အခန်း ၄၄၄
Vol. 45 Ch. 444
🍋 Chapter 444
သူမ၏ နှုတ်ခမ်းထက်သို့ လက်ညှိုးတစ်ချောင်း လာရောက်ဖိကပ်ခြင်းကို ခံစားလိုက်ရသည့်အခါ ဟယ်ဝေရွှမ်းသည် ဆယ်စက္ကန့်ခန့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
"နင်... နင် တကယ်ပဲ ဒီနေရာကို ရောက်လာတာလား"
"မဟုတ်ပါဘူး... ဒါတွေအကုန်လုံးက မင်းရဲ့ စိတ်ကူးယဉ်အိမ်မက်သက်သက်ပဲ၊ မင်းက အမှန်တကယ်တော့ သေသွားခဲ့ပြီ"
ကျိုးထျန်းသည် ဝမ်းနည်းပူဆွေးနေသည့် မျက်နှာပေးကို လုပ်ဆောင်လိုက်ပြီး မျက်ရည်ပင် ညှစ်ထုတ်ရန် ကြိုးပမ်းလိုက်သေးသည်။
"ဟင်... ဒါဆိုရင် ငါသေသွားပြီဆိုတော့ နင်က ငါ့မျက်စိထဲ မြင်နေရတဲ့ ဝိညာဉ်ပုံရိပ်တစ်ခုပေါ့ ဟုတ်လား"
"မှန်ပါတယ်... မန်နေဂျာ ဟယ်ဝေရွှမ်း ခင်ဗျာ"
"ကောင်းပြီလေ... နင်က ဝိညာဉ်ပုံရိပ်တစ်ခုပဲဆိုမှတော့ နင်က တကယ်ရှိတာမဟုတ်လို့ ဒီဖောင်တိန်နဲ့ ထိုးလိုက်ရင်လည်း ဘာမှမဖြစ်ဘူးပေါ့"
ဟယ်ဝေရွှမ်းက ပြုံးလိုက်ပြီး သူမ၏ လက်ထဲက ဖောင်တိန်ကို ဝှေ့ယမ်းလိုက်သည်။
"မန်နေဂျာဟယ်... မင်းသေသွားပြီဆိုရင်တောင် မင်းကိုယ်မင်း စိတ်လွှတ်ကိုယ်လွှတ်နဲ့ အကြမ်းဖက်မှုတွေ မလုပ်သင့်ဘူးနော်"
ကျိုးထျန်းသည် သူမကို ကြည့်ရင်း မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့သည်။
ဤအမျိုးသမီးသည် ပါးစပ်ကပဲ ပြောနေခြင်းမဟုတ်ဘဲ အမှန်တကယ် လုပ်ဆောင်ဝံ့သူဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။
"မရဘူး... မရဘူး... မရဘူး... ငါ့ရဲ့ အိမ်မက်နဲ့ စိတ်အာရုံကို ငါကိုယ်တိုင် ထိန်းချုပ်တာပဲ၊ အခု ငါ နင် သေသွားတာကို မြင်ချင်တယ်"
ပြောပြောဆိုဆိုဖြင့် ဟယ်ဝေရွှမ်းသည် သူမ၏ လက်ကို ပြင်းထန်စွာ မြှောက်လိုက်ပြီး ကျိုးထျန်း၏ နားထင်ဆီသို့ ရက်ရက်စက်စက် ထိုးစိုက်လိုက်တော့သည်။
"ဘုရားရေ... ဒီအမျိုးသမီးကတော့ တကယ့်ကို ရက်စက်တာပဲ"
ကျိုးထျန်း အမြန် ထွက်ပြေးသွားပြီး ဟယ်ဝေရွှမ်းကမူ သူ့နောက်သို့ အမှီလိုက်၍ လိုက်လံထိုးနှက်နေခဲ့သည်။
၎င်းတို့နှစ်ဦးသည် ကုန်လှောင်ရုံအတွင်း၌ ကြောင်နှင့်ကြွက်ကဲ့သို့ အပြန်အလှန် လိုက်တမ်းပြေးတမ်း ကစားနေခဲ့ကြသည်။
ငါးမိနစ်ခန့်ပြေးလွှားပြီးနောက်တွင်မှ ဟယ်ဝေရွှမ်းသည် အမောတကောဖြင့် နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး ဒေါသများ တောက်လောင်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသာ ကြိုးအချည်ခံထားရသဖြင့် အင်အားများ အကြီးအကျယ် လျော့နည်းမနေခဲ့လျှင် ယနေ့ သူမ သူ့ကို သေချာပေါက် အမိဖမ်းနိုင်လောက်ပြီ ဖြစ်သည်။
သူမအား ရှက်စရာကောင်းသော စကားများ ပြောဆိုမိအောင် တမင်တကာ အနိုင်ကျင့်ခဲ့ခြင်း ဖြစ်ပြီး သူမ၏ အရူးလုပ်မှုကို ကြည့်ရှုရန်အတွက် တမင်သက်သက် လာမတားဆီးခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို တွေးမိသောအခါ ဟယ်ဝေရွှမ်း၏ ပါးပြင်ထက်သို့ ရှက်သွေးဖြန်းသွားခဲ့ရသည်။
ဤသည်မှာ သူမအတွက် ဖြစ်ခဲလှသော အရာမျိုး ဖြစ်သည်။
သူမသည် အချိန်ဆွဲရန်အတွက်သာ ထိုစကားများကို ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း ကျိုးထျန်းနှင့် ပတ်ဝန်းကျင်ရှိ လူများ၏ မျက်ဝန်းထဲတွင်မူ ထိုစကားများသည် မရေမရာဖြစ်ရုံတင်မကဘဲ သူမကို အရှက်ကွဲစေနိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဟယ်ဝေရွှမ်းသည် တွေးမိလေလေ ပိုမို ဒေါသထွက်လေလေ ဖြစ်သည်။
သူမသည် သေဆုံးချင်စိတ် ရှိနေဆဲ ဖြစ်သော်လည်း သေဆုံးချင်ရသည့် အကြောင်းရင်းမှာ ယခင်နှင့် လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
၎င်းအပြင် သူမသည် ကျိုးထျန်းကိုပါ တစ်ပါတည်း ဆွဲခေါ်သွားမည်ဟု သေချာပေါက် ဆုံးဖြတ်ထားသည်။
"ငါက မင်းကို လာကယ်တာလေ၊ ကျေးဇူးတင်ရမယ့်အစား ငါ့ကို လိုက်ရိုက်နေတယ်"
ကျိုးထျန်းသည် ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေသော ကာတာကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီးနောက် သူကိုယ်တိုင် ဝင်ထိုင်ကာ အတန်ကြာအောင် အမောဖြေလိုက်တော့သည်။
ထိုအချိန်တွင်မှ ဟယ်ဝေရွှမ်း သတိပြုမိလိုက်သည်။
ကာတာ၏ လည်ပင်းတွင် ဆေးထိုးပြွန်လေးတစ်ခုနှင့်တူသော အရာတစ်ခု စိုက်ဝင်နေခဲ့သည်။
စိတ်ငြိမ်ဆေးလား...
သူမသည် ကာတာ၏ ဘေးနားတွင် ရပ်နေခဲ့ကြသော်လည်း ယခုအခါ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေကြသော သက်တော်စောင့်များကို ကြည့်ရှုလိုက်သည်။
ဤလူများ၏ လည်ပင်းတွင်လည်း စိတ်ငြိမ်ဆေးမြှားများ စိုက်ဝင်နေခဲ့ကြသည်။
"မကြည့်နဲ့တော့... သူတို့တွေ ၂၄ နာရီအတွင်း နိုးလာကြမှာ မဟုတ်ဘူး”
“မစိုးရိမ်နဲ့၊ ဒါက တိရစ္ဆာန်တွေအတွက် သုံးတဲ့ စိတ်ငြိမ်ဆေးပဲ”
“တစ်ချက်တည်းတင်ပဲ အရွယ်ရောက်ပြီးသား ဆိုက်ဘေးရီးယား ကျားတစ်ကောင်ကို တစ်နေ့လုံး အိပ်ပျော်သွားစေဖို့ လုံလောက်တယ်"
ကျိုးထျန်းက ကာတာကို စက်ဆုပ်ရွံရှာစွာဖြင့် တံတွေးထွေးလိုက်သည်။
ဟယ်ဝေရွှမ်းသည် သူမ၏ ပုံမှန် အေးစက်တည်ငြိမ်သော အမူအရာကို ချက်ချင်း ပြန်လည်ရရှိလိုက်ပြီး ထောင့်တစ်နေရာရှိ ဟယ်ချင်းဝမ်နှင့် အခြားအမျိုးသမီးများ၏ ကြိုးများကို လိုက်လံ ဖြေပေးလိုက်တော့သည်။
ဤအမျိုးသမီးများမှာ ကြောင်အမ်းနေကြဆဲ ဖြစ်သည်။
အကျပ်အတည်းအတွင်း ကယ်တင်ခြင်း ခံလိုက်ရသည်မှာ တုန်လှုပ်စရာကောင်းသော်လည်း ၎င်းတို့ကို အံ့ဩဆုံးဖြစ်စေသည်မှာ ၎င်းတို့၏ အေးစက်သော မျက်နှာထားရှိသည့် အမျိုးသမီး ဘော့စ်၏ အပြုအမူ ဖြစ်သည်။
ဤသည်မှာ ပုံမှန် တည်ငြိမ်ပြီး တုန်လှုပ်ခြင်းမရှိသော အမျိုးသမီး CEO အစစ်အမှန် ဟုတ်ပါသေးရဲ့လား။
သူမသည် ထိုအမျိုးသားနောက်သို့ လိုက်လံ ရိုက်နှက်နေစဉ်က အဘယ်ကြောင့် ဆံပင်ကျစ်ဆံမြီး ဆွဲခံရသည့် အလယ်တန်းကျောင်းသူလေးတစ်ဦးကဲ့သို့ ပြုမူနေခဲ့ရသနည်း။
မန်နေဂျာဟယ်အပေါ် ထားရှိခဲ့သော ပုံရိပ်များမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့ရသည်...။
ဟယ်ဝေရွှမ်းသည် သူမ၏ လက်အောက်ငယ်သားများ၏ မျက်ဝန်းထဲက အကြည့်များကို သတိပြုမိလိုက်ရာ ချက်ချင်းပင် ငြိမ်းသတ်သွားခဲ့သော သူမ၏ ပါးပြင်ထက်က ရှက်သွေးများမှာ ထပ်မံ၍ နီမြန်းလာခဲ့ပြန်သည်။
"အဟမ်း..."
သူမက လက်တစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကာ ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီးနောက် တည်ကြည်စွာဖြင့် ပြောဆိုလိုက်သည်။
"ဒီတစ်ခေါက် တရုတ်နိုင်ငံကို ပြန်ရောက်တာနဲ့ ကုမ္ပဏီအမည်နဲ့ မင်းတို့တစ်ယောက်ချင်းစီကို နစ်နာကြေးငွေ အမြောက်အမြား ပေးအပ်သွားမယ်”
“ဒ့ါအပြင် မင်းတို့အားလုံးကို ရာထူးတိုးမြှင့်ပေးမှာဖြစ်ပြီး ပညာဆက်လက်သင်ကြားခွင့် အခွင့်အလမ်းတွေ၊ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ခွဲဝေမှုတွေနဲ့ နှစ်ပတ်လည် ခွင့်ရက် အပိုဆောင်းတွေကိုပါ ပေးအပ်သွားမယ်"
"ဒါပေမဲ့... မင်းတို့အနေနဲ့ ဟေကျိုး နယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို နှုတ်လုံကြရမယ်၊ နားလည်လား"
လူတိုင်းက တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
၎င်းတို့အားလုံးသည် အပေးအယူကို ကောင်းစွာ သဘောပေါက်ကြသည်။
ဟယ်ဝေရွှမ်းသည် သူမ၏ လက်အောက်ငယ်သားများအပေါ် အမြဲတမ်း ရက်ရောပြီး ကတိတည်သူ ဖြစ်သဖြင့် သူမ ပြောဆိုသည့်အရာမှာ သေချာပေါက် ရရှိမည်ဖြစ်ကာ ဆုလာဘ်များမှာ ၎င်းတို့ စိတ်ကူးထားသည်ထက်ပင် ပိုမို များပြားပေလိမ့်မည်။
တစ်ခုတည်းသော ပေးဆပ်ရမည့်အရာမှာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ဖြစ်သည်။
ဤသည်မှာ အလွန်ပင် ကောင်းမွန်လှသော သဘောတူညီချက် ဖြစ်သည်။
ထို့အပြင် သူတို့ သိရှိထားသည်မှာ ဟယ်ဝေရွှမ်းက နှုတ်က ထုတ်ဖော်မပြောသော်လည်း အကယ်၍ ၎င်းတို့က သဘောမတူခဲ့လျှင် နောက်ဆက်တွဲ အကျိုးဆက်မှာ အလုပ်ထုတ်ခံရုံမျှမကဘဲ ပိုမို ဆိုးရွားနိုင်သည်ဟူ၍ ဖြစ်သည်။
ရွေးချယ်ခွင့် ပေးထားသည့်အခါ မည်သူမဆို လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်သာ ရွေးချယ်ကြပေလိမ့်မည်။
လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြကြသည့်အခါမှ ဟယ်ဝေရွှမ်း စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။
သူမ၏ စိတ်အေးချမ်းမှု ရှိစေရန်အတွက် နောက်ပိုင်းတွင် ဤလူများနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း သဘောတူညီချက် ကို ထပ်မံ လက်မှတ်ရေးထိုးရန် လိုအပ်သေးသည်။
အကယ်၍ သူမ၏ အပြုအမူများသာ အပြင်သို့ ပေါက်ကြားသွားခဲ့လျှင် အနာဂတ်တွင် အဖွဲ့ကို ဦးဆောင်ရန် ခက်ခဲသွားပေလိမ့်မည်။
သူမ အမြဲတမ်း လုပ်ဆောင်လေ့ရှိသည်မှာ မိမိ၏ စိတ်ခံစားမှုများကို ဖိနှိပ်ထားပြီး မိမိကိုယ်ကိုယ် မယိမ်းယိုင်သော စွမ်းအားတစ်ခုအဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် သူမ၏ အားကျသူများစွာမှာ ကျား၊ မ မရွေး သူမကို စံပြအဖြစ် ကိုးကွယ်ကြသည်။
သို့သော် တည်ကြည်လှသော နတ်ဘုရားမတစ်ပါးက အပြန်အလှန် လိုက်တမ်းပြေးတမ်း ကစားနေသည်။
တည်ကြည်မှု အတန်ငယ် ပြသပြီးနောက် ဟယ်ဝေရွှမ်းသည် ကျိုးထျန်းထံသို့ နှေးကွေးစွာ လျှောက်လှမ်းသွားခဲ့သည်။
"ငါတို့ကို ခေါ်ထုတ်သွားတော့"
သူမသည် ကျိုးထျန်းအား ဤအရာကို မည်သို့ လုပ်ဆောင်ခဲ့သည်ကို မမေးမြန်းခဲ့သလို လက်ရှိ ကြုံတွေ့နေရသော အန္တရာယ်အတွက်လည်း စိုးရိမ်ခြင်းမရှိဘဲ သူ့ကို ရာနှုန်းပြည့် ယုံကြည်ထားခဲ့သည်။
သူ ရှိနေသည်ကို အတည်ပြုလိုက်နိုင်သည့် အချိန်မှစ၍ သူမ ဘေးကင်းသွားပြီဖြစ်ကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။
‘လုံခြုံမှု အပြည့်အဝ ပေးနိုင်တဲ့လူတစ်ယောက် ရှိနေတာ တကယ်ကို ကောင်းတာပဲ...’
သူမ မိမိဘာသာ တွေးတောလိုက်မိသည်။
"ကောင်းပြီ... သွားကြစို့ အပြင်ထွက်ရအောင်”
“ဒီနေ့ပဲ ငါတို့တွေ ဒီကနေ ထွက်ခွာကြမယ်၊ ငါ အားလုံးကို စီစဉ်ထားပြီးပြီ"
သူသည် အပြင်ဘက်က အသံများကို နားစွင့်လိုက်ရာ ယခုအခါ အားလုံး တိတ်ဆိတ်နေပြီ ဖြစ်သဖြင့် အရာအားလုံး အခြေကျသွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။
ကျိုးထျန်းသည် ဟယ်ဝေရွှမ်း၏ လက်ကို သဘာဝကျစွာဖြင့် ဖမ်းဆုပ်လိုက်ပြီး အခြားအမျိုးသမီးများကို လှမ်း၍ လက်ဟန်ပြလိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့ကြ၊ အခု အပြင်မှာ ဘေးကင်းသွားပြီ"
ဟယ်ဝေရွှမ်းသည် သူမ၏ လက်ကို ရုန်းထွက်ရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့သဖြင့် ပြတ်သားစွာ ပြောဆိုလိုက်သည်။
"လွှတ်ဦး... မဟုတ်ရင် ငါ..."
"ငါက မင်းကို အန္တရာယ်ကြားထဲကနေ ကယ်ထုတ်ပေးပြီး ဒီလို အကျပ်အတည်းကနေ ကူညီပေးခဲ့တာလေ၊ အဲ့လောက်အထိ သဘောထားမသေးစမ်းပါနဲ့"
"နင်..."
ဟယ်ဝေရွှမ်းသည် သူနှင့် ဆက်လက် ငြင်းခုံမနေတော့ဘဲ ရုန်းကန်ခြင်းကို ရိုးရှင်းစွာ စွန့်လွှတ်လိုက်တော့သည်။
‘ဟွန်း... ရပါတယ်၊ ငါ ဘာမှ ဆုံးရှုံးသွားတာမှ မဟုတ်တာ၊ နောက်မှ လက်ကို ဆေးကြောလိုက်ရုံပေါ့’
ဤသို့ တွေးရင်း သူမသည် သူ့အား ဆွဲခေါ်သွားခွင့် ပေးလိုက်တော့သည်။
ဆန်းတို့စ်နှင့် ကျန်ရှိသော အမျိုးသားများသည် အပြင်ဘက်တွင် တန်းစီနေကြပြီဖြစ်ပြီး ကားပေါ်သို့ တက်ရန် စောင့်ဆိုင်းနေကြသည်။
ကုန်လှောင်ရုံ၏ အပြင်ဘက်တွင် သံချပ်ကာယာဉ်များနှင့် စစ်ဘက်သုံး ထရပ်ကား တစ်ဒါဇင်ကျော် ရပ်တန့်ထားခဲ့ပြီး ၎င်းတို့မှာ ဆန်းတို့စ်၏ ပို့ကုန်အဆင့်မီ ယာဉ်နှစ်စီးထက် အများကြီး ပိုမို အဆင့်မြင့်သည်။
ဤလူများအပြင် အပြင်ဘက်ရှိ ကွင်းပြင်ကျယ်အတွင်း၌ လူဖြူအချို့လည်း ရပ်နေခဲ့ကြသည်။
ဟယ်ဝေရွှမ်းနှင့် အခြားအမျိုးသမီးများသည် ၎င်းတို့ကို မြင်တွေ့လိုက်ရသည့်အခါ စိုးရိမ်ထိတ်လန့်သွားကြရသည်။
ဤလူများသည် ကာတာအား ၎င်းတို့အား ပြန်ပေးဆွဲရန် ကူညီပေးခဲ့သော ကြေးစားစစ်သားများ ဖြစ်သည်။
ကျိုးထျန်းသည် ရှေ့သို့ တက်လှမ်းသွားခဲ့ပြီး ကြေးစားစစ်သားများ၏ ခေါင်းဆောင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
ထိုသူမှာ မာနဝင့်ကြွားသော အမူအရာနှင့် တောက်ပသော အပြုံးဖြင့် ရပ်နေခဲ့သည်။
"မစ္စတာကျိုး... ငါတို့ မင်းအပေါ် ထားရှိတဲ့ ကတိကဝတ်ကို ဖြည့်ဆည်းပေးခဲ့ပြီးပြီ၊ အခု မင်းရဲ့ အလှည့်ပဲ"
ကျိုးထျန်းက ဘာမှမပြောဘဲ သူ၏ အင်္ကျီအိတ်ကပ်ထဲမှ သယ်ဆောင်ရလွယ်ကူသော ဟာ့ဒ်ဒစ် တစ်ခုကို ထုတ်ယူကာ ထိုအမျိုးသားထံသို့ ကမ်းပေးလိုက်သည်။
ကြေးစားစစ်သားခေါင်းဆောင်သည် ၎င်းကို ယူကာ အကြိမ်အနည်းငယ် စစ်ဆေးကြည့်ရှုပြီးနောက် သူ၏ လက်အောက်ငယ်သားထံသို့ လွှဲပြောင်းပေးလိုက်သည်။
"ဘေးကင်းတဲ့ ခရီးစဉ်ဖြစ်ပါစေ၊ နောက်မှ ပြန်ဆုံကြတာပေါ့"
ထိုသို့ ပြောဆိုပြီးနောက် သူက လက်လှည့်အချက်ပြလိုက်ရာ လူဖြူ ကြေးစားစစ်သားများ အားလုံးသည် ၎င်းတို့၏ ယာဉ်များပေါ်သို့ တက်ရောက်ကာ မောင်းနှင်ထွက်ခွာသွားကြတော့သည်။
ဆန်းတို့စ်၏ လူများသည် ဒေါသကြောင့် မျက်နှာများ ပုံပျက်ပန်းပျက်ဖြစ်နေကြပြီး ၎င်းတို့၏ ရိုင်ဖယ်သေနတ်များကို တင်းတင်းဆုပ်ကိုင်ကာ ပြုံးရွှင်စွာဖြင့် နှေးကွေးစွာ မောင်းနှင်ထွက်ခွာသွားကြသော ထိုလူများကို စိုက်ကြည့်နေခဲ့ကြသည်။
"ဘော့စ်... ကျွန်တော် တောင်းပန်ပါတယ်၊ ဒါ ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်ပါ"
ဆန်းတို့စ်သည် စိတ်ပျက်အားငယ်စွာဖြင့် ကျိုးထျန်း၏ အနားသို့ ချဉ်းကပ်ကာ ပြောဆိုလိုက်သည်။
"အခု အဲ့အကြောင်းတွေကို ဆက်မပြောနဲ့တော့၊ မင်း လူတွေကို လူစုခွဲခိုင်းလိုက်ဦး၊ မင်းနဲ့ နောက်ထပ်လူနည်းနည်းလောက် ငါနဲ့အတူ လိုက်ခဲ့ကြ”