← Chapters

အခန်း ၁၂၇၅

Vol. 85 Ch. 1275

အခန်း ၁၂၇၅

Vol. 85 Ch. 1275

အခန်း (၁၂၇၅) ငါးမိုက်ကြီး။

"ဟူး…”။

ချင်ယွင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်လုံးများတွင် ရွှင်မြူးနေသည့် အရိပ်ယောင်များ ပေါ်နေသော်လည်း, သူ့မျက်နှာမှာ ဖုံးကွယ်ထား၍ မရနိုင်သည့် ပင်ပန်း နွမ်းနယ်နေသော အရိပ်အယောင်များ ရှိနေပါသေးသည်။

သူ၏နတ်ဘုရားခန္ဓာကိုယ် နာရီအတော်ကြာ သန့်စင်ပြီးနောက်၊ သူ၏ နတ်ဘုရား ခန္ဓာကိုယ်သည် အဆင့် ၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

တစ်ရာခိုင်နှုန်းသာ ရှိသော်လည်း၊ နတ်ဘုရားကမ္ဘာ၌ပင် နာရီအနည်းငယ်အတွင်း ၁ ရာခိုင်နှုန်းသို့ ရောက်ရှိရန်မှာ အလွန်ရှားပါးပါသည်။

ထို့အပြင်, ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်သည် အခြားသူများထက် များစွာ သန်မာပါ သည်။ ၎င်းသည် ၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ၎င်းသည် အခြားသူများ၏ နတ်ဘုရား ခန္ဓာကိုယ် ၃၀ ရာခိုင်နှုန်းထက် မနိမ့်ကျပေ။

တစ်နည်းဆိုရသော်၊ ချင်ယွင်၏ လက်ရှိနတ်ဘုရားခန္ဓာကိုယ်သည် အခြားသူများ၏ ၃၀ ရာခိုင်နှုန်းထက် အားမနည်းပေ။ ဤအရာအားလုံးသည် အခုမှ အစသာ ဖြစ်ပါသေးသည်။

ချင်ယွင်သည် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို လုံးဝ သန့်စင်ပြီးနောက်၊ သူသည် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့်ပင် ယှဉ်နိုင်သော နတ်ဘုရားခန္ဓာကိုယ်၏ ခွန်အားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ သူသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိကောင်း ရောက်ရှိသွားနိုင်သည်။

အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ အခုမှ ဝင်ရောက်ကာစဖြစ်သည့် ကျွမ်းကျင်သူ တစ်ဦးသည် နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့် သို့မဟုတ် အထွတ်အထိပ် ကြယ်နတ်ဘုရားအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနေပြီ။ ဤအရာ က လုံးဝကို မထင်မှတ်စရာပင်။ သူ၏ အစွမ်းထက်သော နတ်ဘုရားတန်ခိုးများအပြင်၊ သူ၏သိပ်သည်းထားသောချီစွမ်းအားပါ ထည့်သွင်းလိုက်လျှင်, သူသည် ကြယ်နတ်ဘုရား အဆင့်အတွင်းမှာ ပြိုင်ဘက်ကင်း တည်ရှိမှုအဖြစ် ထူထောင်ရန် လုံလောက်ပါသည်။ သူ၏ ဖင်းဂေါ့ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်ကြံမူများပါ ထည့်သွင်းလိုက်လျှင်, သူသည် မြေကမ္ဘာ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် နည်းလမ်းအချို့ကြောင့် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့ပါသည်။ သို့သော်, သူသည် အချိန်အကြာကြီး ထိထိရောက်ရောက် မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် သူ၏ လက်ရှိ ခွန်အားအစစ်အမှန် သည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်၌သာ ရှိနေပါသေးသည်။

ချင်ယွင်သည် မျက်လုံးများကို ဖွင့်ကြည့်ပြီးနောက်တွင် လူတိုင်းက တစ်စုံတစ်ခုကို စောင့်ကြည့်နေသကဲ့သို့ သင်္ဘောလေးကိုင်းပေါ်တွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။

ချင်ယွင်က စိတ်ဝင်တစား မတ်တပ်ထရပ်ပြီး သင်္ဘောလေးကိုင်းရှေ့ကို လှမ်းကြည့်လိုက်ပါ သည်။

ထိုမြင်ကွင်းကိုမြင်တော့, ချင်ယွင်၏မျက်နှာက ချက်ချင်းဆိုသလို အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။

"ကုန်းမြေလား”။ ချင်ယွင်က ဝမ်းသာအားရ ပြောလိုက်ပါသည်။

သူ့ရှေ့မှာ တခြားဘာမှ မရှိပါဘူး။ လက်ဖဝါးအရွယ်အစားရှိ မြေကွက်တစ်ခု ရှိနေခြင်း ဖြစ်သည်။ ဧရာမသင်္ဘောကြီး ဆက်လက်ရှေ့တိုးလာသည်နှင့်အမျှ ထိုမြေကွက်သည် အဆက်မပြတ် ကျယ်ပြန့်လာသည်။

ပတ်ဝန်းကျင်မှ လူတိုင်း၏မျက်နှာများက ပျော်ရွှင်မူအပြည့် ဖြစ်နေကြသည်။ သူတို့ အတွက်မူ၊ ထိုကုန်းမြေသည် အကန့်အသတ်မရှိသော ဤရေကန်ကြီးထက် ပိုလုံခြုံသည်။

ဤနတ်ဘုရားနယ်မြေအတွင်းမှာ နေရာတိုင်း၌ အန္တရာယ်များ ရှိနေမည်ကို သူတို့ သိထားကြသော်လည်း၊ ထိုကုန်းမြေသည် သူတို့ကို တုနှိုင်းမရအောင် ပျော်ရွှင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

ထိုအခိုက်တန့်တွင်, ကောင်းကင်ယံမှာ ငါးဝမ်းဗိုက်ကဲ့သို့ အဖြူရောင် သမ်းနေပါပြီ။ မိုးလင်းခါနီးတွင် ရေကန်ပတ်လည်ရှိ မြူခိုးတိမ်တိုက်များသည် ပိုမိုပါးလွှာလာသည်။ ချင်ယွင်နှင့် အခြားသူများ၏ မြင်ကွင်းသည်လည်း ပိုမိုကျယ်ပြန့်လာသည်။

"ငါတို့ ကုန်းပေါ်ရောက်ရင် အဲဒီငါးက ကမ်းပေါ်တက်ပြီး လိုက်ဖမ်းနိုင်လား။" ချင်ယွင်သည် သူမ၏ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသော ယောင်ဖုန်းထံသို့ လှည့်၍ မေးလိုက်သည်။

"မဖမ်းနိုင်လောက်ဘူး။ ဒါပေမယ့် သူက ငါတို့ကို လွယ်လွယ်နဲ့ ကမ်းပေါ်တက်ခွင့် မပေးလောက်ဘူး။ ခဏကြာရင် နောက်ထပ် တိုက်ပွဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရမှာကို ငါ စိုးရိမ်မိတယ်။" ယောင်ဖုန်းက ပြောသည်။

ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သို့ဖြစ်လာမည်ဟု သူ မျှော်လင့်ထားသော်လည်း ယောင်ဖုန်း၏စကားကို ကြားပြီးနောက်, သူသည် အနည်းငယ် မျက်မှောင်ကြုတ်နေရဆဲပင်။

"ဘာလဲ?. မင်းက ကြောက်နေတာလား?။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ရှားရှားပါးပါး ဟာသနှောင်ဟန်ဖြင့် မေးလိုက်ပြီး, သူမမျက်နှာက အပြုံးမပျက်ပေ။

ထိုစကားကို ကြားတော့ ချင်ယွင်က ရယ်လိုက်ပါသည်။

"သေချာပေါက်၊ ငါ ကြောက်တာပေါ့။ အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ငါက ဘယ်လိုလုပ် မကြောက်ဘဲနေမလဲ?။ ဒါပေမယ့်, ငါကြောက်လည်း, တိုက်ခိုက်ရမှာပဲလေ။ သူတောင် လာရဲမှတော့, ငါလည်း တိုက်ခိုက်ရဲရ မှာပေါ့။” ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။ သူ့အမူအရာက ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်ကို သယ်ဆောင်ထားပြီး ဆက်ပြီး နှောင်ပြောင်လိုက် သည်။

သူချင်ယွင်သည် သေမျိုးကမ္ဘာမှ စတင်လျှောက်လှမ်းခဲ့သည်။ သူ့ထက် ခွန်အားကြီးသော ရန်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး သေခြင်းတရားမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ပြီး၊ ရှုံးနိမ့်မှုများစွာကို အောင်ပွဲအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သူသည် သူတော်စင်တစ်ဦး မဟုတ်ပေ။ ကမ္ဘာပြိုကျပျက်ဆီးချိန်မှာ သူ့အမူအရာကို မပြောင်းလဲဘဲ ထိန်းသိမ်းထားရန် မှာ မဖြစ်နိုင်ပေ။ သို့သော် သူနားလည်သည့်် တစ်ချက်တစ်ချက် ရှိသည်။ သူမ မည်မျှပင် ကြောက်လန့်နေပါစေ, ထိုအကြောက်တရားကို သူ နည်းနည်းလေးမှ ထုတ်မပြခဲ့ပါဘူး။ ရှင်သန်ရန် မျှော်လင့်ချက် တစွန်းတစရရှိရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို သူ စဉ်းစားနေသည်။

အဘယ်ကြောင့်ဆိုသော် သင်သည် သနားညှာတာရန် များများတောင်းပန်လေ၊ သင်၏ ရန်သူများက သင့်အား မထီမဲ့မြင်ပြုလေဖြစ်ပြီး၊ အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့လေ ဖြစ်သည်။

သူသည် ကောင်းကင်နှင့်မြေကြီးကိုပင် မကြောက်တော့သည့် လူတစ်ဦး ဖြစ်ချင်သည်ဆို လျှင်, သူစိတ်ထဲမှာ အကြောက်တရားရှိနေလျှင်ပင်, သူသည် ကောင်းကင်နှင့်မြေကြီး ရှေ့မှာ မတ်မတ်ရပ်နေရလိမ့်မည်။

ဤသည်မှာ သူ့ဘဝလမ်းတစ်လျှောက်လုံး သူ့သွေးနှင့်ရင်းခဲ့ပြီး ချင်ယွင် နားလည်ထား သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ထိုအမှန်တရားသည် အလွန်ရိုးရှင်းသော်လည်း ရည်မှန်းချက်ပြည့်မြောက်အောင် လုပ်ဆောင်ရန်အတွက်မူ အလွန်ခက်ခဲခဲ့ပါသည်။

ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် ချင်ယွင်၏စကားကို ကြားသောအခါ၊ သူမသည် ချင်ယွင်ကို အလေးအနက် စိုက်ကြည့်ပြီးနောက် စကားရပ်လိုက်သည်။

"တကယ်လို့ သူ တကယ်ပဲ ရောက်လာခဲ့မယ်ဆိုရင်, ငါကိုယ်တိုင် သူ့ကို တားဆီးပါရစေ။ မင်းက သူတို့ကို တိုက်ခိုက်လာခြင်းမှ ကာကွယ်ပေးပါ”။

သို့သော် ယောင်ဖုန်းသည် နှုတ်ဆိတ်သွားပြီးနောက် မကြာမီ ချင်ယွင်က ရုတ်တရက် ပြောလိုက်သည်။

ယောင်ဖုန်းသည် အံ့အားသင့်သွားသည်။ သူမက ရုတ်တရက် ချင်ယွင်ကို တစ်ခုခု ပြောချင်သကဲ့သို့ ခေါင်းမော့လိုက်သည်။ သို့သော် ချင်ယွင်က သူ့ကို ကြည့်မနေခဲ့ကြောင်း သူမ သိလိုက်ရသည်။ ယင်းအစား သူသည် ရှေ့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် နှိုင်းစာ၍မရသည့် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ရှိနေသည်။

"မင်း တကယ်ပဲ ယုံကြည်ချက်ရှိနေတာလား?” ယောင်ဖုန်းသည် တခဏလောက် စဉ်းစားပြီးနောက် မထိန်းနိုင်ဘဲ မေးလိုက်သည်။

"မရှိဘူး”။ ငါ လုံးဝကို ယုံကြည်မူမရှိဘူး။" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

ယခု သူသည် နတ်ဘုရားတန်ခိုးများနှင့် ပေါင်းစပ်နိုင်သော်လည်း၊ အလယ်အလတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ လေစားလောက်သည်အထိ လုံလောက်ခြင်း မရှိသေးပါဘူး။

ယောင်ဖုန်းသည် တခဏအတွင်း ပြောစရာစကားမဲ့သွားခဲ့သော်လည်း, သူမသည် သဘောတူခဲ့ပါသေးသည် "ကောင်းပြီလေ၊ ငါ သူတို့ကို ဘေးကင်းစွာနဲ့ ကမ်းပေါ် လိုက်ပို့ပေးမယ်”။

ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ့မျက်နှာပေါ်မှာ အပြုံးမပျက် ပေါ်လာပါသည်။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် ထိုသို့သော စကားမျိုးကို ပြောနိုင်မည်ဟု ယုံကြည်ကြောင်း သူ သိပါသည်။

တော်ယုသည် ခပ်ဝေးဝေးတွင် ရပ်နေကာ ချင်ယွင်ကို ဝမ်းနည်းသော အမူအရာဖြင့် ကြည့်နေလေသည်။

ဟုတ်ပါသည်။ သူမသည် ချင်ယွင်နှင့် ယောင်ဖုန်းတို့ စကားပြောနေသည်ကို မနာလို ဖြစ်မိသော်လည်း သူမစိတ်ထဲမှာ သူမကိုယ်သူမသာ အပြစ်တင်နေခဲ့မိပါသည်။

သူမသည် သူမတို့၏ရတနာဖြစ်သော စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရယူရန် အတွက် ဤနတ်ဘုရား နယ်မြေသို့ လာချင်ခဲ့သူ ဖြစ်သည်။ သို့သော် လမ်းတစ်လျှောက်လုံး တွင် သူမသည် မည်သည့် အခန်းကဏ္ဍကမှ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ယင်းအစား၊ သူမသည် ချင်ယွင်နှင့် အခြားလူများကိုပင် အောက်သို့ဆွဲချနေသည် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့ သည်။

ချင်ယွင်နှင့် အခြားလူများသည် ခက်ခဲသည့် အခြေနေနှင့် ရင်ဆိုင်နေရသည်ကို သူမ မြင်နေရသော်လည်း သူမသည် လုံးဝ မကူညီနိုင်ခဲ့ပါဘူး။ ထုံးစံအတိုင်း သူမနှလုံးသားထဲ တွင် အလွန်အမင်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမသည် စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရှာဖွေပြီး၊ မြေခွေးဘိုးဘေး နောက်ကွယ်မှာ ကျန်ရစ်ခဲ့သော စွမ်းအား ကို ရရှိပြီးနောက်, သူမသည် ချင်ယွင်၏နောက်ကွယ်မှာ သေချာပေါက် ရပ်နေတော့မည် မဟုတ်ပေ။ ယင်းအစား၊ သူမသည် ချင်ယွင်နှင့် ဘေးချင်းယှဉ်ကာ တိုက်ခိုက်မည်ဟု သူမစိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုလိုက်မိပါသည်။

"ဘုန်း”။

တော်ယုသည် သူမကိုယ်သူမ နောင်တရနေချိန်မှာ, ရှေ့ရေကန်ထဲမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းခွန်သည် မည်သည့် အချိန်ကတည်းမှန်းမသိ သင်္ဘောရှေ့တွင် ပေါ်လာခဲ့ပြီး သင်္ဘောကြီး၏လေးကိုင်းကို လက်ဖဝါးဖြင့် ပုတ်ချလိုက် သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သင်္ဘောပေါ်သို့ ချက်ချင်း ကျဆင်း သွားသည်။ သင်္ဘောကြီးသည် ရှေ့သို့ မသွားနိုင်ရုံသာမကဘဲ, မီတာတစ်ထောင်ခန့်ပင် နောက်ပြန် လှည့်သွားခဲ့သည်။

"ဟမ်၊ မင်းတို့အားလုံး ဒီနေ့ ကမ်းပေါ်ကို ဘယ်သူမှ မတက်နိုင်ဘူး။ အထူးသဖြင့် မင်းပဲ”။ ကျန်းခွန်သည် ချင်ယွင်ကို စူးစိုက်စိုက် ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသများ ပြည့်နှက်နေသည်။

ထိုစကားကို ကြားပြီး, သင်္ဘောပေါ်ရှိ လူတိုင်း မျက်မှောင်ကြုတ်သွားကြသော်လည်း ယောင်ဖုန်းဆီကို လှည့်ကြည့်လိုက်ရင်း ချင်ယွင်၏ အမူအရာမှာ တည်ငြိမ်နေသည်။

ချင်ယွင် ပြောလိုသည့်အရာကို ယောင်ဖုန်းက ချက်ချင်း သဘောပေါက်သွားသည်။ သူမက ဦးဆောင်ပြီး "စိတ်မပူပါနဲ့၊ ငါပြောခဲ့တဲ့အတိုင်း, ငါ သူတို့ကို ကမ်းပေါ်ရောက်အောင် သေချာပေါက် ပို့ဆောင်ပေးမယ်။ ဒါပေမယ့်, မင်းပဲ။ မင်း တကယ်ပဲ ငါလှုပ်ရှားပေးဖို့ မလိုအပ်ဘူးလား"။

"စောင့်ကြည့်လိုက်ပါ”။ ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး သူ့နောက်ကျောမှ နဂါးအတောင်ပံများကို ဖြန့်လိုက်ပါသည်။ သူသည် ကုန်းပတ်ပေါ်မှ ပျံတက်သွားပြီး လေထဲတွင် လွင့်မျောနေ၏။

"ငါးမိုက်ကြီး၊ ခင်ဗျား ကျုပ်ကို လိုက်ရှာနေတာ မဟုတ်လား?။ ဒါဆို ခင်ဗျား ကျုပ်ကို တိုက်ခိုက်ဖို့ သတ္တိရောရှိရဲ့လား?" ချင်ယွင်က သူ့လက်ထဲတွင် နတ်ဘုရားဆေဘာကို ကိုင်ထားပြီး ကျယ်လောင်စွာ အော်ဟစ်ရင်း ကျန်းခွန်ကို ကြည့်လိုက်သည်။ သူ့အသံသည် ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ကျယ်လောင်သည့်အပြင် သူ့လေသံက အကန့်အသတ်မဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

စာစဉ် (၈၅) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်. (၂၆.၁၂.၂၀၂၄)

All Chapters