အခန်း ၁၁၄၁
Vol. 77 Ch. 1141
အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၇)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၁၄၁) ကောင်းကင်နှင့်ကမ္ဘာမြေ ဓားစွမ်းအား။
ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်လာသော ဓားဆန္ဒကြောင့် လူတိုင်း ထိတ်လန့် တုန်လှုပ် သွာကြကာ သူတို့အားလုံးသည် မယုံကြည်နိုင်သော အမူအရာများကို ထုတ်ဖော်လာကြ သည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားချီလှိုင်းများကို ကြည့်ရင်း လွန်စွာမှ မှင်သက်နေသော အကြီးအကဲလင်းလည်း သူ၏မျက်နှာပေါ်တွင် သိသိသာသာ အံ့အားသင့်သွားသည့် အမူအရာ ပေါ်လွင်နေသည်။
"ဒါက တကယ့်ကို ဓားပုံစံတစ်ခုပဲ။ ဒါက ဝူဝမ်ဓားသိုင်းရဲ့ အမှတ်အသားပဲ.." အကြီးအကဲလင်းက အံ့အားတသင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်အပေါ် လုံးဝ သံသယမရှိတော့ပေ။
အကယ်၍, ချင်ယွင်သာ ၎င်းကို လေးလကြာ ဆင်ခြင်နိုင်လျှင်, သူသည် ဤဓားသိုင်း၏ ကနဦးအဆင့်ကို နားလည်နိုင်မည် ဖြစ်သည်။ အကယ်၍, သူသည် အမှန်တကယ် ဟန်ဆောင်နေသည်ဆိုလျှင်ပင်, ၎င်းသည် ပို၍ပင် ကောင်းကင်ဘုံကို အန်တုရာရောက်ပြီး မထီမဲ့မြင်ပြု၍ မရတော့ပေ။ (လေးလကြာဟန်ဆောင်နေပါလျှက်နဲ့ ဓားပုံစံဖြစ်ပေါ်လာ အောင် စွမ်းဆောင်နိုင်ခြင်းက ကောင်းကင်ဘုံကို ပို၍ပင်အန်တုရာရောက်ပြီး အထင်သေး ၍ မရဟု) ဆိုလိုခြင်း ဖြစ်ပါသည်)။
ချင်ယွင်ကို လှောင်ပြောင်ကဲ့ရဲ့ ရှုံ့ချခဲ့ကြသော ပတ်ဝန်းကျင်ရှိ လူများသည် သူတို့၏ ပါးပြင်ပေါ်တွင် ပူစပ်ပူလောင်သော ဝေဒနာကို ခံစားလိုက်ရသည်။
သူတို့သည် ဤနေရာတွင် နှစ်ဝက်ကျော်လောက်ကြာ ဆင်ခြင်နေခဲ့ကြသော်လည်း မည်သည့် သဲလွန်စမျှ မရရှိသေးပါဘူး။
သို့သော်၊ သူတို့အမြဲတမ်း နှိမ့်ချအထင်သေးခဲ့သော ဤကောင်လေးသည် လေးလအတွင်း ဓားပုံစံများကို အမှန်တကယ် နားလည်သဘောပေါက်ခဲ့ပြီး၊ ဝူဝမ်ဓားသိုင်း၏ ကနဦးအဆင့် သို့ ခြေချနိုင်ခဲ့သည်။ ဤအရာက သူတို့မျက်နှာတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက် ခြင်း မဟုတ်ပေဘူးလား?။
သူတို့အားလုံးသည် ရှက်စိတ်ဖြင့် ခေါင်းငုံ့ကာ ချင်ယွင်ကို ရိုသေလေးစားမှု အပြည့်ဖြင့် ကြည့်နေကြသည်။
ချင်ယွင်၏ ဓားပုံစံများကို နားလည်နိုင်စွမ်းနှင့် ဓားသိုင်းပညာရပ်၏ ကနဦးအဆင့်သို့ တက်လှမ်းနိုင်မှုသည် အဓိပ္ပာယ် တစ်ခုတည်းသာ ရှိပါသည်။ သူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ထဲသို့ ဝင်ရောက်နိုင်ရန် အရည်အချင်းရှိသွားပြီဟု ဆိုလိုရာရောက်ပါသည်။ ထိုကြောင့် သူသည် ယခုမှစ၍ မြင့်မြတ်သောကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာတော့မည် ဖြစ်သည်။
သူ၏ခွန်အားက အားနည်းနေသေးသော်လည်း, သူသည် သူတို့ကို နှိမ့်ချရန် အရည်အချင်း ရှိနေဆဲပင်။
ထိုအခိုက်အတန့်တွင် အကြီးအကဲလင်းသည်လည်း သူ၏အသိအာရုံများ ပြန်ဝင်လာခဲ့ပြီး၊ သူ၏မျက်နှာက စိတ်အားတက်ကြွသည့်အမူအရာ ပေါ်လာပါသည်။
ယခုအချိန်တွင် သူသည် ချင်ယွင်ကို သူ၏ဂျူနီယာတစ်ဦးအဖြစ်ဟု လုံးဝ မှတ်ယူထားပြီး ဖြစ်သည်။ သူသည် သူ၏စိတ်ထဲတွင် ကြည်နူးမှုကို ခံစားရရုံသာမက ချင်ယွင်အတွက်ပါ ဂုဏ်ယူနေမိပါသည်။
"ကောင်းလိုက်တာ, ကောင်းလိုက်တာ ကောင်လေး၊ ဒီတစ်ခါတော့ မင်းနဲ့ပတ်သက်ပြီး ငါ သခင်မလေးကို သေချာပေါက် အကြံပေးရမယ်။ တကယ်လို့, သခင်မလေးကသာ မင်းအပေါ် မြင့်မားတဲ့အမြင်ရှိလာခဲ့ရင် နတ်ဘုရားကမ္ဘာမှာ မင်းရဲ့ခရီးက အဆင်ပြေ ချောမွေ့လာလိမ့်မယ်။ လေးလအတွင်း "ဝူဝမ်ဓားသိုင်း" ရဲ့ ကနဦးအဆင့်ကို နားလည်ဖို့ဆို တာ နတ်ဘုရားကမ္ဘာရဲ့သမိုင်းထဲမှာတောင် တော်တော်လေး ရှားပါးတယ်။" ချင်ယွင်၏ ရုပ်အသွင်ကို ကြည့်ရင်း အကြီးအကဲလင်းသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူသည် ချင်ယွင်ကို ပို၍ကြည့်လေ၊ ချင်ယွင်ကို သူ့ကလေးအဖြစ် လုံးဝ ဆက်ဆံလိုက်သကဲ့သို့ သူ့ကို ပိုသဘောကျလေလေ ဖြစ်သည်။
ချင်ယွင်ကြောင့် မငြိမ်မသက် အုတ်ကြော်သောင်းနင်း ဖြစ်နေသည့် တစ်ချိန်တည်းမှာပင် ချင်ယွင်၏စိတ်ကတော့ အလွန်တည်ငြိမ်နေခဲ့သည်။ ပတ်ဝန်းကျင်မှ အုတ်အုတ် ကျက်ကျက်ဖြစ်နေမူက သူ့အပေါ် လုံးဝ မသက်ရောက်ပါဘူး။ သူသည် ဓားသိုင်းပညာရပ် ကို လုံးလုံးလျားလျား ဆင်ခြင်နေပါသည်။
သူ၏နတ်ဘုရားအာရုံထဲမှာ, သူ၏ရှေ့ရှိ တောင်တန်းများနှင့် မြစ်ရေပြင်များသည် သန့်စင်သော တောင်တန်းများနှင့် မြစ်ရေပြင်များ သက်သက် မဟုတ်တော့ပေ။ ယင်းအစား၊ ၎င်းတို့သည် ခုတ်ပိုင်းထားသော ဓားပုံစံများ ဖြစ်နေပါသည်။ ဤဓားပုံစံများ သည် စည်းစနစ်မကျပုံပေါက်သော်လည်း ၎င်းတို့သည် လှုပ်ရှားသက်ဝင်နေပြီး စနစ်တကျ ဖြစ်နေသည်။
ဤခုတ်ပိုင်းထားသော ဓားချက်များတွင် ဥပဒေသတစ်မျိုးမျိုး ပါဝင်နေပုံရသည်။
ဤဥပဒေသသည် သူတို့နားလည်သဘောပေါက်လိုကြသည့် ဓားသိုင်းပညာရပ်၏ ကနဦး အဆင့် ဖြစ်သည်။ ဤဓားပုံစံများကို ဆင်ခြင်နားလည်ခြင်းဖြင့်သာ သူတို့သည် ဤဓားပုံစံများတွင် ပါရှိသော အခြေခံအုတ်မြစ်များကို နားလည်နိုင်မည်ဖြစ်ပြီး၊ ဤနည်းဖြင့်သာ သူတို့သည် တုနှိုင်းမရအောင် အစွမ်းထက်သော ဓားသိုင်းကွက်များကို ထုတ်ဖော်နိုင်ပါလိမ့်မည်။
ဝူဝမ်ဓားသိုင်း၏ ဓားဆန္ဒနှင့် ပတ်သက်၍မူ ချင်ယွင်သည်လည်း သူ့ကိုယ်ပိုင် နားလည်မှု ရှိပါသည်။
ကမ္ဘာကြီး၊ တောင်တန်းများ၊ မြစ်ရေပြင်များ၊ ပန်ပွင်းများ၊ အပင်များ သို့မဟုတ် သစ်ပင်များ ပင် ဖြစ်နေပါစေ, ၎င်းတို့အားလုံးမှာ ကိုယ်ပိုင် အရှိန်အဟုန်၊ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေကြပါသည်။
သို့သော် ပန်းပွင့်များ၊ အပင်များနှင့် သစ်ပင်များ၏ စွမ်းအားသည် အလွန့်လွန် သေးငယ်လှ ပါသည်။ ၎င်းစွမ်းအားကို သာမာန်လူတွေ လုံးဝ မခံစားနိုင်ကြပါဘူး။ ဆန့်ကျင်ဘက် အနေဖြင့်, ထိုကြီးကျယ်ခမ်းနားသော တောင်တန်းများနှင့် မြစ်ရေပြင်များ၏ အငွေ့အသက်ကိုတော့ ပို၍ ခံစားရလွယ်ကူပါသည်။
ပင်လယ်ကြီး၏ ကျယ်ပြောမူနှင့် နတ်တောင်တန်းကြီးများ၏ ခမ်းနားထည်ဝါမူ အားလုံးသည် လူတိုင်း ခံစားမိကြသော ခံစားချက်များပင် ဖြစ်ပါသည်။
ကောင်းကင်နှင့်မြေကြီးအပြင်, ဤဝူဝမ်တောင်တန်းဒေသမှာ မည်သည့်အရာက အသန်မာဆုံး ဖြစ်မည်နည်း?။
သေချာသည်မှာ, ဝူဝမ်တောင်တန်းဒေသအတွင်းမှာ အမြင့်ဆုံးဖြစ်သည့် ဝူဝမ်တောင်ထိပ် ဖြစ်ပါသည်။ ဝူဝမ်တောင်ထိပ်သည် ပထမတောင်ထိပ်ဖြစ်ပြီး ၎င်းအတွင်းပါရှိသော စွမ်းအင်က သဘာဝအတိုင်း နှိုင်းယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်ပါသည်။
ဘိုးဘေးနတ်ဘုရားဝူဝမ် ချန်ထားခဲ့သော ဓားဆန္ဒနှင့် စွမ်းအင်တို့သည် အမှန်တကယ်ပင် ဤဝူဝမ်တောင်ထိပ် အတွင်းမှာ ပုန်းကွယ်နေခဲ့သည်။ လူပေါင်းများစွာသည် တောင်တန်းများနှင့် မြစ်ရေပြင်များကို ကြည့်ရန်သာ အာရုံစိုက်ခဲ့ကြသော်လည်း သူတို့၏ ခြေရင်းအောက်ရှိ တောင်ထိပ်ကြီးကိုတော့ လျစ်လျူရှုထားခဲ့ကြသည်။ တကယ်ဆို, ၎င်းသည် ဂိုဏ်းတစ်ခုထဲဝင်ရောက်နိုင်ရန် အဓိကသော့ချက်ကို ဖွင့်လှစ်နိုင်မည့် အကြီးမားဆုံး ရတနာတစ်ခု ဖြစ်နေပါသည်။
ဘန်း…။
ချင်ယွင်၏ နတ်ဘုရားအာရုံသည် ဝူဝမ်တောင်ထိပ် တစ်ခုလုံးကို လွှမ်းခြုံထားပြီး ဝူဝမ်တောင်ထိပ် အတွင်းပါရှိသော ဓားစွမ်းအားကို အတတ်နိုင်ဆုံး ခံစားနိုင်ရန် ကြိုးစားနေခဲ့သည်။
ချင်ယွင်၏ နတ်ဘုရားအာရုံက သူ့အပေါ် ဖုံးလွှမ်းသွားသောအခါ၊ ဝူဝမ်တောင်ထိပ်သည် ချင်ယွင်၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး၊ တကယ့်အစစ်အမှန် ဝူဝမ်တောင်ထိပ်နှင့် တူညီလုနီးပါး ဖြစ်နေသည်။
"မဟုတ်သေးဘူး၊ တစ်ခုခု လွဲနေပုံရတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သို့သော်, သူသည် အချိန်အတော်ကြာအောင် တွေးတောပြီးနောက်, လွဲမှားနေသည့် အရာများကို မတွေးနိုင်သေးပါဘူး။
ရုတ်တရက်၊ သူသည် ဝူဝမ်တောင်ခြေမှာ သူ ခံစားခဲ့ရသည့် ဝူဝမ်တောင်ထိပ်၏ အငွေ့အသက်ကို သူ ပြန်ကြားယောင်မိသည်။ ထိုအချိန်တုန်းက၊ ဝူဝမ်တောင်ထိပ်သည် တောင်တန်းတစ်ခုလုံး၏ အုပ်စိုးရှင်ဖြစ်ကြောင်း သူ ခံစားခဲ့ရပြီး၊ တောင်ထွက်များ အားလုံး သည် ၎င်း၏ခြေရင်းအောက်တွင် ဝပ်တွားခယကြသည်။
"ဟုတ်တယ်၊ အဲဒါက ဂုဏ်သိက္ခာ၊ အနှိုင်းမဲ့ လွှမ်းမိုးနိုင်တဲ့ ဂုဏ်သိက္ခာပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
စွမ်းအင်ဟုခေါ်သည့် အရာသည် လူတစ်ယောက်၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ ဖြစ်သည်။
သို့သော်, သူချင်ယွင်သည် အင်မော်တယ်ကမ္ဘာ၏ မင်းသားလေးတစ်ပါးဖြစ်ပြီး၊ သူပိုင်ဆိုင်ထားသည့် ဂုဏ်သိက္ခာက ဘာလဲ?။
မဟုတ်ဘူး!
ဖင်းဂေါ့ဂ်၏တန်ခိုး။
မဟုတ်ဘူး!
နဂါးနတ်ဘုရား၏တန်ခိုး
မဟုတ်ဘူး!
စစ်မှန်သော ဂုဏ်သိက္ခာသည် ချင်ယွင်၏ကောင်းကင်ဘုံတန်ခိုးအစွမ်း ဖြစ်သည်။ ထိုအရာကမှ တုနှိုင်းမရအောင် အစွမ်းထက်သည့် စစ်မှန်သော ဂုဏ်သိက္ခာဖြစ်ပါသည်။
ချင်ယွင်သည် ထိုသဘောတရားကို နားလည်သွားပြီးနောက် သူ၏ ကောင်းကင်ဘုံတန်ခိုး စွမ်းအားကို သူ၏စိတ်ထဲမှာ ထင်ဟပ်နေသည့် နတ်တောင်ကြီးပေါ်သို့ ချက်ချင်း သွန်းလောင်းလိုက်ပါသည်။ (ဤနေရာ၌ ကောင်းကင်ဘုံတန်ခိုးအစွမ်းဟူသည် ကနဦးစကြာဝဠာ၏ ကောင်းကင်ဘုံတန်ခိုးအစွမ်း ဖြစ်ပါသည်။ သူလက်ရှိနေထိုင်သည့် ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်းမဟုတ်ပါ။)
တခဏအတွင်းမှာပင်, ချင်ယွင်၏စိတ်ထဲမှ ဝူဝမ်တောင်ထိပ်ကနေ ပြင်းထန်သော ဘုန်းတန်ခိုးအာနုဘော်က ထွက်ပေါ်လာသည်။ ၎င်း၏ အငွေ့အသက်သည် တကယ့် အစစ်အမှန် ဝူဝမ်တောင်ထိပ်ထက်ပင် ပို၍ ထိတ်လန့်စရာကောင်းသည်။
ထိုအချိန်တွင်, ပြင်ပကမ္ဘာရှိ ချင်ယွင်၏ အငွေ့အသက်သည်လည်း စတင်ပြောင်းလဲသွား သည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားပုံစံများသည် ရုတ်တရက် ထူထပ်သိပ်သည်းလာခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ နှိုင်းစာ၍မရအောင် ကြောက်မက်ဖွယ်ကောင်းသော ဓားအငွေ့အသက်သည် ထွက်ပေါ်လာပြီး၊ ဓားပုံစံများနှင့်အတူ အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။
တခဏအတွင်းမှာပင်၊ သူ၏ဓားပုံစံလှိုင်း အတက်အကျများသည် ဝူဝမ်တောင်ထိပ် တစ်ခုလုံးကို ပျံ့နှံ့သွားပါသည်။
ဤအားကောင်းပြီး ကြီးကျယ်ခမ်းနားသော စွမ်းအင်အတက်အကျလှိုင်းကြောင့် လူတိုင်း ပို၍ပင် တုန်လှုပ်သွားကြသည်။ ဤအခိုက်အတန့်တွင် သူတို့၏ စိတ်ထဲမှာ အလိုလို ဗီဇကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုတစ်ခုပင် ရှိလာနေသည်။
တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် အနက်ရောင်ဝတ် ပုံရိပ်တစ်ခုသည် ရုတ်တရက် မျက်လုံးဖွင့်ကာ မျက်မှောင်ကြုတ်သွားသည်။
"ဝူဂမ်.. ဘာဖြစ်နေတာလဲ" အနက်ရောင်ဝတ်လူငယ်က တင်းမာစွာ မေးသည်။
"သခင်လေးကို အစီရင်ခံပါတယ်။ တောင်ခြေရင်းမှာရှိတဲ့ လူတစ်ယောက်က ဝူဝမ်ဓားသိုင်း ရဲ့ ကနဦးအဆင့်ကို လှမ်းတက်နိုင်သွားပြီး ဓားစွမ်းအင် အတက်အကျလှိုင်းကို ထုတ်လွှတ် လိုက်တာပါ" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်ထားသော အမျိုးသားသည် အနက်ရောင် ၀တ်စုံဝတ် လူငယ်နောက်တွင် ပေါ်လာပြီး လေးလေးစားစား ပြန်ပြောသည်။
"အိုး? သူက တကယ်ပဲ ဓားသိုင်းရဲ့ ကနဦးအဆင့်ကို ဝင်ရောက်သွားပြီး၊ ဒီလောက် အစွမ်းထက်တဲ့ ဓားအငွေ့အသက်ကို ထုတ်လွှတ်နိုင်တာလား?။ ဒီလူက ဘယ်သူလဲ?။" အနက်ရောင်ဝတ် လူငယ်က အံ့သြစွာ မေးသည်။
"သခင်လေးက သူ့ကို မသိနိုင်ပါဘူး၊ သူက နတ်ဘုရားခန္ဓာကိုယ်ကိုတောင် မသန့်စင်ရသေး တဲ့ နတ်ဘုရားတစ်ပိုင်းလေးပါ။ အရင်က သူဟာ တောင်ထိပ်ပေါ်ကို အပြေးအလွှား တက်သွားချင်ပေမယ့် ဒီအစေခံက တားဆီးလိုက်ပါတယ်။" အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားသော အမျိုးသားက ထပ်ပြောသည်။
"နတ်ဘုရားတစ်ပိုင်းလား..?" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ထိုလူငယ်က အံ့သြတကြီး ရေရွတ်လိုက်သည်။
"စကားမစပ်၊ သခင်လေး၊ ဒီနတ်ဘုရားတစ်ပိုင်းက အခု အကြီးအကဲလင်းနဲ့ အတူရှိနေ တယ်။ ဒီနတ်ဘုရားတစ်ပိုင်း ကောင်စုတ်လေးက အပြစ်မပေးလိုက်တာကလည်း အကြီးအကဲလင်းက ဝင်စွက်ဖက်တာကြောင့်ပါ။" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ထပ်ပြောလိုက်ပါသည်။
"အကြီးအကဲလင်း…၊ အဲဒါ သူမရဲ့အစေခံအိုကြီး လင်းဟိုင်လား?။" အနက်ရောင်ဝတ် လူငယ်က ထပ်မေးသည်။
"ဟုတ်ပါတယ်.." အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ခေါင်းညိတ်ကာ တုံ့ပြန်သည်။
အနက်ရောင်ဝတ်လူငယ်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လေးလေးနက်နက် အတွေးထဲသို့ ကျရောက်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ရုတ်တရက် ခေါင်းမော့ကာ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်ထားသော အမျိုးသားအား အမိန့်ပေးလိုက်သည် "သွား၊ ငါ့ကို လမ်းပြပါ။ အဲဒီနတ်ဘုရားတစ်ပိုင်းကို ငါ တွေ့ချင်တယ်၊ ဒီလိုပါရမီရှင်မျိုးကို ငါကိုယ်တိုင် အသုံးမချနိုင်ရင်တောင် သူမလက်ထဲကို သေချာပေါက် အရောက်ခံလို့ မဖြစ်ဘူး။ တကယ်လိုအပ်တဲ့ အခိုက်အတန့်ကို ရောက်သွားရင်, သူ့ကို ဖျက်ဆီးဖို့ ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”
"ဟုတ်ကဲ့ပါ.." အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်ထားသော အမျိုးသားသည် ကမန်းကတန်း ပြန်ဖြေသည်။ ထို့နောက် သူသည် အနက်ရောင်ဝတ်လူငယ်ကို ဦးဆောင်ကာ တောင်ပေါ်မှ ခေါ်ဆောင်သွားခဲ့သည်။