အခန်း ၁၂၈၇
Vol. 86 Ch. 1287
အခန်း (၁၂၈၇) ရှောင်ချင်းဖန်၏ အတွေးများ
ချင်ယွင်နှင့် အခြားသူများသည် သတ္တမမြောက် နတ်ဘုရားကျောက်တောင်၏ ပထမဆုံး ကန့်သတ်ချက်ကို ဖြတ်ကျော်ရန် ရုန်းကန်နေကြစဉ်မှာ ရှောင်ချင်းဖန်နှင့် သူ့အစေခံတို့ သည် ပြန်ရောက်လာခဲ့ကြသည်။
ရှောင်ချင်းဖန်နှင့် သူ့အစေခံတို့သည် မြင့်မားလှသော အနက်ရောင် နတ်ဘုရား ကျောက်တောင်ကြီးများကို ကြည့်ရန် ခေါင်းကိုမော့လိုက်ကြပြီး၊ သူတို့၏မျက်လုံးများက အမျက်ဒေါသများ ပေါက်ကွဲထွက်နေကြပါသည်။
"သခင်လေး, ငါတို့ အပေါ်တက်ပြီး သူတို့အားလုံးကို သတ်ပစ်သင့်လား" ရှောင်ချင်းဖန်၏ နောက်မှာ ရပ်နေသည့် မောက်မာသော ထိုအစေခံက သတ္တမမြောက် နတ်ဘုရားတောင်ကို ကြည့်ပြီး အထင်သေးဟန်ဖြင့် ပြောလိုက်ပါသည်။
သူ့အမည်မှာ တုအန်း ဖြစ်ပြီး၊ သူသည် ကောင်းကင်ဘုံမြို့တော်၏ အမာခံအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သို့သော် သူသည် ရှောင်ချင်းဖန်၏နောက်လိုက်အဖြစ် လိုလိုလားလား လုပ်ဆောင်နေခဲ့သည်။
ရှောင်ချင်းဖန်သည် ကောင်းကင်ဘုံမြို့တော်, မြို့တော်သခင်၏ သားဖြစ်ပြီး၊ အနာဂတ်မှာ ကောင်းကင်ဘုံမြို့တော်၏ဆက်ခံသူ ဖြစ်လာလိမ့်မည်။ သူ့နောက်ကို လိုက်ပါခြင်းက, သူသည် အရင်းအမြစ် အများအပြားကို ရရှိနိုင်ရုံသာမက, ကောင်းကင်ဘုံမြို့တော်မှာ အဆင့်အတန်း ကောင်းကောင်းဖြင့် ရပ်တည်နိုင်ပါလိမ့်မည်။
သူ၏ ကျင့်ကြံမှုသည် ကောင်းကင်ဘုံမြို့တော်၏ ပင်မအဖွဲ့ဝင်များကြားမှာပင် ထင်ရှားသူ ဖြစ်ပြီး၊ ကောင်းကင်ဘုံမြို့တော်၏ ပင်မအဖွဲ့ဝင်များကြားတွင် သူ၏ အဆင့်အတန်းက မနိမ့်ကျပေ။ သူသည် ရှောင်ချင်းဖန်ဘေးမှ နာမည်ကြီး လူတစ်ယောက်ဖြစ် ဖြစ်သော ကြောင့် ဤအရာအားလုံး ဖြစ်လာခဲ့ရသည်။ တခြားလူများသည် ဘုန်းကြီးကို မကြည့်ချင် ဘူးဆိုရင်တောင်, မြတ်စွာဘုရား၏ မျက်နှာတော်ကိုတော့ ကြည့်ရပါလိမ့်မည်။ (ဤစကား ၏ အဓိပ္ပာယ်ကို နားလည်မည်ဟု ထင်ပါသည်)။
သို့သော်လည်း ရှောင်ချင်းဖန်သည် တုအန်း၏ စကားကို ကြားသောအခါတွင်, သူသည် သူ့နဖူးသူ ပြန်ရိုက်လိုက်ပြီး၊ တုအန်းကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ "မင်းက လူတုံးလူအ တစ်ယောက်လား?။ ဒီအနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးတွေက ဘယ်လောက် အန္တရာယ်များလဲဆိုတာ မင်း မသိတာလည်း မဟုတ်ဘူး။ အပေါ်တက်ရ မယ်။ ဟုတ်လား?။ မင်းရဲ့အသက်ကရော ရှင်သန်နိုင်ပါ့မလား?။ ပုရွက်ဆိတ် အနည်းငယ် ကို သတ်ဖို့အတွက် မင်းရဲ့အသက်ကို ဆုံးရှုံးခံတာ ထိုက်တန်ရဲ့လား?။"
"မတန်ဘူး၊ မတန်ပါဘူး” တုအန်းက ကမန်းကတန်း ပြုံးလိုက်သည်။
"ဟမ့်၊ ဒါက ပုရွက်ဆိတ်နည်းနည်းလေပဲလေ။ သူတို့က တကယ်ကို နတ်ဘုရား ကျောက်တောင်ထဲ ဝင်သွားဝံ့တယ်။ တောင်ပေါ်တစ်ဝက်လောက် ရောက်တာနဲ့ သူတို့ အားလုံး သေသွားမှာတောင် ငါ စိုးရိမ်မိသေး။ ငါတို့က ဘာလို့ လှုပ်ရှားရမှာလဲ?" ရှောင်ချင်းဖန်က လှောင်ပြောင် ပြောလိုက်သည်။ သူ့အကြည့်တေါက သတ္တမမြောက် နတ်ဘုရားကျောက်တောင်ကို မျှော်ကြည့်ရင်း အထင်သေး ရှုတ်ချမှုများဖြင့် ပြည့်နှက်နေ သည်။
"ဒါဆိုလည်း သခင်လေး, ငါတို့က ဘာလို့ ဒီကိုပြန်လာရတာလဲ?။ သူတိုက ဒီနတ်ဘုရား ကျောက်တောင်ပေါ်မှာ သေချာပေါက် သေကြမှာပဲ။ ဒါဆို ငါတို့က ဘာလို့ ထွက်မသွား သေးတာလဲ" တုအန်းက ထပ်မေးသည်။
သို့သော် သူပြောပြီးသည်နှင့် တပြိုင်နက် သူပြောတာ မှားသွားမှန်း သိလိုက်ရသည်။
ရှောင်ချင်းဖန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောသည် "ဟမ့်၊ အမှိုက်ပဲ၊ မင်း စကားနည်းနည်း လျော့ပြောစမ်း။ ကျင့်ကြံမူက အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကျင့်ကြံခြင်းထက် ပိုအရေးကြီးတဲ့အရာတွေ ရှိနေတယ်ကွ။ မင်း စကား မပြောခင် ဦးနှောက်လေးဘာလေးသုံးတာ အကောင်းဆုံးပဲ"
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ" တုအန်းက ကမန်းကတန်း ခေါင်းညိတ်ကာ ပြောလိုက်ပြီး, သူ့နဖူးပေါ်မှာ အေးစက်စက် ချွေးသီးချွေးပေါက်ကျလာသည်။
ရှောင်ချင်းဖန်သည် အခြားသူများ မခံစားနိုင်သော အကျိုးကျေးဇူးများစွာကို သူ့ထံသို့ ဆောင်ကြဉ်းပေးနိုင်သလို, အလားတူပင် ရှောင်တခင်လည်း ဖျက်ဆီးပစ်နိုင်ပါသည်။ အကယ်၍, ရှောင်ချင်းဖန်သည် မပျော်မရွှင်ဖြစ်ပြီး သူ့ကို သေသည်အထိ ရိုက်သတ်ပစ်မည် ဆိုလျှင်ပင်, သူ့မှာ ရွေးချယ်စရာမရှိသလို စကားတစ်ခွန်းမှ မပြောဝံ့ပါဘူး။
ရှောင်ချင်းဖန်သည် ကြောက်ရွံ့နေသော တုအန်းကို လျစ်လျူရှုလိုက်သည်။ သူသည် ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပေါ် မော့ကြည့်ရင်း အေးစက်စွာ ပြောလိုက် သည် "တခါတုန်းက ငါ့အဖေက ငါ့ကို ပြောဖူးတယ်။ ဒီယောင်ဖုန်းရဲ့ ပင်မခန္ဓာကိုယ်က ရေခဲဖီးနစ်တစ်ကောင်ပဲ။ သူမက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အကြောင်းတစ်ခုခု ကြောင့် ဒဏ်ရာရသွားပုံရတယ်။ သူ့မရဲ့ ကျင့်ကြံမူက ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာတင် ရပ်တန့်သွားခဲ့တယ်။ သူမအနေနဲ့ အဆင့်ချိုးဖြတ်ချင်တယ်ဆို ရင်, သူမတို့နတ်ဘုရားဖီးနစ် မျိုးနွယ်ရဲ့ ရတနာတစ်ခု လိုအပ်နေခဲ့တယ်။ "ဒါကြောင့်, ဒီယောင်ဖုန်းက ဘိုးဘေးနတ်ဘုရားဖီးနစ် ချန်ထားခဲ့တဲ့ ရတနာကို ရှာဖွေနေတာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသန်းလောက်က သူမဟာ ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်း ချဉ်ဆီရဲ့ တည်နေရာကို ရှာဖွေဖို့အတွက် ငါ့အဖိုးကို အတင်းအကြပ် တွန်းအားပေးခဲ့တယ်။ ကံမကောင်းစွာပဲ၊ အဲဒီအချိန်က သူမဟာ မအောင်မြင်ခဲ့ဘူး။ အခုတော့ ငါဟာ သူမနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမိပြီး၊ ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီရဲ့ တည်နေရာကို ရှာတွေ့ဖို့အတွက် သူမကို ကူညီပေးရမယ်လို့ မျှော်လင့်မထားခဲ့မိဘူး။”
ထိုစကားကို ပြောရင်း ရှောင်ချင်းဖန်က သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ပြင်းထန်သော အေးစက်မှုက သူ့မျက်လုံးထဲမှာ ပေါက်ကွဲထွက်လာခဲ့သည်။
သခင်လေး ဘာကိုဆိုလိုတာလဲ?” တုအန်းက ဂရိုတစိုက် မေးလိုက်ပါသည်။
“ဟမ့်၊ သဘာဝအတိုင်း၊ ငါတို့က သူမကို ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီကို ရယူခွင့် မပြုနိုင်ဘူး။ သူမ ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီကို ရရှိပြီးတာနဲ့, သူမရဲ့ဖီးနစ်ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပြန်လည် စုစည်းနိုင်လိမ့်မယ်။ ဒါဆို သူမရဲ့ ခွန်အားက မူလအခြေအနေကို ပြန်လည်ရောက်ရှိစေရုံတင်မကဘူး၊ ရလာဒ်အနေနဲ့, နောက်ထပ် အဆင့်ဖြတ်ကျော်မူ တစ်ခုကိုတောင် ဖန်တီးနိုင်လိမ့်မယ်။ သူမပြန်လည် မွေးဖွားခြင်းက ကောင်းကင်ဘုံမြို့တော်ရှိ ငါတို့ ရှောင်မျိုးနွယ်အတွက် အဓိကရန်သူကြီး ဖြစ်လာလိမ့်မယ်”။ ရှောင်ချင်းဖန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်က နက်ရှိုင်း သထက် နက်ရှိုင်းလာခဲ့ပြီး၊ သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
“ဒါပေမယ့် သခင်လေး၊ အခု သူမရဲ့ ခွန်အားတွေ ပြန်မရနိုင်သေးရင်တောင်၊ ငါတို့က သူမအတွက် ပြိုင်ဘက်မဖြစ်နိုင်သေးဘူးလေ။ ဒါ့အပြင်, နတ်ဘုရားကျောက်တောင်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာကိုလည်း ထည့်တွက်ရမယ်။ ငါတို့ တကယ်ကို အပေါ် မတက်နိုင်ဘူးလေ။ ဒါပေမယ့်, သခင်လေး, စိတ်မပူပါနဲ့။ ဒီယောင်ဖုန်းရဲ့ ခွန်အားနဲ့ဆို၊ သူမက နတ်ဘုရားကျောက်တောင်ကြီးရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ သူမက နတ်ဘုရားကျောက်တောင်ပေါ်မှာတင် သေသွားပါလိမ့်မယ်" တုအန်းက ပြောပြီးသည်နှင့် လိမ္မာပါးနပ်သော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာပါသည်။
သို့သော် ရှောင်ချင်းဖန်က ရယ်မောခြင်း အလျဉ်းမရှိပေ။ သူသည် ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ကို ကြည့်နေရင်း သူ့မျက်ခုံးများက တွန့်နေသေးသည်။
"ငါက အကြိမ်တစ်သောင်းတောင် မစိုးရိမ်ပါဘူး။ တကယ်လို့, သူမသာ တကယ်ပဲ တောင်ထိပ်ကို အောင်အောင်မြင်မြင် ရောက်သွားခဲ့ရင်, ကောင်းကင်ဘုံ မြို့တော်မှာရှိတဲ့ ငါတို့ ရှောင်မျိုးနွယ်ဟာ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရမှာကိုပဲ ငါ စိုးရိမ်တာပါ။ မဟုတ်ဘူး၊ ဒီလိုအရာမျိုးဆိုတာက လုံခြုံမှုရှိဖို့ အာမခံချက်ရှိအောင် လုပ်ထားရမယ်” ရှောင်ချင်းဖန်က အခိုင်အမာ ပြောလိုက်သည်။
သူသည် စိတ်ဓာတ်ပျော့ညံ့သော်လည်း ဥာဏ်မမှီသည့် ပလေးဘွိုင်တစ်ယောက်တော့ မဟုတ်ပါဘူး။ သူသည် သူနှင့် အသက်တူရွယ်တူတွေကြားမှာ ထူးချွန်သူတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ထိုသို့မဟုတ်လျှင်, သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရား အဆင့် ကျင့်ကြံမူအခြေခံကို ပိုင်ဆိုင်ထားရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ သူ့အမြင်မှာ ယောင်ဖုန်းကိစ္စသည် သေချာပေါက် ထိပ်တန်းဦးစားပေးကိစ္စတစ်ခု ဖြစ်ပါသည်။
ချင်ယွင်နှင့် အခြားလူများကိုမူ သူသည် လုံးဝ မေ့သွားခဲ့သည်။
"ဒါဆို ငါတို့ ဘာလုပ်ရမလဲ သခင်လေး" တုအန်းက မျက်မှောင်ကြုတ်ပြီး မေးသည်။
ရှောင်ချင်းဖန်၏ အမူအရာက လေးနက်နေသည်။ သေချာသည်မှာ သူသည် တွေးတော ဆင်ခြင်မှု၌ နစ်မြောသွားခဲ့သည်။ အဆုံးတွင် သူသည် သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး ပြောလာသည် "ငါ့ကို ဒီမှာစောင့်နေပါ။ ငါ တောင်ပေါ်တက်သွားမယ်။ တကယ်လို့, ငါ ပြန်မဆင်းလာခဲ့ရင်, မင်း ဒီနေရာကနေ ထွက်သွားပြီး ကောင်းကင်ဘုံ မြို့တော်ကို ပြန်သွားနိုင်ပြီ။ ပြီးရင် ဒီသတင်းကို ငါ့အဖေကို ပြောပြလိုက်ပါ”။
"လုံးဝ အဲဒီလို လုပ်လို့မရဘူး သခင်လေး” တုအန်းက ကမန်းကတန်း ပြောလိုက်သည်။
သေချာသည်မှာ, သူသည် ရှောင်ချင်းဖန်၏ လုံခြုံရေးအတွက် တကယ်ကို စိတ်မပူခဲ့ပါဘူး။ ယင်းအစား သူ့ကိုယ်သူ လုံခြုံမှုအတွက် စိတ်ပူနေခြင်း ဖြစ်ပါသည်။
အကယ်၍, ရှောင်ချင်းဖန်သာ နတ်ဘုရားကျောက်တောင်ပေါ်တွင် အမှန်တကယ် သေဆုံး သွားခဲ့ပါက၊ သူကိုယ်တိုင်လည်း အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့ပေ။ ထိုအချိန်တွင် ကောင်းကင်ဘုံမြို့တော်၏ မြို့တော်သခင်သည် သူ့ကို သတ်ပစ်မည်မှာ သေချာပါသည်။ ဤသည်မှာလည်း ရှောင်ချင်းဖန်သည် သူ့အသက်ကို အန္တရာယ်ကြားထဲ စွန့်စားချိန်မှာ တောင်, ဒီအစေခံကို သူနှင့်အတူ ခေါ်မသွားရသည့် အကြောင်းရင်း ဖြစ်ပါသည်။
"စိတ်မပူပါနဲ့၊ ငါ ဒီလောက်လွယ်လွယ်နဲ့ သေမှာ မဟုတ်ပါဘူး။ ဒီနတ်ဘုရား ကျောက်တောင်မှာ ကန့်သတ်ချက်တွေ အများကြီးရှိပေမယ့် ငါ့အဖေ ငါ့ကို ပေးထားတဲ့ အစွမ်းထက် ရတနာတစ်ခု ရှိပါတယ်။ တကယ်လို့, ငါ မသေဘူးဆိုရင်, မင်းလည်း အသက်ရှင်နိုင်မှာပါ။ ဆန့်ကျင်ဘက်အနေနဲ့၊ တကယ်လို့, မင်းသာ ငါ့နောက်ကနေ လိုက်လာခဲ့မယ်ဆိုရင်, ငါက မင်းကို လုံးဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီတော့, မင်းရဲ့ သေဆုံးနိုင်ခြေက ပိုများတယ်။” ရှောင်ချင်းဖန်က တုအန်းကို သရော်သံဖြင့် ပြောလိုက် သည်။ တုအန်းတွေးနေသည့်အရာကို သူ ဘယ်လိုလုပ် မခန့်မှန်းနိုင်ဘဲ ရှိမည်နည်း?။
"ဒါပေမယ့် သခင်လေး, တကယ်လို့ မင်း တက်သွားရင်တောင်မှ, မင်းက ယောင်ဖုန်းရဲ့ ပြိုင်ဘက် မဟုတ်သေးဘူးလေ”။ တုအန်းက ဝေခွဲမရဟန်ဖြင့် မေးလိုက်ပါသေးသည်။
"ဟား...၊ ဟား... စိတ်ချစမ်းပါ" ဒီယောင်ဖုန်းက တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်ရင် တောင်မှ သူမလည်း သေချာပေါက် ဒဏ်ရာရလိမ့်မယ်။ ဒါ့အပြင်၊ သူမက ဘိုးဘေး နတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီကို ရရှိခဲ့ရင်တောင်, သူမက အဲဒီရတနာကို သေချာပေါက် သန့်စင်ရဦးမယ်။ အဲဒီအချိန်မှာ သူမက အလွန့်လွန် အားနည်းတဲ့ အခြေအနေကို သေချာပေါက်ကို ရောက်ရှိသွားလိမ့်မယ်။ ဟီ..ဟီး.. အဲဒီအချိန်ရောက်ရင်, သူမ ကြီးမြတ်လှတဲ့ ကောင်းကင်နတ်ဘုရားမ ဖြစ်ရင်တောင်, သူမက ငါ့ဆီကနေ သနားညှာတာမူကို တောင်းခံရမယ့် မိန်းမတစ်ယောက် ဖြစ်သွားလိမ့်မယ်။” ရှောင်ချင်းဖန် က အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးများမှာ ညစ်ညမ်းသော အရိပ်မြွက်များပင် ထွက်ပေါ်လာခဲ့သည်။
သူ့အမြင်အရဆို, အကယ်၍, သူသာ အဆင့်တန်းမြင့်မားပြီး တန်ခိုးကြီးမားလှသော ကောင်းကင်နတ်ဘုရားမတစ်ပါးကို အနိုင်ယူနိုင်မည်ဆိုလျှင်, ၎င်းသည် ဤကမ္ဘာပေါ်တွင် အံ့သြဖွယ် အကောင်းဆုံးအရာ ဖြစ်မည်မှာ သေချာပါသည်။
“ဒါဆိုလည်း သခင်လေးရဲ့ဆန္ဒအတိုင်း ငါ ဒီမှာပဲ စောင့်နေပါ့မယ်” ရှောင်ချင်းဖန်၏ စကားကို ကြားပြီး၊ တုအန်းသည် အတုအယောင်အပြုံးကို ဖော်ပြလိုက်ပါသည်။
“ဟား…၊ ဟား…၊ ဒီမှာပဲနေပြီး ငါ့ရဲ့သတင်းကောင်းကို စောင့်မျှော်နေ။" ရှောင်ချင်းဖန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက်, သူသည် ဒုတိယမြောက် နတ်ဘုရား ကျောက်တောင်ပေါ်ဆီသို့ ပြေးသွားလိုက်တော့သည်။