့်ကျဲသွားသဖြင့်, ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို အပေါက်များနှင့် ပွန်းပဲ့ရာများ ချက်ချင်း ဖြစ်ပေါ်လာစေသည်။
အဖြူရောင်ဝတ်လူငယ်သည် ထိုဓားချက်ကို ခုခံလိုက်သော်လည်း၊ ထိုဓားချီက သူ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားဆဲပင်။ သူ၏ခန္ဓာကိုယ်သည် လွင့်ပျံသွားခဲ့ပြီး၊ မရပ်တန့်နိုင်ခင်, ပေတစ်ထောင် အကွာအဝေးအထိ ဆက်လက် လျှောထွက်သွားခဲ့သည်။
သူ၏ ရင်ဘတ်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးထွက်နေသည်။ သူ၏မျက်နှာတွင် မချိမဆန့်ဖြစ်သည့် အမူအရာ ပေါ်လာသည်။
ယုတ္တိဗေဒအရပြောရရင်၊ သူ၏နတ်ဘုရားတန်ခိုးသည် ဆက်ပြီးကုစားနေသရွေ့ ထိုအဆင့်ရှိ ဒဏ်ရာသည် ချက်ချင်း ပြန်ကောင်းလာမည်မှာ သေချာပါသည်။ သို့သော် ယခု သူသည် နတ်ဘုရားတန်ခိုးကို မည်မျှပင် အသုံးပြုနေပါစေ ဒဏ်ရာကို ပြန်လည် ကုစားနိုင်ခြင်း မရှိသေးပေ။
"ဒါက ဘယ်လို စွမ်းအင်မျိုးလဲ?၊ ဘာလို့ ဒီလောက်ထိ ကြောက်စရာကောင်းနေတာလဲ?" အဖြူရောင်ဝတ်လူငယ်က အံ့သြစွာ ရေရွတ်သည်။
ယခုလိုစွမ်းအားမျိုး အရင်က တစ်ခါမှ မမြင်ဖူးသည်မှာ သေချာပါသည်။
"ဒီဓားချက်က ဘယ်လိုခံစားရလဲ" ချင်ယွင်က မြူနှင်းချောက်နက်ဓားကို သူ၏လက်ထဲ တွင် ကိုင်ကာ တဟားဟား ရယ်မောလိုက်သည်။
အဖြူရောင်ဝတ်လူငယ်က မျက်မှောင်ကြုတ်ပြီး သူ၏အမူအရာက လွန်စွာမှ မှိုင်းညို့သွား သည်။
ခပ်လှမ်းလှမ်းမှ လူထွားကြီးလည်း မျက်မှောင်ကြုတ်သွားသည်။
"မင်းတို့ အခု ထွက်သွားရင်, မင်းတို့အသက်ကို ငါ ချမ်းသားပေးနိုင်တယ်" ချင်ယွင်က ဆက်ပြောသည် ။
သူ၏ရှေ့မှ အဖြူရောင်ဝတ်လူငယ်အပေါ် သူ မုန်းတီးမှု သိပ်မရှိပါဘူး။ သူ့ကို အနည်းငယ် ပင် လေးစားမိသည်။ ထို့ကြောင့်, သူသည် အတတ်နိုင်ဆုံး မတိုက်ခိုက်ချင်ပေ။
အဖြူရောင်ဝတ်လူငယ်သည် ချင်ယွင်၏စကားကို ကြားသောအခါ ခါးသီးသော အပြုံး တစ်ချက် ပေါ်လာသည်။ ထို့နောက် သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။
"ငါ မင်းကို အရင်က ပြောဖူးပါတယ်။ ဒီနေ့ မင်းဖြစ်ဖြစ်, ငါဖြစ်ဖြစ် တစ်ယောက်ကတော့ သေရမှာပဲ။ ငါတို့က မင်းကို မသတ်နိုင်ဘူးဆိုရင်လည်း, ငါတို့မှာ လက်စားချေပေးနိုင်တဲ့ စွမ်းရည်မရှိဘူးလို့ ပြောရတော့မှာပေါ့။ ငါတို့အနေနဲ့ မင်းသတ်ဖြတ်တာ ခံရမယ်ဆိုရင် လည်း ဘာမှ စောဒကတက်စရာ မရှိပါဘူး။ ." အဖြူရောင်ဝတ် လူငယ်က သူ၏ခန္ဓာကိုယ် ကို ဖြောင့်တန်းစွာဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"မှန်တယ်၊ ဒုတိယအစ်ကိုအတွက် လက်စားတော့ ချေရမှာပဲ။ ဒီနေ့ တိုက်ပွဲမှာ မသေမချင်း ငါတို့က ရပ်မှာမဟုတ်ဘူး။" လူထွားကြီးကလည်း ကျယ်လောင်စွာ အော်ပြောလိုက်ပြီး၊ သူ၏မျက်နှာတွင် ဆုံးဖြတ်ချက် ပြတ်သားမူများ အပြည့်ရှိနေသည်။
ချင်ယွင် အနည်းငယ် အံ့သြသွားသည်။ ဤလူနှစ်ယောက်သည် အလွန်ချစ်ခင်ကြပြီး၊ ထိုကဲ့သိုသဘောထားမျိုး ရှိနေမည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားပါဘူး။ ဤအချက်က သူ၏စိတ်ထဲတွင် ဤလူနှစ်ယောက်ကို ပို၍ပင် သဘောကျလာစေသည်။
အကယ်၍, သူတို့နှစ်ယောက်သာ လက်စားချေဖို့ အမှန်တကယ် လက်လျှော့လိုက်မည်ဆို လျှင်, ချင်ယွင်သည် သူတို့အပေါ် ပို၍စိတ်ပျက်မိလိမ့်မည်။
"မင်းတို့ ညီအစ်ကိုနှစ်ယောက် အတူတူ တက်လာလို့ရတယ်။" ချင်ယွင်က သူတို့နှစ်ယောက်ကို လွှမ်းမိုးကြီးစိုးစွာ ပြောလိုက်သည်။
အဖြူရောင်ဝတ်လူငယ်နှင့် လူထွားကြီးတို့သည် အကြည့်ချင်း ဖလှယ်ပြီးနောက် ချင်ယွင်ဆီသို့ ပျံသန်းသွားကြသည်။
အဖြူရောင်ဝတ်လူငယ်သည် ဓားပျော့ကို ဝှေ့ယမ်းကာ ချင်ယွင်ဘက်သို့ ခုတ်လိုက်သည်။ လူထွားကြီးသည် သူ၏လက်သီးကို ဝှေ့ယမ်းပြီး ချင်ယွင်ဆီသို့ ပြေးဝင်သွားသည်။ သူတို့နှစ်ဦးသည် မတူညီသော လမ်းကြောင်းနှစ်ခုမှ ချင်ယွင်ဆီသို့ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြသည်။
သူတို့သည် ဟိတ်ဟန်ကြီးပြီး ဟန်ဆောင်တတ်သူများ မဟုတ်ကြပေ။ ချင်ယွင်က သူတို့ကို အတူတူ တက်လာသင့်သည့်ဟု ပြောလိုက်သည့်အတွက် သူတို့အနေဖြင့် သဘာဝအတိုင်း ဟန်ဆောင်စိတ်ကြီးဝင်နေမှာ မဟုတ်ပါဘူး။
ချင်ယွင်သည် တစ်ပြိုင်နက် တိုက်ခိုက်လာသော ညီအကိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာက အကြောက်တရား မရှိရုံတင်မကဘဲ ပေါ့ပါးသော အပြုံးကိုပင် ထုတ်ဖော်လိုက်ပါသည်။
ဝှီး...။
အမှောင်ထုစွမ်းအင်သည် ချင်ယွင်၏ ခြေထောက်များထဲသို့ ချက်ခြင်း သွန်းလောင်းသွား ပြီး၊ သူ၏ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားကာ၊ လူထွားကြီး၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။
"ဘယ်လောက်တောင် မြန်လိုက်လဲ?" လူထွားကြီးသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ ချင်ယွင်က သူ့ရှေ့ကို မည်သို့ရောက်လာသည်ကို သူ မမြင်လိုက်ရပါဘူး။
"ဘုန်း...”။
ချင်ယွင်သည် လူထွားကြီး၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ပြီး၊ သူ၏ ကြောက်မက်ဖွယ် စွမ်းအားက ပေါက်ကွဲသွားလေသည်။
လူထွားကြိုင်း၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာ သူ၏ကြီးမားသော ခန္ဓာကိုယ် သည် ထိန်းမနိုင်သိမ်းမရ နောက်ပြန်ဆုတ်သွားကာ အဝေးက နတ်တောင်ပေါ်သို့ ထိုးကျသွားသည်။
နတ်တောင်သည် ကြေမွသွားပြီးနောက် သူလည်း မေ့လဲသွားသည်။
တစ်ချိန်တည်းမှာပင် အဖြူရောင်ဝတ်လူငယ်၏ ဓားအလင်းသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ချင်ယွင်သည် ရှောင်တိမ်းရန် နည်းနည်းလေးမှ ရည်ရွယ်ချက် မရှိပေ။ သူသည် သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကိုသာ ဖြည်းညှင်းစွာ ရွေ့လျားပြီး ဓားအလင်းကို ဖြိုခွဲပစ်လိုက်သည်။
အဖြူရောင်ဝတ်လူငယ်သည် အလွန်မင်း တုန်လှုပ်သွားခဲ့သည်။ သူ၏တိုက်ခိုက်မှုသည် ချင်ယွင်အတွက် လုံးဝ ခြိမ်းခြောက်မှု မဟုတ်ခဲ့ပေ။
ဘန်း…။
သို့သော် ဤအခိုက်အတန့်တွင် ပေါက်ကွဲနေသော ကြယ်အလင်းရောင်ကဲ့သို့ ကောင်းကင်ယံမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။
အဖြူရောင်ဝတ်လူငယ်သည် ပြင်းထန်သော အေးစက်မှုကို ခံစားလိုက်ရသည်။ သူသည် ဓားကို အလျင်အမြန် ဝှေ့ယမ်းပြီး ဆက်လက် ပိတ်ဆို့တားဆီးလိုက်သည်။ သို့သော် သူ၏ဓားသည် ထိုဓားအလင်းကို ထိလိုက်သည့်အခိုက်တွင် သူ၏ဓားသည် လွင့်ပျံသွား လေသည်။ ဓားအလင်းကြောင့်လည်း သူ၏ရင်ဘတ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။
"ဘုန်း...”။
အဖြူရောင်ဝတ်လူငယ်၏ ရုပ်အသွင်သည် အဝေးသို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ သူ၏ရင်ဘတ်က စုတ်ပြတ်နေပြီး သူ၏လက်တွေက သွေးများဖြင့် စိုရွှဲနေပြီ။ ယခုအချိန်မှာ သူ့အတွက် တိုက်ခိုက်ရန် ခွန်အား မရှိတော့ပါဘူး။
ဘန်း…။
ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး၊ အဖြူရောင်ဝတ်လူငယ်၏ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။ မြူနှင်းချောက်နက်ဓားက အဖြူရောင်ဝတ် လူငယ်၏ လည်ပင်း ပေါ်တွင် ကျရောက်နေသည်။
"လုပ်လိုက်ပါ။ ငါတို့ ရှုံးသွားပြီပဲ။ ဒါပေမယ့် ငါ့ရဲ့ တတိယမြောက်ညီလေးကိုတော့ ခွင့်လွှတ်ပေးပါ" အဖြူရောင်ဝတ်လူငယ်က ချင်ယွင်ကိုကြည့်ကာ ပြောသည် ။
"ငါက ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ?။ သူ့ကိုလွှတ်ပေးတာနဲ့ မလွှတ်ပေးတာက အတူတူပဲမဟုတ်လား?" ချင်ယွင်က ရယ်မောကာ မေးသည်။
အဖြူရောင်ဝတ်လူငယ်သည် ထိုစကားကိုကြားသောအခါ, သူ၏မျက်နှာပေါ်တွင် စိတ်ပျက် လက်ပျက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာသည်။
"ငါ သူ့ကို လွှတ်ပေးလို့ရတယ်။ မင်းကိုတောင် ငါ လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် မင်း အခြေအနေတစ်ခုတော့ သဘောတူရမယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"ဘယ်လို အခြေအနေမျိုးလဲ?။" အဖြူရောင်ဝတ်လူငယ်က စူးစူးရဲရဲ မေးသည်။
"ငါ့ကို မင်းရဲ့ သခင်အဖြစ် အသိအမှတ်ပြုပါ" ချင်ယွင် ပြုံးလိုက်သည်။
အဖြူရောင်ဝတ်လူငယ်က ထိုစကားကိုကြားတော့ သူ၏မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့သည်။ သူသည် အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် စကားတခွန်း ထုတ်ပြောလိုက်သည် "ကောင်းပြီလေ..."