အခန်း ၁၉
Vol. 2 Ch. 19
🌱 Chapter 19
ချယ်ချန်ဇီ မျိုးစေ့ချပြီးသွားတဲ့နောက် ပိုင်ချောင်ရှီ အမှောင်ထဲ စမ်းတဝါးဝါးနှင့် သူမအခန်းဆီ ပြန်လာခဲ့သည်။
ကျစ်ရှုကမူ ထုံးစံအတိုင်း သူမအား ကျောပေးလျက် အိပ်ပျော်နေပြီဖြစ်သည်။
သူမ ကြီးမားတဲ့ ရွှံ့မီးဖိုကုတင်တစ်ခုဆောက်ရင် ကောင်းမလားပဲ။ အရမ်းအေးတဲ့ ညဦးပိုင်းမှာ ကျစ်ရှုကို အဲဒီကုတင်ပေါ် သိပ်ပြီး၊ အရမ်းပူတဲ့ သန်းခေါင် ကျော်အချိန်မှာတော့ ရိုးရိုးကုတင်ပေါ်ပြောင်းသိပ်လို့ရသည်။ နောက်ပြီး သူမကိုယ်တိုင်လည်း စားပွဲပေါ်မှာချည်း အမြဲတမ်း အိပ်နေလို့မှမရတာ။
ဒါပေမယ့် အခု သူမ အိတ်ကပ်ထဲမှာ ဘာမှမရှိပြောင်တလင်းခါနေပြန်ပြီဖြစ်လို့ တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအကြောင်း စဉ်းစားရတော့မည်သာ။
စားပွဲပေါ်မှာ မှောက်လျက်သားလေးနေရင်း ပိုင်ချောင်ရှီ သူမ၏စိတ်အာရုံပင်လယ်ထဲရှိ စနစ်ကို ခေါ်လိုက်သည်။
"ချစ်လှစွာသော ချယ်ချန်ဇီလေး၊ ပွိုင့်မောလ်ထဲမှာ ဂျင်ဆင်းရှိလား"
'ဒင်' ဆိုတဲ့ အသံနဲ့အတူ ချယ်ချန်ဇီ ပြန်ဖြေလာသည်။
"ရှိတယ်"
စကားတစ်ခွန်းကို ရွှေတစ်ထောင် တန်နေလို့လား။ တစ်ခွန်းလေးတောင် ပိုမပြောဘူး။ ပိုင်ချောင်ရှီ စိတ်ထဲကနေ ကျိတ်ပြီး ပွစိပွစိ လုပ်နေပေမယ့် အပြင်မှာတော့ အလွန်နူးညံ့သည့် လေသံလေးဖြင့်
"ဈေးနှုန်းက ဘယ်လောက်လဲဟင်"
စိတ်ချင်းပဲ ဆက်သွယ်မိတာလား၊ သူမ ညည်းတွားနေတာကိုပဲ အာရုံခံမိသွားတာလား မသိပေမယ့် ဒီတစ်ကြိမ်မှာတော့ စနစ်က အသေးစိတ် ရှင်းပြလာသည်။
"စိုက်ပျိုးဂျင်ဆင်းနဲ့ တောရိုင်းဂျင်ဆင်း ဈေးနှုန်းတွေက မတူသလို၊ သက်တမ်းအပေါ် မူတည်ပြီးတော့လည်း ဈေးကွာသေးတယ်၊ ဆယ်နှစ်သက်တမ်းရှိတဲ့ စိုက်ပျိုးဂျင်ဆင်းက ပွိုင့်တစ်ထောင်ကျပြီး၊ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ တောရိုင်းဂျင်ဆင်းကတော့ ပွိုင့်တစ်သိန်း ကျပါတယ်"
ပွိုင့်တစ်သိန်း
ပိုင်ချောင်ရှီ အသက်ရှူမှားသွားရသည်။
"ဒါ ဓားပြတိုက်နေတာလား၊ ငါ ရှန်သီယမ် ဆိုက်ဘီရီကမ် အပင်တစ်ပင် ထည့်သွင်းတာတောင် သုံးမှတ်ပဲ ရတာကို"
"နှင်းကြာပန်း၊ လင်းဇီးမှို၊ ဟုန်ကျင်းထျန်း၊ ထျန်းမာတွေကရော ဘယ်လောက်လဲ"
စနစ်က ဈေးနှုန်းတွေကို တစ်ခုချင်းစီ စာရင်းပြုစုပြလာသည်။ အချုပ်အားဖြင့် ပြောရရင်တော့ အဲဒီအရာတွေထဲက တစ်ခုမှ ယခုအချိန်မှာ ပိုင်ချောင်ရှီ အိပ်မက်တောင် မမက်ဝံ့တဲ့ အရာတွေချည်းသာဖြစ်သည်။ သူမ အရမ်းကို ဆင်းရဲနေသေးသည်ပင်။
အနည်းငယ် စိတ်ဓာတ်ကျသွားပြီး သူမ မျက်နှာပြောင်တိုက်ချင်လာသည်။
"အဲဒီလောက် ပွိုင့်တွေအများကြီးရဖို့ ဆေးပင်ဘယ်နှပင်တောင် ထည့်သွင်းရမှာလဲ၊ နင် ငါ့ကို အဆင့်မကျော်စေချင်တာ သိသာနေပြီ! ငါ ထွက်တော့မယ်!"
ထွက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ချယ်ချန်ဇီ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြောလာသည်။
"တကယ်တော့ ဆေးပင်တွေထည့်သွင်းရုံနဲ့တင် ပွိုင့်ရတာ မဟုတ်ပါဘူး။ အကယ်၍ သင်က ဆေးဖော်စပ်နည်းအသစ်တွေကို ဆက်ခံရရှိတာ၊ ဒါမှမဟုတ် ပြုပြင်စီမံတဲ့ နည်းလမ်းသစ်တွေရှာဖွေတွေ့ရှိတာ၊ ဒါမှမဟုတ် ဆေးကျမ်းတွေ ရေးသားတာမျိုးတွေ လုပ်မယ်ဆိုရင်လည်း စနစ်က ဆုချီးမြှင့်မှာပါ၊ ပြီးတော့ အဲဒီဆုလာဘ်ပမာဏက ပိုပြီးတော့တောင် များပါသေးတယ်"
ပိုင်ချောင်ရှီ သူမရဲ့လည်ချောင်းထဲမှာ သွေးဟောင်းတစ်လုပ်လောက် ဆို့တက်သွားသလို ခံစားလိုက်ရသည်။ သူမက တရုတ်တိုင်းရင်းဆေး တက္ကသိုလ် ကျောင်းသူတစ်ယောက်မျှသာ ဖြစ်သည်။ သူမမှာ ပါရမီအနည်းငယ်ရှိနှင့်နေဦးတော့၊ ကိုယ်တိုင် တီထွင်ဖန်တီးနိုင်တဲ့အဆင့်နဲ့ကတော့ အများကြီး ကွာဝေးနေဆဲပင်။
"ငါ့ကို အဲဒီလောက်တောင် အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ! ငါ့ကို နိုဘယ်ဆုတွေများ ပေးချင်နေတာလား"
သူမ လေသံထဲက သရော်လှောင်ပြောင်ချင်တဲ့ သဘောကို အာရုံခံမိသွားလို့ထင်သည်၊ ချယ်ချန်ဇီ အလေးအနက် ပြန်ပြောလာသည်။
"စနစ်မှာ အသေးစားချေးငွေ ဝန်ဆောင်မှုတွေလည်းရှိပါတယ်၊ သင် ဆက်ပြီး တိုးတက်လာတာနဲ့အမျှ စာအုပ်တွေနဲ့ ဆေးနည်းတချို့ကိုလည်း ထောက်ပံ့ပေးသွားမှာပါ၊ သင့်အဆင့် ပိုမြင့်လာလေ၊ ချေးယူနိုင်တဲ့ ချေးငွေပမာဏကလည်း ပိုများလာလေပါပဲ"
ကောင်းရော၊ မတရားအတိုးကြီးစားတဲ့စနစ်က အစီအစဉ်ထဲတောင် ပါနေသေးတယ်။ ပိုင်ချောင်ရှီ စိတ်ညစ်ညစ်ဖြင့် မျက်လုံးမှိတ်လိုက်ပြီး သူမ စိုက်ပျိုးထားတဲ့ ချယ်ချန်ဇီပင်လေးက သူမကို အံ့သြစရာတစ်ခုခုများ ပေးလာမလားလို့ မျှော်လင့်နေမိသည်။
သူမအတွက် အချိန်တွေ သိပ်မကျန်တော့ဘူးဆိုတာ သူမ သိနေသည်။
မူရင်းဝတ္ထုထဲမှာဆိုရင် ဗီလိန်အသေးစားလေးတစ်ယောက်က မြို့ထဲကို ရောက်နေလောက်ပြီဖြစ်သည်။ သူ့နာမည်ရင်းက တာ့ယန်တိုင်းပြည်ရဲ့ နဝမမြောက်မင်းသား ယင်းကျစ်ဖုန်းဖြစ်ပြီး၊ လက်ရှိ တတိယမင်းသားရဲ့လက်ယာရုံးတစ်ပါးလည်း ဖြစ်သည်။
သူ့ရဲ့ထိန်းချုပ်မရဘဲ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကြောင့် သူ့ကို "အရူးမင်းသားဖုန်း" ဟုနာမည်ပေးထားကြသည်။ သူသည် ဇာတ်ပို့ဇာတ်ကောင် ပိုင်ချောင်ရှီအား သတ်ဖြတ်ခဲ့သူဖြစ်ပြီး ကျစ်ရှုကိုလည်း ဒုက္ခအကြီးအကျယ်ပေးခဲ့သူဖြစ်သည်။ ယခုမူ ခေတ်သစ်က ပိုင်ချောင်ရှီလေး ကူးပြောင်းရောက် ရှိလာခဲ့ပြီ။ သူမကကော ဇာတ်သိမ်းကိုပြောင်းလဲနိုင်ပါ့မလား။
သန်းခေါင်ကျော်သွားချိန်မှာတော့ ကျစ်ရှုရဲ့ရောဂါက ပြန်ထလာခဲ့သည်။
အစပိုင်းမှာတော့ အလွန်အမင်းအေးစက်လာခြင်းဖြစ်သည်။ စောင်ခြုံထားသည့်တိုင် သူ တုန်ယင်နေခဲ့သည်။ ပိုင်ချောင်ရှီ ဒါကို သတိထားမိသွားတဲ့အခါ အခန်းထဲမှာ ခြုံစရာအဖြစ် သုံးလို့ရမယ့်အရာမှန်သမျှကို သူ့အပေါ် ပုံတင်ပေးလိုက်ပြီး၊ နောက်ဆုံးမှာတော့ သူမ ကိုယ်တိုင်လည်း စောင်တစ်ထည်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ထိုအခါမှ ကျစ်ရှု အနည်းငယ် သက်သာသွားတော့သည်။
ထို့နောက် အလွန်အမင်း ပူလောင်လာပြန်သည်။
ပိုင်ချောင်ရှီ ချွေးတွေ ရွှဲရွှဲစိုနေတဲ့ ကျစ်ရှုကိုကြည့်ကာ ငန်းမွေးယပ်တောင်ဖြင့် အသည်းအသန်ယပ်ခတ်ပေးနေရသည်။ တစ်နာရီလောက် ဟိုဘက်လှည့် ဒီဘက်လှည့်ဖြင့် လူးလှိမ့်နေပြီးနောက်မှ သူ မေ့မေ့လျော့လျော့ဖြင့် အိပ်ပျော်သွားခဲ့သည်။
ညရဲ့ ဒုတိယတစ်ဝက်မှာတော့ ပိုင်ရွှေရွာလေး၌ မိုးရွာသွန်းခဲ့သည်။
ကျွီဖန်စားသောက်ဆိုင်
ယန်မြို့တော်က အထက်တန်းလွှာပုဂ္ဂိုလ်ကြီးတစ်ဦးထံမှ ဆုလာဘ်များ ရရှိထားသော ဖုန်းကျန်းယဲ့မှာတော့ ပူလောင်နေတဲ့ ဒယ်အိုးပေါ်က ပုရွက်ဆိတ်တစ်ကောင်လို ဂဏာမငြိမ်ဖြစ်နေရသည်။
စားပွဲထိုးလေး ချွမ်းရှန်းကမူ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဆိုင်ရှင်၊ ဆုတော်တွေ ရထားတာကို ဘာလို့ မျက်မှောင်ကြုတ်နေရတာလဲ"
"ဒါက ကောင်းချီးလား၊ ကျိန်စာလားဆိုတာ အဲ့ပုဂ္ဂိုလ်ကြီးရဲ့စိတ်အလိုပေါ်မှာပဲ မူတည်နေတယ်၊ သူက ချွမ်းရှုန်း၊ တန်းကွေ့နဲ့ ငါးရှဉ့်ဟင်းချိုကို သောက်ပြီးသွားတော့ အခု တခြားတစ်ခု ထပ်လိုချင်နေပြန်ပြီ၊ ငါ ဘာလုပ်ရမလဲ"
ချွမ်းရှန်းလည်း ဆွံ့အသွားသည်။
"အဲဒါက ဆေးဖက်ဝင် ဟင်းလျာလေ! ကျွန်တော်တို့ စားဖိုမှူးက အဲဒါမျိုး ချက်တတ်တာမှ မဟုတ်တာ!"
"ချွမ်းရှန်း၊ မနက်ဖြန် မင်း ဈေးထဲကိုသွားပြီး ဒီနေ့ ဟင်းလျာလာပြောပြသွားတဲ့ မိန်းကလေးကို မဖြစ်မနေရှာရမယ်၊ ကျွီဖုန် စားသောက်ဆိုင် ဆက်ဖွင့်နိုင်ဖို့က သူမ အပေါ်မှာပဲ အားလုံးမူတည်နေပြီ"
ကျင်းရှန်ဆေးခန်း
တာဝန်ခံရွှယ်လင်က သမားတော်လု ပြန်အလာကိုကြိုဆိုလိုက်သည်။ သူ ထွက်သွားတုန်းက ကျန်းကျန်းမာမာလူကောင်းတစ်ယောက် ဖြစ်ပေမယ့်၊ ပြန်ရောက်လာချိန်မှာတော့ ကြိမ်ဒဏ် အချက်သုံးဆယ်ရိုက်ခံခဲ့ရပြီး သေလုမျောပါး ဖြစ်နေပြီဖြစ်သည်။
"ဆရာ... ကျွန်တော်... ကျွန်တော့်ရဲ့ ဆေးပညာစွမ်းရည်က နိမ့်ကျလွန်းလို့ ဆေးခန်းကိုဒုက္ခရောက်စေခဲ့ပြီ၊ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ လက်အောက်ငယ်သားက ပြောတယ်၊ ရောဂါကိုမကုနိုင်ရင် ဒီဆေးခန်းကို ဆက်ဖွင့်စရာမလိုတော့ဘူးတဲ့"
ဆေးခန်းမှာ အထိုင်သမားတော်မရှိဘဲ ဘယ်လိုလုပ်ဆက်ဖွင့်နိုင်ပါ့မလဲ။ ဒါပေမယ့် လတ်တလော အခြေအနေမှာ တိုင်းပြည်အဆင့် သမားတော်ကြီး တစ်ယောက်ကို ဘယ်သွားရှာရပါ့မလဲ။
ဒါပေမယ့် အလုပ်သမားလေးက တစ်ခုခုကို သတိရသွားသည်။
"ဆရာ၊ ဒီနေ့လာသွားတဲ့ အမျိုးသမီးက ပညာရှင်တစ်ယောက်နဲ့တူတယ်၊ သူက သူ့ခင်ပွန်းအတွက်တောင် ဆေးဖော်စပ်သွားသေးတယ်"
"သူ ဘာဆေးတွေ ဖော်စပ်သွားတာလဲ၊ ဒီကို ယူခဲ့စမ်း၊ ငါ ကြည့်ရအောင်!"
သမားတော်လု စိတ်မရှည်စွာ ပြောလိုက်သည်။
မကြာခင်မှာပဲ တာဝန်ခံက ဆေးစာရွက်အား ယူလာပေးသည်။ သမားတော်လု ၎င်းကို ကြည့်ပြီး အာမေဍိတ်သံထွက်ပေါ်လာသည်။
"ဒါ.. ဒါက ဒဏ်ရာငါးပါးနဲ့ ထိခိုက်မှုခုနစ်ပါးကိုကုသတဲ့ ဆေးနည်းလား၊ အရမ်းကိုပြောင်မြောက်လွန်းတယ်! ငါ... ကျင်းရှန် ဆေးခန်းဆက်ဖွင့်နိုင်ဖို့က အဲဒီအမျိုးသမီးအပေါ်မှာပဲ မူတည်နေပြီ၊ သူမကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သေချာပေါက်ရှာပေး"