အခန်း (၂၉၀၇-၂၉၀၈)
Vol. 291 Ch. 2907-2908
အခန်း (၂၉၀၇) - ဆယ်ပုံတွင် ကိုးပုံနီးပါး
သတိမထားမိလိုက်သည့်ကြားမှပင် ကောင်းကင်ငါးနယ်မြေ၏ အကြီးအကျယ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲမှာ သုံးနှစ်မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထိုသုံးနှစ်တာ ကာလအတွင်းတွင် အဖွဲ့အစည်းအသီးသီးမှ ထူးချွန်ထက်မြက်သူတို့သည် ဤစင်မြင့်ထက်တွင် မိမိတို့၏ ထူးခြားသည့် စွမ်းရည်များကို အသီးသီး ပြသခဲ့ကြသည်။
အလွန်ဝေးလံခေါင်ဖျားသည့် ဒေသမှ လာရောက်ယှဉ်ပြိုင်သူများမှာ သူတို့၏ စွမ်းအားမှာ သာမန် ရွှေဟွေးကျောင်းတော်မှ ကျောင်းသားများကိုပင် မယှဉ်နိုင်ကြပေ။
သို့သော်လည်း သူတို့၏ တိုးတက်လိုစိတ်မှာ ကျောင်းတော်အသီးသီးမှ ကျောင်းသားများကိုပင် လွှမ်းမိုးခဲ့သည်။
သူတို့ကိုယ်တိုင်ပင် ကောင်းကင်ငါးပါးနယ်မြေ၏ ဗိုလ်လုပွဲစင်မြင့်ထက်တွင် ရပ်တည်နိုင်သေးလျှင်။
သူတို့ကိုယ်တိုင်မှာရော ဆန်းနယဲ့စစ်မြေပြင်သို့ သွားရောက်နိုင်မည့် အခွင့်အရေး မရှိတော့ဘဲ နေပါ့မလား။
ထပ်မံ၍ ခြောက်လကြာသော်။
ကောင်းကင်ငါးပါးနယ်မြေ၏ ပြိုင်ပွဲမှာ အပြီးတိုင် ပြီးဆုံးသွားခဲ့သည်။
ရှဲ့အာမန်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင် ငါးပါးနယ်မြေ၏ နံပါတ် (၁) ဟူသော ဂုဏ်ပုဒ်ကို ရရှိသွားသည်။
ဝမ်ချုံစန်းမှာ ဒုတိယမြောက်ဖြစ်ပြီး၊ ထိုနောက်တွင်မူ အကြီးကဲငါးဦးတို့ဖြစ်သည်။
ထိုနောက်ထပ်တွင်မူ ကျန်းထန်းဝမ်ခန်းမ မှ အဖွဲ့ဝင် အများစုဖြစ်သော ထိုသက်ကြီးဝါကြီး ဘိုးဘေးများပင် ဖြစ်သည်။
ထိုမှသာလျှင် သူတော်စင်ဧကရာဇ် စီမံကိန်းတွင် ပါဝင်သူများသို့ ရောက်ရှိသွားသည်။
အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာပြီးနောက်တွင် ကောင်းကင်ငါးပါးနယ်မြေမှ အင်အားစုအသီးသီးတို့မှာလည်း ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။
ယခုအခါ ကမ္ဘာငယ် သူတော်စင်အဆင့်တွင် နံပါတ် (၁) မှာ ဖန့်ချန်ဖြစ်သည်မှာ ငြင်းစရာမလိုသော အမှန်တရားဖြစ်သည်။
ထိုနောက်တွင်မူ ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့ နှစ်ဦးဖြစ်သည်။
သူတို့သုံးဦးစလုံးမှာ လူသားမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။
ထိုမှသာလျှင် အကြီးကဲငါးဦးတို့နှင့် အင်အားကြီးမျိုးနွယ်စုများမှ သက်ကြီးဝါကြီး ဘိုးဘေးများ၏ အလှည့်သို့ ရောက်ရှိသည်။
ဤသည်မှာ ယခင်က သူတော်စင်ဧကရာဇ် စီမံကိန်းမှာ အမှန်တကယ်ပင် အကျိုးရှိကြောင်း သွယ်ဝိုက်၍ ဖော်ပြနေသည်။
အနည်းဆုံးတော့ မွေးထုတ်ပေးလိုက်သည့် ဤသက်ကြီးဝါကြီး ဘိုးဘေးအစုအဝေးမှာ ကမ္ဘာငယ် သူတော်စင်အဆင့်တွင် လုံလောက်သော စွမ်းအားကြီးမားသည့် နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။
ထိုမှတစ်ဖန် ဖန့်ကျစ်ရွှယ်တို့၏ အလှည့်သို့ ရောက်ရှိသည်။
ယခင်က နေမင်းခုနစ်ပါးခန်းမမှ ကျောင်းသားများဖြစ်သည်။
ကောင်းကင်ငါးပါးနယ်မြေ၏ လူငယ်မျိုးဆက်သစ်များထဲမှ ထူးချွန်သူများမှာ ပြောင်းလဲမှု မရှိသလောက်ပင်၊ ထိပ်တန်းအဆင့် အနည်းငယ်သာ ပြောင်းလဲမှု ရှိသည်ဟု ဆိုနိုင်ပေသည်။
ဖန့်ချန်၏ အတွင်းကမ္ဘာ။
ရှဲ့အာမန်၊ ဝမ်အိုကြီး ၊ ချန်အင်းရွှယ် တို့မှာလည်း နေရာတွင် ရှိနေကြသည်။
"ကောင်းကင်ငါးပါးနယ်မြေ ပြိုင်ပွဲရဲ့ ဆုကြေးတွေကိုတော့ အကုန်ထုတ်ပေးပြီးပြီ၊ ဒါပေမဲ့ ငါ့လက်ထဲမှာ ကြယ်တာရာမျက်ရည်တွေ ပိုနေသေးတော့ မင်းတို့လည်း နည်းတယ်လို့ မယူဆဘဲ ဝေမျှယူလိုက်ကြပါဦး။"
ဖန့်ချန်က လက်ကို ခပ်ဖွဖွယမ်းလိုက်သည်နှင့် ကြယ်တာရာမျက်ရည် တစ်စက်ပြီးတစ်စက်တို့မှာ ရှဲ့အာမန်တို့ဆီသို့ ပျံသန်းသွားသည်။
သူသည် သူကိုယ်တိုင်အတွက် အဆင့်တစ် ကြယ်တာရာမျက်ရည် ၂၂ စက်နှင့် သာမန် ကြယ်တာရာမျက်ရည် တစ်စက်ကို ချန်ထားခဲ့ပြီး၊ ၎င်းမှာ သူ၏ အတွင်းကမ္ဘာ ကြယ်တာရာ ၄၅ လုံးကို ပေါင်းစပ်ဖို့အတွက် လုံလောက်သည်။
ယခင်က ၃၆ လုံးနှင့် ပေါင်းလိုက်လျှင် သံသရာမသေမျိုးဂိုဏ်း၏ ကြယ်တာရာရှစ်ဆယ့်တစ်လုံး ပြည့်သွားပြီဖြစ်သည်။
သို့သော် ယနေ့တွင်မူ ရှဲ့အာမန်နှင့် ထိုသူတော်စင်များသာ ရှိနေကြသည်။
နောက်မှ ကရုဏာတောင်သို့ ဝင်ရောက်လာကြသော မိတ်ဟောင်းများမှာ မရောက်လာကြပေ။
အဓိကမှာ ကြယ်တာရာမျက်ရည်များမှာ ဝေမျှရန် လုံလောက်ခြင်း မရှိသောကြောင့်ဖြစ်သည်။
တစ်ယောက်ကို တစ်စက်ဝက်၊ တစ်စက်စီ ဝေပေးနေမည့်အစား ရှဲ့အာမန်တို့၏ စွမ်းအားကို အရင်ဆုံး ပြန်လည်ဖြည့်တင်းပေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
"ဖန့်ချန်၊ မင်းဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ချန်နန်ခယ်တို့ကို ခေါ်လိုက်ပြီးရင် မင်းက ကမ္ဘာကြီးအဆင့်ကို တက်ဖို့ ရွေးချယ်တော့မှာလား။"
ဝမ်ချုံစန်းက ကြယ်တာရာမျက်ရည်ကို သိမ်းဆည်းရင်း စကားစမြည် မေးလိုက်သည်။
"ချန်နန်ခယ်ဆိုတာ ဘယ်သူလဲ"
ချန်အင်းရွှယ်က အလိုအလျောက် မေးမြန်းလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ကာ အနည်းငယ် စိတ်ပျက်သွားပုံရသည်။
"ပြီးပြီလေ၊ နင်တို့သိပြီးသားကို ငါမသိတဲ့ဟာ ဖြစ်ပြန်ပြီ။"
ရှဲ့အာမန်က သူမကို တစ်ချက်ကြည့်လိုက်သည်။
"နောက်ကျရင် သိလာလိမ့်မယ်၊ အခုချက်ချင်း သိဖို့ မလိုသေးပါဘူး။"
"ရပ်ပြီး ပြောနေတော့ ခါးမနာဘူးပေါ့။"
ချန်အင်းရွှယ် က မကျေမနပ်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
"ချန်နန်ခယ်တို့ကို ခေါ်တော့ ခေါ်လာမှာပါ၊ ဒါပေမဲ့ ငါ သူတို့ကို ကောင်းကင်ငါးပါးနယ်မြေမှာ ကြာကြာမထားချင်ဘူး၊ ရောက်တာနဲ့ ဆန်းနယဲ့စစ်မြေပြင်ကို တန်းဝင်ခိုင်းလိုက်မှာ။"
ဖန့်ချန်က တွေးတောရင်း -
"ဝူရှန်းပေမြိန့် ရဲ့ အခြေအနေက အလွန်ရှုပ်ထွေးနေတယ်၊ ငါလည်း သေချာစဉ်းစားဖို့ လိုသေးတယ်။ အနည်းဆုံးတော့ ကြယ်တာရာမျက်ရည် အလုံအလောက် ရှာရဦးမယ်၊ နိဗ္ဗာန်တားမြစ်နယ်အတွက်ပေါ့။"
လူအများမှာလည်း ထောက်ခံကြသည်။
"ဒီကာလအတွင်းမှာ မင်းတို့ အားတဲ့အချိန် အကုန်အတွင်းကမ္ဘာ ကြယ်တာရာတွေကို ပေါင်းစပ်ပြီး နိဗ္ဗာန်တားမြစ်နယ်ကို သွားကြ၊ ကျဲနယဲ့အဆင့်မြင့် ဘွဲ့ကို ရဖို့ ကြိုးစားကြ။"
ဖန့်ချန်က ဝမ်ချုံစန်းနှင့် ရှဲ့အာမန်ကို ပြောလိုက်သည်။
ခဏရပ်ပြီးနောက် သူသည် ချန်အင်းရွှယ်တို့ဘက်သို့ ကြည့်လိုက်ပြန်သည်။
"မင်းတို့လည်း အတူတူပဲ၊ နိဗ္ဗာန်တားမြစ်နယ်ထဲက ရှေးဟောင်းသူတော်စင်ဧကရာဇ်သွေးက စွမ်းရည်တွေကို အထောက်အကူပြုတယ်၊ ရနိုင်သလောက် ရအောင်ယူခဲ့။"
ဘွဲ့အဆင့် တစ်ဆင့်တိုးတိုင်း ရှေးဟောင်းသူတော်စင်ဧကရာဇ်သွေးမှာ နှစ်ဆတိုးလာမည်ဖြစ်ရာ ၎င်းမှာလည်း ရှားပါးသည့် အကျိုးကျေးဇူးဖြစ်သည်။
ယခင်က နေမင်းခုနစ်ပါးခန်းမတွင် လူတစ်ယောက်ကို ရှေးဟောင်းသူတော်စင်ဧကရာဇ်သွေး တစ်စုသာ ရရှိနိုင်ခဲ့သည်။
"အစ်ကို၊ ကျွန်မ ဒီတစ်ခါတော့ ရွှမ်နယဲ့အဆင့်မြင့်ကို အရောက်သွားဖို့ ကြိုးစားကြည့်မယ် "
ဖန့်ကျစ်ရွှယ်က လက်သီးကို ဝှေ့ယမ်းရင်း ပြောသည်။
"ရတယ်လေ။"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်သည်။
……
……
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်စုနှစ်အချို့ ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ငါးပါးနယ်မြေ ပြိုင်ပွဲ ပြီးဆုံးပြီးနောက် ကောင်းကင်ငါးပါးနယ်မြေမှာ အလွန်ငြိမ်းချမ်းသည့် ကာလတစ်ခုသို့ ရောက်ရှိသွားသည်။
မျိုးဆက်သစ်တို့မှာ နိဗ္ဗာန်တားမြစ်နယ်မြေ အတွက် ပြင်ဆင်ရန် အားသွန်ခွန်စိုက် ကျင့်ကြံနေကြသည်။
ယခုအခါ ကောင်းကင်ငါးပါးနယ်မြေတွင် နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ရာကျော် ရှိနေပြီဖြစ်သည်။
ရွေးချယ်စရာများမှာလည်း ပိုမိုများပြားလာသည်။
သို့သော်... သူတော်စင်အများစုမှာ ပထမဆုံး နိဗ္ဗာန်တားမြစ်နယ်မြေ အပေါ်တွင် ခံစားချက်များစွာ ရှိနေဆဲပင်။
ရှူလုံကောင်းကင်အရှင်၏ အတွင်းကမ္ဘာတွင်။
အကြီးကဲငါးဦးတို့မှာ တံခါးပေါက်အပြင်ဘက်မှ မြင်ကွင်းကို ကြည့်လိုက်ကြရာ စိတ်လှုပ်ရှားမှုတို့မှာ တက်ကြွနေကြသည်။
"ရောက်တော့မယ်။"
ထိုအချိန်တွင် စီကုကျိ က အနီးနားရှိ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။
"ဖန့်သူတော်စင်ဘိုးဘေး၊ မင်းက ကျဲနယဲ့အဆင့်မြင့် ဖြစ်နေပြီပဲ၊ ဒီတစ်ခါ ဘာလို့ လိုက်လာသေးတာလဲ ရွှေဟွေးကျောင်းတော် မှာပဲ ဆက်လက် ကျင့်ကြံပြီး အတွင်းကမ္ဘာ ကြယ်တာရာတွေကို ပေါင်းစပ်နေတာက ပိုမကောင်းဘူးလား။"
ပြောရင်းနှင့် သူက သိချင်စိတ်ဖြင့် -
"ဖန့်သူတော်စင်ဘိုးဘေး၊ မင်းအတွင်းကမ္ဘာ ကြယ်တာရာ ဘယ်နှစ်လုံး ရှိပြီလဲ ငါမှတ်မိသလောက်တော့ ထုံယိုဧကရာဇ်််က ဆန်းနယဲ့ စစ်မြေပြင်မှာ ရှိတုန်းက အတွင်းကမ္ဘာ ကြယ်တာရာ ၃၅ လုံးအထိ ရှိခဲ့တယ် "
ကျန်သူတော်စင်လေးဦး၏ မျက်လုံးများတွင်လည်း လွမ်းဆွတ်မှုတို့ ပေါ်လာသည်။
သူတို့မှာ ကြယ်တာရာမျက်ရည်များစွာ ရရှိခဲ့သလို ဤဆယ်စုနှစ်အချို့အတွင်း ကြယ်တာရာမျက်ရည်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကိုလည်း ခံစားမိခဲ့သည်။
သို့သော် ထုံယိုဧကရာဇ်နှင့် ကွာဟချက်မှာ ကြီးမားလွန်းနေဆဲဖြစ်ပြီး ရေတိုအတွင်း လိုက်မီရန်မှာ ခက်ခဲလွန်းသည်။
ထုံယိုဧကရာဇ်ထက် ပိုမိုတော်သော လော့ထျန်းဝမ်နှင့်... ဤဖန့်သူတော်စင်ဘိုးဘေးအကြောင်းကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။
"သိပ်တော့ မများပါဘူး။"
ဖန့်ချန်က ပြုံးလျက် ပြောသည်။
သိပ်မများဘူးဆိုတာ ဘယ်လောက်လဲ
အကြီးကဲငါးဦးမှာ အနည်းငယ် ကြောင်သွားကြသည်။
သူတို့ ထပ်မတွေးခင်မှာပင် ဖန့်ချန်မှာ ဝမ်ချုံစန်းဘက်သို့ ကြည့်လိုက်ပြီး -
"ဝမ်အိုကြီး၊ အကြီးဆုံးအစ်မ က တခြား နိဗ္ဗာန်တားမြစ်နယ်မြေ ကို သွားနှင့်ပြီ၊ မင်း ဒီနေရာကို လာဖို့ သေချာရဲ့လား၊ ခဏနေရင် အလကားဖြစ်သွားမယ်နော်။"
သူသည် ဤနိဗ္ဗာန်တားမြစ်နယ်မြေ တွင် ကျဲနယဲ့အဆင့်မြင့် ဘွဲ့ကို ရရှိပြီးကတည်းက၊ အခုလာမည့် သူတော်စင်တို့မှာ ဤနေရာတွင် ကျဲနယဲ့အဆင့်မြင့် ရရှိရန်မှာ သူ့ လက်ထဲတွင် အနည်းဆုံး တစ်နာရီကြာအောင် ခံနိုင်ရည်ရှိရမည်ဖြစ်သည်။
"မင်း လမ်းတစ်လျှောက် ငါ့ကို ဘယ်နှစ်ခါ မေးပြီးပြီလဲ။"
ဝမ်ချုံစန်းက မျက်လုံးကို လှန်လိုက်သည်။
"အရင်ကမင်းနဲ့ အခုမင်းနဲ့က မတူတော့ဘူးလေ၊ ငါ့လက်ရှိ စွမ်းအားနဲ့ဆို ဒီနေရာမှာ ကျဲနယဲ့အဆင့်မြင့်ရဖို့က ပြဿနာမရှိပါဘူး။ ငါ့ကို စိတ်မပူပါနဲ့၊ ငါလည်း နည်းလမ်းအချို့ ရှိပါသေးတယ်။"
"အေးပါ၊ ငါက အလကားဖြစ်သွားမှာ စိုးလို့ ပြောတာပါ။"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်သည်။
ဝမ်ချုံစန်းက ဖန့်ချန်ကို စိတ်မပူရန် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
မကြာမီပင် အတွင်းကမ္ဘာမှာ တိတ်တဆိတ် နိဗ္ဗာန်တားမြစ်နယ်မြေ သို့ ရောက်ရှိသွားသည်။
သူတော်စင်များစွာမှာ နိဗ္ဗာန်တားမြစ်နယ်မြေ ရှေ့သို့ ရောက်ရှိလာကြပြီး မိမိတို့၏ စစ်ဆေးမှုတံခါးကို ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည်။
ဖန့်ချန်မှာ ဝင်ရန် မလိုတော့သည့်အတွက် ရှူလုံကောင်းကင်အရှင် ၏ အတွင်းကမ္ဘာတွင်သာ စောင့်ဆိုင်းနေသည်။
"ဒီနိဗ္ဗာန်တားမြစ်နယ်မြေ ပေါ်လာတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ အခုဒီနေရာကို ရောက်လာကြတဲ့ သူတော်စင်တွေကတော့ မင်းကြောင့်နဲ့တင် ပိုပိုများလာပြီ။"
ရှူလုံကောင်းကင်အရှင်မှာ မည်သည့်အချိန်က တံခါးပေါက်သို့ ရောက်လာမှန်းမသိဘဲ ဖန့်ချန်ဘေးတွင် ရပ်လျက် ဟင်းလင်းပြင်ကို ငေးကြည့်ရင်း နိဗ္ဗာန်တားမြစ်နယ်မြေ ရှေ့ရှိ ကျယ်ပြောသော စင်မြင့်ကို ကြည့်လိုက်သည်။
ယခင်ကဆိုလျှင် ထိုနေရာသို့ လာနိုင်သူတို့မှာ ထောင်ပေါင်းများစွာထဲမှ ရွေးချယ်ခံရသူများသာ ဖြစ်သည်ကို မည်သူကများ ထင်မှတ်ထားမိပါ့မလား။
သို့သော် ယခုမူ နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ရာကျော် ရှိလာပြီးနောက်၊ စွမ်းအားအနည်းငယ် နိမ့်ကျသည့် သူတော်စင်များပင်လျှင် လာရောက်လေ့ကျင့်နိုင်သည့် အရည်အချင်းကို ရရှိသွားကြသည်။
သူတို့၏ အသိုင်းအဝိုင်းမှ ဤသူတော်စင်များကို တစ်ကြိမ်နှစ်ကြိမ်နှင့် လင်နယဲ့အဆင့်သို့ တက်လှမ်းနိုင်မည်ဟု မမျှော်လင့်ထားကြပေ။
သို့သော် အနည်းဆုံးတော့ အင်အားကြီးသူတို့၏ နည်းလမ်းမှာ မည်သို့ရှိသည်ကို ခံစားကြည့်ရှုနိုင်ပေသည်။
"ဒါက ကျွန်တော်တို့ ကောင်းကင်ငါးပါးနယ်မြေရဲ့ အခြေခံအင်အားတွေ တိုးတက်လာတာကို ပြတာပဲ၊ ကောင်းတဲ့ကိစ္စပါ။"
ဖန့်ချန်က ပြုံးလိုက်သည်။
ရှူလုံကောင်းကင်အရှင်က ခေါင်းညိတ်သည်။
မကြာမီပင် ဝမ်ချုံစန်းတို့မှာ စစ်ဆေးမှုတံခါးအတွင်းသို့ ဝင်ရောက်သွားကြသည်။
ဖန့်ချန်၏ ရှေ့တွင် အကြောင်းတရား ပိတ်ကာမျက်နှာပြင်မှာလည်း ဖြည်းဖြည်းချင်း ဖွင့်ဟလာသည်။
သုံးရက်ခန့်အကြာတွင် ဝမ်ချုံစန်း၏ စစ်ဆေးမှု အလှည့်သို့ ရောက်လာသည်။
သူ၏ မျှော်လင့်ချက်အတိုင်းပင် ဝမ်ချုံစန်းမှာ တစ်လမ်းလုံး အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး အလွယ်တကူပင် ကျဲနယဲ့အဆင့်မြင့် စစ်ဆေးမှု အရည်အချင်းကို ရရှိသွားသည်။
အကြီးကဲငါးဦးတို့နှင့် အနီးအနားရှိ သူတော်စင်များမှာ ဤမြင်ကွင်းကို ကြည့်ရင်း အရင်က ဖန့်ချန်ကို ရင်ဆိုင်ခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
စိတ်ထဲတွင် စိတ်ပျက်မှုတို့ ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် စစ်ဆေးရေးအရာရှိအသစ်မှာ ဖြည်းဖြည်းချင်း လျှောက်လာသည်။
သူတို့ စစ်ဆေးရေးအရာရှိ၏ မျက်နှာကို သေချာမြင်လိုက်ရသည့်အခါတွင်မူ အမူအရာမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းသွားကြသည်။
"မင်းပဲပေါ့။"
ဝမ်ချုံစန်းက အနည်းငယ် ပြုံးလျက် လမ်းလျှောက်သွားသည်။
"ပြောရရင်... နောက်ပိုင်းမှာ စွမ်းအင်စုစည်းခြင်းပဲဖြစ်ဖြစ်၊ အသက်စွမ်းအင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကမ္ဘာတည်ဆောက်ခြင်းပဲဖြစ်ဖြစ်၊ ကျဲနယဲ့အဆင့်မြင့်ထိ ရောက်လာရင် ဒီတစ်ယောက်ကိုပဲ ရင်ဆိုင်ရတော့မှာလား။"
စီကုကျိက ခပ်တိုးတိုး မေးမြန်းလိုက်သည်။
ဆွေ့ဟွမ်ရွှီ တို့၏ အမူအရာမှာ တည်ကြည်သွားသည်။
"ဆယ်ပုံမှာ ကိုးပုံတော့ ဖြစ်လိမ့်မယ်။"
အခန်း (၂၉၀၈) - မှားများ မှားနေသလား
"ကျဲနယဲ့အဆင့်မြင့် စစ်ဆေးမှုကို ယခု စတင်ပါမည်။"
"စစ်ဆေးခံမည့်သူများအနေဖြင့် အချိန် ဆယ်စက္ကန့်အတွင်း စစ်ဆေးသည့် နယ်ပယ်အတွင်းသို့ ဝင်ရောက်ကြပါ။ အကယ်၍ အချိန်ကျော်လွန်ပါက ပယ်ဖျက်ခြင်း ခံရမည်။"
ဝမ်ချုံစန်းသည် စကားနှစ်ခွန်း မပြောတော့ဘဲ 'ဖန့်ချန်' ပုံစံတူ စစ်ဆေးရေးအရာရှိထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
အနီးအနားရှိ သူတော်စင်များမှာ တင်းမာနေသလို မျှော်လင့်ချက်များလည်း ရှိနေကြသည်။
အထူးသဖြင့် ကရုဏာတောင်အုပ်စုမှ သူတော်စင်များမှာ စောင့်မျှော်ရင်း စူးစမ်းချင်စိတ်များပါ ရောထွေးနေကြသည်။
တစ်လှမ်း၊ နှစ်လှမ်း။
ဝမ်ချုံစန်းသည် စစ်ဆေးရေးနယ်မြေအတွင်းသို့ ဝင်ရောက်ခါနီးပြီဖြစ်သည်။
ထိုအချိန်တွင်ပင် မမျှော်လင့်ထားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ရုတ်တရက်ဆိုသလိုပင် သူတော်စင်အချို့က ကရုဏာတောင်မှ သူတော်စင်များကို စတင်တိုက်ခိုက်လိုက်သည်။
ဖန့်ရှောင်ထျန်း၏ အနီးအနားတွင်၊ ရွှေဟွေးကျောင်းတော်မှ လူသားမျိုးနွယ်စု၊ ကမ္ဘာတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းမှ ကျောင်းသားတစ်ဦးသည် အကြောင်းမဲ့ တိုက်ခိုက်လာသည်။
သူ၏ မှော်စွမ်းရည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ပစ်မှတ်မှာ ဖန့်ရှောင်ပန်း ဖြစ်သည်။
"ညီမလေး သတိထား "
ဖန့်ရှောင်ထျန်းမှာ တုံ့ပြန်မှု အမြန်ဆုံးဖြစ်ပြီး ချက်ချင်းပင် ဖန့်ရှောင်ပန်းကို ကာကွယ်လိုက်သည်။
သို့သော် သူသည် ရန်သူ၏ နတ်ဘုရားစွမ်းရည်တိုက်ခိုက်မှုကို ခံလိုက်ရပြီး လွင့်စင်သွားကာ ကိုယ်ခန္ဓာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာများ ရရှိသွားသည်။
ဖန့်ကျစ်ရွှယ်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် အခြားသူတော်စင်တစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ထို့နောက်တွင်မူ ချန်အင်းရွှယ်၊ ပိုင်ချန်းမင်၊ ဟွမ်ချင်းကျူ အစရှိသည့် ကမ္ဘာတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းသို့ အဆင့်တက်ရန် ရွေးချယ်ထားသော သူတော်စင်အားလုံးမှာလည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်ခြင်း ခံလိုက်ရသည်။
သူတော်စင်များမှာ ရုတ်တရက် အံ့အားသင့်သွားပြီး မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။
နိဗ္ဗာန်တားမြစ်နယ်မြေအတွင်း တိုက်ခိုက်ခြင်းမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးမရှိပေ။
မည်သို့သော ရန်ငြိုးရန်စများမဆို နယ်မြေအပြင်ဘက်တွင် ဖြေရှင်း၍ မရနိုင်တော့ဘူးလား။
အကြီးကဲငါးဦးမှာလည်း ယခုအခါ အခြေအနေကို သဘောပေါက်သွားသည်။
သူတို့ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပင် သူတော်စင်အချို့က မိမိတို့ကိုပါ တိုက်ခိုက်လာသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။
ကျန်းထန်းဝမ်ခန်းမမှ အဖွဲ့ဝင်များပင်လျှင် တိုက်ခိုက်ခံနေရသည်။
ထို့အပြင် ထိုက်ဟောင်ဟွမ်းယောင်၊ ဆွေ့ရှန်းကျီး၊ လွမ်းထိုက်ကူ စသည့် သက်ကြီးဝါကြီး ဘိုးဘေးများမှာလည်း တိုက်ခိုက်ခံနေရသည်။
ရုတ်တရက် ဖြစ်ပျက်လာသော အခြေအနေများကြောင့် သူတော်စင်အသီးသီးမှာ သံသယ၊ ထိတ်လန့်မှုနှင့် မင်သက်မှုတို့ဖြင့် ဝန်းရံသွားကြသည်။
သူတို့သည် ဆက်လက် စဉ်းစားနေချိန် မရှိတော့ဘဲ ချက်ချင်းပင် စီမံကိန်းအဖွဲ့ဝင်များနှင့် ကျန်းထန်းဝမ်ခန်းမတို့ဘက်မှ ကူညီတိုက်ခိုက်ပေးကြသည်။
ဝမ်ချုံစန်းသည် ဤရှုပ်ထွေးနေသော အခြေအနေကို မြင်လိုက်ရသောအခါ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ဤတိုက်ပွဲတွင် ဝင်မပါဘဲ အလျင်အမြန်ပင် စစ်ဆေးရေးနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလိုက်သည်။
ယခုအခါ စစ်ဆေးရေးအရာရှိမှာ ပေါ်လာပြီဖြစ်သည်။ ဆယ်စက္ကန့်အတွင်း စစ်ဆေးမှုကို မစတင်နိုင်လျှင် သူသည် ကျရှုံးမည်ဖြစ်ပြီး အလကား လာခဲ့ရသလို ဖြစ်သွားလိမ့်မည်။
ဝမ်ချုံစန်း ရွေ့လျားလိုက်ချိန်တွင် သူ၏ ရှေ့၌ အရိပ်ငါးခု ရုတ်တရက် ပေါ်လာသည်။
"ဖယ်ကြ။"
ဝမ်ချုံစန်း၏ အမူအရာမှာ အေးစက်နေသည်။
ချန်အင်းရွှယ်တို့မှာလည်း ထိုနေရာရှိ အခြေအနေကို သတိပြုမိသွားပြီး ဒေါသထွက်နေကြသည်။
ရန်သူများက တားဆီးထားသဖြင့် ဝမ်ချုံစန်းကို ကူညီရန် လမ်းမရှိပေ။
ရန်သူများက ဝမ်ချုံစန်းကို ခဏမျှသာ တားဆီးထားနိုင်လျှင်ပင် သူ၏ ကျဲနယဲ့အဆင့်မြင့် စစ်ဆေးမှုမှာ ပျက်စီးသွားလိမ့်မည်။
"ဝမ်ချုံစန်း၊ မင်း ဒီနေ့ စစ်ဆေးမှုမှာ ပါဝင်ချင်ရင် ငါတို့ကို အရင်ကျော်ဖြတ်သွားရမယ်။"
အရိပ်ငါးခုမှာ ဝမ်ချုံစန်းဆီသို့ တဖြည်းဖြည်း တိုးကပ်လာသည်။
"ငါ ပြောပြီးပြီ၊ ဖယ်ကြလို့။"
ဝမ်ချုံစန်း၏ မျက်ဝန်းများမှာ အေးစက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတော်စင်များပင် မမြင်လိုက်ရဘဲ ထိုအရိပ်ငါးခုမှာ သွေးအန်ကာ လွင့်စင်သွားကြသည်။
ထို့နောက် ဝမ်ချုံစန်းမှာ စစ်ဆေးရေးနယ်မြေအတွင်းသို့ ဝင်ရောက်ကာ စစ်ဆေးမှုကို စတင်လိုက်သည်။
ထိုအရိပ်ငါးခုမှာ အလွန်ပင် အံ့အားသင့်သွားပြီး မယုံနိုင်စရာ မျက်လုံးများဖြင့် ကြည့်နေကြသည်။
"ဒီကောင်က ဘာလို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ။"
"မဖြစ်တော့ဘူး၊ တာဝန် ပျက်ပြားသွားပြီ..."
တစ်ချိန်တည်းမှာပင် ချန်အင်းရွှယ်တို့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားကာ ရန်သူများကို အာရုံစိုက် တိုက်ခိုက်လိုက်သည်။
အကြီးကဲငါးဦးမှာလည်း အခြေအနေကို သဘောပေါက်သွားသည်။
"ဒီကောင်တွေ ရူးသွားတာက ဝမ်ချုံစန်းကို ကျဲနယဲ့အဆင့်မြင့် မဖြစ်အောင် တားဆီးချင်လို့ပဲ "
"ဒါ ကရုဏာတောင်ကို ပစ်မှတ်ထားတာလား။"
"ဖြစ်နိုင်ချေ များတယ်..."
ဝမ်ချုံစန်းသည် စစ်ဆေးရေးနယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်၍ အကြီးကဲငါးဦးမှာလည်း စိတ်သက်သာရာ ရသွားကာ ရန်သူများကို ဒေါသတကြီး ပြန်လည် တိုက်ခိုက်လိုက်သည်။
ရုတ်တရက် တိုက်ခိုက်လာသော သူတော်စင်များ၏ စွမ်းရည်မှာ သာမန်မျှသာဖြစ်သည်။
အကြီးကဲငါးဦး၏ အစွမ်းပြမှုကြောင့် ရန်သူများမှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
……
……
ဖန့်ချန်သည် အကြောင်းတရား ပိတ်ကာမျက်နှာပြင်မှတစ်ဆင့် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စဉ်းစားတွေးတောနေသည်။
ရှူလုံကောင်းကင်အရှင်သည် ဖန့်ချန်၏ စိတ်ခံစားမှု မငြိမ်သက်သည်ကို သတိပြုမိသွားပြီး နှစ်သိမ့်ပေးလိုက်သည်။
"ဒီတစ်ခါ ကမ္ဘာတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းသူတွေက အတွင်းကမ္ဘာ ကြယ်တာရာတွေကို အများကြီး ပေါင်းစပ်ထားနိုင်ကြပြီ၊ နိဗ္ဗာန်တားမြစ်နယ်မြေမှာ ရလဒ်ကောင်းတွေ ရနိုင်မှာပါ။ မင်း စိတ်မပူပါနဲ့။"
"မင်းရဲ့ အစီအစဉ်တွေကို ဖြည်းဖြည်းချင်း လုပ်ပါ။ အပင်ပန်းမခံနဲ့။ သုံးနှစ်၊ ငါးနှစ်၊ ဒါမှမဟုတ် သုံးသောင်း၊ ငါးသောင်းဆိုတာ ငါတို့ ကောင်းကင်ငါးပါးနယ်မြေအတွက် ဘာမှ မဟုတ်ပါဘူး။"
"အကြီးအကဲ ပြောတာ မှန်ပါတယ်။"
ဖန့်ချန် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင် ပိုမိုလေးနက်နေသည်။
ကောင်းကင်ငါးပါးနယ်မြေမှာ အခြားအင်အားစုများ မရှိလျှင် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးနိုင်သော်လည်း လက်ရှိအချိန်တွင် သူ့ကို အချိန်အလုံအလောက် မပေးနိုင်ပေ။
သူ၏ အစွမ်းအစများ တိုးတက်လာသည်နှင့်အမျှ ရန်သူတို့၏ လှုပ်ရှားမှုများမှာလည်း ပိုမိုများပြားလာသည်။
"သူတို့က ဝမ်ချုံစန်းကို ကျဲနယဲ့အဆင့်မြင့် မဖြစ်အောင် တားဆီးပြီး ကရုဏာတောင်ရဲ့ အင်အားကို လျှော့ချချင်တာလား။"
"မဟုတ်ဘူး။"
ဖန့်ချန်သည် ဤတွေးခေါ်မှုကို ငြင်းပယ်လိုက်သည်။
ကရုဏာတောင်နှင့် အကြီးကဲငါးဦး၏ အင်အားမှာ ရန်သူတို့အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။ အဓိကခြိမ်းခြောက်မှုမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။
"ငါ့အနားမှာ ကျဲနယဲ့အဆင့်မြင့် မရှိဘူးဆိုရင် သူတို့က ငါ့ကို အဆင့်တက်မှာ မဟုတ်ဘူးလို့ ထင်လိမ့်မယ်။ အဲဒီလိုဆိုရင် သူတို့အတွက် ကြီးမားတဲ့ အန္တရာယ် မဖြစ်လာဘူး။ ဒါကြောင့် သူတို့က ကောင်းကင်ငါးပါးနယ်မြေမှာ ကျဲနယဲ့အဆင့်မြင့်တွေ ထပ်မပေါ်လာစေချင်တာပဲ။"
ထိုအချက်ကို တွေးမိလိုက်သောအခါ ဖန့်ချန်သည် ရှဲ့အာမန်ဘက်ကို ကြည့်လိုက်သည်။ သူမဘက်မှာလည်း သူတော်စင်များက တားဆီးနေသည်ကို တွေ့လိုက်ရသည်။
ဤသူတော်စင်တို့၏ မူလအစမှာ သိသာထင်ရှားနေသည်။
"ယင်သူတော်စင်များ..."
"ဘယ်သူမှ သံသယမဖြစ်ခဲ့ရတဲ့ ယင်သူတော်စင်တွေကို ထုတ်သုံးပြီး သူတို့ ကျဲနယဲ့အဆင့်မြင့် မဖြစ်အောင် တားဆီးတာ၊ ရန်သူတွေကလည်း တကယ်ကို ရက်စက်တာပဲ။"
ဖန့်ချန်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဒီကိစ္စပြီးရင်တော့ ဒီယင်သူတော်စင်တွေ အကုန်လုံး ထွက်ပေါ်လာမှာဖြစ်ပြီး စစ်ဆေးရေးဌာနကို လွှဲပေးလိုက်ရုံပဲ။
သူ့ကို အဓိက ခြိမ်းခြောက်မှု မဖြစ်အောင် တားဆီးဖို့အတွက် ရန်သူတို့မှာ အကုန်အကျ များလှသည်။
သို့သော်လည်း တစ်ဖက်တွင်မူ ယင်သူတော်စင်အဖြစ် လက်ခံထားသော သူတော်စင်များမှာ အလွန်များပြားနေပုံရသည်။
ထိုအချိန်တွင် ဝမ်ချုံစန်းဘက်၌ အပြောင်းအလဲသစ် ဖြစ်ပေါ်လာသည်။
……
……
ဝမ်ချုံစန်းသည် စစ်ဆေးရေးနယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီးနောက် 'ဖန့်ချန်' ပုံစံတူ စစ်ဆေးရေးအရာရှိ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသည်။
ခဏမျှပင် မခံနိုင်ဘဲ ပင်ပန်းစွာဖြင့် ရှောင်တိမ်းနေရသည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် သူသည် စစ်ဆေးရေးနယ်မြေအပြင်ဘက်သို့ လွင့်စင်သွားသည်။
"ကျဲနယဲ့အဆင့်မြင့် စစ်ဆေးမှု ကျရှုံးသည်။"
'ဖန့်ချန်' ပုံစံတူ စစ်ဆေးရေးအရာရှိက အေးစက်စွာ ပြောဆိုပြီးနောက် မည်းမှောင်နေသော တံခါးပေါက်ဘက်သို့ လျှောက်သွားသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။
ဝမ်ချုံစန်းမှာ ထိုကျောပြင်ကို မယုံနိုင်စွာ ကြည့်နေသည်။
"ဘာတွေဖြစ်နေတာလဲ။ အဲဒီအချိန်က သူက ဒီစစ်ဆေးရေးအရာရှိကို အနိုင်ယူပြီးတာနဲ့ ဒီလောက်တောင် အစွမ်းထက်နေပြီလား။"
သူသည် စပိုင်းကတည်းက သူ ကျရှုံးလိမ့်မည်ဟု မထင်ခဲ့ပေ။
ဖန့်ချန်သည် ကျဲနယဲ့အဆင့်မြင့် ဖြစ်လာချိန်တွင် ဆန်းနယဲ့ စစ်မြေပြင်တွင် အတွေ့အကြုံ မရှိသေးဟု သူ ထင်ထားသည်။
သူ့အစွမ်းမှာ လက်ရှိသူ့ထက် မသာလွန်နိုင်ဘူးဟု ထင်ခဲ့သည်။
ဝမ်ချုံစန်းကို တားဆီးခဲ့သည့် သူတော်စင်ငါးဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
"ဒီလောက်တောင် အလကားဖြစ်သွားရတာ၊ ငါတို့ တိုက်စရာတောင် မလိုဘူး၊ ကံဆိုးလိုက်တာ "