← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

🌱 Chapter 1

ပိုင်ချောင်ရှီသည် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိသွားလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

သူမသည် မူလပိုင်ရှင်နှင့် နာမည်တူညီသော ရှေးဟောင်းစိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်၏ အစပိုင်းသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူမသည် အရှက်အကြောက်မရှိဘဲ ယုတ်ညံ့သည်ဟု လက်ညှိုးထိုး အပြစ်တင်ကျိန်ဆဲခံနေရကာ ကောက်ညှင်းထုပ်ကဲ့သို့ တုပ်နှောင်ခံရပြီး ပိုင်ရွှေမြစ်ကမ်းစပ်သို့ ပစ်ချခံလိုက်ရသည်။

သူမ ခေါင်းမော့နိုင်ရန် ရုန်းကန်လိုက်ပြီး ထိုအခါမှသာ သတိပြုမိသွားခဲ့သည်။

ရှုပ်ပွနေသော မြစ်ကမ်းစပ်တွင် ရိုးရှင်းသော ဆံထိုးများ၊ အဝတ်စကတ်များနှင့် ကြမ်းတမ်းသောပိတ်ချည်ဝတ်စုံများကို ဝတ်ဆင်ထားသည့် ရွာသူရွာသားများသည် သူမ ဘေးပတ်ပတ်လည်၌ ကြိတ်ကြိတ်တိုးဝိုင်းရံနေကြသည်။

ရုတ်တရက် ဆံထုံးအဆင်တန်ဆာများ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးမှာ ဒေါသတကြီး ကျိန်ဆဲလာခဲ့သည်။

အမျိုးသမီးငယ် "ပိုင်ချောင်ရှီ၊ နင် မိန်းမယုတ်မလေး၊ အရှက်မရှိတဲ့ မိန်းမပျက်၊ နင်ကများ ရုပ်ဖြောင့်တဲ့ကောင်လေးတစ်ယောက်နဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်ရဲတယ်ပေါ့၊ နင့်ရဲ့သေဆုံးသွားတဲ့ တတိယအစ်ကိုကိုနင် ဘယ်လိုမျက်နှာပြရဲတာလဲ၊ ရေကန်ထဲ နှစ်သတ်တာက နင့်အတွက် သက်သာလွန်းတယ်၊ နင့်ကို ပြည့်တန်ဆာအိမ် ရောင်းစားပစ်ဖို့ပဲ ကောင်းတယ် "

အချိန်အတော်ကြာ မှင်သက်သွားပြီးနောက် ပိုင်ချောင်ရှီမှာ သတိမဝင်လာနိုင်ခဲ့ပေ။

သူမသည် တရုတ်တိုင်းရင်းဆေးတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်ပြီး စိတ်ငြိမ်ဆေးဖော်စပ်ရန်အတွက် သဘာဝတွင်းထွက်ပြဒါးရိုင်း မှ သတ္တုအညစ်အကြေးများကို ဖယ်ရှားရန် ရွှေဖေးနည်းလမ်းကိုအသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် ခွဲခြားခြင်းစမ်းသပ်မှု ကျရှုံးသွားခဲ့ကာ ဆေးစမ်းသပ်ပြီးနောက် မိမိကိုယ်ကို အဆိပ်သင့်သွားခဲ့ခြင်းဖြစ်နိုင်ပေသည်။

'ကျစ် သူ့ထက် ပိုမိုအဖြစ်ဆိုးတဲ့ ကူးပြောင်းခြင်းများရှိသေးရဲ့လား'

အခြားသူများမှာ အာကာသစွမ်းအင်ပိုင်ဆိုင်သော စမ်းရေတွင်းများ၊ နတ်ဘုရားကဲ့သို့သော မင်းသားများနှင့် ဘုရင်များ သို့မဟုတ် ချစ်စရာကောင်းသော ကလေးငယ်များနှင့်အတူ ကူးပြောင်းလာခဲ့ကြသည်။ သူမတွင်မူ ပျက်စီးနေသော ဂုဏ်သိက္ခာနှင့် အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ်၏ ပိန်လှီကာ အာဟာရချို့တဲ့နေသော လက်မောင်းများနှင့် ခြေထောက်များသာရှိသည်။

'အင်း အနည်းဆုံးတော့ သူမ ကိုယ်အလေးချိန်လျှော့ချရန် မလိုတော့ပေ'

'ဟွန့် အခြေအနေများက စေခိုင်းနေမှတော့ အမျိုးသမီးငယ်တစ်ဦးအနေနှင့်လည်း အလိုက်သင့် ကွေးနိုင်ဆန့်နိုင်ရမှာပေါ့'

သူမသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရန်အတွက် အသက်အနည်းငယ် ရှူသွင်းလိုက်ပြီး မိမိကိုယ်ကို ကယ်တင်ရန် အဆင်သင့်ဖြစ်နေကာ အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်သည်။

ပိုင်ချောင်ရှီ "အားလုံးပဲ၊ ကျေးဇူးပြုပြီး ကျွန်မ ပြောတာလေး နားထောင်ပေးကြပါဦး "

သို့သော် အမျိုးသမီးဝမ်မှာ သူမအား စကားပြောခွင့် မပေးခဲ့ပေ။

အမျိုးသမီးဝမ် "နင့် အဖွားခြေထောက်ကို နားထောင်ရမှာလား၊ အစ်ကိုကြီး၊ ဒုတိယဦးလေး၊ ရှင်တို့ တတိယအစ်ကိုအတွက် လက်စားမချေချင်ကြတော့ဘူးလား "

ရှဲ့ပေါ်ချန်သည် အစ်ကိုအကြီးဆုံးဖြစ်ပြီး ရှဲ့ကျုံးယီမှာ ဒုတိယအစ်ကိုဖြစ်သည်။ ၎င်းတို့သည် ပိုင်ချောင်ရှီ၏ မူလခင်ပွန်းဖြစ်သော ရှဲ့ရှူဖျင်၏ အရင်းအချာ အစ်ကိုကြီးများ ဖြစ်ကြသည်။

၎င်းတို့၏ဖခင်သည် ရွာသူကြီးရှဲ့ဖြစ်ပြီး ရှဲ့ပေါ်ချန်၏ဇနီးမှာ မြို့ပေါ်မှ သူဌေးဝမ်၏ကိုယ်လုပ်တော်မှမွေးသော သမီးဖြစ်သောကြောင့် ရှဲ့မိသားစုသည် ပိုင်ရွှေရွာတွင် မောက်မာဝင့်ကြွားစွာ သွားလာနေထိုင်ကြသည်။ ညီအစ်ကိုနှစ်ဦးသည် ပိုင်ချောင်ရှီ၏ဆံပင်များကို ဆွဲကိုင်ကာ ဝက်လှောင်ချိုင့်တစ်ခုထဲသို့ တွန်းထိုးထည့်လိုက်ကြသည်။

ပိုင်ချောင်ရှီမှာ အလွန်အမင်းနာကျင်နေပြီး သူမ မျက်လုံးများတွင် မျက်ရည်များ ခေါင်းမာစွာ ဝဲတက်လာခဲ့သည်။

ပိုင်ချောင်ရှီ "ချောင်ဝူး၊ ရှီးရှင်း၊ မန်ထော်လော်..."

ပိုင်ချောင်ရှီမှာ ရေရွတ်လိုက်ပြီး သူမပြောသမျှအရာအားလုံးသည် ဆေးဖက်ဝင်အပင်များဖြစ်သော်လည်း အဆိပ်လည်းရှိပေသည်။ သူမတွေးနိုင်သည့် အကျေနပ်ဆုံးသော လက်စားချေမှုမှာ သူမအား အနိုင်ကျင့်သူများကို အဆိပ်ခတ်ရန်ဖြစ်သည်။

အမျိုးသမီးဝမ် လှောင်ချိုင့်ကို ကန်လိုက်သည်။

အမျိုးသမီးဝမ် "နင် ဘာတွေ ရွတ်နေတာလဲ "

ပိုင်ချောင်ရှီ နာကျင်မှုကို အံကြိတ်ကာ သည်းခံလိုက်သည်။

ပိုင်ချောင်ရှီ "ဒီအဖွားကြီးရဲ့လက်စားချေမှုက ဆယ်ရက်ကြာရင်တောင် နောက်ကျမှာ မဟုတ်ဘူး၊ သန်းခေါင်ယံအချိန်မှာ တစ္ဆေက နင့်တံခါးကို လာခေါက်တာကိုသာ စောင့်နေလိုက်တော့ "

အမျိုးသမီးဝမ်မှာ ပိုင်ချောင်ရှီ၏နာကြည်းနေသော အကြည့်ကြောင့် ကြောက်ရွံ့သွားခဲ့ပြီး လူအုပ်ကြီး၏အလယ်တွင်ရှိနေသော ရှဲ့ချန်ဖထံသို့ လှည့်လိုက်သည်။

အမျိုးသမီးဝမ် "အဖေ၊ အဖေ ဘာစောင့်နေတာလဲ "

ရွာသူကြီးရှဲ့ အကြည့်တစ်ချက်ပေးကာ အမိန့်ထုတ်လိုက်သည်။

ရွာသူကြီးရှဲ့ "သူမကို ရေနှစ်သတ်လိုက် "

အသံတစ်သံ "ရပ်လိုက်စမ်း "

လူအုပ်ကြီး၏ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်မှုမရှိသော်လည်း ရှင်းလင်းပြတ်သားကာ လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခု ပါဝင်နေသည်။

လူအုပ်ကြီးမှာ အလိုအလျောက် ဖယ်ပေးလိုက်ကြပြီး သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးနှင့် ကျက်သရေရှိသော လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီးမှာ အသက်သုံးဆယ်ကျော်အရွယ်ဖြစ်ပြီး သူမ မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ဖြစ်ပေါ်နေပြီဖြစ်သည်။

အမျိုးသမီး "ချောင်အာ"

သူမသည် ပိုင်ချောင်ရှီ၏မိခင်အရင်းဖြစ်သူ အမျိုးသမီးပိုင်လီဖြစ်သည်။ သမီးဖြစ်သူ ဆင်းရဲဒုက္ခရောက်နေသည်ကို မြင်သောအခါ အမျိုးသမီးပိုင်လီ၏ မျက်ရည်များမှာ တားဆီး၍မရအောင် စီးကျလာခဲ့သည်။

ထို့အပြင် အသက်ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်အရွယ်ဟု ထင်ရသော ထိုလူငယ်လေးသည် နတ်ဘုရားတစ်ပါးကဲ့သို့သော အလှတရားကို ပိုင်ဆိုင်ထားပေသည်။ သူ့ အသားအရေမှာ ကျန်းမာရေးမကောင်းသော အေးစက်စက် ကျောက်စိမ်းဖြူရောင် ဖြစ်နေသော်လည်း သူ့ မျက်ခုံးများသည် ကြယ်များ၊ လများ၊ တောင်များ၊ တောင်ကြားများနှင့် လူ့လောက၏ လှပသောရှုခင်းများအားလုံးကို စုစည်းထားသည့်အလား ထင်မှတ်ရသည်။ သူ့ မျက်လုံးများသည် ကြေမွနေသောကြယ်ရောင်များနှင့် တူညီပြီး ပါးလွှာသောနှုတ်ခမ်းများမှာ သဘာဝအတိုင်း နီရဲနေကာ နတ်ဘုရားတစ်ပါး၏ပုဆိန်ဖြင့် ထုဆစ်ထားသကဲ့သို့ လှပသော အကွေးအကောက်များနှင့် မျဉ်းကြောင်းများရှိနေသည်။ သူသည် ဆီးနှင်းများကျဆင်းတော့မည့် ညနေခင်းအချိန်မှ မြင့်မားသော ထင်းရှူးပင် သို့မဟုတ် ဝါးပင်တစ်ပင်ကဲ့သို့ မိုးပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။

ရွာသူရွာသားများမှာ တညီတညွတ်တည်း အံ့ဩမှင်သက်သွားကြရပြီး မည်မျှချောမောလှပသော ရုပ်ဆင်းသွင်ပြင်ဖြစ်သနည်း။

သူမ၏ယခင်ဘဝက ဝတ္ထုများ ဖတ်ရှုခဲ့သည့် မရေမတွက်နိုင်သော အတွေ့အကြုံများနှင့်အတူ ပိုင်ချောင်ရှီသည် သူမ ရှေ့ရှိ လူငယ်လေးမှာ ထိပ်တန်းအဆင့်တွင်ပါဝင်ပြီး နာမည်ကြီးလူငယ်ကြယ်ပွင့်များစွာကို အဝေးကြီးတွင် ချန်ထားရစ်နိုင်သည်ဟု ခံစားနေရဆဲဖြစ်သည်။

လူတိုင်း၏အကြည့်အောက်တွင် လူငယ်လေးမှာ ခြေသုံးလှမ်းလျှင် တစ်ခါမောဟိုက်ကာ ခြေငါးလှမ်းလျှင် တစ်ခါချောင်းဆိုးလျက် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။ အားစိုက်ထုတ်ရမှုကြောင့် သူ့ မျက်လုံးထောင့်များမှာ အနည်းငယ်နီရဲနေပြီး အကြည့်လွှဲရန်ပင် ပိုခက်ခဲသွားစေသည်။

အမျိုးသမီးဝမ်သည် လူငယ်လေးအား အံကြိတ်ကာအော်ဟစ်လိုက်သည်။

အမျိုးသမီးဝမ် "နင့်လို ရုပ်ဖြောင့်တဲ့ကောင်လေးက ဒီမှာ ဘာလာလုပ်နေတာလဲ "

အတင်းအဖျင်းပြောချင်နေကြသော ရွာသူရွာသားများမှာ ရုတ်တရက် သဘောပေါက်သွားကြပြီး ဤသူသည် ပိုင်ချောင်ရှီနှင့် တိတ်တိတ်ပုန်း ပတ်သက်နေသူပင်။ သို့သော် ၎င်း၏တောက်ပပြီး သန့်စင်သော ရုပ်ဆင်းသွင်ပြင်ကို ကြည့်ရသည်မှာ ထိုသို့သောလူနှင့် လုံးဝမတူပေ။

လူငယ်လေး "ကျွန်တော်သာ မလာခဲ့ရင် အဟွတ် အဟွတ်.. ခင်ဗျားတို့က လူကောင်းတွေကို ဖိနှိပ်ပြီးတော့ အဟွတ် အဟွတ်.. လူ့အသက်ကို ဂရုမစိုက်ဘဲ နေကြတော့မလို့လား "

လူငယ်လေး၏မျက်လုံးများမှာ ရွေ့လျားသွားပြီး ကမ္ဘာမြေပေါ်တွင် သူ့ နက်ရှိုင်းသော ပယင်းရောင် မျက်လုံးအလင်းတန်းများသာ ကျန်ရစ်တော့သည့်အလား ထင်မှတ်ရသည်။

ရှဲ့ပေါ်ချန်သည် သူ့ ဇနီးကို ကာကွယ်ပေးကာ ပိုင်ချောင်ရှီကို လက်ညှိုးထိုးလိုက်သည်။

ရှဲ့ပေါ်ချန် "သူမက ကွာရှင်းပြတ်စဲဖို့ အကြောင်းပြချက် ခုနစ်ချက်ထဲက တစ်ချက်ကိုကျူးလွန်ခဲ့တာ၊ သူ သေသင့်တယ် "

လူငယ်လေးသည် သူ့ လက်များကို နောက်ပစ်ကာ ထိုနေရာတစ်ဝိုက်တွင် လမ်းလျှောက်နေပြီး သူ့ လေသံမှာ နှေးကွေးကာ စဉ်းစားချင့်ချိန်ထားဟန်ရှိသည်။

လူငယ်လေး "ကျွန်တော်တို့မင်းဆက်ရဲ့ ဥပဒေတွေက ရိုသေကိုင်းရှိုင်းမှုနဲ့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားပြီး မေတ္တာတရားနဲ့ ဖြောင့်မတ်မှန်ကန်မှုကို အလေးထားပြီး ပြည်သူတွေကို ကာကွယ်ပေးတယ်၊ အဟွတ် အဟွတ်.. မိန်းကလေးပိုင်က ကျစ်ရှုကို အန္တရာယ်ကနေ ကယ်တင်ခဲ့တယ်၊ အဲဒါက မေတ္တာတရားပဲ၊ သူမက ရှဲ့မိသားစုအတွက် သူမရဲ့တာဝန်တွေကို ကြိုးစားပမ်းစား ထမ်းဆောင်ခဲ့ပြီး လုံ့လဝီရိယနဲ့ မိဘအပေါ် သိတတ်မှုကို ပြသခဲ့တယ်၊ အဲဒါက ဖြောင့်မတ်မှန်ကန်မှုပဲ၊ အဟွတ် အဟွတ်.. သူမ သင့်လျော်သလို ပြုမူခဲ့ပြီး သူမရဲ့ ကန့်သတ်ချက်တွေကို ဘယ်တော့မှကျော်လွန်မသွားခဲ့ပါဘူး၊ အဲဒါ ရိုသေကိုင်းရှိုင်းမှုပဲ၊ ခင်ဗျားတို့က သူမကို အခက်အခဲတွေနဲ့ စော်ကားမှုမျိုးစုံပေးခဲ့ပေမယ့် သူမက ခင်ဗျားကို အစ်မကြီးတစ်ယောက်အနေနဲ့ လေးစားတဲ့ အတွက် အများကြီးသည်းခံခဲ့တယ်၊ အဲဒါက ကိုယ်ကျင့်တရားပဲ၊ အဲဒီလိုလူမျိုးကို ရေကန်ထဲမှာ နှစ်သတ်ဖို့ ခင်ဗျားတို့မှာ ဘာအခွင့်အရေးများ ရှိနေလို့လဲ "

သူ စကားအများကြီး ပြောလိုက်မိသောကြောင့် ဖြစ်နိုင်သည်၊ ကျစ်ရှု ဟူသော ထိုလူငယ်လေးမှာ ထပ်မံ ပြင်းထန်စွာချောင်းဆိုးလာခဲ့သည်။

ကျစ်ရှု.. ဒါက စာအုပ်ထဲက ဇာတ်လိုက်မင်းသားပဲ။

ကျစ်ရှုဆိုသည်မှာ သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန်အတွက် အမည်ဝှက်တစ်ခုမျှသာ ဖြစ်ကြောင်းကိုလည်း ပိုင်ချောင်ရှီ သိထားသည်။

ခဏတာမျှ ပိုင်ချောင်ရှီမှာ ရင်ထဲတွင် နာကျင်သွားသလိုခံစားလိုက်ရသည်။ သူမသည် ဝက်လှောင်ချိုင့်ထဲတွင် ပိတ်မိနေသော်လည်း ကျစ်ရှုအတွက် စိတ်မကောင်းဖြစ်နေဆဲပင်။ ၎င်းမှာ စွဲလမ်းမှုတစ်ခု မဟုတ်ဘဲ ဇာတ်လိုက်မင်းသားအပေါ် စာဖတ်သူတစ်ဦး၏ချစ်ခင်မြတ်နိုးမှုနှင့် အထင်ကြီးလေး စားမှုဖြစ်ပြီး သူ့ကံကြမ္မာအတွက် စိုးရိမ်ပူပန်မှုဖြစ်သည်။ သူသည် အလွန်ကံဆိုးလွန်းလှသည်။

စကားပြောကောင်းမှုနှင့် ပတ်သက်၍ လက်ရှိတွင် မည်သူမျှ ကျစ်ရှုနှင့် မယှဉ်နိုင်ပေ။

ဇနီးဖြစ်သူ အမျိုးသမီးဝမ်ထံမှ အင်္ကျီလက်ဆွဲခြင်းကို ခံလိုက်ရသော ရှဲ့ပေါ်ချန်မှာ လည်ပင်းကို မတ်ထားလိုက်သည်။

ရှဲ့ပေါ်ချန် "အဲဒီ အဓိပ္ပာယ်မရှိတာတွေကို လာမပြောစမ်းပါနဲ့၊ မင်းတို့ အခန်းတစ်ခုတည်းမှာ အတူနေခဲ့ကြတယ်ဆိုတဲ့ အချက်ကို ငြင်းနိုင်လို့လား "

ကျစ်ရှုကို ပြုစုစောင့်ရှောက်ရန်အတွက် ပိုင်ချောင်ရှီမှာ သူနှင့် အမှန်တကယ်ပင် အခန်းတစ်ခုတည်း အတူနေခဲ့သည်။ ၎င်းမှာ ငြင်းမရသော အချက်တစ်ချက်ဖြစ်သည်။

ကျစ်ရှုသည် ရွာသူရွာသားများ၏ကွဲပြားသော တုံ့ပြန်မှုများကို လေ့လာကြည့်ရှုရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကျစ်ရှု ရှဲ့ပေါ်ချန်အား လက်ညှိုးထိုးလိုက်သည်။

ကျစ်ရှု "အသက်နဲ့ သေခြင်းတရားကို ရင်ဆိုင်ရချိန်မှာ မိန်းကလေးပိုင်က အသေးအဖွဲကိစ္စလေးတွေကို ဂရုမစိုက်တာက သူမနဲ့ပတ်သက်ပြီး ကျွန်တော် အလေးစားဆုံးအချက်ပဲ၊ ခင်ဗျား သေလုမျောပါးဖြစ်နေတယ်လို့ သဘောထားလိုက်ပါ၊ ပြီးတော့ မိန်းကလေးပိုင်က ခင်ဗျားကိုတွေ့သွားတယ်၊ သူမက အမျိုးသားနဲ့ အမျိုးသမီးခွဲခြားမှုကို တင်းကျပ်စွာလိုက်နာပြီး ခင်ဗျားကို လျစ်လျူရှုထားတာကိုလိုချင်တာလား၊ ဒါမှမဟုတ် ခင်ဗျားရဲ့အခက်အခဲနဲ့ အန္တရာယ်ကနေ ခင်ဗျားကို ကယ်တင်တာကို လိုချင်တာလား "

ကိုယ်ချင်းစာတရားဖြင့် စဉ်းစားကြည့်ပါက ပိုင်ချောင်ရှီ၏လုပ်ရပ်များမှာ သေဒဏ်ပေးလောက်သည်အထိ လုံးဝမဖြစ်သင့်ပေ။

အကြောင်းပြချက် ချိန်ခွင်လျှာမှာ ပိုင်ချောင်ရှီဘက်သို့ ယိမ်းယိုင်နေသည်ကို ရှဲ့မိသားစုမြင်လိုက်ရပြီး အမျိုးသမီးဝမ်မှာ အဒေါသထွက်ဆုံးဖြစ်လို့နေသည်။

All Chapters