← Chapters

အခန်း (၉၁၃-၉၁၄)

Vol. 77 Ch. 913-914

အခန်း (၉၁၃-၉၁၄)

Vol. 77 Ch. 913-914

အပိုင်း (၉၁၃)

ယွင်ကျုံးဟဲ့သည် ဓားမြှောင်ကို တာရှန်း ဧကရာဇ်ကြီး၏ လည်ပင်းပေါ်တွင် တင်လိုက်ပြီး အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ခေါင်းကို ဖြတ်ပစ်နိုင်ပြီ ဖြစ်သည်။

‘ဒီလောကမှာ အယုတ်မာဆုံး၊ အင်အားအကြီးဆုံး၊ အမှောင်မိုက်ဆုံး ဧကရာဇ်မင်းကြီး သေဆုံးသွားတော့မှာပဲ။’

ယွင်ကျုံးဟဲ့သည် သူ၏ စိတ်ထဲတွင် နောက်ပြန် ရေတွက်လိုက်၏။ ‘သုံး၊ နှစ်၊ တစ်...’

ထို့နောက် သူ၏ ဓားမြှောင်ဖြင့် ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်။

သို့ပေမည့် သူသည် တစ်ဖက်လူ၏ ဦးခေါင်းကို ဖြတ်တောက်ခြင်း မပြုခဲ့ဘဲ လည်ပင်းပေါ်တွင် သွေးထွက်သံယို ဖြစ်စေသော ဒဏ်ရာတစ်ခုမျှသာ ဖြစ်ပေါ်စေခဲ့သည်။ သူ၏ နှလုံးသားမှာ တုန်ယင်ချောက်ချားသွားသကဲ့သို့ လက်များလည်း တုန်ယင်သွားခဲ့ရ၏။

ထို့နောက် ယွင်ကျုံးဟဲ့သည် မျက်စိကို မှိတ်ကာ လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် မျက်လုံးကို ပြန်လည်ဖွင့်လိုက်ရာ အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

‘ချီးတဲ့မှ....’

မျက်မှောက်ရှိ ကျောက်ခေါင်းတလားအတွင်းက လူမှာ တာရှန်းဧကရာဇ်ကြီး မဟုတ်ဘဲ သူ၏ သားဖြစ်သူ ယွင်ယောင် ဖြစ်နေ၏။

မျက်တောင်တစ်ချက် ခတ်လိုက်ရုံမျှဖြင့် အမြင်အာရုံလှည့်စားမှုများ ပျောက်ကွယ်သွားပြီး တာရှန်း ဧကရာဇ်ကြီးမှာ ယွင်ယောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤလူမှာ ယွင်ကျုံးဟဲ့ အချစ်ဆုံးနှင့် အားအနာဆုံး ဖြစ်ရသည့် သားကြီး မဟုတ်ပါလား။ သူသည် အရွယ်ရောက်သော လူကြီးတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ရာ အလွန်ပင် ချောမောခန့်ညားကာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်ရင့်ကျက်၍ နူးညံ့ပျော့ပြောင်းသည့် အသွင်ရှိသည်။ သူ၏ လည်ပင်းမှ သွေးများ စီးကျနေ၏။

ယွင်ကျုံးဟဲ့သည် လက်ကို ဆန့်ထုတ်ကာ သွေးများကို သုတ်ယူလိုက်ပြီး နှာခေါင်းနားသို့ ကပ်လျက် ရင်းနှီးလှသော အနံ့အသက်ကို ရှူရှိုက်ကြည့်လိုက်မိသည်။

‘အရမ်းကို ကောက်ကျစ်တဲ့ တာရှန်းဧကရာဇ်ကြီးပဲ။’

သူသည် အမြင်အာရုံ လှည့်စားမှုများကို အဆက်မပြတ် ဖန်တီးကာ ယွင်ကျုံးဟဲ့အား မိမိ၏ သားအရင်းကို မိမိကိုယ်တိုင် သတ်ဖြတ်မိစေရန် လှည့်ဖြားနေခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့သည်လည်း ကံကောင်းထောက်မစွာဖြင့် အမြော်အမြင်ရှိပြီး တစ်ဖက်လူ၏ အဆိုးယုတ်ဆုံး ရည်ရွယ်ချက်များကို ကြိုတင်မှန်းဆနိုင်ခဲ့၍သာ တော်တော့သည်။

မဟုတ်ပါက ယွင်ယောင်ကို အမှန်တကယ် သတ်ဖြတ်မိသွားပါလျှင် တစ်သက်တာလုံး နာကျင်ခံစားရမှာ ဖြစ်သည့်အပြင် အတွင်းစိတ်ဝိညာဉ်နှင့် စိတ်ပိုင်းဆိုင်ရာများပါ ပြိုလဲပျက်စီးသွားရပေလိမ့်မည်။

ထို့နောက်တွင်မူ တာရှန်းဧကရာဇ်ကြီးနှင့် ဆက်လက်ဆင်နွှဲရမည့် တိုက်ပွဲ၌ မတိုက်ခိုက်ရသေးမီကပင် ရင်ဆိုင်ခြင်းမပြုရဘဲ ရှုံးနိမ့်သွားရမှာဖြစ်၏။

“ဟား ဟား ဟား ဟား...”

“ဟူး...”

တာရှန်း ဧကရာဇ်ကြီး၏ ရယ်မောသံနှင့် သက်ပြင်းချသံ တပြိုင်နက်တည်း ထွက်ပေါ်လာ၏။ ရယ်မောခြင်းက သူ ယွင်ကျုံးဟဲ့ကို ကစားနိုင်ခဲ့လို့ ဂုဏ်ယူနေခြင်းဖြစ်ပြီး သက်ပြင်းချသည်မှာ သူ၏ အကြံအစည် မအောင်မြင်ခဲ့သောကြောင့်ပင်။

အချိန် အတော်ကြာ ရယ်မောပြီးနောက် တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်သည်။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ခင်ဗျားက တကယ်ကို မြေခွေးလို ဉာဏ်များတာပဲနော်။”

ယွင်ကျုံးဟဲ့က ပြန်ပြော၏။ “အရှင်နဲ့ ယှဉ်လိုက်ရင် ဒါက ဘာမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်က အရှင်က ကျုပ်ကို ဘယ်နှခါတောင် လှည့်စားခဲ့ပြီးပြီလဲ။”

တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်သည်။ “ဒီခေါင်းတလား ကိုးခုမှာ ခင်ဗျား တစ်ခု ဖွင့်ပြီးသွားပြီ၊ ကျုပ်ကို မတွေ့ခဲ့ဘူးလေ။ ကျုပ် ခင်ဗျားကို ရိုးရိုးသားသား ပြောပြမယ်။ ကျုပ်က ဒီခေါင်းတလား ကိုးခုထဲက တစ်ခုမှာ ရှိနေတယ်။ ပြီးတော့ ကျုပ်က တကယ်ကို ကြက်လေး တစ်ကောင်တောင် မသတ်နိုင်အောင် အားနည်းနေပြီး လုံးဝ မလှုပ်ရှားနိုင်ဘူး။ ခင်ဗျားက ကျုပ်ကို အလွယ်တကူ သတ်ပစ်နိုင်ပါတယ်။ ခင်ဗျား ဆက်ပြီး ရှာလေ... ဆက်ပြီး ရှာလေ...”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဧကရာဇ်မင်းကြီး... အဲဒီတုန်းက နုဧကရာဇ် ကလည်း ဒီလိုပဲ လုံးဝ မလှုပ်ရှားနိုင်ခဲ့တာလား။”

တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “ဟုတ်တယ်၊ သေချာပေါက် ဟုတ်တာပေါ့။”

ယွင်ကျုံးဟဲ့က ထပ်မေး၏။ “အဲဒီတုန်းက နုဧကရာဇ် ကလည်း စိတ်စွမ်းအားကို သုံးပြီး ကျုပ်ရဲ့ ဘိုးဘေး ရှကျိုးနဲ့ ဆက်သွယ်ခဲ့ပြီး သူ့ကို မြှူဆွယ်ခဲ့တာလား။ ရှကျိုးကို ကျီရွှေ့အဖွဲ့အစည်းကနေ သစ္စာဖောက်စေပြီး သူ့ကို ကယ်တင်ခိုင်းကာ ဒီမြေအောက်ပိရမစ် အုပ်စုကို ခေါ်လာခိုင်းခဲ့တာလား။ ပြီးတော့ နုဧကရာဇ်ကို ပြန်လည် ရှင်သန်လာအောင် အစွမ်းကုန် ကြိုးစားခိုင်းခဲ့တာလား။”

တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို အဲဒီတုန်းက နုဧကရာဇ်က စိတ်စွမ်းအားနဲ့ ဆက်သွယ်ပြီး ရှကျိုးကို ဘာတွေ ပြောခဲ့တယ်လို့ အရှင် ထင်လဲ။”

တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “ကျုပ် ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ အတိတ်က ကိစ္စတွေက ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ။ အခု ဒါက ကျုပ်တို့ နှစ်ယောက်ကြားက စစ်ပွဲလေ။ ကျုပ်က ဒီခေါင်းတလား ကိုးခုထဲမှာပဲ ရှိပါတယ်။ ကျုပ်ကို ရှာတွေ့တာနဲ့ အလွယ်တကူ သတ်ပစ်နိုင်ပါတယ်။ ခင်ဗျား ဆက်ပြီး ရှာလေ... ဆက်ပြီး ရှာလေ...”

ယွင်ကျုံးဟဲ့၏ အကြည့်များက အခြား ခေါင်းတလား ရှစ်ခုဆီသို့ ရောက်ရှိသွား၏။

‘တာရှန်း ဧကရာဇ်ကြီးက ဘယ်ခေါင်းတလားထဲမှာ ရှိနေတာလဲ။ ပဉ္စမမြောက်ထဲမှာ မရှိဘူးဆိုတော့ ပထမမြောက် ထဲမှာလား၊ ဒါမှမဟုတ် နဝမမြောက် ထဲမှာလား။’

အကယ်၍ ပထမမြောက်တံခါးကို ဖွင့်လှစ်လိုက်ပါက မင်းသမီး ရှန်းရှန်းကို တွေ့ရှိရမည်လား။ ထို့အတူ နဝမမြောက်တံခါးကို ဖွင့်လှစ်လိုက်လျှင် သွေးစွန်းဘုရင်မနှင့် တွေ့ဆုံရမည်လား ဟူသော မေးခွန်းများမှာ စဉ်းစားစရာ ဖြစ်လာသည်။

ဤသင်္ချိုင်းဂူသည် တာရှန်းဧကရာဇ်၏ စိတ်ပိုင်းဆိုင်ရာ စိုးမိုးရာနယ်မြေ ဖြစ်နေသည့်အတွက် ယွင်ကျုံးဟဲ့ အနေဖြင့် အသာစီးရရန် လုံးဝမဖြစ်နိုင်ပေ။

ဤနေရာ၌ တာရှန်းဧကရာဇ်၏ စိတ်စွမ်းအားသည် အတိုင်းအဆမဲ့ ပြင်းထန်နေသည်။ ဧကရာဇ်ကိုယ်တိုင် ပြောခဲ့သည့်အတိုင်း သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေပြီး အင်အားကြီးမားလှသော စိတ်စွမ်းအား တစ်ခုသာ ကျန်ရစ်နေခြင်း ဖြစ်ပေလိမ့်မည်။

တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်သည်။ “အမတ်ကြီး ယွင်ကျုံးဟဲ့... တုံ့ဆိုင်းနေတာနဲ့ တွေးတောနေတာက ဘာမှ အသုံးမဝင်ဘူးလို့ ကျုပ် ထင်တယ်။ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်နိုင်ဖို့ မကူညီနိုင်ပါဘူး။ အဲဒါကြောင့် ခင်ဗျား မြန်မြန် လုပ်မှရမယ်။ ဘာလို့လဲဆိုတော့ ဒီနေရာက ကျုပ်ရဲ့ အိမ်ကွင်းလေ။ ခင်ဗျားရဲ့ စိတ်စွမ်းအားက အင်အားကြီးပေမယ့် အကန့်အသတ် ရှိတယ်။ ပြီးတော့ ကျုပ်ကို လုံးဝ မမီပါဘူး။ အကယ်၍ ခင်ဗျားရဲ့ စိတ်စွမ်းအား ကုန်ခမ်းသွားရင် သေချာပေါက် သေရမှာပဲ။

အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ရွေးချယ်မှု အသစ်ကို မြန်မြန် လုပ်လိုက်ပါ။ နောက်ထပ် ခေါင်းတလား တစ်ခုမှာ ခင်ဗျား ကျုပ်ကို ရှာတွေ့ချင် တွေ့နိုင်တာပဲလေ။ အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ဒီလောက် ခက်ခဲလို့လား။ ရှစ်ခုထဲက တစ်ခု ရွေးတာ ဒီလောက် ခက်ခဲလို့လား။”

ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်ပြီး ထပ်မံ စဉ်းစားခန်း ဝင်လိုက်၏။

‘နံပါတ် ၉ ကွမ်တမ်က ဆယ်ကြိမ်မက တွက်ချက်ခဲ့ပေမယ့် ရလဒ်တွေက အတူတူပဲ။ ပဉ္စမမြောက် ခေါင်းတလားရဲ့ ဖြစ်နိုင်ခြေက ၅၁ ရာခိုင်နှုန်း၊ ပထမနဲ့ နဝမ ခေါင်းတလားတွေရဲ့ ဖြစ်နိုင်ခြေက ၅၀ ရာခိုင်နှုန်းစီ။ ဒါဆို တကယ်တမ်း ဘယ်တစ်ခုလဲ။’

အထဲ၌ လှဲလျောင်းနေသူများမှာ လှုပ်ရှားနိုင်စွမ်း မရှိကြသောကြောင့် မည်သည့်အရာကိုမဆို စိတ်ကြိုက် ဖွင့်လှစ်ရန် အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။ ဤသို့တွေးတောခြင်းမှာ အဓိပ္ပာယ်မဲ့သယောင် ရှိနေသည်။

တာရှန်းဧကရာဇ်ကမူ ခေါင်းတလား ကိုးခုအနက် တစ်ခုကို ရွေးချယ်ရမည်ဖြစ်ပြီး မှားယွင်းစွာ ရွေးချယ်မိပါက အတွင်းရှိ အစွမ်းထက်မြက်သော စွမ်းအားများ ထွက်ပေါ်လာကာ ယွင်ကျုံးဟဲ့ကို သုတ်သင်ပစ်လိမ့်မည်ဟု သတိပေးထားခဲ့သည်။ သို့သော်လည်း ယွင်ကျုံးဟဲ့ ဖွင့်လှစ်ခဲ့သော ပဉ္စမမြောက် ခေါင်းတလားက သူ့ကို မည်သို့မှ မပြုလုပ်ခဲ့ပေ။

အဆိုပါဖြစ်ရပ်မှာ တာရှန်းဧကရာဇ်၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ရပ်သာ ဖြစ်နိုင်ချေရှိသည်။ ယွင်ကျုံးဟဲ့အနေဖြင့် မိမိ၏သားအရင်းဖြစ်သူ ယွင်ယောင်ကို ကိုယ်တိုင်သတ်မိသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားပါက သေဆုံးခြင်းထက် ပိုမိုဆိုးရွားသော စိတ်ဒုက္ခမျိုး ကြုံတွေ့ရလိမ့်မည်ဟု ယူဆရသော်လည်း ဤအခြေအနေမှာ မည်သို့မျှ ယုတ္တိမရှိသလို ဖြစ်နေသည်။

တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်၏။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... မြန်မြန် လုပ်ပါ၊ မြန်မြန် ရွေးပါ။ ကျုပ်က ဒီခေါင်းတလား ကိုးခုထဲက တစ်ခုမှာ သေချာပေါက် ရှိနေပါတယ်။”

ယွင်ကျုံးဟဲ့ ရုတ်တရက် မေးလိုက်သည်။ “ဧကရာဇ်မင်းကြီး... အရှင်က ဒီလောက်တောင် လောနေတာ၊ တခြား ခေါင်းတလားတွေကို ကျုပ်ကို တွန်းဖွင့်စေချင်လို့မလား။ ပြီးတော့ အဲဒီအထဲမှာ လှဲအိပ်နေတဲ့ လူပဲ ဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ် ဖွင့်လိုက်တာနဲ့ တကယ်ပဲ ကျုပ်ကို သတ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေ ဖြစ်သွားပြီလေ။

ဝိညာဉ် မရှိဘူး၊ စိတ်စွမ်းအား မရှိဘူး။ အဲဒါကြောင့် ကျုပ်ရဲ့ အင်အားကြီးမားတဲ့ စိတ်စွမ်းအားတွေက သူတို့အပေါ် ဘာမှ အသုံးမဝင်တော့ဘူး။ အရှင်က ကျုပ်ကို တခြား ခေါင်းတလားတွေ ဖွင့်ဖို့ ဒီလောက်တောင် လောနေတာ ကျုပ်ကို သတ်ချင်လို့လား၊ ဒါမှမဟုတ် ဖမ်းချင်လို့လား။ အရှင့်ရဲ့ နောက်ဆုံး အသွင်ပြောင်းမှုကို ကူညီဖို့လား။”

ခဏမျှ ရပ်တန့်သွားပြီးနောက် ယွင်ကျုံးဟဲ့က ထပ်မေး၏။ “အရှင်က ဘာလို့ ဒီလောက် လောနေရတာလဲ။ ဒါဆို အဖြေက တစ်ခုတည်းပဲ ရှိတော့တယ်။ အရှင်က ဒီပဉ္စမမြောက် ခေါင်းတလားထဲမှာ လှဲအိပ်နေတာပဲ။ ကျုပ် စောစောက အရှင့်ကို သတ်တော့မလို့ လုပ်တုန်းက ကျုပ်သား ယွင်ယောင်ရဲ့ပုံစံ ဖြစ်သွားတယ်။

ဒါက စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ လှည့်စားမှု သက်သက်ပဲ။ ဒီယွင်ယောင်က အစစ် မဟုတ်ဘူး။ အရှင်က ကျုပ် အရှင့်ကို မသတ်နိုင်အောင်လို့ စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ လှည့်စားမှု ဖန်တီးလိုက်တာပဲ။ ဘာလို့လဲဆိုတော့ ကျုပ် အားအနာဆုံးက ယွင်ယောင် ဆိုတာကို အရှင် သိလို့လေ။

တာရှန်း ဧကရာဇ်ကြီး... အရှင်က ကျုပ် ရှေ့မှာပဲ ရှိနေတုန်းပဲ။ ပဉ္စမမြောက် ခေါင်းတလားထဲက လူပဲ။ အခု ယွင်ယောင်ရဲ့ ပုံစံ ဖြစ်နေရင်တောင်မှ အရှင်ပဲ။”

တာရှန်း ဧကရာဇ်ကြီးက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ဟုတ်လား။ ဒါဆို ခင်ဗျား လုပ်လေ၊ ခင်ဗျား ကျုပ်ကို သတ်လေ။”

ယွင်ကျုံးဟဲ့သည် ပဉ္စမမြောက် ခေါင်းတလား အတွင်း၌ လှဲလျောင်းနေသော ထိုလူကို ကြည့်လိုက်ရာ တကယ်ပင် ယွင်ယောင်ဖြစ်နေပြီး အလွန် အစစ်အမှန်နှင့် တူလွန်းလှကာ လည်ပင်းဒဏ်ရာမှ ထွက်ကျလာသော သွေးများပင်လျှင် ပုံမှန် ဖြစ်နေ၏။

‘ဒါက တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ် ဖန်တီးထားတဲ့ ပုံရိပ်ယောင်လား။ အကယ်၍ တကယ့် ယွင်ယောင် သာ ဖြစ်နေရင်ကော။’

တာရှန်း ဧကရာဇ်ကြီးက အေးစက်သည့် လေသံဖြင့် ဆက်ပြောလိုက်၏။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ခင်ဗျားက တကယ် ဉာဏ်ကောင်းတာပဲ။ ဒီလောက်တောင် အများကြီး တွေးနိုင်တယ်၊ ဒီလောက်တောင် ထိုးထွင်း သိမြင်နိုင်တယ်ပေါ့။ ဒါဆို ခင်ဗျား လုပ်လေ။ သူက ယွင်ယောင် မဟုတ်ဘူးလို့ ခင်ဗျား ပြောတယ် မလား။ ဒါဆို သူ့ကို သတ်လိုက်လေ၊ အားနာ မနေပါနဲ့။ လာပြီး ကျုပ်ကို သတ်လှည့်ပါ၊ လာပြီး ကျုပ်ကို သတ်လှည့်ပါ...”

“ဟားဟားဟားဟား...”

တာရှန်း ဧကရာဇ်ကြီး အဆက်မပြတ် ရူးသွပ်စွာ ရယ်မောနေသည်။ “လာပြီး ကျုပ်ကို သတ်လှည့်ပါ၊ လာပြီး ကျုပ်ကို သတ်လှည့်ပါ...”

ယွင်ကျုံးဟဲ့သည် ခေါင်းတလား အတွင်းရှိ လူကို ကြည့်နေသည်။ တကယ်ပဲ သူ၏သား ဖြစ်နေသည်။ သူ အားအနာရဆုံး သားကြီး၊ သူ အချစ်ဆုံး သား ဖြစ်၏။

‘တကယ်ပဲ သူ့ကို သတ်ရတော့မှာလား။ အကယ်၍ မှားသွားပြီး ကိုယ့်သားအရင်းကို တကယ် သတ်မိသွားမယ် ဆိုရင်တော့ တစ်သက်လုံး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ အဲဒါဆိုရင် တကယ်ပဲ သေရတာထက် ပိုဆိုးသွားလိမ့်မယ်။’

ယွင်ကျုံးဟဲ့ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ ယုံကြည်မှုကို ခိုင်မာစေလိုက်သည်။

‘ဟုတ်တယ်။ ခင်ဗျား.. ခင်ဗျားပဲ တာရှန်း ဧကရာဇ်ကြီး…’

ထို့နောက် ယွင်ကျုံးဟဲ့သည် ယွင်ယောင်နှင့် တူသောလူ၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။ ဤတစ်ကြိမ်တွင် အလွန် ပြတ်သားလွန်းလှ၏။

သို့သော်လည်း ယွင်ကျုံးဟဲ့၏ ဓားမြှောင်ဖြင့် ခုတ်ပိုင်းလိုက်သည့်အချိန်၌ပင် မျက်စိရှေ့မှ ခေါင်းတလားကြီးမှာ ပျောက်ကွယ်သွားခဲ့သည်။

“ရွှီး...”

ဤသည်မှာ ၀.၀၁ စက္ကန့်အတွင်း ဖြစ်ပျက်သွားသည့် ကိစ္စရပ်ဖြစ်သော်လည်း ယွင်ကျုံးဟဲ့ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုခဏ၌ ခေါင်းတလားအတွင်းရှိ လူ၏မျက်နှာမှာ ယွင်ယောင်၏မျက်နှာမှ တာရှန်းဧကရာဇ်၏ မျက်နှာအဖြစ် ပြောင်းလဲသွားခြင်းပင်။

ထို့အပြင် ခေါင်းတလားမှာ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ဧရာမသင်္ချိုင်းဂူအောက်ခြေသို့ တိုက်ရိုက် ပြုတ်ကျသွားကာ အပေါက်တစ်ပေါက်သာ ကျန်ရစ်ခဲ့သည်။ တာရှန်းဧကရာဇ်၏ ခေါင်းတလားမှာ ယခုအခါ ပျောက်ကွယ်သွားပြီဖြစ်၏။

ယွင်ကျုံးဟဲ့ စိတ်ပျက်သွားခြင်းမရှိပေ။ တာရှန်းဧကရာဇ်ကို သတ်ဖြတ်ရန်မှာ ထိုမျှမလွယ်ကူကြောင်း သူကောင်းစွာ သိရှိထားသည်။ တာရှန်းဧကရာဇ်မှာ သူ၏အကြီးမားဆုံးရန်သူဖြစ်သည့်အပြင် ဤလောကတွင် အင်အားအကြီးဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပေရာ အလွယ်တကူ သုတ်သင်နိုင်မည်မဟုတ်ချေ။

တာရှန်းဧကရာဇ်သည် တကယ်ပင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေသည်ဆိုသည့် ယွင်ကျုံးဟဲ့၏ တွက်ချက်မှုအရ ဖြစ်နိုင်ခြေမှာ အလွန်ပင်များပြားလှသည်။

ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ယွင်ကျုံးဟဲ့ကို ပထမမြောက် သို့မဟုတ် နဝမမြောက် ခေါင်းတလား ကဲ့သို့ ကျန်ရှိနေသည့် ရှစ်ခုအနက်မှ တစ်ခုခုကို ဖွင့်လှစ်ခိုင်းနေရသနည်း။

သူသည် ယွင်ကျုံးဟဲ့ကို ထောင်ချောက်ထဲသို့ ဆွဲသွင်းလိုခြင်း ဖြစ်နိုင်သည်။ သူသည် မိမိအနေဖြင့် လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိတော့သည့်တိုင် ယွင်ကျုံးဟဲ့ကို လက်ဝါးထဲ၌ထား၍ ကစားနိုင်ကြောင်း၊ အလွယ်တကူ အနိုင်ယူနိုင်ကြောင်းကို ပြသလိုနေခြင်း ဖြစ်ပေလိမ့်မည်။

ဧကရာဇ်သည် အလွန်အမင်း မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသော်လည်း အလွန် လက်တွေ့ကျသူ ဖြစ်သည်။ မိမိ၏အကြံအစည်ကို ယွင်ကျုံးဟဲ့ ရိပ်မိသွားကြောင်း သိလိုက်ရသည့်အချိန်တွင် ခေါင်းတလားမှာ ချက်ချင်းပျောက်ကွယ်သွားပြီး ထွက်ပြေးသွားတော့သည်။ ယခုအခါ မည်သို့ဆက်လက် လုပ်ဆောင်ရမည်နည်း။

အပိုင်း (၉၁၄)

ယွင်ကျုံးဟဲ့ ဤဟာလာဟင်းလင်း ဖြစ်နေသော အပေါက်ကြီးကို ငေးကြည့်နေသည်။

ထိုအချိန်မှာပဲ…

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

သင်္ချိုင်းဂူ အတွင်း ကျန်ရှိနေသော ကျောက်ခေါင်းတလား ရှစ်ခုသည်လည်း တစ်ခုပြီး တစ်ခု ပြုတ်ကျသွားကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီး သင်္ချိုင်းဂူ မြေပြင်ပေါ်တွင် အဆုံးအစမရှိသော တွင်းနက်ကြီး ကိုးခု ကျန်ရစ်ခဲ့သည်။

တာရှန်းဧကရာဇ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ သူ့ကို သုတ်သင်လိုပါက နောက်မှ လိုက်ပါသွားရန် လိုအပ်ပြီး ယခုဖြစ်ပေါ်နေသည့် တွင်းပေါက်ထဲသို့ ခုန်ချရမှာဖြစ်သည်။ သို့သော်လည်း ယွင်ကျုံးဟဲ့မှာ ကြက်လေးတစ်ကောင်ကိုပင် သတ်ဖြတ်နိုင်စွမ်းမရှိသူဖြစ်ရာ အမှန်တကယ်ပင် ခုန်ချရမည်လား။

ယွင်ကျုံးဟဲ့ မျက်လုံးများကိုမှိတ်၍ ထပ်မံစဉ်းစားတွက်ချက်လိုက်သည်။ ထူးခြားသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုထဲသို့ နစ်မြုပ်ဝင်ရောက်သွားပြီး တွင်းပေါက်အောက်ခြေရှိ စွမ်းအင်အခြေအနေကို အာရုံခံကြည့်သည်။ သို့သော်လည်း ထိုနေရာမှာ လုံးဝပိတ်ဆို့ခြင်းကို ခံထားရ၏။

တွင်းပေါက်၏အောက်ဘက်မှာ အမှောင်ထုသာလွှမ်းမိုးနေပြီး ဟာလာဟင်းလင်းဖြစ်နေသောကြောင့် မည်သည့်အရာကိုမှ အာရုံခံ၍မရနိုင်တော့ပေ။

ယွင်ကျုံးဟဲ့ တစ်ဆယ့်ငါးမိနစ်ခန့် စဉ်းစားပြီးနောက် တာရှန်း ဧကရာဇ်ကြီး၏ ကျောက်ခေါင်းတလား ပျောက်ကွယ်သွားသော တွင်းပေါက်မှနေ၍ တိုက်ရိုက် ခုန်ချလိုက်တော့သည်။

ထို့နောက် သူ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည်။ ဤတစ်ကြိမ်တွင် သူသည် မီတာ ရာပေါင်းများစွာ အထိ ပြုတ်ကျသွားပြီး အောက်ခြေ မရှိသကဲ့သို့ပင် ဖြစ်နေ၏။

သူ ဆက်လက် ပြုတ်ကျနေရဦးမည်ဟု ထင်နေစဉ်မှာပင် ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်သည် အရာတစ်ခုခု၏ ခုခံထားခြင်းကို ခံလိုက်ရ၏။ နူးညံ့ပြီး ကျုံ့ဆန့်နိုင်စွမ်း ရှိသော အရာတစ်ခု ဖြစ်သည်။

‘ဒါက ဘာလဲ။ ဒါက ဘယ်နေရာလဲ။’

လားရာ အရ ကြည့်မည်ဆိုပါက ဤနေရာသည် အဆုံးစွန် ပိရမစ်၏ အောက်ဘက်တွင် ဖြစ်လောက်သည်။ ယွင်ကျုံးဟဲ့ မျက်စိမှိတ်ကာ ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေသို့ ဝင်ရောက်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အကဲခတ်ကြည့်လိုက်၏။

ထို့နောက် သူ ထပ်မံ၍ အံ့ဩမှင်တက်သွားပြန်သည်။

‘ဒါ... ဒါက ဧရာမ တွင်းနက်ကြီး တစ်ခုပဲ၊ အချင်းဝက် မီတာ ထောင်ချီ ရှိတဲ့ စက်ဝိုင်းပုံ တွင်းနက်ကြီးပဲ။’

ပတ်ဝန်းကျင်ရှိ နံရံများမှာ သာမန်ကျောက်ဆောင် ချောက်ကမ်းပါးများ မဟုတ်ဘဲ လုံးဝစိမ်းသက်နေသော ပစ္စည်းတစ်မျိုးဖြင့် တည်ဆောက်ထားသည်။ ထိုတွင်းနက်ကြီးမှာ ပုံမှန်မဟုတ်သည့် ဧရာမစက်ဝိုင်းပုံစံ ဖြစ်နေ၏။

သို့ပေမည့် ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံး အချက်မဟုတ်သေးပေ။ ထိတ်လန့်ဖွယ် အကောင်းဆုံးမှာ ထိုနေရာတွင် ဧရာမသံကြိုးများ ပြည့်ကျပ်နေပြီး ပင့်ကူအိမ်ကဲ့သို့ ကန့်လန့်ဖြတ်နှင့် ဒေါင်လိုက် ယှက်နွယ်နေခြင်းပင်ဖြစ်သည်။ ၎င်းမှာ ပုံမှန်ပင့်ကူအိမ်ထက် များစွာပို၍ ရှုပ်ထွေးလို့နေသည်။

ယွင်ကျုံးဟဲ့မှာ အဆိုပါ ပင့်ကူအိမ်နှင့်တူသော သံကြိုးများ၏ တားဆီးမှုကြောင့်သာ ပြုတ်ကျခြင်းမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ သံကြိုးများမှာ နူးညံ့ပြီး ကျုံ့ဆန့်နိုင်စွမ်းရှိသော်လည်း မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို ယွင်ကျုံးဟဲ့ မသိရှိပေ။

ထို့နောက်တွင် ယွင်ကျုံးဟဲ့ အရေးကြီးသော အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိသွားသည်။ အဆိုပါ ယှက်နွယ်နေသော သံကြိုးများမှာ သွေးကြောများနှင့် အာရုံကြောများနှယ် တူညီနေပြီး အရွယ်အစား အမျိုးမျိုး ကွဲပြားနေသည်။

ဤဧရာမ စက်ဝိုင်းပုံ နေရာလွတ်ကြီးမှာ ဦးနှောက်တစ်ခု၏ အတွင်းပိုင်းနှင့် ဆင်တူနေပြီး ပြည့်ကျပ်နေသည့် သံကြိုးများမှာလည်း ဦးနှောက်၏ သွေးကြောများနှင့် အာရုံကြောများ ဖြစ်နေ၏။

ယခုအခါ ယွင်ကျုံးဟဲ့သည် ဗဟိုချက်နှင့် မလှမ်းမကမ်းတွင် ရှိနေ၏။ သာမန် မျက်စိဖြင့် လုံးဝ မမြင်နိုင်ဘဲ ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံဖြင့်သာ အာရုံခံနိုင်သည်။

ယွင်ကျုံးဟဲ့ သည်လည်း အရာအားလုံး တွေ့ဖူးမြင်ဖူးသူ တစ်ယောက် ဖြစ်ပြီး လောကကြီး အကြောင်းကို ကောင်းကောင်း သိသူ တစ်ယောက် ဖြစ်သော်လည်း မျက်မှောက်ရှိ ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ တကယ်ကို ကြက်သီးမွေးညင်း ထသွားမိ၏။

‘အချင်းဝက် မီတာ ထောင်ချီရှိတဲ့ ဧရာမ ဦးနှောက်ကြီးနဲ့ အပေါ်မှာက အဆုံးစွန် ပိရမစ်။ ဒါ... ဒါက ဘာတွေလဲ။ ဒါက အဆုံးစွန် ပိရမစ်ရဲ့ လျှို့ဝှက်ချက်လား။’

သို့သော်လည်း ဤအခြေအနေမှာ စဉ်းစားကြည့်ပါက ယုတ္တိရှိပေသည်။ တာရှန်းမိစ္ဆာနိုင်ငံ၏ သိုင်းပညာရပ် အသွယ်သွယ်တို့မှာ အမှောင်ပိရမစ်များမှ ဆင်းသက်လာခြင်းဖြစ်ပြီး အနက်ရောင်ကျမ်းစာ၏ အနှစ်သာရ မှာလည်း လူသားတို့၏ ကိုယ်ပိုင်အလားအလာကို ဖော်ထုတ်ကာ သက်ရှိသတ္တဝါတို့အပေါ် အစွမ်းကုန် စူးစမ်းလေ့လာခြင်းပင် ဖြစ်သည်။

အရွယ်အစား ပမာဏမှာ အဓိကမဟုတ်ပေ။ ယခုမျက်မှောက်ရှိ ဧရာမဦးနှောက်ကြီးမှာ လူသားတို့၏ ကိုယ်ခန္ဓာနှင့် စွမ်းရည်အပေါ် အစွမ်းကုန် စူးစမ်းလေ့လာမှု၏ ရလဒ်တစ်ခု ဖြစ်နိုင်၏။

တာရှန်းဧကရာဇ်သည် ဤနေရာ၌ နတ်ဘုရားတစ်ပါးအဖြစ် အသွင်ပြောင်းလဲလိုခြင်းလား။ ထိုသို့သာဆိုလျှင် အလွန်ပင် ရဲရင့်သော အကြံအစည် ဖြစ်သည်။ သက်ရှိတို့တွင် အဆုံးအစ မရှိသော အလားအလာများ ရှိနေသည့်အတွက် ယခုကဲ့သို့ အဆင့်မြင့်တင်မှုမျိုးကို ရရှိနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအကြောင်းအရာများကို ခေတ္တဘေးဖယ်ထားသင့်သည်။ ပိုမိုထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုမှာ ဤနေရာလွတ်အတွင်း မရေမတွက်နိုင်အောင် ပြည့်ကျပ်နေသော ကျောက်ခေါင်းတလားများ ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့မှာ သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းမျှပင် ရှိနိုင်ပြီး နေရာတိုင်းတွင် ပြွတ်သိပ်နေ၏။

ဤသည်မှာ အရာဝတ္ထုများ စုဝေးနေခြင်းကို ကြောက်ရွံ့သည့်ရောဂါ ရှိသူတို့အတွက် ငရဲခန်းတစ်ခုပင် ဖြစ်သည်။ ထိုကျောက်ခေါင်းတလားများမှာ ကန့်လန့်ဖြတ် ယှက်နွယ်နေသော သံကြိုးများ၊ တစ်နည်းအားဖြင့် ဧရာမဦးနှောက်ကြီး၏ သွေးကြောနှင့် အာရုံကြောများပေါ်တွင် ဖြန့်ကြက်တည်ရှိနေသည်။

ဤကျောက်ခေါင်းတလား သိန်းဂဏန်းအတွင်း၌ မည်သူတို့ ရှိနေသနည်း။ တာယင်ဘုရင်နှင့် ကုန်းစွန်းယန်တို့ ပြောပြချက်အရ တာရှန်းဧကရာဇ် တံခါးပိတ်လေ့ကျင့်စဉ်က တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်းသိုင်းသမား သိန်းဂဏန်းကို ခေါ်ဆောင်သွားခဲ့သည်ဟု ပြောခဲ့၏။

ထိုသူတို့အားလုံးမှာ ဤခေါင်းတလားများအတွင်း ရောက်ရှိနေခြင်း ဖြစ်နိုင်သည်လား။ တာရှန်းဧကရာဇ်သည် အသွင်ပြောင်းသိုင်းသမား သိန်းဂဏန်း၏ ဝိညာဉ်များကို ဝါးမြိုကာ သူ့၏နောက်ဆုံးအသွင်ပြောင်းမှုကို အပြီးသတ်ရန် ကြိုးပမ်းနေခြင်းလား။

ဤအစီအစဉ်မှာ အလွန်ရူးသွပ်လွန်းသည်ဟု ထင်ရသော်လည်း ဖြစ်နိုင်ခြေ ရှိနေသည်။ ယခင်က နုဧကရာဇ်သည် တပည့်များစွာ လက်ခံပြီး တာရှန်းမိစ္ဆာနိုင်ငံကို တည်ထောင်ခဲ့သော်လည်း ဘုရင်အာဏာကို စိတ်မဝင်စားခဲ့ပေ။

ထိုသို့ပြုလုပ်ခြင်းမှာ အသွင်ပြောင်းသိုင်းသမားများစွာကို မွေးမြူပြီး ဝါးမြိုကာ အဆုံးစွန်သောအသွင်ပြောင်းမှု ရရှိရန်အတွက်သာ ဖြစ်နိုင်ပေသည်။ နုဧကရာဇ် မပြီးမြောက်ခဲ့သည့်အလုပ်ကို တာရှန်းဧကရာဇ်က ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ပေမည်။ ဤလုပ်ငန်းစဉ်မှာ သိပ္ပံဓာတ်ခွဲခန်းတစ်ခုအတွင်း စက်ပစ္စည်းဖြင့် စုပ်ယူသကဲ့သို့ တူညီနေသည်။

ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက်သာ မှန်ကန်ပါက တာရှန်းဧကရာဇ်မှာ ဤတွင်းနက်ကြီး၏ အလယ်ဗဟို၌ ရှိနေပေမည်။ သို့ပေမည့် အလယ်ဗဟို၌ ကျောက်ခေါင်းတလား သုံးခုမှာ တြိဂံပုံစံ ချထားသည်ကို သူတွေ့ရှိလိုက်သည်။

ထိုအရာများထဲမှ မည်သည့်တစ်ခုကမှ ဗဟိုချက်အစစ်အမှန် မဟုတ်ဘဲ ထူးဆန်းနေသည်။ သေချာသည်မှာ တာရှန်းဧကရာဇ်သည် တစ်ခုခုထဲတွင် ရှိနေမည်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ယွင်ကျုံးဟဲ့အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေလိမ့်မည်။

နောက်ဆက်တွဲအနေဖြင့် တာရှန်းဧကရာဇ် ရှိနေသည့် ခေါင်းတလားကို ရှာဖွေပြီး အဆုံးသတ်ရပေမည်။ ဤတစ်ကြိမ်တွင်မူ တာရှန်းဧကရာဇ် ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

ယွင်ကျုံးဟဲ့သည် ဤကြီးမားသော စွမ်းအင် သံကြိုးကြီးအတိုင်း လျှောက်သွားပြီး အလယ်ဗဟိုသို့ လျှောက်သွားလိုက်သည်။ မကြာမီ နေရာလွတ်၏ အလယ်ဗဟို၊ ဧရာမ ဦးနှောက်ကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိသွား၏။

ရှေ့တွင် တြိဂံပုံစံ ချထားသော ကျောက်ခေါင်းတလား သုံးခုအနက် မည်သည့်တစ်ခုက တာရှန်းဧကရာဇ်၏ ခေါင်းတလား ဖြစ်မည်နည်း။ ယွင်ကျုံးဟဲ့သည် နံပါတ် ၉ ကွမ်တမ်၏ စွမ်းရည်ကို အသုံးပြု၍ ထပ်မံတွက်ချက်ကြည့်သော်လည်း ရလဒ်မှာ စိတ်ပျက်စရာပင်။ ဖြစ်နိုင်ခြေမှာ တစ်ခုစီတိုင်းအတွက် ၃၃.၃၃ ရာခိုင်နှုန်းစီသာ ရှိနေသည်။

ဤသည်မှာ ယုတ္တိမရှိသယောင် ရှိနေသည်။ သီအိုရီအရဆိုလျှင် ကျောက်ခေါင်းတလားအတွင်း ဧကရာဇ် ရှိသည် သို့မဟုတ် မရှိဟူ၍သာ ဖြစ်သင့်သောကြောင့် ဖြစ်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းစီ ဖြစ်သင့်သည်။

ဖွင့်လှစ်လိုက်သည့် တစ်ခဏအတွင်းမှသာ ဧကရာဇ် ရှိ၊ မရှိ ဆုံးဖြတ်ခြင်း ဖြစ်နေသည်လား။ ထိုအချိန်မတိုင်ခင်အထိ အရာအားလုံးမှာ ပြောင်းလဲနိုင်ပြီး သတ်မှတ်ချက်မဲ့နေခြင်းလား။

ယွင်ကျုံးဟဲ့ မည်မျှပင် ထပ်မံတွက်ချက်စေကာမူ ရလဒ်မှာ ပြောင်းလဲခြင်းမရှိဘဲ ၃၃.၃၃ ရာခိုင်နှုန်းစီသာ ဖြစ်နေသည်။ ဆိုလိုသည်မှာ ယခုတစ်ကြိမ်တွင်မူ ကျပန်းရွေးချယ်ရတော့မည့် အခြေအနေပင်ဖြစ်သည်။ ထို့အပြင် တာရှန်းဧကရာဇ်၏ စွမ်းအင်ကိုလည်းကောင်း၊ ခေါင်းတလား သုံးခုအကြား ကွာခြားချက်ကို လည်းကောင်း လုံးဝအာရုံခံနိုင်ခြင်း မရှိတော့ပေ။

တစ်ဆယ့်ငါးမိနစ်တိတိ စဉ်းစားပြီးနောက် ယွင်ကျုံးဟဲ့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် မိမိနှင့် အနီးဆုံးရှိသော ကျောက်ခေါင်းတလားကို ရွေးချယ်လိုက်ပြီး အဖုံးကို ရုတ်တရက် တွန်းဖွင့်လိုက်သည်။ သို့သော်ငြား အတွင်းပိုင်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူရှုံးနိမ့်သွားပြီလား။

သို့ပေမည့် နောက်တစ်စက္ကန့်၌ အနောက်ဘက်မှ ကြီးမားသော အားတစ်ခုက သူ့ကို ရုတ်တရက် တွန်းလိုက်သည်။

တစ်ခဏချင်းအတွင်းမှာပဲ ယွင်ကျုံးဟဲ့မှာ ထိုကျောက်ခေါင်းတလားထဲသို့ ပြုတ်ကျသွားသည်။ ချက်ချင်းဆိုသလိုပင် ခေါင်းတလားအဖုံးမှာ ပိတ်ကျသွားပြီး ပြန်လည်ဖွင့်၍ မရတော့ပေ။ သူသည် ယခုအခါ လွတ်မြောက်နိုင်ခြင်း မရှိဘဲ အကျဉ်းသား ဖြစ်သွားချေပြီ။

“ဟား ဟား ဟား ဟား...”

နောက်ဆက်တွဲ အနေဖြင့် အပြင်ဘက်မှ စူးရှပြီး နားကွဲမတတ် ရယ်မောသံများ ထွက်ပေါ်လာသည်။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ကျုပ်ပါ၊ ကျုပ်ပါပဲ...”

ဤသူမှာ ယွင်ကျုံးဟဲ့၏ လက်ခြေအင်္ဂါများ အားလုံး အဖြတ်ခံထားရပြီး ကိုယ်လုံးတီးအခြေအနေသို့ ရောက်ရှိနေသူ ကုန်းစွန်းယန်ပင် ဖြစ်သည်။ သူသည် ယခင်က ယွင်ကျုံးဟဲ့၏ အာရုံခံနိုင်စွမ်းကို လွန်ဆန်၍ ပုန်းကွယ်နေခဲ့ပြီး၊ ယခုအခိုက်အတန့်တွင် ယွင်ကျုံးဟဲ့ကို ကျောက်ခေါင်းတလားအတွင်းသို့ ပြုတ်ကျအောင် လေဖြင့်မှုတ်ကာ တွန်းပို့လိုက်ခြင်းဖြစ်၏။

သူ၏အသံတွင် ယွင်ကျုံးဟဲ့ကို အနိုင်ယူလိုက်ရသည့်အတွက် ဂုဏ်ယူဝင့်ကြွားနေသော ဟန်ပန်နှင့်အတူ လေးနက်ပြင်းထန်လှသည့် အမုန်းတရားများ လွှမ်းခြုံနေသည်။

သို့သော်လည်း ကုန်းစွန်းယန်မှာ ဤနေရာသို့ မည်သို့ရောက်ရှိလာခဲ့သနည်း။ ယွင်ကျုံးဟဲ့အနေဖြင့် ယခင်အချိန်များက သူ၏တည်ရှိမှုကို လုံးဝ မမြင်တွေ့ခဲ့ရသကဲ့သို့ မည်သည့်စွမ်းအင်အာရုံကိုမှ မခံစားခဲ့ရပေ။ ဤသည်မှာ သူ၏စွမ်းအားများ ပိုမိုမြင့်မားလာခြင်းကြောင့်လား သို့မဟုတ် တာရှန်းဧကရာဇ်၏ အစီအစဉ်တွင် သူက အဓိကဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်ပတ်သက်နေခြင်းလား ဟူသည်မှာ စဉ်းစားစရာပင်။

“အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... အရှင် ကျုပ်ကို သတ်ပစ်သင့်တာ။ စောစောတည်းက သတ်ပစ်သင့်တာ။ ဒါပေမဲ့ အရှင်က မသတ်ခဲ့လို့ နောက်ဆုံးမှာ ကျုပ်က အရှင့်ကို ဒုက္ခပေးနိုင်ခဲ့တာပေါ့၊ ဟားဟားဟား...

အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... အရှင် နောက်ဆုံးတော့ ကျုပ် ကုန်းစွန်းယန် ရဲ့ လက်ထဲမှာ သေရတော့မှာပဲ၊ ဟားဟားဟား... ဒါကမှ တကယ့်ကို ထောင်ချောက်ထဲ ကိုယ်တိုင် ဝင်လာတာပဲ။ အရှင် သေဖို့သာ စောင့်နေတော့၊ သေဖို့သာ စောင့်နေတော့...”

ကုန်းစွန်းယန်သည် နှုတ်ခမ်း နာကျင်မှုကို ဂရုမစိုက်ဘဲ ရူးသွပ်စွာ အော်ဟစ်နေပြီး အဆုံးအစ မရှိသော အမုန်းတရားများကို ထုတ်လွှတ်နေကာ ပါးစပ် တစ်ခုလုံး သွေးများ ပြည့်နှက်နေပြီး မျက်လုံးများကလည်း ရူးသွပ်နေသည်။

“ယွင်ကျုံးဟဲ့... ခင်ဗျား သေလိုက်တော့။ ခင်ဗျားရဲ့ တာ့ယန် အင်ပါယာလည်း ပျက်စီးတော့မယ်၊ ဟား ဟား ဟား…” ကုန်းစွန်းယန် သည် မကောင်းဆိုးဝါး တစ်ကောင်လို ရူးသွပ်စွာ အော်ဟစ်လို့နေ၏။

ထိုအချိန်မှာပင် ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသည်။ တာရှန်း ဧကရာဇ်ကြီး၏ အသံ ဖြစ်ပြီး သူက ယွင်ကျုံးဟဲ့နှင့် တိုက်ရိုက် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

“ဟူး… ယွင်ကျုံးဟဲ့... ကုန်းစွန်းယန် ဒီကို ရောက်နေတာကို ခင်ဗျား အရမ်း အံ့ဩနေတယ် မလား။”

တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်၏။ “ခင်ဗျား လူထောင်ချီ ခေါ်ပြီး ဆင်းလာခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား မမေ့ပါနဲ့။ ဒီမြေအောက် ပိရမစ် အုပ်စုက ကျုပ်ရဲ့ ပိုင်နက်ပဲ။ ကျုပ်ရဲ့ စိတ်စွမ်းအားတွေက နေရာတိုင်းကို ပျံ့နှံ့နေနိုင်တယ်။

ဒါပေမဲ့ ကျုပ် တကယ်ကို လုံးဝ မလှုပ်ရှားနိုင်တော့ပါဘူး။ ပြီးတော့ ကျုပ် ခေါ်လာခဲ့တဲ့ လူသိန်းဂဏန်း လောက်ကလည်း ကျောက်ခေါင်းတလားတွေထဲမှာ ပိတ်လှောင်ခံထားရပြီး ကျုပ် သူတို့ရဲ့ ဝိညာဉ်တွေကို မဝါးမျိုခင် အထိ သူတို့လည်း မလှုပ်ရှားနိုင်ပါဘူး။ တစ်ခုမှ လျော့လို့ မရပါဘူး။

ကျုပ်က မူလက အပေါ်မှာတင် ပြဿနာ ရှင်းချင်ခဲ့တာပါ။ ဒီနေရာက အမှောင်အင်အားတွေရဲ့ အဓိက ဗဟိုချက် ဖြစ်ပြီး အမြင့်ဆုံး လျှို့ဝှက် နေရာဖြစ်လို့ ခင်ဗျားကို မမြင်စေချင်သလို၊ ကုန်းစွန်းယန် ကိုလည်း မမြင်စေချင်ဘူး။

ဒါပေမဲ့ အပေါ်မှာ ကျုပ်ရဲ့ အကြံအစည် ကျရှုံးသွားပြီး ခင်ဗျားက အလိမ်မခံခဲ့ဘူး။ အဲဒါကြောင့် ကုန်းစွန်းယန် ကိုပဲ အသုံးပြုပြီး ခင်ဗျားကို ကျောက်ခေါင်းတလားထဲ တွန်းချခိုင်းရတာပါ။ သူက လက်ခြေတွေ အားလုံး ပြတ်နေပေမယ့် အသုံးဝင်ပါသေးတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်တော့ ကျုပ်ရဲ့ အောင်ပွဲက မပြည့်စုံတော့ဘူးပေါ့။”

ထို့နောက် တာရှန်း ဧကရာဇ်ကြီးက ထပ်မံ သက်ပြင်းချကာ ပြောသည်။ “ဒါပေမဲ့... ဒီလောကပေါ်မှာ လုံးဝ ပြည့်စုံတဲ့ ကိစ္စ ဆိုတာ မရှိပါဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ် ခေါ်လာခဲ့တဲ့ တာ့ယန် အင်ပါယာ အသွင်ပြောင်း သိုင်းသမား ထောင်ချီကော။”

တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “အပြင်မှာ လေလွင့်နေကြတယ်။ လေဟာနယ်တွေနဲ့ ရူးသွပ်စွာ တိုက်ခိုက်နေကြတယ်၊ ကိုယ့်ရဲ့ စိတ်ကူးယဉ် ပုံရိပ်တွေနဲ့ တိုက်ခိုက်နေကြတယ်။ မကြာခင် သူတို့ အားလုံး သေကုန်တော့မှာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက ကျုပ်ရဲ့ ပိုင်နက် ဖြစ်လို့ ကျုပ်က လူတိုင်းရဲ့ စိတ်ကို ထိန်းချုပ်ထားနိုင်ပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားရဲ့ အဆုံးစွန် အသွင်ပြောင်းမှု အတွက် လူသိန်းဂဏန်းလောက်ရဲ့ ဝိညာဉ်တွေကို ဝါးမျိုဖို့ လိုအပ်တယ်လား။ ဒါပေမဲ့ နောက်ဆုံးမှာ ကျုပ် တစ်ယောက်တည်း လိုနေတာလား။”

တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “ဟုတ်တာပေါ့။ ခင်ဗျား တစ်ယောက်တည်းရဲ့ သွေးကြောပဲ လိုနေတာ၊ ခင်ဗျား တစ်ယောက်တည်းရဲ့ ဝိညာဉ်ပဲ လိုနေတာ။ ခင်ဗျားလည်း အခု လုံးဝ မလှုပ်ရှားနိုင်တော့ဘူးမလား။”

ဤကျောက်ခေါင်းတလားအတွင်းသို့ ဝင်ရောက်သွားသည့်အချိန်မှစ၍ ယွင်ကျုံးဟဲ့မှာ လုံးဝလှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ဘဲ သူ၏တွေးခေါ်မှုနှင့် အသိစိတ်တစ်ခုသာလျှင် လွတ်လပ်စွာ လုပ်ဆောင်နိုင်တော့၏။

ခေါင်းတလားအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် လူတစ်ကိုယ်လုံးမှာ ပြင်းထန်စွာ ဖိနှိပ် ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။

ယွင်ကျုံးဟဲ့ဖြစ်စေ၊ တာရှန်းဧကရာဇ်ကိုယ်တိုင်ဖြစ်စေ မည်သူမဆို ဤကျောက်ခေါင်းတလားအတွင်းသို့ ရောက်ရှိသွားပါက ခြွင်းချက်မရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုပ်နှောင်ခံလိုက်ရသည့်အလား ဖမ်းချုပ်ခြင်းကို ခံရမြဲသာဖြစ်၏။

တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်သည်။ “အခု... အရာအားလုံး ပြည့်စုံသွားပြီ။ ကျုပ် နောက်ဆုံးတော့ အဆုံးစွန် အသွင်ပြောင်းမှုကို ပြီးမြောက်တော့မယ်။ ခင်ဗျားက နောက်ဆုံး ကွင်းဆက်လေးပဲ။ ကျုပ် ဆယ်နှစ်တိတိ စောင့်ခဲ့ရတယ်။ နောက်ဆုံးတော့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ရရှိတော့မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဆုံးစွန် အသွင်ပြောင်းမှုဆိုရင် ဘယ်လောက် အဆင့်အထိ အင်အားကြီး လာမှာလဲ။”

တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “နတ်ဘုရား တစ်ပါးလို ဖြစ်လာမှာပေါ့။ ကျုပ် မသိပေမယ့် အရမ်းကို မျှော်လင့်နေပါတယ်။”

ထို့နောက် တာရှန်း ဧကရာဇ်ကြီးက ဆက်ပြော၏။ “ယွင်ကျုံးဟဲ့... ဒါက ခင်ဗျားရဲ့ ကံကြမ္မာပဲ။ ကံကြမ္မာကို လက်ခံလိုက်ပါတော့၊ ကံကြမ္မာကို လက်ခံလိုက်ပါတော့။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ခင်ဗျား ကျုပ်ရဲ့ အသုံးချတာကို ခံခဲ့ရတယ်။ အခုလည်း ကျုပ်ရဲ့ ဝါးမျိုတာကို ခံရဖို့ သတ်မှတ်ခံထားရတယ်။ ခင်ဗျား ဖျက်ဆီးပစ်ခဲ့တဲ့ တာရှန်းမိစ္ဆာနိုင်ငံကို ကျုပ် နည်းနည်းလေးမှ ဂရုမစိုက်ပါဘူး။ အဲဒီတုန်းက နုဧကရာဇ် လည်း ဂရုမစိုက်ခဲ့ဘူး၊ ကျုပ်လည်း ဂရုမစိုက်ဘူး။ ဟား ဟား ဟား ဟား...

ယွင်ကျုံးဟဲ့... ကိုယ်ပိုင် အင်အားကမှ တကယ် ကိုယ်ပိုင်တာပါ။ ကျုပ်က ဒီလောကကြီးရဲ့ တကယ့် လောက အရှင်သခင်ကြီး ဖြစ်လာတော့မယ်။ ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ သေဆုံးမှုကို စတင် လက်ခံလိုက်ပါတော့။ ကျုပ်ရဲ့ ဝါးမျိုတာကို ခံလိုက်ပါတော့။ အဆုံးစွန် အသွင်ပြောင်းမှု... စတင်…”

All Chapters