အခန်း (၉၂၃-၉၂၄)
Vol. 78 Ch. 923-924
အပိုင်း (၉၂၃)
နုဧကရာဇ်က လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ သိုင်းပညာ ပါရမီရှင်တိုင်းက အစွန်းရောက်ကြတယ်၊ အားလုံးက အရူးတွေပဲ၊ ကိုယ့်လောကထဲမှာပဲ ကိုယ် နစ်မြုပ်နေကြတာပဲ။ ပြီးတော့ သန့်ရှင်းသော ကျောင်းတော်က အဲဒီလူ ပြောခဲ့တာတွေ အားလုံးက လိမ်ညာမှုတွေ မဟုတ်ပါဘူး။ ဒီလောကပေါ်မှာ အသွင်ပြောင်း မအိုမသေ မျိုးနွယ်တွေ တကယ် ရှိပါတယ်။ သေမင်း အနက်ရောင် ကျမ်းစာ တကယ် ရှိပါတယ်။
အဲဒီတုန်းက ကျွန်မ သန့်ရှင်းသော ကျောင်းတော်ကနေ ထွက်ခွာပြီး ဒီလောကကြီးကို ပြန်ရောက်လာတဲ့ အချိန်မှာ အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ရပြီး ထူးဆန်းတဲ့ အသွင်ပြောင်း သားရဲတိရစ္ဆာန်တွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ရှင် တွေ့ခဲ့ရတာထက် ဆယ်ဆမက ပိုများပါသေးတယ်။ အဲဒီ အသွင်ပြောင်း မီးပိုးကောင် တွေ၊ အသွင်ပြောင်း လင်းနို့တွေ၊ ကြောက်စရာကောင်းတဲ့ သဲသန်ကောင်တွေ၊ ပြီးတော့ ပိုပြီး ထူးဆန်းတဲ့ အမှောင် အသွင်ပြောင်း မျိုးနွယ်တွေပေါ့။
ကျွန်မ အဆက်မပြတ် သတ်ဖြတ်ခဲ့တယ်၊ အဆက်မပြတ် တိုက်ပွဲဝင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ တကယ်ပဲ ထင်ခဲ့တာပါ။ ဒီအသွင်ပြောင်း မျိုးနွယ်တွေက လောကကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ပေါ့။ ရှင်လည်း အဲဒီလို မထင်ခဲ့ဘူးလား။ အရင်က ရှင်လည်း ထင်ခဲ့တာပဲလေ။ တာရှန်းမိစ္ဆာနိုင်ငံဟာ မှောင်မိုက်ပြီး ဆိုးယုတ်တယ်၊ လောက့ ယဉ်ကျေးမှုကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်လို့။
ယွင်ကျုံးဟဲ့... အခု ရှင်က ယဉ်ကျေးမှုသစ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ပြီး အင်အားကြီးမားတဲ့ လက်နက်တွေကို ပိုင်ဆိုင်ထားပြီ။ အဲဒီတုန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က တာ့ယန် အင်ပါယာမှာ ဘာမှ မရှိခဲ့ပါဘူး။ သူတို့က ဒီအသွင်ပြောင်း မျိုးနွယ်တွေကို မတိုက်ခိုက်နိုင်ခဲ့ပါဘူး။
အဲဒီအချိန်တုန်းက ကျွန်မက အသွင်ပြောင်း သဲသန်ကောင်တွေ၊ အသွင်ပြောင်း မီးပိုးကောင်တွေ၊ အသွင်ပြောင်း မကောင်းဆိုးဝါး နဂါးလို ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို မြင်တွေ့ခဲ့ရတဲ့ အချိန်မှာ သူတို့က ဒီလောကကြီးကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ် ဆိုတာကို ကျွန်မ မစိုးရိမ်ဘဲ၊ မကြောက်ရွံ့ဘဲ နေပါ့မလား။ သူတို့ကို ကျွန်မ မသတ်ဘဲ နေပါ့မလား။ ကျွန်မ သူတို့ကို သတ်တဲ့ အချိန်မှာ တရားမျှတမှု တာဝန်သိစိတ်တွေ ပြည့်နှက်မနေဘူးလား။”
ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွားသည်။
မှန်ပေသည်။ ထိုစဉ်က နုဧကရာဇ်သည် ရူးသွပ်စွာ သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည့်အချိန်၌ မိမိကိုယ်မိမိ တရားမျှတသည်ဟု ထင်မှတ်ကာ လောကကြီးအား ကယ်တင်နေခြင်းဖြစ်သည်ဟု အမှန်တကယ် ယုံကြည်ခဲ့ခြင်း ဖြစ်၏။
၎င်းမှာ ယခုအခါ ယွင်ကျုံးဟဲ့က တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးပစ်လိုက်ခြင်းအပေါ် တရားမျှတမှုဟု ထင်မြင်ယူဆနေပုံနှင့် ထပ်တူထပ်မျှပင် ဖြစ်တော့သည်။
“သေချာပေါက် ရှင်က နောက်ဆုံးတော့ တရားမျှတပြီး အလင်းရောင် ရှိပါတယ်။”
နုဧကရာဇ်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ရှင်က အင်အားကြီးမားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားလို့ပါ။ ရှင့်ရဲ့ အင်ပါယာကလည်း အင်အားကြီးမားတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားလို့ပါ။ အဲဒါကြောင့် ရှင်က ဒီအသွင်ပြောင်း သားရဲတိရစ္ဆာန်တွေကိုတောင် ခွင့်လွှတ် လက်ခံပေးနိုင်ခဲ့တာပါ။
ရှင်က အကြီးအကျယ် သတ်ဖြတ်မှုတွေ မလုပ်ခဲ့ဘူး။ ရှင်က အဖြူနဲ့ အမည်းကိုပဲ မခွဲခြားခဲ့ဘူး။ အဲဒီလိုမှ မဟုတ်ရင် အောက်ယွီ၊ ပိုင်ချီ၊ ပိုင်ကု စတဲ့ လူတိုင်း ရှင်ရဲ့ လက်ထဲမှာ သေဆုံးသွားရမှာ ဖြစ်ပြီး ရှင်လည်း နောက်ထပ် အဖြစ်ဆိုး တစ်ခု ဖြစ်သွားမှာပါ။”
ထို့နောက် လူနှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။
နုဧကရာဇ်က ရုတ်တရက် မေးလိုက်၏။ “ယွင်ကျုံးဟဲ့... ချစ်သူ... ရှင်က ဒီလောကက မဟုတ်ဘူး။ ရှင်က တခြား လောကတစ်ခုက လာတာ မလား။”
ယွင်ကျုံးဟဲ့ ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်ကာ ဖြေသည်။ “ဟုတ်တယ်။”
နုဧကရာဇ်က ထပ်မေး၏။ “ရှင် ယူဆောင်လာတဲ့ ဒီယဉ်ကျေးမှုသစ်တွေကလည်း တခြားလောက တစ်ခုရဲ့ ထုတ်ကုန်တွေလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်တယ်။”
နုဧကရာဇ်က မေးလိုက်၏။ “ဒါဆို... ယန်ရှင်းကျုံး ကလည်း တခြား လောက တစ်ခုက လာတာ ဖြစ်နိုင်မလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ဖြစ်နိုင်ပါတယ်။”
ဤပြဿနာကို ယွင်ကျုံးဟဲ့ စောစောတည်းက စဉ်းစားမိခဲ့သည်။ ယန်ရှင်းကျုံး၏ ရူပဗေဒပညာ ယဉ်ကျေးမှုသစ်သည် တကယ်ကို ဤလောက၏ ထုတ်ကုန် မဟုတ်ပေ။ ထိုအချိန်က ယန်ရှင်းကျုံး သည် ဤရူပဗေဒပညာ ယဉ်ကျေးမှုသစ် များကို နေရာ တစ်ခုခုမှ ရရှိခဲ့ခြင်းများလားဟု သူ ထင်မြင်ခဲ့သေး၏။
နုဧကရာဇ်က မေးသည်။ “ဒါဆို သန့်ရှင်းသော ကျောင်းတော်က ယန်ရှင်းကျုံး ဧကရာဇ်ကို သတ်ပစ်ရတဲ့ အကြောင်းရင်းက သူက တခြား လောက တစ်ခုက လာလို့လား။ ဒါမှမဟုတ် သူက သိပ္ပံနဲ့ နည်းပညာ ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ပြီး သန့်ရှင်းသော ကျောင်းတော်ရဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ သွေဖည်သွားလို့လား။ ဒါမှမဟုတ် ပိုနက်ရှိုင်းပြီး ပိုကြောက်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ရှိနေသေးလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မသိဘူး။”
ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် အောက်ယွီ ပြောခဲ့သော စကားတစ်ခွန်းကို သတိရသွားမိသည်။
‘သူက နောက်ဆုံး အမှန်တရားကို ရင်ဆိုင်ရမှာ ကြောက်တယ်။ ပြီးတော့ ဒီအမှန်တရားက နုဧကရာဇ်ရဲ့ အမှန်တရား တစ်ခုတည်းတင် မဟုတ်လောက်ဘူး။
အောက်ယွီ ပြောဖူးသေးတယ်။ ဒီလောကကြီးက နည်းနည်း ထူးဆန်းနေသလိုပဲ တဲ့။ လူတိုင်းရဲ့ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့၊ လူတိုင်းရဲ့ ကံကြမ္မာကို ကစားနေတဲ့ ဧရာမ လက်ကြီး တစ်ဖက် ရှိနေသလိုပဲ တဲ့။ ဧကရာဇ် ထျန်းယန် ကလည်း ပြောခဲ့ဖူးတယ်။ လူတိုင်းရဲ့ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ ဧရာမ လက်ကြီး တစ်ဖက် ရှိနေသလိုပဲ တဲ့။
နုဧကရာဇ်ကို ကြည့်စမ်း... ကံကြမ္မာရဲ့ ကစားတာကို ဘယ်လောက်တောင် သနားစရာကောင်းအောင် ခံခဲ့ရလဲ။ တာရှန်း ဧကရာဇ်ကြီးကို ကြည့်စမ်း... ဧကရာဇ် ထျန်းယန်ကို ကြည့်စမ်း... လူတိုင်းရဲ့ ကံကြမ္မာက အညှာအတာ ကင်းမဲ့စွာ လှည့်စားခံနေရတာပဲ။ ပြိုင်ဘက်ကင်း အရှင်သခင်လို့ ထင်ရပေမယ့် နောက်ဆုံးမှာတော့ လူရွှင်တော် တစ်ယောက်လို သရုပ်ဆောင်နေရတာပဲ။
နုဧကရာဇ် ၊ တာရှန်း ဧကရာဇ်ကြီး ၊ ဧကရာဇ် ထျန်းယန် ... အားလုံး ကံကြမ္မာရဲ့ ကစားတာကို ခံခဲ့ရတယ်။ ဒါဆို နောက်ဆက်တွဲ ဘယ်သူ့ အလှည့်လဲ။ ပြီးတော့... ဒီကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ လောကကြီးရဲ့ ဧရာမ လက်ကြီးက အရူး တစ်ယောက်နဲ့ တူနေသလိုပဲနော်။
သူ ဒီလိုတွေ လုပ်နေတာ ဘာအတွက်လဲ။ သူများတွေရဲ့ ကံကြမ္မာကို ကစားပြီး လူတိုင်းကို ဒီလောက်တောင် ရက်စက်အောင်၊ ဒီလောက်တောင် နာကျင်အောင် လုပ်နေတာ... ပျော်ဖို့ ကောင်းလို့လား။ ဒီကံကြမ္မာ အရှင်သခင်က စိတ်ရောဂါသည် လား။’
နုဧကရာဇ်က ထပ်ပြော၏။ “ယွင်ကျုံးဟဲ့... စကားတစ်ခွန်းတော့ ကျွန်မ ရှင့်ကို သတိပေးရလိမ့်မယ်။ အဲဒီတုန်းက သန့်ရှင်းသော ကျောင်းတော်က ယန်ရှင်းကျုံး ကို သတ်ပစ်ခဲ့တယ်။ ရှင်က တခြား လောက တစ်ခုက လာတာ၊ ပြီးတော့ ရှင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာ ယဉ်ကျေးမှုသစ်က ပိုပြီးတော့တောင် အားကောင်းနေသေးတယ်။ သန့်ရှင်းသော ကျောင်းတော်က ရှင့်ကို လာသတ်မလား။ အဲဒီတုန်းက နုဧကရာဇ်က ကျွန်မကို ယန်ရှင်းကျုံးကို သွားသတ်ခိုင်းခဲ့တယ်။ ဒါဆို သန့်ရှင်းသော ကျောင်းတော်က ရှင့်ကို သတ်မယ် ဆိုရင် ဘယ်သူ့ကို လွှတ်ပြီး သတ်ခိုင်းမလဲ။”
ဤမေးခွန်းကလည်း နှလုံးသားကို ဓားနှင့်ထိုးသလို နာကျင်စေသည့် မေးခွန်း တစ်ခုပင်။
နုဧကရာဇ်က ဆက်ပြောသည်။ “အဲဒီတုန်းက ကျွန်က ပိုမြင့်မားတဲ့ သိုင်းပညာကို ရှာဖွေဖို့ လောက တစ်ခွင်ကို ရှာဖွေခဲ့ပြီး သန့်ရှင်းသော ကျောင်းတော်ကို တွေ့ခဲ့တယ်။ ဒါဆို မကြာသေးခင် ဆယ်စုနှစ်တွေ အတွင်းမှာကော... သန့်ရှင်းသော ကျောင်းတော်ကို ဘယ်သူတွေ ရှာတွေ့ခဲ့လဲ။”
ဤမေးခွန်းကလည်း ကြက်သီးမွေးညင်း ထစရာ ကောင်းတဲ့ မေးခွန်း တစ်ခုဖြစ်နေ၏။
ဤနှစ်များအတွင်း၌ မရေမတွက်နိုင်သော လူသားတို့သည် သန့်ရှင်းသောကျောင်းတော်ကို ရှာဖွေခဲ့ကြပြီး လူအများအပြားကလည်း ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ကြဖူးသည်။
ဥပမာအားဖြင့်... တာ့ကျိုးနိုင်ငံကို တည်ထောင်ခဲ့သော ဖန်တီးရှင်ဧကရာဇ်နှင့် အခြားသော ပုဂ္ဂိုလ်ကျော်များ စသည်ဖြင့်ပင်။ သို့သော်ငြား ထိုအရာအားလုံးမှာ လှည့်ဖြားမှုများသာ ဖြစ၏။
တာ့ကျိုး ဖန်တီးရှင်ဧကရာဇ်ဖြစ်စေ၊ တာယင် ဖန်တီးရှင်ဧကရာဇ်ဖြစ်စေ အားလုံးသည် တာရှန်းမိစ္ဆာနိုင်ငံ၏ အကြွင်းအကျန်အင်အားစုများနှင့် လက်ထပ်ထိမ်းမြားကာ ၎င်းတို့၏ အင်အားများကို သိမ်းပိုက်၍ အင်ပါယာကြီးများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
သို့ပေမည့် အမှန်တရားကို ထုတ်ဖော်မပြောနိုင်သည့်အတွက် မိမိတို့ကိုယ်တိုင် သန့်ရှင်းသောကျောင်းတော်သို့ ရောက်ရှိခဲ့ဖူးသည်ဟု ကြွားဝါကာ ၎င်းတို့အင်ပါယာ၏ စစ်မှန်သော တရားဝင်မျိုးဆက် ဖြစ်တည်မှုကို သက်သေပြရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်၏။
ဤနှစ်များအတွင်း၌ သန့်ရှင်းသောကျောင်းတော်သို့ အမှန်တကယ် ရောက်ရှိခဲ့ဖူးကြောင်း သက်သေပြနိုင်သူ ဟူ၍ တစ်ဦးတည်းသာ ရှိ၏။ ထိုသူမှာ ကောလာဟလများအရ ယွင်ကျုံးဟဲ့၏ ဖခင်အရင်းဖြစ်သော ယခင် တာ့ရှအင်ပါယာ၏ ထျန်းအန်းအိမ်ရှေ့မင်းသားပင် ဖြစ်သည်။
ထို့အပြင် အလွန်တရာ ဆန်းကြယ်လှသော အသေးစိတ်အချက်အလက်တစ်ခုလည်း ရှိနေသေးသည်။ ဟေးယန်အင်ပါယာ၏ ဧကရာဇ်ဖြစ်သော အနက်ရောင်နဂါးဘုရင်ကို မည်သူက လုပ်ကြံသတ်ဖြတ်ခဲ့သနည်း။ အနက်ရောင်နဂါးဘုရင်သည် ထိုမျှလောက် အင်အားကြီးမားပါလျက်နှင့် သူ့အား မည်သူက သတ်ဖြတ် နိုင်ခဲ့သနည်း။ သူ့ကို အဘယ်ကြောင့် သတ်ဖြတ်ခဲ့ရသနည်း။
နုဧကရာဇ်က ပြောသည်။ “ယွင်ကျုံးဟဲ့...ရှင်က ကျွန်မကို တစ်ခါမှ မရှိဖူးတဲ့ ယောက်ျားနဲ့ မိန်းမကြားက အချစ်တွေကို ပေးစွမ်းနိုင်ခဲ့တယ်။ ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်။ အဲဒါကြောင့် အလားတူ အဖြစ်ဆိုးမျိုး လုံးဝ ထပ်ဖြစ်ခွင့် မပေးနိုင်ဘူး။ ကျွန်မ သန့်ရှင်းသော ကျောင်းတော်ကို သွားပြီး ဒီအရာအားလုံးကို အဆုံးသတ်ပစ်မယ်။ ကျွန်မ အဲဒီလူကို သတ်ပစ်မယ်၊ သန့်ရှင်းသော ကျောင်းတော်ထဲက လူအားလုံးကို ကျွန်မ သတ်ပစ်မယ်။”
ဤစကားတွင် အစွန်းရောက်မှုများ ပြည့်နှက်နေဆဲဖြစ်ပြီး၊ အဖြူနှင့် အမည်း ခွဲခြားမှုများ ပြည့်နှက်နေဆဲ ဖြစ်၏။
ထိုစဉ်က နုဧကရာဇ်သည် တရားမျှတမှုအတွက်ဟု ဆိုကာ ပြင်ပလောကမှ မအိုမသေမျိုးနွယ်စုအားလုံးကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ ဧကန်မလွဲ ထိုကဲ့သို့သော ပြင်ပလောကမှ မအိုမသေမျိုးနွယ်စုများဟူသည်မှာ အသွင်ပြောင်းသတ္တဝါများ သက်သက်သာ ဖြစ်သည်။
ယခုအခါတွင်မူ ကလဲ့စားချေရန်အတွက် သန့်ရှင်းသောကျောင်းတော်အတွင်းရှိ လူသားအားလုံးကို သတ်ဖြတ်ရန် ထပ်မံကြိုးပမ်းနေပြန်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပြီးခဲ့တဲ့ တစ်ခေါက်က မင်း ကလဲ့စားချေဖို့ ကြိုးစားတုန်းက သန့်ရှင်းသော ကျောင်းတော်ရဲ့ နေရာကိုတောင် မရှာတွေ့ခဲ့ဘူးလေ။ ဒီတစ်ခါ မင်း ရှာတွေ့နိုင်မယ်လို့ ဘယ်လို သေချာနေတာလဲ။”
နုဧကရာဇ်က ဖြေ၏။ “ဒီနေ့အတွက် ကျွန်မ နှစ်ပေါင်း မရေမတွက်နိုင်အောင် ပြင်ဆင်ခဲ့ရတယ်၊ နှစ်ပေါင်း မရေမတွက်နိုင်အောင် စဉ်းစားခဲ့ရတယ်။ သန့်ရှင်းသော ကျောင်းတော်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်မ တွေးတော သိရှိထားတာတွေက ရှင့်ထက်တောင် ပိုများလောက်ပါတယ်။”
ထို့နောက် နုဧကရာဇ်သည် မျက်နှာဖုံးကို ချွတ်လိုက်ရာ မင်းသမီး ရှန်းရှန်း၏ အလွန် လှပသော မျက်နှာလေး ပေါ်ထွက်လာသည်။
သူမ ဖြည်းညင်းစွာ ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့ကို နမ်းလိုက်ကာ ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... ယောက်ျား။”
ဤအချိန်တွင် သူမသည် နုဧကရာဇ် မဟုတ်တော့ဘဲ မင်းသမီး ရှန်းရှန်း၏ ဖြူစင်မှုနှင့် နက်ရှိုင်းသော အချစ်များ ရှိနေပြီး ခံစားချက်များကို လုံးဝ မဖုံးကွယ်တော့ပေ။
မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေ ယွင်ကျုံးဟဲ့သည် နောက်ဆုံးတွင် သူမအား လောကသစ် တစ်ခု၊ ခံစားချက် အသစ်များကို ယူဆောင်လာပေးခဲ့သည်။
ထို့နောက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် လုံးဝ ရပ်တန့်သွားပြီး အသံထွက်၍ မရ၊ လှုပ်ရှား၍ မရ၊ မျက်လုံးပင် လှည့်၍ မရတော့ပေ။
အဘယ်ကြောင့်ဆိုသော် နုဧကရာဇ် သည် ယွင်ကျုံးဟဲ့က သူမကို တားဆီးခြင်း၊ ဖျောင်းဖျခြင်းများကို မကြားချင်သောကြောင့် ဖြစ်သည်။
ထို့အပြင် နုဧကရာဇ်သည် ယွင်ကျုံးဟဲ့၏ စကားများကြောင့် သူမ၏ စိတ်များ ယိမ်းယိုင်သွားမည်ကို ကြောက်ရွံ့နေခြင်းလည်း ဖြစ်လောက်သည်။ ထို့နောက် သူမသည် အနက်ရောင် ဦးခေါင်းခွံ မျက်နှာဖုံးကို ပြန်လည် တပ်ဆင်လိုက်၏။
“နှုတ်ဆက်ပါတယ်။” နုဧကရာဇ် သည် ယွင်ကျုံးဟဲ့ကို လက်ပြ နှုတ်ဆက်ပြီးနောက် ပင်လယ်ပြင်ပေါ်သို့ လွင့်ဆင်းသွားကာ လားရာ တစ်ခုဆီသို့၊ သူမ၏ စိတ်ထဲရှိ သန့်ရှင်းသော ကျောင်းတော်ဆီသို့ ထွက်ခွာသွားသည်။
သူမသည် သန့်ရှင်းသောကျောင်းတော်ကို ဖျက်ဆီးပစ်ရန်၊ သန့်ရှင်းသောကျောင်းတော်၏ အရှင်သခင်ကို သတ်ဖြတ်ရန် သွားရောက်ခြင်း ဖြစ်သည်။ သူမသည် ဤအရာအားလုံးကို အပြီးတိုင် အဆုံးသတ်ရန် သွားရောက်ခြင်းလည်း ဖြစ်၏။
ထို့နောက် နုဧကရာဇ်၏ အရိပ်လေးသည် ပင်လယ်ပြင်ပေါ်တွင် ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ယွင်ကျုံးဟဲ့ နောက်ကနေ လိုက်မသွားခဲ့ချေ။ သူ နုဧကရာဇ် ပျောက်ကွယ်သွားတဲ့ လမ်းကြောင်းကို စိုက်ကြည့်နေပြီး စကားတစ်ခွန်း ပြောလိုက်၏။ “အပြန်လမ်းကို လှည့်မယ်။”
ယွင်ကျုံးဟဲ့ မိစ္ဆာမြို့တော်သို့ ပြန်လာခဲ့သည်။ နောက်ပိုင်းတွင် တာ့ယန် အင်ပါယာ၏ စစ်တပ်များသည် မိစ္ဆာမြို့တော်မှ တစ်ဖွဲဖွဲ ဆုတ်ခွာလာခဲ့ကြပြီး ဤနေရာသည် ကျီရွှေ့အဖွဲ့အစည်း၏ နယ်မြေ ဖြစ်လာမှာ ဖြစ်သည်။
အနာဂတ်တွင် ကျီရွှေံ သိုင်းပညာ အဖွဲ့အစည်းကသာ ဤနေရာ၌ အမြဲတမ်း တပ်စွဲပြီး သိုင်းပညာကို သုတေသန ပြုလုပ်ကာ အသွင်ပြောင်း သားရဲများနှင့် အချိန် အကြာကြီး အတူတကွ ယှဉ်တွဲ နေထိုင်မှာ ဖြစ်သည်။ သို့ပေမည့် အသွင်ပြောင်း သားရဲများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖိနှိပ်ထားရပေလိမ့်မည်။
နှစ်ဝက်တိတိ အချိန်အတွင်းမှာပင် တာ့ယန် အင်ပါယာ၏ စစ်တပ် အများစုသည် မိစ္ဆာမြို့တော်မှ အပြည့်အဝ ဆုတ်ခွာ ပြီးစီးသွားခဲ့သည်။
ကျန်းကျိုးမြို့၊ နုလန်မြို့စား စံအိမ် အတွင်းတွင် ဝမ်းသာပီတိ ဖြစ်မှုများ ပြည့်နှက်နေပြီး မီးပုံးများ၊ အလှဆင် တန်ဆာများဖြင့် လှပစွာ ဆင်ယင်ထား၏။
လူတိုင်း ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်၏။ အောက်ရှင်း၊ မိခင် လျှိုသခင်မ၊ ညီမလေး အောက်နင်နင်၊ အစ်ကို အောက်ယွီ၊ သားဖြစ်သူ ယွင်ယောင်၊ မင်းသမီး ယင်ကျုး၊ သူမ၏ ကလေး နှစ်ယောက် ထို့အပြင် အလုပ်များနေသော အောက်မင် ပင် ရောက်ရှိလာသည်။
မိသားစု တစ်စုလုံးသည် မိခင် လျှိုသခင်မ၏ မွေးနေ့ကို ကျင်းပပေးနေကြသည်။ ကိတ်မုန့် စားပြီးနောက် ညစာကိုလည်း စားသောက်ကြကာ မိသားစု တစ်စုလုံး ညနက်သည်အထိ ဆူညံ ပျော်ရွှင်နေကြပြီး နောက်ဆုံးတွင် မြို့စား စံအိမ် တစ်ခုလုံး အေးချမ်း တိတ်ဆိတ်သွားသည်။ မိသားစု တစ်စုလုံး အိပ်မက် လောကထဲသို့ ဝင်ရောက်သွားကြ၏။
ယွင်ကျုံးဟဲ့သည် ငါးထပ် အဆောက်အအုံပေါ်တွင် ရပ်ကာ ကျန်းကျိုးမြို့ တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနေသည်။
အပြင်ပန်း အသွင်အပြင် အရ ကြည့်မည်ဆိုပါက ကျန်းကျိုးမြို့၏ အပြောင်းအလဲများမှာ သိပ်မကြီးမားဘဲ လွန်ခဲ့သော ဆယ်စုနှစ်ချီက ယွင်ကျုံးဟဲ့ မြင်တွေ့ခဲ့ရသော ကျန်းကျိုးနှင့် အတူတူပင် ဖြစ်သည်။ တိုက်အိမ်များ မဆောက်ရသေးသော်လည်း အိမ်အများအပြားကိုတော့ ပြုပြင်မွမ်းမံထားပြီး ဖြစ်၏။
ထို့အပြင် မီးပုံး အများအပြားကို လျှပ်စစ် မီးသီးများဖြင့် အစားထိုးထားပြီး နေရာ အများအပြားတွင် လျှပ်စစ်မီး ရရှိနေပြီ ဖြစ်သည်။
အတိုချုပ် ပြောရလျှင် ကျန်းကျိုးမြို့ တစ်ခုလုံးသာမက အရှေ့တိုင်း အင်ပါယာ တစ်ခုလုံး၏ မြို့ကြီးများသည် ယခင်ကအတိုင်း ရိုးရာဆန်ပြီး တရုတ်အငွေ့အသက် လွှမ်းမိုးနေဆဲ ဖြစ်၏။
အပိုင်း (၉၂၄)
“အရှင်ဧကရာဇ်...” အောက်မင် သည် အနောက်မှနေ၍ ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။
ယွင်ကျုံးဟဲ့ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ “လာခဲ့။”
အောက်မင် ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့၏ အနောက် ခြေတစ်လှမ်း အကွာတွင် ရပ်နေသည်။
“တာ့ကျိုး နိုင်ငံက တာ့ယန် အင်ပါယာ လက်အောက်ကို ဝင်လာတာ ဘယ်လောက် ကြာပြီလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
အောက်မင်က ဖြေသည်။ “တွက်ကြည့်မယ် ဆိုရင် အကြမ်းဖျင်း ငါးနှစ်လောက် ရှိပါပြီ။”
ယွင်ကျုံးဟဲ့က ပြော၏။ “ဟုတ်တယ်။ ငါးနှစ် ရှိပြီ။ ငါးနှစ် ဆိုတဲ့ အချိန်က ရှည်တယ်လို့ ပြောလို့ မရပေမယ့် တိုတယ်လို့လည်း ပြောလို့ မရဘူး။ ဒီကျန်းကျိုးမြို့ကို ကြည့်ရတာ အပြောင်းအလဲ သိပ်မရှိဘူးနော်။ အရှေ့တိုင်းက မြို့တွေ အားလုံးက အပြောင်းအလဲ သိပ်မရှိကြဘူးပဲ။”
အောက်မင်က ပြောလိုက်သည်။ “အရှင်မင်းကြီး ခွင့်လွှတ်ပါ။”
ယွင်ကျုံးဟဲ့က ပြော၏။ “ခင်ဗျားမှာ စိုးရိမ်ပူပန်စရာတွေ မရှိပါစေနဲ့၊ အမှန်တိုင်း ပြောပါ။”
အောက်မင်က ပြောသည်။ “အရှင်ဧကရာဇ်... တကယ်တော့ အရှေ့တိုင်းမှာ မူဝါဒသစ် တွေ အကောင်အထည် ဖော်တဲ့ နေရာမှာ အတားအဆီးတွေ အများကြီး ရှိနေပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အသေးစိတ် ပြောပြပါအုံး။”
အောက်မင်က ပြောသည်။ “ပထမဆုံး အနေနဲ့ အရှင်မင်းကြီးရဲ့ တာ့ယန် အင်ပါယာက ပြည်သူတွေ အပေါ်မှာ အရမ်း သဘောထား ကြီးလွန်းပါတယ်။ ဒါက တစ်နည်းအားဖြင့် ပြည်သူတွေကို နည်းနည်း အလိုလိုက်ထားသလို ဖြစ်နေပါတယ်။ နောက်ပြီးတော့ တာရှန်းမိစ္ဆာနိုင်ငံလည်း ပျက်စီးသွားပြီ ဆိုတော့ လူအများစုက ကြိုးစားချင်စိတ်တွေ ပျောက်ဆုံးသွားကြပါတယ်။ အရင် တာရှန်းမိစ္ဆာနိုင်ငံတုန်းက အရမ်းကို ရက်စက် အေးစက်လွန်းလို့ အဲဒီ ပညာတတ်တွေက မဆန့်ကျင်ရဲသလို၊ အသံလည်း မထွက်ရဲကြဘူး။
အခု အရှင်မင်းကြီးက လွတ်လပ်စွာ ပြောဆိုခွင့်ကို ခွင့်ပြုပေးထားတော့ သူတို့က ရူပဗေဒပညာ ယဉ်ကျေးမှုသစ်တွေကို ဆန့်ကျင်လာကြပြီး မူလက နိုင်ငံတော် အဆင့် စာမေးပွဲ အယူအဆတွေက ပြန်လည် ခေါင်းထောင်လာကြပါတယ်။ လူအများအပြားက အသစ်အဆန်း အရာတွေကို ဆန့်ကျင်နေကြပါတယ်၊ ဥပမာ လျှပ်စစ်မီးသီး၊ ရေနွေးငွေ့ စက်ဘီး၊ ဓာတ်ပြားဖွင့်စက်၊ ကင်မရာ စသည်ဖြင့်ပေါ့။”
ခဏမျှ ရပ်တန့်သွားပြီးနောက် အောက်မင်က ဆက်ပြော၏။ “အရင်က မိစ္ဆာမြို့တော်ကို တိုက်ခိုက်တုန်းက စစ်ပွဲကို အဓိက ထားရလို့ အဝေးပြေး လမ်းမကြီးတွေ အများကြီး ဖောက်လုပ်ခဲ့ပြီး စက်ရုံတွေ အများကြီး တည်ဆောက်ခဲ့ရတယ်။
အခု စစ်ပွဲ ပြီးသွားတော့ တချို့ စက်ရုံတွေကို ရေဘေး၊ မီးဘေး လိုမျိုး ကြောက်စရာကောင်းတဲ့ အရာတွေ အဖြစ် သတ်မှတ်လာကြတယ်။ မြင်းလှည်းတွေ သွားတဲ့ အဝေးပြေး လမ်းမကြီးတွေကို သိပ်မဆန့်ကျင် ကြပေမယ့် ရေနွေးငွေ့ စက်ဘီးတွေရဲ့ သံလမ်းတွေကိုတော့ လူအများအပြားက ဆန့်ကျင်ရုံတင် မကဘူး၊ ဖျက်ဆီးပစ်ဖို့တောင် လုပ်နေကြပါတယ်။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်ပြီး သိရှိကြောင်း ပြသလိုက်သည်။
အောက်မင်က ဆက်ပြော၏။ “ဒါ့အပြင် အောက်ခြေက အရာရှိ အများအပြားကလည်း အင်အား စုဆောင်း နေကြသလို၊ ပညာတတ် မျိုးနွယ်တွေနဲ့ ပြည်သူ အများအပြား ကလည်း အရှင်မင်းကြီးကို အသနားခံစာ တင်ချင်နေကြပါတယ်။ မြို့တော်ကို တရားဝင် သတ်မှတ်ပေးဖို့ အတွက်ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မြို့တော် သတ်မှတ်ဖို့။ တာ့ယန် အင်ပါယာရဲ့ မြို့တော်လား။”
အောက်မင်က ဖြေ၏။ “ဟုတ်ပါတယ်။ လူအများစုရဲ့ အမြင်မှာ အရှေ့တိုင်း လောကရဲ့ လူဦးရေက တာ့ယန် အင်ပါယာရဲ့ အများစု ဖြစ်နေလို့ တာ့ယန် အင်ပါယာသစ်ရဲ့ မြို့တော်ဟာ အင်ပါယာ မြို့တော်အဖြစ် မသင့်တော်တော့ဘူးလို့ ထင်နေကြပါတယ်။ ပြီးတော့ အရှင်မင်းကြီးက အရှေ့တိုင်း လောကမှာ ဧကရာဇ် အဖြစ် ဘိသိက်ခံခဲ့တာ ဆိုတော့ အရှေ့တိုင်းမှာပဲ မြို့တော်ကို သတ်မှတ်သင့်တယ်လို့ ထင်နေကြပါတယ်။ တာယင် မြို့တော်ပဲ ဖြစ်ဖြစ်၊ တာ့ရှ မြို့တော်ပဲ ဖြစ်ဖြစ်၊ ကျန်းကျိုးတောင် ဖြစ်နိုင်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးသည်။ “နောက်ထပ်ကော။”
အောက်မင်က အရဲစွန့်ကာ ပြောလိုက်၏။ “အရှင်ဧကရာဇ်... ကျုပ် သတ္တိမွေးပြီး အရှင်မင်းကြီးကို ကိစ္စ တစ်ခုလောက် မေးချင်ပါတယ်။”
ယွင်ကျုံးဟဲ့က သဘောတူလိုက်သည်။ “ပြော...”
အောက်မင်က မေးလိုက်၏။ “ကျုပ်တို့ တာ့ယန် အင်ပါယာက အဖွဲ့ တစ်ဖွဲ့တည်းလား၊ ဒါမှမဟုတ် အဖွဲ့ နှစ်ဖွဲ့လား။”
အောက်မင် မေးလိုက်သော မေးခွန်းမှာ အမတ်ကြီးများ အားလုံး မေးချင်နေသော မေးခွန်းလည်း ဖြစ်သည်။
ဤပြဿနာမှာလည်း အလွန် အရေးတကြီး ဖြစ်နေသည်။ ယခုအခါ စစ်ပွဲကြီး ပြီးဆုံးသွားပြီး တာ့ယန် အင်ပါယာသည် လောက တစ်ခွင်ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်၏။
သို့ပေမည့် တာ့ယန် အင်ပါယာသစ်နှင့် အရှေ့တိုင်း လောကသည် မိုင်သောင်းချီ ကွာဝေးသည်။ လက်ရှိ ဆက်သွယ်ရေး နည်းလမ်းများနှင့် သယ်ယူပို့ဆောင်ရေး အမြန်နှုန်းများဖြင့် ဤမျှ ကြီးမားသော အင်ပါယာကြီးကို အုပ်ချုပ်ရန်မှာ တကယ်ကို ခက်ခဲလွန်းသည်။
ထို့အပြင် အရေးအကြီးဆုံး အချက်မှာ ရည်မှန်းချက် ပျောက်ဆုံးသွားသော တာ့ယန် အင်ပါယာသည် ယခုမှစ၍ ရှေ့ဆက် တိုးတက်ရန် ခက်ခဲသွားပြီ ဖြစ်၏။
ယခု အရှေ့တိုင်း လောကကို ကြည့်ရုံဖြင့် သိနိုင်သည်။ လူအများစုက မူဝါဒသစ်များကို ဆန့်ကျင်နေကြပြီး ရူပဗေဒပညာ ယဉ်ကျေးမှုသစ်ကို ဆန့်ကျင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ရန်သူ မရှိ၊ ခြိမ်းခြောက်မှု မရှိတော့ချိန်မှာတော့ လူတိုင်းသည် ကိုယ်ပိုင် သက်သောင့်သက်သာဇုန် အတွင်းသို့ ဝင်ရောက်သွားချင်ကြသောကြောင့်ပင်။
‘စိုးရိမ်ပူပန်မှုတွေ ကြားမှာ ရှင်သန်ရပြီး၊ သက်သောင့်သက်သာ နေရရင်တော့ သေဆုံးရမှာပါပဲ။ လူတစ်ယောက်မှာ ရည်မှန်းချက် မရှိတော့ရင် သေချာပေါက် ကျဆင်းသွားမှာပါပဲ။’
ထို့အပြင် မြို့တော် သတ်မှတ်ရန် ကိစ္စမှာလည်း အလွန်တရာ ခက်ခဲသည်။ တာ့ယန်အင်ပါယာ၏ လူဦးရေ အများစုမှာ အရှေ့တိုင်းလောက၌ တည်ရှိနေကြသောကြောင့် တာ့ယန်အင်ပါယာသစ်တွင် မြို့တော် သတ်မှတ်မည်ဆိုပါက အုပ်ချုပ်ရေးကိစ္စရပ်များအတွက် အမှန်တကယ်ပင် အခက်အခဲရှိနိုင်၏။
အကယ်၍ အရှေ့တိုင်းလောက၌ မြို့တော် သတ်မှတ်မည်ဆိုပါကလည်း တာ့ယန်အင်ပါယာသစ်မှ ပြည်သူများ အတွက် နာကျင်ခံစားရမှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။
သတိပြုရမည်မှာ ဤစစ်ပွဲကြီးအတွက်လည်းကောင်း၊ တာရှန်းမိစ္ဆာနိုင်ငံကို အမြစ်ပြတ်သုတ်သင်ရန် အတွက်လည်းကောင်း တာ့ယန်အင်ပါယာသစ်သည် မရေမတွက်နိုင်သော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။
ဆယ်နှစ်နီးပါး ကြာမြင့်ခဲ့သည့် ဤစစ်ပွဲကြီးအတွင်း၌ တာ့ယန်အင်ပါယာသစ်အနေဖြင့် ရိက္ခာနှင့် အထောက်အပံ့ပစ္စည်းများကို မည်မျှ ပံ့ပိုးပေးခဲ့ရပါသနည်း။ စစ်သည်များ မည်မျှ အသက်စွန့်ခဲ့ရပါသနည်း။
စွမ်းဆောင်မှုနှင့် အကျိုးပြုမှုချင်း နှိုင်းယှဉ်ကြည့်မည်ဆိုပါက တာ့ယန်အင်ပါယာသစ်သည် ယခင် တာ့ယန်အင်ပါယာ (အရှေ့တိုင်းလောက) ထက် အဆမတန် သာလွန်နေပေသည်။
ထိုသို့ဆိုလျှင် မြို့တော်နှစ်ခု သတ်မှတ်ရမည်လော။ လောကဟောင်း၌ တစ်ခု၊ တာ့ယန်အင်ပါယာသစ်၌ တစ်ခု။ ထိုအရာမှာလည်း ဖြစ်နိုင်ချေမရှိပေ။ အချင်းချင်း သွေးကွဲမှုနှင့် စိတ်ဝမ်းကွဲပြားမှုများကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။
မည်သို့သောအခြေအနေသည် အကောင်းဆုံး ဖြစ်မည်နည်း။
တာ့ယန်အင်ပါယာတစ်ခုတည်း၏ လက်အောက်တွင် တည်ရှိနေပြီး လောကဟောင်းနှင့် လောကသစ်တို့က အပြန်အလှန် အဆက်မပြတ် ယှဉ်ပြိုင်ကာ တိုးတက်အောင် ကြိုးပမ်းကြလျက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးခြင်းကသာလျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။
“အရှင်ဧကရာဇ်... ထျန်းကျို့ သေတော့မယ်။” ယန်ဖျန်ရှန်က သတင်းပို့လိုက်၏။
ယခင် တာ့ကျိုး၏ မြို့တော်၊ ရှန်ချင်းနန်းဆောင်...
ဧကရာဇ် ထျန်းယန်သည် ဤနေရာတွင် နှစ်အတော်ကြာ နေထိုင်ခဲ့ဖူးပြီး မိစ္ဆာမြို့တော်မှ ထွက်ခွာလာပြီးနောက် ယွင်ကျုံးဟဲ့က သူ့ကို ဤနေရာတွင် ထပ်မံ ထားရှိခဲ့ခြင်း ဖြစ်သည်။ သို့ပေမည့် တိုင်းပြည်၏ ဖခင်ကြီး ဆိုသည့် အဆင့်အတန်း မရှိတော့ဘဲ သာမန် အလုပ်လက်မဲ့ လူတစ်ယောက်သာ ဖြစ်သည်။
ဤအချိန်တွင် ထျန်းကျို့ သည် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး သေလုမျောပါး ဖြစ်နေကာ ရောဂါကျွမ်းနေသည့် ပုံစံမျိုး မရှိပေ။ ကြည့်ရသည်မှာ သူက ကျန်းမာနေသေးသကဲ့သို့ပင် ဖြစ်လို့နေ၏။
သို့ပေမည့် ယွင်ကျုံးဟဲ့ကတော့ သူ၏ အသက်စွမ်းအင်များ မကြာမီ ပျောက်ကွယ်သွားတော့မည်ကို မြင်တွေ့နိုင်သည်။
“ဘာလဲ၊ ဇာတ်လမ်းကောင်းကြီး မပြီးသေးခင်မှာ ထွက်သွားတော့မလို့လား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
ထျန်းကျို့၏ မျက်နှာ အနည်းငယ် တုန်ယင်သွား၏။ အချိန် အတော်ကြာပြီးနောက် ထျန်းကျို့က ပြောသည်။ “အရှင်ဧကရာဇ်... အပြစ်သား ရှက်မိပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားက ဘာကို ရှက်ရမှာလဲ။”
ထျန်းကျို့က ဖြေသည်။ “တာရှန်းမိစ္ဆာနိုင်ငံပျက်စီးသွားပြီးတဲ့ နောက်မှာ အရှင်မင်းကြီးက အရမ်းကြီး ဝမ်းသာပီတိ ဖြစ်မနေသလို၊ လောကရဲ့ အရှင်သခင် ဆိုတဲ့ ဟန်ပန်မျိုးလည်း မရှိဘူး။ ပြီးတော့ ကောင်းကင်ကို ပူဇော်ပသတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရား တစ်ပါးလို တင်စားတာမျိုးလည်း မလုပ်ဘဲ၊ ပြောင်းပြန် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့တယ်။
အပြစ်သားရဲ့ အဆင့်အတန်းက အရမ်း နိမ့်ကျလွန်းလို့ အရှင်မင်းကြီးရဲ့ သဘောထား ကြီးမြတ်မှုကို အထင်သေးမိသွားတာပါ။ ပြီးတော့ ကိစ္စ အများအပြားကလည်း ကျုပ် ထင်ထားတာနဲ့ သိပ်မတူဘူး။ အရှင်မင်းကြီး မြင်တွေ့ရတဲ့ အမှန်တရား တွေက ကျုပ် မြင်တွေ့ရတာထက် ပိုပြီး ဝေးကွာတယ်။ အဲဒါကြောင့် ကျုပ်ရဲ့ အမှောင်တွေးခေါ်မှု တချို့က အရမ်း ရယ်စရာ ကောင်းပြီး အပေါ်ယံဆန်သွားလို့ ဆက်ပြီး စောင့်ကြည့်ဖို့ သတ္တိ မရှိတော့တာပါ။”
ယွင်ကျုံးဟဲ့က ကိုယ့်ကိုယ်ကိုယ် သရော်သည့် အပြုံးဖြင့် ပြောလိုက်၏။ “ကျုပ်က ခင်ဗျားတို့လို မဟုတ်ဘူး။ ခင်ဗျားတို့လို ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေ ရှိတဲ့ ဧကရာဇ်တွေက လောကကြီး တစ်ခုလုံးကို စစ်တုရင်ခုံ တစ်ခုလို သဘောထားပြီး ပြည်သူ သန်းရာချီကို စစ်တုရင် အရုပ်လေးတွေလို သဘောထားကြတယ်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ လူသန်းရာချီ သေဆုံးသွားရတာကိုတောင် ကိုယ့်ကိုယ်ကိုယ် ခမ်းနား ကြီးကျယ်တယ်လို့ ထင်နေကြသေးတယ်။
ကျုပ်က တစ်ခါမှ သမိုင်းမှာ အကြီးကျယ်ဆုံး ဧကရာဇ် ဖြစ်ဖို့ မတွေးခဲ့ဖူးသလို၊ ဘာကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်မှလည်း မရှိပါဘူး။ အဲဒါကြောင့် ခင်ဗျား ကြည့်ချင်တဲ့ ဇာတ်လမ်းကောင်းကြီးကို ကျုပ် မကပြချင်ပါဘူး။”
ထျန်းကျို့ အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
အချိန် အတော်ကြာပြီးနောက် ထျန်းကျို့က ပြောလိုက်၏။ “အရှင်ဧကရာဇ်... အပြစ်သားက ဒီလောကကြီး ကနေ မကြာခင် ထွက်ခွာရတော့မှာပါ။ မသေခင်မှာ အရှင်မင်းကြီးကို စကားတစ်ခွန်း ပြောချင်ပါတယ်။ ဒီစကားက ရင်တွင်းက လာတဲ့ စကားဖြစ်ပြီး နည်းနည်းလေးမှ ကိုယ်ကျိုး မပါပါဘူး။”
ယွင်ကျုံးဟဲ့က သဘောတူလိုက်သည်။ “ပြောပါ။”
ထျန်းကျို့က ပြော၏။ “အရှင်ဧကရာဇ်... လွှတ်ချသင့်တဲ့ အချိန်မှာ လွှတ်ချလိုက်ပါ။ အရာအားလုံးကို ကိုယ့်ပခုံးပေါ်မှာချည်းပဲ မထမ်းထားပါနဲ့။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ခင်ဗျားရဲ့ စကားကို ကျုပ် မှတ်ထားပါတယ်။”
ထို့နောက် ထျန်းကျို့ မျက်စိမှိတ်ကာ သေဆုံးသွားလေတော့သည်။ သာမန် လူတစ်ယောက် သေဆုံးသွား သကဲ့သို့ပင် ဖြစ်ပြီး မည်သည့် အထူး ခံစားခွင့်မှ မရရှိခဲ့ပေ။
နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့က အမိန့်တော် ထုတ်ပြန်လိုက်သည်။ တာ့ယန် အင်ပါယာ၏ ထိပ်သီး ခေါင်းဆောင်များ အားလုံး နုကျိုး တိုက်သစ်ကြီးတွင် အစည်းအဝေး ပြုလုပ်ရန်ပင် ဖြစ်၏။
ဤနယ်မြေသည် လူသူကင်းမဲ့သော နေရာဖြစ်ပြီး တာ့ယန် အင်ပါယာသစ်နှင့် အရှေ့တိုင်း လောက၏ အလယ်ဗဟိုတွင် တည်ရှိသည်။
၎င်းသည် ယခင်က အရှေ့ဘက်သို့ စစ်ချီစဉ်က ယွင်ကျုံးဟဲ့ ပထမဆုံး ဖော်ထုတ်ရန် အမိန့်ပေးခဲ့သော တိုက်သစ်ကြီး နုကျိုးပင် ဖြစ်သည်။ သို့ပေမည့် နောက်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဗဟိုချက်မှာ ယွင်ကျိုးအပေါ်သို့ ရောက်ရှိသွားခဲ့၏။
ယခုအခါ ယွင်ကျိုးတွင် လူဦးရေ ဆယ်သန်းကျော် ရှိနေပြီ ဖြစ်သော်လည်း နုကျိုး တိုက်သစ်ကြီးတွင်မူ လူဦးရေ သိန်းဂဏန်းခန့်သာ ရှိသေးပြီး ဖွံ့ဖြိုးတိုးတက်မှု အဆင့်မှာလည်း အလွန် နိမ့်ကျနေသေးသည်။
တာ့ယန် အင်ပါယာ တစ်ခုလုံး၏ ထိပ်သီး ခေါင်းဆောင်များ အားလုံး နုကျိုး တိုက်သစ်ကြီးရှိ ယာယီ နန်းတော်သို့ စုရုံးရောက်ရှိလာကြ၏။
အရှေ့တိုင်း လောကမှ အရာရှိများ ဖြစ်စေ၊ တာ့ယန် အင်ပါယာသစ်မှ အရာရှိများ ဖြစ်စေ ပထမဆုံးအကြိမ် အနေဖြင့် အတူတကွ စုရုံးမိကြခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့ ဆွေးနွေး တိုင်ပင်ခြင်း မပြုလုပ်ဘဲ တိုက်ရိုက် အမိန့်တော် ထုတ်ပြန်လိုက်သည်။ ပထမဆုံး အနေဖြင့် တာ့ယန် အင်ပါယာသည် ခွဲထွက်၍ မရနိုင်ပေ။
ဒုတိယ အနေဖြင့် တာ့ယန် အင်ပါယာသည် နုကျိုးကို မြို့တော် အဖြစ် သတ်မှတ်ပြီး ယန်ကျင်း သန့်ရှင်းသော မြို့တော် ဟု အမည်ပြောင်းလဲမှာ ဖြစ်သည်။
ဆိုလိုသည်မှာ ဤမြို့တော်သည် အရှေ့တိုင်းတွင် မဟုတ်သလို အနောက်တိုင်းတွင်လည်း မဟုတ်ဘဲ ထိုနှစ်ခု ကြားတွင် ရှိနေပေလိမ့်မည်။
တာ့ယန် အင်ပါယာကို ဘုရင်နိုင်ငံ သုံးခု အဖြစ် ခွဲခြားမည် ဖြစ်ပြီး အရှေ့ယန်၊ အနောက်ယန်နှင့် ပိုင်ယင် တို့ ဖြစ်ကြသည်။
ယခင် အရှေ့တိုင်း အင်ပါယာကြီး လေးခု (တာ့ရှ၊ တာယင်၊ တာ့ကျိုး၊ တာ့ရှီ) ကို အရှေ့ယန် ဘုရင်နိုင်ငံ လက်အောက်သို့ ထည့်သွင်းမှာဖြစ်၏။
ယခင် တာ့ယန် အင်ပါယာသစ် နှင့် ယွင်ကျိုး တို့ကို အနောက်ယန် ဘုရင်နိုင်ငံ လက်အောက်သို့ ထည့်သွင်းပြီး ယခင် ပိုင်ယင်မြို့ နှင့် ၎င်း၏ လက်အောက်ခံ နယ်မြေများ၊ ရေပိုင်နက် များကို ပိုင်ယင် ဘုရင်နိုင်ငံ လက်အောက်သို့ ထည့်သွင်းမှာဖြစ်သည်။
ဘုရင်နိုင်ငံ သုံးခုစလုံးတွင် ကိုယ်ပိုင် အစိုးရ အဖွဲ့များ သီးသန့် ရှိမှာဖြစ်သလို ကျီရွှေ့ သိုင်းပညာ အဖွဲ့အစည်း သည် ဘုရင်နိုင်ငံ သုံးခု၏ အပြင်ဘက်တွင် သီးခြား လွတ်လပ်စွာ တည်ရှိမည်ဖြစ်ပြီး ရုံးချုပ်ကို ယန်ကျင်း သန့်ရှင်းသော မြို့တော်တွင် ထားရှိကာ ဘုရင်နိုင်ငံ သုံးခုကို ကြီးကြပ်ကွပ်ကဲခွင့် ရှိမှာဖြစ်၏။
ထို့အပြင် ဘုရင်နိုင်ငံ သုံးခု၏ ဘုရင်များကိုလည်း ဘွဲ့ထူး ချီးမြှင့်ခ၏။ ကျီးယန် ကို အနောက်ယန် ဘုရင်နိုင်ငံ၏ ချင်ဝမ် အဖြစ်၊ ပိုင်ကု ကို ပိုင်ယင် ဘုရင်နိုင်ငံ၏ ချင်ဝမ် အဖြစ်၊ ယွင်ယောင် ကို အရှေ့ယန် ဘုရင်နိုင်ငံ၏ ချင်ဝမ် အဖြစ် အသီးသီး ဘွဲ့ထူး ချီးမြှင့်ခဲ့သည်။
နောက်ဆုံး လူနှစ်ဦးမှာမူ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ကျီးယန်သည် အနောက်ယန်ချင်ဝမ် ဖြစ်လာခြင်းကမူ လူအပေါင်းကို အလွန်တရာ အံ့အားသင့်စေခဲ့သည်။ ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့၏ သားသမီး မဟုတ်ပါဘဲလျက် အဘယ်ကြောင့် ကျီးယန် ဖြစ်နေရသနည်း။
သို့ရာတွင် မည်သို့ပင်ဖြစ်စေ ဤအရာသည် အမိန့်တော်ဖြစ်သောကြောင့် မည်သူမဆို နာခံ လက်ခံကြရမည်သာ ဖြစ်သည်။ ဤလောက၌ ပြည့်စုံကောင်းမွန်သော စနစ်ဟူ၍ အခြေခံအားဖြင့် မရှိနိုင်ချေ။
တတာ့ယန်အင်ပါယာတစ်ခုလုံးကို ဘုရင်နိုင်ငံသုံးခုနှင့် ကျီရွှေ့အဖွဲ့အစည်းဟူ၍ ပိုင်းခြားလိုက်ခြင်းသည် ယွင်ကျုံးဟဲ့ ရှိနေစဉ်ကာလ၌ အဆင်ပြေချောမွေ့နိုင်သော်လည်း သူ မရှိတော့သည့် အချိန်တွင်မူ ထိုဘုရင်နိုင်ငံသုံးခု၏ ပဋိပက္ခများသည် ဧကန်မလွဲ ပိုမိုနက်ရှိုင်းလာမှာဖြစ်ပြီး စစ်မက်ပြိုင်ဆိုင်မှုများအထိပင် ဖြစ်ပွားလာနိုင်သည်။
သို့ပေမည့် ထိုအခြေအနေသည်လည်း စီးဆင်းနေသော ရေအလျင်ကဲ့သို့ပင် ဖြစ်ပြီး ဝပ်စင်းရပ်တန့်နေသော ရေအိုင်ကြီးတစ်ခု မဟုတ်ပေ။ အချင်းချင်း ယှဉ်ပြိုင်ကြလျက် အပြန်အလှန် တိုးတက်အောင် ဆောင်ရွက်ခြင်းကသာလျှင် အရေးအကြီးဆုံး ဖြစ်၏။
ထို့အပြင် မည်သို့ပင်ရှိစေကာမူ အားလုံးသည် တာ့ယန်အင်ပါယာဟူသော အမည်နာမအောက်၌ တည်ရှိ နေကြပြီး စာပေ၊ ယဉ်ကျေးမှုနှင့် လူမျိုးနွယ်စုအားလုံး တူညီကြသောကြောင့် မိမိတို့အမျိုးအနွယ်များသာ ဖြစ်ကြသည်။
ကြယ်တာရာများနှင့် သမုဒ္ဒရာကြီးများကို အမှန်တကယ် အောင်နိုင်မည့်အချိန် ရောက်ရှိလာပါက တာ့ယန်အင်ပါယာတစ်ခုလုံးသည် အလိုအလျောက် သွေးစည်းညီညွတ်သွားကြပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်၌ လူသားယဉ်ကျေးမှုအတွက် ရည်မှန်းချက်ပန်းတိုင်အသစ်များ ရှိလာပြီ ဖြစ်သောကြောင့်ပင်။