အခန်း ၁၂၇၆
Vol. 86 Ch. 1276
အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၆)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၂၇၆) ရူးသွပ်ဖွယ်တိုက်ပွဲ။
ကျန်းခွန်၏ နှလုံးသားတွင် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး၊ ထို “ငါးငတုံးကြီး”ဟူသော စကားကို ကြားလိုက်ရပြီးနောက် သူ့အဆုတ်သည် အမျက်ဒေါသ ကြောင့် ပေါက်ကွဲတော့မည်ဟုပင် ခံစားလိုက်ရသည်။
ချင်ယွင်ကို ကြည့်နေရင်း သူ့မျက်လုံးများက နီရဲသထက် နီရဲလာခဲ့ပြီး သူ့ခန္ဓာကိုယ်က ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များဖြင့် ရစ်ဝဲနေခဲ့သည်။
"ချာတိတ်လေး၊ မင်းက သေမယ် မသေဘူးဆိုတာကို တကယ် မသိသေးဘူးလို့ ငါထင်တယ်။ မင်းအနေနဲ့ နောက်ဆုံးအကြိမ်တုန်းကလို လှည့်ကွက်တွေသုံးပြီး ငါ့ရဲ့ နတ်ဘုရားတန်ခိုးကို ယူဆောင်ကာ၊ ငါ့ကို အနိုင်ယူနိုင်ဦးမယ်လို့ မထင်လိုက်နဲ့။ ငါ မင်းကို ပြောပြမယ်။ ဒီတစ်ကြိမ်, အဲဒီလိုလုပ်ဖို့ မင်းကို အခွင့်ရေး နည်းနည်းလေးတောင် ပေးမှာ မဟုတ်တော့ဘူး။ ငါကျန်းခွန် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ငါ ပြောပြမယ်။” ကျန်းခွန်က အေးစက်စွာ အော်ပြောလိုက်သည်။ သူ နောက်ဆုံးစကားကို ပြောလိုက်စဉ်မှာ နတ်ဘုရားလျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်ယံ၌ ပေါက်ကွဲ သွားပြီး သူ၏ အငွေ့အသက်က ကြောက်ရွှံ့ဖွယ်ကောင်းလှသည်။
ကျန်းခွန်စကားကို ကြားတော့ ချင်ယွင်က မထီမဲ့မြင် ပြုံးလိုက်ပြီး ကျန်းခွန် လုံးဝ ပေါက်ကွဲ သွားစေလောက်သည့် စကားတစ်ခွန်းကို ထုတ်ပြောလိုက်ပါသည် “ငါးငတုံးကြီး”။
"အား.....ငါ မင်းကို သတ်မယ်" ကျန်းခွန်၏ ခန္ဓာကိုယ်သည် ချက်ချင်း ဆိုသလိုပင် လျှပ်စီးများဖြင့် ရစ်ပတ်သွားပြီး ရူးသွပ်သည့်အခြေအနေသို့ ဝင်ရောက်သွားကာ ချင်ယွင် ဆီသို့ တဟုန်ထိုး ပြေးသွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, လေးကိုင်းပေါ်ရှိ လူတိုင်း ရယ်ချင်စိတ်နှင့်အတူ စိုးရိမ်မူကိုပါ ခံစားလိုက်ရပါသည်။
သေချာသည်မှာ, ချင်ယွင်သည် “ငါးငတုံးကြီး” ဟူသော စကားလုံးကို ထုတ်ဖော် ပြောဆို လိုက်ခြင်းကြောင့် ရယ်စရာကောင်းသော်လည်း၊ ကျန်းခွန်သည် တွေ့ရာကြုံရာလူများကို ကိုက်နေသည့် ခွေးရူးတစ်ကောင်ကဲ့သို့ အလွန် ဒေါသထွက်သွားခဲ့သည်။
ထုံးစံအတိုင်း၊ သူတို့သည် ချင်ယွင်ကို စိတ်ပူနေမိသည်။ ကျန်းခွန်၏ စွမ်းအားသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိနေခဲ့သည်။ ချင်ယွင်၏ ခွန်အားဖြင့် သူ့အားတွန်းလှန်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ချင်ယွင်၏ အနိုင်ရ နိုင်ခြေသည် သုညနီးပါးဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။
သို့သော်လည်း ဤကာလအတွင်းမှာ ချင်ယွင်နှင့် ပူးပေါင်းပြီးနောက်၊ ချင်ယွင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သူ မဟုတ်ကြောင်း အားလုံးက သိရှိထားကြသည်။ ထုံးစံအတိုင်း၊ ချင်ယွင်မှာ ထိုကဲ့သို့ပြုလုပ်ရခြင်း၏ သူ့ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေပါလိမ့်မည်။
အခုချိန်မှာ သူတို့အားလုံး လုပ်ရမည့်အရာက ကိုယ့်ကိုယ်ကို ဂရုစိုက်နေရန် ဖြစ်ပြီး၊ ချင်ယွင်အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် ဆွဲမချမိစေရန် ဖြစ်ပါသည်။
ဝှီး..။
ချင်ယွင်သည် သူ့ဆီသို့ အပြေးအလွှား ပြေးလာနေသော ကျန်းခွန်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများက ရုတ်တရက် စူးရှလာသည်။
သို့သော်လည်း, သူသည် ထိပ်တိုက်ရင်ဆိုင်မှု မပြုခဲ့ပေ။ ယင်းအစား သူသည် ပြန်လှည့်ပြီး ရေကန်၏ မျက်နှာပြင်ဆီကို ပြေးသွားခဲ့သည်။
"မင်းက ထွက်ပြေးချင်လား?။ အိပ်မက်မက်နေတာပဲ”။
စဉ်းစားမနေဘဲ ကျန်းခွန်သည် ကြီးမားလှသော သွေးနီရောင် ငါးခေါင်းကြီးအဖြစ် ပြောင်းလဲကာ ချင်ယွင် ထွက်ပြေးသွားသည့် လမ်းကြောင်းကို အမြန်လိုက်ရင်း ရေကန်ထဲ သို့ ငုပ်လျှိုးလိုက်ပါသည်။
သူ၏ ပင်မခန္ဓာကိုယ်သည် သဘာဝအားဖြင့် ချင်ယွင် ပြေပြခဲ့သော အသေကောင်ငါးကြီး မဟုတ်သလို မြေဆီလွှာငါးကြီးလည်း မဟုတ်ပေ။ သူသည် ရှေးဟောင်း နတ်ဘုရားသားရဲ အဖွဲ့ဝင်ဖြစ်သည့် ရှေးဟောင်းသွေးန ဂါးငါးကြီးတစ်ကောင် ဖြစ်သည်။ သို့ရာတွင်၊ ရှေးဟောင်းနတ်ဘုရား သားရဲအားလုံးလိုလို တုနှိုင်းမရအောင် အစွမ်းထက်ကြသည်တော့ မဟုတ်ပေ။ ဤရှေးဟောင်းသွေးနဂါးငါးကြီးသည် အားနည်းသော ရှေးဟောင်း နတ်ဘုရား သားရဲများ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ထို့ကြောင့် သူသည် ဤရေကန်ထဲတွင် ပုန်းအောင်းနေပြီး, တစ်နေ့တွင် ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်လာပြီးမှ ဤရေကန်ထဲမှ ထွက်သွားရန် ရည်ရွယ်ပြီး၊ တိတ်တဆိတ် ကျင့်ကြံနေခြင်း ဖြစ်သည်။ သူ၏ ကျော်ကြားမူ ဂုဏ်သတင်းသည် ကောင်းကင်ကို တုန်လှုပ်စေရမည်။ ထို့အပြင် သူအမုန်းဆုံးအရာက သူ့ကို ငါးတစ်ကောင် ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။
ယခု ပုရွက်ဆိတ်တစ်ကောင်သာသာ ဖြစ်သည့် ချင်ယွင်လို လူတစ်ယောက်က သူ့ကို ငါးငတုံးကြီးဟု နှစ်ကြိမ်သုံးကြိမ်တိုင်တိုင် အော်ခေါ်လာသောအခါ, သူသည် မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်တော့မည်နည်း?။
ချင်ယွင်၏ အရှိန်ဟုန်သည် မယုံနိုင်လောက်အောင်ပင် မြန်ဆန်လွန်းသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် မိုင်ပေါင်းများစွာ ဝေးရာသို့ ပျံသန်းသွားခဲ့သည်။ သို့သော်လည်း ကျန်းခွန်၏ အသွင်ပြောင်းထားသော ခန္ဓာကိုယ်၏ အရှိန်ဟုန်သည် ချင်ယွင်ထက် အားမနည်းပေ။ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် ရေကန်မျက်နှာပြင်ကို လျင်မြန်စွာ ချိုးဖျက်ပြီး ထက်ရှသော မြှားတစ်စင်းကဲ့သို့ ချင်ယွင်နောက်သို့ လိုက်သွားခဲ့ သည်။
ဘန်း..။
ချင်ယွင်နှင့် ကျန်းခွန်တို့သည် မိုင်တစ်ရာဝေးသော အရပ်သို့ ပျံသန်းပြီးနောက်တွင် ချင်ယွင်သည် ရှေ့ဆက် မပျံသန်းတော့ပေ။ ယင်းအစား, သူက ချက်ချင်း ပြန်လှည့်ပြီး သူ့ဆေဘာဖြင့် ခုတ်ပိုင်းလိုက်သည်။ နတ်ဘုရားတန်ခိုးခြောက်မျိုးစွမ်းအားသည် ထိပ်တန်း အဆင့် နတ်ဘုရားဆေဘာထဲသို့ ချက်ချင်း တိုးဝင်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာနေ သော ကျန်းခွန်ဆီသို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
ဆေဘာအလင်းသည် ပေတစ်ရာ ရှည်လျားသည်။ ပေါင်းစပ်နတ်ဘုရားတန်ခိုး ခြောက်မျိုး သည် ကိုးရောင်ခြယ် နတ်ဘုရားအလင်းတန်းကို ထုတ်လွှတ်ပြီး၊ ချင်ယွင် ခုတ်ပိုင်းလိုက် သော ဆေဘာအလင်းတန်းသည် ထူးထူးခြားခြား လှပနေကာ၊ ကျန်းခွန်ဆီကို တုနှိုင်းမရအောင် ကြောက်စရာကောင်းသော စွမ်းအားဖြင့် ဖြတ်တောက်သွားခဲ့သည်။
ကျန်းခွန်၏ ကြီးမားလှသော ဧရာမမျက်လုံးများသည် ပြင်းထန်သော ဒေါသနှင့်အတူ ချက်ချင်း ပြူးထွက်လာသည်။ သူ့ဦးခေါင်းသည် ရေမျက်နှာပြင် အထက်မှာ ပေါ်လာပြီး သူ့ပါးစပ်ထဲမှ လျှပ်စီးဓားတစ်လက်ကို ချက်ချင်း ထွေးထုတ်လိုက်သည်။
"ဘုန်း”။
ချင်ယွင်၏ နတ်ဘုရားတန်ခိုးနှင့် ကျန်းခွန် ထွေးထုတ်လိုက်သော လျှပ်စီးဓားသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားကာ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်ပြီးနောက် ရေကန်၏ မျက်နှာပြင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီး များ ထွက်ပေါ်လာခဲ့သည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ တိုက်ခိုက်မှုလဲ။" ချူယွန်သည် တိုက်ပွဲကို အဝေးမှ ကြည့်နေရင်း အံ့သြတကြီး မအော်ပြောဘဲ မနေနိုင်ခဲ့ပေ။ သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မူများဖြင့် ပြည့်နေခဲ့သည်။
ချူယွန်သာမကဘဲ တခြားသူများလည်း ဤပုံစံအတိုင်းပင်။
မိုင်တစ်ရာဝေးကွာသော်လည်း၊ ချင်ယွင်နှင့် ကျန်းခွန်တို့၏ နတ်ဘုရားတန်ခိုးသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သူတို့ ခံစားရဆဲ ဖြစ်သည်။
ယောင်ဖုန်းလည်း အလွန်အံ့သြသွားသည်။ သူမသည် လေးနက်သော အမူအရာဖြင့် အဝေးမှ ချင်ယွင်ကို ကြည့်လိုက်သည်။
အစောပိုင်းက ချင်ယွင်၏ ခုတ်ပိုင်းချက်၏ စွမ်းအားသည် သူမ၏ တိုက်ခိုက်မှုထက် နိမ့်ကျနေသော်လည်း၊ ပိုဆိုးဝါးခြင်းမျိုး မဟုတ်ပေ။ အခုမှ နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ကာစ လူတစ်ယောက်အနေဖြင့် အလယ်အလတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်ဖော်ပြသနိုင်ခြင်းကို သူမသည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲပါသည်။ ထို့အပြင် ချင်ယွင်သည် မည်သည့် နတ်ဘုရားတန်ခိုးကို အသုံးပြုခဲ့သနည်း။ ထိုနတ်ဘုရားတန်ခိုးကို သူမ မမြင်ဖူးတာ ဘာကြောင့်ပါလဲ။
နတ်ဘုရားကမ္ဘာတွင်၊ နတ်ဘုရားတန်ခိုး အမျိုးအစား နှစ်မျိုး သို့မဟုတ် သုံးမျိုးအထိပင် ကျင့်ကြံထားသူများ ရှိကြသော်လည်း၊ ၎င်းတို့သည် ထိုနတ်ဘုရားတန်ခိုးများကို အတူတကွ မပေါင်းစပ်နိုင်ကြပေ။ ထို့ကြောင့်၊ ချင်ယွင်၏ နတ်ဘုရား တန်ခိုစွမ်းအားသည် နတ်ဘုရားတန်ခိုး အမျိုးအစား ခြောက်မျိုးကို ပေါင်းစပ်ခြင်းဖြင့် ရရှိခဲ့သည့်အကြောင်းကို ယောင်ဖုန်းသည်ပင် တွေးတောနိုင်စွမ်းမရှိခဲ့ပေ။
"သွားကြစို့”။ အရင်ဆုံး ကမ်းပေါ်တက်ကြရအောင်။ ကမ်းပေါ်ရောက်မှ ငါတို့ စကား ပြောကြတာပေါ့”။ ယောင်ဖုန်းက ပြောသည်။ သူမစကားပြောပြီးသည်နှင့် သူမသည် နတ်ဘုရားသင်္ဘောကြီးကို စတင်အသက်သွင်းရန် သူ၏နတ်ဘုရားတန်ခိုးကို ချက်ခြင်း စုစည်းပြီး ကမ်းစပ်ဆီသို့ ရွက်လွှင့်ခဲ့သည်။
သင်္ဘောသည် ကမ်းနှင့် မီတာတစ်သောင်းအောက် ကွာဝေးသော်လည်း ယောင်ဖုန်း၏ နတ်ဘုရားတန်ခိုးအောက်တွင် သူတို့သည် အသက်ရူချိန်တစ်ရာကျော်အတွင်းမှာ ကမ်းပေါ်သို့ အမြန်ဆင်းသက်နိုင်ခဲ့သည်။ သို့သော်, သူတို့သည် ချက်ချင်း ထွက်ခွာမသွား ကြပေ။ ယင်းအစား၊ သူတို့သည် ကမ်းပေါ်၌ ရပ်ကာ ချင်ယွင်၏ တိုက်ပွဲကို အဝေးက တိတ်တဆိတ် ကြည့်နေရင်း၊ သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာကိုယ်စီဖြင့် ကြည့်နေကြသည်။
ယခုအချိန်တွင် ချင်ယွင်သည် ကျန်းခွန်နှင့် လုံးဝ တိုက်ခိုက်နေပြီ ဖြစ်သည်။ ကျန်းခွန်သည် လည်း သူ၏လူသားပုံစံကို လုံးဝ ပြန်လည်ပြောင်းထားပြီ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရား လျှပ်စီးများသည် အဆုံးမဲ့ဖြစ်နေပြီး ချင်ယွင်ကို အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။
ချင်ယွင်သည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ဝှေ့ယမ်းပြီး ပေါင်းစပ်နတ်ဘုရားတန်ခိုး ခြောက်မျိုး၏ စွမ်းအားကို တိုက်ခိုက်ရန် အသုံးပြုထားသည်။
သို့သော်လည်း ချင်ယွင်၏ခွန်အားသည် ကျန်းခွန်ထက် အဆပေါင်းများစွာ နိမ့်ကျနေ သေးသည်။ ပေါင်းစပ်နတ်ဘုရားတန်ခိုး ခြောက်မျိုး၏ စွမ်းအားသည် ထူးထူးခြားခြား အစွမ်းထက်သော်လည်း ၎င်းတို့နှစ်ဦးကြားရှိ ကွာဟမှုကို ဖြည့်ဆည်းရန် အလွန်ခက်ခဲ နေသေးသည်။ ထို့ကြောင့် ချင်ယွင်သည် လုံးဝ ဖိနှိပ်ခံထားရသည်။ ရုတ်တရက်, ပင်လယ်ထဲမှာ ပုတ်ခတ်နေသည့် လှိုင်းလုံးတွေက သူ့ကို အချိန်မရွေး ရိုက်ခတ်သွားပြီး ပင်လယ်ကြမ်းပြင်ထဲကို ပစ်ချသွားနိုင်ပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, အားလုံး၏အမူအရာတွေက ပို၍ပင် စိုးရိမ်လာခဲ့ကြသည်။
"ချင်ယွင်၊ နင် မရှုံးနိုင်ဘူး။ အဲဒီအနံ့အသက်ဆိုးကောင်ကြီးကို သတ်ပစ်လိုက်စမ်း" ချင်ယွင် ရှုံးတော့မည်ကို မြင်လျှင် တော်အန်းသည် အဝေးမှ ချင်ယွင်ကို အမြန်အော်ဟစ်ပြီး အားပေးလိုက်သည်။
တစ်ဖက်မှ တော်ယုသည် သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး၊ သူမမျက်နှာမှာ စိုးရိမ်မှုများဖြင့် ပြည့်နေခဲ့သည်။
ယောင်ဖုန်း၏ အမူအရာက တည်ငြိမ်နေသော်လည်း သူမ၏မျက်ခုံးနှစ်ခုကြားတွင် စိုးရိမ်မှု အရိပ်အယောင်ကို မြင်နေရဆဲပင်။
"စိတ်မပူပါနဲ့၊ ဒီကောင်စုတ်လေးက ဘာပဲဖြစ်ဖြစ် သေမှာတော့ မဟုတ်ဘူး။" ချင်ယွင်၏ အကြောင်းကို အကောင်းဆုံးသိရှိထားသည့် ရှေးဟောင်းတာအိုဆရာသခင်က ပြောလိုက် သော်လည်း၊ သူ့မျက်နှာပေါ်မှ အမူအရာက အဆင်မပြေလှပေ။
"ဘုန်း”။
အားလုံးက စိုးရိမ်နေကြစဉ်မှာ, ကျန်းခွန်၏လက်မှ နတ်ဘုရားလျှပ်စီး အမြောက်အမြား ရုတ်တရက် ပစ်လွှတ်လိုက်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
ချင်ယွင်သည် သူအား ဧရာမသံတူကြီးဖြင့် ရိုက်နှက်ခံရသကဲ့သို့ ချက်ချင်း ခံစားရပြီး၊ သူ့တစ်ကိုယ်လုံးသည် ရေကန် အောက်ခြေသို့ တိုက်ရိုက် ပစ်ကျသွားခဲ့သည်။
အဝေးမှ တော်ညီအစ်မသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ, သူမတို့ပါးစပ်တွေကို ကိုယ်စီဟထားပြီး သူမတို့ မျက်နှာများက အံ့သြနေသည့် အမူအရာများ ဖြစ်ပေါ်လာကြ သည်။
ယောင်ဖုန်းသည် သူမ၏ လက်ထဲတွင် နှင်းဓားက ထွက်ပေါ်လာစဉ်, သူမ၏ မျက်ခုံးများကို အဆုံးထိ ရှုံ့တွထားသည်။
နတ်ဘုရားလျှပ်စီးဖြင့် လွှမ်းခြုံထားသည့် ကျန်းခွန်က ကျယ်လောင်စွာ ရယ်မောရင်း ပြောသည် "ဟား…၊ ဟား…၊ ဒီနေ့က မင်းရဲ့သေနေ့ပဲ။ မင်းရဲ့ အရိုးတွေကို တစ်ချောင်းပြီး တစ်ချောင်း ငါ ဝါးမျိုချတော့မယ်။"
ထိုစကားကို ပြောပြီးနောက် ကျန်းခွန်သည် ကြီးမားသော ခန္ဓာကိုယ်ကြီးအဖြစ် အသွင်ပြောင်းကာ ရေကန်အောက်ခြေသို့ ဝင်ရောက်သွားခဲ့သည်။