← Chapters

သူက တကယ်ပဲ ဘယ်သူလဲ

Vol. 15 Ch. 218

သူက တကယ်ပဲ ဘယ်သူလဲ

Vol. 15 Ch. 218

VIP တိုင်းက သူတို့နေရာများတွင် ဝင်ထိုင်လိုက်ကြသည်။

ပွဲစတင်ရန် သေချာသွားသည့်အချိန်၌ တင်ဆက်သူက စင်မြင့်ပေါ်သို့ မိုက်ခရိုဖုန်းနှင့်အတူ တက်လာပြီး ပြောကြားလေသည်။

“အားလုံးပဲ ကိုယ့်နေရာ ကိုယ်ယူပေးကြပါခင်ဗျာ”

လူအုပ်ကြီးက သူတို့ အဆင့်အတန်းအလိုက် ထိုင်လိုက်ကြသည်။ ဝူကျွင့်ကျယ်၏ ဖခင်က တတိယတန်း၌ ထိုင်နေပြီး ဝူကျွင့်ကျယ်အား မိသားစုဝင်အဖြစ်သာ သတ်မှတ်ထားသောကြောင့် နောက်ခုံ၌ ထိုင်ရလေသည်။ ပြုံးနေသော ဟဲယွမ်က သူ့ဘေး၌ ဝင်ထိုင်လိုက်သည်။

ဟဲယွမ်က သူ့အင်္ကျီစကို သုံး၍ ခုံကို သုတ်စေပြီးမှ ဝူကျွင့်ကျယ်ကို ထိုင်စေသည်။ ထို့နောက် သူက မျက်နှာချိုသွေး၍ ပြောလိုက်သည်။

“သခင်လေးဝူ ထိုင်ပါ”

ဝူကျွင့်ကျယ် အလွန် ကျေနပ်ပျော်ရွှင်သွားပြီး ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်လေသည်။

“မင်း ခုနကကောင်နဲ့ ရန်ငြိုး ရှိတာလား”

“ကျွန်တော့် ကောင်မလေးကို လုသွားလို့ သူ့ကို မုန်းတယ်၊ ကျွန်တော်တို့ တစ်မိုးအောက်တည်း နေလို့မဖြစ်ဘူး၊ ကျွန်တော့်ကို အရှက်ခွဲတဲ့အတွက် သူ့ကို မကျေနပ်ဘူး၊ သူ လုပ်ခဲ့တာကို ဘယ်တော့မှ မမေ့ဘူးဗျ”

ဟဲယွမ်၏ မျက်လုံးတွင် နက်နက်ရှိုင်းရှိုင်း နာကျင်နေဟန် ပေါ်နေသည်။

“သခင်လေးဝူ ကျွန်တော့်အတွက် တရားမျှတမှု ရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“စိတ်ချစမ်းပါ၊ အဲ့ကောင်က ဘာမှမဟုတ်ဘူး၊ ငါ သူ့ကို လုံးဝ ဒီအတိုင်း မထားဘူး”

ဝူကျွင့်ကျယ်က ပြုံးနေပြီးမှ ဆက်ပြောလိုက်သည်။

“ပွဲပြီးသွားရင် ငါ့အဖေက ငါ့ကို ဆရာကျားဆီ ခေါ်သွားပြီး မိတ်ဆက်ပေးမှာ၊ မင်း လိုက်ခဲ့လို့ ရတယ်”

“ကျားတိ၊ ဆရာကျားလား”

ဟဲယွမ် မျက်လုံးပြူးသွားသည်။ သူ ခပ်ကျယ်ကျယ် ပြောလုနီးပါး ဖြစ်သွားလေသည်။

“ဟုတ်တယ်”

ဝူကျွင့်ကျယ်က ပဟေဠိဆန်စွာ ခေါင်းညိတ်လေသည်။

“ဝိုး ဝိုး ဝိုး …”

ဟဲယွမ်တစ်ယောက် သူ့နှလုံး တဒိတ်ဒိတ် ခုန်နေသည်ကို ခံဏားမိနေသည်။ သူ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာ တစ်ပြင်လုံး နီရဲနေ၏။

“ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေးဝူ”

ဆရာကျားသည် သာမန်အခြေအနေတွင် မကပ်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ့အား အနီးကပ် တွေ့ရန် မဆိုထားနှင့် ခပ်လှမ်းလှမ်းမှ လှမ်းကြည့်ရန်ပင် ခက်ခဲလှသည်။ ဆရာကျားရှေ့၌ မျက်နှာပြနိုင်ခြင်းက လူတစ်ယောက်၏ အကြီးမားဆုံး အိပ်မက်ဟုပင် ဆိုနိုင်ပေသည်။

“ကျောင်းသားရဲ့၊ နင် ငါနဲ့အတူ ထိုင်ပါလား၊ ငါတို့ အတူတူ သင်္ချာအကြောင်း ဆက်ပြောလို့ ရတာပေါ့”

ရှုဝမ်ချင်က ရဲ့လင်းချန်ကို ပြောလိုက်သည်။ သူမတွင် ရဲ့လင်းချန်ကို မေးစရာ မေးခွန်းများ ရှိနေသေးသည်။ အကယ်၍ ရဲ့လင်းချန်က သူမဘေး၌ မထိုင်ပါက သူမ ရှိုးပွဲတစ်ခုလုံး ပြီးအောင် သည်းခံရန် အခက်တွေ့ပေမည်။

“နောက်တစ်ခါမှပေါ့ဗျာ၊ ကျွနတော့် မိတ်ဆွေတစ်ယောက်က ကျွန်တော့်အတွက် နေရာချန်ထားပေးတယ်ဗျ”

ရဲ့လင်းချန်က ပြုံး၍ လက်ကာပြလိုက်ပြီးနောက် ခါးကို မတ်လိုက်သည်။

“နေရာချန်ထားပေးတယ် ဟုတ်လား”

ရှုဝမ်ချင် မသိမသာ မျက်မှောင်ကြုတ်သွားသည်။

VIP များအတွက် ရှေ့ဆုံးတန်း ဆယ်တန်းမှလွဲ၍ အထူးသီးသန့် နေရာများ မရှိပေ။ ရဲ့လင်းချန်၏ မိတ်ဆွေက ဘယ်နေရာမှာများ သူ့အတွက် နေရာ ပြင်ပေးထားသနည်း.

ရှုဝမ်ချင် စဉ်းစားနေသော်လည်း ရဲ့လင်းချန်က ကျားတိဘေးမှ ခုံအလွတ်သို့ စလျှောက်သွားနေလေပြီ။

“ကျောင်းသားရဲ့ …”

ရှုဝမ်ချင် ချက်ချင်း အံ့ဩသွားပြီး သူ့ကို သတိပေးလိုက်သည်။

“ရှေ့ဆုံးတန်းက ငါတို့အတွက် မဟုတ်ဘူးလေ၊ နင် ဘာလုပ်နေတာလဲ၊ ပြန်လာခဲ့”

ရဲ့လင်းချန်က နောက်လှည့်၍ သူမကို ပြုံးပြကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

“လခွမ်း အဲ့ကောင်လေးက ဘာလုပ်မလို့လဲ”

“ရပ်စမ်း မင်း ရှေ့ဆုံးတန်းမှာ ထိုင်လို့မရဘူး”

လူအများက သူတို့ကို ရဲ့လင်းချန်က ဖြတ်ကျော်သွားသည်ကို မြင်သောအခါ အံ့ဩသွားပြီး သတိပေးလေသည်။

ဤသည်မှာ အနုပညာရှင်များ ပါဝင်သော ခမ်းနားကြီးကျယ်သည့် ဖက်ရှင်ရှိုးပွဲ ဖြစ်သည်။ တက်ရောက် လာသူတိုင်းက ကြွယ်ဝပြီး ကျော်ကြားသူများ ဖြစ်ကြသည်။

*အဲ့ကောင်လေးက ဘယ်က ရောက်လာတာလဲ၊ သူ ရူးနေတာ သေချာတယ်*

ထိုVIP များကို ဒေါသထွက်စေမိသည့် ဘယ်သူမဆို ပြင်းစွာ ရိုက်နှက်ခံရလျင်ပင် ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။

ရဲ့လင်းချန်က သူ့ဘေးပတ်လည်မှ လူများ၏ စကားသံကို မသိကျိုးကျွန်ပြုကာ တည်ငြိမ်စွာဖြင့် ဆက်လျှောက် နေ၏။

အခြေအနေကို စဉ်းစားကြည့်လျင် ရဲ့လင်းချန်၏ အမူအရာက တကယ်ပင် တစ်မူထူးခြားနေ၏။ ထိတ်လန့်စရာဟု ခိုင်းနှိုင်းသည်က အသင့်တော်ဆုံး ဖြစ်လောက်သည်။

“သခင်လေးဝူ ကြည့်လိုက်ပါဦး”

ဟဲယွမ်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသါားသည်။ ရင်းနှီးနေသော ပုံရိပ်တစ်ခုက တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ပြီး သွေးပျက်မှုက တစ်ကိုယ်လုံးကို ဖုံးလွှမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။

*လန့်စရာပဲ၊ တကယ့်ကို လန့်စရာပါလား*

သူ့စိတ်ထဲတွင် ရဲ့လင်းချန်၏ အပြုအမူက အံ့ဩစရာ ကောင်းနေ၏။

သာမန်လူတစ်ယောက်က တစ်ခြားသူတစ်ယောက် ရိုလာကိုစတာ စီးနေသည်ကို ကြည့်နေသည်နှင့် အတူတူပင်။ ဘယ်လိုလုပ် ရဲ့လင်းချန်က ဒီလောက် သတ္တိရှိရတာလဲ။

ဝူကျွင့်ကျယ် လှည့်ကြည့်လိုက်သောအခါ ရဲ့လင်းချန်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။

“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ သူ အသတ်ခံချင်နေတာလား”

“ဆရာကျား ဘေးနားက ခုံက သူ့အတွက် ချန်ထားတယ်လို့များ ထင်နေတာလား”

ဟဲယွမ်က ဖြစ်နိုင်ချေတစ်ခုကို ခန့်မှန်းလိုက်သည်။

“သူ့လို ငတုံးကောင်အတွက် ဒါက အရမ်း လွန်မနေဘူးလား”

“ကျစ် …”

ဝူကျွင့်ကျယ် မနေနိုင်ဘဲ သရော်လိုက်မိသည်။

“ဒီနှစ်တွေထဲမှာ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့သူမျိုးကို ငါ အခုမှ မြင်ဖူးတာပဲ၊ အံ့ဩဖို့ ကောင်းတယ်၊ သူ ငါ့ကို အာခံရဲတာ မဆန်းဘူး၊ အဲ့ကောင်က တကယ့်ကို ရူးကြောင်ကြောင်ပဲ”

ထိုအခိုက်တွင် လုံခြုံရေးဝန်ထမ်းတစ်ယောက်က အရှေ့သို့ လာပြီး သူ့ကို တားရန် ပြင်နေသည်။

သို့သော် ကျားတိက သူ့ခုံမှ ကပျာကယာ ထလာပြီး ရဲ့လင်းချန်အနားသို့ လျှောက်လာ၏။ သူက စိတ်လှုပ်ရှားစွာ လှမ်းခေါ်လေသည်။

“ဆရာရဲ့”

*ဘာတွေဖြစ်ကုန်တာလဲ*

လူတိုင်း မျက်လုံးပြူးသွားသည်။

သူတို့ ရဲ့လင်းချန်နှင့် ပတ်သက်သည့် သတင်းအချက်အလက် တွေ့လို့တွေ့ငြားဖြင့် သူတို့စိတ်ကို အလုပ်ပေး၍ စဉ်းစားသော်လည်း ဘာမှမသိချေ။

ကျားတိက လူမသိသော လူငယ်လေးအား တလေးတစား ရှိနေသည်က လူတိုင်းကို‌ ကြောက်လန့်သွားစေသည်။

လူတိုင်း၏ အပြုအမူကို လျစ်လျူရှု၍ ကျားတိက ရဲ့လင်းချန်ကို ကိုယ်တိုင် ကြိုဆိုပြီး အရှေ့သို့ ဖိတ်ကာ ခုံ၌ ထိုင်စေသည်။ ထိုအပြုအမူတွင် နှိမ့်ချရိုကျိုးမှုတို့ ပါနေ၏။

ဝူကျွင့်ကျယ်၏ ဦးနှောက် ပေါက်ထွက်မတတ် ဖြစ်သွားလေသည်။ သူ့အတွေးများက ဗလာဖြစ်ကာ တွေဝေ နေသည်။

သူ တစ်ဖက်လှည့်၍ ဟဲယွမ်အား အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသည်က ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်ကြောင်း သူ အသည်းအသန် မျှော်လင့်မိနေ၏။

သို့သော် ဟဲယွမ်ကိုယ်တိုင်ကလည်း အံ့အားသင့်နေလေသည်။ သူ့ခန္ဓာကိုယ်က တုန်နေပြီး နဖူးတွင် ချွေးများ စို့နေ၏။ သူ ချောက်ချားနေလေပြီ။

*ဘာတွေဖြစ်နေတာလဲ၊ ဘုရားသခင်က နောက်ပြောင်ရတာကိုများ နှစ်သက်လေသလား…*

“သူက ဘယ်သူလဲ”

“မဟုတ်မှလွဲရော သူက Vatti ရဲ့ သခင်လေးလား”

“သူက Vatti ရဲ့ သခင်လေး ဆိုရင်တောင်မှ ကျားတိက သူ့ကို အဲ့လို အပြုအမူမျိုး လုပ်မှာ မဟုတ်ဘူး၊ သူ့ပုံစံက ဆရာကို တွေ့လိုက်ရတဲ့ ကျောင်းသားလိုပဲ၊ ထူးဆန်းလိုက်တာ”

“မင်းတို့ ဘယ်လိုပဲတွေးတွေး ဒီလူက သေချာပေါက် တစ်မူထူးခြားတဲ့လူဆိုတာ သေချာတယ်”

လူတိုင်း တီးတိုးပြောနေပြီး ရဲ့လင်းချန်အား မကြာခဏ အံ့ဩဟန်ဖြင့် ကြည့်နေကြသည်။

ကျားတိဘေးနားမှ လူများကလည်း ရဲ့လင်းချန်ကို စူးစမ်းဟန်ဖြင့် ကြည့်နေလေသည်။

သူတို့က ရဲ့လင်းချန်ကို ဘယ်သူမှန်း မသိသော်လည်း ကျားတိထံမှ ဤသို့သော လေးစားမှုကို ခံရသဖြင့် သာမန် မဟုတ်မှန်း ရိပ်မိကြသည်။

ဟဲယွမ်နှင့် ဝူကျွင့်ကျယ်တို့သည် တွေဝေနေသော အကြည့်များနှင့် ကျောက်ရုပ်သဖွယ် ဖြစ်သွားကြလေသည်။

အထူးသဖြင့် ဟဲယွမ်ပင်။ သူ့နှုတ်ခမ်းက တဆတ်ဆတ် တုန်နေသော်လည်း အသံ မထွက်နိုင်ပါ။

*ရဲ့လင်းချန်က သာမန်ကျောင်းသား မဟုတ်ဘူးလား၊ ဘယ်လိုလုပ် သူက ကျားတိနဲ့ ရင်းနှီးနေတာလဲ၊ ဘာလို့ ကျားတိက သူ့ကို ဒီလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရတာလဲ၊ ဘာမှ ယုတ္တိမရှိသလိုပဲ*

ထိုစဉ် ရဲ့လင်းချန်ကို သူ ရန်စခဲ့ပုံများက အတွေးထဲ မရည်ရွယ်ဘဲ ရောက်ရှိလာသည်။ အချိန်နှင့်အမျှ သူ ဤကပ်ဘေးမှ ထွက်ပြေးရန် ကြိုးစားသင့်သည်ဟု ခံစားမိနေ၏။ ကြောက်စိတ်က သူ့အတွေးထဲ ပို၍ အမြစ်တွယ် လာပြီး နောက်ဆုံးတွင် သူ့မျက်နှာက သွေးမရှိသကဲ့သို့ ဖြူစုတ်လာလေသည်။

*အဲ့တုန်းက ရဲ့လင်းချန် အမှန်ကို ပြောခဲ့တဲ့ပုံပဲ၊ သူက ကျားတိနဲ့ ရင်းနှီးတယ်ဆိုရင် ဘယ်လိုလုပ် သူ့ကိုယ်ပေါ်က အဝတ်အစားက အတု ဖြစ်နိုင်မှာလဲ*

ရှုဝမ်ချင်သည်လည်း မသိမသာ ပါးစပ် အဟောင်းသားလေး ဖြစ်သွားသည်။ သူမက ရဲ့လင်းချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး သူမမျက်ဝန်းတွင် သိချင်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။

*သူက တကယ်ပဲ ဘယ်လို ကျောင်းသားလဲ*

မရေတွက်နိုင်သော နားလည်ရခက်နေသည့် အကြည့်များဖြင့် ရင်ဆိုင်နေရသော်လည်း ရဲ့လင်းချန်က တည်ငြိမ် နေကာ အေးအေးလူလူ ထိုင်လိုက်သည်။

မကြာခင်မှာပင် အသံများ တိတ်သွားပြီး တင်ဆက်သူက စိတ်အားတက်ကြွစွာဖြင့် အဖွင့်စကား ပြောနေသည်။ စားပွဲထိုးများက သစ်သီးပန်းကန်များနှင့် အဆာပြေ စားစရာများကို သယ်၍ VIP များရှေ့၌ တည်ခင်းပေးသည်။ တစ်ချိန်တည်းမှာပင် ကျော့မော့စွာ ဝတ်စားထားသည့် အမျိုးသမီးများက အားလုံး၏ နှစ်မီတာ အကွာ၌ ရပ်နေကာ ဝန်ဆောင်မှုပေးရန် စောင့်နေကြသည်။

စင်နောက်တွင် စိတ်လှုပ်ရှားနေသော အဆို‌တော်များက အသင့်ပြင်နေကြပြီး နောက်ထပ် ညွှန်ကြားမှုကို စောင့်နေလေသည်။

ထိုအဆိုတော်များထဲမှ အချို့သည် လတ်တလော နာမည်ကြီးနေသူများ ဖြစ်ပြီး အချို့က အတိတ်အခါက စူပါစတားများ ဖြစ်ကြသည်။ သူတို့ထဲတွင် အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်ကြပြီး အားလုံးက အဝတ်အထည် အမှတ်တံဆိပ်များစွာက ပေးသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူတို့က နှစ်ယောက်တစ်တွဲ ထွက်လာပြီး လျှောက်လမ်း၌ လျှောက်လှမ်းကြနေသည်။

သို့သော် ထိုသူများထဲတွင် မျက်နှာဖြူရော်နေသော မိန်းမပျိုလေးတစ်ယောက်က တွေဝေ၍ စိုးရိမ်တုန်လှုပ် ဟန်ဖြင့် ရှိနေလေသည်။

သူမက ဂါဝန်တစ်ထည်ကို ဝတ်ထားသော်လည်း သေချာကြည့်မည်ဆိုလျင် စတိုင်က အခြားသူများနှင့် အတော်လေး ကွဲပြားနေသည်ကို တွေ့ရပေမည်။

All Chapters