အခန်း ၁၁၅၁
Vol. 77 Ch. 1151
အခန်း (၁၁၅၁) တင်းချန်ကို သတ်ဖြတ်ခြင်း။
ဝိညာဉ်နတ်ဘုရားမသည် အကျပ်ရိုက်နေသကဲ့သို့ ဖြစ်နေစဉ်မှာ ချင်ယွင်သည် ထွက်ခွာသွားခဲ့ပါပြီ။
"ဟမ့်၊ ဒီချပ်ဝတ်တန်ဆာနဲ့ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်း တကယ်ထင်နေတာ လား?"။ တင်းချန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးများတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
"ငါ စမ်းကြည့်ရင် သိနိုင်ပြီမဟုတ်လား..။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောပြီး သူ၏အကြည့်က စူးရှလာသည်။
"ဟမ့်၊ မင်းက ထပ်ခါထပ်ခါ သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့။" တင်းချန်က အော်ပြောလိုက်သည်။
ထို့နောက် သူ၏လက်ထဲမှ ကောင်းကင်ဘုံထွဋ် နတ်ဘုရားဓားသည် ကြောက်မက်ဖွယ် ကောင်းသော နတ်ဘုရားအလင်းအလွှာနှင့်အတူ ရုတ်တရက် မြင့်တက်လာခဲ့ပြီး၊ ချင်ယွင်ဆီသို့ ခုတ်ပိုင်းသွားသည်။
ဓားအလင်းသည် ကျယ်ပြန့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ချင်ယွင်ဆီသို့ လွှမ်းခြုံသွားလေသည်။
သူ၏ခန္ဓာကိုယ်ထဲမှ အမှောင်ထုစွမ်းအင်က တစ်ဖန်ပြန်လည် ပျံ့နှံ့ထွက်ပေါ်လာစဉ် ချင်ယွင်၏ အကြည့်တွေက ချက်ချင်း စူးရှလာသည်။
သို့သော်၊ အမှောင်ထုစွမ်းအင်သည် သူ၏လက်ထဲတွင်ရှိနေသော ကြည်လင်ကောင်းကင် ဓားကို လွှမ်းခြုံမသွားခဲ့ပေ။ ယင်းအစား သူ၏နောက်ကျောမှ နဂါးအတောင်ပံတွေကို ဖုံးလွှမ်းသွားသည်။
ဝှီး...။
အမှောင်ထုစွမ်းအင်၏ ပံ့ပိုးမှုဖြင့်၊ ချင်ယွင်၏ နဂါးတောင်ပံများသည် တဟုန်ထိုး ခုန်ပေါက်သွားကာ၊ သူသည် တင်းချန်ဆီသို့ အပြေးအလွှား ပျံသန်းသွားစဉ်, သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်၏ အရှိန်ဟုန်သည် အလွန်ပင် မြန်ဆန်လွန်းသည်။ တင်းချန် ခုတ်ပိုင်းလိုက်သည့် ဓားအလင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားလုနီးပါးပင်။ ၎င်းသည် အဝေးမှတောင်ထိပ်သို့ ခုတ်ပိုင်းသွားပြီး အဝေးမှ တောင်ထိပ်သည် အလယ်မှ တိုက်ရိုက် ဖြတ်ပိုင်းသွားခဲ့သည်။
ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်လာပြီး တင်းချန်၏ရှေ့မှာ ပေါ်လာသည်။ သူသည် ချက်ချင်းပင် ဓားဖြင့် ခုတ်လိုက်သည်။
ချွင်….။
တင်းချန်သည် သူ၏ဓားကို အလျားလိုက် ခုခံလိုက်ပြီး၊ ဓားနှစ်ချောင်း အပြင်းအထန် တိုက်မိသွားကာ ပြင်းထန်သော ပဲ့တင်ထပ်သံကို ထွက်ပေါ်စေသည်။
ဓားစွမ်းအားသည် လှိုင်းလုံးများကဲ့သို့ လွင့်ထွက်သွားပြီး၊ လေထဲတွင် အနှိုင်းမဲ့ လှပသော လင်းရောင်ခြည်များ ဖြစ်ပေါ်လာသည်။
"ဟမ့်၊ မင်းက ငါ့ကို ဒီလိုပညာရပ်ပမွှားလေးနဲ့ သတ်ချင်နေတာလား?။ မင်းက သေချင်နေတာပဲ"။ တင်းချန်သည် သူ၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းများ လျှံထွက်လာ ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ ကောင်းကင်ဘုံထွဋ်ဓားပေါ်ရှိ ဓားစွမ်းအားက ချက်ခြင်းပင် ရက်စက်ကြမ်းကြုတ်လာသည်။
ထိုကြောက်စရာကောင်းသော စွမ်းအားသည် ချင်ယွင်၏ အမှောင်ထုစွမ်းအင်မှ ဖြစ်ပေါ်လာသော ဓားစွမ်းအားကို ချက်ခြင်း ဖြိုခွဲလိုက်ပြီး ချင်ယွင်၏ နတ်နဂါး ချပ်ဝတ်တန်ဆာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
ရိုက်ခတ်လာသော စွမ်းအား၏ အစိတ်အပိုင်းတစ်ခုကို ပိတ်ဆို့တားဆီရင် နတ်နဂါးချပ်ဝတ် ကို ဖွဲ့စည်းထားသော်လည်း ချင်ယွင်သည် ထိုစွမ်းအားလှုပ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည်။
ချင်ယွင်သည် မသဲမကွဲညီးညူသံ ထုတ်ဖော်လိုက်ရပြီး၊ သူ၏ပါးစပ်ထဲမှ သွေးများ လွင့်စဉ်သွားကာ နောက်သို့ လွင့်ပျံသွားခဲ့သည်။
အဝေးမှ ဝိညာဉ်နတ်ဘုရားမသည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူမ၏ မသိစိတ်က စိုးရိမ်နေသည့် အမူအရာကို ထပ်မံ ထုတ်ဖော်လိုက်မိသည်။
"ဟား...၊ ဟား....၊ အမှိုက်က အမှိုက်ပါပဲ။ ကစားပွဲက ပြီးသွားပါပြီ။" တင်းချန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်၊ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခုက သူ၏မျက်လုံးထဲတွင် တောက်ပလာပြီး၊ ထို့နောက် သူ၏ရုပ်အသွင်သည် ချင်ယွင်ဆီသို့ ပျံသန်းလာစဉ်, အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ယခုတစ်ကြိမ်မှာတော့ သူသည် ချင်ယွင်ကို သူ၏ဓားချက်အောက်မှာ လုံးလုံးလျားလျား ဖြတ်ပိုင်းပစ်ချင်နေသည်။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာဖြင့် နောက်သို့ လျင်မြန်စွာ လွင့်ပျံသွားခဲ့သည်။ သို့သော် တင်းချန်သည် သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ၊ သူ၏ပါးစပ်ထောင့်က မမြင်နိုင်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။
"ချင်ယွင်, သေလိုက်တော့..." တင်းချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ လက်ထဲမှ ကောင်းကင်ဘုံထွဋ်ဓားက ဖြတ်သန်းသွားကာ ချင်ယွင်၏ လည်ပင်းဆီသို့ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများဖြင့် ခုတ်ပိုင်းလိုက်သည်။
ချင်ယွင်သည် လက်တကမ်းအလိုထိ နီးကပ်လာနေသော ထက်ရှသော ဓားကို ခံစားလိုက် ရပြီး သူ၏မျက်လုံးများမှ ပြင်းထန်သော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
"ကဲ.. အခုပဲ”။ ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး၊ သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
တခဏအတွင်းမှာပင် ကမ္ဘာပေါ်ရှိ အရာအားလုံးသည် မလှုပ်မယှက် ဆက်လက် တည်ရှိ နေပါသည်။ ထိုအချိန်တွင်၊ တင်းချန်၏ဓားသည် ချင်ယွင်၏ လည်ပင်းမှ တစ်ပေခန့် အကွာတွင်ရှိနေခဲ့ပြီး၊ ထိုဓားပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများတွင် ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။
အကယ်၍ ချင်ယွင်သာ ဤဓားဖြင့် တိုက်ခိုက်ခံရပါက, နတ်နဂါးချပ်ဝတ်၏ ကာကွယ်မှုဖြင့် ပင်လျှင် ဓားအတွင်းပါရှိသည့် ကြောက်စရာကောင်းသော ဓားစွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးကို ဖျက်ဆီးပစ်နိုင်ဆဲ ဖြစ်သည်။
ဘန်း…။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ တောက်ပသွားပြီး တင်းချန်၏ဘေးနားမှာ ပေါ်လာပါသည်။ တစ်ချိန်တည်းမှာပင်, အချိန်အတော်ကြာအောင် ဓားစွမ်းအားကို လျှို့ဝှက်စွာ စုဆောင်းနေသည့် သူ၏လက်ထဲမှ ကြည်လင်ကောင်းကင် ဓားသည် အကန့်အသတ်မဲ့ ဓားစွမ်းအားဖြင့် ပေါက်ကွဲထွက်လာပါသည်။
"နတ်ဘုရားသတ်ဓားသိုင်း တတိယသိုင်းကွက်... မရဏဓားချက်။ ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
ဤဓားတိုက်ခိုက်မှုသည် အလွန်လျင်မြန်သည်ဟု ဆိုနိုင်ပြီး၊ ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ အမှောင်ထုစွမ်းအင်၏ ထက်ဝက်နီးပါးကို စုပ်ယူသွားခဲ့သည်။
သို့သော်လည်း ၎င်း၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြီးမားသည်။ ဓားအလင်းသည် ချက်ချင်းပင် လင်းထိန်သွားကာ တင်းချန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ချင်ယွင်၏ဓား ခုတ်ပိုင်းလာသည်နှင့်, သူ၏ တည်ငြိမ်မှုမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင် တွေးထားသည့်အတိုင်းပင်၊ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေသည့် အချိန်သည် တစ်ဝက်ကျော်ကျော်အတွင်းမှာ ရုပ်သိမ်းသွားခဲ့သည်။ (အချိန်ရပ်တန့်ခြင်း နတ်ဘုရား စွမ်းရည်ကို အသုံးပြုစဉ်မှာ အချိန်မပြည့်ခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ဟု ဆိုလိုပါ သည်)။
ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး တင်းချန်ကို အချိန်တို အတွင်း သတ်ပစ်မည့် မစ်ရှင်ကို ပြီးမြောက်ခဲ့ပါသည်။
ထိုအချိန်တွင်၊ တင်းချန်သည် ချင်ယွင်ကို စူးစိုက်စိုက်ကြည့်နေစဉ် သူ၏ မျက်နှာသည် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ သူ၏နတ်ဘုရားခန္ဓာကိုယ်သည် အထူးသဖြင့် သူ၏မျက်ခုံးအလယ် ဗဟိုမှ အနှိုင်းမဲ့တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဤအခိုက်အတန့် တွင် သူ၏မျက်ခုံးအလယ်မှ သူ၏ဝမ်းဗိုက်အထိ ချဲ့ထွင်လာနေသည့် အနှိုင်းမဲ့တောက်ပ သော အက်ကွဲကြောင်းတစ်ခု ရှိလာနေပါသည်။
“မဟုတ်ဘူး…မဖြစ်နိုင်ဘူး၊ မင်းက အချိန်ရဲ့နိယာမကို ဘယ်လိုလုပ် သိနိုင်မှာလဲ?။” တင်းချန်သည် အလွန်မင်း ထိတ်လန့်သွားခဲ့သည်။ သို့သော် ယခုအချိန်တွင်၊ ချင်ယွင်၏ ဓားအလင်းတွင် ပါရှိနေသော ကြောက်မက်ဖွယ်စွမ်းအားကြောင့် သူ၏နတ်ဘုရား ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် ပျက်စီးသွားခဲ့သည်။
သူ၏နတ်ဘုရားတန်ခိုးသည် ဤအမှောင်ထုစွမ်းအင်များကဲ့သို့ လျင်မြန်စွာ ပြန်လည် ကုစားနိုင်စွမ်း မရှိသောကြောင့် တင်းချန်၏နတ်ဘုရားခန္ဓာကိုယ်ရှိ ဆဲလ်များ အားလုံး လျင်မြန်စွာ ပျက်စီးသွားခဲ့သည်။
"ငါ မကျေမနပ်ဘူး။ ဒီတစ်ချက်တည်းနဲ့ ငါ ဘယ်လိုလုပ် သေရမှာလဲ?" တင်းချန်က ကောင်းကင်ဆီသို့မော့ကာ ဟိန်းဟောက်လိုက်သည်။ သို့သော် သူ နောက်ထပ် မည်သည့် စကားမှပြန်မပြောနိုင်ခင် သူ၏နတ်ဘုရားတစ်ကိုယ်လုံး ပေါက်ကွဲသွားခဲ့သည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် လုံးဝ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်သည် တင်းချန်၏ နတ်ဘုရားခန္ဓာကိုယ် ပေါက်ကွဲနေသည်ကို ကြည့်နေစဉ်မှာ, သူ၏ ယခင်က တင်းခံထားသည့် သူ၏စိတ်သည် ပြေလျော့သွားခဲ့သည်။
ဤသို့ ပြေလျော့သွားသဖြင့် အလွန့်လွန် ပြင်းထန်သည့် အားနည်းမူ ခံစားချက်က ချင်ယွင်၏ စိတ်နှလုံးထဲသို့ ချက်ခြင်း တိုးဝင်လာခဲ့သည်။ မူလက နဂါးအတောင်ပံများဖြင့် လေထဲတွင် ထိန်းသိမ်းထားခဲ့သော ချင်ယွင်၏ ရုပ်အသွင်သည်လည်း ချက်ချင်းပင် ပြုတ်ကျသွားသည်။
သို့သော်၊ ချင်ယွင်သည် မြေပြင်နှင့် ထိလုနီးနီးတွင် လှပသော ပုံရိပ်တစ်ခုသည် သူ၏ မျက်လုံးအတွင်းမှာ ဖြတ်သန်းသွားပြီး သူ့ကို ရင်ခွင်ထဲ ဆုပ်ကိုင်ထားလိုက်သည်။
ဤလှပသော ပုံရိပ်သည် တစ်ဖက်မှ တိုက်ပွဲကိုကြည့်ရှုနေသည့် ဝိညာဉ်နတ်ဘုရားမမှ လွဲ၍ အခြားလူ မဟုတ်ပေ။
ထိုအချိန်တွင် ချင်ယွင်၏ဦးခေါင်းတစ်ခုလုံးသည် ဝိညာဉ်နတ်ဘုရားမ၏ရင်ဘတ်တွင် ကပ်လျက်ရှိနေသည်။ နူးညံ့သောခံစားမှုသည် ချင်ယွင်ကို ဖော်ပြမရအောင် ခံစားရစေ သည်။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို ဖက်ထားကာ အဝေးမှ ကျောက်ဆောင်ကြီး တစ်ခုပေါ်သို့ ဆင်းသက်သည်။ ထိုမှသာ သူမသည် ချင်ယွင်ကို လှဲချလိုက်ပြီး ခေါင်းကို သူမပေါင်ပေါ် တင်ထားလိုက်သည်။ သူမက ချင်ယွင်ကို ကြည့်ပြီး စိုးရိမ်တကြီးနှင့် မေးသည် "နင် အဆင်ပြေရဲ့လား?"။
"အဆင်ပြေပါတယ်။ ငါ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး ငါ့ရဲ့ဓားသိုင်းပညာ ရပ်ကိုပါ ဆက်တိုက် အသုံးပြုလိုက်လို့ပါ။ အခု ငါ အားနည်းနေရုံပါ။ ခဏအနားယူပြီးရင် ငါ ပြန်ကောင်းလာမှာပါ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ချင်ယွင်၏ စကားကိုကြားသောအခါ ဝိညာဉ်နတ်ဘုရားမသည် ချက်ချင်း သက်ပြင်းချလိုက် သည်။ ထို့နောက် သူမသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို မှောက်ချကာ မတ်တပ်ရပ်ရန် ကြည့်ရည်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်က သူမအား ပြန်ဆွဲထားကာ "လက်ရှိ မင်းက ရှရှန်းယုလား?။ ဒါမှမဟုတ် ဝိညာဉ်နတ်ဘုရားမလား" ဟု လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမသည် အံ့ဩသွားသည်။ အချိန်အတော် ကြာပြီးနောက်၊ သူမက ချင်ယွင်ကို အလွန်လေးနက်သည့် အမူအရာဖြင့် ကြည့်ပြီး ပြောသည် "နင် ငါ့ကို ရှရှန်းယုဖြစ်စေချင်ရင်, ငါက ရှရှန်းယုပေါ့။ နင် ငါ့ကို ဝိညာဉ်နတ်ဘုရားမ ဖြစ်စေချင်ရင်တော့, ငါက ဝိညာဉ်နတ်ဘုရားမပဲ"။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်း အံ့ဩသွားရသည်။ ဝိညာဉ်နတ်ဘုရားမက ထိုကဲ့သို့စကားမျိုး ပြောလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။
"ဟုတ်ပါပြီ။ ငါကတော့ မင်းကို ရှရှန်းယုဖြစ်ဖို့ပဲ မျှော်လင့်တယ်။" ချင်ယွင်က အစမ်းသဘောဖြင့် ပြောသည်။
"ကောင်းပြီလေ, ဒီနေ့ကစပြီး ငါ့နာမည်က ရှရှန်းယုပဲ" ဝိညာဉ်နတ်ဘုရားမက လေးလေး နက်နက် ပြန်ဖြေသည်။
ထိုစကားကို ချင်ယွင် ကြားလိုက်သည်နှင့်, အဆုံးတွင်, ဝိညာဉ်နတ်ဘုရားမသည် နောက်ပြောင်နေခြင်း မဟုတ်ဟု သူ သိရှိလိုက်ပါသည်။ အဘယ့်ကြောင့် ယခုလိုမျိုး ဖြစ်သွားရသည်ကို သူနားမလည်သော်လည်း, ရှရှန်းယုနှင့် ဝိညာဉ်နတ်ဘုရားမတို့သည် လူတစ်ဉီးတည်း ဖြစ်သွားပြီဆိုသည်မှာ သေချာနေပါပြီ။ တစ်နည်းဆိုရသော် ဤခန္ဓာကိုယ် ရှိ စိတ်ဝိညာဉ်များသည် ပေါင်းစည်းသွားပြီးနောက် သူတို့နှစ်ဦး၏ စိတ်ဝိညာဉ်တစ်ခုသာ ဖြစ်လာခဲ့ပါပြီ။
ထိုအကြောင်းကို တွေးတောရင်း ချင်ယွင်၏ စိတ်ထဲမှာ ခံစားချက်တွေ ပြည့်နှက်နေခဲ့ သည်။
"မင်းနာမည်က ရှန်းယုလို့ ပြောပြီဆိုမှတော့, မင်းယောက်ျားကို အရင်ဆုံး ခေါ်စမ်းပါဦး။ ရှန်းယု ခေါ်သလိုမျိုးပေါ့" ချင်ယွင်သည် အသစ်စက်စက် ရှရှန်းယုကို ကြည့်ကာ အပျော်သဘောဖြင့် ပြောလိုက်သည်။