← Chapters

အခန်း (၉၁၇-၉၁၈)

Vol. 77 Ch. 917-918

အခန်း (၉၁၇-၉၁၈)

Vol. 77 Ch. 917-918

အပိုင်း (၉၁၇)

ယွင်ကျုံးဟဲ့ သူ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။ “တာရှန်း ဧကရာဇ်ကြီး... အရှင့်မှာ ဘာမှာစရာ စကား ရှိသေးလဲ။”

တာရှန်း ဧကရာဇ်ကြီး၏ အကြည့်များတွင် အဆုံးအစမရှိသော ဒေါသများ၊ မကျေနပ်မှုများ၊ အရှက်ရမှုများ၊ အဆုံးအစ မရှိသော နာကျင်မှုများ ပြည့်နှက်နေ၏။

သူ ယွင်ကျုံးဟဲ့ကို အတော်ကြာအောင် ကြည့်နေပြီးနောက် နောက်ဆုံးတွင် စကားတစ်ခွန်းတည်း အဖြစ် စုစည်းသွားသည်။ “တကယ်ကို မတရားဘူး။”

ထို့နောက် သူသည် ယွင်ကျုံးဟဲ့ကို သတ်ချင်နေဆဲ ဖြစ်သည်။ ပါးစပ်ကို ဖောင်းလိုက်ပြီး ယွင်ကျုံးဟဲ့ကို လေမှုတ်ကာ တိုက်ရိုက် သတ်ပစ်ရန် ပြင်လိုက်၏။

အမှန်ပင်ဖြစ်သည်။ တာရှန်းဧကရာဇ် မှုတ်ထုတ်လိုက်သည့် လေထုမှာ သာမန်လေအလျင်မျှသာ မဟုတ်ဘဲ ကျည်ဆန်ထက်ပင် အဆပေါင်းများစွာ ပိုမိုပြင်းထန်ကာ အမြောက်ဆန်တစ်လုံး၏ အင်အားနှင့်ပင် နှိုင်းယှဉ်နိုင်သော ဖိအားမျိုးကို ဖန်တီးပေးနိုင်သည်။

သူက အင်အားကြီးမားသော အတွင်းအားများကို စုစည်းလိုက်ပြီး ယွင်ကျုံးဟဲ့ဆီကို ပြင်းထန်စွာ မှုတ်ထုတ်လိုက်၏။

“ဘုန်း…”

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

တာရှန်း ဧကရာဇ်ကြီး၏ လေတစ်ချက် မမှုတ်ထုတ်ရသေးခင်မှာပဲ ပါးစပ် တစ်ခုလုံး တိုက်ရိုက် ပေါက်ကွဲသွားပြီး မျက်နှာ တစ်ဝက်လောက် ပျောက်ကွယ်သွား၏။

အခြေအနေမှာ အလွန်ပင် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ တာရှန်းဧကရာဇ်၏ နှာခေါင်း အောက်ပိုင်းမှာ ပျောက်ကွယ်သွားပြီး လည်ချောင်းပင် တိုက်ရိုက်မြင်နေရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။

မူလက နှာခေါင်းမှ လေမှုတ်ထုတ်ကာ ယွင်ကျုံးဟဲ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ပါးစပ်တစ်ခုလုံး ပေါက်ကွဲသွားသည့်အတွက် လေစုရန် မဖြစ်နိုင်တော့ပေ။

ထိုသို့ဖြစ်သော်လည်း သူသည် အရှုံးမပေးဘဲ နှာခေါင်းကို အစွမ်းကုန်အသုံးပြု၍ လေစုရန် ကြိုးစားသည်။

“ဘုန်း…”

ကျယ်လောင်သော အသံနှင့်အတူ သူ၏နှာခေါင်းမှာလည်း ပေါက်ကွဲသွားပြန်သည်။ ယခုအခါ မျက်နှာတစ်ခုလုံးတွင် မျက်လုံးနှစ်လုံးနှင့် နားရွက်နှစ်ဖက်သာ ကျန်ရှိတော့သည်။ သူ၏ ခန့်ညားထည်ဝါပြီး အာဏာစက်ကြီးမားသည့် မျက်နှာထားမှာ လုံးဝပျောက်ကွယ်သွားခဲ့၏။

ဤသည်မှာ ယွင်ကျုံးဟဲ့ မြင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံးနှင့် အထူးဆန်းဆုံး မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

သူသည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ စကားပြောလိုသော်လည်း ပါးစပ်မရှိတော့သောကြောင့် လည်ချောင်း လေပြွန်မှတစ်ဆင့် အသက်ကိုသာ အဆက်မပြတ် ရှူသွင်းနေရသည်။

ဤမျှအင်အားကြီးမားသော ဧကရာဇ်တစ်ပါး အဘယ့်ကြောင့် ဤသို့သော အခြေအနေသို့ ရောက်ရှိ သွားရသနည်း။

အကြောင်းမှာ မလှမ်းမကမ်းတွင် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦး ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုသူမှာ ပေါ်မလာသလို လှုပ်လည်း မလှုပ်ရှားချေ။ သို့သော်ငြား တာရှန်းဧကရာဇ်ကို အသက်ရှင်လျက်နှင့် သေမင်းနှင့် ယှဉ်တွဲနေရသည့် ဒုက္ခမျိုးဆိုက်ရောက်အောင် ဖန်တီးလိုက်ခြင်းဖြစ်သည်။

တာရှန်းဧကရာဇ်သည် ယခင်က အင်အားကြီးသူ ထောင်ပေါင်းများစွာကို နှစ်မိနစ်အတွင်း အနိုင်ယူခဲ့သူ၊ သဲသန်ကောင်မိခင်ကြီးကို စက္ကန့်သုံးဆယ်အတွင်း ဆုတ်ဖြဲနိုင်သူ ဖြစ်သော်လည်း၊ ဤလျှို့ဝှက် ဆန်းကြယ်သော လူ၏ရှေ့တွင်မူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခုခံနိုင်စွမ်းမရှိ ဖြစ်နေ၏။

ထိုအချိန်တွင် တာရှန်းဧကရာဇ်၏ ယွင်ကျုံးဟဲ့ကို ကြည့်သည့်အကြည့်မှာ တဖြည်းဖြည်း နူးညံ့လာသည်။ အရင်ကဲ့သို့ ဒေါသအမျက်များ မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်မှုများနှင့် ဝမ်းနည်းခြင်းတို့သာ ပြည့်နှက်နေသည်။

သူသည် တစ်သက်လုံး သူတစ်ပါးကို မိမိ၏ကစားစရာအဖြစ်သာ သဘောထားခဲ့သည်။ ဧကရာဇ်ထျန်းယန်၊ ဘုရင်ပိုင်ကုနှင့် ယွင်ကျုံးဟဲ့တို့မှာ သူ၏ ကစားစရာများ ဖြစ်ခဲ့သည်။ သို့ပေမည့် ယခုအချိန်တွင်မူ သူကိုယ်တိုင်မှာလည်း အခြားသူတစ်ဦး၏ ကစားစရာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သူတစ်သက်လုံး ကြိုးပမ်းခဲ့သမျှမှာ အခြားသူအတွက် လှပသော လက်ထပ်ဝတ်စုံ ချုပ်ပေးရသကဲ့သို့ အလကားဖြစ်သွားခဲ့ရ၏။ သူသည် ကစားစရာတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏မျက်လုံးများထဲတွင် စကားလုံးပေါင်းသောင်းခြောက်ထောင်မျှပင် ခံစားချက်များ ရှုပ်ထွေးနေတော့သည်။

သူ အစွမ်းကုန် အသံထွက်ဖို့ ကြိုးစားနေ၏။

“ခင်ဗျား ထွက်လာခဲ့… ခင်ဗျား ကျုပ်ကို တစ်သက်လုံး အသုံးချခဲ့တယ်၊ တစ်သက်လုံး လှည့်စားခဲ့တယ်၊ ခင်ဗျား ထွက်လာခဲ့…”

ပါးစပ် မရှိတော့သောကြောင့် စကားမပြောနိုင်သော်လည်း တာရှန်း ဧကရာဇ်ကြီးသည် အသက်ရှူလမ်းကြောင်း တုန်ခါမှုကို သုံးပြီး အသံထွက်အောင် လုပ်ကာ ထိုလျှို့ဝှက်ဆန်းကြယ်သည့်လူကို ကျယ်လောင်စွာ အော်ပြောနေသည်။

သို့သော်ငြား တွင်းနက်ကြီးက တိတ်ဆိတ်နေပြီး မည်သည့် တုံ့ပြန်မှုမှ မရှိချေ။

“နုဧကရာဇ်... ခင်ဗျား ထွက်လာခဲ့လေ၊ ခင်ဗျား ကျုပ်ကို လာတွေ့လေ။ နုဧကရာဇ်၊ နုဧကရာဇ်၊ နုဧကရာဇ်...” တာရှန်း ဧကရာဇ်ကြီး ရူးသွပ်စွာ အော်ဟစ်နေသည်။

သို့ပေမည့် တစ်ဖက်လူက ဘာတုံ့ပြန်မှုမှ မရှိဘဲ သူ့ကို လုံးဝ လျစ်လျူရှုထားသည်။ တာရှန်း ဧကရာဇ်ကြီး မျက်ရည်များ ကျဆင်းလာ၏။

“နုဧကရာဇ်... ကျုပ် ခင်ဗျားရဲ့ အသုံးချတာကို တစ်သက်လုံး ခံခဲ့ရတယ်။ ကျုပ် အရာအားလုံးကို ပေးဆပ်ပြီး ခင်ဗျားကို ထာဝရ ရှင်သန်ခြင်း ပြီးမြောက်အောင်၊ အဆုံးစွန် အသွင်ပြောင်းမှု ပြီးမြောက်အောင် လုပ်ပေးခဲ့တယ်။ ခင်ဗျားက ကျုပ်ကို လာတွေ့ဖို့ တစ်ခေါက်လေးတောင် နှမြောနေတာလား။ ခင်ဗျားက ကျုပ်ကို ဒီလောက်တောင် လျစ်လျူရှုထားတာလား။” တာရှန်း ဧကရာဇ်ကြီးက ရူးသွပ်စွာ အော်နေသည်။ အသက်ရှူလမ်းကြောင်းကို သုံးပြီး အော်နေခြင်း ဖြစ်သည်။

တစ်ဖက်လူက ဘာတုံ့ပြန်မှုမှ မရှိသေးပေ။

တာရှန်း ဧကရာဇ်ကြီး၏ သွေးမျက်ရည်များ အဆက်မပြတ် ကျဆင်းလာပြီး နောက်ဆုံးတွင် အကြည့်များက ယွင်ကျုံးဟဲ့ဆီသို့ ရောက်ရှိသွားသည်။

“ယွင်ကျုံးဟဲ့... ဒီလို မြင်ကွင်းမျိုး ဖြစ်လာမယ် ဆိုတာကို ခင်ဗျား ကြိုသိနေခဲ့တာလား။” တာရှန်း ဧကရာဇ်ကြီးက မေးလိုက်၏။

ယွင်ကျုံးဟဲ့က ဖြေသည်။ “အကြမ်းဖျင်းတော့ သိတယ်။”

တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ခင်ဗျားက ကျုပ်ထက် သာပါသေးတယ်၊ ခင်ဗျားက ကျုပ်ထက် သာပါသေးတယ်။ ကျုပ်တစ်သက်လုံးက အစကနေ အဆုံးထိ အဖြစ်ဆိုး တစ်ခု သက်သက်ပါပဲ။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေသည်။

တာရှန်း ဧကရာဇ်ကြီးက ဆက်ပြော၏။ ‘ကျုပ်က ဘာ တာရှန်း ဧကရာဇ်ကြီးမှ မဟုတ်ဘူး၊ ကျုပ်… ကျုပ် တာယင် ဧကရာဇ်ပါပဲ။ မဟုတ်ဘူး... ကျုပ်က တာ့ယန် အင်ပါယာရဲ့ ယင်ချင်ဝမ် ဖြစ်သင့်တယ်။ ကျုပ်တစ်သက်လုံးက တကယ်ကို ရှက်စရာ ကောင်းလွန်းပါတယ်။”

တာရှန်း ဧကရာဇ်ကြီး တစ်ဖြစ်လဲ ယင်ဧကရာဇ်သည် အသက်ရှူလမ်းကြောင်းကို အသုံးပြု၍ အဆက်မပြတ် စကားပြောနေသည်။

ထို့နောက် သူသည် အစွမ်းကုန် အားစိုက်၍ ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “အရှင်ဧကရာဇ်... အရှင့်ရဲ့ နောက်ဆုံး ပြိုင်ဘက်က ဘယ်သူပဲ ဖြစ်နေပါစေ၊ နုဧကရာဇ်ပဲဖြစ်ဖြစ်၊ ပိုပြီး... ကြောက်စရာကောင်းတဲ့ လူပဲ ဖြစ်ဖြစ်။ သူ့ကို သတ်ပစ်ပါ၊ သူ့ကို သတ်ပစ်ပါ၊ သူ့ကို သတ်ပစ်ပါ...”

တာရှန်း ဧကရာဇ်ကြီး၏ သွေးမျက်ရည်များ အဆက်မပြတ် စီးကျနေပြီး အက်ကွဲသော အသံဖြင့် ဆက်ပြောသည်။ “ဘာကို အခြေခံပြီးတော့လဲ။ ဘာကို အခြေခံပြီး ကျုပ်တို့ရဲ့ ကံကြမ္မာကို ဒီလို ကစားနေရတာလဲ။ ဘာကို အခြေခံပြီးတော့လဲ။ ဘာကို အခြေခံပြီးတော့လဲ။ အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... သူတို့ကို သတ်ပစ်ပါ၊ သူတို့ကို သတ်ပစ်ပါ...”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပြီ။”

တာရှန်း ဧကရာဇ်ကြီး ငြိမ်သက်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်ဧကရာဇ်... ကျုပ်က တာ့ယန် အင်ပါယာရဲ့ အကြီးမားဆုံး သစ္စာဖောက်ပါပဲ။ အရှင်က တာ့ယန် ဧကရာဇ် တစ်ပါး အနေနဲ့ အပြစ်သားကို ကွပ်မျက်လိုက်ပါ။ သေရမယ် ဆိုရင်တောင် တရားဝင် အပြစ်ပေးခံရပြီး ဂုဏ်ရှိရှိနဲ့ သေချင်ပါတယ်။”

ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။ “ကောင်းပြီ။”

တာရှန်း ဧကရာဇ်ကြီးသည် လည်ပင်းကို ငုံ့ကာ အသတ်ခံရန် အသင့်ပြင်ထားသည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ယင်ဘုရင်... အဆင်သင့် ဖြစ်ပြီလား။”

တစ်ဖက်လူက မျက်စိမှိတ်ကာ အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း ပြသလိုက်သည်။

ယွင်ကျုံးဟဲ့ ဓားမြှောင်ကို ကိုင်ကာ တာရှန်း ဧကရာဇ်ကြီး၏ လည်ပင်းကို ချိန်ရွယ်ပြီး ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

သွေးများ ပန်းထွက်လာပြီး တာရှန်း ဧကရာဇ်ကြီး ၏ မပြည့်စုံသော ခေါင်းသည် မြေပေါ်သို့ ပြတ်ကျသွားသည်။

“တောင်းပန်ပါတယ်...” သူက အသံလှိုင်း တုန်ခါမှုကို သုံးပြီး နောက်ဆုံး စကားလုံး သုံးလုံးကို ပြောသွားခဲ့သည်။ ထို့နောက် လုံးဝ သေဆုံးသွားတော့၏။

တစ်ချိန်က လောကတွင် အင်အားအကြီးဆုံးနှင့် ကြောက်စရာအကောင်းဆုံးဟု သတ်မှတ်ခံခဲ့ရသူမှာ ယခုမူ သနားစရာကောင်းလှသော အခြေအနေဖြင့် ကွယ်လွန်သွားခဲ့ရပြီဖြစ်သည်။

သို့သော်ငြား သူ၏နောက်ဆုံးအချိန်၌ ယွင်ကျုံးဟဲ့နှင့် ပြေလည်မှုရရှိခဲ့ပြီး တာ့ယန်အင်ပါယာ၏ နယ်စားပယ်စား ချင်ဝမ်ဟူသည့် ဂုဏ်ပုဒ်ကို ပြန်လည်ရရှိသွားခဲ့၏။

သူ့စိတ်ထဲတွင် မည်မျှအထိ ကျေနပ်မှုရှိခဲ့သည်ကိုမူ မည်သူမျှမသိနိုင်သော်လည်း အနည်းဆုံးတော့ သူ၏ မျက်လုံးများမှာ ငြိမ်းချမ်းစွာ ပိတ်သွားခဲ့ပြီဖြစ်သည်။

တာရှန်း ဧကရာဇ်ကြီး သေဆုံးသွားပြီးနောက် ဘေးရှိ ကုန်းစွန်းယန်မှာ ကျောက်ရုပ် တစ်ရုပ်လို ဖြစ်နေဆဲဖြစ်ပြီး လူတစ်ကိုယ်လုံး မည်သည့် တုံ့ပြန်မှုမှ မရှိတော့သကဲ့သို့ ဖြစ်နေ၏။

သူသည် ဤရလဒ်ကို အခုထိ မယုံကြည်နိုင်သေးပုံ ရသည်။ အဆုံးအစမရှိ အင်အားကြီးမားသော ဧကရာဇ်ကြီးက ဒီလိုပဲ သေဆုံးသွားခဲ့ပြီလား။

ထို့နောက် သူသည် ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ပြီး တာရှန်း ဧကရာဇ်ကြီး ကိုလည်း ကြည့်လိုက်သည်။ သူ မျက်ရည်ကျချင်နေသော်လည်း မျက်ရည် တစ်ပေါက်မှ ကျမလာနိုင်တော့ကြောင်း တွေ့ရှိလိုက်ရ၏။

သူ၏ တစ်သက်တာလုံး အားထားရာကြီး လုံးဝ ပြိုကျ ပျက်စီးသွားခဲ့ပြီဖြစ်၏။ ပြောစရာ စကားလုံး သောင်းသိန်းချီ ရှိသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

အချိန် အတော်ကြာပြီးနောက် ကုန်းစွန်းယန်က စကားတစ်ခွန်း ပြောလိုက်သည်။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်အောင် ကူညီပေးပါ။”

ယွင်ကျုံးဟဲ့သည် ဓားမြှောင်ကို ထုတ်ယူကာ ကိုင်ထားလိုက်၏။

ကုန်းစွန်းယန် သက်ပြင်း တစ်ချက်ချကာ ပြောလိုက်သည်။ “လူ့ဘဝ ဆိုတာ တကယ်ပဲ အဓိပ္ပာယ် မရှိတာပဲ။”

ထို့နောက် သူသည် နောက်ဆုံး ကျန်ရှိနေသော ခွန်အားများကို အသုံးပြု၍ ခန္ဓာကိုယ်ကို ရုတ်တရက် လှဲချလိုက်ပြီး ယွင်ကျုံးဟဲ့၏ လက်ထဲရှိ ဓားမြှောင်ဆီသို့ ဝင်တိုက်လိုက်၏။

“ဖျစ်...” ထက်မြက်သော ဓားမြှောင်က သူ၏ ဦးခေါင်းကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။

ကုန်းစွန်းယန် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ သူသည်လည်း တကယ့်ကို ဒဏ္ဍာရီဆန်သော လူတစ်ယောက် ဖြစ်သည်။ သို့ပေမည့် သူ သေဆုံးသွားချိန်တွင် ယွင်ကျုံးဟဲ့ နည်းနည်းလေးမျှ စိတ်မလှုပ်ရှားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ကုန်းစွန်းယန်၏ ဒဏ္ဍာရီဆန်မှုသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်တည်းက ပျက်စီးသွားခဲ့ပြီးဖြစ်ကာ ယခင် တာယင် အင်ပါယာ ဧကရာဇ်၏ ဖုံးကွယ်ထားမှု အောက်တွင် မည်သည့် အလင်းရောင်မှ မရှိတော့သောကြောင့်ပင်။

ယွင်ကျုံးဟဲ့သည် တွင်းနက်ကြီးဆီသို့ လှမ်းမေးလိုက်သည်။ “နုဧကရာဇ်... ထွက်လာပြီး စကားပြောဖို့ ဆန္ဒရှိလား။”

တစ်ဖက်လူက ဘာတုံ့ပြန်မှုမှ မရှိပေ။

ယွင်ကျုံးဟဲ့ ထပ်မံ မေးလိုက်၏။ “နုဧကရာဇ်... ထွက်လာပြီး တွေ့ဖို့ ဆန္ဒရှိလား။”

တစ်ဖက်လူက ဘာတုံ့ပြန်မှုမှ မရှိသေးဘဲ စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သကဲ့သို့ပင် ဖြစ်နေသည်။

ထိုအချိန်မှာပင် ဘေးနှစ်ဖက်ရှိ ချောက်ကမ်းပါးများပေါ်မှ လူရိပ်များ တစ်ယောက်ပြီး တစ်ယောက် တွားတက်လာကြရာ အားလုံးမှာ ယွင်ကျုံးဟဲ့ ခေါ်ဆောင်လာခဲ့သော တာ့ယန် အင်ပါယာ၏ အင်အားကြီးသူများ ဖြစ်၏။

စောစောက လူထောင်ချီက တာရှန်း ဧကရာဇ်ကြီး တစ်ယောက်တည်းကို ဝိုင်းတိုက်ခဲ့ရာ နှစ်မိနစ်တိုတို အတွင်းမှာပင် ရှုံးနိမ့်သွားခဲ့ပြီး အသေအပျောက်လည်း များပြားခဲ့သည်။

သို့ပေမည့် အနည်းဆုံးတော့ လူတစ်ဝက်ကျော် အသက်ရှင် ကျန်ရစ်ခဲ့သေးပြီး သေဆုံးသွားသော လူများကိုလည်း ပြန်လည် သယ်ဆောင်လာခဲ့ကြ၏။

ထို့အပြင် သဲသန်ကောင် မိခင်ကြီး၏ အသက်ရှူသံကိုလည်း ကြားလိုက်ရ၏။ ဧရာမ သဲသန်ကောင် မိခင်ကြီးသည် တိုက်ရိုက် နှစ်ပိုင်း ပြတ်သွားခဲ့သော်လည်း မြေဆီလွှာ သန်ကောင်များ၏ ဂုဏ်သတ္တိအရ ၎င်းသည် သေဆုံးမည် မဟုတ်ရုံသာမက နှစ်ကောင်ပင် ဖြစ်သွားနိုင်သည်။

သေချာပေါက် သဲသန်ကောင် မိခင်ကြီးတွင် ဤစွမ်းရည် မရှိပေ။ ၎င်းသည် ပြတ်တောက်သွားသော ခန္ဓာကိုယ် နှစ်ပိုင်းကို ပြန်လည် ဆက်သွယ်ထားပြီး တွင်းနက်ကြီး၏ အောက်ခြေတွင် တိတ်ဆိတ်စွာ လှဲလျောင်းနေကာ ဒဏ်ရာများကို ကုသနေပြီး ခန္ဓာကိုယ် နှစ်ပိုင်း ပြန်လည် ပေါင်းစပ်သွားစေရန် လုပ်ဆောင်နေ၏။

ယွင်ကျုံးဟဲ့သည် တာရှန်း ဧကရာဇ်ကြီး၏ အလောင်းကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ “သူ့အလောင်းကို သယ်သွားကြ။”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...”

ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်၏။ “ခေါင်းတလားနဲ့အတူတူ သယ်သွားကြ။”

“ကောင်းပါပြီ။”

တာ့ယန် အင်ပါယာ၏ နံပါတ်တစ် အင်အားအကြီးဆုံး သိုင်းသမား ဝူကျန့်က ရုတ်တရက် မေးလိုက်သည်။ “အရှင်ဧကရာဇ်... ဒီခေါင်းတလားတွေကို ဖွင့်ကြည့်ရမလား။”

ယွင်ကျုံးဟဲ့၏ အကြည့်များသည် ထိုအထဲမှ ကျောက်ခေါင်းတလား တစ်ခုပေါ်သို့ ရောက်ရှိသွား၏။

ဤတွင်းနက်ကြီး နေရာလွတ် တစ်ခုလုံး၏ အလယ်ဗဟိုတွင် ကျောက်ခေါင်းတလား သုံးခု ရှိသည်။ တာရှန်း ဧကရာဇ်ကြီးက တစ်ခု၊ ယွင်ကျုံးဟဲ့က တစ်ခု၊ အဓိက အချက်မှာ ကျန်ရှိနေသော အခြား တစ်ခု ပင် ဖြစ်သည်။

ထိုအထဲ၌ လဲလျောင်းနေသူမှာ ဧကန်မုချ နုဧကရာဇ်ပင် ဖြစ်ရပေမည်။ နုဧကရာဇ်၏ အင်အားကြီးမားပုံကို အစောပိုင်းကပင် အထင်အရှား မြင်တွေ့ခဲ့ရပြီး ဖြစ်၏။

တာရှန်းဧကရာဇ်ကြီး၏ ဆယ်စုနှစ်ချီသော ကြိုးပမ်းအားထုတ်မှု အားလုံးသည် နုဧကရာဇ်အတွက် လက်ထပ်ဝတ်စုံ ချုပ်လုပ်ပေးခဲ့ရသကဲ့သို့ ဖြစ်သွားခဲ့ကာ အဆုံးစွန်သော အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်အောင်မြင်ခဲ့သူမှာလည်း နုဧကရာဇ်ပင် ဖြစ်သည်။

တာရှန်းဧကရာဇ်ကြီးသည် ထိုမျှလောက် အင်အားကြီးမားသော်လည်း နုဧကရာဇ်၏ ရှေ့မှောက်၌မူ အရှက်ရဖွယ်ကောင်းသော ရှုံးနိမ့်မှုနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် နုဧကရာဇ်၏ စွမ်းပကားကြီးမားမှုကို မည်သည့်စကားလုံးဖြင့်မျှ ဖွင့်ဆိုဖော်ပြနိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် နုဧကရာဇ်သည် ယခုအခါ ဤကျောက်ခေါင်းတလားအတွင်း၌ လဲလျောင်းနေခြင်း ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် ဖွင့်ကြည့်ရမည်လား။

“မလိုတော့ဘူး၊ သွားကြစို့။” ယွင်ကျုံးဟဲ့က ပြောသည်။

“ကောင်းပါပြီ။” ဝူကျန့်က ဖြေ၏။

ထို့နောက် အသက်ရှင် ကျန်ရစ်သော သိုင်းသမား နှစ်ထောင်သည် ယွင်ကျုံးဟဲ့ကို ကာကွယ်ပေးကာ တွင်းနက်ကြီးထဲမှ ထွက်ခွာသွားကြသည်။

ယခုအခါ ဤနေရာရှိ အရာအားလုံးသည် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီဖြစ်ပြီး ယခင်ကကဲ့သို့ မျိုးစုံသော ထူးဆန်းသည့် စိတ်ကူးယဉ် ပုံရိပ်ယောင်များ မရှိတော့ပေ။

ထိုမျှမက ဤနေရာရှိ ပိရမစ် အုပ်စုများ သည်လည်း ထူးခြားသော စွမ်းအားများ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေပြီး ယခင်ကကဲ့သို့ လူများကို အသွင်ပြောင်းအောင် မလုပ်ဆောင်နိုင်တော့ပေ။ သာမန် အဆောက်အအုံများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

အပိုင်း (၉၁၈)

ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်သည်။ “ပိရမစ်တိုင်းကို ရှာဖွေပြီး အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေကြ။”

“ကောင်းပါပြီ။”

ထို့နောက် တာ့ယန် အင်ပါယာ၏ အင်အားကြီးသူ နှစ်ထောင်သည် ချက်ချင်း လူစုခွဲကာ သွေးစွန်းဘုရင်မ ၊ ယွင်ယောင်၊ မင်းသမီး ရှန်းရှန်းစသူတို့ကို ရှာဖွေကြသည်။

ထိုအချိန်မှာပဲ...

“ဝုန်း... ဝုန်း... ဝုန်း...”

ခေါင်းတလား မရေမတွက်နိုင်အောင် ရှိနေသော ထိုတွင်းနက်ကြီး နေရာလွတ်၏ ဝင်ပေါက် ဖြည်းညင်းစွာ ပိတ်သွား၏။

နုဧကရာဇ် သည် ခေါင်းတလားထဲမှ ထွက်မလာဘဲ ကိုယ့်ကိုယ်ကိုယ် အထီးကျန်စွာ နေထိုင်ရန် ရွေးချယ်လိုက်၏။ ထို့အတူ သဲသန်ကောင် မိခင်ကြီးသည်လည်း တွင်းနက်ကြီး၏ အောက်ခြေတွင် ဒဏ်ရာများကို ကုသနေရန် ရွေးချယ်လိုက်သည်။

ယွင်ကျုံးဟဲ့သည် သင်္ချိုင်းဂူ၏ မြေကြီးပေါ်တွင် တိတ်ဆိတ်စွာ တင်ပျဉ်ခွေ ထိုင်နေပြီး မျက်စိမှိတ်ထားလိုက်သည်။ ဦးနှောက်ကို ဟာလာဟင်းလင်း ဖြစ်သွားအောင် လုပ်ထားပြီး မည်သည့်အရာကိုမှ မစဉ်းစားတော့ပေ။

“အရှင်ဧကရာဇ်၊ အရှင်ဧကရာဇ်...” ရုတ်တရက် ဝူကျန့်က ယွင်ကျုံးဟဲ့ကို နှိုးလိုက်သည်။

ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လာ၏။

“တွေ့ပြီ။” ဝူကျန့်က ပြောလိုက်သည်။

ထို့နောက် သူသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အဆုံးစွန် ပိရမစ် အတွင်းမှ ထွက်လာခဲ့သည်။ သို့ပေမည့် ပိရမစ်မှ ထွက်ခွာသွားခြင်း မဟုတ်ဘဲ ၎င်း၏ မျက်နှာပြင်ပေါ်သို့ တွားတက်သွားကာ ပိရမစ်၏ ထိပ်ပိုင်းသို့ တက်သွားခြင်းဖြစ်၏။

ထိုနေရာတွင် ဝင်ပေါက် တစ်ခု ရှိပြီး တံခါး တစ်ပေါက်လည်း ရှိနေကာ ပွင့်နေသည်။

“ခင်ဗျားတို့ နည်းလမ်းရှာပြီး ဖွင့်လိုက်တာလား။” ယွင်ကျုံးဟဲ့က မေး၏။

ဝူကျန့်က ဖြေသည်။ “မဟုတ်ပါဘူး။ ကျုပ်တို့ တွေ့တဲ့ အချိန်မှာ ပွင့်နေပြီးသားပါ။ ပြီးတော့ အအေးဓာတ်တွေ အဆက်မပြတ် ထွက်နေပါတယ်။”

အဆုံးစွန် အသွင်ပြောင်းမှု ပြုလုပ်စဉ်က ပွင့်သွားခြင်း ဖြစ်လောက်သည်။ အဘယ်ကြောင့်ဆိုသော် အဆုံးစွန် အသွင်ပြောင်းမှု ပြုလုပ်စဉ်က ပိရမစ် တစ်ခုလုံး၏ စွမ်းအင် အားလုံးကို အသုံးပြုခဲ့ရသောကြောင့်ပင်။

ယွင်ကျုံးဟဲ့ လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်သွားသည်။

လျှို့ဝှက်ခန်း တစ်ခုလုံးသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်နေပြီး အတွင်းတွင် ခေါင်းတလား သုံးခု ရှိကာ အအေးဓာတ်က လူကို ဖိနှိပ်နေ၏။

ထို့အပြင် ဤခေါင်းတလားများသည် အတော်လေး ထူထဲသော်လည်း ဖောက်ထွင်းမြင်ရသောကြောင့် အတွင်းရှိ လူများ၏ အရိပ်အယောင်ကို မြင်တွေ့နိုင်သေးသည်။

သားဖြစ်သူ ယွင်ယောင်၊ အတော်လေး ကြီးပြင်းလာပြီ ဖြစ်သောကြောင့် သိပ်မမှတ်မိနိုင်တော့ပေ။ သွေးစွန်းဘုရင်မ၊ ယွင်ကျုံးဟဲ့၏ မှတ်ဉာဏ်များတွင် သိပ်မနက်ရှိုင်းပေ။

သို့ပေမည့် ထိုအရိုးထဲထိ စွဲနေအောင် မှတ်မိနေသော အရိပ်အယောင်ကိုမူ ယွင်ကျုံးဟဲ့ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိလိုက်သည်။ သူ၏ အထူးခြားဆုံးသော ဇနီး၊ မင်းသမီး ရှန်းရှန်းပင် ဖြစ်၏။

ယွင်ကျုံးဟဲ့ နေရာတွင် ခဏမျှ ရပ်တန့်သွားကာ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး စိတ်ခံစားချက်များလည်း လှုပ်ရှားလာသည်။

အချိန် အတော်ကြာပြီးနောက် သူ ရှေ့တိုးသွားကာ မင်းသမီး ရှန်းရှန်းရှိနေသော ကျောက်စိမ်း ခေါင်းတလားကို ဖွင့်လိုက်သည်။

ထင်သည့်အတိုင်းပင် အအေးဓာတ်များ လူကို ဖိနှိပ်နေပြီး အနှုတ် ဆယ်ဂဏန်းလောက် အထိပင် မကတော့ပေ။

ဤအချိန်တွင် မင်းသမီး ရှန်းရှန်းသည် တကယ်ကို ရေခဲကျောက်စိမ်း လူသားလေး တစ်ယောက်လို ဖြစ်နေပြီး တစ်ကိုယ်လုံး ရေခဲဖြင့် ထုဆစ်ထားသကဲ့သို့ ဖြစ်နေသည်။

ယွင်ကျုံးဟဲ့ လက်ဆန့်ထုတ်ကာ သူမ၏ မျက်နှာကို ထိတွေ့ကြည့်လိုက်ရာ အေးစက်လွန်းသောကြောင့် တစ်ချက် တုန်ယင်သွား၏။

ယွင်ကျုံးဟဲ့ အလျင်အမြန်ပင် ကျောက်စိမ်း ခေါင်းတလား အဖုံးကို ပြန်ပိတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “ကျောက်စိမ်း ခေါင်းတလား သုံးခုလုံးကို အကုန် သယ်သွားကြ။”

“ကောင်းပါပြီ။”

ထို့နောက် ဝူကျန့် ကိုယ်တိုင် ယွင်ယောင်၏ ကျောက်စိမ်း ခေါင်းတလားကို ထမ်းလိုက်ပြီး အမျိုးသမီး သိုင်းသမား နှစ်ဦးက မင်းသမီး ရှန်းရှန်းနှင့် သွေးစွန်းဘုရင်မ တို့၏ ကျောက်စိမ်း ခေါင်းတလားများကို ထမ်းလိုက်ကြ၏။

လူထောင်ချီသည် မြေအောက် လောကမှ ထွက်ခွာလာပြီး အစွန်းဘက်အတိုင်း အပေါ်သို့ တစ်လှမ်းချင်းစီ တက်လာကာ အက်ကွဲကြောင်း တစ်ခုကို ဖွင့်ပြီး ဝင်ပေါက် နေရာသို့ ပြန်လည် ရောက်ရှိလာကြသည်။

နာရီအနည်းငယ် အကြာတွင် ယွင်ကျုံးဟဲ့သည် မြေပြင်ပေါ်ရှိ မိစ္ဆာမြို့တော် သို့ ပြန်လည် ရောက်ရှိလာ၏။

အပြင်တွင် လူသောင်းချီ စောင့်ဆိုင်းနေကြ၏။ တာ့ယန် အင်ပါယာ၏ ထိပ်သီး ခေါင်းဆောင်များ သာမက ယခင် တာရှန်းမိစ္ဆာနိုင်ငံမှ လက်နက်ချလာသော ထိပ်သီး ခေါင်းဆောင် အများအပြားလည်း ရှိနေ၏။ ဤလူများသည် ယွင်ကျုံးဟဲ့၏ ရလဒ်ကို အလွန် ဂရုစိုက်နေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က လက်နက်ချပြီးပြီ ဖြစ်ရာ အကယ်၍ ယွင်ကျုံးဟဲ့သာ ရှုံးနိမ့်သွားပြီး တာရှန်း ဧကရာဇ်ကြီးက အနိုင်ရသွားပါက သူတို့လည်း သေချာပေါက် သေရမည် ဖြစ်သောကြောင့်ပင်။

ယွင်ကျုံးဟဲ့ လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်တွင် လူသောင်းချီသည် အလွန် စိတ်လှုပ်ရှား နေကြသည်။

တာ့ယန် အင်ပါယာ သိုင်းသမား တစ်ဦး ရှေ့ထွက်လာပြီး ကျောက်ခေါင်းတလားကို ဖွင့်လိုက်ရာ အတွင်းရှိ တာရှန်း ဧကရာဇ်ကြီး၏ အလောင်းကို မြင်တွေ့လိုက်ရသည်။ မပြည့်စုံသော အလောင်း တစ်ခုပင် ဖြစ်၏။

လက်နက်ချလာကြသော တာရှန်းမိစ္ဆာနိုင်ငံ၏ ထိပ်သီး ခေါင်းဆောင်များသည် အနည်းငယ် ကြောင်အမ်း သွားကြပြီး အကြည့်များက အလွန် ရှုပ်ထွေးသွားကြသည်။

သူတို့ လက်နက်ချခဲ့သည်မှာ မှန်သော်လည်း လူတိုင်း၏ စိတ်ထဲတွင် တာရှန်း ဧကရာဇ်ကြီး သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေဆဲဖြစ်ရာ ဤလူက ယခု သေဆုံးသွားခဲ့ပြီလား။

တစ်ခဏချင်း အတွင်းမှာပင် ဤထိုးနှက်မှုက သူတို့ကို ပြန်လည် သတိဝင်လာရန် အလွန် ခက်ခဲစေခဲ့၏။ ဤသည်မှာ တကယ်ကို ယုံကြည်မှု ပြိုကျသွားခြင်းပင် ဖြစ်ပြီး ဤဘယ်တော့မှ အနိုင်ယူ၍ မရနိုင်သော လူသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ တာရှန်းမိစ္ဆာနိုင်ငံသည် တကယ်ကို လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

ထိုနေရာရှိ လူအားလုံးအတွက် တာရှန်း ဧကရာဇ်ကြီး သေဆုံးခြင်းသည် တာရှန်းမိစ္ဆာနိုင်ငံတကယ် လုံးဝ ပျက်စီးသွားပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

တာ့ယန် အင်ပါယာ၏ ထိပ်သီး ခေါင်းဆောင်များကမူ အလွန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြသည်။ သူတို့အတွက် စစ်ပွဲကြီး နောက်ဆုံးတော့ လုံးဝ အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။

ချက်ချင်းပဲ လူသောင်းချီ စနစ်တကျ ဒူးထောက်လိုက်ကြသည်။

“အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”

“တာ့ယန် အင်ပါယာ၊ သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”

ကျောက်စိမ်း ခေါင်းတလားသုံးခုကို နန်းဆောင် အတွင်း၌ ထားရှိထားပြီး ရေခဲ မပျော်သေးသောကြောင့် အတွင်းရှိ လူများလည်း မနိုးလာသေးပေ။

သို့ပေမည့် မင်းသမီး ယင်ကျုးသည် ခင်ပွန်းသည်၏ ဘေးတွင် စောင့်နေပြီး မထွက်ခွာချင်တော့ဘဲ တစ်ခါတစ်ရံ ငိုလိုက်၊ တစ်ခါတစ်ရံ ရယ်လိုက် ဖြစ်နေသည်။

သွေးစွန်းဘုရင်မတွင် မိသားစုဝင်များ အခြေခံအားဖြင့် မရှိတော့ပေ။

ယွင်ကျုံးဟဲ့၊ အောက်ယွီ နှင့် ထျန်းကျို့ သုံးဦးသည် မင်းသမီး ရှန်းရှန်း၏ ကျောက်စိမ်း ခေါင်းတလား ရှေ့တွင် ရပ်နေကြသည်။

ထျန်းကျို့က သူမ၏ အဘိုး ဖြစ်ပြီး၊ အောက်ယွီ နှင့် မင်းသမီး ရှန်းရှန်းသည် အသက်ရှင်သေဆုံး အတူတကွ ရင်ဆိုင်ခဲ့ဖူးရုံသာမက ငယ်စဉ်တည်းက စေ့စပ်ထားခဲ့ကြသူများ ဖြစ်၏။

“သူ နိုးလာဖို့ အချိန် ဘယ်လောက် လိုသေးလဲ။” အောက်ယွီက ရုတ်တရက် မေးသည်။

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ငါ အရာအားလုံးကို ပြင်ဆင်ပြီးမှ သူတို့ကို ရေခဲ အရည်ပျော်အောင် လုပ်ပြီး ပြန်လည် အသက်သွင်းရမှာ။ နာရီအနည်းငယ်လောက် အချိန်ယူရအုံးမယ်။”

အောက်ယွီက မေးလိုက်သည်။ “စိတ်ချရရဲ့လား။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “သူတို့က သာမန် လူတွေ မဟုတ်ပါဘူး၊ အားလုံးက အသွင်ပြောင်းထားကြတဲ့ သူတွေချည်းပဲဆိုတော့ အသက်ရှင်နိုင်စွမ်း အရမ်း မြင့်ပါတယ်။ ပြဿနာ မရှိလောက်ပါဘူး။”

အနက်ရောင်ဘုရင်ကျိုး အောက်ယွီက ရုတ်တရက် ပြောသည်။ “ညီလေး... အခု စစ်ပွဲကြီး ပြီးသွားပြီဆိုတော့ ငါ ယွင်ပြည်နယ်ကို တစ်ခေါက်လောက် သွားချင်တယ်။ အမေနဲ့ ညီမလေးကို သွားတွေ့ချင်လို့ပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အခုချက်ချင်း သွားမှာလား။ ရှန်းရှန်း နိုးလာတဲ့အထိ မစောင့်တော့ဘူးလား။”

အောက်ယွီက ဖြေသည်။ “မစောင့်တော့ပါဘူး။ သူ မနိုးလာခင် အမြန် သွားမှ ရမယ်။”

လွန်ခဲ့သော ဆယ်စုနှစ်ချီက အောက်ယွီ သည် ရှန်းရှန်းကို ရှောင်ရှားရန်အတွက် ထွက်ပြေးခဲ့သည်။ ယခုအခါတွင်လည်း ထွက်ပြေးနေဆဲဖြစ်ပြီး သူမနှင့် မတွေ့ဆုံရဲသေးပေ။

သို့မဟုတ် အောက်ယွီက ယခုအချိန်တွင် ပြန်လည် တွေ့ဆုံရပါက ပိုမို အနေရခက်သွားမည်ဟု ထင်မြင်နေခြင်း ဖြစ်လောက်သည်။ မည်သို့ပင်ဖြစ်စေ မင်းသမီး ရှန်းရှန်းသည် ညီဖြစ်သူ ယွင်ကျုံးဟဲ့နှင့် လက်ထပ်ပြီးပြီ ဖြစ်၏။

ထျန်းကျို့က ပြောလိုက်သည်။ “အရှင်ဧကရာဇ်... အကယ်၍ အရှင်မင်းကြီး ခွင့်ပြုမယ်ဆိုရင် ကျုပ်လည်း ထွက်သွားချင်ပါတယ်။ အရှင်မင်းကြီး ကျုပ်ကို သတ်ပစ်လို့လည်း ရပါတယ်၊ နေရာ တစ်နေရာကို ပို့ပြီး အကျယ်ချုပ် ချထားလို့လည်း ရပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားလည်း ရှန်းရှန်းကို မတွေ့တော့ဘူးလား။”

ထျန်းကျို့က ဖြေသည်။ “ကျုပ် သွားမတွေ့ရဲပါဘူး။ တွေ့တာထက် မတွေ့တာက ပိုကောင်းပါတယ်။ ကျိုးလီ ကိုလည်း မတွေ့တော့သလို ရှန်းရှန်းကိုလည်း မတွေ့တော့ပါဘူး။”

ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။ “ဒါဆိုလည်း ကောင်းပါပြီ။ အခု နေ့တိုင်း တာ့ကျိုးကို ပြန်မယ့် စစ်တပ်တွေ ရှိပါတယ်။ ခင်ဗျား သူတို့နဲ့ အတူတူ လိုက်သွားလိုက်ပေါ့။”

ထျန်းကျို့က ပြောလိုက်သည်။ “ကျုပ်... အရှင်မင်းကြီးရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။”

ထျန်းကျို့သည် နောက်ဆုံးရလဒ်ကို ကြည့်ရှုလိုသည်ဟု ပြောဆိုခဲ့ဖူးသည် မဟုတ်ပါလား။ ယခုမူ အဘယ့်ကြောင့် ထွက်ခွာသွားရသနည်း။ သူ့အတွက် ရလဒ်က ထွက်ပေါ်လာခဲ့ပြီ ဖြစ်သောကြောင့်လား။

တာရှန်းဧကရာဇ်ကြီး ကွယ်လွန်သွားခြင်းက သူ့အဖို့ ရှုစားလိုသော နောက်ဆုံးအဆုံးသတ် ဖြစ်နေသည်လား။ ထိုသို့တော့ ဖြစ်နိုင်ဖွယ် မရှိချေ။

နာရီဝက် အကြာတွင် ထျန်းကျို့ နှင့် အနက်ရောင်ဘုရင်ကျိုး အောက်ယွီ တို့ ထွက်ခွာသွားကြသည်။

“မင်းက ငါ့ထက် ပိုရဲရင့်တယ်၊ ငါ့ထက် ပိုတော်တယ်။”

အောက်ယွီ နှင့် ယွင်ကျုံးဟဲ့တို့ ဖက်ကာ ပြောလိုက်၏။ “ငါတို့ အားလုံး ကောင်းမွန်တဲ့ အဆုံးသတ်လေး တစ်ခု ရှိပါစေလို့ မျှော်လင့်ပါတယ်။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာပေါက် ရှိရမှာပေါ့။”

အောက်ယွီက ပြောလိုက်၏။ “ဒါဆို ငါ သွားပြီ၊ နောက်မှ ပြန်တွေ့ကြတာပေါ့။”

ယွင်ကျုံးဟဲ့က ပြောသည်။ “နောက်မှ ပြန်တွေ့ကြတာပေါ့။”

အောက်ယွီက ထပ်မေး၏။ “အဖေ... အဖေ ကျုပ်နဲ့ အတူတူ ယွင်ပြည်နယ်ကို မလိုက်ဘူးလား။”

အောက်ရှင်းက ဖြေသည်။ “မလိုက်တော့ဘူး။ မင်းက အမေနဲ့ ညီမလေးကို သွားခေါ်လာခဲ့လိုက်။”

အောက်ယွီက ပြောလိုက်၏။ “ကောင်းပါပြီ... အဖေ ဂရုစိုက်ပါအုံး။”

အောက်ယွီ ထွက်သွားပြီးနောက် ဖခင်ဖြစ်သူ အောက်ရှင်း အနေဖြင့် အနည်းငယ် ပျင်းရိနေလောက်၏။ အဘယ်ကြောင့်ဆိုသော် သူ့ကို အချိန်တိုင်း အဖော်ပြုပေးမည့်သူ မရှိတော့သောကြောင့်ပင်။

သို့ပေမည့် ကိစ္စမရှိပေ။ ယွင်ယောင် မကြာမီ နိုးလာတော့မှာဖြစ်ပြီး ဤသည်မှာ သူ အချစ်ဆုံး မြေးအကြီးဆုံးပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့ အောက်ယွီကို နှုတ်ဆက် လိုက်ပို့ပြီးနောက် လူသုံးဦး၏ ရေခဲ အရည်ပျော်ကာ ပြန်လည် အသက်သွင်းခြင်းသည် အတော်လေး အောင်မြင်ခဲ့၏။

ပထမဆုံး ရေခဲ အရည်ပျော်ပြီး ပြန်လည် အသက်ဝင်လာသူမှာ သွေးစွန်းဘုရင်မ ဖြစ်၏။ သူမသည် ရိုင်းစိုင်းပြီး လှပသော မျက်လုံးများကို ဖွင့်လိုက်ရာ လူတစ်ကိုယ်လုံး အိပ်မက် မက်နေဆဲ ဖြစ်ပုံ ရသည်။

နိုးလာပြီးနောက် သူမသည် ယွင်ကျုံးဟဲ့ကို အတော်ကြာအောင် ကြည့်နေပြီး အချိန် အတော်ကြာမှ မေးလိုက်၏။ “ယွင်... ယွင်ကျုံးဟဲ့ လား။”

“ဟုတ်တယ်။”

သွေးစွန်းဘုရင်မက ထပ်မေးသည်။ “ကျွန်မ ဘယ်လောက်တောင် အိပ်ပျော်သွားခဲ့တာလဲ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “အကြမ်းဖျင်း... ဆယ်နှစ်ကျော်လောက် ရှိပြီ။”

သွေးစွန်းဘုရင်မက မေးလိုက်သည်။ “တာရှန်းမိစ္ဆာနိုင်ငံကော။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ပျက်စီးသွားပြီ။”

သွေးစွန်းဘုရင်မက ထပ်မေးလိုက်သည်။ “တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ် ကော။”

“သေသွားပြီ။” ယွင်ကျုံးဟဲ့က ဖြေ၏။

သွေးစွန်းဘုရင်မ ထပ်မံ ကြောင်အမ်းသွားပြီး အရမ်း ပျော်ရွှင်နေပုံ မပေါ်ဘဲ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ကာ အချိန် အတော်ကြာမှ စကားလုံး သုံးလုံး ပြောလိုက်သည်။ “ချီးတဲ့မှ...”

‘ဒီစကားကို ခင်ဗျား ဘယ်က သင်လာတာလဲ။’

သို့ပေမည့် သွေးစွန်းဘုရင်မ၏ စိတ်ခံစားချက်ကို ယွင်ကျုံးဟဲ့ အလွန် ရှင်းလင်းစွာ သိရှိသည်။ သူမသည် ဝမ်းနည်းနေခြင်းဖြစ်ပြီး တာရှန်းမိစ္ဆာနိုင်ငံဘက်တွင် ရပ်တည်နေခြင်းကြောင့် မဟုတ်ပေ။

သူမသည် အမြဲတမ်း အင်အားကြီးသူ တစ်ယောက်အဖြစ် နေထိုင်ခဲ့ပြီး သူများကို အမြဲ ကယ်တင်ခဲ့ရသော်လည်း ယခုအခါ သူမ ကိုယ်တိုင် သူများရဲ့ ကယ်တင်မှုကို ခံလိုက်ရခြင်းကြောင့် ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာကား တာရှန်းမိစ္ဆာနိုင်ငံတော်ကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည့် ကြီးကျယ် ခမ်းနားသော အောင်မြင်မှုကြီး၌ သူမအနေဖြင့် လုံးဝပါဝင်ခွင့် မရခဲ့သောကြောင့် မည်ကဲ့သို့လျှင် စိတ်ပျက် ဝမ်းနည်းခြင်း မဖြစ်ဘဲ နေနိုင်မည်နည်း။

မကြာမီ အမျိုးသမီး သိုင်းသမား တစ်ဦးက ဘီးတပ် ကုလားထိုင် တစ်စီး တွန်းလာပြီး သွေးစွန်းဘုရင်မကို ဘီးတပ် ကုလားထိုင်ပေါ် တင်ကာ နန်းဆောင် အတွင်းမှ ခေါ်ထုတ်သွားသည်။

ထို့အပြင် သူမသည် ဖြစ်ပျက်ခဲ့သမျှ အရာရာကို လက်ခံနိုင်ရန်အတွက် တစ်ဦးတည်း သီးခြားနေထိုင်ရန် လိုအပ်လျက်ရှိပြီး၊ အရေးကြီးဆုံးအချက်မှာ သူ့ဘဝ၏ ဒုတိယသက်တမ်းဝက်အတွက် လမ်းကြောင်းသစ်နှင့် ရည်မှန်းချက်အသစ်တို့ကို ရှာဖွေဖော်ထုတ်ရမှာ ဖြစ်၏။

..................

All Chapters