အခန်း (၉၁၉-၉၂၀)
Vol. 78 Ch. 919-920
အပိုင်း (၉၁၉)
ဒုတိယမြောက် ပြန်လည် နိုးထလာသူမှာ သားအကြီးဆုံး ယွင်ယောင် ဖြစ်သည်။
သူ ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ အစပိုင်းတွင် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် မျက်လုံးများ ချက်ချင်း နီရဲသွား၏။
“အဖေ...”
နောက်ဆုံးတွင် သူသည် ဤနေ့ရက်သို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ သူ၏ဖခင်သည်လည်း အဆုံး၌ ပြန်လည်ရောက်ရှိလာခဲ့၏။ ဤအဆုံးအစမဲ့သော အမှောင်ထုကြီးသည်လည်း အဆုံးစွန်တွင်မူ ကုန်ဆုံး ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်သည်။
ထို့နောက် ဇနီးဖြစ်သူ မင်းသမီး ယင်ကျုးက သူ့ကို ချက်ချင်း ဖက်ထားလိုက်သည်။ သူ၏ ကလေး နှစ်ယောက်နှင့် အဘိုး အောက်ရှင်း ကိုလည်း သူ မြင်တွေ့လိုက်ရ၏။
တစ်ခဏချင်း အတွင်းမှာပဲ ယွင်ယောင် သည် အတွင်းစိတ်ထဲတွင် အလွန် ပျော်ရွှင် ကျေနပ်သွားပြီး ဘာမှ ထပ်မလိုချင်တော့လောက်အောင် ဖြစ်သွားသည်။
“မင်း အမေနဲ့ အဘွားက ယွင်ပြည်နယ်မှာ ရှိတယ်။ နောက် အချိန်အတိုင်းအတာ တစ်ခုကြာရင် ရောက်လာလိမ့်မယ်။” ယွင်ကျုံးဟဲ့က ပြော၏။
ဤအချိန်တွင် အခန်း အတွင်း၌ အခြားသူများ မရှိတော့ပေ။ နောက်ဆုံး ရေခဲ အရည်ပျော်သူမှာ မင်းသမီး ရှန်းရှန်းပင် ဖြစ်သည်။
သူမသည် ဤလောကဝယ် စနိုးဝှိုက် သို့မဟုတ် အိပ်ပျော်နေသော အလှပဂေးလေးနှင့် အတူရဆုံးသော မိန်းကလေး ဖြစ်ပေလိမ့်မည်။
ယွင်ကျုံးဟဲ့၏ အပါးရှိ လူအားလုံးသည် ပြောင်းလဲသွားကြပြီဖြစ်၏။ ကလေးငယ်များသည် အရွယ်ရောက် ကြီးပြင်းလာကြပြီး၊ ကျင်းကျုံးယွဲ့သည်လည်း အရပ် ပိုမိုမြင့်မားလာကာ ခန္ဓာကိုယ် အချိုးအစားမှာ ပို၍ပင် လှပဆွဲဆောင်မှု ရှိလာခဲ့သည်။
ရွှီအန်းထင်နှင့် ကျီးချင့်တို့ အပါအဝင် လူအားလုံးသည်လည်း ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။ သို့သော်လည်း မင်းသမီး ရှန်းရှန်းတစ်ဦးတည်းသာလျှင်မူ မည်သည့်အရာမှ ပြောင်းလဲခြင်း မရှိဘဲ ခွဲခွာစဉ်က အသွင် သဏ္ဌာန်အတိုင်း ရှိနေဆဲ ဖြစ်၏။
ဤခွဲခွာခြင်းသည် အလွန်တရာ ကြာမြင့်ခဲ့ပြီဖြစ်၏။ ယွင်ကျုံးဟဲ့ မိမိ၏ မူလအမှတ်အသားကို ပြန်လည် ရရှိခဲ့သည့် အချိန်မှစ၍ သူတို့နှစ်ဦး လုံးဝ ပြန်လည်ဆုံတွေ့ခွင့် မရရှိခဲ့ကြတော့ချေ။
ထိုစဉ်က တာယင်အင်ပါယာရှိ သီလရှင်ကျောင်း၌ မင်းသမီး ရှန်းရှန်း သီတင်းသုံး နေထိုင်စဉ်အတွင်း ယွင်ကျုံးဟဲ့ သွားရောက်တွေ့ဆုံခဲ့သော်လည်း ဆုံတွေ့ခွင့် မရရှိခဲ့ပေ။
သူမ၏ ရှည်လျားသော မျက်တောင်လေးများ အကြိမ်အနည်းငယ် ခတ်သွားပြီးနောက် ဖြည်းညင်းစွာ ဖွင့်လာကာ ကြယ်လေးတွေလို တောက်ပနေသော မျက်လုံးလေးများ ပေါ်ထွက်လာသည်။
တစ်ခဏချင်း အတွင်းမှာပဲ ပြစ်မျိုးမှည့်မထင် လှပပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော မျက်နှာလေးသည် ချက်ချင်း အသက်ဝင်လာသည်။ အခန်း တစ်ခုလုံး ဝိညာဉ်ရေးရာ အငွေ့အသက်များဖြင့် ပြည့်နှက်သွားသကဲ့သို့ပင် ဖြစ်လို့နေ၏။
အမှန်စင်စစ် အခက်အခဲ အဖုံဖုံကို ကျော်ဖြတ်ခဲ့ရပြီး လူပေါင်းမြောက်မြားစွာနှင့် ကြုံတွေ့ခဲ့ဖူးပြီးနောက် ယခုအခါ မင်းသမီး ရှန်းရှန်းကို ပြန်လည်ဆုံတွေ့ရချိန်မှာတော့ ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် ခံစားမိသည်။
ရုပ်ရည်ရူပကာ အလှအပ သက်သက်ကိုသာ နှိုင်းယှဉ်ရမည်ဆိုလျှင် မင်းသမီး ရှန်းရှန်းသည် အလှပဆုံး ဖြစ်ပေလိမ့်မည်။
နိုးလာပြီးနောက် မင်းသမီး ရှန်းရှန်းသည် ယွင်ကျုံးဟဲ့ကို မလှုပ်မယှက် စိုက်ကြည့်နေသည်။
ယွင်ကျုံးဟဲ့ အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ကျုပ်က ယွင်ကျုံးဟဲ့ပါ။ ကျုပ်အစ်ကိုက အောက်ယွီ ပါ။ သူ ခုလေးတင် ထွက်သွားပါတယ်။”
မင်းသမီး ရှန်းရှန်းစကားပြောချင်သော်လည်း ပြောမထွက်ဘဲ ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်း ကျုပ်ကို အပြစ်မတင်ဘူးလား။”
မင်းသမီး ရှန်းရှန်း ခဏမျှ စဉ်းစားပြီးနောက် ဖြေလိုက်သည်။ “ကျုပ်တို့ အချိန်တွေ အများကြီး ဖြုန်းခဲ့ပြီးပြီ။ ကျန်တဲ့ အချိန်တွေကလည်း သိပ်မများတော့ဘူး။ ဒီအကြောင်းတွေ ပြောနေအုံးမှာလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပြီလေ။ မပြောတော့ဘူး။ ဒါဆို ကျုပ်တို့ လင်မယား ဖြစ်နေတုန်းပဲလား။”
မင်းသမီး ရှန်းရှန်းက မေးလိုက်သည်။ “ရှင် ကျွန်မကို ကွာရှင်းခဲ့လို့လား။”
ယွင်ကျုံးဟဲ့ ခေါင်းယမ်းကာ ဖြေ၏။ “မကွာရှင်းခဲ့ပါဘူး။”
မင်းသမီး ရှန်းရှန်းက ပြောသည်။ “ဒါဆို ကျွန်မတို့ လင်မယား ဖြစ်နေတုန်းပဲပေါ့။”
ထို့နောက် မင်းသမီး ရှန်းရှန်းက ဆက်ပြော၏။ “နောက်ထပ် တစ်လတိတိ အချိန်အတွင်းမှာ ရှင်က ကျွန်မ တစ်ယောက်တည်း အပိုင်ပဲလို့ ရှင့်ရဲ့ တခြား ဇနီးတွေနဲ့ တိုင်ပင်လို့ ရမလား။”
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ဖြေသည်။ “ရပါတယ်။”
နောက်ပိုင်းအချိန်များတွင် ယွင်ကျုံးဟဲ့သည် မင်းသမီး ရှန်းရှန်းကို အမြဲတမ်း အဖော်ပြုပေးနေပြီး ကျင်းကျုံးယွဲ့ကလည်း သူတို့ နှစ်ယောက်ကို လာမနှောင့်ယှက်ခဲ့ပေ။
အကြွင်းမဲ့ နှစ်ယောက်တည်း လောကလေး ဖြစ်လို့နေ၏။ လူနှစ်ဦးသည် မိစ္ဆာမြို့တော်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် မိစ္ဆာမြို့တော်မှ ထွက်ခွာကာ အလည်အပတ် ထွက်ခဲ့ကြသည်။
သဲကန္တာရထဲတွင် ရက်အနည်းငယ် ကစားခဲ့ပြီးနောက် နှင်းတောင်သို့ သွားရောက်ခဲ့ကာ နောက်ဆုံးတွင် တာ့ရှီ အင်ပါယာ၏ မြက်ခင်းပြင်သို့ သွားရောက်ခဲ့ကြသည်။ လူနှစ်ဦး လုံးဝ ရင်းနှီး ကျွမ်းဝင်သွားကြ၏။
နေ့ဘက်တွင် ရှုခင်းများကို အတူတကွ လည်ပတ် ကြည့်ရှုကြပြီး ညဘက်တွင် ရှက်စရာကောင်းသော ကိစ္စ အချို့ကို အတူတကွ ပြုလုပ်ကြသည်။
နောက်ဆုံးတွင် လူနှစ်ဦးသည် လေသင်္ဘော စီးကာ ပင်လယ်ပြင်ပေါ်သို့ ရောက်ရှိလာကြ၏။
ယခုအကြိမ်သည် မင်းသမီး ရှန်းရှန်းအတွက် ပင်လယ်ပြင်၏ အလှအပကို ပထမဆုံးအကြိမ်အဖြစ် ခံစားဖူးခြင်း ဖြစ်ပေလိမ့်မည်။
သူမ အမှန်တကယ်ပင် ချီးမွမ်း၍ မကုန်နိုင်အောင် ဖြစ်နေပြီး အလွန်တရာ ပျော်ရွှင်ကာ ကြည်နူးပီတိ ဖြစ်လျက်ရှိသည်။
သူမသည် တစ်သက်တာပတ်လုံး ယခုကဲ့သို့ ပူပင်သောက ကင်းဝေးစွာ တစ်ခါမှ မနေထိုင်ခဲ့ဖူးချေ။ မည်သည့်အရာကိုမျှ တွေးတောပူပန်ခြင်း မရှိဘဲ ဘဝကို အပြည့်အဝ ခံစားနေတော့၏။
ထိုကြည်နူးပျော်ရွှင်မှုများမှာ အမှန်တကယ်ပင် လျှံထွက်လုမတတ် ရှိနေ၏။ ထိုသူနှစ်ဦး၏ ဆက်ဆံရေးမှာ မည်သည့်ဇနီးမောင်နှံထက်မဆို ပိုမို၍ ရင်းနှီးကျွမ်းဝင်လျက် ရှိနေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “တာ့ယန် အင်ပါယာသစ်ဘက်က ရှုခင်းတွေကလည်း အရမ်း လှပါတယ်။ လုံးဝ မတူညီတဲ့ လောကကြီးကို ခံစားလို့ ရပါတယ်။ ငါတို့ အတူတူ သွားကြည့်ကြမလား။”
မင်းသမီး ရှန်းရှန်းခဏမျှ စဉ်းစားပြီးနောက် ဖြေသည်။ “မသွားတော့ပါဘူး။”
ထိုနေ့ညတွင် လူနှစ်ဦး၏ လေသင်္ဘောသည် ကျွန်းငယ်လေး တစ်ခုပေါ်တွင် ဆင်းသက်လာသည်။ ဤကျွန်းလေးသည် အလွန် လှပပြီး ပင်လယ်ရေသည် အေးချမ်းကာ မြကျောက်ကဲ့သို့ စိမ်းလန်း တောက်ပနေပြီး သဲသောင်ပြင်သည် နှင်းကဲ့သို့ ဖြူဖွေးကာ နူးညံ့ အိစက်နေ၏။
ကျွန်းက သေးငယ်သော်လည်း ထူထပ်သော အပင်များ ရှိပြီး လှပသော ကျောက်တုံးများလည်း ရှိကာ တကယ်ကို လှပလွန်းလှသည်။
မင်းသမီး ရှန်းရှန်းသည် ရေကူးဝတ်စုံ ဝတ်ဆင်ကာ ပင်လယ်ထဲတွင် လွတ်လပ်စွာ ရေကူးပြီး ပင်လယ်အောက်ရှိ သန္တာကျောက်တန်းများနှင့် ငါးလေးများကို ကြည့်ရှုသည်။ ညဘက်တွင် လူနှစ်ဦး သဲသောင်ပြင်ပေါ်တွင် လှဲလျောင်းကာ ကြယ်များကို ကြည့်ရှုကြ၏။
ပိုမို မိုးချုပ်လာချိန်မှာတော့ လူနှစ်ဦး တဲအတွင်းသို့ ဝင်ရောက်သွားပြီး အဆုံးအစမရှိ ရင်းနှီးစွာ နေထိုင်ကြ၏။ ဤကဲ့သို့သော နေ့ရက်များသည် တကယ့်ကို ပျားရည်ထက်ပင် ပိုမို ချိုမြိန်နေသကဲ့သို့ပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့လည်း အလွန် ပင်ပန်းသွားပြီး လုံးဝ အားကုန်သွားသောကြောင့် အိပ်လိုက်သည်မှာ နာရီအနည်းငယ် ကြာမြင့်သွား၏။
နောက်တစ်နေ့တွင် နေထွက်လာပြီး အတော်လေး မြင့်နေပြီ ဖြစ်သော်လည်း ယွင်ကျုံးဟဲ့ အိပ်မောကျနေဆဲ ဖြစ်သည်။
ဤအချိန်တွင် တဲအတွင်း၌ သူ တစ်ယောက်တည်းသာ ရှိတော့ပြီး မင်းသမီး ရှန်းရှန်း၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။
မလှမ်းမကမ်းရှိ ပင်လယ်ပြင်ပေါ်တွင် လှပပြီး ဆွဲဆောင်မှု ရှိသော အရိပ်လေး တစ်ခုသည် အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ရေလှိုင်းများပေါ်တွင် နင်းလျှောက်ကာ လားရာ တစ်ခုဆီသို့ ထွက်ခွာသွားသည်။
အမှန်တကယ် ပင်လယ်ရေပြင်ထက်၌ ခြေနင်းလျှောက်၍ သွားနေခြင်း ဖြစ်သည်။ ရေယာဉ်သင်္ဘောလည်း မလိုအပ်သကဲ့သို့၊ လေသင်္ဘောလည်း လိုအပ်ခြင်း မရှိချေ။
နုဧကရာဇ် သည် ပင်လယ်ပြင်ပေါ်တွင် အဆက်မပြတ် ပြေးလွှားနေသည်၊ ပြေးလွှားနေသည်။ နေမင်းကြီး အရှေ့မှ ထွက်လာပြီး အနောက်သို့ ဝင်သွားသော်လည်း နုဧကရာဇ် သည် နေမင်းကြီးနှင့် ဆန့်ကျင်ဘက်သို့ ပြေးလွှားနေသကဲ့သို့ ဖြစ်နေပြီး နေမင်းကြီးနှင့် ပို၍ ပို၍ ဝေးကွာသွား၏။
ရုတ်တရက် နုဧကရာဇ် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် အရှေ့တွင် ကျွန်းငယ်လေး တစ်ခု ရှိနေပြီး အပေါ်တွင် ဧရာမ ဆိုင်းဘုတ်ကြီး တစ်ခု စိုက်ထူထားကာ စာလုံး အနည်းငယ် ရေးသားထားသည်။ “ငါတို့ စကားပြောကြရအောင်။”
ဤလက်ရေးမှာ အလွန် ရင်းနှီးပြီး ယွင်ကျုံးဟဲ့ ရေးသားထားခြင်း ဖြစ်သည်။ နုဧကရာဇ် ခဏမျှ တွေဝေသွားပြီးနောက် ကျွန်းပေါ်သို့ မတက်ရောက်ဘဲ ဆက်လက်၍ ရှေ့သို့ ပြေးလွှားသွားသည်။ ရေလှိုင်းများကို နင်းလျှောက်ပြီး ပြေးသွားခြင်း ဖြစ်၏။
နောက်ထပ် အချိန် အတော်ကြာအောင် ပြေးလွှားသွားပြန်၏။ သူမ ထပ်မံ ရပ်တန့်သွားပြန်သည်။ အဘယ်ကြောင့်ဆိုသော် အရှေ့တွင် သင်္ဘောကြီး တစ်စင်း ရှိနေပြီး စစ်သင်္ဘော မဟုတ်ဘဲ အပျော်စီး သင်္ဘောကြီးနှင့် ပိုတူသည်။
သင်္ဘောကြီးပေါ်တွင် ဧရာမ အလံကြီး တစ်ခုကို လွှင့်ထူထားပြီး အပေါ်တွင် စာတစ်ချို့ ရေးသားထား၏။ “ရပ်လိုက်ပါ... ငါတို့ စကားပြောကြရအောင်။”
နုဧကရာဇ် ခဏမျှ တွေဝေသွားပြီးနောက် ပင်လယ်ပြင်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေလိုက်ပြီး ဆက်လက်၍ ရှေ့သို့ မပြေးတော့ပေ။
ထိုသို့ဖြင့် ဤဧရာမ အပျော်စီး သင်္ဘောကြီးသည် ရေလှိုင်းများနှင့်အတူ လွင့်မျောနေပြီး နုဧကရာဇ် သည်လည်း ရေပြင်ပေါ်တွင် ရပ်ကာ ရေလှိုင်းများနှင့်အတူ လွင့်မျောနေသည်။
နာရီအနည်းငယ် အကြာတွင်…
လေသင်္ဘော တစ်စင်းသည် အဝေး ကောင်းကင်ယံမှ ပျံသန်းလာပြီး အပျော်စီး သင်္ဘောကြီးပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာ၏။
ယွင်ကျုံးဟဲ့သည် လေသင်္ဘောပေါ်မှ ဆင်းလာပြီး သင်္ဘော ကုန်းပတ်ပေါ်တွင် ရပ်ကာ နုဧကရာဇ်ကို ပြောသည်။ “အရှင်ဧကရာဇ်... ကြွပါ။”
နုဧကရာဇ်၏ ခြေဖျားထောက်၍ ညင်သာစွာ ခုန်တက်လိုက်ရာ စွန်လေး တစ်ကောင်ကဲ့သို့ သင်္ဘော ကုန်းပတ်ပေါ်သို့ လွင့်မျော ရောက်ရှိလာ၏။
‘ဒီသိုင်းပညာက နယူတန်ရဲ့ ခေါင်းတလားတောင် ဖိထားလို့ မရတော့ဘူး။ ဒီကုန်းပတ်က ပင်လယ်ရေ မျက်နှာပြင်နဲ့ မီတာ ဆယ်ဂဏန်းလောက်တောင် မြင့်တာလေ။’
နုဧကရာဇ်သည် အနက်ရောင် ဦးခေါင်းခွံ မျက်နှာဖုံးကို တပ်ဆင်ထားပြီး ယွင်ကျုံးဟဲ့၏ ရှေ့တွင် ရပ်နေ၏။ လူနှစ်ဦး သင်္ဘော ကုန်းပတ်ပေါ်တွင် ရပ်ကာ နေဝင်ချိန်ကို ကြည့်ရှုရင်း တိတ်ဆိတ် ငြိမ်သက်နေကြသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီတစ်လတာ အချိန်အတွင်းမှာ မင်း ငါ့ကို ပြောပြမယ်လို့ ထင်ထားခဲ့တာ။ နေ့တိုင်း ညဘက် နှစ်ခါလောက် အိပ်ပြီးတော့ အခုလိုမျိုး ဘာသံမှ မထွက်ဘဲ ထွက်သွားတာ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းလည်း မပြောပြတာ မကောင်းဘူး မလား။”
နုဧကရာဇ်က ပြောသည်။ “အကယ်၍ ရှင့်ကို ပြောပြလို့ ရရင် စောစောတည်းက ပြောပြပြီးလောက်ပါပြီ။ အကယ်၍ ရှင်နဲ့ တွေ့လို့ ရရင်၊ စောစောတည်းက တွေ့ပြီးလောက်ပါပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် ကလည်း မင်းက ဒီပုံစံနဲ့ပဲ လူတိုင်းရဲ့ ရှေ့မှာ ပေါ်ထွက်လာခဲ့တာလား။ အနက်ရောင် ဦးခေါင်းခွံ မျက်နှာဖုံး တပ်ထားတာလား။”
နုဧကရာဇ်က ဖြေသည်။ “ဟုတ်တယ်။ ပြီးတော့ အခြေခံအားဖြင့် ကျွန်မက လူတွေနဲ့ မတွေ့သလို၊ လူတွေနဲ့ တွေ့ဖို့လည်း မလိုအပ်ဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို အခု မင်းရဲ့ မျက်နှာဖုံးကို ချွတ်လို့ ရမလား။”
နုဧကရာဇ်က ဖြေသည်။ “ရှင်က နုဧကရာဇ် နဲ့ စကားပြောချင်တာလား၊ ဒါမှမဟုတ် မင်းသမီး ရှန်းရှန်းနဲ့ စကားပြောချင်တာလား။ အကယ်၍ ရှင်က ရှင်ချစ်တဲ့ ရှန်းရှန်းနဲ့ စကားပြောချင်ရင် ကျွန်မ မျက်နှာဖုံးကို ချွတ်လိုက်မယ်၊ ဒါပေမဲ့ နုဧကရာဇ် အကြောင်းတော့ ပြောခွင့် မရှိဘူး။ အကယ်၍ ရှင်က နုဧကရာဇ်နဲ့ စကားပြောချင်တယ် ဆိုရင်တော့ ကျွန်မ မျက်နှာဖုံးကို မချွတ်တော့ဘူး။”
ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် မေးလိုက်၏။ “မင်းတို့ နှစ်ယောက်က လူတစ်ယောက်တည်း မဟုတ်ဘူးလား။”
နုဧကရာဇ်က ဖြေသည်။ “လူတစ်ယောက်တည်းပါ။ ဒါပေမဲ့ ကျွန်မက အမှတ်အသား နှစ်ခု ရှိချင်ပြီး လုံးဝ သီးခြားစီ ဖြစ်ချင်တယ်။ မရဘူးလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ရပါတယ်။ သေချာပေါက် ရတာပေါ့။ မင်းက သိုင်းပညာ အမြင့်ဆုံးပဲ၊ မင်းက အလှဆုံးပဲ၊ မင်း ဘာလုပ်လုပ် ရပါတယ်။”
ထို့နောက် ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “အရှင်ဧကရာဇ်... ဒါဆို ငါ အရှင့်ကို နှစ်သိမ့်ပေးလို့ ရမလား။”
ပြောပြီးသည်နှင့် ယွင်ကျုံးဟဲ့ ရှေ့တိုးကာ တိုက်ရိုက် ဆွဲဖက်လိုက်သည်။
တစ်ခဏချင်း အတွင်းမှာပင် နုဧကရာဇ် သည် သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ လွင့်မျော ထွက်ခွာသွား၏။
“ကောင်းပြီလေ။” ယွင်ကျုံးဟဲ့က ပခုံးတွန့်ပြလိုက်သည်။
အပိုင်း (၉၂၀)
မင်းသမီး ရှန်းရှန်းက မေး၏။ “ရှင် ဘယ်တုန်းက သိသွားတာလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ငါလည်း မသိပါဘူး။ မသိစိတ်ကတော့ စောစောတည်းက သိနေခဲ့ပေမယ့် ဝန်မခံချင်ခဲ့ဘူး။”
မင်းသမီး ရှန်းရှန်းက ဆက်မေး၏။ “ဘာလို့ မသိစိတ်က စောစောတည်းက သိနေတာလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဘာလို့လဲဆိုတော့ ငါ့အစ်ကို အောက်ယွီ ကြောင့်ပါ။ မင်း ကြီးလာတဲ့ အချိန်မှာ သူက မင်္ဂလာပွဲကနေ အစွမ်းကုန် ထွက်ပြေးခဲ့တယ်။ မင်္ဂလာပွဲကနေ ထွက်ပြေးဖို့နဲ့ မင်းနဲ့ မထိုက်တန်ဘူးလို့ ပြသဖို့အတွက် သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး မိန်းမတွေ အများကြီးနဲ့ အိပ်ခဲ့တယ်၊ အောက်တန်းကျတဲ့ ပြည့်တန်ဆာအိမ်တွေကို သွားခဲ့တယ်။
အဲဒီတုန်းက ငါ ဒါကို ဘာမှ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ကျန်းမာရေး မကောင်းဘူး၊ မင်းရဲ့ အနာဂတ်ကို ထိခိုက်စေမှာ စိုးရိမ်တယ်၊ ပြီးတော့ နည်းနည်းလည်း သိမ်ငယ်စိတ် ရှိတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ငါ အရှေ့ဘက်ကို စစ်ချီပြီးတဲ့ နောက်မှာ သူက လက်နက်ချဖို့ ရွေးချယ်ခဲ့ပြီး ငါ့ကို စကား အနည်းငယ် ပြောခဲ့တယ်။”
နုဧကရာဇ်က မေးလိုက်၏။ “သူ ဘာပြောလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သူ့ရဲ့ ပါရမီက အရမ်း မြင့်တယ်၊ သွေးကြော ကလည်း အရမ်း မြင့်မားတယ်၊ အဲဒါကြောင့် မူလက ပိုမြင့်မားတဲ့ သိုင်းပညာ၊ ပိုမြင့်မားတဲ့ အဆင့်အတန်းကို ရနိုင်ခဲ့တာပါ။ ဒါပေမဲ့ သူက ဆက်ပြီး အသွင်ပြောင်းဖို့ကို စွန့်လွှတ်ခဲ့တယ်။ ပထမ အချက်က လူ့သဘာဝတွေ ပျောက်ဆုံးသွားမှာကို ကြောက်လို့ပါ။ ပြီးတော့ အဓိက အရေးအကြီးဆုံး အချက်ကတော့ နောက်ဆုံး အမှန်တရားကြီးကို ရင်ဆိုင်ရမှာ ကြောက်လို့ပါပဲ။ ဘယ်လို အမှန်တရားမျိုးက သူ့ကို ဒီလောက်တောင် ကြောက်ရွံ့သွားစေတာလဲ။ နုဧကရာဇ်... မင်းက ဘာကို ကြောက်လဲ။”
နုဧကရာဇ်၏ လှပသော မျက်လုံးများ အနည်းငယ် တုန်ယင်သွားပြီး သူမ၏ မျက်လုံးများထဲတွင် အဆုံးအစ မရှိသော နာကျင်မှုများ ဖြတ်ပြေးသွားသည်။ ဤနာကျင်မှုသည် မှတ်ဉာဏ်များမှ လာခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောသည်။ “ငါ့အစ်ကို အောက်ယွီက အရမ်း ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ သူက သေရမှာကိုတောင် မကြောက်တဲ့သူက ဘာကို ထပ်ကြောက်အုံးမှာလဲ။ သူ ချစ်တဲ့သူကမှ သူ့ကို ကြောက်ရွံ့စေနိုင်တာပါ။ သူ အချစ်ဆုံး လူက ဘယ်သူလဲ။ အဖေ၊ အမေ၊ ပြီးတော့ ငါ၊ ပြီးတော့ ညီမလေး။ ဒါပေမဲ့ ငါတို့က ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ငါတို့က သူ့ရှေ့မှာ အစစ်အမှန်တွေချည်းပဲ။ ဘာမှ ဖုံးကွယ်ထားတာ မရှိဘူး။
သူ အချစ်ဆုံး နောက်ထပ် လူတစ်ယောက်ကတော့... မင်းပဲ။ အဲဒါကြောင့် သူက မင်းကို ကြောက်တယ်။ သူ သိုင်းပညာ အမြင့်ဆုံးကို ရောက်သွားတဲ့ အချိန်ကျရင် ကြောက်စရာကောင်းတဲ့ အမှန်တရား တစ်ခုကို ရင်ဆိုင်ရမှာ ကြောက်တယ်။ အဲဒီ အမှန်တရားကတော့ မင်းပဲ။ သူက အတွင်းစိတ် အနက်ရှိုင်းဆုံးမှာ အဖြေကို မသိမသာ သိနေပေမယ့် မရင်ဆိုင်ချင်ဘူး၊ သေချာ မစဉ်းစားချင်ဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ငါ့အစ်ကို အောက်ယွီ ဟာ မင်းရဲ့ အမှတ်အသား အပေါ်မှာ သံသယ ရှိခဲ့လောက်ပေမယ့် အဲဒီလောက် အများကြီး မတွေးခဲ့ဘူး။ ဒါပေမဲ့ တာရှန်း ဧကရာဇ်ကြီးက လောကကြီးကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ အောက်ယွီ ထိတွေ့ရတဲ့ အမှန်တရားတွေ ပိုများလာတယ်။ သူက ဒီလောက်တောင် ဉာဏ်ကောင်းတော့ မသိစိတ်အရ နောက်ဆုံး အမှန်တရားကို တွေးမိသွားတယ်။ အဲဒါကြောင့် သူက ဆက်ပြီး အသွင်ပြောင်းဖို့ကို စွန့်လွှတ်ခဲ့တာ။
ပြီးတော့ ငါ အရှေ့ဘက်ကို စစ်ချီလာပြီးတဲ့ နောက်မှာ သူက ချက်ချင်းပဲ ငါနဲ့ ညီအစ်ကို စိတ်ချင်း ဆက်သွားပြီး တာရှန်းမိစ္ဆာနိုင်ငံကို သစ္စာဖောက်ခဲ့တယ်။ သူ ပြောခဲ့ဖူးတယ်... သူက အားနည်းတယ်၊ ငါက သန်မာတယ်တဲ့။ အဲဒါကြောင့် ငါက မင်းကို ရင်ဆိုင်နိုင်လိမ့်မယ် တဲ့။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ် တည်းက သူက မင်းဟာ နုဧကရာဇ် ဆိုတာကို အတွင်းစိတ်ထဲမှာ မသိမသာ သိနေခဲ့ပြီ။”
နုဧကရာဇ်က မေးလိုက်၏။ “ဒါဆို ရှင် တကယ်ပဲ ကျွန်မကို ရင်ဆိုင်နိုင်ပြီလား။ ရှင်က တာ့ယန် အင်ပါယာ ဧကရာဇ်၊ ကျွန်မက တာရှန်းမိစ္ဆာနိုင်ငံရဲ့ နုဧကရာဇ်၊ ကျွန်မက ရှင့်ရဲ့ အကြီးမားဆုံး ရန်သူပဲ။ ကျွန်မက အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ အကြီးမားဆုံး ရန်သူပဲ။ ကျွန်မက ရှင့်ကို ပျက်စီးခြင်း ကပ်ဘေးကြီး ယူဆောင်လာပေးမှာ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မင်းက ကျင်းကျုံးယွဲ့ကို အများကြီး၊ အများကြီး မမီပါဘူး။ သူကမှ ငါ့ကို ပျက်စီးခြင်း ကပ်ဘေးကြီး ယူဆောင်လာပေးတာပါ။ မင်းကတော့ သာမန်လောက်ပါပဲ။”
‘ချီးတဲ့မှ... ဒီလောက် လေးနက်တဲ့ စကားပြောနေတာကို ခင်ဗျားက ကားမောင်းချင် (လိင်ပိုင်းဆိုင်ရာ အရွှန်းဖောက်ချင်) နေသေးတာလား။’
နုဧကရာဇ်သည် ယွင်ကျုံးဟဲ့၏ နောက်ပြောင်မှုအပေါ် မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
ယွင်ကျုံးဟဲ့ ဆက်ပြော၏။ “နောက်ထပ် လူတစ်ယောက် ရှိသေးတယ်။ အဲဒါက မင်းရဲ့ အဘိုး၊ ဧကရာဇ် ထျန်းယန် ပါပဲ။ သူက ပါးစပ်ကနေ အမြဲ ပြောနေတယ်၊ သူ အသက်ရှင်နေတာ ဇာတ်လမ်းကောင်းကြီး ကြည့်ဖို့၊ နောက်ဆုံး ရလဒ်ကို ကြည့်ဖို့တဲ့။ သူက လုံးဝ ရှုံးနိမ့်သွားပြီးပြီ၊ ဘာသတ္တိနဲ့ ဆက်ပြီး အသက်ရှင်နေအုံးမှာလဲ။
သူက တာရှန်း ဧကရာဇ်ကြီးကို မုန်းတယ်၊ ကျုပ်ကိုလည်း မုန်းတယ်။ ကျုပ်တို့ ဘယ်သူပဲနိုင်နိုင် သူ့အတွက်တော့ နာကျင်ရမှာပဲ။ အဲဒါကြောင့် ပိုပြီး မထင်မှတ်ထားတဲ့ ရလဒ်မျိုးကမှ သူ့ကို မျှော်လင့်ချက်တွေ ပြည့်နှက်နေစေမှာပါ။
ပြီးတော့ သူက မင်းရဲ့ အဘိုးလည်း ဖြစ်တယ်လေ၊ ပြီးတော့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ လေ့ကျင့်မှုနဲ့ အသွင်ပြောင်းမှုတွေကိုလည်း ဖြတ်သန်းခဲ့ရတယ်။ အဲဒါကြောင့် သူကလည်း အမှန်တရား တချို့ကို သိထားတယ်။ အရင်က ကျုပ် သူ့ကို အကြိမ်ကြိမ် မေးခဲ့ဖူးပေမယ့် သူက ဒီအမှန်တရား အပေါ်မှာ ပြောချင်ပေမယ့် မပြောဘဲ နေခဲ့တယ်။”
အမှန်စင်စစ် ယွင်ကျုံးဟဲ့က ဧကရာဇ် ထျန်းယန်အား မေးမြန်းသည့်အခါတိုင်း သူ၏ တုံ့ပြန်မှုများမှာ အလွန်တရာ ထူးဆန်းလျက် ရှိနေသည်။ ထို့ကြောင့်ပင် ယွင်ကျုံးဟဲ့က ဧကရာဇ် ထျန်းယန်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်လှသော အမှန်တရားအချို့ကို သိရှိထားကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ဧကရာဇ် ထျန်းယန်က ငါ့ကို မုန်းတယ်။ အဲဒါကြောင့် ငါက မင်းဟာ နုဧကရာဇ် ဆိုတာကို သိသွားတဲ့ အချိန်မှာ အရမ်း အံ့ဩသွားပြီး၊ အဲဒီနောက်မှာ ငါတို့ ရန်သူတွေ ဖြစ်သွားကာ အချင်းချင်း သတ်ဖြတ်ကြဖို့ကို အတွင်းစိတ်ထဲမှာ အရမ်း မျှော်လင့်နေတာပါ။ ပိုဆိုးတာက မင်းက ငါ့ကို တိုက်ရိုက် သတ်ပစ်ပြီး တာ့ယန် အင်ပါယာကို ဖျက်ဆီးပစ်တာမျိုးပေါ့။
ဒါပေမဲ့... ငါ မင်းကို ကယ်တင်ပြီးတဲ့ နောက်မှာ သူက ငါ့ရဲ့ တုံ့ပြန်မှုနဲ့ အမူအရာကို ကြည့်ပြီး တည်ငြိမ်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာ သူ့ကို အရမ်း စိတ်ပျက်သွားစေတာပဲ။ သူက ငါ့ရဲ့ ရန်သူ ဆိုတော့ ငါ့အကြောင်းကိုလည်း အသိဆုံးလေ။ ငါက မင်းရဲ့ အမှတ်အသားကို သိသွားပြီ ဖြစ်ပေမယ့် တုံ့ပြန်မှုက သာမန်ပဲ ဆိုတာကို သူ သိလိုက်ရတယ်။ သူ့ရဲ့ မကောင်းတဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားပြီ ဆိုတော့ သူလည်း ထွက်သွားခဲ့တာပဲ။”
နုဧကရာဇ်က ပြောလိုက်သည်။ “ကြည့်ရတာ ကျွန်မ ဖုံးကွယ်ထားတာ မလုံလောက်သေးဘူးပဲ။ တာရှန်း ဧကရာဇ်ကြီးက ကျွန်မကို မှတ်မိသွားရုံတင် မကဘူး၊ အောက်ယွီ တောင် သိနေပြီပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို မင်းနဲ့ မင်းသမီး ရှန်းရှန်းက တကယ်တမ်း ဘာဆက်စပ်မှု ရှိတာလဲ။”
နုဧကရာဇ်က ဖြေသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က ကျွန်မ အသွင်ပြောင်းတာ ကျရှုံးခဲ့ပြီး သေလုမျောပါး ဖြစ်နေခဲ့တယ်။ ရှကျိုးက ကျွန်မကို လာသတ်ပေမယ့် သူက ကျွန်မကို မသတ်ခဲ့ဘဲ ကယ်တင်သွားခဲ့တယ်။ သဲကန္တာရ မြေအောက်က ပိရမစ်ထဲကို ခေါ်သွားပြီး ရေခဲကျောက်စိမ်း ခေါင်းတလား ထဲမှာ ထည့်ကာ ရေခဲရိုက်ထားခဲ့တယ်။ ကျွန်မရဲ့ အသက်ကို နှစ်ပေါင်း ထောင်ချီ ရှည်သွားအောင် လုပ်ပေးခဲ့တယ်။”
ယွင်ကျုံးဟဲ့ အက်ကွဲသော အသံဖြင့် မေးလိုက်၏။ “သူ... သူက မင်းကို ချစ်သွားလို့လား။”
နုဧကရာဇ်က ဖြေသည်။ “မဟုတ်ပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဘာလို့လဲ။ သူက ကျီရွှေ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လေ။ သူက မင်းကို လာသတ်တာပါ။ အဲဒီတုန်းက မင်းက လုံးဝ ပြန်မခုခံနိုင်ဘူးလေ။ သူက ဘာလို့ မင်းကို မသတ်ခဲ့တာလဲ။”
နုဧကရာဇ်က ဖြေသည်။ “ဘာလို့လဲဆိုတော့ ကျွန်မက သူ့ကို အမှန်တရားတွေ ပြောပြလိုက်လို့ပဲ။ ကျွန်မရဲ့ အမှတ်အသား အမှန်တရား၊ ဒီလောကကြီးရဲ့ အမှန်တရားတွေလေ။ အဲဒါကြောင့် သူက ကျွန်မကို မသတ်ခဲ့ရုံတင် မကဘူး၊ ကျွန်မကို ကယ်တင်ပြီး ရေခဲကျောက်စိမ်း ခေါင်းတလားထဲ ထည့်ကာ သဲကန္တာရ အစွန်မှာ ဆယ်စုနှစ်ချီပြီး စောင့်ရှောက်ပေးခဲ့တယ်။ ကျွန်မ ရေခဲရိုက်ခံထားရတဲ့ အချိန်က အရမ်း ကြာလွန်းလို့ သူ အိုမင်းပြီး သေဆုံးသွားတော့ တပည့်တွေ ထပ်မွေးပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ကျွန်မကို စောင့်ရှောက်ခိုင်းခဲ့တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလို့လဲ။ သူ အရာအားလုံးကို စွန့်လွှတ်ပြီး မင်းကို စောင့်ရှောက် ပေးနိုင်လောက်တဲ့ အကြောင်းပြချက်က ဘာလဲ။ ပြီးတော့ တပည့်တွေပါ မွေးပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် မင်းကို စောင့်ရှောက်ခိုင်းတယ် ဆိုတော့။”
နုဧကရာဇ်က ပြန်မေးသည်။ “ဒါက ဒီလောကကြီးရဲ့ အမြင့်ဆုံး အမှန်တရားပဲ။ ရှင်က ကျွန်မရဲ့ အမှတ်အသားကို အရင် သိချင်တာလား၊ ဒါမှမဟုတ် အဲဒီလို ခေါ်တဲ့ အမှန်တရားကို အရင် သိချင်တာလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ငါက မင်းရဲ့ အမှတ်အသားကို အရင် သိချင်တာ။ ဘာလို့လဲဆိုတော့ ငါက အရင်ဆုံး မင်းကို ဂရုစိုက်တာ ဖြစ်ပြီး အဲဒီနောက်မှ အဲဒီလို ခေါ်တဲ့ အမှန်တရားကို ဂရုစိုက်တာမို့လို့ပဲ။”
‘မိန်းကလေးကို မြှူဆွယ်တဲ့ စကားတွေက နေရာတိုင်းမှာ ရှိနေတာပဲ။’
နုဧကရာဇ်က ပြောသည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကြီးမားတဲ့ ငလျင်ကြီး တစ်ခုကြောင့် ကျွန်မ ရှိနေတဲ့ ပိရမစ်၊ တစ်နည်းအားဖြင့် ရှင် တာယင် ဧကရာဇ်ကို ထောင်ချောက်ဆင်ဖို့ သုံးခဲ့တဲ့ အဲဒီ ပိရမစ်က သဲကန္တာရ မြေပြင်ပေါ်ကို ထွက်လာခဲ့တယ်။
ပြီးတော့ ပိရမစ် ကလည်း ပျက်စီးသွားပြီး အထဲက ရေခဲကျောက်စိမ်း ခေါင်းတလားလည်း အလုပ် မလုပ်တော့ဘူး။ ကျွန်မကို ဆက်ပြီး ရေခဲရိုက် မထားနိုင်တော့ဘူး။ ကျွန်မသာ ပြန်နိုးလာရင် တစ်လတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ရှကျိုးရဲ့ မျိုးဆက် ဆယ်ဂဏန်းမြောက် ဖြစ်တဲ့ ကျွန်မရဲ့ အစောင့်အရှောက်... ဆရာတော် ဝူရှင်းက ကျွန်မကို ကယ်ဖို့ နည်းလမ်း ရှာခဲ့ရတယ်။”
ဆရာတော် ဝူရှင်းသည် ယခင်က ဧကရာဇ် ဝမ်ယွင်၏ ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့ပြီး မင်းသမီး ရှန်းရှန်းအား မီတျဲချိုင့်ဝှမ်းသို့ ခေါ်ဆောင်ကာ ဆေးကုသပေးခဲ့သူ မဟုတ်ပါလား။
မှန်ပေသည်။ ထိုသူသည် အစဉ်အမြဲ လျှို့ဝှက်ဆန်းကြယ်နေခဲ့သူ ဖြစ်၏။ ထို့အပြင် ဧကရာဇ် ဝမ်ယွင် ကွယ်လွန်သွားပြီးနောက်ပိုင်းတွင်လည်း ထိုသူသည် ပျောက်ကွယ်သွားခဲ့သည်။
သူသည် ရှကျိုး၏ ဆယ်ဂဏန်းမြောက်ဖြစ်သော မျိုးဆက် ဖြစ်နေသည်လား။ သို့မဟုတ် နုဧကရာဇ်၏ အစောင့်အရှောက် ဖြစ်နေသည်လား။
နုဧကရာဇ်က ဆက်ပြောသည်။ “အဲဒီအချိန်မှာ ကျွန်မကို ကယ်ဖို့ နည်းလမ်း နှစ်ခုပဲ ရှိတယ်။ နည်းလမ်း တစ်ခုက ကျွန်မကို အဆုံးစွန် အသွင်ပြောင်းမှု ပြီးမြောက်အောင် လုပ်ပေးဖို့ပဲ။ ဒါပေမဲ့ အသွင်ပြောင်း သိုင်းသမားတွေ လုံလောက်အောင် မရှိလို့ အဲဒါက မဖြစ်နိုင်ဘူးလေ။
နောက်ထပ် နည်းလမ်း တစ်ခုကတော့ ဝိညာဉ် ဝင်ပူးခြင်းပဲ။ ဆရာတော် ဝူရှင်းက ပစ်မှတ် တစ်ခုကို ရှာတွေ့ခဲ့တယ်။ တာ့ကျိုး အင်ပါယာရဲ့ မင်းသမီး ရှန်းရှန်းပေါ့။ သူမမှာ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သွေးကြော ရှိနေပြီး ခန္ဓာကိုယ်မှာလည်း ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေလို့ အသက် သိပ်မရှည်တော့ဘူး။
အဲဒါကြောင့် သူက အသက် ခြောက်နှစ် အရွယ် မင်းသမီး ရှန်းရှန်းကို မီတျဲ ချိုင့်ဝှမ်းကို ဆေးသွားကုမယ် ဆိုပြီး ခေါ်သွားခဲ့တာ။ တကယ်တော့ ကျွန်မကို ဝိညာဉ် ဝင်ပူးခွင့် ပြုဖို့ပါ။ ကျွန်မ မူလ ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ရှန်းရှန်းကို ဝိညာဉ် ဝင်ပူးခဲ့ကာ ခန္ဓာကိုယ် အသစ် တစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။”
“အင်း...”
ယွင်ကျုံးဟဲ့ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။ “ဒါဆို မင်းက မူလတုန်းက ယောက်ျားလား၊ မိန်းမလား။”
သူက ဤမေးခွန်းကို သတိထားပြီး မေးလိုက်ခြင်းပင်။
နုဧကရာဇ်က ဖြေသည်။ “ကျွန်မရဲ့ မူလ အမှတ်အသားကတော့ တာ့ယန် အင်ပါယာ ဧကရာဇ် ရှင်းကျုံးရဲ့ သမီးတော်ပါ။ အဲဒီတုန်းက ကျွန်မရဲ့ နာမည်ကလည်း မင်းသမီး ရှန်းရှန်းပါပဲ။”