← Chapters

အခန်း (၉၂၉-၉၃၀) ဇာတ်သိမ်း

Vol. 78 Ch. 929-930 (end)

အခန်း (၉၂၉-၉၃၀) ဇာတ်သိမ်း

Vol. 78 Ch. 929-930 (end)

အပိုင်း (၉၂၉)

ရေတပ် ဒုတိယ စစ်သေနာပတိ သွေးစွန်းဘုရင်မက အေးစက်စွာ ပြောလိုက်၏။ “ပထမဆုံး ရှင်းရှင်းလင်းလင်း သိထားရမှာက ရွှေရောင်တိုက်ကြီးဟာ အချိန် အကြာကြီး ကျွန်မတို့ အရှေ့တိုင်းရဲ့ ပိုင်နက် ဖြစ်ခဲ့တာ။ တာရှန်းမိစ္ဆာနိုင်ငံခေတ်တုန်းကလည်း အရှေ့တိုင်းရဲ့ တိုက်ရိုက် အုပ်ချုပ်မှု အောက်က နယ်မြေ ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ အရှင်ဧကရာဇ်က တာရှန်းမိစ္ဆာနိုင်ငံကို တိုက်ခိုက်ဖို့အတွက် တာ့ယန် အင်ပါယာ စစ်တပ်တွေကို စေလွှတ်ပြီး ရွှေရောင်တိုက်ကြီးကို သိမ်းပိုက်ခဲ့တာ။ ဒါပေမဲ့ အခု ပိုင်ယင် ဘုရင်နိုင်ငံနဲ့ အနောက်ယန် ဘုရင်နိုင်ငံက ဘာသဘောလဲ။

အဲဒီမှာ တိုက်ရိုက် အခြေချပြီး မထွက်တော့ဘူး။ ရွှေရောင်တိုက်ကြီး တစ်ခုလုံးရဲ့ သတ္တု ရှာဖွေခွင့်ကိုလည်း သူတို့ နှစ်နိုင်ငံတည်း ခွဲဝေယူကြပြီး ကျွန်မတို့ အရှေ့ယန် ဘုရင်နိုင်ငံရဲ့ တောင်းဆိုချက်တွေကို လုံးဝ ဂရုမစိုက်တော့ဘူးလား။”

အောက်မင်က မေးလိုက်သည်။ “အမတ်ကြီးယွမ်... ရွှေရောင်တိုက်ကြီးက ကျုပ်တို့အတွက် အဲဒီလောက်တောင် အရေးကြီးလို့လား။ ကျုပ်တို့ အရှေ့ယန် ဘုရင်နိုင်ငံရဲ့ နယ်မြေက စတုရန်း ကီလိုမီတာ သန်းနှစ်ဆယ်ကျော် ကျယ်ဝန်းပြီး သယံဇာတတွေ အရမ်း ကြွယ်ဝပါတယ်။ သတ္တုတွင်းတွေ အလုံအလောက် မရှိလို့လား။”

ယွမ်ထျန်းရှဲ့က ဖြေ၏။ “ကျုပ်တို့ဆီမှာ သတ္တုတွင်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ရေနံ ဆိုရင် မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမဲ့ သတ္တုတွင်းတွေကတော့ အနည်းဆုံး လက်ရှိ ရှာဖွေတွေ့ရှိထား သလောက် အရည်အသွေး သိပ်မကောင်းပါဘူး။ ရွှေရောင်တိုက်ကြီးကို မမီပါဘူး။”

စုမန်က ပြောလိုက်သည်။ “ပိုင်ယင်နဲ့ အနောက်ယန်က ကျုပ်တို့ကို လုံးဝ ဘေးဖယ်ထားပြီး ရွှေရောင် တိုက်ကြီးကို ခွဲဝေယူချင်နေတာပါ။ ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။”

သွေးစွန်းဘုရင်မက မေးလိုက်၏။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ သန့်ရှင်းသော မြို့တော်ကို သွားပြီး အရှင်ဧကရာဇ်နဲ့ တွေ့ရမလား။”

အမှန်စင်စစ် လောကလူအပေါင်းတို့သည် ဧကရာဇ်ထျန်းယန်အား အလွန်တရာ နာကျည်းမုန်းတီးနေကြ၏။ အမှန်တကယ်ပင် အံကြိတ်၍ မုန်းတီးနေကြခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ စွမ်းဆောင်အောင်မြင်မှုများအရ ဆိုပါက သူ့အား ဧကရာဇ် ဟူ၍ပင် မခေါ်ဆိုထိုက်တော့ချေ။ သူ၏ စွမ်းဆောင်ချက်များသည် ယခင်တာ့ယန်အင်ပါယာ၏ ဧကရာဇ်များထက် များစွာသာလွန်ကြောင်း ထင်ရှားစေရန်အတွက် သူ့အား သန့်ရှင်းသောဧကရာဇ် သို့မဟုတ် နတ်ဘုရားဧကရာဇ် ဟူ၍သာ ခေါ်သင့်၏။

သို့သော်ငြား ထျန်းကျို့သည် စောစီးတည်းက မိမိကိုယ်မိမိ နတ်ဘုရားဧကရာဇ် ဟူ၍ ဘွဲ့ထူး ခံယူခဲ့ဖူးလေရာ ယခုအချိန်တွင်မူ ထိုနတ်ဘုရားဧကရာဇ်၊ သန့်ရှင်းသောဧကရာဇ် ဟူသော အမည်နာမများ အားလုံးသည် ဂုဏ်သိက္ခာညှိုးနွမ်းနေပြီ ဖြစ်သည်။

ဘုရင်ပလ္လင်ပေါ်မှ အရှေ့ယန်ဘုရင် ယွင်ယောင် ခေါင်းယမ်းကာ ပြောလိုက်၏။ “ဒီကိစ္စကို ခမည်းတော်ဆီ သွားပြောလို့ မရဘူး။”

အောက်မင်က သဘောတူလိုက်သည်။ “ဟုတ်တယ်။ အရှင်မင်းကြီးဆီ သွားပြောလို့ မရဘူး။ သူ့အတွက်က လက်ဖမိုးလည်း အသား၊ လက်ဖဝါးလည်း အသားပဲလေ။ ပြီးတော့ ကျုပ်တို့ အရှေ့ယန် ဘုရင်နိုင်ငံက ရွှေရောင်တိုက်ကြီးရဲ့ ဦးဆောင်ခွင့်ကို ဆုံးရှုံးရတဲ့ အဓိက အကြောင်းရင်းက ကျုပ်တို့ရဲ့ ရေတပ်က အရမ်း အားနည်းလွန်းနေလို့ပဲ။

ဒါက ရှက်စရာ ကောင်းပေမယ့် ရှက်မှန်းသိရင် ရဲရင့်လာလိမ့်မယ်။ အနောက်ယန် ဘုရင်နိုင်ငံသာ မရှိခဲ့ရင် ကျုပ်တို့ နိုင်ငံရဲ့ နယ်မြေတွေက တာရှန်းမိစ္ဆာနိုင်ငံရဲ့ အမှောင် အုပ်ချုပ်မှု အောက်မှာ ရှိနေအုံးမှာပဲ။ သူတို့က ကျုပ်တို့အပေါ် ကျေးဇူး ရှိပါတယ်။”

သွေးစွန်းဘုရင်မက သဘောမတူဟန်ဖြင့် ပြောလိုက်၏။ “ကျေးဇူးက ကျေးဇူး၊ အကျိုးအမြတ်က အကျိုးအမြတ်ပဲ။ နိုင်ငံတော်ရဲ့ အကျိုးအမြတ်က အရေးအကြီးဆုံးပဲ။”

အောက်မင်က အေးစက်စက် ပြောလိုက်သည်။ “ဟုတ်လား။ အခု ဘုရင်နိုင်ငံ အတွင်းမှာ ရှေးရိုးစွဲဝါဒီတွေ ကြီးစိုးနေတာကို ကြည့်ပါအုံး။ ဘယ်လို မူဝါဒသစ်မျိုးကိုမဆို အကောင်အထည် ဖော်ရတာ အရမ်း ခက်ခဲနေတယ်။ မူလတည်းက တခြားသူတွေထက် နောက်ကျနေတာကို ဒီလောက်တောင် ရှေးရိုးစွဲနေပြီး ခေါင်းမာနေရင် ပိုပိုပြီး နောက်ကျကျန်ရစ်ခဲ့မှာပဲ။

ဒီကိစ္စက ကောင်းပါတယ်။ ဘုရင်နိုင်ငံ တစ်ခုလုံးက လူတွေကို ရှင်းရှင်းလင်းလင်း မြင်သွားစေတာပေါ့။ နောက်ကျရင် အရိုက်ခံရမယ် ဆိုတာကိုလေ။ ဒီနှစ်ပိုင်းတွေမှာတော့ အဆင်ပြေသေးတယ်။ ချင်ဝမ် ကျီးယန်က ကျုပ်တို့အပေါ် အတော်လေး ရင်းနှီးပါသေးတယ်။ နောက်ဆုံးတော့ တကယ့် စစ်ရေး ပဋိပက္ခတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ နောက်မျိုးဆက် အနောက်ယန် ဘုရင် ကျရင်ကော။ နောက်ထပ် မျိုးဆက်တွေ ကျရင်ကော။ ကျုပ်တို့ရဲ့ အချိန်တွေ သိပ်မများတော့ဘူး။ ဒီအတိုင်း ဆက်ပြီး နောက်ကျနေမယ် ဆိုရင်တော့ တကယ်ပဲ စစ်ဘေးစစ်ဒဏ်တွေ ကြုံတွေ့ရနိုင်တယ်။

အရှင်မင်းကြီးက အကြီးမားဆုံး ဇာတိမြေကို သူ့ရဲ့ သားအကြီးဆုံး ဖြစ်တဲ့ ဘုရင်ကြီးရဲ့ မျိုးဆက်ကို ပေးအပ်ခဲ့တာပါ။ ဒါက အရှင်မင်းကြီး အလေးထားဆုံး ဆိုတာကို ပြသနေတာပါ။ အကယ်၍ ရှုံးနိမ့်မှုက အရမ်း ဆိုးရွားလွန်းရင် အရှင်မင်းကြီးလည်း မျက်နှာပျက်ရမှာပဲ။”

သွေးစွန်းဘုရင်မက မေးလိုက်၏။ “အဲဒါဆို ဘုရင်ကြီး ကိုယ်တိုင် ချင်ဝမ် ကျီးယန်နဲ့ သွားဆွေးနွေးမလား။”

ယွင်ယောင် ခေါင်းယမ်းလိုက်သည်။

အောက်မင်က ပြောလိုက်၏။ “သွားလို့ မရဘူး။ ကျုပ်တို့က တာ့ယန်ရဲ့ ဇာတိမြေ ဖြစ်ပြီး အရှင်မင်းကြီးရဲ့ ဇာတိမြေပါ။ ဘုရင်ကြီးရဲ့ အဆင့်အတန်းက တခြား ဘုရင် နှစ်ပါးထက် ပိုမြင့်မားပါတယ်။ ကိုယ့်အဆင့်အတန်းကို လျှော့ချပြီး တခြားသူတွေကို သွားတောင်းဆိုလို့ မရပါဘူး။”

စုမန်သည် ယွင်ယောင်ကို အရိုအသေပေးကာ မေးလိုက်သည်။ “ဘုရင်ကြီး... ကျုပ်က ရွှေရောင်တိုက်ကြီးကို ချက်ချင်း သွားပြီး ဘုရင်နိုင်ငံ သုံးခုရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက် ရပါတော့မယ်။ ဘုရင်ကြီး ဘာများ လမ်းညွှန်ချင်ပါသလဲ။”

ယွင်ယောင်က မှာလိုက်၏။ “တိုက်ခိုက်ပါ၊ ဒါပေမဲ့ မပြတ်စဲစေနဲ့။ နောက်ပြီး ခင်ဗျား ရွှေရောင်တိုက်ကြီးကို သွားတဲ့ လမ်းမှာ ပိုင်ယင်မြို့တော်ကို ဖြတ်သွားရမယ် မလား။ ကျုပ်ရဲ့ ကိုယ်တိုင်ရေး စာတစ်စောင် ရှိတယ်။ အဲဒါကို ဘုရင် ပိုင်ကုဆီ လူချင်း တွေ့ပြီး ပေးပေးပါ။ မဟုတ်ဘူး... ချင်ဝမ် ပိုင်ချီ ဆီကို ပေးပါ။ ဒါပေမဲ့ ဘုရင် ပိုင်ကုရဲ့ ရှေ့မှာ ပေးရမယ်။”

စုမန်က ဖြေသည်။ “ကောင်းပါပြီ။”

အောက်မင်က မေးလိုက်၏။ “ဘုရင်ကြီး... ကျီရွှေ့ အဖွဲ့အစည်း ဘက်ကနေ ဒီတစ်ခေါက် ရွှေရောင်တိုက်ကြီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဘယ်သူ့ကို စေလွှတ်မယ်လို့ ထင်လဲ။”

ယွင်ယောင်က ဖြေသည်။ “ကျုပ်ညီ မဟုတ်ပါဘူး၊ အမတ်ကြီး ဝူကျန့်ပါ။ ပြီးတော့ ဘယ်လို ဆွေးနွေးပွဲ မျိုးမှာပဲ ဖြစ်ဖြစ်၊ ကျီရွှေ့ အဖွဲ့အစည်းက ဘယ်သူနဲ့မှ သီးသန့် အဆက်အသွယ် မလုပ်ပါနဲ့။ ဒါက အင်ပါယာရဲ့ အကြီးမားဆုံး တားမြစ်ချက်ပါပဲ။ ဘုရင်နိုင်ငံ သုံးခုလုံးက ကျီရွှေ့ အဖွဲ့အစည်းနဲ့ အဆက်အသွယ် မလုပ်ရဘူး။ ကျီရွှေ့ အဖွဲ့အစည်းကို သူတို့ရဲ့ အထူး အဆင့်အတန်း ကနေ ကျဆင်း မသွားစေရဘူး။”

အောက်မင်က ပြောလိုက်၏။ “ဘုရင်ကြီး... ဒီစည်းမျဉ်းကို ဒီနေ့ မချိုးဖောက်ရင်တောင် ဆယ်စုနှစ် အနည်းငယ်၊ ဒါမှမဟုတ် နှစ်တစ်ရာ ကြာရင် တစ်ယောက်ယောက်က ချိုးဖောက်လာမှာပါပဲ။”

ယွင်ယောင်က ပြောသည်။ “အဲဒါကတော့ ကျီရွှေ့ အဖွဲ့အစည်း ကိုယ်တိုင် အပေါ်မှာပဲ မူတည်တော့မှာပေါ့။ အကယ်၍ စည်းမျဉ်းတွေ ချိုးဖောက်ခံရပြီ ဆိုရင် သူတို့ရဲ့ ရွှေရောင် ခန္ဓာကိုယ် (ဂုဏ်သိက္ခာ) လည်း ပျက်စီးသွားပြီ ဖြစ်ပြီး ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေမှာပဲ။”

ဤလောက၌ လုံးဝပြည့်စုံသော ငြိမ်းချမ်းရေးကို ရရှိရန်မှာ အမှန်တကယ် အလွန်တရာ ခက်ခဲ၏။ တာ့ယန်အင်ပါယာတစ်ခုလုံးတွင် ပဋိပက္ခများ ပေါ်ပေါက်နေပြီဖြစ်၏။ ထိုအရာများမှာ ဘုရင်နိုင်ငံသုံးခုကြားရှိ ပဋိပက္ခများပင် ဖြစ်၏။

ဘုရင်နိုင်ငံသုံးခုအနက် နယ်မြေအကျယ်အဝန်းအရ ဆိုပါက အရှေ့ယန်နှင့် အနောက်ယန်တို့သည် သိပ်မကွာခြားလှပေ။ သို့သော်လည်း လူဦးရေအရ ဆိုလျှင်မူ အရှေ့ယန်က များစွာ သာလွန်နေ၏။ သို့ရာတွင် နိုင်ငံအင်အားချင်း ယှဉ်မည်ဆိုပါက အနောက်ယန်က လုံးဝအပြတ်အသတ် သာလွန်လျက်ရှိသည်။

သို့သော်လည်း အနောက်ယန်ဘုရင်နိုင်ငံ၏ အတွင်းပိုင်း၌လည်း ပဋိပက္ခများသည် တစ်စထက်တစ်စ ပိုမို ပြင်းထန်လာလျက် ရှိနေ၏။

ပထမဆုံး အနေဖြင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပြီး ဒုတိယ အနေဖြင့် လူတန်းစား ပဋိပက္ခ ပင် ဖြစ်သည်။

ယခင် တာ့ယန် အင်ပါယာသစ်တွင် ကျွန် အများအပြား ရှိခဲ့သည်။ နောက်ပိုင်းတွင် တာရှန်းမိစ္ဆာနိုင်ငံကို တိုက်ခိုက်ရန်အတွက် ကျွန် အများအပြားကို နိုင်ငံသား အဆင့်အတန်း ပေးခဲ့သော်လည်း ပထမတန်းစား နိုင်ငံသား၊ ဒုတိယတန်းစား နိုင်ငံသား၊ တတိယတန်းစား နိုင်ငံသား ဟူ၍ အလွန် ရှင်းလင်းစွာ ခွဲခြားထားဆဲ ဖြစ်၏။

သေချာပေါက် ဥပဒေ အရတော့ အားလုံး တန်းတူညီမျှ ရှိသည်ဟု ဆိုသော်လည်း လူ့အဖွဲ့အစည်း အတွင်းတွင်တော့ အလွန် သဘာဝကျကျဖြင့် အဆင့်အတန်းများ ခွဲခြားထားသည်။

အစောဆုံး အင်ပါယာ နိုင်ငံသား ဖြစ်သည့် လူတစ်သန်းကျော်မှာ ယခုအခါ ပထမတန်းစား နိုင်ငံသားများ ဖြစ်ကြ၏။

ယခင် တာ့ယန် အင်ပါယာသစ် ဇာတိမြေမှ ကျွန် သန်းဆယ်ဂဏန်းခန့်မှာ ယခုအခါ ဒုတိယတန်းစား နိုင်ငံသားများ ဖြစ်ကြ၏။ ပြီးသည့်နောက် ယခင် ကျယ်ဝန်းလှတဲ့ ကိုလိုနီ နယ်မြေများက လူများမှာ တတိယတန်းစား နိုင်ငံသားများ ဖြစ်သွားကြသည်။

လူတန်းစားပဋိပက္ခများ ရှိနေရုံမျှမကဘဲ အနောက်ယန်ဘုရင်နိုင်ငံ၌ ခွဲထွက်မည့် အန္တရာယ်လည်း အနည်းငယ် ရှိနေသေး၏။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ယွင်ကျုံးဟဲ့သည် ယွင်ကျိုကို အနောက်ယန်ဘုရင်နိုင်ငံ၏ လက်အောက်သို့ ပေးအပ်ခဲ့သောကြောင့် ဖြစ်သည်။

ယွင်ကျိုးသည် အရှေ့တိုင်းဇာတိမြေနှင့် ကီလိုမီတာထောင်ဂဏန်းမျှသာ ကွာဝေးသော်လည်း အနောက်ယန် ဘုရင်နိုင်ငံနှင့်မူ ကီလိုမီတာသောင်းချီ၍ ကွာဝေးလှသောကြောင့် လုံးဝသီးခြားနယ်မြေတစ်ခုသဖွယ် ဖြစ်တည်နေ၏။

သို့သော်လည်း ယွင်ကျိုးသည် စတုရန်းကီလိုမီတာ သန်းနှင့်ချီ၍ ကျယ်ဝန်းလှသည်။ ထို့ကြောင့် ယခုအချိန်တွင် ယွင်ကျိုးရှိ လူအများက အနောက်ယန်ဘုရင်နိုင်ငံမှ တဖြည်းဖြည်းချင်း ခွဲထွက်၍ သီးခြားအုပ်ချုပ်ရေးစနစ်တစ်ခုကို ထူထောင်လိုနေကြခြင်း ဖြစ်သည်။

ယခုအခါ ယွင်ကျိုး၏ အရပ်ဖက်နှင့် စစ်ဖက် အရာရှိများသည် ကျင်းကျုံးယွဲ့၏ တတိယမြောက် သားကို မျက်စိကျနေကြပြီး သူ့ကို ယွင်ကျိုးသို့ ခေါ်ဆောင်လာကာ တာ့ယန် အင်ပါယာ၏ စတုတ္ထမြောက် နယ်စား ချင်ဝမ် အဖြစ် တင်မြှောက်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြ၏။

အတိုချုပ် ပြောရလျှင် ဤကဲ့သို့သော ပြည်တွင်း ပြည်ပ ပဋိပက္ခ များသည် ပို၍ ပို၍ ပြင်းထန်လာသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ကမူ လုံးဝ ဝင်မစွက်ဖက်ဘဲ အခြေခံအားဖြင့် ထွက်မလာတော့သလို မည်သည့် အမိန့်တော်မှလည်း မထုတ်ပြန်တော့ပေ။

အနောက်ယန် ဘုရင်နိုင်ငံ အတွင်းတွင် စစ်ရေး ပဋိပက္ခ အချို့ ဖြစ်ပွားခဲ့စဉ်ကပင် သူ လုံးဝ ဂရုမစိုက်ခဲ့ချေ။

ထိုတင်သာမက သူ မည်သည့်နေရာမှာ ရှိနေသနည်း ဆိုသည်ကိုလည်း မည်သူမှ မသိကြပေ။

အပိုင်း (၉၃၀)

ပူပြင်းပြီး လှပသော ကျွန်းငယ်လေး တစ်ခု...

ဤနေရာတွင် ရှုခင်းများက ပန်းချီကား တစ်ချပ်လို လှပပြီး သဲသောင်ပြင်က ဝါဂွမ်းလို နူးညံ့ကာ ပန်းပေါင်းစုံ ပွင့်လန်းနေသည်။

ယွင်ကျုံးဟဲ့သည် ဤနေရာတွင် ဆိပ်ခံတံတား၊ ပန်းခြံ၊ သစ်သီးခြံနှင့် ဧရာမ စံအိမ်ကြီး တစ်ခုကို တည်ဆောက်ထား၏။

တစ်ခုတည်းသော နှမြောစရာကောင်းသည့် အချက်မှာ ဤနေရာတွင် စပျစ်ပင် စိုက်ပျိုး၍ သိပ်မကောင်း သောကြောင့် ဝိုင်အရက် ချက်လုပ်၍ မရနိုင်ခြင်း ဖြစ်သည်။

သူနှင့် ဇနီးများ၊ ထို့အပြင် ကျင်းဝူပြန်း အပါအဝင် မိသားစုဝင် အားလုံး ဤနေရာတွင် နေထိုင်ကြ၏။

မနက်စောစောတွင် သူသည် အောက်ယွီ ၊ အောက်ရှင်း ၊ ကျင်းဝူပြန်း တို့နှင့်အတူ အပျော်စီး သင်္ဘော စီးကာ ပင်လယ်ထဲ ထွက်ပြီး ငါးမျှားထွက်ကြသည်။

ဤနှစ်များအတွင်း၌ သူသည် အလွန်တရာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့ရသော်လည်း အလွန်အေးချမ်း လှသည်ဟုမူ ပြောဆို၍ မရနိုင်ပါချေ။

အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတစ်စုမှာ မကြာခဏဆိုသလို ရန်ပွဲများ ဖြစ်ပွားတတ်ကြသောကြောင့် ဖြစ်သည်။

ကျင်းကျုံးယွဲ့နှင့် ပိုင်ဖေးဖေးတို့မှာလည်း ရန်ဖြစ်ကြ၏။ ကျီးချင့်ကမူ လူတိုင်းနှင့် ရန်ဖြစ်တတ်သည်။ ရှန်းရှန်းသည် မည်သူနှင့်မျှ ရန်ဖြစ်ငြင်းခုံခြင်း မပြုသော်လည်း လူတိုင်းအပေါ် အေးစက်စက်သာ ဆက်ဆံတတ်၏။

ကျင်းကျုံးယွဲ့၊ မိဖုရား တူရှားနှင့် ပိုင်ဖေးဖေး တို့သည် ရှန်းရှန်းမှာ နုဧကရာဇ် ဖြစ်သည်ဟူသောအချက်ကို မေ့လျော့သွားကြရုံမျှမက၊ ရှန်းရှန်းကိုယ်တိုင်ပင် မိမိကိုယ်မိမိ နုဧကရာဇ်ဖြစ်ကြောင်း မေ့ပျောက်နေပြီ ဖြစ်သည်။

အဓိကအချက်မှာ သူမသည် ရင်သွေးသုံးဦး ဆက်တိုက်မွေးဖွားခဲ့သောကြောင့် အခြားသူများ၏ မနာလိုမှုကို ဖြစ်ပေါ်စေခဲ့ပြီး ယွင်ကျုံးဟဲ့အနေဖြင့် ရှန်းရှန်းအပေါ် အလွန်အမင်း အလိုလိုက်ကာ မျက်နှာလိုက်လွန်း သည်ဟု ထင်မှတ်စေခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် ထိုအမျိုးသမီးများ ရန်ဖြစ်ကြသည်မှာ အလွန်အမင်း ဆိုးရွားလာသည့် အခါတိုင်းဝယ် ယွင်ကျုံးဟဲ့သည် သင်္ဘောကိုမောင်းနှင်၍ ပင်လယ်ပြင်ကျယ်ကြီးထဲသို့ ထွက်ခွာသွားတတ်လေတော့သည်။

ဤသည်မှာလည်း ပျော်ရွှင်ချမ်းမြေ့မှုကြားမှ စိတ်အနှောင့်အယှက်ဖြစ်စရာ အနည်းငယ်မျှသာ ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့ ရန်ဖြစ်ငြင်းခုံနေကြမှသာလျှင် လူ့လောက၏ အငွေ့အသက်များ တည်ရှိနေမည် မဟုတ်ပါလား။

သူသည် အပျော်စီးသင်္ဘောကို ပင်လယ်ပြင်၏ နေရာတစ်ခု၌ ရပ်နားလိုက်၏။ ထိုနေရာရှိ ရေပြင်မှာမူ အလွန်တရာ ကြည်လင်လှသောကြောင့် ပင်လယ်အောက်ခြေအထိပင် ထိုးထွင်းမြင်တွေ့နေရသည်။

ထို့နောက် ယောက်ျား လေးယောက် ငါးမျှားတံ ချပြီး ငါးမျှားကြ၏။

“ညီလေး... သူတို့တွေ ရန်ဖြစ်နေတာ ဒီလောက်တောင် ဆိုးရွားနေပြီ၊ ရိုက်နှက်တော့မယ့် အဆင့်တောင် ရောက်နေပြီ။ မင်း ဝင်မထိန်းတော့ဘူးလား။” အောက်ယွီက မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ဖြေ၏။ “ရိုက်နှက်တော့မယ့် အဆင့်လောက်ပဲ ရှိသေးလို့လား။ ဒီတစ်ခါ ယွင်ကျိုးက အနောက်ယန်ကနေ ခွဲထွက်ချင်နေတယ်။ ပြီးတော့ ကျင်းအောက်ကို ယွင်ကျိုးဆီ ခေါ်လာဖို့ ကြိုးစားနေပြီး ယွင်ကျိုးကို တောင်ယန် ဘုရင်နိုင်ငံအဖြစ် ပြောင်းလဲချင်နေတယ်။ ဒါ ဘယ်သူ့ရဲ့ လက်ရာလဲ ဆိုတာ သိလား။”

အောက်ယွီက မေးလိုက်သည်။ “ဘယ်သူလဲ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ယန်ဖျန်ရှန် လေ။ ဒီအရှေ့ယန် ဘုရင်နိုင်ငံရဲ့ ထောက်လှမ်းရေး ဝန်ကြီးက အနောက်ယန်နဲ့ ယွင်ကျိုးဆီကို သူလျှို ထောင်ချီ စေလွှတ်ထားပြီ။ ပြီးတော့ အနောက်ယန် ဘုရင်နိုင်ငံက အထူး ကျွမ်းကျင်သူတွေကိုတောင် အဓိကထားပြီး စည်းရုံးနေတယ်။ အထူးဗုံး ကျွမ်းကျင်သူတွေကိုပေါ့။”

အောက်ယွီက ထပ်မေးလိုက်သည်။ “အရှေ့ယန် ဘုရင်နိုင်ငံရဲ့ အခြေခံနဲ့ ဆိုရင် အဲဒီ အဆုံးစွန် သတ်ဖြတ်ရေး လက်နက်ကို လုံးဝ မထုတ်လုပ်နိုင်လောက်ဘူးမလား။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “သူတို့က ကြိုတင် ပြင်ဆင်ထားတာက အန္တရာယ် ကင်းတယ်လို့ ထင်နေကြတာပါ။”

အောက်ယွီက ပြောလိုက်သည်။ “ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ဆယ်စုနှစ် အနည်းငယ် ကြာရင် စစ်တိုက်ကြလိမ့်မယ်နော်။ “

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “ဒီမျိုးဆက်မှာတော့ ဖြစ်မှာ မဟုတ်ဘူး။ နောက်မျိုးဆက် ကျရင်တော့ ပြောရခက်ပြီ။”

အောက်ယွီက မေးလိုက်သည်။ “မင်း ဂရုမစိုက်တော့ဘူးလား။ အချင်းချင်း သတ်ဖြတ်ကြတာကို ဒီအတိုင်း ကြည့်နေတော့မလို့လား။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “အဲဒီလောက် အများကြီး ဂရုစိုက်လို့ မရဘူးလေ။ အချင်းချင်း အပြန်အလှန် ဖျက်ဆီးပြီး ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်သရွေ့ ငါ ဝင်မပါဘူး။ အရမ်းများများ ဝင်ပါနေရင် ငါနဲ့ သန့်ရှင်းသော ကျောင်းတော်နဲ့ ဘာကွာခြားတော့မလဲ။ သူတို့ရဲ့ ကံကြမ္မာကို သူတို့ဘာသာ သူတို့ပဲ ထိန်းချုပ်ပါစေတော့။

သူတို့ ကိုယ့်သေတွင်း ကိုယ်တူးတော့မယ်ဆိုရင် ငါ သွားတားလိုက်မယ်။ သေချာပေါက် အနာဂတ် တစ်နေ့နေ့မှာ သူတို့က ငါတောင် တားလို့ မရနိုင်တဲ့ အဆင့်အထိ အင်အားကြီးလာနိုင်ပါတယ်။ ဒါပေမဲ့... အဲဒီနေ့ ရောက်လာဖို့ကိုပဲ ငါ မျှော်လင့်နေတာပါ။”

“သန့်ရှင်းသော ကျောင်းတော်... သန့်ရှင်းသော ကျောင်းတော် ...”

အောက်ယွီ သက်ပြင်းချကာ ပြောလိုက်သည်။ “ညီလေး... အဲဒီနေ့က မင်း ပြန်မလာတော့ဘူးလို့ ငါ ထင်နေခဲ့တာ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အောက်ရှင်းက ဘေးမှနေ၍ ပြောလိုက်၏။ “အိပ်ချင်လာပြီ၊ ကျုပ် အခန်းထဲ သွားအိပ်လိုက်အုံးမယ်။”

ကျင်းဝူပြန်းက ကြောင်အအဖြင့် မေးလိုက်သည်။ “ဒါဆို ငါကော အိပ်ချင်သင့်လား။ ထားလိုက်ပါတော့... ငါလည်း အိပ်ချင်လိုက်ပါတော့မယ်။”

ထို့နောက် ကျင်းဝူပြန်း လည်း အနောက်ခန်းသို့ သွား၍ အိပ်စက်လိုက်၏။

သန့်ရှင်းသော ကျောင်းတော်မှ ပြန်လာပြီးနောက် ယွင်ကျုံးဟဲ့သည် မည်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။

အောက်ယွီက ပြောလိုက်သည်။ “မင်း ပြန်မလာတော့ဘူးလို့ ငါ ကြောက်နေခဲ့တာက မင်း အင်အား မကြီးဘူးလို့ ပြောတာ မဟုတ်ပါဘူး။ မင်း အရမ်း အင်အားကြီးလွန်းသွားမှာကို ကြောက်တာ၊ ဒါမှမဟုတ် အရမ်း အသေးစိတ် တွက်ချက်လွန်းသွားမှာကို ကြောက်တာပါ။”

အောက်ယွီ စကား၏ အဓိပ္ပာယ်မှာ အနည်းငယ် ရှုပ်ထွေး၏။

ယွင်ကျုံးဟဲ့ အလွန်အမင်း အင်အားကြီးမားလာမည်ကို စိုးရိမ်ကြောက်ရွံ့သည်ဟူသည်မှာ သူသည် သန့်ရှင်းသောကျောင်းတော်၏ နေရာတွင် အစားထိုးဝင်ရောက်ကာ နတ်ဘုရားတစ်ပါး၏ လမ်းစဉ်ကို လျှောက်လှမ်းလျက် ဤလောကကြီး၏ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်မည့် လက်ကြီးတစ်ဖက် ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့ အလွန်အမင်း အသေးစိတ် တွက်ချက်လွန်းလိမ့်မည်ကို စိုးရိမ်သည်ဟူသည်မှာလည်း သူသည် သန့်ရှင်းသော ကျောင်းတော်၏ အမှန်တရား၊ ဤလောကယဉ်ကျေးမှု၏ အမှန်တရားနှင့် ဤလောကရှိ လူသားတို့၏ အမှန်တရားများကို ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာနေမည်ကို စိုးရိမ်သောကြောင့်ပင်။

ဤလောကကြီးသည် အမှန်တကယ်အားဖြင့် မည်သို့သော လောကကြီး ဖြစ်သနည်း။ ပြင်ပဂြိုဟ်တစ်ခုလား။ အခြားသော နေရာလွတ် တစ်ခုလား။ သို့မဟုတ် ပျက်စီးခြင်းသို့ ရောက်ရှိသွားပြီး နောက်ကွယ်မှ ကမ္ဘာမြေကြီးလား။ သို့တည်းမဟုတ် ထိုထက်ပို၍ နက်နဲသော အဖြေများ တည်ရှိနေသေးသည်လား။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အမှန်တရား ဆိုတာက အရမ်း တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ တချို့ အချိန်တွေမှာ လုံးဝ မသင့်တော်ပါဘူး။ မင်း အရင်က ပြောခဲ့ဖူးတယ်၊ မင်းက အရမ်း သတ္တိကြောင်တယ်၊ နောက်ဆုံး အမှန်တရားကို ရင်မဆိုင်ရဲဘူးတဲ့။ အဲဒါကြောင့် အတိုင်းအတာ တစ်ခုကို ရောက်တာနဲ့ မင်း ရပ်တန့်လိုက်တာပါ။

ငါ အရှေ့ဘက်ကို စစ်ချီပြီးတဲ့ နောက်မှာ မင်း အနားယူလိုက်ပြီး ဆက်မစူးစမ်းတော့ဘူး။ ဆက်ပြီး စွန့်စားမှုတွေ မလုပ်တော့ဘူး။ ဒါက သေချာပေါက် သတ္တိကြောင်မှု တစ်မျိုး ဖြစ်ပေမယ့် တစ်နည်းအားဖြင့်တော့ ဉာဏ်ပညာ ကြီးမားမှု တစ်မျိုးပါပဲ။”

အောက်ယွီက ပြောလိုက်၏။ “မင်းအတွက်ကတော့ ပိုပြီး ရဲရင့်မှု တစ်မျိုး ဖြစ်တာပေါ့။”

အမှန်တရား၊ အဆုံးစွန်သော အမှန်တရားဟူသည် မည်သည့်အရာ ဖြစ်သနည်း။ ကမ္ဘာမြေပေါ်ရှိ လူသားများသည်လည်း ဤအဖြေကို မကြာခဏ ရှာဖွေမေးမြန်းလေ့ ရှိကြသည်။

ဥပမာအားဖြင့်... လူသားများသည် မည်သည့်နေရာမှ ရောက်ရှိလာခဲ့ကြသနည်း။ လူသားတို့၌ အမှန်တကယ်ပင် လွတ်လပ်သော ဆန္ဒ တည်ရှိနေသည်လား။

ဤအကြောင်းအရာနှင့် ပတ်သက်၍ လူအများအပြားက အလွန်တရာ နက်နဲလျက် ပညာရပ်ဆန်သော စာအုပ်များကို ရေးသားခဲ့ကြဖူးသည်။

ဘီဘီစီ (BBC) ၏ မှတ်တမ်းရုပ်ရှင် ‘Cosmos: A Spacetime Odyssey’ တွင်လည်း လူသားတို့၏ လွတ်လပ်သော ဆန္ဒဟူသည် အမှန်တကယ်ပင် လွတ်လပ်သော ဆန္ဒ ဟုတ်၊ မဟုတ်ဟူသည့် အချက်ကို ဆွေးနွေးခဲ့ဖူး၏။

လူသားတို့၏ အသိစိတ်နှင့် ဆန္ဒသည် အမှန်တကယ်ပင် ကိုယ်ပိုင်ဖြစ်သလား သို့မဟုတ် ပရိုဂရမ် (Program) ရေးဆွဲ သတ်မှတ်ထားခြင်း ဖြစ်နေသည်လား။

အမှန်တရားနှင့် ပတ်သက်၍ အရေးကြီးသော အချက်တစ်ချက် ရှိပေသည်။ ထိုအချက်မှာ တဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲသွားရန်ဖြစ်ပြီး အချိန်တန်လျှင်မူ အလိုအလျောက် ဖြစ်တည်လာပေလိမ့်မည်။

အမှန်တရားကို မကြောက်ရွံ့တော့သည့် အချိန်ကာလသည် အမှန်တရားကို ဖော်ထုတ်ရန်အတွက် အကောင်းဆုံးအချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဧကန်မလွဲ လူသားတို့က အမှန်တရား၏ သတ်ဖြတ်နိုင်စွမ်းကို လုံးဝ ဂရုမစိုက်တော့လျှင်မူ သာ၍ပင် ကောင်းမွန်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်သည်။ “အစ်ကို... တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင် တာဝန်တွေ ရှိကြပါတယ်။ လူတစ်ယောက်ရဲ့ တာဝန် ပြီးဆုံးသွားပြီဆိုရင် အနားယူသင့်တဲ့ အချိန်မှာ အနားယူပြီး ဘဝကို ခံစားသင့်တဲ့ အချိန်မှာ ခံစားရမှာပါ။ ဆက်ပြီး အတင်းအကြပ် ဆုပ်ကိုင်ထားမယ်ဆိုရင် အကျိုးမရှိဘဲ အန္တရာယ်တောင် ဖြစ်စေနိုင်ပါတယ်။ သင့်တော်တဲ့ အချိန်မှာ ပျောက်ကွယ်သွားတာကမှ အမြင့်ဆုံး ဉာဏ်ပညာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

အောက်ယွီက ပြောလိုက်၏။ “ပြီးတော့ ပျောက်ကွယ်သွားတယ် ဆိုတာက တကယ် ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ နည်းလမ်း တစ်မျိုး ပြောင်းပြီး ဒီလောကကြီးကို ချစ်မြတ်နိုးနေတာပါ။”

ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်သည်။ “ဒီနှစ်တွေ အများကြီး ပင်ပန်းခဲ့ရပြီးပြီ ဆိုတော့ ဘဝကို သေချာ ခံစားသင့်ပါပြီ။”

အောက်ယွီက သဘောတူလိုက်၏။ “ဟုတ်တယ်။ ဘဝကို ခံစားရမယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရင်တုန်းက ပုံပြင် တချို့မှာ တူညီတဲ့ ဇာတ်သိမ်း တစ်ခု ရှိတယ်။ အဲဒါကတော့... အဲဒီနောက်ပိုင်းမှာ မင်းသားလေးနဲ့ မင်းသမီးလေးဟာ ပျော်ရွှင်စွာ အတူတကွ နေထိုင်သွားကြပါတယ် ဆိုတာပါပဲ။ နောက်ပိုင်းမှာ ဘာဇာတ်လမ်းမှ မရှိတော့ဘူး။ ဘာလို့လဲ ဆိုတာ မင်း သိလား။”

အောက်ယွီက ဖြေ၏။ “ဘာလို့လဲဆိုတော့ ပျော်ရွှင်တဲ့ ဘဝမှာ ကိုယ်တိုင်ကတော့ အရမ်း ပျော်ရွှင်ရပေမယ့် သူများ အမြင်မှာတော့ ပျင်းစရာ ကောင်းပြီး တစ်သမတ်တည်း ဖြစ်နေလို့ပါပဲ။”

ယွင်ကျုံးဟဲ့ သက်ပြင်းချကာ ပြောလိုက်သည်။ “ဟူး... ကျုပ်တို့ရဲ့ ဘဝကလည်း ဒီလိုပဲ ပျော်ရွှင်ပြီး ရိုးရှင်းပေမယ့် ပျင်းစရာ ကောင်းပါတယ်။”

အောက်ယွီက ခေါင်းညိတ်လိုက်၏။ “အရမ်း ပျင်းစရာ ကောင်းတာပဲ။”

စံအိမ်ကြီး အတွင်းတွင်...

ကျင်းကျုံးယွဲ့က သိုင်းပညာ လေ့ကျင့်နေဆဲ ဖြစ်ပြီး၊ တူရှားက ပန်းချီဆွဲနေဆဲ ဖြစ်ကာ၊ ပိုင်ဖေးဖေးက ဒေါသထွက်နေဆဲ ဖြစ်၏။ ရွှီအန်းထင်က မီးဖိုချောင်တွင် အလုပ်များနေပြီး၊ နင်ချင်းက စာဖတ်နေကာ၊ ကျီးချင့်က စမ်းသပ်မှုများ ပြုလုပ်နေသည်။

မိခင် လျှိုသခင်မက ကလေး ဖိနပ်လေးတွေ ချုပ်နေပြီး၊ ညီမလေး အောက်နင်နင် ကတော့ အလွန် ပျင်းနေ၍ နောက်နှစ်ရက်နေရင် ဒီကနေ ထွက်သွားဖို့ ပြင်ဆင်နေ၏။

ကျင်းဝူပြန်း၏ ဇနီး ထျန်ထိုင်ဝူယန် မှာမူ စိုးရိမ်ပူပန်နေသည်။ ယွင်ကျိုးက သူမ၏ မုန့်ဆိုင်လေး အခြေအနေ မည်ကဲ့သို့ ဖြစ်နေသည်နည်း မသိရ၍ ပြန်သွားကြည့်ချင်သော်ငြား ဤနေရာကနေလည်း မခွဲခွာချင် ဖြစ်နေသည်။

ရှန်းရှန်း ကတော့ သူမဟာ နုဧကရာဇ် ဆိုတာကို စောစောတည်းက မေ့သွားပြီး ကလေး ထိန်းခြင်းနှင့် အလုပ်များနေ၏။

‘ပျော်ရွှင်တဲ့ ဘဝ ဆိုတာ တကယ်ပဲ တစ်သတ်မတ်တည်း ဖြစ်ပြီး ပျင်းစရာ ကောင်းပါတယ်။’

ဇာတ်သိမ်းပါပြီ။

စာပြီးချိ်န - ၁၇.၇.၂၆ (ည ၁၀:၀၈)

အဆုံးထိဖတ်ရှုပေးကြတဲ့ စာဖတ်သူများအားလုံး စိတ်ချမ်းသာလို့၊ ကိုယ်ကျန်းမာကြပါစေခင်ဗျာ။

………

မောင်သိန်းထွန်း ရေးသားပြီးစီးသည့် စာစဉ်များ -

I. ကျင့်ကြံသူတို့စကားဝိုင်း

II. ကံကြမ္မာစာအုပ်

III. ပြိုင်စံရှားဂိုဏ်း

IV. ကောင်းကင်လျှို့ဝှက်နန်းဆောင်

V. ရှမ့်သခင်လေး

VI. တောက်ယွမ်မြို့မှအစပြု၍

VII. ဟေးလုံထိုင်မှ အရိပ်လူ

ဆက်လက်ရေးသားနေဆဲစာစဉ်များ

 နတ်မင်းကြီးကိုးပါး

 သွေးခင်းလမ်းမှအရိုးဖြူရှင်

All Chapters