အခန်း ၁၂၆၀
Vol. 84 Ch. 1260
အခန်း (၁၂၆၀) အန္တရာယ်ကြားမှ တော်ယု။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့် ခွဲခွာပြီးနောက်တွင် ချင်ယွင်သည် ရှေးဟောင်း တာအိုဆရာသခင်နှင့် အခြားသူများကို ရှာဖွေရန် စတင်ခဲ့သည်။
ချင်ယွင်သည် သူ၏ ရှာဖွေမူနှင့် ထိုက်တန်သော တစ်စုံတစ်ယောက်ကို အမှန်တကယ် တွေ့ရှိခဲ့သည်။ ထိုလူမှာ ချုယွန် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ချူယွန်သည် ဒုက္ခရောက်နေပုံရသည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရထားပြီး သူ၏နတ်ဘုရားခန္ဓာကိုယ် အများစုလည်း ပျက်ဆီးနေပြီ။ သူ့အသက် ဆုံးရှုံးလုနီးပါးပင်။
"အစ်ကို ချူယွန် ဘာဖြစ်နေတာလဲ?" ချင်ယွင်သည် ချူယွန်ထံ အမြန်ပြေးပြီး မေးလိုက်သည်။
ယခုအချိန်မှာ ချူယွင်၏ မျက်နှာသည် ဖြူဖျော့နေပြီ။ သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်တွင် ရှိနေခဲ့ပြီး၊ သူ၏နတ်ဘုရားခန္ဓာကိုယ်သည် လုံလောက်စွာ မသန်မာသေးပေ။ ထို့အပြင်၊ သူ၏ခွန်အားသည် ဤနတ်ဘုရားနယ်မြေ၌ အလွန်အမင်း ဖိနှိပ်ခံခဲ့ရပြီး သူ့နတ်ဘုရားခန္ဓာကိုယ်၏ ပြန်လည်ကုသရေး အမြန်နှုန်းမှာလည်း ပို၍နှေး ကွေးလာသည်။ ထို့ကြောင့် ယခုအချိန်တွင် သူသည် သူ၏ဒဏ်ရာမှ ပြန်လည် ကောင်းမွန်လာရန် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။
ကံကောင်းထောက်မစွာ၊ ချူယွန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း သူသည် စိတ်ဝေဝါးနေခြင်း မရှိပေ။ ချင်ယွင်ကိုမြင်လိုက်သောအခါ, သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ဒါဆို ညီအစ်ကိုချင်ပေါ့။ ငါ အဆင်ပြေပါတယ်၊ နည်းနည်းပါးပါး ဒဏ်ရာရသွားတာပါ။ မကြာခင် ပြန်ကောင်းလာမှာပါ" ချူယွန်က သူ့မျက်နှာကို အတင်းပြုံးပြပြီး ပြောသည် ။
ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး "အစ်ကိုချူကို ဘယ်သူ ထိခိုက်အောင် လုပ်တာလဲ" ဟု မေးလိုက်သည်.
"တော်ယုပဲ.." ချူယွန်က ခါးသီးသော အပြုံးဖြင့် ပြောသော်လည်း သူ့မျက်နှာမှာ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ရှိနေသေးသည်။
"တော်ယုလား..?" ထိုစကားကို ကြားတော့ ချင်ယွင်၏ အမူအရာက လေးနက်လာသည်။
"သူမက နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ရဲ့ ပုံရိပ်ယောင်ထဲ ကျရောက်သွားပြီး၊ ငါ့ကို သူမရန်သူအဖြစ် သဘောထားခဲ့တာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် သူမက ငါ့ကို တိုက်ခိုက်ခဲ့ တာပဲ။ ဟုတ်တယ်။ ငါလည်း အရင်က ပုံရိပ်ယောင်ထဲ ကျရောက်ပြီး၊ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။" ချူယွန်က ခါးသီးသော အပြုံးဖြင့် ပြောသည်။
သို့သော် ချင်ယွင်က ခေါင်းခါလိုက်သည်။
"တော်ယုရဲ့ ကျင့်ကြံမူအရဆို, သူမက အစ်ကိုချူရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာမျိုး အစ်ကိုချူ မတွေးဖူးဘူးလား။ အစ်ကိုချူရဲ့နယ်ပယ်က ဖိနှိပ်ခံထားရပေမဲ့ အစ်ကိုချူရဲ့ ခွန်အားက သူမအထက်မှာ ရှိနေသင့်တယ်လေ။ အစ်ကိုချူအနေနဲ့ ဘယ်လိုလုပ် ဒဏ်ရာ ရနိုင်မှာလဲ" ချင်ယွင်သည် ချူယွန်ကို ကြည့်ကာ မေးလိုက်သည်။
ထိုစကားကိုကြားမှ ချူယွင်သည် ချက်ချင်း အံ့အားသင့်သွားတော့သည်.
ထိုမေးခွန်းကို သူ အရင်က မစဉ်းစားဖူးပါဘူး။ ယခင်က တော်ယုသည် ရုတ်တရတ် လှုပ်ရှားခဲ့ပြီး သူမလက်ဖဝါးတစ်ချက်ကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ၎င်းသည် တော်ယု၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့်ဟု သူထင်ခဲ့သော်လည်း ယခုအခါ ထိုလက်ဖဝါး ရိုက်ချက်သည် အလွန်ထူးခြားနေပုံရသည်။
တော်ယု၏ခွန်အားဖြင့် ခိုးကြောင်ခိုးဝှက် ဝင်တိုက်ခိုက်ခြင်း ဖြစ်နေလျှင်ပင်, သူမသည် ချူယွန်ကို ဤမျှအတိုင်းအတာအထိ ထိခိုက်ဒဏ်ရာရစေရန်မှာ မဖြစ်နိုင်ပေ။ တော်ယု၏ စွမ်းအားသည် သူ့အထက်တွင် ရှိနေသည်မှာ ထင်ရှားသည်။
"ဒါဆို မင်း ဘာကိုဆိုလိုချင်တာလဲ။" ချူယွန်သည် ချင်ယွင်ကိုကြည့်ကာ မေးလိုက်သည်။
"အရင်က နီထိုက်စွေ့မှာ ငါ ကြုံတွေ့ခဲ့ပြီးပြီ။ သူ့ကို မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်က ချုပ်ကိုင်ထားခဲ့တယ်။" နောက်ပိုင်းမှာ, ငါက အဲဒီ အကြွင်းအကျန် စိတ်ဝိညာဉ်ကို သတ်ဖြတ်နိုင်တဲ့အတွက် ကံကောင်းသွားတယ်။ အခု နီထိုက်စွေ့က ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတယ်။ ငါ သူ့ကို မနိုးရသေးဘူး။ လမ်းခရီးမှာလည်း ဓားမြှုပ်နှံခြင်းတောင်တန်းကို အတူတူဝင်ခဲ့တဲ့ နောက်ထပ် စုံတွဲတစ်တွဲ ကို တွေ့ခဲ့တယ်။ အဲဒီအမျိုးသမီးက သူမအဖော်ဖြစ်သူကို ရုတ်တရက် သတ်ပစ်လိုက် သည်။ သူမရဲ့ခန္ဓာကိုယ်ကိုလည်း အကြွင်းကျန် စိတ်ဝိညာဉ်က သိမ်းပိုက်ထားတယ်။" ချင်ယွင်က တိုက်ရိုက်မဖြေဘဲ သူအရင်က တွေ့ကြုံခဲ့ရသည့် အဖြစ်ပျက်များကို ပြောပြလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ချူယွန်၏ မျက်လုံးများသည် ချက်ချင်း ပြူးကျယ်သွားပါ သည်။
ချင်ယွင်၏လေသံက တည်ငြိမ်နေသော်လည်း တုန်လှုပ်ချောက်ချားဖွယ် ခံစားချက်ကို ပေးစွမ်းသည်။
ဓားမြုပ်နှံခြင်းတောင်တန်းထဲမှာ ရှေးဟောင်းနတ်ဘုရားများ၏ စိတ်ဝိညာဉ်များသည် သူတို့ကို သိမ်းပိုက်သွားနိုင်သည့် အခြေအနေမျိုး ရှိနေသည်ဟု သူကြားဖူးခဲ့သည်မှာ ကြာမြင့်လှပါပြီ။ သို့သော်, သူ့ဘေးမှာ ယခုလိုအဖြစ်ပျက်မျိုး တကယ်ဖြစ်လာလိမ့်မည်ဟု သူ မည်သည့်အခါမှ မတွေးခဲ့မိခဲ့ပါဘူး။ ထို့အပြင်, သူသည် အခုလေးတင် သိမ်းပိုက်ခံထား ရသည့် လူတစ်ယောက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း မထင်ခဲ့မိခဲ့ပါဘူး။
“ဒါဆို တော်ယုလည်း သိမ်းပိုက်ခံထားရတာ ဖြစ်နိုင်ချေများတယ်" ချူယွန်က အံ့သြသည့် အမူအရာဖြင့် ခန့်မှန်းလိုက်သည်။
ချင်ယွင်၏ အမူအရာက လေးနက်တည်ကြည်နေပြီး ချူယွန်၏စကားကို ပြန်လည် ဖြေကြားခြင်း မရှိပေ။
အမှန်တကယ်ဆို, သူသည်လည်း တော်ယု၏ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်း အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခု ရှိနေသည်ဟု သံသယဖြစ်မိသည်။ ယခုအခါ၊ ထိုရှေးဟောင်း အကြွင်းအကျန် စိတ်ဝိညာဉ်သည် တော်ယု၏စိတ်ဝိညာဉ်ကို နီထိုက်စွေ့ကဲ့သို့ လုံးဝ ဝါးမျိုမသွားနိုင်စေဖို့သာ မျှော်လင့်ရတော့သည်။
ယခင် နီထိုက်စွေ့၏ အခြေအနေက, ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် နီထိုက်စွေ့၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူ့ခန္ဓာကိုယ်ကို အစပြု ထိန်းချုပ်ထားသော် လည်း နီထိုက်စွေ့၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ထားရုံသာဖြစ်ပြီး ဝါးမျိုးခြင်း မရှိခဲ့ပေ။ .ထို့ကြောင့်သာ ချင်ယွင်က သူ့ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ့စိတ်ဝိညာဉ်ကို လုံး၀ ဝါးမျိုခြင်းမရှိသည့် အကြောင်းအရင်းကလည်း, ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် နီထိုက်စွေ့၏ခန္ဓာကိုယ်ကို စိတ်ကျေနပ်မူ မရှိသောကြောင့် ဖြစ်သည်။ ယင်းအစား, သူသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို လိုချင်နေခဲ့သည်။ သူ နီထိုက်စွေ့၏ စိတ်ဝိညာဉ်ကို ဝါးမျိုလိုက်သည်နှင့် သူ့စိတ်ဝိညာဉ်သည် နီထိုက်စွေ့၏ စိတ်ဝိညာဉ်နှင့် လုံးလုံး ပေါင်းစပ်သွားလိမ့်မည်။ ထိုအချိန်တွင် သူလည်း ဖိနှိပ်ခံရမည်ဖြစ် သည်။ သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်တော့မည် မဟုတ်သလို ချင်ယွင်အပေါ်ကိုလည်း အခွင့်ကောင်းယူနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ချင်ယွင်သည် တော်ယု၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့် အကြွင်းကျန် စိတ်ဝိညာဉ်သည် သူမကို ဝါးမျိုခြင်းမရှိဖို့ မျှော်လင့်မိသည်။ ထိုမှသာ တော်ယုလည်း အသက်ရှင်ရန် အခွင့်အလမ်းရှိလိမ့်မည်။
ဝါးမျိုခံရပြီးသည်နှင့်, အကယ်၍, ဘိုးဘေးနတ်ဘုရား ကြွလာမည်ဆိုလျှင်ပင်, လုံးဝ အသုံးမဝင်တော့ပေ။
"ညီအစ်ကိုချင်, ဒီတော်ယုက အခြားလူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆို တော့, အခုနက သူမက ငါ့ကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီးနောက်၊ ငါ့ကို သတ်မသွားခဲ့ တာ ဘာကြောင့်လဲ။" ချူယွန်သည် သူ့စိတ်ထဲတွင် သံသယများဖြစ်ပေါ်လာသဖြင့် မေးလိုက်သည်။
အကယ်၍ တော်ယုသည် တစ်စုံတစ်ဦး၏ သိမ်းပိုက်ခြင်းကို ခံထားရပြီး၊ ချူယွန်ကိုပင် တိုက်ခိုက်နေပြီ ဖြစ်သောကြောင့်၊ သူဒဏ်ရာရပြီးနောက် အဘယ်ကြောင့် ရုတ်တရက် ထွက်သွားရသနည်း။
"ငါလည်း ဒါကို တွေးနေတာ။ တော်ယုကို မတွေ့မချင်း ငါလည်း ဒီအကြောင်းကို မသိလောက်ဘူး။" ချင်ယွင်က ချူယွန်ကို ပြောသည် ။
ချူယွန်က ခေါင်းညိတ်လိုက်ပြီး ဘာမှ မမေးတော့ပေ။ ထို့နောက်, သူသည် သူ့ဒဏ်ရာတွေ ကို တိတ်တဆိတ် ကုစားလိုက်သည်။
"ငါ ကူညီပါရစေ" ချင်ယွင်သည် ချူယွန်၏ ခန္ဓာကိုယ်ထဲသို့ အသက်သစ်ပင်၏ အသက် စွမ်းအားကို ထည့်သွင်းပေးရင်း ပြောလိုက်ပါသည်။
ချင်ယွင်၏ခွန်အားများ ဆက်လက်တိုးလာသည်နှင့်အမျှ အသက်သစ်ပင်သည်လည်း ကြီးထွားလာသည်။ အသက်သစ်ပင်၏ အသက်စွမ်းအားသည်လည်း နတ်ဘုရားခန္ဓာကိုယ် ကို ပြန်လည်ကုသခြင်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိသည်။ ထို့ကြောင့် ချင်ယွင်သည် ယခုအချိန်တွင် ချူယွန်၏ခန္ဓာကိုယ်ထဲသို့ အသက်စွမ်းအားကို ထည့်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်သည် ချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
ချူယွန်သည် သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ချင်ယွင် ပေးပို့သော အသက်စွမ်းအားကို တိတ်တဆိတ် စုပ်ယူနေဆဲ ဖြစ်သည်။ မကြာခင်မှာပင် သူ့ဒဏ်ရာက တစ်ဝက်ကျော်လောက် သက်သာသွားခဲ့သည်။
မူလက သုံးရက်လောက်ကြာမည့် ဒဏ်ရာများသည် အခုအခါ သုံးနာရီအတွင်း လုံးဝ သက်သာသွားပြီ။
ဤအရာက ချူယွန်ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။ ဤနတ်ဘုရားနယ်မြေအတွင်း၌၊ နတ်ဘုရားတန်ခိုး လှည့်ပတ်ခြင်းအမြန်နှုန်းကို ကြီးမားစွာ ဖိနှိပ်ခံထားရသည်။ ယင်းကြောင့် နတ်ဘုရာ်ခန္ဓာကိုယ် ပြန်လည်ကုစားရာမှာပင် နှေးကွေးပြီး သနားစရာပင် ကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော် ချင်ယွင်၏အကူအညီဖြင့် အချိန်ကို ဆယ်ဆအပြည့် ထိ လျှော့ချနိုင်ခဲ့သည်။ ဤအရာက အမှန်တကယ်ပင် သူ့ကို စိတ်ကူးမယဉ်နိုင်လောက် အောင် ခံစားရစေပြီး၊ သူ့စိတ်ထဲတွင် ချင်ယွင်က သာမန်ထက် ထူးခြားသည်ဟု ခံစားရစေ သည်။
"အစ်ကို ချူယွန်, အစ်ကိုချူရဲ့ ဒဏ်ရာတွေလည်း သက်သာလုနီးပါး ဖြစ်နေပြီ။ အစ်ကိုချူကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီးနောက်, တော်ယု ဘယ်လမ်းကြောင်းကို သွားလဲဆိုတာ ငါ သိနိုင်မလား။" ချင်ယွင်သည် ချူယွန်ကိုကြည့်ကာ မေးလိုက်သည်။
"မှတ်မိသလောက်ဆို, သူမက အဲဒီလမ်းကြောင်းအတိုင်း သွားနေတာ။" ချူယွန်ညွှန်ပြပြီး ချင်ယွင်အား ပြောလိုက်သည်။
"ကောင်းပြီ။ ဒါဆိုလည်း အဲဒီလမ်းကြောင်းအတိုင်း သွားကြည့်ရအောင်။" ချင်ယွင်က ချူယွန်ကို ပြောသည်။ သူပြောပြီးနောက် သူက ဦးဆောင်ပြီး ထိုလမ်းကြောင်းဘက်ကို ပြေးသွားတော့သည်.
ချူယွန်လည်း တုံ့ဆိုင်းမနေဘဲ ချင်ယွင်နောက်သို့ တိုက်ရိုက် လိုက်ပါသွားခဲ့သည်။
သို့သော် သူတို့ သိပ်အဝေးကြီး မရောင်ခင်မှာ အဝေးမှ ထိတ်လန့်တကြား အော်ဟစ်သံက ထွက်ပေါ်လာသည်။
"အား.....ငါ့ကို ကယ်ပါဦး။"
အသံသည် ဝါးတောထဲအုပ်တွင် ပဲ့တင်ထပ်နေပြီး ချင်ယွင်၏ နားထဲသို့ တိုးဝင်လာသည်။
ချင်ယွင်နှင့် ချူယွန်တို့၏ အမူအရာများသည် တစ်ချိန်တည်းမှာ ပြောင်းလဲသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤအသံပိုင်ရှင်သည် တော်ယုမှလွဲ၍ အခြားမဟုတ်သောကြောင့် ပင်။
"သွားကြည့်ရအောင်။" ချင်ယွင်နှင့် ချူယွန်တို့သည် အကြည့်ချင်းဖလှယ်ကာ ပြောလိုက် သည်။
ထို့နောက် ခေါင်းညိတ်ပြပြီး၊ သူတို့နှစ်ဦးသည် အသံထွက်ပေါ်လာသည့် လမ်းကြောင်းဆီသို့ ပြေးသွားကြသည်။
စာစဉ် (၈၄) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။ (၂၁.၁၂.၂၀၂၄)။