← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

🌱 Chapter 18

ဝက်သုံးထပ်သားက အတော်လေးအဆီတဝင်းဝင်းဖြစ်နေပြီး ကျစ်ရှု အတိတ်မှာတော့ ဒါကိုလက်နဲ့ ကိုင်စားရတဲ့ အတွေ့အကြုံမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ ဒါပေမယ့်လည်း ထူးဆန်းတာက ပိုင်ချောင်ရှီရဲ့ရှေ့မှာတော့ သူ သဘာဝကျကျပဲ လုပ်နိုင်နေခဲ့သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ရှင်ပဲ လုပ်လိုက်ပါတော့"

ပိုင်ချောင်ရှီ ခြံဝန်းထဲရှိ ရေစည်ထဲမှ ရေတစ်မှုတ် ခပ်ယူကာ လက်ဆေးလိုက်ပြီး ဆေးကျိုရန် ပြင်ဆင်လိုက်သည်။

သူမ ဒီလောက်တောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ သွက်လက်နေတာကိုကြည့်ရင်း ကျစ်ရှုမှာ ရုတ်တရက် ဝံပုလွေလေးကို အစာကျွေးရတာက စိတ်ဝင်စားစရာ မကောင်းတော့သလို ပျင်းစရာကြီးဖြစ်လာသည်။ သို့သော်လည်း သူ ကတိပေးထားပြီးသား ကိစ္စတစ်ခုကိုတော့ ပြီးစလွယ် မလုပ်ချင်တာကြောင့် ဝံပုလွေလေးကို ဆယ့်ငါးမိနစ်ခန့်လေ့ကျင့်သင်ကြားပေးလိုက်သည်။

ဝံပုလွေလေးမှာတော့ မကျေမနပ်ဖြစ်နေပြီး သူ့အမေကသာ အကောင်းဆုံးလို့ခံစားနေရသည်။ ဒါပေမယ့်လည်း ၎င်းမှာ မွေးရာပါအန္တရာယ်ကို အာရုံခံနိုင်စွမ်း အားကောင်းတာကြောင့် ဒီအမည်ခံအဖေက သွားစလို့ရတဲ့သူ မဟုတ်မှန်းခံစားသိရှိလို့နေသည်။

ကျစ်ရှုကမူ ပိုင်ချောင်ရှီအနားသို့ ချဉ်းကပ်သွားပြီး သူမ ဆေးကြိတ်နေတာကို ကြည့်ကာ မေးလိုက်သည်။

"မင်း အရင်က... ဒါတွေ လုပ်ဖူးတာလား"

ပိုင်ချောင်ရှီ ခဏတာကြက်သေသေသွားပြီးနောက် နှာခေါင်းထိပ် ချွေးတွေကို လက်အင်္ကျီစနှင့် သုတ်လိုက်ကာ ဟန်ကိုယ့်ဖို့လုပ်ပြီး ပြန်ပြောလိုက်သည်။

"ရှင် မေ့သွားတာလား၊ ဒီနေ့ ဆေးခန်းက တပည့်ကို ကျွန်မ ကူညီပေးခဲ့တာလေ၊ အရေးပေါ် အပြေးအလွှား သင်ထားရတာ၊ မဟုတ်ရင် သူတို့က ရှင့်ကို ကြည့်ပေးမှာတောင် မဟုတ်ဘူး"

ကျစ်ရှု : ...ဝက်တွေ ကောင်းကင်ပျံနိုင်တယ်ဆိုမှပဲ မင်း စကားကိုယုံတော့မယ်! ဒီလောက် ဗြောင်ကျကျလိမ်ပြောရဲတဲ့ သတ္တိကိုပဲ ချီးကျူးရမလိုလို၊

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့မှာကော လျှို့ဝှက်ချက်လေးတွေ မရှိဘဲနေပါ့မလဲ၊ သူကိုယ်တိုင်ရော အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးကို သိမ်းဆည်းထားတာ မဟုတ်ဘူးလား

ဆေးကျိုပြီးသွားသောအခါ ပိုင်ချောင်ရှီ ကျစ်ရှုကို စူးစိုက်ကြည့်လိုက်သည်။

"ဆေးကောင်းရင် ခါးတယ်ဆိုတာ ရှင် သိတယ်မလား၊ မကြောက်ပါနဲ့ တစ်ကြိုက်တည်းသာ မော့သောက်လိုက်၊ ရှင့် ရောဂါပျောက်သွားလိမ့်မယ်"

ဟွန့်.. ဘယ်လောက်တောင် လှပတဲ့ လိမ်ညာမှုလေးလဲ၊ ဒါကိုတောင် သူမက မျက်တောင်တစ်ချက် မခတ်ဘဲ ပြောထွက်သေးတယ်။

ကျစ်ရှု နှာခေါင်းရှုံ့လိုက်သည်။ သူက ကလေးမှမဟုတ်တာ။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူ အရမ်းခါးလွန်းလို့ မျက်လုံးများပင် ပြာထွက်သွားသလို ခံစားလိုက်ရသည်။

သူ့ရှေ့မှာ ဒဏ်ရာရထားတဲ့ လက်တစ်ဖက်ပွင့်လာပြီး ထိုလက်ဖဝါးထဲမှာ သကြားခဲတစ်ခဲရှိနေသည်။ ဒီနေ့ သူမ သကြားခဲတွေ ဝယ်လာတာ သူတွေ့သည်။ ဟင်းချက်ရာမှာ အရသာထည့်ဖို့လို့ဟုသာ သူ ထင်ထားခဲ့ခခြင်းပင်။

"ဘဝက နည်းနည်းလေး ခါးသက်နေရင်လည်း ကိစ္စမရှိပါဘူး၊ ကိုယ့်ကိုကိုယ် သကြားလေး နည်းနည်းထပ်ဖြည့်လိုက်ပေါ့။ ဒါပေမယ့် အများကြီးတော့ မစားနဲ့နော်၊ သွားကိုက်လိမ့်မယ်"

ကျစ်ရှု အနည်းငယ် မထီမဲ့မြင်ဟန်ဖြင့် ယူလိုက်ပြီး သွားကြားထဲမှ စကားတစ်ခွန်း ညှစ်ထုတ်ပြောလိုက်သည်။

"ကလေးဆန်လိုက်တာ"

သို့သော် အသံက လုံးဝနီးပါးမထွက်ခဲ့ချေ။

အိမ်ထဲမှာတော့ အမျိုးသမီးပိုင်လီနဲ့ ပိုင်ရှောင်ရှုတို့သည် လူငယ်စုံတွဲ၏နှုတ်ဆိတ်နေပေမယ့် နားလည်မှုရှိနေတဲ့ အခြေအနေကိုကြည့်ရင်း သူတို့ရဲ့ မြေး/တူလေးတော့ မကြာခင်ရောက်လာတော့မှာပဲဟု တွေးနေကြသည်။

သန့်စင်ဆေးကြောပြီးနောက် ကျစ်ရှု အရင်နားနေလိုက်သည်။

ပိုင်ချောင်ရှီကမူ အိပ်ရာထဲက ပိုင်ရှောင်ရှုအား ဆွဲထုတ်လာခဲ့သည်။

"အစ်မ၊ အစ်မ၊ ကျွန်တော် ကျိုးမင်းသားနဲ့တောင်တွေ့နေပြီ၊ ဝါး! တစ်နေ့လုံး ပင်ပန်းထားတာ ကျွန်တော်တော့ အရမ်းနုံးနေပြီ၊ အစ်မ မပင်ပန်းဘူးလား"

(T/N : ကျိုးမင်းသား >> အိပ်မက်နတ်မင်း)

ပိုင်ချောင်ရှီ အိမ်မှာရှိသည့် ပေါက်တူးကို ယူကာ ပိုင်ရှောင်ရှုရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။

"ဒီနေ့ ငါ မျိုးစေ့တွေ ဝယ်လာတယ်၊ ဒီည အဲ့ဒါတွေကို ဒီခြံဝန်းထဲမှာ စိုက်ကြမယ်"

ပြောပြောဆိုဆိုနဲ့ သူမ ရေခပ်ဖို့ ရေစည်ဆီသို့ သွားလိုက်သည်။

"မျိုးစေ့တွေကို ဘယ်အချိန်က ဝယ်လိုက်တာလဲ၊ ကျွန်တော် ဘာလို့ မသိလိုက်ရတာလဲ"

ပိုင်ရှောင်ရှုက မလိုလားပေမယ့်လည်း လက်ဖဝါးထဲ တံတွေးထွေးထည့်ကာ လက်မောင်းကိုပင့်တင်ပြီး အလုပ်စလုပ်လေသည်။

နင်က ဘယ်လိုလုပ် သိမှာလဲ၊ အဲဒါ စနစ် ငါ့ကို ပေးထားတာလေ၊ အထွက်နှုန်းကောင်းအောင် မျိုးစပ်ထားတဲ့ ချယ်ချန်ဇီတွေဟဲ့

"သေချာလေးသာ စိုက်ပါ၊ အပင်ကောင်းကောင်း မထွက်လာရင် နင့်ကိုပဲ တာဝန်ယူခိုင်းမယ်"

ပိုင်ရှောင်ရှု နှုတ်ခမ်းစူလိုက်သည်။ မိထွေးက မွေးထားတဲ့ အစ်မမို့လို့လား ??

"အစ်မ မျက်စိထဲမှာ ယောက်ဖပဲ ရှိတော့တာပါ၊ ဟွန့်"

ခြံဝန်းထဲတွင် မြေကွက်တစ်ခုကို ရှင်းလင်းပြီးနောက် မောင်နှမနှစ်ယောက်က ဘောင်အနည်းငယ် ဖော်လိုက်ကြသည်။

"နင်က နင့်ယောက်ဖအပေါ် အမြင်စောင်းနေတာလား၊ သူက ကြက်ကလေးတစ်ကောင်ကိုတောင် နိုင်အောင် မဖမ်းနိုင်တဲ့ ခန္ဓာကိုယ်အားနည်းတဲ့ လူငယ်လေးပါဟ"

ပိုင်ရှောင်ရှုကမူ အစ်မဖြစ်သူ အမြတ်ထုတ်ခံရမှာကို စိုးရိမ်တာကြောင့် အသံကိုနှိမ့်ကာ ပြောလိုက်သည်။

"အစ်မ၊ အစ်မ သူ့အပြင်ပန်းပုံစံကို ကြည့်ပြီး လုံးဝအလိမ်မခံနဲ့နော်၊ အစ်မ အရောင်းစားခံရရင်တောင် ပိုက်ဆံကူရေပေးနေရလိမ့်မယ်!"

"ဖြန်း" ဆိုတဲ့ အသံနှင့်အတူ ပိုင်ချောင်ရှီ ပိုင်ရှောင်ရှု၏ နောက်စေ့အား ရိုက်ချလိုက်သည်။

"နင် ဘယ်လိုတွေ ပြောနေတာလဲ ရိုသေလေးစားမှုလည်း မရှိဘူး၊ ဟဲ့ ပိုင်ရှောင်ရှု၊ ငါ သတိထားမိတာကြာပြီ၊ နင်က ယောက်ဖရှေ့မှာတော့ အရမ်းတွေ ရိုသေပြနေပြီး ကွယ်ရာကျတော့ မကောင်းကြောင်းတွေချည်း ပြောနေတာပဲ!"

သူ့အစ်မ အမှန်တရားသိစေရန်အတွက် ပိုင်ရှောင်ရှု ဒီတုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ရာ ဆုံးဖြတ်လိုက်သည်။

"အစ်မ..."

သူ နားရွက်ကို ကုတ်ကာ ပြောလေသည်။

"အစ်မ ရေနစ်လုနီးပါးဖြစ်နေချိန်မှာ ရှဲ့မိသားစုအိမ် ဘာလို့ မီးလောင်သွားလဲဆိုတာ သိလား၊ အဲဒီမီးကို ကျွန်တော် ရှို့ခဲ့တာ! ကျွန်တော်က ဘယ်လိုလုပ် အဲဒီလောက် ရဲတင်းရမှာလဲ၊ ယောက်ဖက ကျွန်တော့်ကို အတင်းအကျပ်ခိုင်းခဲ့တာဗျ! ဘယ်သူမှ ကျွန်တော့်ကို ဒုက္ခပေးမှာ မဟုတ်ဘူးလို့ သူပြောခဲ့တာ၊ သူ ပြောတဲ့အတိုင်းပဲ တကယ်လည်း ဘယ်သူမှ ကျွန်တော့်ကို ဒုက္ခမပေးခဲ့ဘူး..."

ထို့နောက် ပိုင်ရှောင်ရှု စကားတွေ အများကြီးဆက်ပြောနေခဲ့သော်လည်း ပိုင်ချောင်ရှီကတော့ ဘာမှမကြားတော့ပေ။ သူမ စိတ်ထဲမှာ ထိုနေ့ကကျစ်ရှု၏ ရှင်းလင်းပြတ်သားသည့် ပုံစံကိုသာ မြင်ယောင်နေမိသည်။ မြင်းဖြူကြီးလည်း မရှိသလို အရောင်အသွေးစုံလင်တဲ့ မင်္ဂလာတိမ်တိုက်တွေလည်း မရှိပေမယ့် သူကား သူမအား မီးထဲကနေကယ်တင်ပေးခဲ့သည့် သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့သည်။

ဒီလိုဇာတ်လိုက်မင်းသားရဲ့ခြေသလုံးကို သူမ သေချာပေါက် တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရမည်သာ။

All Chapters