အခန်း (၉၂၅-၉၂၆)
Vol. 78 Ch. 925-926
အပိုင်း (၉၂၅)
နောက်နှစ်အနည်းငယ် အတွင်းတွင် ယွင်ကျုံးဟဲ့သည် အချိန် တစ်ဝက်ကို အနောက်ယန်တွင် နေထိုင်ပြီး နောက်ထပ် အချိန် တစ်ဝက်ကို အရှေ့ယန်တွင် နေထိုင်ခဲ့သည်။
ဤဖြစ်စဉ်တစ်ခုလုံးတွင် သူသည် တဖြည်းဖြည်းချင်း လွှတ်ချလာခဲ့ပြီး နိုင်ငံရေးကိစ္စရပ်များ၌ ပါဝင် ပတ်သက်မှု ပိုမိုနည်းပါးလာခဲ့၏။
နောက်ဆုံး နှစ်အနည်းငယ်အတွင်း၌မူ သူသည် အသစ်တည်ဆောက်ထားသော ယန်ကျင်း သန့်ရှင်းသော မြို့တော်၌သာ အစဉ်အမြဲ နေထိုင်ခဲ့ပြီး ကျီရွှေ့အဖွဲ့အစည်း၏ သုတေသနလုပ်ငန်းများတွင်သာ ပါဝင်ဆောင်ရွက်ခဲ့သည်။
နုဧကရာဇ်၏ အနက်ရောင်ကျမ်းစာ၊ ဧကရာဇ်ကြီး၏ အနက်ရောင်ကျမ်းစာတို့ကို အခြေခံ၍ သက်ရှိတို့၏ လျှို့ဝှက်ချက်များကို ဆက်လက်သုတေသနပြုကာ စူးစမ်းရှာဖွေခဲ့၏။
နောက်ထပ် နှစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင်မူ သူသည် ကျီရွှေ့အဖွဲ့အစည်း၏ သုတေသန လုပ်ငန်းများကိုပင် လွှတ်ချလိုက်ပြီဖြစ်သည်။
အချိန်အများစုကို မိသားစုဝင်များ၊ ဇနီးမယားများ၊ သားသမီးများနှင့်အတူတကွ ကုန်ဆုံးစေကာ မိသားစု၏ ကြည်နူးပျော်ရွှင်မှုများကိုသာ ခံစားနေတော့၏။
အချို့သော အချိန်များတွင်မူ လျှို့ဝှက်စွာဖြင့် လေခွင်းချိုင့်ဝှမ်းသို့ ပြန်လည်သွားရောက်ကာ အချိန် အတိုင်းအတာတစ်ခုအထိ နေထိုင်တတ်သေးသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤလောကသို့ ရောက်ရှိလာပြီးနောက် အစောပိုင်းကာလများကို လေခွင်းချိုင့်ဝှမ်း၌ ကုန်ဆုံးခဲ့ရသောကြောင့် ထိုနေရာတွင် နက်ရှိုင်းသော မှတ်ဉာဏ်များစွာ ကျန်ရစ်ခဲ့သောကြောင့်ပင်။
လေခွင်း ချိုင့်ဝှမ်း စံအိမ် အတွင်း...
ယွင်ကျုံးဟဲ့ ကုတင်ပေါ်တွင် လှဲလျောင်းရင်း ငေးမောနေသည်။ ကျင်းကျုံးယွဲ့က သိုင်းပညာ လေ့ကျင့်နေပြီး၊ ရွှီအန်းထင်က ဟင်းချက်နေကာ၊ ကျီးချင့် ကတော့ စာများကို ကြိုးစားပမ်းစား ရေးနေဆဲ ဖြစ်သည်။
ကျီးချင့်သည်လည်း အရှေ့တိုင်းလောကသို့ ရောက်ရှိလာခဲ့သည်။ အကြောင်းမှာ သူမအနေဖြင့် ယွင်ကျုံးဟဲ့နှင့် မခွဲခွာနိုင်၍ မဟုတ်ချေ။ သူ၏ သုတေသနလုပ်ငန်းများတွင် အခက်အခဲအဖုံဖုံနှင့် ကြုံတွေ့နေရသောကြောင့် မူလပတ်ဝန်းကျင်မှ ထွက်ခွာ၍ နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့လိုက်ပါက စိတ်ကူးစိတ်သန်းသစ်များ ရရှိလာနိုင်မည်ဟု ယူဆသောကြောင့်ပင်။
ပိုင်ဖေးဖေးမှာမူ အခြားသော အမျိုးသမီးများနှင့် အဆင်ပြေချောမွေ့မှု မရှိသောကြောင့် အခြားသော နေရာတစ်ခု၌ သီးခြားခွဲ၍ နေထိုင်သည်။
ဤနှစ်များအတွင်း၌ နုဧကရာဇ်ထံမှ မည်သည့်သတင်းစကားမျှ မကြားသိရတော့ချေ။ ထိုစဉ်က သူမသည် သန့်ရှင်းသောကျောင်းတော်သို့ တစ်ဦးတည်း သွားရောက်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိမလာတော့သကဲ့သို့ မည်သို့သော ရလဒ်ထွက်ပေါ်သည်ကိုလည်း အတိအကျ မသိရှိရတော့ပေ။
ကြည်နူးပျော်ရွှင်ဖွယ် အချိန်ကာလများမှာ အလွန်တရာ ချိုမြိန်လှသော်လည်း ထပ်တလဲလဲ ဖြစ်ပျက် နေတတ်သည်။ နေ့စဉ်ရက်ဆက် ကုန်လွန်ရသည်မှာလည်း တစ်ရက်နှင့်တစ်ရက် မည်သို့မှ ခြားနားမှု မရှိချေ။
ကံဆိုးမိုးမှောင်ကျမှုများမှာ ပုံစံအမျိုးမျိုး ကွဲပြားခြားနားကြသော်လည်း ပျော်ရွှင်ချမ်းမြေ့မှုများမှာမူ ထပ်တူထပ်မျှ ဆင်တူတတ်ကြသည် ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်တော့သည်။
ယွင်ကျုံးဟဲ့သည်လည်း ယခုကဲ့သို့သော ပျော်ရွှင်စရာ အချိန်ကာလများကို အပြည့်အဝ ခံစားလျက် ရှိနေသည်။ သတိမမူမိလိုက်ဘဲ ဆယ်နှစ်တာ အချိန်ကာလမှာ အလိုအလျောက် ကုန်လွန်ခဲ့၏။
ဤနှစ်များအတွင်း ရရှိခဲ့သော ပျော်ရွှင်ချမ်းမြေ့မှုများက သူ၏ ဦးနှောက်နှင့် စိတ်အာရုံကို အပြည့်အဝ အနားရရှိစေခဲ့သောကြောင့် အလွန်တရာ ရှုပ်ထွေးလှသော ကိစ္စရပ်များကို သူ မတွေးတောလိုတော့သည်အထိ ဖြစ်သွားခဲ့သည်။
ထို့ကြောင့်ပင် ယခုအချိန်၌ ယွင်ကျုံးဟဲ့အနေဖြင့် နေ့စဉ်ရက်ဆက် အပင်ပန်းခံ၍ တွေးတောရသော ကိစ္စရပ်မှာ နှစ်ခုမျှသာ ရှိတော့၏။
ပထမအချက်မှာ မည်သည့်အစာကို စားသုံးရမည်နည်း ဟူ၍လည်းကောင်း၊ ဒုတိယအချက်မှာ ညဉ့်အခါဝယ် မည်သူနှင့် အတူအိပ်စက်ရမည်နည်း ဟူ၍လည်းကောင်း ဖြစ်သည်။
အထူးသဖြင့် ပထမအချက်မှာ အမှန်တကယ်ပင် အလွန်ခက်ခဲလှသော ကိစ္စရပ် ဖြစ်သည်။ ယခု မနက်စာကိုပင် စားသုံးခြင်း မပြုရသေးမီ ယွင်ကျုံးဟဲ့သည် နေ့လယ်စာအတွက် မည်သည့်အရာကို စားသုံးရမည်ဟု ကြိုတင်တွေးတောနေပြီဖြစ်၏။
အမဲသားကင်လော၊ ခရုဟင်းလော၊ အသားပြုတ်လော၊ မာဖိုတိုဟူး (Mapo Tofu) လော သို့မဟုတ် သိုးနံရိုးကင်လော စသည်ဖြင့်ပင်။
ဤအရာမှာ အမှန်တကယ် အလွန်ခက်ခဲ၏။ ဤလောက၌ အရသာရှိသော အစားအစာများမှာ အလွန်တရာ များပြားလွန်းလှသည်။ သို့သော်ငြား အရသာရှိမှုနှင့်အတူ ငြီးငွေ့ခြင်း မရှိစေရန် ထိန်းသိမ်းရသည်မှာမူ သာ၍ပင် ခက်ခဲလို့နေ၏။
ထိုအချိန်မှာပဲ အပြင်ဘက်မှ ခြေသံ တစ်ခု ထွက်ပေါ်လာ၏။ ယွင်ကျုံးဟဲ့ မျက်စိ မဖွင့်ဘဲ ပျင်းရိစွာ ပြောလိုက်သည်။ “မနက်စာ စားဖို့လား။ ကျုပ် နောက်ထပ် နာရီဝက်လောက် ဆက်အိပ်အုံးမယ်... နာရီဝက်လေးပါပဲ။”
သို့ပေမည့် တစ်ဖက်လူက တိတ်ဆိတ် ငြိမ်သက်နေ၏။
ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လိုက်ရာ သူ၏ ရှေ့တွင် လူရိပ် တစ်ခု ရပ်နေပြီး တစ်ကိုယ်လုံး အမှောင်ထု အတွင်းတွင် ဖုံးကွယ်ထားသည်ကို ချက်ချင်း မြင်တွေ့လိုက်ရ၏။ လျှို့ဝှက်ဆန်းကြယ်ပြီး၊ စိမ်းသက်ကာ၊ ထူးဆန်းသော လူရိပ် တစ်ခု ဖြစ်သည်။
“အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့...” တစ်ဖက်လူက ပြောလိုက်၏။
သိထားရမည်မှာ ဤစံအိမ်တွင် ထိပ်တန်း အင်အားကြီးသူ ထောင်ချီက ကာကွယ်ပေးထားပြီး ဆယ်ဂဏန်း ကီလိုမီတာ ပတ်လည် အတွင်းတွင် သိုင်းသမား သောင်းချီ အနည်းဆုံး ရှိနေသည်။
သို့ပေမည့် ဤလူက ယွင်ကျုံးဟဲ့၏ အခန်း အတွင်းသို့ ဤကဲ့သို့ အသံတိတ်၊ ခြေရာလက်ရာ မကျန်အောင် ဝင်ရောက်လာနိုင်ခဲ့၏။
“ကျုပ်ပဲ... ဘာကိစ္စ ရှိလို့လဲ။” ယွင်ကျုံးဟဲ့က မေးသည်။
တစ်ဖက်လူက ပြောလိုက်၏။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ကျုပ် ဘယ်သူလဲ ဆိုတာကို အရှင် သိလောက်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သန့်ရှင်းသော ကျောင်းတော်က လာတာလား။”
တစ်ဖက်လူက ဖြေ၏။ “ဟုတ်ပါတယ်။ ကျုပ်က သန့်ရှင်းသော ကျောင်းတော်ရဲ့ တမန်တော်ပါ။”
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ဘာကိစ္စ ရှိလို့လဲ။”
တစ်ဖက်လူက ပြောလိုက်၏။ “ကျုပ်နဲ့ တစ်ခေါက်လောက် လိုက်ခဲ့ပေးပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သန့်ရှင်းသော ကျောင်းတော် ကိုလား။”
တစ်ဖက်လူက ဖြေ၏။ “ဟုတ်ပါတယ်။ သန့်ရှင်းသော ကျောင်းတော်ရဲ့ အရှင်သခင်က အရှင့်ကို တွေ့ချင်နေပါတယ်။”
‘ဆယ်နှစ် ရှိပြီ။ နုဧကရာဇ် ထွက်ခွာသွားတာ ဆယ်နှစ်တိတိ ရှိပြီ။ ဒီနေ့က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။’
“ကောင်းပြီလေ... သွားကြတာပေါ့။” ယွင်ကျုံးဟဲ့က သဘောတူလိုက်သည်။
သန့်ရှင်းသော ကျောင်းတော်၏ တမန်တော်က တောင်းဆိုလိုက်၏။ “အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ကျေးဇူးပြုပြီး မျက်စိမှိတ်ထားပေးပါ။”
ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်သည်။
မကြာမီ ရွှီအန်းထင် သည် ယွင်ကျုံးဟဲ့ကို မနက်စာ စားရန် လာခေါ်ချိန်မှာတော့ ယွင်ကျုံးဟဲ့ ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်၏။
စားပွဲပေါ်တွင် ယွင်ကျုံးဟဲ့၏ စာရွက်လေး တစ်ရွက်သာ ကျန်ရစ်ခဲ့ပြီး စာတစ်ချို့ ရေးသားထားသည်။ “ငါ ပြန်လာတာကို စောင့်နေကြ။”
အချိန်ကာလ မည်မျှအထိ ကုန်လွန်သွားခဲ့သည်ကို အတိအကျ မသိရှိနိုင်တော့ပေ။
ရက်အနည်းငယ်မျှ ကြာမြင့်ခဲ့ခြင်းလည်း ဖြစ်နိုင်သကဲ့သို့၊ လအနည်းငယ် ကြာမြင့်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ သို့မဟုတ်ပါက ထိုထက်မက ပိုမိုကြာမြင့်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။
ယွင်ကျုံးဟဲ့ နောက်ဆုံး၌ မျက်လုံး ဖွင့်ကြည့်လိုက်၏။ သူသည် နေရာလွတ် တစ်ခု အတွင်း၌ ရောက်ရှိနေပြီး ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျနေကာ မည်သည့်အရာကိုမှ မမြင်ရသော်လည်း အဆုံးအစ မရှိသော ဖြူစင်သန့်ရှင်းမှုများကိုတော့ ခံစားနေရသည်။
‘ဒါ... ဒါက သန့်ရှင်းသော ကျောင်းတော် လား။’
ထိုအချိန်မှာပဲ ပတ်ဝန်းကျင်ရှိ မီးရောင်များ လင်းထိန်လာပြီး နေရာလွတ် တစ်ခုလုံး နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွားကာ ဆီးနှင်းများကဲ့သို့ ဖြူဖွေးနေ၏။
ဤနေရာသည် ကျယ်ဝန်းလှသော ခန်းမကြီး တစ်ခ ဖြစ်ပြီး မျက်စိတစ်ဆုံး မြင်ရသမျှ အရာအားလုံးသည် ဖြူဖွေးနေကာ သန့်ရှင်းသော အလင်းရောင်များ ပြည့်နှက်နေသကဲ့သို့ ခံစားနေရသည်။
ခန်းမကြီး၏ အမြင့်ဆုံး နေရာတွင် လှပ သေသပ်သော ဘုရင်ပလ္လင် တစ်ခုရှိပြီး ဆံပင်နှင့် မုတ်ဆိတ်များ အားလုံး ဖြူဖွေးနေသော လူတစ်ယောက်သည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေကာ အလွန် အိုမင်းနေပြီ ဖြစ်၏။
“ရောက်လာပြီလား...” ထိုသက်ကြီးရွယ်အိုက ဖြည်းညင်းစွာ ပြောသည်။
ယွင်ကျုံးဟဲ့က ဖြေ၏။ “ရောက်လာပါပြီ။”
‘ဒီဆံပင်နဲ့ မုတ်ဆိတ်တွေအားလုံး ဖြူဖွေးနေတဲ့ သက်ကြီးရွယ်အိုက သန့်ရှင်းသော ကျောင်းတော်ရဲ့ အရှင်သခင်လား။’
နတ်ဘုရား တစ်ပါးနီးပါး ဖြစ်နေသည့်သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်၏ လက်ထဲတွင် ရာဇလှံတံ တစ်ခုကို ကိုင်ဆောင်ထားပြီး ထိပ်ပိုင်းတွင် ကြည်လင် တောက်ပနေသော ကျောက်မျက်ရတနာ တစ်လုံးကို စီခြယ်ထားသည်။ ဤသည်မှာ ဘုရင် တစ်ပါး၏ ရာဇလှံတံ နှင့် မတူဘဲ နတ်ဘုရား တစ်ပါး၏ ရာဇလှံတံ နှင့် ပိုတူသည်။
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က မေးလိုက်၏။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ဒီဆယ်စုနှစ်ချီတဲ့ အချိန်တွေမှာ ဘယ်လိုနေလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အရမ်းကို အံ့ဩစရာ ကောင်းပါတယ်။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က မေးသည်။ “အောက်ဘက် လောကကြီးမှာ မစွန့်လွှတ်နိုင်တဲ့ အရာတွေ ကျန်ရှိနေသေးလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “မစွန့်လွှတ်နိုင်တာ ဘာမှ မရှိပါဘူး။ လွှတ်ချတတ်ဖို့ သင်ယူရမှာပေါ့။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ပြောလိုက်သည်။ “မစွန့်လွှတ်နိုင်တာ ဘာမှ မရှိတော့ဘူး ဆိုရင် ဒီခရီးစဉ်ကို အဆုံးသတ်ပြီး ပြန်လာခဲ့တော့။”
ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး ပြန်မေးလိုက်၏။ “ပြန်လာခဲ့ ဟုတ်လား။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ဖြေသည်။ “ဟုတ်တယ်၊ ပြန်လာခဲ့။ ဘာလို့လဲဆိုတော့ ခင်ဗျားက မူလတည်းက သန့်ရှင်းသော ကျောင်းတော်နဲ့ သက်ဆိုင်လို့ပဲ။ အပြင်ဘက်က ခရီးစဉ် ပြီးဆုံးသွားပြီဆိုတော့ သေချာပေါက် ပြန်လာရမှာပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပြန်လာပြီး ဘာလုပ်ရမှာလဲ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ဖြေသည်။ “သေချာပေါက် ကျုပ်နေရာကို ဆက်ခံပြီး သန့်ရှင်းသော ကျောင်းတော်ကို အုပ်ချုပ်ရမှာပေါ့။”
ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်၏။ “သန့်ရှင်းသော ကျောင်းတော်ကို အုပ်ချုပ်ရမယ် ဟုတ်လား။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ဖြေသည်။ “ဒါက ခင်ဗျားရဲ့ တာ့ယန် ဧကရာဇ် ဆိုတဲ့ အဆင့်အတန်းကို ကျဆင်းသွားစေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလောကကြီးရဲ့ ယဉ်ကျေးမှုတွေ အားလုံးက သန့်ရှင်းသော ကျောင်းတော်က ဖန်တီးခဲ့တာ ဖြစ်ပြီး သန့်ရှင်းသော ကျောင်းတော်ရဲ့ အရှင်သခင်ဟာ ဒီလောကကြီးရဲ့ နတ်ဘုရား တစ်ပါး ဖြစ်နေလို့ပါပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို... ကျုပ်က ထျန်းအန်း အိမ်ရှေ့မင်းသားရဲ့သား ဟုတ်သေးလား။ ကျုပ်ရဲ့ မိဘ အရင်းတွေက ဘယ်သူတွေလဲ။ သန့်ရှင်းသော ကျောင်းတော်က ဒီလောကကြီးရဲ့ ယဉ်ကျေးမှုတွေကို ဘယ်လို ဖန်တီးခဲ့တာလဲ။ သန့်ရှင်းသော ကျောင်းတော်က နုဧကရာဇ်ကို အရင် တာ့ယန် အင်ပါယာ တော်ဝင် မိသားစုကို ဘာလို့ သတ်ခိုင်းခဲ့တာလဲ။ ခင်ဗျားတို့က ယဉ်ကျေးမှုတွေကို ဖန်တီးခဲ့တယ်၊ ဒါပေမဲ့ ယဉ်ကျေးမှုတွေကို အဆက်မပြတ် ဖျက်ဆီးနေကြတယ်။ ဒီအရာအားလုံးက ဘာအတွက်လဲ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ဖြေသည်။ “စမ်းသပ်ချက် တစ်ခု၊ ကြီးကျယ်ခမ်းနားတဲ့ စမ်းသပ်ချက် တစ်ခုပါ။”
ယွင်ကျုံးဟဲ့ အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “စမ်းသပ်ချက်...”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ရှင်းပြလိုက်သည်။ “လူ့ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ စမ်းသပ်ချက် တစ်ခုပါ။ လောကကြီးက သိပ္ပံ ယဉ်ကျေးမှုဘက်ကို ဦးတည်သွားမလား၊ ဒါမှမဟုတ် သိုင်းပညာ ယဉ်ကျေးမှု ဘက်ကို ဦးတည်သွားမလား ဆိုတာကိုပါ။ အပြင်ဘက်က စကြဝဠာရဲ့ အမှန်တရားတွေကို စူးစမ်းလေ့လာသင့်သလား၊ ဒါမှမဟုတ် အတွင်းဘက်က သက်ရှိတွေရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်း လေ့လာသင့်သလား ဆိုတာကိုပါ။
ဒါပေမဲ့ ဒီနှစ်ခုက လမ်းကြောင်း မတူပေမယ့် ပန်းတိုင် တူသွားတတ်ကြပါတယ်။ သိပ္ပံ ယဉ်ကျေးမှု တစ်ခုတည်းကိုပဲ အာရုံစိုက်နေလို့ မရသလို၊ သက်ရှိတွေရဲ့ အတွင်းပိုင်း အင်အားကိုပဲ အာရုံစိုက်နေလို့လည်း မရပါဘူး။ ဒီနှစ်ခုက လှပတဲ့ မျှခြေ တစ်ခုကို ရောက်ရှိရမှာ ဖြစ်ပြီး ခင်ဗျားက အဲဒါကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အခုဆိုရင် ဒီလောကကြီးဟာ လှပတဲ့ မျှခြေကို ရောက်ရှိသွားပါပြီ။ အနည်းဆုံးတော့ နောက်ထပ် နှစ်တစ်ရာ အတွင်းမှာ ဒီယဉ်ကျေးမှု လမ်းကြောင်း နှစ်ခုစလုံးက အပြန်အလှန် ဖွံ့ဖြိုးတိုးတက်ပြီး အပြန်အလှန် ထိန်းကျောင်းနေကြမှာပါ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင် ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်ပြော၏။ “ယွင်ကျုံးဟဲ့... ခင်ဗျားက ဒီကြီးကျယ်ခမ်းနားတဲ့ တာဝန်ကို အရမ်း ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ခင်ဗျားက ဒီလောကကြီးရဲ့ သမိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ စာမျက်နှာ တစ်ခုကို ရေးထိုးခဲ့ပြီးပြီဆိုတော့ အခု ခင်ဗျား တကယ် အနားယူလို့ ရပါပြီ။ နောက်ဆက်တွဲ အနေနဲ့ နတ်ဘုရား တစ်ပါး အနေနဲ့ ဘုရင်ပလ္လင်ပေါ်မှာ ထိုင်ပြီး သက်ရှိတွေကို အပေါ်စီးကနေ တိတ်ဆိတ်စွာ ကြည့်ရှုနေလိုက်ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်ရဲ့ မိဘ အရင်းတွေက ဘယ်သူတွေလဲ။ ဒီနေရာက တကယ်တမ်း ဘယ်နေရာလဲ။ ဒီလောကကြီးက တကယ်တမ်း ပြင်ပဂြိုဟ် တစ်ခုလား၊ ယဉ်ကျေးမှုတွေ ပျက်စီးသွားပြီး နောက်က ကမ္ဘာမြေကြီး လား၊ ဒါမှမဟုတ် တခြား နေရာလွတ် တစ်ခုလား။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ပြုံးကာ ဖြေ၏။ “စိတ်မလောပါနဲ့၊ စိတ်မလောပါနဲ့။ ခင်ဗျားက ကျုပ်ရဲ့ နတ်ဘုရား ရာဇလှံတံကို လက်ခံပြီး ကျုပ်ရဲ့ ဘုရင်ပလ္လင်ပေါ်မှာ ထိုင်လိုက်တာနဲ့ ဒီအမှန်တရားတွေ အားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာပါ။”
ထို့နောက် သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ယွင်ကျုံးဟဲ့ကို လက်ယပ်ခေါ်ကာ ပြောလိုက်သည်။ “လာပါ... ဒီလောကကြီးရဲ့ အမြင့်ဆုံး အာဏာကို ခင်ဗျားဆီ လွှဲပြောင်းပေးသင့်ပါပြီ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင် မတ်တတ်ရပ်လာပြီး လက်ထဲရှိ ရာဇလှံတံကို ယွင်ကျုံးဟဲ့ဆီသို့ ကမ်းပေးလိုက်၏။
ယွင်ကျုံးဟဲ့ ဖြည်းညင်းစွာ လျှောက်သွားပြီး သန့်ရှင်းသော ကျောင်းတော် အရှင်သခင်၏ ရှေ့သို့ ရောက်ရှိလာသည်။
အချိန် အတော်ကြာအောင် တွေဝေပြီးနောက် ယွင်ကျုံးဟဲ့သည် လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်၏ ရာဇလှံတံကို လှမ်းယူရန် ပြင်လိုက်၏။
သန့်ရှင်းသော ကျောင်းတော်သည် ဤလောက၏ ယဉ်ကျေးမှုများ ပေါက်ဖွားရာ နေရာဖြစ်ပြီး ရာဇလှံတံ သည် အမြင့်ဆုံး အာဏာကို ကိုယ်စားပြုသည်။
“ကလေး... ယူလိုက်ပါ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ် ဒီလောကကြီးရဲ့ အမြင့်ဆုံး အာဏာကို ချုပ်ကိုင်ထားတာ အရမ်း၊ အရမ်းကို ကြာနေပါပြီ။ ကျုပ် တကယ် အနားယူချင်နေပါပြီ။”
ယွင်ကျုံးဟဲ့၏ လက်သည် ရာဇလှံတံ နှင့် ပို၍ ပို၍ နီးကပ်လာသည်။
ငါးလက်မ၊ သုံးလက်မ၊ တစ်လက်မ...
အပိုင်း (၉၂၆)
ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့ ရပ်တန့်သွား၏။
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က သိမ်မွေ့စွာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”
ယွင်ကျုံးဟဲ့ လက်ကို ပြန်ရုပ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “သန့်ရှင်းသော ကျောင်းတော်ရဲ့ အရှင်သခင်... မရေမတွက်နိုင်တဲ့ နှစ်တွေ အတွင်းမှာ လောကပေါ်က လူတိုင်းရဲ့ ကံကြမ္မာကို ကြိုးကိုင် ခြယ်လှယ်နေတဲ့ လူတစ်ယောက် ရှိခဲ့တယ်။ ခပ်ဝေးဝေးကို ပြောရရင် သူက ယန်ရှင်းကျုံးရဲ့ ကံကြမ္မာကို ကစားခဲ့တယ်၊ နုဧကရာဇ်ရဲ့ ကံကြမ္မာကို ကစားခဲ့တယ်။
မကြာသေးခင် ဆယ်စုနှစ်တွေ အတွင်းမှာဆိုရင် သူက ဧကရာဇ် ထျန်းယန်ရဲ့ ကံကြမ္မာကို ကစားခဲ့တယ်၊ တာရှန်း ဧကရာဇ်ကြီးရဲ့ ကံကြမ္မာကို ကစားခဲ့တယ်၊ နုဧကရာဇ်ရဲ့ ကံကြမ္မာကို ကစားခဲ့တယ်။ အောင်မြင်သူလို့ ထင်ရတဲ့ လူတိုင်းဟာ သူတို့ အတောက်ပဆုံးနဲ့ အောင်မြင်မှု အမြင့်ဆုံး အချိန်မှာ ငရဲကို ပြုတ်ကျသွားပြီး ကံကြမ္မာရဲ့ အရက်စက်ဆုံး ညှဉ်းပန်းနှိပ်စက်မှုကို ခံရကာ ရယ်စရာ လူပြက်တွေ ဖြစ်သွားခဲ့ရတယ်။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်၏ အကြည့်များက သိမ်မွေ့နေဆဲဖြစ်ပြီး မျက်နှာပေါ်တွင်လည်း အပြုံးများ ပြည့်နှက်နေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ပထမဆုံးက ဧကရာဇ် ထျန်းယန်၊ ပြီးတော့ တာရှန်းမိစ္ဆာနိုင်ငံ၊ ပြီးတော့ နုဧကရာဇ်။ ဒါဆို နောက်ဆက်တွဲ ကံကြမ္မာရဲ့ ကစားတာကို ခံရမယ့် သူက ဘယ်သူလဲ။ ကျုပ် ထင်တာတော့ ကျုပ်ပဲ ဖြစ်ရမယ်။
ဧကရာဇ် ထျန်းယန် ပြောခဲ့ဖူးတယ်၊ အောက်ယွီ လည်း ပြောခဲ့ဖူးတယ်။ ဒီလောကကြီးမှာ လူတိုင်းရဲ့ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ အမှောင် လက်မည်းကြီး တစ်ဖက် ရှိနေသလိုပဲတဲ့။ အကယ်၍ လူတစ်ယောက်က လုံးဝ လက်နက်ချလိုက်ပြီး၊ လှဲလျောင်းကာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်လိုက်ရင် ကစားတာကို မခံရဘူး။
ဒါပေမဲ့ ပိုတိုက်ခိုက်လေ ပိုရဲရင့်လေ ဖြစ်ပြီး အဆက်မပြတ် စွန့်စားကာ အဆက်မပြတ် အင်အားကြီးလာမယ် ဆိုရင်တော့ သေချာပေါက် ငရဲဘုံ ဆယ့်ရှစ်ထပ်ကို ရိုက်ချခံရမှာပဲ။ ပြီးတော့ ခင်ဗျားက အဲဒီ ကံကြမ္မာရဲ့ အမှောင် လက်မည်းကြီးပဲ မလား။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင် ပြုံးနေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီတုန်းက ယန်ရှင်းကျုံးရဲ့ ကံကြမ္မာက သူ့သမီး အရင်းရဲ့ သတ်ဖြတ်တာကို ခံရဖို့ပဲ။ ကျုပ်က ယန်ရှင်းကျုံးထက် ပိုတော်တယ်။ ကျုပ်က နှစ်ပေါင်း ထောင်ချီ အတွင်းမှာ အင်အား အကြီးဆုံး ဧကရာဇ်ပဲ။ ဒါဆို ကျုပ်က ကံကြမ္မာရဲ့ ကစားတာကို ဘယ်လို ခံရသင့်လဲ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင် ပြုံးနေသည်။
ယွင်ကျုံးဟဲ့က ဆက်မေး၏။ “ယန်ရှင်းကျုံးက အရမ်း သနားစရာ ကောင်းတယ်၊ သူက သမီးအရင်းရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာ။ ကျုပ်က ဒီတာ့ယန် အင်ပါယာ ဧကရာဇ် အနေနဲ့ ပိုတော်တယ် ဆိုတော့ အဆုံးသတ်ကလည်း ပိုပြီး ကြေကွဲစရာ ကောင်းရမှာပေါ့။ ဒါဆို ကျုပ်က ဘယ်သူ့ရဲ့ သတ်ဖြတ်တာကို ခံရသင့်လဲ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က ပြုံးကာ ပြန်မေးသည်။ “ခင်ဗျား ခန့်မှန်းကြည့်လေ။ “
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ်ကို လာသတ်မယ့်သူက ကျုပ်အဖေ တာ့ရှအင်ပါယာရဲ့ ထျန်းအန်း အိမ်ရှေ့မင်းသားလို့ အရင်က ထင်ခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာ လုံးဝ မဟုတ်လောက်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုသာဆိုရင် စိတ်ကူးယဉ်မှု အရမ်း နည်းလွန်းပြီး သိပ်ပြီးလည်း မထူးဆန်းသလို၊ သိပ်ပြီးလည်း ကြေကွဲစရာ မကောင်းလို့ပဲ။”
သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်က မေးသည်။ “ဒါဆို... ခင်ဗျား ဘယ်သူ့ရဲ့ သတ်ဖြတ်တာကို ခံရမှ လုံလောက်အောင် ထူးဆန်းပြီး လုံလောက်အောင် ကြေကွဲစရာ ကောင်းမယ်လို့ ထင်လဲ။”
ယွင်ကျုံးဟဲ့ မဖြေဘဲ ပြန်မေးလိုက်၏။ “သန့်ရှင်းသော ကျောင်းတော်ရဲ့ အရှင်သခင်... ကျုပ် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။ နံပါတ် ၁ စိတ်ရောဂါသည်လား။ ကျုပ် တစ်ခါမှ မမြင်ဖူးတဲ့ နံပါတ် ၁ လား။”
“ဟား ဟား ဟား ဟား...” သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက် သူ၏ မျက်နှာ အဆက်မပြတ် ပြောင်းလဲလာပြီး လူတစ်ကိုယ်လုံးလည်း အဆက်မပြတ် ပြောင်းလဲလာသည်။ မျက်နှာပေါင်း ထောင်ချီ၊ ပုံစံပေါင်း ထောင်ချီ ရှိနေသကဲ့သို့ ဖြစ်ပြီး မည်သည့်အရာက သူ၏ မျက်နှာအစစ် ဖြစ်မှန်း မသိနိုင်ပေ။
ထို့နောက် သန့်ရှင်းသော ကျောင်းတော်၏ အရှင်သခင်၊ နံပါတ် ၁ စိတ်ရောဂါသည် သည် လက်ခုပ် စတီးလိုက်၏။ “ဖြောင်း... ဖြောင်း... ဖြောင်း...”
အစပိုင်းတွင် လူတစ်ယောက်က လက်ခုပ်တီးနေခြင်းဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် လူအချို့၊ နောက်ဆုံးတွင် လူဆယ်ဂဏန်းခန့်က လက်ခုပ်တီးနေကြသည်။
လူဆယ်ဂဏန်းခန့် လက်ခုပ်တီးနေသော်လည်း ယွင်ကျုံးဟဲ့က တစ်ယောက်တည်းကိုသာ မြင်တွေ့နေရ၏။
သူ မျက်စိမှိတ်လိုက်ပြီး တစ်ဖန် ပြန်ဖွင့်လိုက်၏။ ထို့နောက် လူနှစ်ဆယ့်ကိုးယောက်က အဆက်မပြတ် လက်ခုပ်တီးနေသည်ကို သူ မြင်တွေ့လိုက်ရ၏။ စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက် ပင် ဖြစ်သည်။
ထို့အပြင် ပတ်ဝန်းကျင် အခြေအနေများလည်း ရုတ်တရက် ပြောင်းလဲသွားပြီး အလွန် ရင်းနှီးသော X စိတ်ရောဂါကု ဆေးရုံကြီး အဖြစ် ပြောင်းလဲသွား၏။
‘အရမ်းကို ရင်းနှီးနေတဲ့ စိတ်ရောဂါကု ဆေးရုံကြီးပဲ။ အဲဒီတော့ သန့်ရှင်းသော ကျောင်းတော် ဆိုတာက X စိတ်ရောဂါကု ဆေးရုံကြီး လား။ ဒါက အရမ်း ထူးဆန်းလွန်းနေပြီ။ X စိတ်ရောဂါကု ဆေးရုံ တစ်ခုလုံးက ဘာလို့ ဒီမှာ ရှိနေရတာလဲ။’
ယွင်ကျုံးဟဲ့သည် စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက်ကို ကြည့်လိုက်ရာ ထိုအထဲမှ လူအများအပြားမှာ အလွန် ရင်းနှီးနေကြသည်။
“ကျုပ်တို့ အတူတူ ကူးပြောင်းလာတာ ဘယ်လောက် ကြာပြီလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
နံပါတ် ၁ စိတ်ရောဂါသည်က ဖြေသည်။ “အချိန် ဆိုတာက ဘာအဓိပ္ပာယ် ရှိသေးလို့လဲ။ နှစ်ပေါင်း ထောင်ချီ၊ ဒါမှမဟုတ် ဒီထက် ပိုကြာတယ်လို့လည်း သတ်မှတ်လို့ ရသလို၊ တစ်ခဏလေးလို့လည်း သတ်မှတ်လို့ ရပါတယ်။”
ထို့နောက် နံပါတ် ၁ စိတ်ရောဂါသည်က ပြုံးကာ မေးလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်းက ဒီလောကကြီးရဲ့ ပထမဆုံး လူသားအုပ်စုက ဘယ်ကနေ လာတာလဲလို့ ခင်ဗျားက ဘာလို့ မမေးတာလဲ။ ဒီလောကပေါ်မှာ မူလတည်းက လူ မရှိခဲ့ပါဘူး ဆိုတာကို ကျုပ် ခင်ဗျားကို ပြောပြနိုင်ပါတယ်။”
ဤလောကကြီး၏ အစောဆုံးသော လူသားများသည် မည်သည့်နေရာမှ ရောက်ရှိလာခဲ့ကြသနည်း။ ဤနေရာသည် အလွန်တရာ အဆင့်မြင့်မားသော X စိတ်ရောဂါကု ဆေးရုံကြီး တစ်ခုဖြစ်ပြီး ဒီအန်အေ (DNA) အချက်အလက်မြောက်မြားစွာ ရှိသည့်အပြင်၊ အေးခဲစနစ်ဖြင့် ထိန်းသိမ်းထားသော လူ့ခန္ဓာကိုယ် နမူနာများစွာလည်း တည်ရှိနေသည်။
ကမ္ဘာမြေပေါ်ရှိ လူသားအများအပြားကလည်း ကမ္ဘာမြေထက်မှ သက်ရှိတို့၏ မူလအစမှာ အမှန်တကယ်အားဖြင့် မည်သည့်အရာ ဖြစ်သည်ကို သိရှိလိုကြ၏။
ယွင်ကျုံးဟဲ့ ပြုံးကာ ပြောလိုက်သည်။ “နံပါတ် ၉ ကွမ်တမ် ... ခင်ဗျားက ဒီလောကကြီး အကြောင်းကို အရမ်း ရင်းနှီးနေတာ မဆန်းတော့ပါဘူး။ ဒေသအသီးသီးရဲ့ အချက်အလက်တွေကို လက်ခုပ်ထဲက ရေလို သိနေတာပဲ။ ဒါပေမဲ့ ကျုပ် သိချင်တာက အဲဒီ အနက်ရောင် ကျမ်းစာတွေ၊ ပြီးတော့ အဲဒီ မြေအောက် ပိရမစ်တွေက ဘယ်ကနေ လာတာလဲ။ ခင်ဗျားတို့ တည်ဆောက်ခဲ့တာလား။”
နံပါတ် ၁ စိတ်ရောဂါသည်က ခေါင်းခါယမ်းလိုက်၏။ “မဟုတ်ပါဘူး။”
ယွင်ကျုံးဟဲ့က ဆက်မေးသည်။ “ခင်ဗျားတို့က ဘာလို့ ဒီလောကကြီးရဲ့ ကံကြမ္မာကို ဒီလို ကစားနေရတာလဲ။ မရေမတွက်နိုင်တဲ့ လူတွေရဲ့ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်ပြီး၊ မရေမတွက်နိုင်တဲ့ လူတွေကို နတ်ပြည် ကနေ ငရဲကို ပြုတ်ကျသွားအောင် လုပ်နေတာလဲ။ စစ်ပွဲတွေ ဖြစ်ပေါ်စေပြီး၊ လောကကြီးကို တစ်ကြိမ်ပြီး တစ်ကြိမ် ပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရအောင် လုပ်နေတာလဲ။”
နံပါတ် ၁ စိတ်ရောဂါသည်က ရယ်မောကာ ပြောလိုက်၏။ “ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့... စိတ်ရောဂါသည် တစ်ယောက်က ကိစ္စ တစ်ခု လုပ်ဖို့ အကြောင်းပြချက် လိုသေးလို့လား။ အကြောင်းပြချက် လိုလို့လား။ ဟား ဟား ဟား ဟား ဟား...”
‘စိတ်ရောဂါသည်က ကိစ္စ တစ်ခု လုပ်ဖို့ တကယ်ပဲ အကြောင်းပြချက် မလိုပါဘူး။’
နံပါတ် ၁ စိတ်ရောဂါသည်က ပြောသည်။ “ခင်ဗျားက ဒါကို အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်၊ အရမ်း ပျော်ဖို့ ကောင်းတယ်လို့ မထင်ဘူးလား။ ကမ္ဘာမြေပေါ်မှာ ကွန်ပျူတာ ဂိမ်းတွေကို စွဲလမ်းနေတဲ့ လူဘယ်လောက်တောင် ရှိလဲ။ ဒါက ကွန်ပျူတာ ဂိမ်းတွေထက် အများကြီး ပိုပျော်ဖို့ ကောင်းပြီး ပိုခမ်းနားတယ်၊ ပိုတကယ့် အစစ်အမှန်နဲ့ တူတယ်။
အားလုံးကို တကယ့် လူတွေက သရုပ်ဆောင်ထားတဲ့ ယဉ်ကျေးမှု X ဂိမ်းကြီးလေ။ လူသန်းရာချီ တပြိုင်နက်တည်း ပါဝင်နေတဲ့ အထူး ဂိမ်းကြီးပဲ။ ပြီးတော့ ဂိမ်းထဲက ကောင်တွေက NPC (Non-Player Character) တွေ မဟုတ်ဘဲ အသက်ရှင်နေတဲ့ တကယ့် လူတွေချည်းပဲ။
ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလဲ။ ဟား ဟား ဟား... အကယ်၍ ဒီလောက် ပျော်ဖို့ မကောင်းဘူး ဆိုရင် ဘယ်လိုလုပ် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကစားတာတောင် မရိုးနိုင်ဘဲ နေပါ့မလဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “နောက်ပိုင်း ခင်ဗျားတို့ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။”
နံပါတ် ၁ စိတ်ရောဂါသည်က ဖြေသည်။ “ဒီလောကကြီးရဲ့ ယဉ်ကျေးမှုက မျှခြေ အသစ် တစ်ခုကို ရောက်ရှိသွားပြီ။ အနည်းဆုံးတော့ နောက်ထပ် ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ ဂရုစိုက်စရာ မလိုတော့ဘူး။
ပြီးတော့ ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့... ခင်ဗျားက ဒီအထူး ယဉ်ကျေးမှု ဂိမ်းကြီးရဲ့ အတားအဆီး တစ်ခု ဖြစ်လာနေပြီ။ အဲဒါကြောင့် ကျုပ်တို့က ခင်ဗျားကို ဖျက်ဆီးပစ်သင့်ပြီလို့ ထင်ပါတယ်။
အနာဂတ်မှာ ယဉ်ကျေးမှု အခြေအနေ တစ်ခုလုံး ထပ်ပြီး အကြီးအကျယ် မျှခြေ ပျက်ယွင်းသွားတဲ့ အချိန်ကျရင်၊ ကျုပ်တို့က အသစ်စက်စက် ခင်ဗျား တစ်ယောက်ကို ထပ်ပြီး စေလွှတ်ကာ ဒီလောကကြီးဆီ သွားခိုင်းပြီး ယဉ်ကျေးမှု တစ်ခုလုံးကို ထပ်ပြီး မျှခြေ ရောက်အောင် လုပ်ခိုင်းမှာပါ။”
ဤစကားက လူကို ကြက်သီးမွေးညင်း ထသွားစေ၏။ ‘အသစ်စက်စက် ခင်ဗျား ဆိုတာက ဘာအဓိပ္ပာယ်လဲ။’
နံပါတ် ၁ စိတ်ရောဂါသည်က ပြောလိုက်သည်။ “ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့... ဒီဂိမ်းက အရမ်းကို စွဲလမ်းစေတယ်လို့ ခင်ဗျား မထင်ဘူးလား။ လောကကြီးတစ်ခု ဘာမှမရှိရာကနေ ပေါ်ပေါက်လာတာကို ကြည့်ရတာ၊ ပြီးတော့ ရှေးဟောင်း လူ့အဖွဲ့အစည်းကနေ ပဒေသရာဇ် လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုး တိုးတက်လာတာ၊ နောက်ဆုံးမှာ ခင်ဗျားနဲ့ ကျုပ်တောင် တွေးကြည့်လို့ မရနိုင်တဲ့ ယဉ်ကျေးမှု တစ်ခု အဖြစ် ဖွံ့ဖြိုးတိုးတက်သွားတာကို ကြည့်ရတာလေ။
ကြယ်တာရာတွေနဲ့ သမုဒ္ဒရာတွေဆီ သွားမယ့် သိပ္ပံ ယဉ်ကျေးမှုလား၊ ဒါမှမဟုတ် အဆုံးအစမရှိ အင်အားကြီးမားတဲ့ သိုင်းပညာ ယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာ အင်အား ယဉ်ကျေးမှုလား ဆိုတာကိုပေါ့။
ကျုပ် တကယ်ကို အရမ်း မျှော်လင့်နေပါတယ်။ ဒီဂိမ်းက အနည်းဆုံးတော့ နောက်ထပ် နှစ်ထောင်ချီ ကစားလို့ ရသေးတယ်။ ကျုပ်တို့ ပျင်းလာတဲ့ အချိန်ကျရင် တစ်ရေးလောက် အိပ်လိုက်မယ်၊ အဲဒီအချိန်ကျရင် နှစ်ရာချီ အချိန် ကုန်လွန်သွားမှာ ဖြစ်ပြီး၊ အဲဒီအချိန်ကျရင် ဒီလောကကြီးက ထပ်ပြောင်းလဲသွားအုံးမှာပဲ။ ဟား ဟား ဟား...”
ဤသည်မှာ... အမှန်တကယ်ပင် ဂိမ်းကစားနေရသည်နှင့် ထပ်တူထပ်မျှ ဖြစ်နေတော့သည်။ အချို့သော အချိန်များတွင် အဆင့်အချို့ကို စေ့စပ်သေချာစွာ လုပ်ဆောင်ပြီး၊ အချို့သော အချိန်များတွင်မူ အချိန်ကာလ၏ ပြောင်းလဲရွေ့လျားမှု နောက်သို့ လိုက်ပါလျက် ယဉ်ကျေးမှုတစ်ခုလုံးကို ကျပန်းဖွံ့ဖြိုးတိုးတက်ခွင့် ပြုထားလိုက်ခြင်း ဖြစ်၏။
သို့ရာတွင် ဤကမ္ဘာလောကကြီးသည် ဂိမ်းတစ်ခု မဟုတ်ဘဲ လူသားသန်းပေါင်းရာချီ၊ သို့မဟုတ် သန်းပေါင်း ထောင်ချီဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စစ်မှန်သည့် ယဉ်ကျေးမှုကြီးတစ်ခု ဖြစ်သည်။
ဂိမ်းတစ်ခုလို ကစားနေမည် ဆိုပါက အမှန်တကယ်ပင် လူသားပေါင်း မရေမတွက်နိုင်အောင် သေကြေ ပျက်စီးကြရမည်ဖြစ်ပြီး၊ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ်ဆိုးများစွာလည်း မရေမတွက်နိုင်အောင် ပေါ်ပေါက်လာပေလိမ့်မည်။
သို့သော်လည်း ဤစိတ်ဝေဒနာရှင်များ၏ အမြင်၌မူ ဤအရာအားလုံးမှာ ကစားပွဲတစ်ခု သက်သက်မျှသာ ဖြစ်၏။
“ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ တာဝန် ပြီးဆုံးသွားပြီ။ ဒီလောကကြီးရဲ့ ယဉ်ကျေးမှုကို မျှခြေ အသစ် တစ်ခု ရောက်အောင် ကူညီပေးနိုင်ခဲ့ပြီ ဆိုတော့ ခင်ဗျား လိမ္မာပါးနပ်စွာ ပျောက်ကွယ်ပေးလို့ ရမလား။”
နံပါတ် ၁ စိတ်ရောဂါသည်က ပြောလိုက်သည်။ “နှစ်အနည်းငယ် ကြာရင်တော့ ခင်ဗျား ထပ်ပြီး အသစ် ပြန်လည် စတင်နိုင်ပြီး လုံးဝ ပျက်စီးနေတဲ့ ဒီလောကကြီးဆီ ပြန်လာနိုင်လောက်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လိမ္မာပါးနပ်စွာ ပျောက်ကွယ်ပေးရမယ်။ ရေခဲရိုက် ခံရမှာလား၊ ဒါမှမဟုတ် သေရမှာလား။”
နံပါတ် ၁ စိတ်ရောဂါသည်က ဖြေသည်။ “သေရမှာ ဖြစ်ဖို့ များပါတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ခင်ဗျားတို့က ကျုပ်ကို သတ်ချင်နေတာလား။”
နံပါတ် ၁ စိတ်ရောဂါသည်က ဖြေသည်။ “ဟုတ်တာပေါ့။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ကျုပ်က ခင်ဗျားတို့ကို သတ်ပစ်လို့ ရမလား။ ခင်ဗျားတို့ကို သတ်ပစ်လိုက်ရင် ဒီလောကကြီးရဲ့ ကံကြမ္မာက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရသွားမှာ ဖြစ်ပြီး ခင်ဗျားတို့လို အရူးတွေရဲ့ ကြိုးကိုင်ခြယ်လှယ်တာကို ခံရတော့မှာ မဟုတ်ဘူးလေ။”
နံပါတ် ၁ စိတ်ရောဂါသည်က ပြုံးကာ ပြောလိုက်သည်။ “ကျုပ်တို့ကို သတ်မယ်။ ခင်ဗျား စမ်းကြည့်လေ၊ ခင်ဗျား စမ်းကြည့်လေ။”