အခန်း (၉၂၇-၉၂၈)
Vol. 78 Ch. 927-928
အပိုင်း (၉၂၇)
ယွင်ကျုံးဟဲ့သည် ထက်မြက်သော ဓားတစ်လက်ကို ဆွဲထုတ်ကာ အရှေ့သို့ လျှောက်သွားသည်။ သူ အလွန် ရင်းနှီးသော X စိတ်ရောဂါကု ဆေးရုံကြီး၏ အစည်းအဝေး ခန်းမငယ်အတွင်းတွင် စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက် မလှုပ်မယှက် ရှိနေကြ၏။
ယွင်ကျုံးဟဲ့ စိတ်ရောဂါသည် တစ်ယောက်၏ ရှေ့သို့ ရောက်သွားရာ တစ်ဖက်လူက သူ့ကို ကြည့်ပြီး ပြုံးနေ၏။ ထူးဆန်းသော အပြုံးမျိုး ဖြစ်သည်။
ဓားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်သည်။ တစ်ခဏချင်း အတွင်းမှာပဲ ထိုစိတ်ရောဂါသည် တိုက်ရိုက် အမှုန့်ဖြစ်သွား၏။
ပြီးသည့်နောက် ယွင်ကျုံးဟဲ့ ဓားကို မြှောက်ကာ ရူးသွပ်စွာ ထိုးခုတ်၏။ အချိန်တိုလေး အတွင်းမှာပင် စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက်လုံးကို ထိုးသတ်ပစ်လိုက်ပြီး စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက်လုံး အမှုန့်ဖြစ်သွားကြသည်။
အားလုံးကို သတ်ဖြတ်ပစ်လိုက်ပြီဟု ထင်မှတ်ရသည်။ သို့သော်ငြား နောက်တစ်စက္ကန့်အကြာ၌ ထိုစိတ်ဝေဒနာရှင် နှစ်ဆယ့်ကိုးဦးစလုံးသည် သူ၏ရှေ့မှောက်တွင် ထပ်မံပေါ်ပေါက်လာပြန်၏။
၎င်းတို့သည် မည်သို့မှ ဖြစ်ပျက်ခြင်း မရှိသကဲ့သို့၊ မည်သည့်ဒဏ်ရာဒဏ်ချက်မှလည်း ရရှိခြင်း မရှိဘဲ သူ့အား ပြုံး၍ စိုက်ကြည့်နေကြ၏။ အလွန်တရာ ဆန်းကြယ်လှပြီး ကြက်သီးမွေးညင်းထဖွယ် ကောင်းလှသည်။
ထို့နောက်တွင် ယွင်ကျုံးဟဲ့သည် ဓားကို ရူးသွပ်စွာဖြင့် ထပ်မံခုတ်ပိုင်းလိုက်သည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ ဆယ်ကြိမ်၊ အကြိမ်တစ်ရာ... အကြိမ်ပေါင်း ရာနှင့်ချီ၍ ခုတ်ပိုင်း သတ်ဖြတ်ခဲ့၏။
ထိုစိတ်ဝေဒနာရှင် နှစ်ဆယ့်ကိုးဦးစလုံးသည် အကြိမ်တိုင်း၌ ခန္ဓာကိုယ်များ မှုန့်မှုန့်ညက်ညက် ကြေမွ သွားသည်အထိ အသတ်ခံရသော်လည်း နောက်တစ်စက္ကန့်တွင်မူ အားလုံးက ပြန်လည်ပေါ်ပေါက်လာကာ မည်သို့မှ ထိခိုက်ပျက်စီးခြင်း မရှိကြချေ။
ယွင်ကျုံးဟဲ့ အားကုန်သွားသည် အထိ သတ်ဖြတ်ခဲ့သည်။
“ဟား ဟား ဟား ဟား...”
နံပါတ် ၁ စိတ်ရောဂါသည်က ရူးသွပ်စွာ ရယ်မော၍ ပြောလိုက်၏။ “ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့... ခင်ဗျား ကောင်းကင်နဲ့ မြေကြီး ပျက်သုဉ်းတဲ့အထိ သတ်ရင်တောင် သတ်လို့ ကုန်မှာ မဟုတ်သလို၊ ကျုပ်တို့ကို သတ်ပစ်နိုင်မှာလည်း မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတာကို ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်သည်။
နံပါတ် ၁ စိတ်ရောဂါသည်က ဆက်ပြော၏။ “ဘာလို့လဲဆိုတော့... ကျုပ်တို့က တကယ့် လူတွေ မဟုတ်ဘူးလေ။ ကျုပ်တို့က ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေ သက်သက်ပဲ။ ကျုပ်တို့က ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခု သက်သက်ပဲ။ ဒီ X စိတ်ရောဂါကု ဆေးရုံကြီးမှာ စိတ်ရောဂါသည် ဘယ်လောက် ရှိလဲ ဆိုတာ ခင်ဗျား ခန့်မှန်းကြည့်စမ်းပါအုံး။”
တစ်ခဏချင်း အတွင်းမှာပဲ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ယင်လာသည်။
နံပါတ် ၁ စိတ်ရောဂါသည်က ပြောလိုက်၏။ “စိတ်ရောဂါကု ဆေးရုံ တစ်ခုလုံးမှာ လူနာ တစ်ယောက်တည်းပဲ ရှိပါတယ်။ တစ်ယောက်တည်းပါပဲ။ အဲဒီလူက ခင်ဗျားပဲ။ ခင်ဗျားက ဘာဆေးရုံအုပ်ကြီးမှ မဟုတ်ပါဘူး။ ခင်ဗျားက X စိတ်ရောဂါကု ဆေးရုံရဲ့ တစ်ဦးတည်းသော လူနာပါ။ ဒါပေမဲ့ ခင်ဗျားမှာ စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေး သုံးဆယ် ရှိနေတာပါ။ ခင်ဗျားက သမိုင်းမှာ အင်အားအကြီးဆုံး၊ ကြောက်စရာ အကောင်းဆုံး၊ အထူးဆန်းဆုံး စိတ်ရောဂါသည်ပဲ။”
ဤစကားမှာ ကြက်သီးမွေးညင်း ထစရာ ကောင်းပြီး၊ လုံးဝ အံ့ဩ ထိတ်လန့်သွားစေနိုင်သည်။
နံပါတ် ၁ စိတ်ရောဂါသည်က ဆက်ပြော၏။ “ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး သုံးဆယ်ထဲမှာ တစ်ခုတည်းကသာ ပုံမှန် ဖြစ်ပါတယ်။ အဲဒါကတော့ အခု လက်ရှိ ခင်ဗျားပါပဲ။ ကျန်တဲ့ နှစ်ဆယ့်ကိုးခုကတော့ အရူးတွေ၊ သာမန်မဟုတ်တဲ့ အရူးတွေချည်းပါပဲ။ ကျုပ်တို့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး သုံးဆယ်က ပြည့်စုံတဲ့ ခင်ဗျားကို ဖွဲ့စည်းထားတာပါ။
အမတ်ကြီး ယွင်ကျုံးဟဲ့... ဒီလောကကြီးရဲ့ ကံကြမ္မာကို ကစားနေတဲ့ လူက ခင်ဗျားပါပဲ။ မရေမတွက်နိုင်တဲ့ လူတွေကို ငရဲပြည် ပြုတ်ကျသွားအောင် အဆက်မပြတ် လုပ်နေတဲ့ လူကလည်း ခင်ဗျားပါပဲ။ လောကကြီး တစ်ခုလုံးကို ဂိမ်းတစ်ခုလို သဘောထားပြီး တိမ်ဖြစ်အောင်၊ မိုးဖြစ်အောင် ဖန်တီးကာ ဒီလောကကြီးကို ဖျက်ဆီးပစ်တဲ့ လူကလည်း ခင်ဗျားပါပဲ။
ကျုပ်တို့ နှစ်ဆယ့်ကိုးယောက်က ခင်ဗျားရဲ့ စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေး ပုံရိပ်ယောင်တွေ သက်သက်ပါ။ ကျုပ်တို့ကို ခင်ဗျား ဘယ်လိုလုပ် သတ်ပစ်နိုင်မှာလဲ။ ဟား ဟား ဟား ဟား ဟား...”
ထို့နောက် စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက် အတူတကွ ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ ရယ်မောသံများက ပို၍ ပို၍ ထူးဆန်းလာပြီး ပို၍ ပို၍ စူးရှလာသည်။
နောက်ဆုံးတွင် စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက်၏ မျက်နှာများ ပြောင်းလဲသွားပြီး ယွင်ကျုံးဟဲ့နှင့် တစ်ပုံစံတည်း ဖြစ်သွားကြ၏။
ယွင်ကျုံးဟဲ့၏ မျက်နှာ နှစ်ဆယ့်ကိုးခု၊ မျက်နှာ အမူအရာများ မတူညီကြသော်လည်း အားလုံးက ယွင်ကျုံးဟဲ့ကို အေးစက် ရက်စက်စွာ ပြုံးပြနေကြ၏။ ယွင်ကျုံးဟဲ့ ကိုယ်တိုင် ပါဝင်ပါက စုစုပေါင်း သုံးဆယ် ရှိသည်။
ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် မေးလိုက်၏။ “ဒါဆို ကျုပ်ရဲ့ ဒီခန္ဓာကိုယ်က ဘယ်ကနေ လာတာလဲ။”
နံပါတ် ၁ စိတ်ရောဂါသည်က ဖြေသည်။ “ထျန်းအန်း အိမ်ရှေ့မင်းသားနဲ့ ထူးခြားတဲ့ အမျိုးသမီး တစ်ယောက် မွေးဖွားခဲ့တာ တကယ် မှန်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ကတော့ နောက်မှ ထည့်သွင်းထားတာပါ။ ဒီဝိညာဉ်က ခင်ဗျားရဲ့ တစ်ခုတည်းသော ပုံမှန် ကိုယ်ရည်ကိုယ်သွေး ပါပဲ။”
နံပါတ် ၁ စိတ်ရောဂါသည်က ဆက်ပြော၏။ “နောက်ပိုင်း ခင်ဗျားက ကံကြမ္မာရဲ့ ကစားတာကို ခံရမယ့် လူပဲလို့ ခင်ဗျား ပြောခဲ့တယ်မလား။ ခင်ဗျား ခန့်မှန်းတာ မှန်ပါတယ်။ ဒါဆို အရမ်း ရူးသွပ်တဲ့ အရူး တစ်ယောက်က ခင်ဗျားကို ဘယ်လို သတ်ပစ်မလဲ ဆိုတာ ခင်ဗျား စဉ်းစားကြည့်လေ။ သေချာပေါက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာပေါ့။ အဲဒါကမှ ထူးဆန်းတယ်၊ ပျော်ဖို့ကောင်းတယ်၊ ရူးသွပ်ရာ ကျတာပေါ့၊ ဟား ဟား ဟား...”
ထို့နောက် ယွင်ကျုံးဟဲ့နှင့် တူညီသော လူနှစ်ဆယ့်ကိုးယောက်သည် ထပ်မံ၍ ထူးဆန်း ရက်စက်စွာ ပြုံးပြလိုက်ကြပြန်သည်။
နံပါတ် ၁ စိတ်ရောဂါသည်က ပြောလိုက်၏။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ကျုပ်တို့က ခင်ဗျားရဲ့ စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခု ပါ။ ကျုပ်တို့က စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေ သက်သက်ပါ။ ကျုပ်တို့ကို ခင်ဗျား ဘယ်လို သတ်မှာလဲ။ ခင်ဗျား ဘယ်လို သတ်မှာလဲ။ ဟား ဟား...”
ဟုတ်ပေသည်။ ဤရူးသွပ်နေသည့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခုကို ယွင်ကျုံးဟဲ့က မည်ကဲ့သို့ သတ်ရမည်နည်း။
နံပါတ် ၂ စိတ်ရောဂါသည်က ပြောလိုက်သည်။ “ကျုပ်မှာတော့ နည်းလမ်း တစ်ခု ရှိတယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရုံပဲလေ။ ဘာလို့လဲဆိုတော့ ကျုပ်တို့က ခင်ဗျားရဲ့ စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေးတွေ သက်သက်ပဲဆိုတော့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာနဲ့ ကျုပ်တို့လည်း ခင်ဗျားရဲ့ သတ်ပစ်တာကို ခံလိုက်ရမှာပဲလေ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ...”
ပြီးသည့်နောက် စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက်က တပြိုင်နက်တည်း ပြောလိုက်ကြ၏။ “ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ...”
မှန်ပေသည်။ ယခု ကြည့်ရှုရသည့် အခြေအနေများအရ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းသည်သာလျှင် တစ်ခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်တော့သည်။
မိမိကိုယ်မိမိ အဆုံးစီရင်လိုက်သည်နှင့် တပြိုင်နက် ဤစိတ်ကွဲကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခုလုံး သည်လည်း အားလုံး အတူတကွ ပျက်သုဉ်းသွားကြပေလိမ့်မည်။
နံပါတ် ၃ စိတ်ရောဂါသည်က မေးလိုက်သည်။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ခင်ဗျားက သေဖို့ နှမြောနေတာတော့ မဟုတ်ဘူးမလား။ ခင်ဗျား တကယ်ပဲ သေဖို့ နှမြောနေတာတော့ မဟုတ်ပါဘူးနော်။”
“ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ...”
လူနှစ်ဆယ့်ကိုးယောက်က ထူးဆန်းစွာ မြှူဆွယ်နေကြပြီး အကြည့်များက ယွင်ကျုံးဟဲ့ကို ဝိုင်းကြည့်နေကြ၏။ “အမတ်ကြီး ယွင်ကျုံးဟဲ့... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ၊ ကျုပ်တို့ အားလုံး သေသွားပြီး အရာအားလုံး ပြီးဆုံးသွားမှာပါ။”
ယွင်ကျုံးဟဲ့ ဓားဆွဲထုတ်ကာ သူ၏ လည်ပင်းပေါ်တွင် တင်လိုက်ပြီးနောက် မျက်စိကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက် ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး ပိုမို ပြင်းထန်စွာ တုန်ယင်ရင်း ပြောလိုက်ကြ၏။ “ယွင်ကျုံးဟဲ့... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ... သတ်... သတ်... သတ်...”
ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လိုက်ပြီး ဓားကို ပြန်ချကာ စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက်ကို ကြည့်ရင်း ပြောလိုက်သည်။ “မဟုတ်ဘူး၊ ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်မသေဘူး။”
နံပါတ် ၁ စိတ်ရောဂါသည်က မေးလိုက်၏။ “ခင်ဗျားက နှမြောနေလို့လား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင်တောင် ခင်ဗျားတို့ကို သတ်ပစ်နိုင်မှာ မဟုတ်လို့ပဲ။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ ဒီခန္ဓာကိုယ်က ထျန်းအန်း အိမ်ရှေ့မင်းသားရဲ့သား ဖြစ်ပေမယ့်၊ ဝိညာဉ်ကတော့ ကျုပ်ရဲ့ ပုံမှန် ကိုယ်ရည်ကိုယ်သွေး သက်သက်ပဲလေ။
ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင်တောင် ကိုယ့်ကိုယ်ကိုယ် သတ်ပစ်လိုက်ရုံ သက်သက်ပဲ။ ခင်ဗျားတို့ အရူး ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခု ကတော့ ဆက်ရှိနေအုံးမှာပဲ။ ကျုပ်ရဲ့ ဒီပုံမှန် ကိုယ်ရည်ကိုယ်သွေးရဲ့ ထိန်းကျောင်းမှု မရှိတော့တာနဲ့ ခင်ဗျားတို့က ပိုပြီး ရူးသွပ်လာပြီး ပိုပြီး မကောင်းဆိုးဝါး ဆန်လာမှာပဲ။ အကယ်၍ ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် ခင်ဗျားတို့ရဲ့ ရူးသွပ်မှုကို အထမြောက်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားမှာပဲ။”
နံပါတ် ၁ စိတ်ရောဂါသည်က မေးလိုက်၏။ “ဒါဆို ဘယ်လို လုပ်မလဲ။ ခင်ဗျားက ကျုပ်တို့ကို သတ်လို့လည်း မရဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း သတ်မသေချင်ဘူး ဆိုတော့ ဘယ်လို လုပ်ရမလဲ။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ကို သတ်လို့ မရဘူးလို့ ဘယ်သူ ပြောလဲ။”
နံပါတ် ၁ စိတ်ရောဂါသည်က ပြောလိုက်၏။ “ဒါပေမဲ့... ခင်ဗျား အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ပြီးပြီလေ။”
ယွင်ကျုံးဟဲ့ အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ဟုတ်တယ်။ X စိတ်ရောဂါကု ဆေးရုံ တစ်ခုလုံးမှာ ကျုပ် တစ်ယောက်တည်းပဲ စိတ်ရောဂါသည်ဖြစ်ပြီး ခင်ဗျားတို့ နှစ်ဆယ့်ကိုးယောက်စလုံးက ကျုပ်ရဲ့ စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေးတွေချည်းပဲ။
ဒါပေမဲ့ အရမ်း ထူးဆန်းတဲ့ အချက် တစ်ချက် ရှိတယ်။ ခင်ဗျားတို့က ဒီအထူး လောကကြီးရဲ့ ယဉ်ကျေးမှု ဂိမ်းကို ကစားနေတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာနေပြီ၊ ဒါပေမဲ့ ခန္ဓာကိုယ်ကို ရေခဲရိုက်ထားတာမျိုး မရှိဘူးဆိုတော့ ခင်ဗျားတို့ ဘာလို့ မသေတာလဲ။ ကျုပ် ဘာလို့ မသေတာလဲ။”
နံပါတ် ၁ စိတ်ရောဂါသည်က ဖြေ၏။ “မအိုမသေ ထာဝရ အသက်ရှင်ခြင်း လေ။”
“ဟား ဟား ဟား...”
ယွင်ကျုံးဟဲ့က ပြောသည်။ “ဒီလောကပေါ်မှာ အဲဒီလို ခေါ်တဲ့ မအိုမသေ ထာဝရ အသက်ရှင်ခြင်း ဆိုတာ လုံးဝ မရှိပါဘူး။ အခု လက်ရှိ ကျုပ် ဆိုရင်တောင် ဆဲလ် ပြန်လည် မွေးဖွား ပြုပြင်နိုင်တဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းရည် ရှိပေမယ့် မအိုမသေ ထာဝရ အသက်ရှင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အလွန်ဆုံး သက်တမ်း ပိုရှည်ရုံ သက်သက်ပါ။
နှစ်ပေါင်း မရေမတွက်နိုင်အောင် ထိန်းသိမ်းထားချင်ရင် နည်းလမ်း တစ်ခုပဲ ရှိတယ်။ ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ကို ထာဝရ ရှင်သန်အောင် လုပ်တာပဲ။ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ခွဲထုတ်လိုက်ပြီဆိုမှ ခင်ဗျားတို့က ရှင်းလင်းပြတ်သားပြီး သီးခြားလွတ်လပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည် ကိုယ်သွေး နှစ်ဆယ့်ကိုးခု ဖြစ်လာတာ။ ဒါဆို ခင်ဗျားတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဝိညာဉ်တွေက ဘယ်မှာ သိမ်းဆည်းထားတာလဲ။”
နံပါတ် ၁ စိတ်ရောဂါသည်၏ မျက်နှာ ပြင်းထန်စွာ ပြောင်းလဲသွား၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “X စိတ်ရောဂါကု ဆေးရုံထဲမှာ ကွမ်တမ် ကွန်ပျူတာ တစ်လုံး အတိအကျ ရှိနေတယ်။ အဲဒါကြောင့် ခင်ဗျားတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးတွေက တကယ်တော့ အဲဒီ ကွန်ပျူတာထဲမှာ ရှိနေတာပဲ။ အဲဒါကြောင့်မို့လို့ ထာဝရ တည်ရှိနေနိုင်တာပေါ့။ ပြီးတော့ ကျုပ်က ခင်ဗျားတို့ကို သတ်ပစ်ချင်တယ် ဆိုရင် အရမ်း လွယ်ကူသွားပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် အဆောက်အအုံ ထိပ်ဆုံးထပ်ရှိ အထူး ကွန်ပျူတာဆီသို့ လျင်မြန်စွာ ပြေးသွား၏။
ထိုအချင်းအရာကို မြင်ချိန်မှာတော့ စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက် လုံးဝ ရူးသွပ်သွားကြ၏။ သူတို့သည် မျိုးစုံသော စိတ်ကူးယဉ် ပုံရိပ်ယောင်များကို အဆက်မပြတ် ဖန်တီးပြီး ယွင်ကျုံးဟဲ့ကို အစွမ်းကုန် တားဆီးရန် ကြိုးစားကြသည်။
အလွန် ကြောက်စရာကောင်းသော စိတ်ကူးယဉ် ပုံရိပ်ယောင်များဖြစ်ပြီး လောကကြီး ပျက်စီးသွားခြင်း၊ ယွင်ကျုံးဟဲ့၏ ဆွေမျိုးသားချင်းများ သေဆုံးသွားသည့် ပုံရိပ်ယောင်များ ဖန်တီးပြကြ၏။
ယွင်ကျုံးဟဲ့ အရင်းနှီးဆုံး လူများသည် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ယိုစီးကာ ရှေ့တွင် ရပ်နေကြသည်။ သို့မဟုတ် အနောက်တွင် ရပ်ကာ သူ့ကို အကူအညီ တောင်းနေကြသည်။
သို့ပေမည့် အရာအားလုံးက အသုံးမဝင်တော့ပေ။ ယွင်ကျုံးဟဲ့သည် ဤရူးသွပ်သော ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခုကို စိတ်ပိုင်းဆိုင်ရာအရ အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်၏။
“သူ့ကို သတ်လိုက်၊ သူ့ကို သတ်လိုက်...” ဤရူးသွပ်သော ကိုယ်ရည်ကိုယ်သွေးများက အမိန့်ပေး လိုက်ကြသည်။
သန့်ရှင်းသော ကျောင်းတော်၏ တမန်တော်များ၊ သန့်ရှင်းသော ကျောင်းတော်၏ သိုင်းသမားများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။
သို့သော်ငြား မည်သူမှ လှုပ်ရှားခြင်း မပြုကြချေ။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောကျောင်းတော် တစ်ခုလုံး၊ X စိတ်ရောဂါကုဆေးရုံ တစ်ခုလုံးတွင် အရှင်သခင်ဟူ၍ တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။
ထိုသူမှာ ယွင်ကျုံးဟဲ့ပင် ဖြစ်သည်။ မည်သူမှ ယွင်ကျုံးဟဲ့အား သတ်ဖြတ်နိုင်စွမ်း မရှိကြပါချေ၊ သူကိုယ်တိုင်သာလျှင် မိမိကိုယ်မိမိ အဆုံးစီရင်နိုင်ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ X စိတ်ရောဂါကု ဆေးရုံ၏ ထိပ်ဆုံးထပ်သို့ ပြေးတက်သွားပြီး အထူး ကွန်ပျူတာ ရှေ့သို့ ရောက်ရှိသွားပြီး အထူး ကွန်ပျူတာကို ဖွင့်လိုက်သည်။
ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခု၏ သိုလှောင်ထားသော နေရာကို ရှာမတွေ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအထူး ကွန်ပျူတာ၏ အချက်အလက် ပမာဏမှာ အလွန် အံ့ဩစရာ ကောင်းသောကြောင့် ဖြစ်၏။
သိုသော်ငြား အရေးမကြီးပေ။ ကွန်ပျူတာအတွင်းရှိ အချက်အလက်အားလုံးကို တိုက်ရိုက်ပယ်ဖျက်၍ ဖောမက် (Format) ချပစ်လိုက်ရုံမျှဖြင့် လုံလောက်သည်။
အပိုင်း (၉၂၈)
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့...” စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက် ရူးသွပ်စွာ အော်ဟစ်နေကြ၏။
ယွင်ကျုံးဟဲ့၏ ဦးနှောက်သည် ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ မရေမတွက် နိုင်သော စိတ်ကူးယဉ် ပုံရိပ်ယောင်များသည် ပိုမို ပြင်းထန်လာကာ ပိုမို ကြောက်စရာ ကောင်းလာသည်။
“ဆေးရုံအုပ်ကြီး... မလုပ်ပါနဲ့။”
“ပင်မ ခန္ဓာကိုယ် သခင်.... မလုပ်ပါနဲ့၊ လုံးဝ မလုပ်ပါနဲ့။”
“ကျုပ်တို့ကို သတ်ပစ်လိုက်ရင် ခင်ဗျားရဲ့ အထူး စွမ်းရည်တွေကို ဆုံးရှုံးသွားလိမ့်မယ်။ ခင်ဗျားရဲ့ ရွှေလက်ချောင်းကို ဆုံးရှုံးသွားလိမ့်မယ်။”
“ဆေးရုံအုပ်ကြီး... ဒီနေ့ကစပြီး ကျုပ်တို့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခုလုံး ခင်ဗျားရဲ့ အမိန့်ကို အပြည့်အဝ နာခံပါ့မယ်။ ခွေးလို၊ နွားလို အလုပ်အကျွေး ပြုပါ့မယ်။”
“ဆေးရုံအုပ်ကြီး... ခင်ဗျား ကျုပ်တို့ မရှိလို့ မရပါဘူး။ ခင်ဗျားရဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျုပ်တို့ကို လိုအပ်ပါတယ်။”
“အား... အား... အား... အား...”
ရူးသွပ်သော စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခု သည် မကောင်းဆိုးဝါးများ ရူးသွပ်စွာ ကနေသကဲ့သို့ ဖြစ်နေ၏။
ယွင်ကျုံးဟဲ့၏ စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးသည်လည်း လုံးဝ ပြိုကွဲ ပျက်စီးတော့မှာ ဖြစ်၏။ ယွင်ကျုံးဟဲ့ ဖျက်ပစ်မည့် ခလုတ်ကို ရှာတွေ့သွားပြီး ဖောမက်ချမည့် အမိန့်ကို ရှာတွေ့သွားသည်။
သူ နောက်လှည့်ကာ ပြောလိုက်၏။ “အရာအားလုံး ဖြစ်ပျက်ပြီးသွားရင် ကျုပ်ကို ဒီကနေ ခေါ်သွားပေးပါ၊ လူတိုင်း အားလုံး ထွက်ခွာသွားကြ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် အထူး ကွန်ပျူတာပေါ်ရှိ ဖျက်ပစ်မည့် ခလုတ်ကို ပြင်းထန်စွာ နှိပ်ချလိုက်သည်။
“အား... အား.... အား..”
တစ်ခဏချင်း အတွင်းမှာပဲ နားထဲတွင် သနားစရာကောင်းသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခု၊ စိတ်ရောဂါသည် နှစ်ဆယ့်ကိုးယောက်... တစ်ယောက်ပြီး တစ်ယောက် တကယ်ပဲ ဝိညာဉ် လွင့်စင်သွားပြီး ပြာကျသွားကြသည်။
တစ်ယောက်ပြီး တစ်ယောက် လုံးဝ ပျောက်ကွယ်သွားကြ၏။ နှစ်ဆယ့်ကိုး ကနေ... နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ခုနစ်...
တချို့ စိတ်ကွဲ ကိုယ်ရည်ကိုယ်သွေးများ၏ ပါရမီများကို ယွင်ကျုံးဟဲ့က အစကနေ အဆုံးထိ တစ်ခါမှ မသုံးဖူးခဲ့ချေ။
နောက်ဆုံးတွင် နံပါတ် ၁ စိတ်ရောဂါသည် ပျက်စီးရမည့် အလှည့်သို့ ရောက်ရှိလာသည်။ သူ မရူးသွပ်တော့သကဲ့သို့ တည်ငြိမ်သွားပြီး ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “ပင်မ ခန္ဓာကိုယ်သခင်... ခင်ဗျားရဲ့ ရူးသွပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အားလုံးကို သတ်ပစ်လိုက်တာက ကောင်းတဲ့ ကိစ္စ မဟုတ်လောက်ဘူးနော်။ မရူးသွပ်ရင် အသက်ရှင်လို့ မရဘူးလေ။
အဲဒါကြောင့် အရူးတွေ ချုပ်ကိုင်ထားတဲ့ ကံကြမ္မာ ယဉ်ကျေးမှုကမှ တကယ် အင်အားကြီးပြီး တကယ် ထာဝရ တည်တံ့နိုင်မှာပါ။ အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်သူတွေက နတ်ဘုရား မဖြစ်နိုင်သလို ကံကြမ္မာကိုလည်း မချုပ်ကိုင်နိုင်ပါဘူး။”
ပြောပြီးနောက် နံပါတ် ၁ စိတ်ရောဂါသည်လည်း ပြာကျသွား၏။ စိတ်ရောဂါသည် ကိုယ်ရည်ကိုယ်သွေး နှစ်ဆယ့်ကိုးခု အားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။
ယွင်ကျုံးဟဲ့၏ ဦးနှောက်သည်လည်း ရုတ်တရက် ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားပြီး ဦးနှောက်ထဲတွင် စိတ်ပိုင်းဆိုင်ရာ နျူကလီးယားဗုံး တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွား၏။
လုံးဝ ဟာလာဟင်းလင်း ဖြစ်သွား၏။ လူတစ်ကိုယ်လုံး လည်း ဝိညာဉ် လွင့်စင်သွားသကဲ့သို့ ဖြစ်သွားသည်။
အချိန်ကာလ မည်မျှအထိ ကုန်လွန်သွားခဲ့သည်ကို မသိရှိနိုင်တော့ဘဲ ယွင်ကျုံးဟဲ့ ပြန်လည်နိုးထလာခဲ့၏။
သူသည် သန့်ရှင်းသောကျောင်းတော်နှင့် X စိတ်ရောဂါကုဆေးရုံတို့မှ ထွက်ခွာလာခဲ့ပြီ ဖြစ်ကာ ပင်လယ်ပြင်ကျယ်ကြီးပေါ်ဝယ် မျောပါလျက် ရှိနေ၏။ သူ၏ဘေးနား၌မူ နုဧကရာဇ် ရှိနေသည်။
“ကျွန်မက မင်းသမီး ရှန်းရှန်းပါ။ ရှင့်ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ လောကမှာ နုဧကရာဇ် ဆိုတာ မရှိတော့ပါဘူး။” ရှန်းရှန်းက ပြောလိုက်၏။
သူမ၏ အနောက်တွင် သန့်ရှင်းသော ကျောင်းတော်၏ တမန်တော်များ၊ သန့်ရှင်းသော ကျောင်းတော်၏ သိုင်းသမား အများအပြားလည်း ရှိနေသည်။
ယွင်ကျုံးဟဲ့ နောက်လှည့်ကြည့်လိုက်သည်။ သန့်ရှင်းသော ကျောင်းတော်သည် မလှမ်းမကမ်းရှိ ပင်လယ်ပြင်ပေါ်တွင် လွင့်မျောနေ၏။
“သွားကြစို့... အိမ်ပြန်မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
မင်းသမီး ရှန်းရှန်းသည် ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲကာ သန့်ရှင်းသော ကျောင်းတော်၏ သိုင်းသမားများကို ခေါ်ဆောင်ပြီး လွင့်မျော ထွက်ခွာသွား၏။
မကြာမီ...
ဧရာမ လေသင်္ဘော သုံးစင်း ပျံသန်းလာ၏။ သန့်ရှင်းသော ကျောင်းတော်၊ တစ်နည်းအားဖြင့် X စိတ်ရောဂါကု ဆေးရုံ၏ ကောင်းကင်ယံသို့ ပျံသန်းလာသည်။
“ရွှီး... ရွှီး... ရွှီး...”
အက်တမ်ဗုံး သုံးလုံး ကောင်းကင်ယံမှ ပြုတ်ကျလာ၏။
နျူကလီးယားဗုံးများကို သုတေသနပြုလုပ်နေခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ တာရှန်းမိစ္ဆာနိုင်ငံနှင့် စစ်ပွဲအတွင်း၌ အသုံးမပြုခဲ့ရသော်လည်း ယခုအခါတွင်မူ အသုံးပြုရပြီဖြစ်သည်။
အက်တမ်ဗုံး သုံးလုံးသည် လေထီးများ၏ အကူအညီဖြင့် သန့်ရှင်းသော ကျောင်းတော် အတွင်းသို့ ဖြည်းညင်းစွာ ကျဆင်းလာ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပြီး လောကကြီးကို ဖျက်ဆီးပစ်နိုင်သည့် ပေါက်ကွဲမှုကြီး၊ နေမင်းကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို လင်းထိန်သော အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
သန့်ရှင်းသော ကျောင်းတော် သည် အစမကျန်အောင် မီးလောင် ပြာကျသွားပြီး လောကပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ဤလောက၌ အလွန်တရာ ဝေးလံခေါင်ဖျားလှသော နေရာဒေသများ ရှိပေသည်။ ထိုနေရာများသည် ပြင်ပ လောကတွင် ဖြစ်ပျက်သမျှ ကိစ္စရပ်အားလုံးနှင့် မသက်ဆိုင်သည့်နှယ် လုံးဝသီးခြားကမ္ဘာငယ်လေး တစ်ခုသဖွယ် ဖြစ်တည်နေတတ်ကြသည်။
လူအချို့မှာမူ ထိုကဲ့သို့သော နေရာမျိုး၌ နေထိုင်နေကြသည်။ ဥပမာအားဖြင့် စုမန်တို့ ဇနီးမောင်နှံကဲ့သို့ပင်။
စုမန်အား မှတ်မိကြသေးသည်လား။ သူသည် ပြိုင်ဘက်ကင်းသော နိုင်ငံတော်ပညာရှင်တစ်ဦး ဖြစ်သကဲ့သို့ နိုင်ငံတော်အဆင့် စာမေးပွဲတွင် ကံဆိုးမိုးမှောင်ကျခဲ့ရသူလည်း ဖြစ်သည်။
ထိုစဉ်က သူသည် ခရိုင်အဆင့် စာမေးပွဲ၌ ပထမဆု ရရှိရမည် ဖြစ်သော်လည်း ယွင်ကျုံးဟဲ့က လမ်းခုလတ်မှ ဝင်ရောက်လာပြီး စုမန်၏ ပထမနေရာကို လုယူသွားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် အခြားသူများက စုမန်အား ယွင်ကျုံးဟဲ့အပေါ် ထောင်ချောက်ဆင်ရန် စေခိုင်းသည့်အခါတွင်မူ သူသည် တရားမျှတမှုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး ယွင်ကျုံးဟဲ့ကို ကူညီလျက် ယွဲ့တန်းဖျင် အဖွဲ့အစည်းကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
ထို့နောက်တွင် ယွင်ကျုံးဟဲ့သည် သူ့အား ကယ်တင်ရန်အတွက် ယွမ်ထျန်းရှဲ့ကို စေခိုင်း၍ လုံးဝသီးခြား ဖြစ်နေသော နေရာဒေသတစ်ခုသို့ ပို့ဆောင်ပေးခဲ့၏။
ထိုအချိန်က ယွင်ကျုံးဟဲ့သည် အချိန်အခါသင့်လာပါက သူ့အား မလွဲမသွေ ပြန်လည်ခေါ်ယူကာ အရည်အချင်း များကို အစွမ်းကုန် ထုတ်ဖော်ပြသခွင့် ပြုမည်ဖြစ်ကြောင်းနှင့် စစ်မှန်သော နိုင်ငံတော်ပညာရှင်တစ်ဦး ဖြစ်လာစေရမည်ဟူ၍ ကတိစကား ဆိုခဲ့ဖူးသည်။
သို့သော်ငြား ထိုသို့သော အချိန်ကောင်းမှာမူ အကြိမ်ကြိမ် နောက်ဆုတ်သွားခဲ့ရသည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ခန့် ကြာမြင့်ပါက စုမန်ဟူသော ပညာရှင်ကြီး ပြန်လည်ထွက်ပေါ်လာနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဧကရာဇ် ဝမ်ယွင် နတ်ရွာစံ၍ ဧကရာဇ် ထျန်းယန် နန်းတက်လာသည့်တိုင်အောင် စုမန်အား ပြန်လည်ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေ။
ဧကရာဇ်ထျန်းယန် ကျဆုံး၍ တတာ့ကျိုးအင်ပါယာကြီး ပျက်သုဉ်းသွားသည့်တိုင် စုမန်အား ပြန်လည် မခေါ်ထုတ်နိုင်သေးပါချေ။
စုမန် အဖို့မှာမူ အမှန်တကယ်ပင် သုံးနှစ်ပြီး သုံးနှစ်၊ သုံးနှစ်ပြီး သုံးနှစ်ဖြင့် နှစ်ပေါင်းသုံးဆယ် တိုင်အောင် ကြာမြင့်သွားခဲ့ရသည်။
မိစ္ဆာမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယွမ်ထျန်းရှဲ့ကို ကယ်တင်နိုင်သည့် အချိန်ကျမှသာ စုမန်အား ပြန်လည် ခေါ်ထုတ်နိုင်ခဲ့ရာ ယခုအချိန်တွင် သူသည် အသက်ငါးဆယ်ကျော် အရွယ်သို့ ရောက်နေခဲ့ပြီဖြစ်၏။
ထို့အပြင် နောက်ထပ် လူတစ်ဦးလည်း ရှိသေးပေသည်။ ထိုသူမှာ အောက်ရှင်း၏ ယခင်မွေးစားသားဖြစ်သူ အောက်ချီ ဖြစ်သည်။
သူသည် ယခင်က တောင်ပိုင်းပြည်နယ်လူရိုင်းတို့၏ ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထိုစဉ်က တောင်ပိုင်းပြည်နယ်၌ ပုန်ကန်မှု ဖြစ်ပွားချိန်တွင် ယွင်ကျုံးဟဲ့သည် အောက်ချီအား လူရိုင်းများထဲမှ သစ္စာခံများကို ခေါ်ဆောင်လျက် တောင်ပိုင်းပြည်နယ်မှ ထွက်ခွာကာ အနောက်ဘက်ရှိ ရှေးဟောင်းသစ်တော ဆီသို့ သွားရောက်ရန် စေခိုင်းခဲ့ဖူး၏။
ထိုအချိန်က သူ့အပေါ်၌ အလွန်တရာ ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့၏။ အောက်ချီသည် လူရိုင်းများကို ဦးဆောင်၍ ကျယ်ပြောလှသော ရှေးဟောင်းသစ်တောကြီးအတွင်း နယ်မြေချဲ့ထွင်ကာ နောက်ဆုံး၌ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
ထို့အပြင် အရေးကြုံလာသည့်အခါ ရှေးဟောင်းသစ်တောကြီးအတွင်းမှ ထွက်လာပြီး ယွင်ကျုံးဟဲ့ အားကိုးအားထားပြုရမည့် လူယုံတစ်ဦး ဖြစ်လာလိမ့်မည်ဟုလည်း ယူဆခဲ့ကြ၏။
သို့သော်ငြား ထိုကိစ္စမှာ နောက်ဆုံး၌ ဖြစ်မြောက်မလာခဲ့ချေ။ အောက်ချီသည် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်မှာ ရည်မှန်းချက်ကြီးမားသူတစ်ဦး မဟုတ်သကဲ့သို့ ရက်စက် ကြမ်းကြုတ်သူတစ်ဦးလည်း မဟုတ်သောကြောင့် ဖြစ်သည်။
သူသည် ရှေးဟောင်းသစ်တောကြီးကို မအုပ်ချုပ်နိုင်ခဲ့သည့်အပြင်၊ ပြောင်းပြန်အနေဖြင့် ထိုသစ်တောကြီး၏ လွှမ်းမိုးဝါးမြိုမှုကိုသာ ခံလိုက်ရ၏။
နှစ်ပေါင်းသုံးဆယ်တိုင်တိုင် အချိန်ကာလများ ကုန်လွန်သွားခဲ့၏။ အောက်ချီ ဦးဆောင်သော လူရိုင်းများသည် ရှေးဟောင်းသစ်တောလူမျိုးစုများအဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြတော့သည်။
လူဦးရေမှာလည်း ထူးခြားစွာ တိုးတက်လာခြင်း မရှိသကဲ့သို့၊ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်ကဲ့သို့ ကြမ်းတမ်းခက်ထန်နေဆဲ ဖြစ်သော်လည်း တောင်ပိုင်းပြည်နယ်၌ နေထိုင်ခဲ့စဉ်ကလောက်ပင် အခြေအနေ မကောင်းမွန်တော့ချေ။
ရှေးဟောင်းသစ်တောဟူသည် မူလကတည်းက ဆန်းကြယ်မှုများနှင့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို ဖန်တီးပေးနိုင်သည့် နေရာမျိုး မဟုတ်ပေ။
အောက်ချီကိုယ်တိုင်ကလည်း ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုများကို ဖန်တီးနိုင်စွမ်းရှိသည့် လူမျိုး မဟုတ်ခဲ့ချေ။
သို့သော်လည်း စုမန်ဖြစ်စေ၊ အောက်ချီဖြစ်စေ... သူတို့နေထိုင်ရာ ဒေသများသည် အလွန်တရာ ဝေးလံ ခေါင်ဖျားလွန်းလှသောကြောင့် တာရှန်းမိစ္ဆာနိုင်ငံက နယ်မြေချဲ့ထွင်သိမ်းပိုက်သည့် အချိန်၌ပင် ထိုနေရာများသို့ ရောက်ရှိမလာခဲ့ပေ။
ယွင်ကျုံးဟဲ့က လူစေလွှတ်၍ သူတို့အား သွားရောက်ခေါ်ယူသည့် အချိန်အထိပင် ဖြစ်တော့သည်။
ထို့နောက်တွင် အောက်ချီမှာမူ အနားယူသွားခဲ့ပြီး လောကီရေးရာကိစ္စရပ်များကို လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ချေ။
စုမန်မှာမူ နောက်ဆုံး၌ မိမိ၏ အရည်အချင်းများကို အစွမ်းကုန် ထုတ်ဖော်ပြသခွင့် ရရှိသွားခဲ့ပြီဖြစ်၏။
..................
နှစ်အနည်းငယ် ကြာပြီးနောက် ယခင် တာယင် အင်ပါယာ နန်းတော်၊ ယခု အရှေ့ယန် နန်းတော် အတွင်းတွင်...
အရှေ့ယန် ဘုရင်နိုင်ငံ၏ ဝန်ကြီးချုပ် အောက်မင်၊ နိုင်ငံခြားရေး ဝန်ကြီး စုမန်တို့ မျက်မှောင်ကြုတ် နေကြသည်။
ဤမျှလောက် များပြားသော အပြောင်းအလဲများကို ဖြတ်သန်းပြီးနောက် သူသည် ဝန်ကြီးချုပ် တစ်ယောက် ဖြစ်လာနိုင်လိမ့်မည်ဟု အောက်မင် သည် အိပ်မက်ထဲတွင်ပင် တွေးကြည့်မိမည် မဟုတ်ပေ။
ဘုရင်နိုင်ငံ တစ်ခု သက်သက် ဖြစ်သော်လည်း နိုင်ငံ၏ နယ်မြေ အကျယ်အဝန်းမှာ ယခင် အင်ပါယာကြီး လေးခု ပေါင်းစပ်ထားသည်နှင့် ညီမျှပြီး လောကပေါ်တွင် အာဏာအရှိဆုံး လူများထဲမှ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ပြန်လည် ရောက်ရှိလာပြီးနောက် စုမန် သည် ငါးနှစ်ပင် မပြည့်သေးသော အချိန်အတွင်း အရှေ့ယန် ဘုရင်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့၏။
ယွမ်ထျန်းရှဲ့ သည်လည်း ဆောက်လုပ်ရေး ဝန်ကြီး ဖြစ်လာခဲ့သော်လည်း သူသည် ကြားဖြတ် ကာလ အတွက်သာ ဖြစ်ပြီး နှစ်အနည်းငယ် အကြာတွင် အနားယူရတော့မှာ ဖြစ်သည်။
ထျန်ထိုင်ကျင့် သည်လည်း အရှေ့ယန် ဘုရင်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကြံပေးကောင်စီ၏ ဒုတိယမြောက် စစ်သေနာပတိ ဖြစ်လာခဲ့၏။
ယင်ချွဲ့ သည် မူလက ပထမ စစ်သေနာပတိ ဖြစ်လာသင့်သော်လည်း သူက စွန့်လွှတ်ခဲ့ပြီး ယခုအခါ အလုပ်လက်မဲ့ ချင်ဝမ်တစ်ဦး အဖြစ်သာ နေထိုင်နေသည်။
နောက်ထပ် လူတစ်ယောက် ရှိသေးသည်။ အိမ်ရှေ့မင်းသား ကျိုးလီ သည် ယွင်ကျိုး၏ အမတ်ကြီး တစ်ဦး ဖြစ်နေကာ ဇာတိမြေသို့ ပြန်လည် ရောက်ရှိလိုသည့် အရိပ်အယောင် လုံးဝ မပြသပေ။
သွေးစွန်းဘုရင်မ သည် မြို့စားအဖြစ် ဘွဲ့ထူး ချီးမြှင့်ခံရပြီး အရှေ့ယန် ဘုရင်နိုင်ငံ၏ ရေတပ် ဒုတိယ စစ်သေနာပတိ ဖြစ်လာခဲ့သည်။
လူအများအပြားက ကျင်းဝူရွှမ်း အတွက် နှမြောနေကြသည်။ အကယ်၍ သူမသာ အသက်ရှင်နေသေးပြီး လက်နက်ချခဲ့မည် ဆိုပါက သေချာပေါက် ကြည်းတပ် စစ်သေနာပတိ ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်၏။
ယန်ဖျန်ရှန် ကတော့ သူ့ဘဝ၏ ဒုတိယမြောက် အမြင့်ဆုံး အချိန်ကို ရောက်ရှိသွားပြီး အရှေ့ယန် ဘုရင်နိုင်ငံ ထောက်လှမ်းရေး ဌာန၏ အကြွင်းမဲ့ ခေါင်းဆောင် ဖြစ်လာခဲ့သည်။