← Chapters

အခန်း ၄၅၄

Vol. 45 Ch. 454 - final

အခန်း ၄၅၄

Vol. 45 Ch. 454 - final

🍋 Chapter 454

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ဟင်းပွဲများ စတင်ပြင်ဆင်ပြီးခါစတွင် လှေကားထစ်များထံမှ ဒေါက်ဖိနပ်သံ တောက်ခနဲ မြည်ဟီးလာသည့် အသံကို ကြားလိုက်ရသည်။

ဤအသံကို ကြားလိုက်ရသောအခါ ကျိုးထျန်းသည် ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားသလို ခံစားလိုက်ရပြီး ဆံပင်များပင် ထောင်ထသွားတော့သည်။

သူသည် ခန်းမထဲမှ ချက်ချင်း မတ်တတ်ထရပ်ကာ အမြန်ထွက်လာခဲ့သည်။

"ဟင်းတွေ အဆင်သင့်ဖြစ်ပြီလား သွားကြည့်လိုက်ဦးမယ်..."

သူ လှေကားထိပ်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ပြေးထွက်လာချိန်တွင် အနက်ရောင် ဝတ်စုံကို ဆင်မြန်းထားပြီး အေးစက်တည်ငြိမ်သော အမူအရာရှိသည့် ဟယ်ဝေရွှမ်းကို မြင်လိုက်ရသည်။

"အော်... နင် ငါ့ကို ကြိုဆိုဖို့ ထွက်လာတာပဲ"

"နင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမလား"

ဟု ကျိုးထျန်းက သက်ပြင်းချရင်း မတတ်သာဘဲ ပြောလိုက်သည်။

"ငါက စာရွက်စာတမ်းတွေ လာပို့တာ‌လေ ငါက ဒီနေ့အလုပ်ကို ဒီနေ့ပဲ ပြီးအောင်လုပ်တတ်တာ နင်သိသားပဲ၊ မနက်ဖြန်အထိ ရွှေ့မထားနိုင်ဘူး"

"တစ်ရက်လောက် လင်မယားဖြစ်ရင်တောင် ရက်ပေါင်းရာချီတဲ့ သံယောဇဉ် ရှိတာပဲဟာ၊ ငါ့မျက်နှာကို ထောက်ထားပြီး ဒီမှာပဲ လက်မှတ်ထိုးလိုက်ရင် မရဘူးလား"

ကျိုးထျန်း နောက်ဆုံး ရုန်းကန်မှုအနေဖြင့် တောင်းဆိုလိုက်သည်။

"ဟက်... ငါ ခန့်မှန်းကြည့်ရမလား၊ လျိုမုယန်ရော၊ ကျောက်ရှင်းရော၊ ပြီးတော့ ဟိုနိုင်ငံခြားသူလေးပါ အကုန် ရောက်နေကြတာမလား"

ကျိုးထျန်း မတတ်သာဘဲ ပခုံးတွန့်ပြလိုက်ရသည်။

"ဘာတွေ စိုးရိမ်နေတာလဲ၊ ငါက ဘီလူးမှ မဟုတ်တာ၊ သူတို့ကို စားမလား"

ဟယ်ဝေရွှမ်းသည် သူမ၏ ဆံပင်ဝဲလေးကို သပ်လိုက်ပြီး ဝတ်စုံကို အနည်းငယ် ပြင်ဆင်လိုက်ရာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် အရှိန်အဝါများ ထွက်ပေါ်လာပြီး သူမ၏ စွမ်းအားများက စိုးမိုးလာခဲ့သည်။

"အဲဒါကိုပဲ ငါက စိုးရိမ်နေတာ..."

ကျိုးထျန်း ခေါင်းကို ကုတ်လိုက်သည်။

"ငါ့မိဘတွေလည်း ရှိနေတယ်၊ ငါ နင့်ကို ညာပြောနေတာ မဟုတ်ဘူး"

"ဒါဆို ပိုတောင် ကောင်းသေးတာပေါ့၊ သူတို့နဲ့ မတွေ့ရတာ ကြာပြီပဲ၊ ပြီးခဲ့တဲ့ အခေါက်က နင်တို့အိမ်မှာ ထမင်းတစ်နပ် စားခဲ့ဖူးတာဆိုတော့ ငါက ပြန်ပြီး ဧည့်ခံရမှာပေါ့"

"နင်က အလုပ်အရမ်းများတဲ့သူပဲ၊ မလိုပါဘူး"

"အလုပ်များတဲ့သူလည်း ထမင်းစားရတာပဲလေ"

"နတ်သမီးတွေက ထမင်းမစားဘူး၊ သူတို့ရဲ့ အရှိန်အဝါနဲ့တင် အသက်ရှင်နိုင်ကြတာ"

"ငါက နတ်သမီး မဟုတ်ဘူး၊ အဲဒီဘွဲ့က နိမ့်လွန်းတယ်"

ဟု ဟယ်ဝေရွှမ်းက သူမ၏ ခေါင်းကို ဂုဏ်ယူစွာ မော့လျက် ပြောလိုက်သည်။

အမှန်တကယ်ပင် "နတ်သမီးလေး" ဟူသော ဘွဲ့နာမမှာ ရုပ်ရည် အသင့်အတင့်သာ ရှိပြီး ပုံပြင်ပြော ဝါသနာပါသူများသာ ကိုယ့်ကိုယ်ကိုယ် ပေးလေ့ရှိသည့် ဘွဲ့မျိုး ဖြစ်သည်။

၎င်းက ဟယ်ဝေရွှမ်းကဲ့သို့ မိန်းမပျိုမျိုးနှင့် လုံးဝ မထိုက်တန်ပေ။

"ဒါဆို... မနက်ဖြန်မှ ငါ နင်နဲ့ နှစ်ယောက်တည်း ညစာအတူတူ စားရင် မကောင်းဘူးလား၊ ပြီးတော့မှ..."

ဟယ်ဝေရွှမ်း မျက်နှာလေး နီမြန်းသွားပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ငါ... ငါ အလုပ်အရမ်းများတယ်၊ နင်နဲ့ နှစ်ယောက်တည်း ညစာစားဖို့ အချိန်မရှိဘူး"

"ဒါဆို နင်က ညစာစားတဲ့ အဆင့်ကို ကျော်ချင်တာပေါ့၊ နင်က နွားကို အလုပ်ပဲ ခိုင်းပြီး မြက်မကျွေးချင်တဲ့ သဘောပဲ"

ကျိုးထျန်းသည် အချို့သောအကြောင်းအရာများတွင် သူမ အနည်းငယ် အရေးနိမ့်နေသည့် အခွင့်အရေးကို ဆုပ်ကိုင်ကာ စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းလိုက်သည်။

"ဥပမာ... နင်က ငါနဲ့ နှစ်ယောက်တည်း ညစာစားချင်တယ်ဆိုရင် ငါ မငြင်းပါဘူး၊ တခြား ချိန်းဆိုမှုအချို့ကို ဖျက်လိုက်ရုံပဲပေါ့"

စကားပြောရင်း သူမ၏ အသံက တဖြည်းဖြည်း တိုးညင်းသွားခဲ့ပြီး ထိုညက အဖြစ်အပျက်ကို ပြန်လည် အမှတ်ရလာကာ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။

"မနက်ဖြန်ညကျရင်ရော ဘယ်လိုလဲ၊ တို့တွေ နှစ်ယောက်တည်း ညစာစားကြမယ်၊ ပြီးရင် တစ်ညလုံး ငါ နင့်အနားမှာ ရှိနေပေးမယ်"

"ကောင်းပြီလေ... ရတာပေါ့၊ ဒါပေမဲ့ ဒီည ညစာကိုတော့ အရင် ပြီးအောင် စားရမယ်"

ဟယ်ဝေရွှမ်းက "ငါ နင့်အကွက်ထဲ မဝင်ဘူး၊ နင် ဘာတတ်နိုင်သေးလဲ" ဟူသော မျက်လုံးမျိုးဖြင့် သူ့ကို ကြည့်လိုက်သည်။

ထို့နောက် သူမသည် ကျိုးထျန်းကို ဘေးသို့ တွန်းဖယ်ကာ လှေကားပေါ် တက်သွားပြီး ဖန်တံခါးကို တွန်းဖွင့်လိုက်တော့သည်။

"အန်တီ၊ ဦးလေး... မင်္ဂလာပါရှင်၊ ပြန်တွေ့ရတာ ဝမ်းသာပါတယ်"

"အာ... သမီး ရောက်လာတာပဲ၊ တိုက်ဆိုင်လိုက်တာ၊ ကျိုးထျန်းက သမီးလာမယ်လို့ ဦးလေးတို့ကို မပြောထားဘူး"

ဖခင်ဖြစ်သူက အံ့ဩတကြီးဖြင့် မတ်တတ်ထရပ်လိုက်သည်။

သူသည် ထက်မြက်သော မိန်းမပျိုလေး၏ အရှိန်အဝါ၊ အထူးသဖြင့် သူမ၏ ယုံကြည်မှုနှင့် မိသားစု နောက်ခံတို့အပေါ် အလွန် သဘောကျခဲ့သည်။

သို့သော် ယနေ့တိုင်အောင် သူ့သား၏ အောင်မြင်မှုများမှာ ဟယ်ဝေရွှမ်းကြောင့် ဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်ထားဆဲပင်။

ဤမိန်းမပျိုလေးက သူ့သား၏ မည်သည့်အချက်ကို သဘောကျသွားသည်ကို သူ မသိသော်လည်း ၎င်းက မိမိတို့ သူငယ်ချင်းများ၏ အသက် ၇၀ ပြည့်မွေးနေ့တွင် ဖာရာရီကား လက်ဆောင်ပေးတတ်သည့် မိန်းကလေးများထက် များစွာ သာလွန်လှပေသည်။

အနည်းဆုံးတော့ ဤမိန်းကလေးက ရုပ်ရည်နှင့် အရှိန်အဝါပိုင်းတွင် ထိပ်တန်း ဖြစ်သည်။

ဖခင်ဖြစ်သူပင်လျှင် သူ့သားက အမြတ်ကြီး ထွက်သွားပြီး မိန်းကလေးဘက်က နစ်နာနေသည်ဟု တွေးမိသည်။

အခြားစားပွဲရှိ မိန်းကလေးများမှာ ဆွံ့အသွားကြပြီး အထူးသဖြင့် ကျောက်ရှင်းသည် ဟယ်ဝေရွှမ်း၏ အရှိန်အဝါကို အကြောက်ဆုံး ဖြစ်သည်။

အမြဲတမ်း ပြုံးနေတတ်သည့် နိုရယ်ပင်လျှင် မျက်လုံးများ ပြူးကျယ်သွားရပြီး ဤအမျိုးသမီးမှ သူမ၏ အရှိန်အဝါဖြင့် မိမိကို စစ်ဆေးနေသည်ကို ဗီဇအရ ခံစားလိုက်ရသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ဤအမျိုးသမီး၏ အရှိန်အဝါက မိမိနှင့် ပုံစံချင်း မတူညီသော်လည်း မည်သည့်နည်းနှင့်မျှ အားမနည်းခြင်းပင် ဖြစ်သည်။

ဤအချက်က နိုရယ်အတွက် အလွန် ရှားပါးလှပေသည်။

သူမသည် အဆင့်မြင့် အရာရှိကြီးများနှင့် ဂုဏ်သရေရှိ လူကြီးပေါင်းများစွာကို မြင်တွေ့ဖူးသော်လည်း ဤမျှ စွမ်းဆောင်နိုင်သည့် မိန်းမပျိုမျိုးမှာ လက်ချိုးရေတွက်၍ပင် ရသည်။

ဟယ်ဝေရွှမ်းသည် မိန်းကလေးများ၏ မျက်ဝန်းများကို တစ်ယောက်ပြီးတစ်ယောက် စကန်ဖတ်သကဲ့သို့ ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမ၏ ဘောင်းဘီကို ကျကျနန ပြင်ဆင်ကာ ဝင်ထိုင်လိုက်သည်။

"အန်တီ၊ ဦးလေး... ပြီးခဲ့တဲ့ အခေါက်က ကျွေးမွေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ အန်တီတို့ ချက်ကျွေးတဲ့ ဟင်းတွေကို အခုထိ မမေ့နိုင်သေးဘူး၊ တခြားဆိုင်က ဟင်းတွေက ပေါ့ပျက်ပျက်နဲ့ အန်တီတို့ လက်ရာကို မမှီပါဘူး"

ဤစကားကို ကြားလိုက်ရသောအခါ ကျိုးထျန့်ခန်း၏ မျက်နှာတွင် အပြုံးပန်းများ ပွင့်လန်းသွားခဲ့သည်၊ ဤစကားက သူ့နှလုံးသားကို တည့်တည့် ထိမှန်သွားခြင်းပင် ဖြစ်သည်။

"သမီးဟယ်... သမီးပြောတာ မှန်တယ်၊ ဟို စားသောက်ဆိုင်ကြီးတွေက ဟင်းခတ်အမွှေးအကြိုင်တွေကိုပဲ အမှီပြုကြတာ၊ ဦးတို့တွေကတော့ မတူဘူး၊ မိသားစုအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ချက်တာ၊ အဲဒါကမှ အိမ်ရဲ့ အရသာ စစ်စစ်ပဲ"

"ဟုတ်တယ် ဦးလေး၊ ဦးလေးရဲ့ ဟင်းချက်လက်ရာက သမီးကို တကယ်ပဲ အိမ်လို ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်၊ အိမ်ရဲ့ အရသာကို ရစေပါတယ်"

ကျိုးထျန့်ခန်းက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

လျိုမုယန်သည် သူမ၏ ဖုန်းကို နောက်တစ်ကြိမ် ထုတ်လိုက်ပြီး မှတ်စုစာအုပ်ကို ဖွင့်ကာ ရေးသားလိုက်ပြန်သည်။

'လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်တာက အနိမ့်ဆုံး နည်းဗျူဟာ၊ အမေဖြစ်သူကို သိမ်းပိုက်တာက အမြင့်ဆုံးပဲ'

ထို့နောက် သူမက ထပ်ဖြည့်လိုက်သည်။

'ဒါပေမဲ့ ဖခင်ဖြစ်သူကိုလည်း သိမ်းပိုက်ဖို့ လိုအပ်တယ်၊ ချီးမွမ်းစကား ပြောတာက အကောင်းဆုံးပဲ'

သူမ သင်ခန်းစာတစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်‌။

ဤအမျိုးသမီးများမှာ တကယ်ကို ပါးနပ်လွန်းကြသည်။

လျိုမုယန်သည် အသိပညာသစ်ကို အစာချေဖျက်ရန် ခေါင်းငုံ့ထားစဉ် သူမ၏ နှလုံးသားထဲတွင် ကြီးမားသော စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းနေသည်။

"ဒါနဲ့... သမီးဟယ်၊ သမီး ဘာကိစ္စရှိလို့ ရုတ်တရက် ရောက်လာတာလဲ..."

"ဦးလေး... သမီး ကျိုးထျန်းဆီ စာရွက်စာတမ်းတွေ လာပို့တာပါ၊ သူ့ရဲ့ လက်မှတ် လိုအပ်လို့လေ”

“ဦးလေးတို့လည်း သိတဲ့အတိုင်း အခု ကျိုးထျန်းက အရည်အချင်း ရှိနေပြီဆိုပေမဲ့ အသက်ငယ်သေးတော့ စီးပွားရေး ကိစ္စတော်တော်များများကို သမီးက ကူညီပေးရတာပေါ့၊ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ သူပဲ ချတာပါ"

"ဟူး... သမီးရဲ့ အကူအညီသာ မပါရင် ဦးတို့ကျိုးထျန်းက ဒီနေ့လို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ပါဘူး၊ သမီးဟယ်က ဦးတို့ကျိုးထျန်းအတွက် တကယ့်ကို ကျေးဇူးရှင်ကြီး ပါပဲကွယ်"

လျိုမုယန်၏ ပါးစပ်လေး အနည်းငယ် ဟသွားရသည်။

‘ကြည့်ရသလောက်တော့ တရားဝင် ရည်းစားဖြစ်သူ ငါ့မှာ ပြိုင်ဆိုင်နိုင်စွမ်း သိပ်မရှိတော့ဘူး ထင်တယ်’

‘နောက်ထပ် ကျေးဇူးရှင်တစ်ယောက် ရောက်လာပြန်ပြီ၊ ငါ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ’

နိုရယ်သည်လည်း ဟယ်ဝေရွှမ်းအား သတိကြီးစွာဖြင့် ကြည့်လိုက်သော်လည်း သူမ၏ အမူအရာက တည်ငြိမ်နေဆဲပင်။

ကျောက်ရှင်းကမူ ခေါင်းပင် မော့မကြည့်ရဲတော့ဘဲ ထိုအမျိုးသမီး၏ အကြည့်ကို မရင်ဆိုင်ရဲချေ။

လျိုမုယန်မှာ ကျိုးထျန်း၏ လက်ကို ဆွဲကိုင်ကာ မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးထျန်း နားလည်လိုက်ပြီး သူမကို စိတ်အေးစေရန်အတွက် သူမ၏ ပါးပြင်ကို လက်ဖမိုးဖြင့် ခပ်ဖွဖွလေး တို့ထိလိုက်သည်။

"အဟမ်း"

ဟယ်ဝေရွှမ်းက ခပ်ဖွဖွ ချောင်းဟန့်လိုက်ရာ ကျိုးထျန်း၏ လက်မောင်းမှာ အနည်းငယ် တုန်ရင်သွားခဲ့သည်။

လျိုမုယန်၏ မျက်ဝန်းများ ခဏမျှ မှေးမှိန်သွားပြီးနောက် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များ ထင်ဟပ်လာပုံ ရသည်။

ကျောက်ရှင်းသည် စားပွဲပေါ်ရှိ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

လျိုမုယန်၏ မျက်ဝန်းထဲမှ ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ သူမသည်လည်း ခေါင်းမော့လိုက်သည်။

သူတို့နှစ်ဦးစလုံး အမူအရာ ပျက်ယွင်းမသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် နိုရယ်သည်လည်း သူမ၏ အပြုံးကို ထပ်မံ ဆင်မြန်းလိုက်ပြန်သည်။

ကျိုးထျန်း သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ထဲမှ တွေးမိသည်။

"ဟယ်ဝေရွှမ်းက တကယ့် ဓာတ်ကူပစ္စည်းပဲ၊ ဒီမိန်းကလေးတွေက လက်တွေ့မှာ ဆင့်ကဲပြောင်းလဲနေကြတာပဲ"

ကျိုးထျန့်ခန်းနှင့် မိခင်ဖြစ်သူတို့သည်လည်း အခြေအနေ တစ်ခုခု မမှန်ကန်ကြောင်း သတိပြုမိသွားကြသည်။

သူတို့သည် စားပွဲပေါ်ရှိ မိန်းကလေးများကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဖခင်ဖြစ်သူဘက်သို့ လှည့်လိုက်ကြသည်။

"လောင်ကျိုး... တို့သားက ဆွဲဆောင်မှု ရှိလွန်းမနေဘူးလား၊ ဘာလို့ ပုံစံမတူတဲ့ မိန်းကလေးတွေ ဒီလောက် အများကြီးကို ဆွဲဆောင်နိုင်ရတာလဲ"

"ငါကတော့ ဒီကောင်လေး အရင်က ပြဿနာတွေပဲ ရှာနေတယ် ထင်တာ၊ မိန်းကလေးတွေ ဒီလောက် အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

"ဒါနဲ့... ရှောင်ထျန်းနဲ့ ဘယ်သူက အလိုက်ဖက်ဆုံးလို့ ထင်လဲ"

"ငါကတော့ သမီးဟယ်က အကောင်းဆုံးလို့ ထင်တယ်၊ မိသားစုနောက်ခံလည်း ကောင်းပြီး တည်ငြိမ်တယ်"

ဟု ကျိုးထျန့်ခန်းက ပြောလိုက်သည်။

"တို့ကတော့ လျိုမုယန်ကို သဘောကျတယ်၊ သူက စကားသိပ်မပြောပေမဲ့ ရှောင်ထျန်းနဲ့ အတန်းဖော်တွေဆိုတော့ သံယောဇဉ် ပိုရှိတာပေါ့"

"ဒါလည်း ဟုတ်တာပဲ"

ကျိုးထျန်း သူ့မိဘများ၏ ပါးစပ်ကို စက္ကူတိပ်ဖြင့် ပိတ်ပစ်ချင်စိတ် ပေါက်သွားရသည်။

‘အဖေတို့ အမေတို့ကလည်း... ကွယ်ရာကျမှ ဒါတွေကို ပြောလို့မရဘူးလား’

‘မိန်းကလေး လေးယောက်စလုံးက နားစွင့်နေကြတာကို၊ သားကို တွင်းထဲ ဆွဲချနေတာလား’

"ဟဲဟဲ... ကျိုးထျန်း၊ နင်ကရော ဘယ်ဟင်းပွဲက အကောင်းဆုံးလို့ ထင်လဲ"

ဟယ်ဝေရွှမ်းမှာ မိဘများ၏ စကားကို ကြားပြီးနောက် လက်ပိုက်လျက် မေးမြန်းလိုက်သည်။

"ငါ ထင်တာကတော့... ငါက အစားမရွေးတတ်ပါဘူး..."

"ဟွန်း" X4

အပ်ဖြင့် အထိုးခံရသကဲ့သို့သော အကြည့်များကို ခံစားလိုက်ရပြီး ကျောပြင်တွင် ဆူး စူးနေသကဲ့သို့လည်းကောင်း၊ လည်ချောင်းတွင် ငါးရိုးစူးနေသကဲ့သို့လည်းကောင်း၊ ဆူးပုံပေါ် ထိုင်နေရသကဲ့သို့လည်းကောင်း...ခံစားလိုက်ရသည်။

ကျိုးထျန့်ခန်းသည် ထိုမိန်းကလေးကို တစ်ချက်ကြည့်ပြီးနောက် သူ့သားကို တစ်ချက်ကြည့်ကာ အထင်သေးသော အမူအရာကို ပြသလိုက်သည်။

‘ဟမ့်... တာဝန်ယူလိုစိတ် လုံးဝမရှိဘူး’

‘ယောက်ျားကောင်းတစ်ယောက်က ဘာလို့ ဒီလောက်အထိ စိတ်မပြတ်သားဘဲ ဝေခွဲမရ ဖြစ်နေရတာလဲ’

‘ငါနဲ့ လုံးဝ မတူဘူး’

...

ကျိုးထျန့်ခန်း၏ အချဉ်ဓာတ် +၉၉။

All Chapters