အခန်း (၉၁၁-၉၁၂)
Vol. 77 Ch. 911-912
အပိုင်း (၉၁၁)
ပတ်ဝန်းကျင်ရှိ အမှောင်ထုသည် တစ်ခဏချင်း အတွင်းမှာပင် ဆုတ်ဖြဲခံလိုက်ရပြီး အဆုံးအစ မရှိသော အလင်းရောင်များ ထွက်ပေါ်လာသည်။
အလွန် လင်းထိန်လွန်းပြီး နေမင်းကြီးထက် အဆပေါင်းများစွာ ပိုမို လင်းထိန်နေလောက်သည်။ ပြင်းထန်သော အလင်းရောင်ကြောင့် မျက်စိကန်းသွားမတတ် ဖြစ်သွား၏။
‘ဒါက ဘယ်နေရာလဲ။’
ထို့နောက် ယွင်ကျုံးဟဲ့၏ နားထဲတွင် အလွန် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ယွင်ကျုံးဟဲ့... နေကောင်းလား။ ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ။ကျုပ်ခင်ဗျားကို စောင့်နေတာ နှစ်အတော်ကြာပြီ။”
ယခင် တာယင် အင်ပါယာ ဧကရာဇ်၊ ယခု တာရှန်းမိစ္ဆာနိုင်ငံ၏ အမှောင် ဧကရာဇ်ကြီး၏ အသံပင်။
“အရှင်ဧကရာဇ်မင်းကြီး... မတွေ့ရတာ ကြာပြီနော်။” ယွင်ကျုံးဟဲ့ ဖြည်းညင်းစွာ ပြောလိုက်သည်။
တာရှန်း ဧကရာဇ်ကြီးက ပြန်မေး၏။ “ခင်ဗျားကော ဧကရာဇ်မင်းကြီး မဟုတ်တော့ဘူးလား။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ကျုပ် မှတ်မိနေသေးတာက အရှင့်ရဲ့ ရှေ့မှာ ကျုပ်က အမြဲတမ်း အမတ် တစ်ယောက်၊ လျှို့ဝှက် သူလျှို တစ်ယောက်ပဲ ဖြစ်ခဲ့တာလေ။ ဒီအယူအဆက ချက်ချင်းကြီး ပြောင်းလဲဖို့ ခက်နေတယ်။”
ဤစကားမှာ မူလက အလွန်နိမ့်ကျသော စကားမျိုး ဖြစ်သော်လည်း ယွင်ကျုံးဟဲ့ကမူ အလွန်ပင် သဘာဝကျကျ ပြောဆိုလိုက်ခြင်းဖြစ်၏။
အခြေခံအားဖြင့် မည်သူမဆို အောင်မြင်မှု ရရှိလာလျှင် မာနမထောင်လွှားဘဲ နေရန် ခက်ခဲ၏။ သို့ပေမည့် ယွင်ကျုံးဟဲ့သည် မာနမထောင်လွှားရုံမျှမက ရေကဲ့သို့ပင် အေးချမ်းတည်ငြိမ်နေခဲ့၏။ ထို့ကြောင့် တာရှန်းဧကရာဇ်ကြီးပင်လျှင် ခဏမျှ ကြောင်အသွားတော့သည်။
အချိန် အတော်ကြာပြီးနောက် တာရှန်း ဧကရာဇ်ကြီးက မေးလိုက်၏။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ဒါဆို ခင်ဗျား ဘာလာလုပ်တာလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာပေါက် အရှင့်ကို ဖျက်ဆီးပစ်ဖို့ လာတာပါ။”
တာရှန်း ဧကရာဇ်ကြီးက ဆက်မေး၏။ “ကျုပ်ရဲ့ တာရှန်းမိစ္ဆာနိုင်ငံကော...”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဖျက်ဆီးခံလိုက်ရပါပြီ။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “ဒီလောက်တောင် မြန်တာလား။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ဒါက မြန်သေးလို့လား။ မမြန်တော့ပါဘူး။ အရှင့်ရဲ့ တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးဖို့ ခုနစ်နှစ်တိတိ စစ်တိုက်ခဲ့ရတာပါ။”
တာရှန်း ဧကရာဇ်ကြီးက အရမ်း တည်ငြိမ်နေပြီး ဝမ်းနည်းနေပုံလည်း မရပေ။
ယွင်ကျုံးဟဲ့က ပြောသည်။ “အရှင်က သိပ်ပြီး ဝမ်းနည်းနေပုံ မရဘူး။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “အင်ပါယာ ဆိုတာက ပြင်ပ ပစ္စည်း သက်သက်ပါ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ဒါဆိုရင်တော့ အရမ်း ထူးဆန်းနေပြီ။ အဲဒီတုန်းက အရှင်က လောကကြီးကို သိမ်းပိုက်ဖို့ ဘယ်လောက်တောင် သည်းခံခဲ့ရလဲ။ တစ်သက်လုံး နီးပါး သွေးထွက်သံယို ကြိုးစားခဲ့ရတာတွေက ဘယ်လိုလုပ် ပြင်ပ ပစ္စည်းတွေ ဖြစ်သွားရတာလဲ။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “ကိုယ်ပိုင် အင်အား ကမှ ကိုယ့်ရဲ့ အင်အား အစစ်ပါ။ ကိုယ်ပိုင် မအိုမသေ ထာဝရ အသက်ရှင်ခြင်း ကမှ ကိုယ့်ရဲ့ အစစ်ပါ။ အဲဒီလိုမှ မဟုတ်ရင် အရာအားလုံးက တံလျှပ်တွေလိုပဲ စိတ်ကူးယဉ် ပုံရိပ် သက်သက်ပါပဲ။ လူတစ်ယောက် ပိုင်ဆိုင်တာက ကိုယ်ပိုင် အသိစိတ် တစ်ခုတည်းပဲ၊ နားလည်လား။”
ယွင်ကျုံးဟဲ့က ပြောသည်။ “အမြင့်ဆုံး တရားတွေကို နားထောင်ပါရစေ။”
တာရှန်း ဧကရာဇ်ကြီးက ရှင်းပြလိုက်၏။ “ခင်ဗျား ပိုက်ဆံပေးပြီး လှပတဲ့ ကျောက်စိမ်း တစ်ခုကို ဝယ်လိုက်တယ်။ ဒါပေမဲ့ အဲဒီ ကျောက်စိမ်းက ခင်ဗျား ပိုင်တာလား။ သေချာပေါက် မဟုတ်ပါဘူး။ သူက သူ့ဟာသူ ပိုင်တာပါ။ ခင်ဗျား အဲဒါကို ကိုင်တွယ် ကစားတဲ့ အချိန်မှာ ရတဲ့ အထိအတွေ့ ခံစားချက်၊ ပြီးတော့ ကျေနပ်မှု၊ အပြင်သွားတဲ့ အချိန်မှာ တခြားသူတွေက အားကျတဲ့ အကြည့်တွေနဲ့ ကြည့်လို့ ရလာတဲ့ ဂုဏ်ယူမှု... အဲဒါတွေ အားလုံးက ခင်ဗျားရဲ့ ခံစားချက်တွေ သက်သက်ပါပဲ။
ခင်ဗျား အရမ်း လှပတဲ့ မိန်းမ တစ်ယောက်ကို လက်ထပ်လိုက်တယ်။ သူ့ရဲ့ လှပတဲ့ ရုပ်ရည်သွင်ပြင်ကို မြင်ရလို့ ရလာတဲ့ မျက်စိပသာဒ ဖြစ်မှု၊ ဂုဏ်ယူမှု၊ ပြီးတော့ သူနဲ့ အတူတူ အိပ်ရလို့ ရလာတဲ့ ပျော်ရွှင်မှု... အဲဒါတွေ အားလုံးကလည်း ခင်ဗျားရဲ့ ခံစားချက်တွေ သက်သက်ပါပဲ။
ဒီလောကကြီး တစ်ခုလုံး ကတောင်မှ တကယ်တော့ ခင်ဗျားနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ခင်ဗျားရဲ့ အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့၊ အရသာ စတဲ့ ခံစားမှုတွေရဲ့ စုစည်းမှု သက်သက်ပါပဲ။ လောကကြီးက စိတ်ကူးယဉ် သက်သက်ဖြစ်ပြီး ကိုယ်ပိုင် အသိစိတ်ကမှ အစစ်အမှန်ပါ။”
တာရှန်း ဧကရာဇ်ကြီးက ဆက်ပြောသည်။ “ကျုပ် လောက တစ်ခွင်လုံးကို သိမ်းပိုက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တာက ဒီလောကကြီးရဲ့ အမြင့်ဆုံး နေရာမှာ ရပ်ပြီး လောကကြီး တစ်ခုလုံးကို အပေါ်စီးကနေ ကြည့်ချင်လို့၊ ဒီလို ခံစားချက်မျိုးကို ခံစားချင်လို့ပါ။ ဒါပေမဲ့ ကျုပ် အရာအားလုံးကို ပေးဆပ်ပြီး မရေမတွက်နိုင်တဲ့ သွေးထွက်သံယို ကြိုးစားမှုတွေနဲ့ လောကကြီးရဲ့ အမြင့်ဆုံး နေရာကို ရောက်သွားတဲ့ အချိန်မှာ ဘာဖြစ်လာလဲ ဆိုတာ ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ဟာလာဟင်းလင်း ဖြစ်သွားတာပေါ့။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “ဟာလာဟင်းလင်း ဖြစ်တယ် ဆိုတာက အရမ်း အပေါ်ယံဆန်တဲ့ ဖော်ပြချက်ပါ။ ပိုပြီး တိတိကျကျ ပြောရရင် သေးငယ်သွားတာပါ။ ဥပမာပေးရရင် အခု ကျုပ်တို့ ရောက်နေတဲ့ ဒီပိရမစ်က မြင့်လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သေချာပေါက် မြင့်တာပေါ့။ မီတာ တစ်ထောင်တိတိ ရှိတယ်။ ဒီလောကမှာ အမြင့်ဆုံး ပိရမစ်ပဲ။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “ဒါက ကျုပ်တို့ အရမ်း ကြိုးစားပြီး ဒီမီတာ တစ်ထောင် မြင့်တဲ့ ပိရမစ်ရဲ့ ထိပ်ကို ရောက်သွားပေမယ့်၊ ဒီပိရမစ်က မြေအောက်မှာ ရှိနေမှန်း သိလိုက်ရသလိုပဲ။ ကျုပ်တို့ တစ်သက်လုံး ကြိုးစားခဲ့တာတောင် မြေပြင်ပေါ် ပြန်မရောက်သေးဘူး ဆိုတော့ ဒါက ဟာလာဟင်းလင်း ဖြစ်တာတင် မကတော့ဘူး၊ ကြီးမားတဲ့ သရော်မှုကြီး ဖြစ်သွားပြီ။ အဲဒါကြောင့် ကျုပ် လောကကြီးရဲ့ အမြင့်ဆုံး နေရာကို ရောက်သွားတဲ့ အချိန်မှာ ကျုပ်ရဲ့ ရည်မှန်းချက်က အခုမှ စတင်တာပဲ ဆိုတာကို ကျုပ် သိလိုက်ရတယ်။”
‘အင်း.... နတ်ပြည်သို့ တက်လှမ်းခြင်းဆိုတဲ့ စာအုပ် တစ်အုပ် ရှိခဲ့ဖူးသလိုပဲ။ ဇာတ်လိုက်က တစ်သက်လုံး ကြိုးစားပြီး နောက်ဆုံးမှာ နတ်ဘုရားအဖြစ် လေ့ကျင့် အောင်မြင်သွားပြီး နတ်ပြည်ကို တက်လှမ်းသွား နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ မထင်မှတ်ထားခဲ့တာက သူ့ရဲ့ ရည်မှန်းချက်က အခုမှ စတင်တာပဲ ဆိုတာကိုလေ။ အဲဒီ လောကမှာ ကြောင်လေး တစ်ကောင်၊ ခွေးလေး တစ်ကောင် ကတောင် နတ်ဘုရားတွေ ဖြစ်နေကြတာကိုး။’
တာရှန်း ဧကရာဇ်ကြီးက ဆက်ပြော၏။ “အဲဒါကြောင့် ကျုပ် ထာဝရ တည်တံ့မယ့် ရည်မှန်းချက်ကို ရှာတွေ့သွားတယ်။ ကောင်းကင်နဲ့ မြေကြီးလို သက်တမ်း ရှည်မယ်၊ ကောင်းကင်နဲ့ မြေကြီးလို အင်အားကြီးမယ်။ အရာအားလုံးက စိတ်ကူးယဉ် သက်သက်ဖြစ်ပြီး ကိုယ်ပိုင် အသိစိတ် ကမှ အစစ်အမှန်ပါ။”
ဤအရာက တာရှန်းမိစ္ဆာနိုင်ငံ၏ ရည်ရွယ်ချက်လည်း ဖြစ်၏။ သက်ရှိများ၏ လျှို့ဝှက်ချက်ကို နားလည်အောင် လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ရူးသွပ်စွာ လေ့ကျင့်မယ်၊ ကိုယ့်ရဲ့ အလားအလာတွေကို ဖော်ထုတ်မယ်၊ ပတ်ဝန်းကျင်က အရာအားလုံးကို လုံးဝ ဂရုမစိုက်ပေ။
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “အဲဒါကြောင့် ခင်ဗျားက ကျုပ်ရဲ့ တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးပစ်လိုက်ပြီး ကျုပ် ဝမ်းနည်းလားလို့ မေးခဲ့တယ်။ သေချာပေါက် ကျုပ် ဝမ်းနည်းတာပေါ့။ ဒါပေမဲ့ သာမန်လောက်ပါပဲ။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ ကိုယ်ပိုင် အင်အားနဲ့ မအိုမသေ ထာဝရ အသက်ရှင်ခြင်း ကသာ ထာဝရ ဖြစ်နေလို့ပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒါကိုတော့ ကျုပ် ဂရုမစိုက်ပါဘူး။ အရှင့်ကို ဖျက်ဆီးပစ်မှသာ တာရှန်းမိစ္ဆာနိုင်ငံကို တကယ် အမြစ်ပြတ် သုတ်သင်နိုင်မယ် ဆိုတာကိုပဲ ကျုပ် သိပါတယ်။”
တာရှန်း ဧကရာဇ်ကြီးက မေးသည်။ “ခင်ဗျားက ဘာကို အခြေခံပြီး ကျုပ်ကို ဖျက်ဆီးမှာလဲ။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ကျုပ်က တရားမျှတမှုကို ကိုယ်စားပြုပြီး အရှင့်ကို ဖျက်ဆီးမှာပါ။”
ဤစကားကို ပြော၍ပင် မဆုံးသေးမီ ယွင်ကျုံးဟဲ့ ကိုယ်တိုင် ရယ်မောမိသွား၏။ သူက နောက်ပြောင်သည့် လေသံမျိုးဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့ပေမည့် တာရှန်း ဧကရာဇ်ကြီးက ဤစကားကို ကြားချိန်မှာတော့ ပြောစရာ စကားပင် မရှိအောင် ဖြစ်သွား၏။
သို့ပေမည့် သူက အလွန် လေးနက်စွာဖြင့် မေးလိုက်သည်။ “တရားမျှတမှု.... ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် တရားမျှတမှုကို ကိုယ်စားပြုတယ်လို့ ထင်နေတာလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ဟုတ်ပါတယ်။ ကျုပ် တကယ်ပဲ အဲဒီလို ထင်ပါတယ်။”
တာရှန်း ဧကရာဇ်ကြီးက ဆက်မေးသည်။ “ခင်ဗျားရဲ့ တာ့ယန် အင်ပါယာက တရားမျှတမှုကို ကိုယ်စားပြုတယ်လို့ ထင်နေတာလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဟုတ်တာပေါ့။ ကျုပ် ပိုပြီးတော့တောင် အဲဒီလို ထင်ပါသေးတယ်။”
တာရှန်း ဧကရာဇ်ကြီးက မေးလိုက်ပြန်သည်။ “ခင်ဗျားရဲ့ ဘိုးဘေးက တာ့ရှ အင်ပါယာရဲ့ ဖန်တီးရှင် ဧကရာဇ် ရှကျိုး မလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ဟုတ်ပါတယ်။”
တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်သည်။ “ကျုပ်က မကောင်းဆိုးဝါး ဖြစ်နေမှတော့ နုဧကရာဇ် လည်း သေချာပေါက် မကောင်းဆိုးဝါး ဖြစ်မှာပေါ့။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “ဒါဆို ခင်ဗျားရဲ့ ဘိုးဘေး ရှကျိုးက အကြီးမားဆုံး မကောင်းဆိုးဝါးပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလို့ အဲဒီလို ပြောရတာလဲ။”
တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “ဘာလို့လဲဆိုတော့ အဲဒီတုန်းက နုဧကရာဇ် ဟာ အားအနည်းဆုံး အချိန်ကို ရောက်နေပြီး ဘယ်သူမဆို သူ့ကို အလွယ်တကူ သတ်ပစ်နိုင်တဲ့ အခြေအနေမှာ ရှိနေလို့ပဲ။ အဲဒီတုန်းက ကျီရွှေ့အဖွဲ့အစည်းက အင်အားကြီးမားသူ ထောင်ချီဟာ အမှောင်တောင်တန်းကို ဝိုင်းရံထားပြီးပြီ။
ခင်ဗျားရဲ့ ဘိုးဘေး ရှကျိုးဟာ တောင်ပေါ်က ပိရမစ် ထဲကို ဝင်သွားပြီး နုဧကရာဇ် ကို ရှာတွေ့ခဲ့တယ်။ သူက ဓားတစ်ချက်တည်းနဲ့ သတ်ပစ်သင့်ပေမယ့် သူက မသတ်ခဲ့ရုံတင် မကဘူး၊ နုဧကရာဇ် ကို ခေါ်ပြီး အမှောင် တောင်တန်း ကနေ ထွက်ပြေးခဲ့တယ်။ ဒီသဲကန္တာရကို ရောက်လာပြီး ပိရမစ် ထဲက ခေါင်းတလား ထဲမှာ ထည့်ထားခဲ့တယ်။ နုဧကရာဇ်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တယ်။ ဒါက ကြီးမားတဲ့ သစ္စာဖောက်မှု မဟုတ်ဘူးလား။ ဒါက မကောင်းဆိုးဝါး မဟုတ်ဘူးလား။”
ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။ “အဲဒါက တကယ်ပဲ သစ္စာဖောက်တာပါ။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “ခင်ဗျားက သူ့ရဲ့ မျိုးဆက်လေ။ ခင်ဗျားရဲ့ ဘိုးဘေးက နုဧကရာဇ်ကို ကယ်တင်ခဲ့ဖူးတယ်။ ပြီးတော့ နုဧကရာဇ်က လောကကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလို ဖြစ်ခဲ့တယ်။ ဒါဆို ခင်ဗျားတို့ မိသားစုက ဘယ်လိုလုပ် တရားမျှတမှု အကြောင်း ပြောလို့ ရမှာလဲ။ ခင်ဗျားက ဘာမျက်နှာနဲ့ တရားမျှတမှုကို ကိုယ်စားပြုပြီး ကျုပ်ကို ဖျက်ဆီးပစ်မယ်လို့ ပြောရဲတာလဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အရှင် ပြောတာ တကယ်လား။”
တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “အမှန်လား၊ အလိမ်လား ဆိုတာ ခင်ဗျားရဲ့ စိတ်ထဲမှာ မသိဘူးလား။”
ဧကရာဇ်ရှကျိုး၏ သင်္ချိုင်းဂူ အတွင်း၌ ထိုအချိန်က အဖြစ်အပျက်များကို အသေးစိတ် မှတ်တမ်းတင် ထားသည်ကို ယွင်ကျုံးဟဲ့ ထပ်မံ သတိရသွားမိသည်။
ဧကရာဇ် ရှကျိုးသည် ကျီရွှေ့ အဖွဲ့အစည်းကို ဦးဆောင်ကာ နုဧကရာဇ်ကို လုပ်ကြံရန် အမှောင် တောင်တန်းသို့ သွားရောက်ခဲ့သည်။ ရလဒ် အနေဖြင့် စတုတ္ထမြောက် သင်္ချိုင်းဂူတွင် အလျင်စလို တည်ဆောက်ထားသော အုတ်ဂူ တစ်ခု တွေ့ရပြီး ကျုပ်စိတ်တွေ ရှုပ်ထွေးနေပြီ ဟူသော စကားလုံး အနည်းငယ်သာ ချန်ထားခဲ့၏။
ဟေးယန်အင်ပါယာ၏ အနက်ရောင် နဂါးဘုရင် ကလည်း ဧကရာဇ် ရှကျိုးသည် ကျီရွှေ့ အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့သည်ဟု ပြောခဲ့ဖူးသည်။
ထို့ကြောင့် အခြေခံအားဖြင့် မျက်မှောက်ရှိ တာရှန်း ဧကရာဇ်ကြီး ပြောသော စကားများသည် အမှန်တရား ဖြစ်နိုင်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဧကရာဇ်မင်းကြီး... ကျုပ် တစ်ခုလောက် မေးပါရစေ။ အရှင်က ခမ်းနားကြီးကျယ်တဲ့ တာယင် အင်ပါယာရဲ့ မင်းသား တစ်ပါး ဖြစ်နေလျက်နဲ့ ဘာလို့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အမှောင် ချင်ဝမ် တစ်ပါး ဖြစ်သွားရတာလဲ။ ဒါက... ဒါက ယုတ္တိ မတန်ဘူးလေ။”
တာရှန်း ဧကရာဇ်ကြီးက ပြန်မေး၏။ “ဘာက ယုတ္တိ မတန်တာလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “အရှင့်ရဲ့ ဘိုးဘေးတွေက တာ့ယန် အင်ပါယာရဲ့ နယ်စားပယ်စားတွေလေ။”
တာရှန်း ဧကရာဇ်ကြီးက အေးစက်စွာ ပြုံးကာ ပြောလိုက်၏။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ကျုပ်ရဲ့ ဘိုးဘေးတွေဟာ တာ့ယန် အင်ပါယာမှာတုန်းက တကယ်ပဲ နယ်စားပယ်စား တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ လောကကြီးက နှစ်ပေါင်း ရာချီ ပရမ်းပတာ ဖြစ်သွားခဲ့တယ်။ နယ်စားပယ်စား မျိုးနွယ် ဆိုတာက ဘာအရေးပါလို့လဲ။
ကျုပ်တို့ ယင်မိသားစုက ဘာကို အခြေခံပြီး အင်အားကြီးလာတာလဲ။ ပြီးတော့ နိုင်ငံကြီး တွေက ဘာကို အခြေခံပြီး အင်အားကြီးလာတာလဲ။ ဘာလို့ အင်ပါယာတွေ တည်ထောင်နိုင်ခဲ့တာလဲ။ အဲဒီတုန်းက တာ့ယန် အင်ပါယာမှာ နယ်စားပယ်စား ကိုးယောက် ရှိခဲ့တယ်။ ဘာလို့ ရှ၊ ယင်၊ ကျိုး တို့ပဲ အင်အားကြီးလာခဲ့တာလဲ။ ခင်ဗျား စဉ်းစားကြည့်... ခင်ဗျား သေချာ စဉ်းစားကြည့်စမ်း။”
ယွင်ကျုံးဟဲ့ သေချာ စဉ်းစားကြည့်ပြီးနောက် စကားတစ်ခွန်းသာ ပြောလိုက်သည်။ “ချီးတဲ့မှ...”
အပိုင်း (၉၁၂)
တာရှန်း ဧကရာဇ်ကြီးက အေးစက်စွာ ပြုံးကာ မေးလိုက်၏။ “စဉ်းစားလို့ ရသွားပြီလား။ ကျုပ် အရမ်း လေးစားရတဲ့ အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့။ အရမ်း မြင့်မြတ်တဲ့ တာ့ယန် ဧကရာဇ်မင်းကြီး....”
ဤပြဿနာကို ယွင်ကျုံးဟဲ့ စောစောတည်းက စဉ်းစားမိခဲ့ပေမယ့် ယခုမှ သေချာသွားခြင်းဖြစ်သည်။
တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်၏။ “ဟုတ်တယ်။ နုဧကရာဇ် သေဆုံးသွားပြီးနောက် တာရှန်းမိစ္ဆာနိုင်ငံဟာ လေးပိုင်းကွဲပြီး ပြိုကွဲ ပျက်စီးသွားခဲ့တယ်။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ ချင်ဝမ် ကိုးယောက်ထဲက နှစ်ဖွဲ့က ပင်လယ်ရပ်ခြားကို ထွက်ပြေးသွားပြီး နုဧကရာဇ်ရဲ့ အမွေအနှစ် အများအပြားကို ယူဆောင်သွားခဲ့တယ်။ ဒါပေမဲ့ ကျန်တဲ့ ချင်ဝမ် တွေရဲ့ အင်အားစုတွေကော ဘယ်ရောက်သွားလဲ။
နုဧကရာဇ် လဲကျသွားတော့ အင်ပါယာကြီးတွေက ဗိုက်ဝသွားကြတယ်။ လောကက ဒီအင်ပါယာကြီးတွေ ဘာလို့ မြန်မြန်ဆန်ဆန် အင်အားကြီးလာရတာလဲ။ အဲဒါက တာရှန်းမိစ္ဆာနိုင်ငံရဲ့ အကြွင်းအကျန် အင်အားစုတွေနဲ့ ပူးပေါင်းပြီး အိမ်ထောင်ပြုခဲ့ကြလို့လေ။ အဲဒါကြောင့် သူတို့ အင်အားကြီးလာတာပဲ။”
ထို့နောက် တာရှန်း ဧကရာဇ်ကြီးက အထင်သေးစွာ ပြုံးကာ ဆက်ပြောသည်။ “တာ့ကျိုး အင်ပါယာရဲ့ ဘိုးဘေးက သန့်ရှင်းသော ကျောင်းတော်ကို သွားခဲ့ဖူးလို့ နှစ်အနည်းငယ် အတွင်းမှာပဲ အင်အားကြီးလာပြီး တာ့ကျိုး အင်ပါယာကို တည်ထောင်နိုင်ခဲ့တယ် ဆိုတာတွေက အဓိပ္ပာယ် မရှိတဲ့ စကားတွေပဲ။ သူက တာရှန်းမိစ္ဆာနိုင်ငံက အင်အားကြီးမားတဲ့ မိန်းမ တစ်ယောက်ကို လက်ထပ်ခဲ့ပြီး သူမရဲ့ အင်အားစုတွေကို လက်ခံရရှိခဲ့လို့ပါ။
ပြီးတော့ တာယင် အင်ပါယာရဲ့ ဘိုးဘေးကလည်း တာရှန်းမိစ္ဆာနိုင်ငံက ဒဏ်ရာရနေတဲ့ မိန်းမ ချင်ဝမ် တစ်ယောက်ကို လက်ထပ်ခဲ့လို့ပါပဲ။ အဲဒါကြောင့် ပိုင်ယင်မြို့က အရှေ့တိုင်း လောကကို နှစ်ပေါင်း ရာချီ ထိုးဖောက် ဝင်ရောက်ခဲ့တာတင် မကဘူး။ ဒီအင်ပါယာကြီးတွေ ကိုယ်တိုင်ကကို တာ့ယန် နယ်စားပယ်စား တွေနဲ့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အကြွင်းအကျန်တွေ ပေါင်းဖက်ပြီး ရလာတဲ့ ရလဒ်တွေပဲ။ ဒါကမှ တကယ့် အမှန်တရားပဲ။”
‘ချီးတဲ့မှ... တာ့ရှီ အင်ပါယာကပဲ ဖြစ်ဖြစ်၊ တာ့ကျိုး အင်ပါယာကပဲ ဖြစ်ဖြစ်... တော်ဝင် မိသားစုဝင် တွေတိုင်းမှာ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြောတွေ ရှိနေတာ မဆန်းတော့ပါဘူး။’
တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်၏။ “သူတို့ အင်ပါယာတွေကို တည်ထောင်ပြီးသွားတော့ သေချာပေါက် သူတို့ရဲ့ အစစ်မှန်ဆုံး မျိုးဆက် ဖြစ်တည်မှုကို ကြေညာရတော့မှာပေါ့။ အဲဒါကြောင့် တာရှန်းမိစ္ဆာနိုင်ငံရှိခဲ့တဲ့ အထောက်အထားတွေကို အစွမ်းကုန် ဖျောက်ဖျက်ပစ်ရတော့မယ်။ အဲဒါကြောင့် တာရှန်းမိစ္ဆာနိုင်ငံရဲ့ သမိုင်းကြောင်းကို အစွမ်းကုန် ပိတ်ပင်ခဲ့ကြတယ်။ ကျုပ် လုပ်ခဲ့တာကတော့ အရင်က အင်အားတွေကို ပြန်လည် ရယူတာ သက်သက်ပါပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့ တာ့ရှ အင်ပါယာရဲ့ ဖန်တီးရှင် ဧကရာဇ် ကတော့ တာရှန်းမိစ္ဆာနိုင်ငံက ဘယ်မိန်းမကိုမှ မလက်ထပ်ခဲ့ပါဘူး။”
တာရှန်း ဧကရာဇ်ကြီးက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ တကယ် လက်မထပ်ခဲ့ပါဘူး။ ဒါပေမဲ့ တာ့ရှ အင်ပါယာ စတင် တည်ထောင်ချိန်မှာ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အလယ်အလတ်နဲ့ အောက်ခြေ သိုင်းသမားတွေကို အများဆုံး ရရှိခဲ့တယ်။ အဲဒါကြောင့် ခင်ဗျားတို့ မိသားစုရဲ့ အခြေခံ အုတ်မြစ်က အကြီးမားဆုံး ဖြစ်နေတာပဲ။ သေချာပေါက် ဒီသမိုင်းကြောင်းက လုံးဝ ဖျောက်ဖျက်ခံလိုက်ရပြီး နောက်ပိုင်း ဧကရာဇ်တွေတောင် မသိကြတော့ဘူး။”
ထို့နောက် တာရှန်း ဧကရာဇ်ကြီးက အေးစက်စက် ပြုံးကာ ပြောသည်။ “အဲဒီလို ခေါ်တဲ့ အင်ပါယာကြီးတွေ ဆိုတာက လုံးဝ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အကြွင်းအကျန် အလောင်းတွေကို စားသုံးပြီးမှ အင်အားကြီးလာကြတာပဲ။ ဘာအလင်းရောင်၊ ဘာတရားမျှတမှု အကြောင်း ပြောနေသေးတာလဲ။ အရမ်း ရယ်စရာ ကောင်းတာပဲ... ဟား ဟား ဟား ဟား...”
တာရှန်း ဧကရာဇ်ကြီး အဆက်မပြတ် အေးစက်စွာ ရယ်မောနေသည်။ သူ ပြောသော အကြောင်းအရာများသည် တကယ်ကို ဤလောကကြီး၏ အမြင့်ဆုံး အမှန်တရားများထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် အလွန်လည်း ယုတ္တိရှိ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အရှင်က ဘယ်လို အင်အားကြီးလာတာလဲ။ အဲဒီအချိန်က တာရှန်းမိစ္ဆာနိုင်ငံပျက်စီးသွားတာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေပြီလေ။ ပြီးတော့ အရှင်ကလည်း သာမန် တာယင် အင်ပါယာ မင်းသား တစ်ပါးပဲ ရှိသေးတာလေ။”
တာရှန်း ဧကရာဇ်ကြီးက ဖြေ၏။ “ကျုပ်ကိုယ်ပေါ်မှာ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြော ရှိတယ်။ ပြီးတော့ လမ်းညွှန်မှုကို ရရှိခဲ့ပြီး နုဧကရာဇ်ရဲ့ အမွေအနှစ်တွေကို လျှို့ဝှက်စွာ ရရှိခဲ့တယ်။ အရေးအကြီးဆုံးကတော့ နုဧကရာဇ် တည်ဆောက်ခဲ့တဲ့ အမှောင် တောင်တန်းရဲ့ အမွေအနှစ်ကို ရရှိခဲ့လို့ ပိုင်ယင်မြို့နဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာပဲ။”
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “အရှင်က ဘယ်သူ့ရဲ့ လမ်းညွှန်မှုကို ရခဲ့တာလဲ။”
တာရှန်း ဧကရာဇ်ကြီးက ဖြေ၏။ “နုဧကရာဇ်ရဲ့ တမန်တော်။”
ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် မေးလိုက်သည်။ “နုဧကရာဇ် ပျက်စီးသွားတာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေပြီလေ။ ဘယ်ကနေ တမန်တော် ရောက်လာတာလဲ။”
တာရှန်း ဧကရာဇ်ကြီးက ရယ်မောကာ ပြန်မေး၏။ “ဟားဟား... ခင်ဗျား သိချင်လား။”
ယွင်ကျုံးဟဲ့ ခဏမျှ ရပ်တန့်သွားပြီးနောက် ဖြေသည်။ “ကျုပ် မသိချင်ဘူး။”
တာရှန်း ဧကရာဇ်ကြီးက ထပ်မေးလိုက်၏။ “အဲဒီ တမန်တော်က အရမ်း ရင်းနှီးတဲ့ လူတစ်ယောက်ပဲ။ သူ့နာမည်ကို ခင်ဗျား တကယ် မသိချင်ဘူးလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ် ရုတ်တရက် မသိချင်တော့ဘူး။”
တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်၏။ “ခင်ဗျားက အရမ်း ဉာဏ်ကောင်းလွန်းတယ်။ ဉာဏ်ကောင်းလွန်းတဲ့ လူတွေက မကောင်းဘူး။”
ထို့နောက် တာရှန်း ဧကရာဇ်ကြီးက မေးလိုက်သည်။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... အခု ခင်ဗျားက တရားမျှတမှုကို ကိုယ်စားပြုပြီး ကျုပ်ကို ဖျက်ဆီးချင်သေးလား။ ခင်ဗျားမှာ တရားမျှတမှုကို ကိုယ်စားပြုပြီး ကျုပ်ကို ဖျက်ဆီးပစ်ဖို့ ဘာအရည်အချင်း ရှိသေးလို့လဲ။ ခင်ဗျားရဲ့ ဘိုးဘေး ရှကျိုးက အကြီးမားဆုံး သစ္စာဖောက်ပဲ။ အရှေ့တိုင်း အင်ပါယာ တစ်ခုလုံးဟာ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အလောင်းပေါ်မှာ တည်ဆောက် ထားတာပဲ။ ခင်ဗျားမှာ ဘာအရည်အချင်း ရှိသေးလဲ။”
ယွင်ကျုံးဟဲ့ သက်ပြင်းချကာ ဖြေ၏။ “ကောင်းပြီလေ။ ကျုပ် တရားမျှတမှုကို ကိုယ်စားပြုပြီး အရှင့်ကို ဖျက်ဆီးမှာ မဟုတ်ပါဘူး။ အရှင့်ကို ကြည့်မရလို့ ဖျက်ဆီးပစ်ချင်တာ... အဲဒီလိုဆို ရမလား။”
‘ချီးတဲ့မှ... ပွင့်လင်းလွန်းလှချည်လား။’
အချိန် အတော်ကြာပြီးနောက် တာရှန်း ဧကရာဇ်ကြီးက ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဒီအကြောင်းပြချက်က ကျုပ်ကို အများကြီး ပိုပြီး သက်သောင့်သက်သာ ဖြစ်စေတယ်။ လူတိုင်း ကိုယ်ကျိုးရှာကြတာပဲလေ။ အဲဒီလောက် ဟန်ဆောင် မနေပါနဲ့။ ခင်ဗျားနဲ့ ကျုပ်ကြားမှာက တစ်ယောက် သေမှ တစ်ယောက် ရှင်မယ့် ဆက်ဆံရေးပဲ၊ သေရေးရှင်ရေး ရန်ငြိုးပဲ။ ဒါက ဘယ်လောက်တောင် ရိုးရှင်းလဲ။ ဒီလောကကြီးရဲ့ အထွတ်အထိပ်မှာ လူတစ်ယောက်တည်းပဲ ရပ်တည်နိုင်မယ်။ ဒါက အကြောင်းပြချက်ပဲ။”
ယွင်ကျုံးဟဲ့ ပခုံးတွန့်ပြလိုက်၏။
တာရှန်း ဧကရာဇ်ကြီးက ဆက်ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က နုဧကရာဇ်ရဲ့ လေ့ကျင့်မှုက အခက်အခဲ တစ်ခုကို ရောက်ရှိသွားတယ်။ သေရင်သေ၊ မသေရင် အသွင်ပြောင်းပြီး ကောင်းကင်ဘုံကို တက်လှမ်းရမှာပဲ။
ပြီးတော့ နုဧကရာဇ်က အခက်အခဲကို ရောက်နေတဲ့ အချိန်မှာ အရမ်းကို အားနည်းသွားခဲ့တယ်။ အဲဒါကြောင့် ကျီရွှေ့ အဖွဲ့အစည်းက အင်အားကြီးမားသူ ထောင်ချီက နုဧကရာဇ်ကို သွားလုပ်ကြံခဲ့ကြတာ။ အဲဒါကြောင့် ခင်ဗျားရဲ့ ဘိုးဘေး ရှကျိုးက နုဧကရာဇ် ကို သွားကယ်တင်ခဲ့တာ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်လည်း ဒီအခက်အခဲကို ရောက်နေပြီး အရမ်းကို အားနည်းနေတဲ့ အချိန်ကို ရောက်နေတယ်။ ကျုပ်က နုဧကရာဇ်ရဲ့ သမိုင်းကြောင်းကို ထပ်ခါတလဲလဲ ဖြစ်စေနေတာပဲ။ အခု ဘယ်သူ လာလာ ကျုပ်ကို အလွယ်တကူ သတ်ပစ်လို့ ရနေပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆိုရင်တော့ တကယ် တိုက်ဆိုင်တာပဲ။ ကျုပ်လည်း ကြက်လေး တစ်ကောင်တောင် မသတ်နိုင်ဘူးလေ။ အရှင့်ကို သတ်နိုင်တဲ့ သူတွေထဲမှာ ကျုပ်လည်း ပါဝင်လား။”
တာရှန်း ဧကရာဇ်ကြီးက ဖြေသည်။ “သေချာပေါက် ပါဝင်တာပေါ့၊ အရမ်းကို ပါဝင်တာပေါ့။ ခင်ဗျား ကျုပ်ကို ညှစ်သတ်လို့ ရတယ်၊ ကိုက်သတ်လို့ ရတယ်။ အကယ်၍ ခင်ဗျား ဓားမြှောင် တစ်ချောင်း ယူလာခဲ့ရင် ပိုပြီးတောင် ကောင်းသေးတယ်။ ကျုပ်ခေါင်းကို အလွယ်တကူ ဖြတ်ပစ်လို့ ရတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဟုတ်လား။ ဒါဆို အရမ်း ကောင်းတာပေါ့။ ကျုပ် အရှင့်ကို ဘယ်လို သတ်ရမလဲ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး။”
တာရှန်း ဧကရာဇ်ကြီးက မေးလိုက်သည်။ “အခု ခင်ဗျား ဘာမြင်နေရလဲ။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “အထူး ပြင်းထန်တဲ့ အလင်းရောင်တွေချည်းပဲ။ မျက်စိကန်းမတတ်ပဲ၊ ဘာမှ မမြင်ရဘူး။”
တာရှန်း ဧကရာဇ်ကြီးက ပြောသည်။ “ခင်ဗျား အမြင်အာရုံ ပြန်ရလာတဲ့ အချိန်ကျရင် ခေါင်းတလား ကိုးခုကို ခင်ဗျား မြင်ရလိမ့်မယ်။ အဲဒီအထဲက တစ်ခုမှာ ကျုပ် လှဲအိပ်နေတယ်။ ကျုပ် အဲဒီအထဲမှာ အရမ်း အားနည်းနေပြီး ခင်ဗျားက ကျုပ်ခေါင်းကို အလွယ်တကူ ဖြတ်ပစ်နိုင်တယ်။
ဒါပေမဲ့ ခင်ဗျား သေချာပေါက် သတိထားပါ။ ခေါင်းတလား ကိုးခုထဲမှာ တစ်ခုတည်းကသာ ကျုပ် ဖြစ်ပြီး ကျန်တဲ့ ရှစ်ခုကို ခင်ဗျား ဖွင့်လိုက်တာနဲ့ သေချာပေါက် သေရမှာပဲ။ အဲဒီအထဲက ကြောက်စရာကောင်းတဲ့ အကောင်တွေက ခင်ဗျားကို တိုက်ရိုက် တစ်စစီ ဆွဲဖြဲပစ်လိမ့်မယ်။ အဲဒါကြောင့် ခင်ဗျားရဲ့ အောင်မြင်နိုင်ခြေက ကိုးပုံတစ်ပုံပဲ ရှိပြီး သေဆုံးနိုင်ခြေက ကိုးပုံရှစ်ပုံ ရှိတယ်။ ကြိုးစားပါ၊ ခင်ဗျားကို ကျုပ် ယုံကြည်ပါတယ်။”
ထို့နောက် တာရှန်း ဧကရာဇ်ကြီး၏ အသံတွင် ဆွဲဆောင်မှုများ ပြည့်နှက်နေသကဲ့သို့ ထွက်ပေါ်လာ၏။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... လာပြီး ကျုပ်ကို သတ်လှည့်ပါ၊ လာပြီး ကျုပ်ကို သတ်လှည့်ပါ။ ငါက ဒီခေါင်းတလား ကိုးခုထဲက တစ်ခုမှာ ရှိနေပါတယ်။”
ဤအချိန်တွင် ပြင်းထန်သော အလင်းရောင်များ ပျောက်ကွယ်သွားပြီး ယွင်ကျုံးဟဲ့၏ အမြင်အာရုံ တဖြည်းဖြည်း ပြန်လည် ရရှိလာသည်။
သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ဤနေရာသည် အလွန် ကြီးမားသော သင်္ချိုင်းဂူ တစ်ခု ဖြစ်ပြီး အရှေ့တွင် ခေါင်းတလား ကိုးခု တကယ်ပဲ တန်းစီထားသည်။ မည်သည့်ခေါင်းတလားက တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်၏ ခေါင်းတလား ဖြစ်မည်နည်း။
သင်္ချိုင်းဂူတစ်ခုလုံးမှာ အလွန်ပင် ကြီးမားကျယ်ဝန်းလှပြီး နေရာတိုင်းတွင် စကျင်ကျောက်ပြားများကို ခင်းကျင်းထားကာ ပြောင်လက်နေအောင် ပွတ်တိုက်ထားသောကြောင့် မှန်သားပြင်ကဲ့သို့ ကြည်လင်နေပြီး အကုန်လုံးမှာ အနက်ရောင်ချည်းသာ ဖြစ်သည်။
ဤသင်္ချိုင်းဂူ၏ အရွယ်အစားမှာ စတုရန်းကီလိုမီတာ တစ်သိန်းခန့် ရှိလိမ့်မည်ဟု ယွင်ကျုံးဟဲ့ ခန့်မှန်းမိသည်။ သို့ပေမည့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမှောင်အတိကျနေသောကြောင့် အလွန်ကြီးမားသည်ဟု မခံစားရဘဲ အဆုံးအစမရှိ ဟာလာဟင်းလင်း ဖြစ်နေသည်ဟုသာ ခံစားနေရ၏။
အလယ်ဗဟိုတွင် ရှိသော ခေါင်းတလားကိုးခုမှသာ အလင်းရောင်များ ထွက်ပေါ်နေသောကြောင့် မြင်တွေ့ နေရခြင်း ဖြစ်သည်။
ဤခေါင်းတလားကိုးခုစလုံးမှာ ကျောက်တုံးများဖြင့် ထုဆစ်ထားခြင်းဖြစ်ပြီး မည်သည့်အလှဆင်မှုမှ မရှိသကဲ့သို့ မည်သည့်ပန်းပုလက်ရာမှလည်း မရှိချေ။
ခေါင်းတလားတစ်ခုချင်းစီ၏ အပေါ်တွင် သေမင်းထာဝရရှင်သန်ခြင်း ဟူသော စာလုံးလေးလုံးကို ရေးထွင်းထားသည်။
မည်သည့်ခေါင်းတလားမှာ တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်၏ ခေါင်းတလား ဖြစ်သနည်း။ အကယ်၍ မှားယွင်း ရွေးချယ်မိပါက အတွင်း၌ရှိသော အင်အားကြီးမားသည့် စွမ်းအားများက ယွင်ကျုံးဟဲ့ကို တိုက်ရိုက်တစ်စစီ ဆွဲဖြဲပစ်ကာ အသေဆိုးဖြင့် သေဆုံးသွားစေလိမ့်မည်ဟု သူက ပြောခဲ့၏။
သို့ဖြစ်ရာ ယွင်ကျုံးဟဲ့အတွက် အခွင့်အရေးမှာ တစ်ကြိမ်တည်းသာ ရှိ၏။ ယွင်ကျုံးဟဲ့သည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ဤခေါင်းတလားကိုးခုမှာ မည်သည့်ကွာခြားချက်မှ မရှိသကဲ့သို့ မည်သည့်စွမ်းအင်အငွေ့အသက်မျှလည်း ထွက်ပေါ်မလာချေ။ မည်သည့်ခေါင်းတလားထဲတွင် တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ် လှဲလျောင်းအိပ်စက် နေသည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။
နံပါတ် ၉ စိတ်ရောဂါသည် ကွမ်တမ်၏ တွက်ချက်မှုစွမ်းရည်ကို အသုံးပြု၍ တွက်ချက်ကြည့်ရမှာဖြစ်၏။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မှသည် ဆယ်ကြိမ်တိုင်တိုင် တွက်ချက်ပြီးနောက် ရလဒ်မှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ပထမခေါင်းတလား ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း၊ ပဉ္စမခေါင်းတလား ဖြစ်နိုင်ခြေ ၅၁ ရာခိုင်နှုန်းနှင့် နဝမ ခေါင်းတလား ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ဟူ၍ပင်။ ဤဖြစ်နိုင်ခြေမှာ မှားယွင်းနေသကဲ့သို့ပင်။ အကြောင်းမှာ ဖြစ်နိုင်ခြေသုံးခုကို ပေါင်းစပ်လိုက်ပါက ၁၅၀ ရာခိုင်နှုန်းပင် ကျော်လွန်နေပြီ ဖြစ်၏။
သို့ပေမည့် မှားယွင်းနေသည်ဟုလည်း ပြောဆို၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်နိုင်ခြေများကို ပေါင်းစပ်၍မရဘဲ တစ်ခုချင်းစီမှာ သီးခြားစီ ဖြစ်နေသောကြောင့် ဖြစ်သည်။
ပထမ၊ ပဉ္စမ၊ နဝမ ခေါင်းတလားသုံးခုထဲတွင် တာရှန်းဧကရာဇ်ကြီး လှဲလျောင်းနေနိုင်ခြေမှာ အတူတူနီးပါးပင် ဖြစ်သည်။ ပထမခေါင်းတလားကိုမူ နားလည်ရန် လွယ်ကူလှပေသည်။ လောကတွင် ပထမဆုံး (နံပါတ်တစ်) ဟူသော အဓိပ္ပာယ်ကြောင့် ဖြစ်၏။
နဝမခေါင်းတလားကိုလည်း နားလည်ရန် လွယ်ကူပေသည်။ ကိုး (၉) ဆိုသည်မှာ အမြင့်ဆုံးဂဏန်းဖြစ်ပြီး ပိရမစ်အုပ်စုတိုင်းတွင် နဝမမြောက် ပိရမစ်မှာ အဆင့်အမြင့်ဆုံး ဖြစ်နေသောကြောင့် ဖြစ်၏။ ပဉ္စမမြောက် ခေါင်းတလားမှာမူ ခေါင်းတလားကိုးခု၏ အလယ်ဗဟိုတွင် တည်ရှိနေပြီး ၎င်း၏ ဖြစ်နိုင်ခြေမှာ အနည်းငယ်မျှ ပိုမိုများပြားကာ ၅၁ ရာခိုင်နှုန်း ဖြစ်သည်ဟု ဆိုသည်။
ယွင်ကျုံးဟဲ့သည် ဆယ်ကြိမ်ထက်မနည်း တွက်ချက်ကြည့်ပြီးသော်လည်း ရလဒ်မှာ အတူတူပင် ထွက်ပေါ် လာခဲ့သည်။ တစ်ရာခိုင်နှုန်းမျှသာ ပိုမိုများပြားနေပါစေဦးတော့ တာရှန်းဧကရာဇ်ကြီးသည် ပဉ္စမခေါင်းတလားထဲတွင် ရှိနေနိုင်ခြေ အရှိဆုံးဖြစ်၏။
ယွင်ကျုံးဟဲ့သည် ရှေ့သို့ တိုးသွားပြီး ပဉ္စမမြောက် ခေါင်းတလားရှေ့သို့ ရောက်ရှိလာခဲ့၏။ အကယ်၍ မှားယွင်းသွားခဲ့ပါက အသက်ကို စွန့်လွှတ်ရပေလိမ့်မည်။
သူ တစ်မိနစ်လောက် ရပ်တန့်သွားပြီး အချိန် အတော်ကြာ စဉ်းစားကာ လေကို ပြင်းပြင်း ထပ်မံ ရှူသွင်းလိုက်ပြီးနောက် ပဉ္စမမြောက် ခေါင်းတလား၏ အဖုံးကို ရုတ်တရက် တွန်းဖွင့်လိုက်သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
အသံ တစ်ခု ထွက်ပေါ်လာသည်။ ပဉ္စမမြောက် ခေါင်းတလား၏ အဖုံး ပွင့်သွားပြီး အတွင်းရှိ လူကို မြင်တွေ့လိုက်ရသည်။ တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ်၊ ယခင် တာယင် အင်ပါယာ ဧကရာဇ် တကယ် ဖြစ်နေ၏။
‘တကယ်ကို မတွေ့ရတာ ကြာပြီ။ ကြည့်ရတာ သူက ဘာမှ မပြောင်းလဲသွားသလိုပဲ။ ဒါပေမဲ့ နေရာတိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေသလိုလည်း ခံစားရတယ်။ ဒီခံစားချက်က အရမ်း ထူးဆန်းပြီး ဘယ်လို ပြောပြရမှန်းတောင် မသိဘူး။ ဒါက အတွင်းကနေ အပြင်ကို ပြောင်းလဲသွားတဲ့ အပြောင်းအလဲမျိုးများလား။’
သူက အရင်ကလိုပဲ အာဏာစက် ကြီးမားနေဆဲဖြစ်ပြီး အတိုင်းအဆမသိ နက်နဲနေဆဲ ဖြစ်၏။ သူသည် ခေါင်းတလား အတွင်းတွင် မလှုပ်မယှက် တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး လမ်းလျှောက်နေသော အလောင်းကောင် တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ယခင်က ဤတာရှန်း ဧကရာဇ်ကြီး ကိုယ်တိုင် ပြောခဲ့ဖူးသည်။ သူသည် နုဧကရာဇ်နှင့် တူညီသော အခြေအနေမျိုးကို ရင်ဆိုင်နေရပြီး အလွန် အားနည်းနေကာ လုံးဝ မလှုပ်ရှားနိုင်တော့ကြောင်း ပြောခဲ့ဖူး၏။
ဤအချိန်တွင် ယွင်ကျုံးဟဲ့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ တာရှန်း ဧကရာဇ်ကြီးသည် အသက် ရှင်နေဆဲဖြစ်ပြီး အသက်ရှူနေသေးသော်လည်း လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ထို့အပြင် စောစောက ထူးခြားသော စိတ်ပိုင်းဆိုင်ရာ လောက အတွင်းတွင် သူသည် တာရှန်း ဧကရာဇ်ကြီး နှင့် ဆက်သွယ်နိုင်ခဲ့သည်။
သို့သော်ငြား ယခုအချိန်တွင် တစ်ဖက်လူက ဘာတုံ့ပြန်မှုမှ မရှိချေ။ ယွင်ကျုံးဟဲ့က တာရှန်း ဧကရာဇ်ကြီးကို သေချာပေါက် ရှာတွေ့ခဲ့သော်ငြား တစ်ဖက်လူက အသက်ချမ်းသာပေးဖို့ မတောင်းဆိုသလို အသံလည်း မထွက်ခဲ့ပေ။ သူက ယွင်ကျုံးဟဲ့၏ အရှေ့မှာ တိတ်ဆိတ်စွာ လှဲအိပ်နေ၏။
ယွင်ကျုံးဟဲ့သည် ဓားမြှောင်ကို ထုတ်ယူလိုက်ပြီး တာရှန်း ဧကရာဇ်ကြီး၏ နှလုံးရှိရာ နေရာတွင် အရင် တင်ထားလိုက်ကာ တစ်ချက်တည်း ထိုးဖောက်ရန် ပြင်လိုက်သည်။
သို့ပေမည့် အနည်းငယ် တွေဝေသွားပြီးနောက် ဤသတ်ဖြတ်နည်းကို စွန့်လွှတ်လိုက်၏။ ‘အကယ်၍ မသေခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် ခေါင်းဖြတ်လိုက်တာက ပိုစိတ်ချရတယ်။’