← Chapters

အခန်း (၉၀၉-၉၁၀)

Vol. 77 Ch. 909-910

အခန်း (၉၀၉-၉၁၀)

Vol. 77 Ch. 909-910

အပိုင်း (၉၀၉)

အကြီးမားဆုံးနှင့် အလျှို့ဝှက်ဆန်းကြယ်ဆုံးသော ပိရမစ်အစုအဝေးကြီးသည် မိစ္ဆာမြို့တော်၏ မြေအောက်၌ တည်ရှိကြောင်းကို ယွင်ကျုံးဟဲ့သည် ကြိုတင်၍ သိရှိထားခဲ့ပြီး ဖြစ်၏။ သို့သော်ငြား မြေအောက်ကမ္ဘာ၏ ဝင်ပေါက်မှာမူ လုံးဝ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေပြီး အနည်းငယ်သော လူများသာ သိရှိကြသည်။

အနက်ရောင်ဘုရင်ကျိုး ကဲ့သို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ပင်လျှင် ထိုအချက်ကို မသိရှိခဲ့ချေ။ သူ သတိပြန်လည်လာသည့် အချိန်၌ ဤမြေအောက်ကမ္ဘာထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မြေအောက်ကမ္ဘာ၏ ဝင်ပေါက်သည် ဗဟိုခန်းမဆောင်ကြီးအတွင်း၌ ရှိမနေဘဲ မိစ္ဆာမြို့တော်၏ မည်သူမှ သတိမမူမိနိုင်သော ထောင့်တစ်နေရာရှိ သာမန်အနက်ရောင် အိမ်ငယ်လေးတစ်လုံးအတွင်း၌ တည်ရှိနေခြင်း ဖြစ်၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ကျယ်လောင်သော အသံကြီးနှင့်အတူ မြေအောက်ကမ္ဘာ၏ ဝင်ပေါက်သည် ပွင့်ဟလာခဲ့သည်။

ယွင်ကျုံးဟဲ့သည် မွေးစားဖခင်ဖြစ်သူအား နှုတ်ဆက်ခြင်း မပြုခဲ့သလို၊ ကျင်းကျုံးယွဲ့ကိုလည်း နှုတ်ဆက်ခြင်း မရှိဘဲ ထိပ်တန်းအင်အားကြီးပုဂ္ဂိုလ် ထောင်ချီကို ဦးဆောင်ကာ ဝင်ပေါက်အတွင်းသို့ ဝင်ရောက်သွားခဲ့၏။

ထိုသူတို့အထဲတွင် ကုန်းစွန်းယန်လည်း ပါဝင်ပြီး သူသည် ခြေလက်အင်္ဂါ ကင်းမဲ့နေပြီ ဖြစ်သောကြောင့် ဘီးတပ်ကုလားထိုင်ပေါ်၌သာ မှီထိုင်နေရသည်။

သူတို့သည် လှေကားထစ်များအတိုင်း အောက်ဘက်သို့ အဆက်မပြတ် ဆင်းလာခဲ့ကြသည်။ မြေအောက် မီတာတစ်ရာခန့်အကွာသို့ ရောက်ရှိသွားချိန်မှာတော့ ယွင်ကျုံးဟဲ့သည် သူအလွန်ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းတစ်ခုကို လှမ်း၍ တွေ့မြင်လိုက်ရ၏။

ထိုအရာမှာ အမြင့်မီတာတစ်ရာပင် မပြည့်သော ပိရမစ်တစ်ခု ဖြစ်၏။ ဤပိရမစ်ကို ယွင်ကျုံးဟဲ့ ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။

အတိတ်ကာလက တာယင်အင်ပါယာ ဧကရာဇ်ကို ထောင်ချောက်ဆင်ရန် ကြံစည်ခဲ့စဉ်အခါက သဲမုန်တိုင်းကြောင့် သဲကန္တာရအတွင်း၌ ထူးဆန်းစွာ ပေါ်ထွက်လာခဲ့ဖူးသော ပိရမစ်ပင် ဖြစ်သည်။ ဤပိရမစ်သည်သာလျှင် မြေအောက်ကမ္ဘာ၏ တကယ့်ဝင်ပေါက် အစစ်အမှန် ဖြစ်၏။

လူပေါင်းထောင်ချီ၍ တစ်ပြိုင်နက်တည်း ဝင်ရောက်ရန် မဖြစ်နိုင်သောကြောင့် ယွင်ကျုံးဟဲ့သည် လူတစ်ရာကျော်ခန့်ကိုသာ ရွေးချယ်ခေါ်ဆောင်၍ ပိရမစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်။

သူတို့သည် အကွေ့အကောက်များပြားလှသော လမ်းကြောင်းများအတိုင်း အောက်ဘက်သို့ တရွေ့ရွေ့ ဆင်းသွားကြသည်။ ဤအရာမှာ ပိရမစ်၏အတွင်းပိုင်း၌ ရှိနေသော မြေအောက်လိုဏ်ခေါင်းလမ်းကြောင်းပင် ဖြစ်၏။

ဤနေရာသို့လည်း ယွင်ကျုံးဟဲ့ ရောက်ဖူး၏။ ထိုစဉ်က သူနှင့်အတူ ယွင်ယောင်နှင့် သွေးစွန်းဘုရင်မတို့သည် ဤမြေအောက်လမ်းကြောင်းအတိုင်း အတူတကွ ထွက်ပြေးတိမ်းရှောင်ခဲ့ကြဖူးသည်။ သို့သော်ငြား နောက်ဆုံး၌မူ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခြင်း မရှိခဲ့ကြချေ။

သူတို့သည် မြေအောက်လမ်းကြောင်းအတိုင်း ရှေ့သို့ တောက်လျှောက် ဆက်လက်ချီတက်ခဲ့ကြရာ သူ့မျက်စိရှေ့မှောက်၌ အလွန်ရင်းနှီးလှသော လမ်းခွဲတစ်ခု ပေါ်လာပြန်သည်။

အတိတ်က ယွင်ကျုံးဟဲ့သည် ရှေ့တည့်တည့်သို့ ဆက်လက်ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ပြီး သွေးစွန်းဘုရင်မကိုမူ ယွင်ယောင်ကို ခေါ်ဆောင်ကာ ဘယ်ဘက်လမ်းကြောင်းအတိုင်း တိမ်းရှောင်ရန် ပြောခဲ့သည်။ သို့သော်ငြား သွေးစွန်းဘုရင်မနှင့် ယွင်ယောင်တို့သည်လည်း ဘေးကင်းရာသို့ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ကြပေ။

ယွင်ကျုံးဟဲ့သည် ခဏ ရပ်တန့်သွားပြီးနောက် ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားခဲ့သည်။ အလွန်တရာ ရင်းနှီးလှသော နေရာတစ်ခုသို့ ပြန်လည်ရောက်ရှိလာပြန်ရာ ထိုနေရာမှာ မိမိ၏ ရင်ထဲအရိုးထဲအထိ စွဲထင်နေအောင် မှတ်မိနေသော နေရာတစ်ခုဟုပင် ဆိုရပေမည်။

ဤနေရာသည် လမ်းကြောင်း၏ အဆုံးသတ်ဖြစ်ပြီး အောက်ခြေ၌ အဆုံးအစမရှိသော တွင်းနက်ကြီးတစ်ခု ရှိနေသည်။ အတိတ်ကာလက ယွင်ကျုံးဟဲ့သည် ထိုတွင်းနက်ကြီးထဲသို့ ခုန်ချခဲ့သောကြောင့် ချက်ချင်း သတိလစ်မေ့မြောသွားခဲ့ရသည်။

နောက်တစ်ကြိမ် သတိပြန်လည်လာချိန်တွင်မူ မိုင်ပေါင်းထောင်ချီ၍ ဝေးကွာလှသော မီတျဲချိုင့်ဝှမ်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အမှန်စင်စစ် ထိုအရာအားလုံးမှာ အမှောင်ဧကရာဇ်ကြီး၏ ကြိုတင်ကြံစည် တွက်ချက်မှုများသာ ဖြစ်ပြီး ထိုစဉ်တည်းက သူသည် အမှောင်ဧကရာဇ်ကြီး၏ လက်ခုပ်တွင်းသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။

ယခုအခါ၌မူ ယွင်ကျုံးဟဲ့သည် ဤလမ်းကြောင်း၏ အဆုံးသတ်တွင် ရပ်တန့်ကာ အောက်ဘက်ရှိ အဆုံးအစ မရှိသော တွင်းနက်ကြီးကို စိုက်ကြည့်နေမိသည်။ အတိတ်က မြင်ကွင်းမျိုး ထပ်မံ၍ ပေါ်ပေါက် လာဦးမည်လား။ စစ်မှန်သော မြေအောက်ကမ္ဘာနှင့် ဧရာမပိရမစ်အစုအဝေးကြီးမှာ ဤတွင်းနက်ကြီး၏ အောက်ခြေ၌ တည်ရှိနေခြင်း ဖြစ်သည်။

သူသည် ဤတွင်းနက်ကြီးကို စိုက်ကြည့်နေမိရာ အမှန်တကယ်ပင် အဆုံးအစ မရှိဘဲ မည်းမှောင်လျက် ရှိနေသည်ကို မြင်လိုက်ရ၏။

သူသည် လေကို ပြင်းပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်စိကို မှိတ်ကာ ထူးခြားဆန်းပြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားပြီးနောက် တွင်းနက်ကြီးဆီသို့ တစ်ဖန် ပြန်လည်၍ ကြည့်ရှုလိုက်သည်။

မျက်တောင်တစ်ခတ်မျှသော တစ်ခဏချင်းအတွင်း၌ပင် အရာခပ်သိမ်းတို့သည် ရုတ်ချည်း ပြောင်းလဲသွား ခဲ့သည်။ သူသည် ကောင်းကင်ပြင်ရှိ ကြယ်တာရာများကို မြင်နေရသကဲ့သို့ အဆုံးအစ မရှိသော အမှောင်ထုကြီးအလယ်တွင် မရေမတွက်နိုင်သော ကြယ်ရောင်စုံတို့ လင်းလက်တောက်ပနေသည်ကို ဆန်းကြယ်စွာ မြင်တွေ့လိုက်ရ၏။

ဤမြေအောက်ကမ္ဘာအတွင်းသို့ မည်သို့မည်ပုံ ဝင်ရောက်ရမည်နည်း။ တွင်းနက်ကြီးထဲသို့ တိုက်ရိုက်ပင် ခုန်ချရမည်လား။

ထိုအချိန်၌ ကုန်းစွန်းယန်က မေးလိုက်သည်။။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ဘာဖြစ်လို့လဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မြင်ကွင်းကို ပြန်တွေးမိသွားလို့လား။”

ထိုအချိန်တုန်းက ယွင်ကျုံးဟဲ့ ခုန်ချသွားပြီး အမှောင် ဧကရာဇ်ကြီး၏ လက်ထဲကို ရောက်သွားခဲ့ခြင်း ဖြစ်၏။

ကုန်းစွန်းယန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ပြောပြနိုင်ပါတယ်။ ဘယ်သူပဲ ခုန်ချခုန်ချ၊ ချက်ချင်း လမ်းပျောက်သွားမှာပဲ။ သေချာပေါက် ဒီနှစ်တွေ အတွင်းမှာ မရေမတွက်နိုင်တဲ့ လူတွေ ခုန်ချပြီး အထဲမှာ စမ်းသပ်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခုန်ချသွားတဲ့ လူတိုင်းကို လာကြိုတဲ့သူ ရှိပါတယ်။ အကယ်၍ လာကြိုတဲ့သူ မရှိရင် ဘယ်တော့မှ ပြန်နိုးလာမှာ မဟုတ်တော့ဘဲ ဝိညာဉ်တွေ ထာဝရ လမ်းပျောက်သွားပြီး လုံးဝ သေဆုံးသွားမှာပါ။

ဆိုလိုတာက... ခင်ဗျားရဲ့ အနားမှာ အင်အားကြီးမားတဲ့ လူတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ ခုန်ချသွားတာနဲ့ တပြိုင်နက် အားလုံး ချက်ချင်း လမ်းပျောက်သွားပြီး ခင်ဗျား တစ်ယောက်တည်းပဲ ကျန်ခဲ့မှာပါ။ ပြီးတော့ ခုန်ချသွားတာနဲ့ ခင်ဗျားက အမှောင် ဧကရာဇ်ကြီးရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားပြီလေ။ ခင်ဗျား ခုန်ချရဲသေးလား။ ခင်ဗျားက အဖော်မပါဘဲ တစ်ယောက်တည်း တိုက်ပွဲဝင်ရဖို့ပဲ သတ်မှတ်ခံထားရတာပါ။”

ဤစကားကို ပြော၍ပင် မဆုံးသေးပေ။ ထိပ်တန်း သိုင်းသမား တစ်ဦး သေနတ်ကိုင်ကာ ရှေ့တိုးလာပြီး မြေအောက် တွင်းနက်ကြီးထဲသို့ ရူးသွပ်စွာ ပစ်ခတ်လိုက်၏။

“ဒက်... ဒက်... ဒက်...”

မီးတောက်များ ပန်းထွက်လာ၏။ သူသည် ကျည်ဆန်များ တစ်ခုပြီး တစ်ခု ပစ်ခတ်လိုက်သော်လည်း အဆုံးအစ မရှိသော အမှောင် တွင်းနက်ကြီးထဲသို့ ကျည်ဆန်များ ရောက်ရှိသွားချိန်တွင် မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ ပင်လယ်ထဲ ရွှံ့ပစ်ချလိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်။

သို့ရာတွင် သူသည် ဤတွင်းနက်ကြီးထဲသို့ ပစ်ခတ်ရန်အတွက် သေနတ်ကို အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ သေနတ်ပြောင်းဝ အပူရှိန်ကြောင့် နီရဲတောက်လာစေရန်အတွက်သာ ပစ်ခတ်ခဲ့ခြင်း ဖြစ်၏။

ထို့နောက် ရဲရဲတောက် ပူလောင်နေသော သေနတ်ပြောင်းဝကို ကုန်းစွန်းယန်၏ နှုတ်ခမ်းပေါ်သို့ တိုက်ရိုက် ဖိကပ်လိုက်သည်။

“အား... အား...”

ချက်ချင်းပဲ ကုန်းစွန်းယန် ထံမှ အလွန် သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ထို့နောက် တာ့ယန် အင်ပါယာ သိုင်းသမားက ရဲရဲတောက် ပူလောင်နေသော သေနတ်ပြောင်းဝကို သူ၏ မျက်လုံးပေါ်သို့ ထပ်မံ ဖိကပ်လိုက်ရာ ကုန်းစွန်းယန်၏ မျက်လုံး တစ်ဖက် အရှင်လတ်လတ် ကန်းသွားလေတော့သည်။

ကုန်းစွန်းယန် ထံမှ ပိုမို သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း သူသည် လက်ခြေ အားလုံး ပြတ်တောက်နေသောကြောင့် ရုန်းကန်ရန်ပင် မဖြစ်နိုင်တော့ပေ။

ယွင်ကျုံးဟဲ့ ဤအရာအားလုံးကို မတားဆီးဘဲ သူ့ကိုသာ တည်ငြိမ်စွာ ကြည့်နေသည်။

“ခင်ဗျားကို မျက်လုံး တစ်ဖက် ချန်ထားပေးမယ်၊ ဒီလောကကြီးကို ဆက်ကြည့်ဖို့ပေါ့။”

ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ ပါးစပ်ကို မီးကျွမ်းအောင် လုပ်လိုက်တာက ခင်ဗျားကို စကားနည်းနည်း ပြောတတ်အောင် သင်ပေးလိုက်တာပါ။”

ထိုအချိန်တွင် တာ့ယန် အင်ပါယာ၏ အင်အားအကြီးဆုံး သိုင်းသမား ဝူကျန့် ရှေ့ထွက်လာပြီး ပြောလိုက်သည်။ “အရှင်ဧကရာဇ်... ကျုပ် အရင် ဆင်းသွားပါ့မယ်။”

ပြောပြီးသည်နှင့် ဝူကျန့်သည် တွင်းနက်ကြီးထဲသို့ တိုက်ရိုက် ခုန်ချသွားသည်။ ထို့နောက် အခြား တာ့ယန် အင်ပါယာ၏ ထိပ်တန်း အင်အားကြီးသူများသည်လည်း မီးတောက်ထဲ တိုးဝင်သွားသော ဖလံကောင်များ ကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ခုန်ချသွားကြ၏။

နည်းနည်းလေးမှ တွန့်ဆုတ်မနေဘဲ တကယ်ကို သေဖို့ ကြောက်ရွံ့ခြင်း မရှိကြပေ။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ပထမဦးစွာ လူပေါင်း ဆယ်ဂဏန်း၊ ထို့နောက် ရာဂဏန်းမျှ ထိုတွင်းနက်ကြီးထဲသို့ ခုန်ချသွားကြသည်။ ၎င်းတို့၏ နောက်ကွယ်၌လည်း လူများသည် တစ်ဦးပြီးတစ်ဦး ပိရမစ်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာကြပြီး တွင်းနက်ကြီး၏ အနားသတ်သို့ ရောက်ရှိကာ ဆက်တိုက်ဆိုသလို ခုန်ချသွားကြပြန်သည်။ နောက်ဆုံး၌မူ ခုန်ချသွားခဲ့ကြသော လူဦးရေမှာ ထောင်နှင့်ချီ၍ ရှိနေပြီ ဖြစ်သည်။

ဤသူများမှာ တာ့ယန်အင်ပါယာ၏ အစွမ်းအထက်ဆုံးသော သိုင်းပညာရှင်ကြီးများ ဖြစ်ကြသည်။ သို့ရာတွင် သူတို့ ခုန်ချသွားပြီးသည့်နောက်၌ မည်သည့်လှိုင်းဂယက်မျှ ထမလာသလို၊ မည်သည့်တုံ့ပြန်မှု တစ်စုံတစ်ရာမျှလည်း ရှိမလာခဲ့ချေ။

အတိတ်ကာလကကဲ့သို့ပင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲသို့ ရွှံ့စေးခဲတစ်ခဲ ပစ်ချလိုက်သကဲ့သို့ မည်သည့်အသံဗလံမျှပင် ထွက်ပေါ်မလာတော့ပေ။

ဤအချိန်တွင် ယွင်ကျုံးဟဲ့၏ အနား၌ အင်အားကြီးသူ ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သည်။

“အရှင်ဧကရာဇ်... သူ့ကို ခေါ်ပြီး ကျုပ် ဆင်းသွားပါ့မယ်။” အင်အားကြီးသူ တစ်ဦးက ပြောပြီးနောက် ကုန်းစွန်းယန်၏ လည်ပင်းကို ကိုင်ကာ ရုတ်တရက် ခုန်ချသွား၏။

နောက်ဆုံးတွင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်း ခုန်ချရန် ကျန်ရှိတော့သည်။

“အပေါ်ကနေ ကျုပ်ကို စောင့်နေပြီး ကယ်တင်ဖို့ အသင့်ပြင်ထားကြ။” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။

“ကောင်းပါပြီ အရှင်မင်းကြီး...” အပေါ်ရှိ အင်အားကြီးသူ ဆယ်ဂဏန်းခန့်က ဖြေလိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့လည်း တွန့်ဆုတ်မနေဘဲ တိုက်ရိုက် ခုန်ချလိုက်၏။

ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ပြုတ်ကျနေသည်၊ ပြုတ်ကျနေသည်၊ ပြုတ်ကျနေသည်။

ဤတွင်းနက်ကြီးက အလွန် နက်ရှိုင်းသော်လည်း ထင်ထားသလောက်တော့ မနက်ရှိုင်းပေ။ သူ ထပ်မံ၍ ထူးခြားသော စိတ်ပိုင်းဆိုင်ရာ လောကအတွင်းသို့ ဝင်ရောက်သွားသည်။ ခန္ဓာကိုယ် ပြုတ်ကျသွားသည်နှင့်အမျှ ထိုပြွတ်သိပ်နေသော အလင်းစက်လေးများနှင့် ပို၍ ပို၍ နီးကပ်လာသည်၊ ပို၍ ပို၍ နီးကပ်လာ၏။

နောက်ဆုံးတွင် သူ တစ်ကိုယ်လုံး အလင်းရောင် ပင်လယ်ကြီး အတွင်းသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွားသည်။

တစ်ခဏချင်း အတွင်းမှာပင် အဆုံးအစ မရှိသော သတင်းအချက်အလက်များ၊ အဆုံးအစ မရှိသော ထူးဆန်းသည့် စွမ်းအင်များ ခန္ဓာကိုယ် အတွင်းသို့၊ ဦးနှောက် အတွင်းသို့ ဝင်ရောက်လာ၏။

ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး၏ ဦးနှောက်သည် ချက်ချင်း ဗလာ ဖြစ်သွား၏။ မည်သည့်အရာကိုမှ မသိရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့၏။ အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်ကို မသိနိုင်တော့ဘဲ တစ်ခဏလည်း ဖြစ်နိုင်သည်။

ယွင်ကျုံးဟဲ့ သတိပြန်လည်၍ နိုးထလာချိန်မှာတော့ မိမိကိုယ်ကိုယ် မြေပြင်ပေါ်၌ လှဲလျောင်းနေသည်ကို သတိပြုလိုက်မိသည်။ ဤနေရာသည် မြေအောက်ကမ္ဘာလောကပင် ဖြစ်နေသည်လား။

သူ ခေါင်းမော့၍ လှမ်းကြည့်လိုက်ချိန်မှာတော့ အလွန်တရာ လှပဆန်းကြယ်သော မြင်ကွင်းတစ်ရပ်ကို မြင်တွေ့လိုက်ရသည်။ အထက်ကောင်းကင်မျက်နှာကြက်တွင် ကြယ်တာရာများ စုံလင်စွာ ပြည့်နှက်နေရုံမက ဝင်းပသော လမင်းကြီးတစ်စင်းပင် ထိန်ထိန်သာလျက် ရှိနေ၏။

ဤနေရာကား မြေအောက်ကမ္ဘာဖြစ်ရာ မည်သည့်နေရာမှ ကြယ်တာရာများနှင့် လမင်းကြီး ရောက်ရှိလာနိုင်မည်နည်း။ စင်စစ် ထိုအရာများသည် မြေအောက်ကမ္ဘာ၏ အမိုးမျက်နှာကြက် သက်သက်သာ ဖြစ်ပေသည်။

ဤမြေအောက်ကမ္ဘာကြီးသည် ဤမျှအထိ ကျယ်ပြောပြီး စိတ်ကူးယဉ်ဆန်လှသည်လား။ မဟုတ်သေးချေ။ ယခုအခါ ယွင်ကျုံးဟဲ့ ကြည့်ရှုနေသည်မှာ ထူးခြားဆန်းပြားသော စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံမျှသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သာမန်မျက်စိဖြင့် ကြည့်ရှုသော အမြင်အာရုံ၌ မည်သို့ရှိနေမည်နည်း။

ယွင်ကျုံးဟဲ့သည် ပုံမှန်အမြင်အာရုံသို့ ပြောင်းလဲ၍ ကြည့်ရှုလိုက်ရာ ရုတ်ချည်းပင် ပိုမို၍ ဆန်းပြား သွားတော့သည်။ ဤနေရာကား ငရဲပြည်ပင် ဖြစ်နေသည်လား။

ဦးခေါင်းအထက်မှ ကောင်းကင်ပြင်ကြီး ကွယ်ပျောက်သွားသကဲ့သို့ ကြယ်တာရာများနှင့် လမင်းကြီး သည်လည်း တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ပြီး မျှော်ကြည့်ရာ မျက်စိတစ်ဆုံး နေရာတိုင်း၌ ထူးဆန်း ဆန်းပြားသော စိမ်းဝါရောင် အလင်းတန်းများသာ လွှမ်းမိုးလျက် ရှိတော့သည်။

ထိုစိမ်းဝါရောင် အလင်းတန်းများမှာ ငရဲပြည်၌သာ ရှိသော အလင်းရောင်မျိုးပင် ဖြစ်သည်။ မြင်ကွင်း တစ်ခုလုံးတွင် ထိုကဲ့သို့သော ထူးဆန်းလှသည့် အလင်းရောင်များသာ ပြည့်နှက်နေ၏။

ထို့အပြင် ဤနေရာ၏ ရေဒီယိုသတ္တိကြွစွမ်းအင်မှာလည်း အတိုင်းအဆမရှိ ပြင်းထန်လှသောကြောင့် အလွန် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလို့နေသည်။

မည်သူမဆို ဤနေရာအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာပါက ဤကဲ့သို့သော မြင်ကွင်းမျိုးကိုသာ မြင်တွေ့ရပေလိမ့်မည်။

အကယ်၍ သာမန်လူသားတစ်ဦးသာ ဝင်ရောက်လာပါက ဆယ့်ငါးမိနစ်မျှပင် ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ အသက်ဆုံးရှုံးသွားမည်ဖြစ်ရာ မည်သည့်အရာကိုမှလည်း မြင်တွေ့ခွင့်ရလိမ့်မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့ အလျင်အမြန်ဖြင့် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ အတွင်းသို့ ပြန်လည် ဝင်ရောက်သွားရာ ချက်ချင်းပဲ အရာအားလုံး လှပသွားပြီး ကောင်းကင်ပေါ်တွင် လမင်း၊ ကြယ်များ ရှိနေသည်။

ထို့နောက် မြေအောက် လောကကို ထပ်ကြည့်လိုက်ပြန်သည်။ အလွန် ငြီးငွေ့ဖွယ်ကောင်းလှသကဲ့သို့၊ တစ်ဖက်တွင်လည်း အလွန်စိတ်ကူးယဉ်ဆန်ကာ ဆန်းကြယ်လှပလှပြီး အလွန်တရာ လျှို့ဝှက် ဆန်းကြယ်သော မြေအောက် ပိရမစ်အစုအဝေးကြီးပင် ဖြစ်၏။

ဤနေရာ၌လည်း ပိရမစ်ကိုးခု ရှိနေဆဲပင် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ပိရမစ်ရှစ်ခုက အလယ်ဗဟိုမှ ပိရမစ်တစ်ခုကို ဝိုင်းရံထားကြသည်။

သို့သော်ငြား ယခင်က ယွင်ကျုံးဟဲ့ မြင်တွေ့ဖူးခဲ့သည့် အရာများနှင့်မူ လုံးဝဥဿုံ ကွဲပြားပြီး အရွယ်အစားချင်း အလွန်တရာ ကွာဟလွန်း၏။

ဘေးပတ်လည်ရှိ ပိရမစ်ရှစ်ခု၏ အမြင့်မှာ မီတာတစ်ရာဝန်းကျင်ခန့်သာ ရှိသော်လည်း၊ အလယ်ဗဟိုရှိ ပိရမစ်ကြီးမှာမူ မီတာကိုးရာခန့်အထိ မြင့်မား၏။ ဤအချက်ကပင် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလို့နေသည်။

ဆိုလိုသည်မှာ ဘေးပတ်ပတ်လည်မှ ပိရမစ်ရှစ်ခုစလုံး၏ ထုထည်ကို ပေါင်းစပ်လိုက်လျှင်ပင် ကိုးခုမြောက် ပိရမစ်ကြီး၏ ပမာဏကို မမှီနိုင်ချေ။ ထို့ကြောင့်ပင် ဤအရာသည် အကြွင်းမဲ့ အဆုံးစွန်သော ပိရမစ်ကြီး ဖြစ်ပေလိမ့်မည်။

၎င်းသည် ယွင်ကျုံးဟဲ့ တစ်သက်တာတွင် မြင်တွေ့ဖူးသမျှထဲ၌ အကြီးမားဆုံးသော ပိရမစ်ဖြစ်ပြီး ဟေးယန် အင်ပါယာရှိ ကိုးခုမြောက် ပိရမစ်ထက် ပိုမိုကြီးမားရုံမျှမက ပိုင်ယင်မြို့တော်၏ ပင်လယ်ရေအောက်၌ ရှိသော ကိုးခုမြောက် ပိရမစ်ထက်လည်း ပိုကြီးသည်။

တိတိကျကျ ဆိုရသော် ဤအဆုံးစွန်သော အမှောင်မျှော်စင်ကြီး၏ ထုထည်ပမာဏသည် ယခင်က ပိရမစ်အခု နှစ်ဆယ်၊ သုံးဆယ်ခန့်၏ စုစုပေါင်းထုထည်ထက်ပင် လုံးဝ သာလွန်ကြီးမားနေခြင်း ဖြစ်သည်။ အမှန်စင်စစ် ဧရာမ အမှောင်တောင်ကြီးတစ်တောင် မတ်တတ်ရပ်နေသည့်အလား ထည်ဝါလို့နေ၏။

၎င်း၏ ဘေးပတ်ဝန်းကျင်ရှိ ပိရမစ်အသေးစား ရှစ်ခုမှာမူ ဤမျှကြီးမားသော မျှော်စင်ကြီး၏ ရှေ့မှောက်တွင် ကလေးငယ်များအလား ဖြစ်နေ၏။ ပိရမစ်အသေးဟု ဆိုသော်ငြားလည်း မီတာတစ်ရာခန့် မြင့်မားသောကြောင့် အီဂျစ်ပြည်ရှိ အမြင့်ဆုံးသော ပိရမစ်များနှင့် အရွယ်အစားချင်း အတူတူပင် ဖြစ်သည်။

ထို့ကြောင့်ပင် ဤမြင်ကွင်းသည် အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသလို ခမ်းနားထည်ဝါ ကြီးကျယ်လို့နေ၏။

သို့သော်လည်း သူနှင့်အတူ ခုန်ချလာခဲ့ကြသော လူများမှာမူ မည်သည့်နေရာသို့ ရောက်ရှိကုန်ကြသနည်း။

ယွင်ကျုံးဟဲ့ မတိုင်မီက တာ့ယန်အင်ပါယာ၏ အစွမ်းထက်ပုဂ္ဂိုလ် ထောင်ပေါင်းများစွာသည် ဤတွင်းနက်ကြီးထဲသို့ ခုန်ချသွားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်ငြား ယခုအခါ၌မူ မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရတော့ချေ။ မိမိ၏ လက်အောက်ခံ အင်အားကြီး သိုင်းပညာရှင်များမှာ မည်သည့်နေရာသို့ ပျောက်ကွယ်သွားကြသနည်း။

ယွင်ကျုံးဟဲ့သည် သူ၏ ထူးခြားဆန်းပြားသော အမြင်အာရုံကို အသုံးပြု၍ ရှာဖွေကြည့်ရှုသော်လည်း ထိုသူတို့၏ အရိပ်အယောင်ကိုပင် လုံးဝ ရှာမတွေ့ခဲ့ပေ။ သူတို့အားလုံး မည်သည့်နေရာသို့ ရောက်သွားကြသည်ကို မသိနိုင်ချေ။

တာရှန်းမိစ္ဆာနိုင်ငံ၏ အမှောင်ဧကရာဇ်ကြီး၊ တစ်နည်းအားဖြင့် ယခင် တာယင်အင်ပါယာ၏ ဧကရာဇ်သည် မည်သည့်နေရာ၌ ရှိနေသနည်း။ ထိုမီတာထောင်ချီ မြင့်မားလှသော အဆုံးစွန် ပိရမစ်ကြီး၏ အတွင်း၌သာ ရှိနေလေသည်လား။

အပိုင်း (၉၁၀)

ယွင်ကျုံးဟဲ့ ဧရာမ ပိရမစ် အတွင်းသို့ ချက်ချင်း မဝင်သေးဘဲ ပတ်ဝန်းကျင်တွင် လှည့်ပတ် ကြည့်ရှုနေသည်။

ဤမြေအောက် လောကသည် ယခင်က ဘာဖြစ်ခဲ့သနည်း။ ၎င်းတို့သည် မူလက မြေပြင်ပေါ်တွင် ရှိနေခဲ့ပြီး ထူးခြားသော အကြောင်းရင်းများကြောင့် မြေအောက်သို့ နစ်မြုပ်သွားခဲ့ခြင်းလား။

ယွင်ကျုံးဟဲ့ ပိရမစ် အနီးသို့ ဆက်လျှောက်သွားသည်။ ဤနေရာတွင် အလယ်ရှိ ဧရာမ ပိရမစ်ကြီး၏ အရိပ်အယောင်ကို လုံးဝ မမြင်ရတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်နှာချင်းဆိုင်တွင် မီတာ တစ်ရာ မြင့်သော ပိရမစ် အသေးစား ရှိနေပြီး တောင်ကြီး တစ်တောင်ကဲ့သို့ သူ၏ အမြင်အာရုံကို လုံးဝ ပိတ်ဆို့ထားသောကြောင့်ပင်။

ပိရမစ် အုပ်စု တစ်ခုလုံး၏ အလျားမှာ မီတာ တစ်ထောင့်ကိုးရာခန့် ရှိသည်။ ဤပိရမစ် ရှစ်ခုစလုံးတွင် လေ့ကျင့်နိုင်ပြီး အဆင့်များကလည်း ပထမမှ အဋ္ဌမ အထိ အဆက်မပြတ် မြင့်တက်သွား၏။

အနက်ရောင်ဘုရင်ကျိုးသည် ပဉ္စမမြောက် ပိရမစ် တွင် ဝင်ရောက် လေ့ကျင့်ခဲ့ဖူး၏။ တာယင် ဘုရင်၊ ချင်ဝမ် ယောင်ရောင်စသည့် လူများက အင်အားအကြီးဆုံးဖြစ်ပြီး ဆဋ္ဌမမြောက် ပိရမစ်တွင် ဝင်ရောက် လေ့ကျင့်ခဲ့ကြသည်။

သတ္တမမြောက် နှင့် အဋ္ဌမမြောက် ပိရမစ်များကိုမူ မည်သူမှ မဝင်ရောက်ဖူးကြတော့ပေ။ ထို့အပြင် မည်သူကမှ သတ္တမမြောက် ပိရမစ် တွင် ဝင်ရောက် လေ့ကျင့်နိုင်စွမ်း မရှိကြပေ။

သို့ပေမည့် တာရှန်းမိစ္ဆာနိုင်ငံ၏ အမှောင် ဧကရာဇ်ကြီးသည် နဝမမြောက် ပိရမစ် အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အဆုံးစွန် အမှောင် မျှော်စင်ကြီးဖြစ်သည့် နဝမမြောက် ပိရမစ် သည် ဟေးယန်အင်ပါယာ၏ ပိရမစ် ထက် အများကြီး၊ အများကြီး ပိုမို လျှို့ဝှက်၏။

ဆိုလိုသည်မှာ ဤအဆုံးစွန် အမှောင်မျှော်စင်ကြီး သည် ယွင်ကျုံးဟဲ့ ဖြတ်သန်းခဲ့ဖူးသော မည်သည့် ပိရမစ် ထက်မဆို ပိုမို လျှို့ဝှက်ဆန်းကြယ်သည်၊ ပိုမို အင်အားကြီးသည်၊ ပိုမို ကြောက်စရာ ကောင်းသည်။

‘တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်က နတ်ဘုရား ဖြစ်လာအောင် လေ့ကျင့်နေတယ်လို့ လူအများအပြား ပြောကြတာ မဆန်းတော့ပါဘူး။ ဆဋ္ဌမမြောက် ပိရမစ်မှာ လေ့ကျင့်ပြီးတာတောင် ဒီလောက် အင်အားကြီးနေပြီ ဆိုရင်၊ အဆုံးစွန် ပိရမစ် ထဲ ဝင်သွားရင် တိုက်ရိုက် နတ်ဘုရား ဖြစ်သွားမှာ မဟုတ်ဘူးလား။’

နဝမမြောက် အဆုံးစွန် ပိရမစ်သည် အလွန် အင်အားကြီးပြီး ကြောက်စရာ ကောင်းလွန်းသောကြောင့် တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ် ဝင်ရောက်သွားသည်မှာ ဆယ်နှစ် ရှိနေပြီ ဖြစ်သော်လည်း ထွက်မလာသေးခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။

ဤအချက်က ယွင်ကျုံးဟဲ့ကို ဟေးယန်အင်ပါယာ၏ အနက်ရောင် နဂါးဘုရင်ကို သတိရသွားစေ၏။ ဟေးယန်အင်ပါယာတွင်လည်း မရေမတွက်နိုင်သော လူများက နဝမမြောက် ပိရမစ် အတွင်းသို့ ဝင်ရောက်ခဲ့ကြသော်လည်း တစ်ယောက်မှ အသက်ရှင်လျက် ထွက်မလာနိုင်ခဲ့ကြပေ။

ထိုအနက်ရောင် နဂါးဘုရင် သည်လည်း ခြွင်းချက် မဟုတ်ခဲ့ဘဲ ဝင်သွားပြီးနောက် ပြန်ထွက်မလာနိုင်တော့ဘဲ ယွင်ကျုံးဟဲ့က သူ့ကို ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ဟေးယန်အင်ပါယာ၏ ကျိန်စာသင့်နယ်မြေအတွင်းရှိ ကိုးခုမြောက် ပိရမစ်ကြီးထဲသို့ ဝင်ရောက်ခဲ့စဉ်အခါက ထိုနေရာမှ အတားအဆီးများမှာ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလှပြီး ငရဲပမာ ပြင်းထန်လွန်းသောကြောင့် မိမိကိုယ်ကိုယ် လမ်းလျှောက်နေသော အလောင်းကောင် တစ်ကောင်အသွင်သို့ ရောက်ရှိသွားစေလုနီးပါး ဖြစ်ခဲ့ရသည်ကို ယနေ့တိုင် ကောင်းစွာ မှတ်မိနေဆဲ ဖြစ်၏။

ထိုသို့ဆိုလျှင် မျက်မှောက်တွင် ရှိနေသော ဤအဆုံးစွန် ပိရမစ်ကြီး၏ အန္တရာယ်မှာ မည်သည့် ပုံစံမျိုး ဖြစ်နေမည်နည်း။ ယွင်ကျုံးဟဲ့ ချဉ်းနင်းဝင်ရောက်သွားချိန်၌ ချက်ချင်းပင် ပြာမှုန်ဘဝသို့ ပြောင်းလဲသွားမည်လား။

ထို့ထက်ပို၍ အရေးကြီးသော အချက်မှာ ထိုလူများအားလုံး မည်သည့်နေရာသို့ ရောက်ရှိသွားကြသနည်း ဟူသော အချက်ပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် လူပေါင်းထောင်ချီ၍ ခေါ်ဆောင်ကာ ဤတွင်းနက်ကြီးအတွင်းသို့ အတူတကွ ခုန်ချခဲ့ကြခြင်း ဖြစ်ရာ ၎င်းတို့အားလုံးသည် ဤမြေအောက်ကမ္ဘာလောကအတွင်း၌ပင် ရှိနေသင့်သည် မဟုတ်ပါလား။

ထို့အပြင် တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ်သည်လည်း ဤမြေအောက်သို့ ဆင်းသက်ကာ တံခါးပိတ် ကျင့်ကြံ အားထုတ်ခဲ့စဉ်က အသွင်ပြောင်းသိုင်းပညာရှင်ပေါင်း သိန်းနှင့်ချီ၍ ခေါ်ဆောင်သွားခဲ့ဖူးသည်။ ထိုမျှ များပြားလှသော လူအုပ်ကြီးသည်လည်း ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိသွားကြသနည်း။

မည်သည့်အတွက်ကြောင့် ယခုအချိန်တွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့မြင်ရတော့သနည်း။ ထိုသူတို့အားလုံး ထိုဧရာမ ပိရမစ်ကြီး၏ အတွင်း၌များ ရှိနေကြသည်လား။

ယွင်ကျုံးဟဲ့ အပြင်ဘက်တွင် ခဏမျှ တင်ပျဉ်ခွေ ထိုင်နေပြီးနောက် အလယ်ရှိ ထိုအဆုံးစွန် ပိရမစ်ကြီး ဆီသို့ လျှောက်သွားသည်။

မီတာတစ်ထောင်တိတိ လျှောက်သွားပြီးနောက် နောက်ဆုံးတွင် ဧရာမ ပိရမစ်ကြီး ရှေ့သို့ ရောက်ရှိလာသည်။

‘ချီးတဲ့မှ... အရမ်း ကြီးလွန်းတယ်။ ဒီအမြင့်က ကမ္ဘာမြေပေါ်က ဘယ်အဆောက်အအုံထက်မဆို ပိုမြင့်ပြီး တောင်တန်း အများစုရဲ့ အမြင့်ထက်တောင် ပိုမြင့်သေးတယ်၊ မီတာ တစ်ထောင်တိတိ ရှိတယ်။’

အဆုံးစွန် ပိရမစ်၏ တံခါးကြီးသည် မျက်စိရှေ့တွင် ရှိနေသည်။ ဤဧရာမ တံခါးကြီးသည် အမြင့် မီတာ နှစ်ဆယ်ခန့် ရှိပြီး တံခါးပေါ်တွင် စာလုံးများ ပြည့်နှက်နေကာ အားလုံးမှာ နုဧကရာဇ် ၏ အနက်ရောင် ကျမ်းစာထဲမှ စာလုံးများ ဖြစ်၏။

နုဧကရာဇ် ၏ အနက်ရောင် ကျမ်းစာ ပဲ ဖြစ်ဖြစ်၊ ဧကရာဇ်ကြီး ၏ အနက်ရောင် ကျမ်းစာ ပဲ ဖြစ်ဖြစ် ကိုယ်တိုင် ရေးထားခြင်း မဟုတ်ဘဲ ပိရမစ် ထဲကနေ ဖတ်ပြီး ကူးယူထားခြင်းသာ ဖြစ်သည်။

ဤဧရာမ တံခါးကြီးပေါ်ရှိ စာလုံးများသည် ပိုမို အဆင့်မြင့်သော အနက်ရောင် ကျမ်းစာ ပင် ဖြစ်သည်။ ယွင်ကျုံးဟဲ့သည် ဤအဆင့်မြင့် အနက်ရောင် ကျမ်းစာကို တစ်လုံးချင်းစီ ဖတ်ရှုပြီးနောက် စိတ်ထဲတွင် မှတ်သားထားလိုက်၏။

ထို့နောက် နက်နက်ရှိုင်းရှိုင်း မတွေးတောတော့ဘဲ တံခါးကြီး ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားကာ လက်ဆန့်ထုတ်၍ ညင်သာစွာ တွန်းလိုက်သည်။

ဤဧရာမ တံခါးကြီးသည် အမြင့် မီတာ နှစ်ဆယ် ရှိပြီး အလေးချိန် တန်ရာချီ ရှိလောက်သော်လည်း အလွယ်တကူ တွန်းဖွင့်နိုင်ခဲ့၏။

အရှေ့တွင် ရှည်လျားသော လမ်းကြောင်းကြီး တစ်ခု ရှိပြီး အပေါ်သို့ စောင်းတက်နေကာ အဆုံးမရှိသကဲ့သို့ ဖြစ်နေ၏။ ဤအရာအားလုံးသည် သာမန် ပိရမစ်များနှင့် ဘာမှ မကွာခြားသကဲ့သို့ ဖြစ်နေသည်။

ယွင်ကျုံးဟဲ့ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လမ်းကြောင်းကြီး အတွင်းသို့ ဝင်ရောက်သွား၏။

မည်သည့်အကြောင်းကြောင့်ဟူ၍ အတိအကျမသိရသော်လည်း ဤရှည်လျားလှသော လမ်းကြောင်းကြီး အတိုင်း လျှောက်လှမ်းနေစဉ်အတွင်း ယွင်ကျုံးဟဲ့၏ အာရုံထဲ၌ မရေမတွက်နိုင်သော လူသားတို့၏ မျက်နှာပုံရိပ်များ ရုတ်ချည်း ထင်ဟပ်ပေါ်ပေါက်လာခဲ့သည်။

ထိုမျက်နှာများအားလုံးမှာလည်း သေလုမျောပါး ဖြစ်ပျက်နေကြသော မျက်နှာအမူအရာများချည်းသာ ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် အသက်ဇီဝိန်ချုပ်ခါနီး ဆဲဆဲအချိန်၌ ဖြစ်ပေါ်တတ်သော သေအံ့ဆဲဆဲ မျက်နှာသွင်ပြင်များဖြစ်ပြီး ရေတွက်၍ပင် မရနိုင်တော့ဘဲ အရေအတွက်အားဖြင့် ထောင်ချီ၊ သောင်းချီ၊ သိန်းချီ၍ များပြားလို့နေ၏။

ယွင်ကျုံးဟဲ့က သရဲမလေး၏ စွမ်းရည်ကို အလွယ်တကူ အသုံးပြုလိုက်ရာ ချက်ချင်းဆိုသလို လူသေ သိန်းချီ၏ မျက်နှာများသည် မျက်နှာချင်းဆိုင်သို့ ရုတ်တရက် ပြေးဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် သေခါနီး လူသိန်းချီ၏ စကားသံများသည် နားထဲတွင် ထွက်ပေါ်လာသည်။ တကယ့်ကို ထူးဆန်းပြီး ကြောက်စရာ ကောင်းလွန်း၏။

ယွင်ကျုံးဟဲ့ ရပ်တန့်လိုက်ပြီး သေဆုံးသွားသော လူများ၏ မျက်နှာများနှင့် စကားများကို သေချာ ကြည့်ရှု နားထောင်နေသည်။

တစ်ဆယ့်ငါးမိနစ်တိတိ ကြာပြီးနောက် ယွင်ကျုံးဟဲ့ မျက်တောင် တစ်ချက် ခတ်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် မရေမတွက်နိုင်သော လူသေများ၏ မျက်နှာများနှင့် စကားသံများ အားလုံး ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွား၏။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး ရှည်လျားသော လမ်းကြောင်းကြီး အဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်။

ယွင်ကျုံးဟဲ့ ဆက်လက်၍ ရှေ့သို့ လျှောက်သွားသည်။ တစ်ခဏချင်း အတွင်းမှာပင် သမိုင်းကြောင်းကို သူ ထပ်မံ မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွား၏။

ရူးသွပ်သော စစ်ပွဲများ၊ မရေမတွက်နိုင်သော လူများ သေဆုံးသွားကြ၏။ မရေမတွက်နိုင်သော မြို့များ ပြိုကျ ပျက်စီးသွားကြ၏။ မရေမတွက်နိုင်သော တောင်တန်းနှင့် မြစ်များ ကြီးမားစွာ ပြောင်းလဲသွားကြသည်။

သူ ရှေ့တစ်လှမ်း တိုးတိုင်း မြို့ တစ်မြို့၊ နိုင်ငံ တစ်နိုင်ငံ ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်သည်။ သေချာပေါက် ဤအရာအားလုံးမှာ ခေါင်းထဲမှ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။ သို့ပေမည့် တကယ့် အစစ်အမှန်နှင့် တူလွန်း၏။

ဤလမ်းကြောင်းကြီးသည် မီတာ ခြောက်ရာခန့် ရှည်လျားပြီး ယွင်ကျုံးဟဲ့သည် တစ်နာရီတိတိ အချိန်ယူကာ ဤလမ်းကြောင်းကြီးကို လျှောက်သွားခဲ့သည်။

လမ်းကြောင်းကြီး၏ အဆုံးသတ်သို့ ရောက်ရှိလာချိန်မှာတော့ အရှေ့တွင် တံခါး တစ်ပေါက် ရှိပြီး အနက်ရောင် ကျမ်းစာ စာလုံးများဖြင့် သေဆုံးခြင်း ဟူသော စာလုံး နှစ်လုံးကို ရေးသားထားသည်။ ဤသည်မှာ သေမင်း တံခါးပေါက်ပင်။

သူ ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ စောစောက သူ ဖြတ်လျှောက်လာခဲ့သော ရှည်လျားသည့် လမ်းကြောင်းကြီး ပျောက်ကွယ်သွားပြီး သူ၏ အနောက်တွင်လည်း တံခါး တစ်ပေါက် ရှိနေကာ အပေါ်တွင် ရှင်သန်ခြင်းဟု ရေးသားထားသည်။

ဘယ်ဘက်ကို ထပ်ကြည့်လိုက်ရာ တံခါး တစ်ပေါက် ရှိပြီး သံသရာ ဟု ရေးသားထားသည်။ ညာဘက်ကို ထပ်ကြည့်လိုက်ရာ တံခါး တစ်ပေါက် ရှိနေဆဲဖြစ်ပြီး ထာဝရ ရှင်သန်ခြင်းဟု ရေးသားထား၏။

ဤအချိန်တွင် ယွင်ကျုံးဟဲ့၏ အရှေ့၊ အနောက်၊ ဘယ်၊ ညာ အားလုံးတွင် တံခါးများ ရှိနေပြီး အသီးသီးမှာ သေဆုံးခြင်း၊ ရှင်သန်ခြင်း၊ သံသရာ၊ ထာဝရ ရှင်သန်ခြင်းတို့ ဖြစ်ကြသည်။

ထို့အပြင် သူ့တွင် သွားစရာ လမ်းမရှိတော့ဘဲ တံခါး တစ်ပေါက်ကို ရွေးချယ်၍ သွားရမှာဖြစ်၏။

‘လေးခုထဲက တစ်ခု ရွေးရမှာလား။ မှားရွေးမိရင် ဘယ်လို အဆုံးသတ်မျိုး ဖြစ်မလဲ။ အဲဒီတုန်းက တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်က ဘယ်တံခါးကို ရွေးခဲ့တာလဲ။ ဘယ်လို ရွေးရမလဲ။’

ယွင်ကျုံးဟဲ့သည် သေရေးရှင်ရေး ရွေးချယ်မှု တစ်ခု အတွင်းသို့ ကျရောက်သွားသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ မရွေးချယ်ခဲ့ဘဲ မူလ နေရာတွင် တိတ်ဆိတ်စွာ တင်ပျဉ်ခွေ ထိုင်နေပြီး ပုံမှန် အမြင်အာရုံ အတွင်းသို့ ဝင်ရောက်သွား၏။

ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျနေပြီး ဟာလာဟင်းလင်း ဖြစ်နေကာ တံခါး လေးပေါက်လုံး ပျောက်ကွယ်သွား၏။ ထူးခြားသော အမြင်အာရုံ အတွင်းသို့ ဝင်ရောက်သွားရာ တံခါး လေးပေါက် အသီးသီး ရှိနေပြန်သည်။

ယွင်ကျုံးဟဲ့ ဆက်လက်၍ မရွေးချယ်သေးဘဲ မျက်တောင်များကို အဆက်မပြတ် ခတ်ကာ မတူညီသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများသို့ အဆက်မပြတ် ဝင်ရောက်နေသည်။ သူ မျက်တောင်ခတ်ပြီး မျက်လုံး ဖွင့်လိုက်တိုင်း မြင်တွေ့ရသည်များက မတူညီကြပေ။

သို့ပေမည့် အားလုံးက တံခါး လေးပေါက်သာ ဖြစ်ပြီး တံခါး ပုံစံများ မတူညီသလို၊ စာလုံးများလည်း မတူညီကြ‌ချေ။

‘ထူးဆန်းတယ်။ ဒါပေမဲ့... ဘယ်လို ရွေးရမလဲ ဆိုတာ မသိသေးဘူး။’

ယွင်ကျုံးဟဲ့ မျက်စိ ထပ်မံ မှိတ်လိုက်ပြီး အင်အားကြီးမားသော စိတ်စွမ်းအားများကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် သတ်ပစ်လိုက်သည်။

မှန်ပေသည်။ မိမိကိုယ်မိမိ သတ်သေခြင်းပင် ဖြစ်သည်။ အမှန်တကယ်ပင် မိမိကိုယ်မိမိ သတ်သေခဲ့ခြင်း ဖြစ်၏။

သူသည် မိမိ၏ ဝိညာဉ်ကို ကိုယ်တိုင် သတ်ဖြတ်ကာ သေလုမျောပါး အခြေအနေသို့ ရောက်ရှိသွားအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ အနက်ရောင် ကျမ်းစာထဲတွင် စကားတစ်ခွန်း ရှိလေသည်။ သေမင်း ထာဝရ ရှင်သန်ခြင်း ဟူ၍ ဖြစ်သည်။

မကြာမီ ယွင်ကျုံးဟဲ့၏ နှလုံးခုန်နှုန်း ပို၍ ပို၍ နှေးကွေးလာပြီး သွေးခုန်နှုန်းလည်း ပို၍ ပို၍ နှေးကွေးလာကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး သေဆုံးမှု အခြေအနေ အတွင်းသို့ ဝင်ရောက်သွား၏။

ဤအချိန်တွင် သူ၏ မျက်လုံး သူငယ်အိမ်များ လုံးဝ ပြောင်းလဲသွားပြီး ရင်းနှီးနေသော ခံစားချက်မျိုး ပြန်ပေါ်လာပြန်သည်။

ပင်လယ်အောက် ပိရမစ် တွင် ပင်လယ် အရှင်သခင်ကြီး ဖြစ်သော အသွင်ပြောင်း မကောင်းဆိုးဝါး နဂါး၏ လျှပ်စစ် တိုက်ခိုက်မှုကြောင့် ဝိညာဉ် လွင့်စင်သွားခဲ့ရသည့် အချိန်ကကဲ့သို့ နံပါတ် ၃ စိတ်ရောဂါသည် ဝင်ပူးလာခဲ့၏။

မျက်လုံး ထပ်ဖွင့်လိုက်ချိန်တွင် မျက်လုံး သူငယ်အိမ် နှစ်ခုလုံး လုံးဝ မတူညီတော့ဘဲ လုံးဝ စိမ်းသက်နေသော မျက်လုံးများ ဖြစ်သည်။

နံပါတ် ၃ စိတ်ရောဂါသည် ၏ အမြင်အာရုံ အတွင်းတွင် တံခါး လေးပေါက်လုံး ပျောက်ကွယ်သွားပြီး ဟာလာဟင်းလင်းလည်း မဟုတ်တော့ပေ။

အရှေ့တွင် အမှောင်အတိကျနေပြီး ကျဉ်းမြောင်းသော အလင်းတန်းလေး တစ်ခုက လေထဲတွင် တွဲလောင်းကျနေသော တံတားလေး တစ်စင်းပေါ်သို့ ကျရောက်နေကာ ဘေးနှစ်ဖက်စလုံးတွင် အဆုံးအစ မရှိသော တွင်းနက်ကြီးများ ရှိနေသည်။

ယွင်ကျုံးဟဲ့ ဤတံတားလေးပေါ်သို့ တက်သွားသည်။ အစောပိုင်းက တံခါးလေးပေါက်စလုံးမှာ သွားရောက်၍ မရနိုင်ခဲ့ဘဲ အားလုံးမှာ မှားယွင်းနေခဲ့၏။

သို့ပေမည့် အနည်းငယ် ထူးဆန်းလို့နေသည်။ တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်တွင် နံပါတ် ၃ စိတ်ရောဂါသည် မရှိခဲ့ချေ။ ထိုစဉ်က သူသည် မည်သို့ ရွေးချယ်ခဲ့ပါသနည်း။

ဤတွင်းနက်ကြီးအထက် လေထဲတွင် တွဲလောင်းကျနေသော တံတားငယ်လေးကို ဖြတ်သန်းသွားချိန်၌ ရှေ့သို့တစ်လှမ်းတိုးတိုင်း နောက်ကွယ်မှ တံတားမှာ ပြိုကျပျက်စီးသွားခဲ့သည်။ ရှေ့သို့သာ လျှောက်လှမ်း၍ ရပြီး နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။

ဤသည်မှာ ငရဲတံတားဖြစ်နေသည်လား။ အပြန်လမ်းဟူ၍ မရှိတော့ပေ။

လေထဲ တွဲလောင်းကျနေသည့် တံတားလေးကို ဖြတ်လျှောက်သွားပြီးနောက် အဆုံးသတ်တွင် စက်ဝိုင်းပုံ စင်မြင့် တစ်ခု ရှိသည်။

လေထဲ တွဲလောင်းကျနေသော တံတားလေး ပြိုကျသွားပြီး ဤစက်ဝိုင်းပုံ စင်မြင့်လေးသာ ကျန်ရှိတော့ရာ ယွင်ကျုံးဟဲ့သည် အပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်စိမှိတ်လိုက်၏။

နံပါတ် ၃ စိတ်ရောဂါသည်၏ အမြင်အာရုံမှ ထွက်ခွာလာပြီး သူ၏ ကိုယ်ပိုင် အမြင်အာရုံ အတွင်းသို့ ဝင်ရောက်သွားသည်။

ထို့နောက် ဤစက်ဝိုင်းပုံ စင်မြင့်လေးသည် စတင် မြင့်တက် ရွေ့လျားလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးက လုံးဝ အမှောင်အတိ ကျနေဆဲ ဖြစ်၏။

အဆက်မပြတ် မြင့်တက်နေသည်၊ မြင့်တက်နေ၏။ ထို့နောက် ပြန်လည် ကျဆင်းလာသည်၊ ကျဆင်းလာသည်။

ထို့နောက် ထပ်မံ မြင့်တက်လာပြန်သည်၊ မြင့်တက်လာသည်။ ထို့နောက် ထပ်မံ ကျဆင်းလာပြန်ပြီး ငရဲဘုံ ဆယ့်ရှစ်ထပ် အထိ ရောက်သွားတော့မည့် အလား ဖြစ်နေ၏။

ရုတ်တရက် စက်ဝိုင်းပုံ စင်မြင့်လေး နောက်ဆုံး၌ ရပ်တန့်သွားပြီး မည်သည့် နေရာတွင် ရောက်ရှိနေမှန်း မသိတော့ပေ။

All Chapters